← Chapters

အဝါလေး အဆင့်တက်ခြင်း

Vol. 5 Ch. 46

အဝါလေး အဆင့်တက်ခြင်း

Vol. 5 Ch. 46

"ဟား..."

ကျန်းချန် စကားမဆုံးမီမှာပင် တပည့်များမှာ ရူးမတတ်စိတ်လှုပ်ရှားသွားကြသည်။

"ဒါ... ဒါတွေအားလုံးက ရတနာတွေပဲ"

"ဝိညာဉ်အခြေတည်အဆင့် လျှို့ဝှက်ကျင့်စဉ်တွေတောင် ပါသေးတယ်၊ ဒါတွေက အဖိုးဖြတ်မရတဲ့ ရတနာတွေပဲ"

"ဆေးဖော်စပ်နည်းမှာ ကျွန်တော့်ကို အမြဲတမ်းဒုက္ခပေးနေတဲ့ ပြဿနာတွေက ဒီကျမ်းစာထဲမှာ အဖြေပါနေတာပဲ၊ အရင်ကဆို ဒါမျိုးဖတ်ခွင့်ရဖို့ဆိုတာမတွေးဝံ့စရာပဲ..."

"ဘုရားရေ... ချီရီဂိုဏ်းရဲ့ ဓားသိုင်းတွေ... ဒါတွေက ငါတို့ဆီကထက် အဆပေါင်းများစွာ ပိုပြီး နက်နဲတယ်"

ကျင့်ကြံသူများအတွက် ကျင့်စဉ်များ၊ သိုင်းကွက်များနှင့် အခြားလမ်းညွှန်ကျမ်းစာများသည် အလွန်အရေးကြီးသည်။

၎င်းတို့သည် ကျင့်ကြံသူများအတွက် လမ်းပြကြယ်များသဖွယ်...

ယခင်ကဆိုလျှင် ဖေးရှန်ဂိုဏ်း၏ အခြေခံနှင့် အင်အားသည် အကန့်အသတ်ရှိခဲ့သဖြင့် အချို့သောအရာများကို သူတို့ ဘယ်သောအခါမှ ဆုံတွေ့ခွင့်ရလိမ့်မည်မဟုတ်ပေ။

ဥပမာအားဖြင့် ကျိလင်းဟန်ကိုကြည့်လျှင် သူမတွင် ထူးချွန်သောပါရမီရှိသော်လည်း ဂိုဏ်းပျက်စီးမသွားခဲ့လျှင်ပင် သူမတစ်သက်တာတွင် ဝိညာဉ်အခြေတည်အဆင့်သို့ရောက်ရန် အလွန်ခက်ခဲပေလိမ့်မည်။

အကြောင်းမှာ သူမတွင် ရှေ့ဆက်တက်လှမ်းရန် ကျင့်စဉ်များနှင့် လျှို့ဝှက်နည်းစနစ်များမရှိသောကြောင့် ဖြစ်သည်။

သို့သော် ယခု ချီရီဂိုဏ်း၏ကျမ်းစာများဖြင့်ဆိုလျှင် ကောင်းကင်ကံကြမ္မာအဆင့်အထိ ကျင့်ကြံရန်မှာ ပြဿနာမဟုတ်တော့ပေ။

ယခုအချိန်တွင် သူမ၏ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခန်းမကြမ်းပြင်ပေါ်တွင်ထိုင်ကာ ကျမ်းစာတစ်စောင်ကို အာရုံစူးစိုက်လျက် ငေးကြည့်နေမိသည်။

ကျန်းချန် နှုတ်ခမ်းကို အသာမဲ့လိုက်မိသည်။

သူတို့ အသည်းအသန်ကြိုးစားနေသည်ကို မြင်ရသည်မှာ သူ့အတွက် အနည်းငယ်အနေရခက်စေသည်။

ကျင့်ကြံခြင်းအပေါ် ဒီလောက်အထိအာရုံစိုက်ဖို့ လိုအပ်လို့လား..... သူကိုယ်တိုင်မှာမူ ကျင့်စဉ်တစ်ခုကိုမျှပင် လှည့်မကြည့်ခဲ့ပေ။

"ဒါတွေကို စာကြည့်ဆောင်ထဲမှာ သွားထားလိုက်ကြ၊ နောက်မှ အေးအေးဆေးဆေးကြည့်ဖို့ အချိန်တွေအများကြီး ရှိပါသေးတယ်။"

သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ဒီနေ့ကစပြီး ဒီကျမ်းစာတွေက ငါတို့ ဖေးရှန်ဂိုဏ်းရဲ့ကျင့်စဉ်တွေပဲ။ မင်းတို့အားလုံး ကျင့်ကြံလို့ရတယ်၊ အလျင်လိုစရာ မလိုဘူး။"

ထိုအခါမှသာ လူတိုင်းက မချင့်မရဲဖြင့် ကျမ်းစာများကို ချထားလိုက်ကြသည်။

သို့သော် ဤအခြေအနေအရ နောင်တွင် စာကြည့်ဆောင်သည် ဂိုဏ်းအတွင်း အစည်ကားဆုံးနေရာ ဖြစ်လာတော့မည်မှာ သေချာလှသည်။

အစီအစဉ်များချမှတ်ပြီးနောက် ကျန်းချန်သည် နောက်ဘက်တောင်ကုန်းရှိ ဝိညာဉ်သွေးကြောရှိရာသို့ သွားလိုက်သည်။

"မေမေ... သမီး ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်"

သူ့ကိုမြင်သည်နှင့် အဝါလေးသည် ရှေ့သို့ပြေးထွက်လာကာ အစာစားရန် စောင့်ဆိုင်းနေတော့သည်။

ဒီအစားပုတ်လေး.......

ကံကောင်းထောက်မစွာဖြင့် သူသည် ဝိညာဉ်ကျောက်တုံးများကို မြန်မြန်ဆန်ဆန်ရရှိခဲ့ခြင်းဖြစ်၏။

သာမန်ကျင့်ကြံသူတစ်ဦးသာဆိုလျှင် သူမကိုကျွေးမွေးပြုစုရန် တတ်နိုင်မည်မဟုတ်ချေ။

အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်ကို မြင်သောအခါ အဝါလေး အလွန်ဝမ်းသာသွားပြီး ကျန်းချန်ကို ရွှတ်ခနဲ နှစ်ချက်နမ်းလိုက်သည်။

"မေမေက တကယ်ကို တော်တာပဲ။"

ကျန်းချန် ဝမ်းသာရမလား၊ စိတ်ဆိုးရမလား မသိဖြစ်နေသည်။

ဒီကလေးက သူ့ကိုခေါ်တဲ့ပုံစံကို ပြောင်းလို့မရဘူးလား......

ကလေးမလေးသည် ဝိညာဉ်ကျောက်တုံးများကို မျက်စိတစ်မှိတ်အတွင်း ဝါးမြိုပစ်လိုက်သော်လည်း အစာချေဖျက်ရန်အတွက်မူ အချိန်ယူရဦးမည်ဖြစ်သည်။

ကျန်းချန်သည် အခွင့်ကောင်းကိုအမိအရယူကာ ယခုတစ်ခေါက်ရရှိထားသော ကမ္ဘာ့နှလုံးသား အပိုင်းအစကို ထုတ်ယူလိုက်သည်။

"အာ... ဒါက..."

အဝါလေးသည် ထိုအပိုင်းအစကိုကြည့်ကာ သွားရည်များပင်ကျလာတော့သည်။

"အဟမ်း... ဒါက ကမ္ဘာ့နှလုံးသား အပိုင်းအစပဲ... ဒါကိုရဖို့ ဖေဖေက နည်းလမ်းမျိုးစုံသုံး၊ ဒဏ်ရာတွေ အများကြီးရပြီး အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရတာ။"

အမှန်စင်စစ် သူ ထိုအပိုင်းအစကိုရရှိခဲ့ပုံမှာ အလွန်လွယ်ကူလှသည်။

သို့သော် သူ၏သမီးရှေ့တွင် အလွန်တော်ကြောင်းပြချင်သဖြင့် စကားအပိုပြောနေခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့် အဝါလေးသည် ထိုစကားများကို နားမထောင်အားပေ။

သူမသည် ကျန်းချန်၏ လက်ဖဝါးပေါ်မှ အပိုင်းအစကိုဆွဲယူကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။

*ဂလု*

ဝါးတောင်မဝါးဘဲမျိုချလိုက်လေ၏......

ကျန်းချန် မျက်လုံးပြူးသွားသည်။

"နေပါဦး၊ သမီးလေးက ကမ္ဘာ့နှလုံးသားအပိုင်းအစတစ်ခု မဟုတ်ဘူးလား... တခြားအပိုင်းအစတွေက အမျိုးအနွယ်တူတွေ မဟုတ်ဘူးလား... အဲဒါကို ဒီအတိုင်းတန်းစားပစ်လိုက်တာလား... ဒီလောက်တောင် ရိုင်းစိုင်းရသလား..."

အပိုင်းအစများသည် ပေါင်းစပ်မှုပြုလုပ်နိုင်သည်ဟု သူကြားဖူးထားသဖြင့် ရှုပ်ထွေးသောလုပ်ငန်းစဉ်များရှိလိမ့်မည် သို့မဟုတ် အပိုင်းအစနှစ်ခုက အချင်းချင်း ညှိနှိုင်းရလိမ့်မည်ဟု သူထင်ထားခဲ့သည်။

ထို့အပြင် ပေါင်းစပ်ပြီးနောက် အဝါလေး၏စရိုက်များ ပြောင်းလဲသွားမည်ကိုလည်း သူစိုးရိမ်ခဲ့သည်။

ယခုမူ ထိုသို့ဖြစ်ရန် အခွင့်အရေးမရှိချေ။

ထိုအပိုင်းအစမှာ သူမ၏ဗိုက်ထဲတွင် အမှုန့်ဖြစ်သွားလေပြီ။

ချက်ချင်းဆိုသလိုပင် အဝါလေးမှာ အမှန်တကယ်ပြောင်းလဲသွားသည်။

ရွှေရောင်အလင်းတန်းများသည် အရပ်မျက်နှာအနှံ့ဖြာထွက်သွားပြီး မိုးတိမ်များဆီသို့ ထိုးတက်သွားသည်။

ဖေးရှန်ဂိုဏ်း၏ ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းရှိ မြေပြင်သည် ရွှေရောင်သုတ်ထားသကဲ့သို့ တောက်ပသွားပြီး လူများပင်လျှင် နတ်သက်ကြွေလာသူများကဲ့သို့ လင်းလက်သွားကြသည်။

ဤရွှေရောင်အလင်းတန်းသည် မြန်မြန်ဆန်ဆန်ပေါ်လာပြီး လျင်မြန်စွာပင် ပြန်ပျောက်ကွယ်သွားသည်။

တပည့်များရောက်ရှိလာချိန်တွင် အဝါလေးသည် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားလေပြီ။

တပည့်များကိုထားလိုက်ဦး၊ မျက်စိသုံးလုံးကျားပင် ကြောင်အမ်းသွားရသည်။

*ဒီကလေးက ဘာတွေစားလို့ ဒီလောက်မြန်မြန် ကြီးထွားလာတာလဲ.... မိစ္ဆာသားရဲတွေထက်တောင် ပိုမြန်နေပါလား...*

သို့သော် ၎င်းသည် ရိုင်းရိုင်းစိုင်းစိုင်း မပြုမူရဲပေ။ အကြောင်းမှာ ဤမိန်းကလေးငယ်သည် ယခင်ကထက် ပို၍ပင် အန္တရာယ်ရှိလာသည်ကို သတိပြုမိသောကြောင့်ဖြစ်သည်။

၎င်း၏ဝိညာဉ်စွမ်းအားများကုန်ခမ်းကာ ဖမ်းဆီးခံခဲ့ရသည့်မြင်ကွင်းမှာ ယနေ့တိုင် စိတ်ထဲထင်ကျန်နေဆဲပင်။

ကျန်းချန်လည်း အံ့အားသင့်သွားသည်။

သူ၏သမီးသည် အခြားအပိုင်းအစများနှင့် ပေါင်းစပ်ခြင်းဖြင့် ကြီးထွားလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အကယ်၍ အပိုင်းအစပေါင်းများစွာနှင့် ပေါင်းစပ်လိုက်လျှင် အဘွားကြီးတစ်ယောက် ဖြစ်သွားမလားဟုတွေးမိကာ သူ ကြက်သီးဖြန်းဖြန်းထသွားသည်။

"မေမေက သမီးအပေါ်တကယ်ကောင်းတာပဲ"

အဆင့်တက်ပြီးနောက် အဝါလေးသည် ကျန်းချန်ကို ချက်ချင်းပြေးဖက်ကာ သူမ၏ချစ်ခင်မှုကို ပြသလိုက်သည်။

"ဒါနဲ့ သမီးလေး... အခု ဒီကဝိညာဉ်သွေးကြောရဲ့အဆင့်ကို မြှင့်ပေးလို့ရပြီလား"

"ရတာပေါ့"

အဝါလေးသည် စိတ်ကြည်လင်နေသဖြင့် ဝိညာဉ်သွေးကြော၏အတွင်းပိုင်းသို့ တိုက်ရိုက်ခုန်ဝင်သွားသည်။

ချက်ချင်းဆိုသလိုပင် မြေအောက်မှဟိန်းဟောက်သံကြီးတစ်ခုထွက်ပေါ်လာပြီး မြေပြင်တုန်ခါလာသည်။ ခဏအကြာတွင် အရာအားလုံး ပြန်လည်ငြိမ်သက်သွားသည်။

"ဒါက အဆင့် ၄ ဝိညာဉ်သွေးကြောဖြစ်သွားပြီ"

"ဒီဝိညာဉ်ချီသိပ်သည်းဆအရတော့ အဆင့် ၄ အစစ်ပဲ"

"မယုံနိုင်စရာပဲ၊ ငါတို့ဂိုဏ်းက နတ်ဘုရားတွေကျင့်ကြံတဲ့ မြင့်မြတ်နယ်မြေဖြစ်သွားပြီ"

ယခုအချိန်တွင် ဂိုဏ်းအတွင်းရှိဝိညာဉ်ချီသိပ်သည်းဆမှာ အလွန်အားကောင်းလှသဖြင့် ကျင့်ကြံသူများသာမက သာမန်လူသားများပင် သိရှိနိုင်ပေလိမ့်မည်။

အသက်တစ်ချက်ရှူလိုက်ရုံဖြင့် ရရှိသောဝိညာဉ်စွမ်းအားမှာ ယခင်ကထက် ၁၀ ဆမက များပြားလှသည်။

ထိုကဲ့သို့သောပတ်ဝန်းကျင်တွင် နေ့စဉ်ကျင့်ကြံရခြင်းက မည်မျှကောင်းမွန်မြန်ဆန်မည်ကို ခန့်မှန်းကြည့်နိုင်၏။

ထိုကဲ့သို့သော ထူးခြားသည့် အံ့ဩစရာကြောင့် တပည့်များ ဝမ်းသာအားရဖြစ်နေကြပြီး ကျိလင်းဟန်ပင်လျှင် သူမ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။

မျက်စိသုံးလုံးကျားမှာမူ ထပ်မံကြောင်အသွားရပြန်သည်။

ဒီမိန်းကလေးက ဝိညာဉ်သွေးကြောရဲ့အဆင့်ကိုတောင် မြှင့်ပေးနိုင်တာလား...

မိစ္ဆာဘုရင်တစ်ပါးဖြစ်သော်လည်း ဤကဲ့သို့သောနည်းလမ်းမျိုးကို တစ်ခါမှမကြားဖူးခဲ့ချေ။

အမှန်အတိုင်းပြောရလျှင် ၎င်းသည် ဖေးရှန်ဂိုဏ်းကို အမြဲတမ်းနှိမ်ချကြည့်ခဲ့ပြီး ဤနေရာကို စုတ်ပြတ်သတ်နေသော နေရာတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။

သို့သော် ယခုမူ ၎င်း၏အတွေးများကို ပြောင်းလဲရပေတော့မည်။

အကယ်၍ ထိုမိန်းကလေးသာ ပို၍သန်မာလာပါက ဤဝိညာဉ်သွေးကြောကို အဆင့် ၅ သို့မဟုတ် အဆင့် ၆ အထိ ပြောင်းလဲပေးနိုင်မည်လော....

အကယ်၍ အဆင့် ၆ သို့ ရောက်ရှိသွားပါက ဝိညာဉ်ချီသိပ်သည်းဆမှာ ၎င်း၏နေရပ်ဒေသဖြစ်သော ကောင်းကင်မိစ္ဆာနယ်မြေနှင့် များစွာကွာခြားတော့မည်မဟုတ်ပေ။

သူမ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ...

မည်သို့ပင်စဉ်းစားစေကာမူ အဖြေရှာမရနိုင်ခဲ့ချေ။

အခြားတစ်ဖက်တွင် တွမ့်မူမိသားစု၏ ဒုတိယခေါင်းဆောင် တွမ့်မူကျယ်သည် ဖေးယွန်းစီရင်စု၏ အကြီးဆုံးအင်အားစုဖြစ်သော ပါယွန်းခန်းမသို့ ရောက်ရှိလာခဲ့သည်။

ပါယွန်းခန်းမသည် ဖေးယွန်းစီရင်စုရှိ မိသားစုများနှင့် ဂိုဏ်းများကို အုပ်ချုပ်ခြင်းမရှိပေ။

သူတို့မလုပ်နိုင်၍မဟုတ်ဘဲ စိတ်မဝင်စားသောကြောင့်ဖြစ်သည်။

ချင်လန်စီရင်စုကဲ့သို့သောနေရာကို သူတို့ လုံးဝဂရုမစိုက်ကြချေ။

ထိုနေရာမှထွက်ရှိသောရတနာများသည် သူတို့၏မျက်စိထဲတွင် တန်ဖိုးမရှိပေ။

စီရင်စုများအကြားတိုက်ခိုက်မှုများကိုလည်း ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ချေ။

သူတို့၏ပစ်မှတ်မှာ အခြားသောစီရင်စုကြီးများနှင့် ပိုမိုမြင့်မားသော အဆင့်အတန်းများသာဖြစ်သည်။

တွမ့်မူကျယ်သည် ဤနေရာသို့ စစ်ကူတောင်းရန် ရောက်လာခြင်းဖြစ်သည်။

ကျန်းချန်သည် သူ့ကိုလုပ်ကြံရန်ကြိုးစားခဲ့သူမှာ တွမ့်မူဟုန်ဖြစ်ကြောင်း မသိသေးသဖြင့် တွမ့်မူမိသားစုကို အမြစ်ပြတ်ချေမှုန်းရန် စိတ်ကူးမရှိသေးပေ။

သို့သော် တွမ့်မူမိသားစုကမူ ထိုသို့မတွေးကြချေ။

ကျန်းချန်သည် သူတို့မိသားစုကို ပစ်မှတ်ထားထားပြီးဖြစ်ကာ နောက်တစ်နေ့တွင် ချီရီဂိုဏ်းကဲ့သို့ သူတို့ကိုပါ သုတ်သင်ပစ်လိမ့်မည်ဟု တွေးတောနေကြသည်။

သူတို့အတွက်မူ ဤအရာသည် သေရေးရှင်ရေးအကျပ်အတည်းပင်။

ယခုအခါ တွမ့်မူမိသားစုတစ်ခုလုံးသည် စစ်ပြင်ဆင်မှုများပြုလုပ်ထားပြီး မျိုးဆက်မပြတ်စေရန်အတွက် ထူးချွန်သော မျိုးဆက်သစ်များကိုပင် ညတွင်းချင်းတိမ်းရှောင်ခိုင်းထားရသည်။

ဖေးယွန်းစီရင်စု၏ နံပါတ်တစ်ဂိုဏ်းဖြစ်သော ပါယွန်းခန်းမတွင် ကောင်းကင်ကံကြမ္မာအဆင့်ပညာရှင် တစ်ဦးထက်မကရှိသည်။

ဤနေရာတွင် ဝိညာဉ်အခြေတည်အဆင့် ၄ ရှိသော တွမ့်မူကျယ်သည် သာမန် အပြင်စည်းအကြီးအကဲ တစ်ယောက်နှင့်သာတူပြီး အရေးမပါပေ။

တွမ့်မူကျယ်၏စိတ်ထဲတွင် ပါယွန်းခန်းမကိုသာ စစ်ကူလွှတ်ရန်ဖျောင်းဖျနိုင်ပါက ထိုကျားမိစ္ဆာ၏ အကူအညီရှိနေသော်လည်း ဖေးရှန်ဂိုဏ်းသည် ပျက်စီးခြင်းမှလွတ်မြောက်လိမ့်မည်မဟုတ်ဟု ယုံကြည်နေသည်။

သို့သော် သူသည် ဤနေရာသို့ရောက်နေသည်မှာ ၃ ရက်တိတိရှိနေပြီဖြစ်သော်လည်း ပါယွန်းခန်းမ၏ဂိုဏ်းချုပ်ကိုမဆိုထားနှင့် အတွင်းစည်းအကြီးအကဲတစ်ယောက်ကိုမျှပင် မတွေ့ရသေးချေ။

All Chapters