ချီချန်း၏ အကြံအစည်
Vol. 5 Ch. 47
ပါယွန်းခန်းမတွင် လူမရှိသည်မဟုတ် သူ့ကိုအဖက်လုပ်ပြီး မတွေ့ချင်ကြခြင်းသာ။
တွမ့်မူမိသားစုသည် ချင်လန်စီရင်စုတွင်အာဏာရှိသော်လည်း ဖေးယွန်းစီရင်စုတွင်မူ အညတရများသာ ဖြစ်ကြသည်။
တွမ့်မူကျယ်သည် အကြီးအကဲတစ်ဦးကို ဝိညာဉ်ကျောက်တုံး အမြောက်အမြားဖြင့် လာဘ်ထိုးပြီးနောက် ငါးရက်မြောက်နေ့သို့ရောက်မှသာ ပါယွန်းခန်းမ၏သခင်လေး ချီချန်းနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ပါယွန်းခန်းမ၏သခင်လေးဆိုသည်မှာ အိမ်ရှေ့စံမင်းသားတစ်ပါးကဲ့သို့ သတ်မှတ်ပေးခြင်းမဟုတ်ပေ။
ချီချန်း၏ဖခင်မှာ ခန်းမသခင်ဖြစ်သော်လည်း သူကိုယ်တိုင် နောက်တက်မည့်ခန်းမသခင် ဖြစ်လာမလားဆိုသည်မှာ သူ၏အစွမ်းအစပေါ်တွင်သာ မူတည်သည်။
သူ့အဆင့်အတန်းမှာ အစစ်အမှန်တပည့်တစ်ဦးနှင့်အတူတူပင်။
သူသည် လက်ရှိတွင် ဝိညာဉ်အခြေတည်အဆင့် ၈ တွင် ရှိနေသည်။
ဤအဆင့်မှာ ပါယွန်းခန်းမအတွင်း၌ အလွန်အမင်းထူးချွန်သည်ဟု မဆိုနိုင်သော်လည်း တွမ့်မူကျယ်ကမူ ဤတွေ့ဆုံမှုကို အလွန်အရေးကြီးသည်ဟု မှတ်ယူထားသည်။
ဤလူကိုသာ သူဖျောင်းဖျနိုင်ပါက ဖေးရှန်ဂိုဏ်း၏ခြိမ်းခြောက်မှု ပျောက်ကွယ်သွားပေလိမ့်မည်။
အကယ်၍ ချီချန်းမကိုင်တွယ်နိုင်လျှင်ပင် သူ၏ဖခင်ဖြစ်သူ ခန်းမသခင်ကိုယ်တိုင် ထွက်လာရမည် မဟုတ်ပါလား။
"သခင်လေး... ကျွန်တော်တို့ တွမ့်မူမိသားစုအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါဦး... ဖေးရှန်ဂိုဏ်းက အရမ်းကိုအာဏာပြပြီး မုန်းဖို့ကောင်းလှပါတယ်..."
သူသည် ရောက်ရောက်ချင်းမှာပင် အသံကုန်ဟစ်ကာငိုကြွေးတော့သည်။ သို့သော် ချီချန်းကမူ အနည်းငယ်မျှ စိတ်မလှုပ်ရှားပေ။
"ပြောစရာရှိတာကို ပြောစမ်း... မဟုတ်ရင် မင်းကို ရိုက်သတ်မိတော့မယ်"
တွမ့်မူကျယ်သည် သူ၏နားကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။
ဂုဏ်သရေရှိလှသော ပါယွန်းခန်းမ၏သခင်လေးက လူမိုက်တစ်ယောက်ကဲ့သို့ စကားပြောနေပါလား။
သို့သော် ထိုခြိမ်းခြောက်မှုကအလုပ်ဖြစ်သွားသည်။
သူချက်ချင်းပင် မျက်ရည်နှင့် နှပ်ချေးများကို သုတ်လိုက်ပြီး မကြာမီက ကျန်းချန်လုပ်ဆောင်ခဲ့သမျှကို အကျဉ်းချုပ်တင်ပြလိုက်တော့သည်။
ဥပမာအားဖြင့် ဂိုဏ်းငါးဂိုဏ်းကို ဆက်တိုက်ဖျက်ဆီးပစ်ခြင်း၊ တွမ့်မူချီနှင့် တွမ့်မူဟုန်ကို သတ်ဖြတ်ခြင်း၊ ထိုနတ်ဘုရားအဆင့်ဝိညာဉ်စင်မြင့်အကြောင်း စသည်တို့ပင်။
ထို့အပြင် မျက်စိသုံးလုံးကျား၏ တည်ရှိမှုကိုလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။
တွမ့်မူမိသားစုသည် ချီရီဂိုဏ်းတိုက်ပွဲကို ကိုယ်တိုင်မမြင်ခဲ့သဖြင့် မျက်စိသုံးလုံးကျားက ကျန်းချန်ကို တိတ်တဆိတ်ကူညီခဲ့သည်ဟုသာ ထင်မြင်နေကြခြင်းဖြစ်သည်။
"မင်းပြောတာက သူ့မှာ ကောင်းကင်ကံကြမ္မာအဆင့်ရှိတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိတယ်ပေါ့ ဟုတ်လား"
မူလက ချီချန်းသည် ဖေးရှန်ဂိုဏ်းကို လုံးဝအရေးမလုပ်ခဲ့ပေ။ ကျီယွဲ့ဂိုဏ်းအပါအဝင် ဂိုဏ်းလေးဂိုဏ်းပျက်စီးသွားသည်ကိုပင် မသိခဲ့ချေ။
ချီရီဂိုဏ်းအမြစ်ပြတ်သွားမှသာ ကြားမိခြင်းဖြစ်ပြီး ထိုစဉ်ကလည်း ဂရုမစိုက်ခဲ့ပေ။
ဂိုဏ်းတွေ ပျက်စီးသွားတော့ ဘာဖြစ်လဲ..... လူသားတွေအဖို့တော့ ဒါက ကြက်တိုက်တာကို ကြည့်နေရသလိုပဲ၊ ဘယ်ကြက်ကနိုင်နိုင် လူသားတွေရဲ့ အုပ်ချုပ်မှုကို မထိခိုက်နိုင်ဘူးလေ.....
ယခုမူ အသေးစိတ်ကြားသိရသောအခါ သူ အနည်းငယ်ထိတ်လန့်သွားမိသည်။
ဖေးရှန်ဂိုဏ်းက စစ်တပ်တစ်ခုလုံးချီတက်လာသည်ဟု သူထင်ထားခဲ့သော်လည်း လူတစ်ယောက်နှင့် သားရဲတစ်ကောင်တည်းက လုပ်ဆောင်သွားခြင်းဖြစ်နေသည်။
ကျန်းချန်ကို လျစ်လျူရှုထားနိုင်သေးသည်၊ သူက ဝိညာဉ်အခြေတည်အဆင့်မှာပဲရှိနေဦးမည်။
သို့သော် ထိုကျားမိစ္ဆာကိုမူ လျစ်လျူရှု၍မရနိုင်ချေ။
ကောင်းကင်ကံကြမ္မာအဆင့်ရှိသော တည်ရှိမှုတစ်ခုသည် ပါယွန်းခန်းမအတွက်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလေပြီ။
"ဟုတ်ပါတယ်... အဲဒီကျားမိစ္ဆာက အရမ်းကြောက်ဖို့ကောင်းပါတယ်။ မိုင်ပေါင်းထောင်ချီအကွာကနေ စတုတ္ထအစ်ကိုကြီးရဲ့မူလခန္ဓာကိုယ်ကို သတ်ပစ်ခဲ့တာပါ..."
ချီချန်းက စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
"တော်ပြီ... တော်ပြီ။ မင်း ထွက်သွားတော့။"
*ဟမ်... ထွက်သွားတော့ ဟုတ်လား... ဒါပဲလား... ငါတို့ကို ကူညီမယ်ဆိုတဲ့ ကတိလည်း မပေးဘူးလား...*
တွမ့်မူကျယ် မကျေမနပ်ဖြစ်သွားသော်လည်း ထပ်မမေးရဲပေ။
သူထွက်သွားပြီးနောက်မှသာ ချီချန်းက လေဟာနယ်ထဲသို့ စကားပြောလိုက်သည်။
"ဦးလေး လူ... ဦးလေး ဘယ်လိုထင်လဲ"
မီးခိုးရောင်ဝတ်စုံဝတ်ထားပြီး မီးခိုးရောင်မုတ်ဆိတ်မွှေးများရှိသည့် ပိန်ပိန်ပါးပါးအဖိုးအိုတစ်ဦး ဖြည်းညင်းစွာပေါ်လာသည်။
တွမ့်မူကျယ်သာရှိနေဦးမည်ဆိုလျှင် ဤအဖိုးအိုသည် ပါယွန်းခန်းမ၏ ကောင်စီအကြီးအကဲ ၁၅ ဦးထဲမှ တစ်ဦးဖြစ်သော လူကျန့် ဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။
ကောင်စီအကြီးအကဲများသည် အာဏာနှင့် အဆင့်အတန်း နှစ်ခုစလုံးတွင် အတွင်းစည်းအကြီးအကဲများထက် သာလွန်ကြသည်။
ပါယွန်းခန်းမတွင် သူတို့ ၁၅ ဦးသာရှိသဖြင့် လူကျန့်မှာ အစွမ်းထက်သူတစ်ဦးဖြစ်လေ၏။
"ချီရီဂိုဏ်းက လူတစ်ယောက်မှမကျန်အောင် သုတ်သင်ခံလိုက်ရတယ်။ ခန်းမသခင်ကိုယ်တိုင်လုပ်ရင်တောင် အဲဒီလောက်အထိဖြစ်ဖို့ မလွယ်ဘူး။"
ပါယွန်းခန်းမ၏ ခန်းမသခင်သည် ကောင်းကင်ကံကြမ္မာအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။
ချီရီဂိုဏ်းကိုဖျက်ဆီးရန် သူ့အတွက်မခက်ခဲသော်လည်း လွတ်မြောက်သူတစ်ယောက်မှမရှိအောင်လုပ်ရန် ခက်ခဲလှသည်။
"ဒါဆို အဲဒီကျားမိစ္ဆာက ထင်ထားတာထက် ပိုသန်မာတာပေါ့"
"အတိအကျပဲ... ဒါကို သတိထားပြီးကိုင်တွယ်ရမယ်"
သူတို့နှစ်ဦးစလုံးသည် မျက်စိသုံးလုံးကျားက ကျန်းချန်ကိုကူညီပြီး ချီရီဂိုဏ်းကိုဖျက်ဆီးခဲ့သည်ဟု တစ်ဖက်သတ်ယုံကြည်လိုက်ကြသည်။
အကြောင်းမှာ တွမ့်မူကျယ်၏ပြောကြားချက်အရ ကျန်းချန်သည် ဝိညာဉ်စင်မြင့်ကို ထုတ်ပြခဲ့သောကြောင့်ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်ကံကြမ္မာအဆင့်သို့ ရောက်ရှိသောအခါ အသိသာဆုံးလက္ခဏာမှာ ဝိညာဉ်စင်မြင့်ကွဲထွက်သွားပြီး နတ်ဘုရားနန်းတော်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
ကျန်းချန်၏ နတ်ဘုရားအဆင့်ဝိညာဉ်စင်မြင့်မှာ ချီချန်း၏ သူတော်စင်အဆင့်ထက် သာလွန်နေသော်လည်း ဝိညာဉ်စင်မြင့်ရှိနေသေးခြင်းက ကောင်းကင်ကံကြမ္မာအဆင့်သို့ မရောက်သေးကြောင်း သက်သေပြနေသည်။
ထို့ကြောင့် ချီရီဂိုဏ်းကို သူဖျက်ဆီးခဲ့ခြင်းမဟုတ်ကြောင်း ကောက်ချက်ချလိုက်ကြသည်။
အကယ်၍ ကျန်းချန်သာ ဤနေရာတွင်ရှိနေပါက ဒေါသထွက်လွန်း၍ တက်သွားနိုင်သည်။
*ငါကိုယ်တိုင်လုပ်တာပါဆို၊ အဲဒီ ကျားငပျင်းနဲ့ ဘာဆိုင်လို့လဲ
ငါလက်စွမ်းပြပြီး မိုင်ထောင်ချီရှည်တဲ့တောင်တန်းကြီးကို ဓားတစ်ချက်တည်းနဲ့ထိုးဖောက်ပြခဲ့တာ၊ ငါ အဲဒီလောက် ကြိုးစားခဲ့တာတွေကဘာအတွက်လဲ*
ဝဋ်လည်လေပြီ...
သူသည် တပည့်များ၏ရှေ့တွင် ကျား၏ဂုဏ်သတင်းကို အရှက်မရှိခိုးယူခဲ့ဖူးသော်လည်း ယခုမူ အခြားသူများက သူ၏စွမ်းဆောင်မှုကို ကျား၏စွမ်းဆောင်မှုအဖြစ် သတ်မှတ်လိုက်ကြပြန်သည်။
"ဒီကိစ္စကို ခန်းမသခင်ဆီ တင်ပြသင့်တယ်"
လူကျန့်မှာ ကောင်းကင်ကံကြမ္မာအဆင့် ၁ တွင် ရှိသော်လည်း ဤကိစ္စက အန္တရာယ်ရှိသည်ဟု ခံစားနေရသည်။
ထိုကျားမိစ္ဆာမှာ သူကိုင်တွယ်နိုင်မည့်အဆင့်ထက် ကျော်လွန်နေပေလိမ့်မည်။
သို့သော် ချီချန်းက ထိုအစီအစဉ်ကို ပယ်ချလိုက်သည်။
"မလိုပါဘူး... ဖေးရှန်ဂိုဏ်းကိုကိုင်တွယ်ဖို့ အကြံကောင်းရှိပါတယ်။"
သူ့တွင် ကိုယ်ပိုင်ရည်မှန်းချက် ရှိနေသည်။
ပါယွန်းခန်းမတွင် အစစ်အမှန်တပည့်တစ်ရာကျော်ရှိပြီး နောက်ထပ်ခန်းမသခင်ကို ထိုသူများထဲမှ ရွေးချယ်မည်ဖြစ်သည်။
လက်ရှိခန်းမသခင်၏သားဖြစ်သဖြင့် ချီချန်းတွင် ထိပ်တန်းပါရမီရှိသော်လည်း ထိုတပည့် တစ်ရာကျော်ထဲတွင် သူသည် ထိပ်ဆုံး ၃ ဦးစာရင်းထဲတွင်သာ ပါဝင်သည်။ နံပါတ် ၁ မဟုတ်သေးချေ။
သူ၏ အခွင့်အရေးကိုမြှင့်တင်ရန်အတွက် အဖွဲ့ဖွဲ့ကာ ထောက်ခံမှုပိုရအောင်လုပ်နိုင်သလို ပိုသန်မာလာအောင်လည်းလုပ်နိုင်သည်။
ပထမအချက်ကို သူလုပ်ဆောင်နေပြီဖြစ်သည်......
ကောင်စီအကြီးအကဲ လူကျန့်သည် ယခုအခါ သူ့အဖွဲ့ဝင်ဖြစ်နေလေပြီ။
သန်မာလာရန်အတွက် အခွင့်အလမ်းရရှိမှုအပေါ်တွင် မူတည်သည်။
သူ့အမြင်တွင် ကျန်းချန် ရုတ်တရက်အင်အားကြီးလာခြင်းနှင့် ကျားမိစ္ဆာ၏ အကူအညီရနေခြင်းတို့၏ နောက်ကွယ်တွင် ကံကောင်းမှုကြီးတစ်ခု ရှိနေရမည်ဖြစ်သည်။
သူ လုပ်ရမည့်အရာမှာ ထိုအခွင့်အလမ်းကို အရယူရန်ပင်။
သူ၏မျက်စိထဲတွင် ဖေးရှန်ဂိုဏ်းသည် အခွင့်အလမ်းများပြည့်နှက်နေသောနေရာတစ်ခုဖြစ်သည်။
ဤကိစ္စကိုတင်ပြလိုက်လျှင် ပြိုင်ဘက်များစွာ ပေါ်လာပေတော့မည်။
လူကျန့်သည် ချီချန်း၏ရည်ရွယ်ချက်ကိုရိပ်မိသဖြင့် ၎င်းကိုမတားဆီးပေ။
"မင်း ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"
"ရိုးရိုးလေးပဲ... အရင်ဆုံး သူတို့ဆီကို အတွင်းလူအဖြစ်ဝင်မယ်။"
ချီချန်း၏မျက်လုံးများထဲတွင် ပါးနပ်သောအရိပ်အယောင်များ လက်ခနဲပေါ်လာသည်။
"ဖေးရှန်ဂိုဏ်းက တပည့်သစ်တွေခေါ်နေတာပဲ။ ငါ့ကို အပြစ်တင်လို့မရဘူး... သူတို့ကိုယ်တိုင် အခွင့်အရေးပေးနေတာပဲ။"
လူကျန့် ခဏမျှစဉ်းစားပြီးနောက် ပြုံးလိုက်မိသည်။
ဤအချက်သည် သူ ချီချန်းကိုထောက်ခံရသည့် အကြောင်းရင်းပင်။
ဤလူငယ်သည် မြင့်မြတ်သောမျိုးရိုးနှင့် ထူးချွန်သောပါရမီရှိရုံသာမက အလွန်လည်းပါးနပ်လှသည်။
သူ၏ နောက်ခံနှင့် အစွမ်းရှိသော အခြားသူများသာဆိုလျှင် မာနထောင်လွှားကာ လူအများရှေ့တွင် အော်ဟစ်ဆဲဆိုပြီး ရန်သူကို သွားရောက်တိုက်ခိုက်နေကြမည်မှာ သေချာသည်။
အဆုံးတွင်မူ သူတို့သည် မဆင်မခြင်လုပ်ဆောင်မှုကြောင့် သေဆုံးသွားရသည် သို့မဟုတ် ရန်သူကိုအထင်သေး၍ အသတ်ခံရသည်သာဖြစ်လိမ့်မည်။
ချီချန်းကဲ့သို့သူမျိုး၏ ပစ်မှတ်ထားခြင်းကိုခံရခြင်းကသာ အမှန်တကယ်ကြောက်စရာကောင်းလှသည်။
ရက်အနည်းငယ်အကြာတွင် ဖေးရှန်ဂိုဏ်း၏ တပည့်သစ်လက်ခံပွဲသည် ခမ်းနားထည်ဝါစွာ စတင်လေတော့သည်။
ချင်လန်စီရင်စုအရပ်ရပ်မှ လူငယ်ကျင့်ကြံသူတစ်သိန်းကျော် ရောက်ရှိလာကြသည်။
အိမ်နီးချင်းစီရင်စုများမှ လာရောက်ကြသည်များလည်းရှိသည်။
ပါယွန်းခန်းမကဲ့သို့သောဂိုဏ်းကြီးများ တပည့်ခေါ်ချိန်တွင်သာ ဤကဲ့သို့သောမြင်ကွင်းမျိုးကိုမြင်ရလေ့ရှိသည်။
ချီရီဂိုဏ်း ပျောက်ကွယ်သွားပြီးနောက် ဖေးရှန်ဂိုဏ်း၏ဂုဏ်သတင်းမှာ နေမွန်းတည့်ချိန်ကဲ့သို့ ထွန်းလင်းတောက်ပနေပြီး အဝေးအထိပျံ့နှံ့သွားလေပြီ။
၎င်းသည် တွမ့်မူမိသားစု၏ ဂုဏ်သတင်းကိုပင် ကျော်လွန်သွားခဲ့သည်။
၎င်းသည်လည်း သဘာဝကျလှပါသည်.....
တွမ့်မူမိသားစုသည် ချီရီဂိုဏ်းကို နှစ်ပေါင်းသောင်းချီ တိုက်ခိုက်ခဲ့သော်လည်း မည်သည့်အချိန်ကမှ အောင်ပွဲမဆင်နိုင်ခဲ့ပေ။
ဖေးရှန်ဂိုဏ်းကမူ ဝင်ရောက်လာပြီးခဏအတွင်းမှာပင် ချီရီဂိုဏ်းကို သမိုင်းစာမျက်နှာထဲ ပို့ပစ်လိုက်သည်။
မည်သူကသန်မာပြီး မည်သူကအားနည်းသည်ဆိုတာ ရှင်းနေသည်လေ...
ထိုမျှအစွမ်းထက်သောဂိုဏ်းကို ဘယ်သူကအားမကိုးချင်ဘဲနေမည်နည်း။
ထို့အပြင် ဖေးရှန်ဂိုဏ်းတွင် လူနည်းပြီး အရင်းအမြစ်များ အလျှံပယ်ရှိနေသည်။
ယခုတစ်ခေါက် အစစ်အမှန်တပည့်များကိုသာလက်ခံမည်ဟု သိထားကြသော်လည်း လူအများအပြားမှာ ကံစမ်းရန်ရောက်ရှိလာကြသည်။
ကျန်းချန်သည် ခန်းမဆောင်ကြီး၏ အထက်တွင်ဝဲပျံကာ များပြားလှစွာသော လူပင်လယ်ကြီးကိုကြည့်ရင်း ဂုဏ်ယူဝင့်ကြွားနေမိသည်။
ရုတ်တရက် ကဗျာတစ်ပုဒ်လောက်ရွတ်ချင်စိတ်ပေါ်လာသော်လည်း အတော်ကြာစဉ်းစားပြီးနောက်တွင်မူ ကောင်းနိုးရာရာကဗျာတစ်ပုဒ်မျှ ထွက်မလာသဖြင့် လက်လျှော့လိုက်ရတော့သည်။
အောက်ဘက် အဝေးတစ်နေရာတွင်မူ ကျိလင်းဟန်၊ လော့ယွမ်၊ ယင်းရွှယ်အာနှင့် အခြားသူများသည် လူသစ်များအတွက် ဝင်ခွင့်စာမေးပွဲကိုစီစဉ်ရင်း အလုပ်ရှုပ်နေကြလေသည်။