တပည့်လုပွဲ
Vol. 5 Ch. 48
ဂိုဏ်းဝင်ခွင့်စစ်ဆေးမှုများကို များသောအားဖြင့် အဆင့်အမျိုးမျိုးခွဲခြားထားလေ့ရှိသည်။
၎င်းသည် ကျင့်ကြံသူတစ်ဦး၏ မွေးရာပါအရည်အချင်း၊ ပါရမီ၊ နားလည်သဘောပေါက်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို ဘက်စုံစစ်ဆေးခြင်းဖြစ်သည်။
အဆင့်အားလုံးကို အောင်မြင်သူများသာ ဂိုဏ်းသို့ဝင်ရန် အရည်အချင်းပြည့်မီကြသည်။
ယခုတစ်ခေါက်တွင် အစစ်အမှန်တပည့်များကိုသာ ခေါ်ယူခြင်းဖြစ်သဖြင့် စံသတ်မှတ်ချက်များကို အတန်အသင့်မြှင့်တင်ထားသည်။
ထို့ကြောင့် လျှောက်ထားသူအားလုံးနီးပါးမှာ ပထမအဆင့်မှာတင်ပြုတ်ကုန်ကြပြီး အောင်မြင်သူအလွန်နည်းပါးလှသည်။
ကျန်းချန်သည် မူလက ဤအခမ်းအနားကို ကိုယ်တိုင်ကြီးကြပ်လိုခဲ့သည်။
ဤကဲ့သို့ လူအင်အားထောင်သောင်းချီသောမြင်ကွင်းမျိုးမှာ သူ၏အစွမ်းကိုကြွားဝါရန် အကောင်းဆုံးအခွင့်အရေးဟု ထင်ထားသောကြောင့်ဖြစ်သည်။
သို့သော် ကျိလင်းဟန်က ဂိုဏ်းချုပ်အနေဖြင့် ဤကဲ့သို့သာမန်ကိစ္စများကို လုပ်ဆောင်ရန်မသင့်တော်ကြောင်း ပြတ်သားစွာပြောဆိုကာ ထိုတာဝန်ကို သူမကိုယ်တိုင်ယူလိုက်လေသည်။
ကျန်းချန် လက်လျှော့လိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
သူသည် လူအမဟုတ်သဖြင့် ကျိလင်းဟန်၏အကြံကို ရိပ်မိပါသည်။
သူမကိုယ်တိုင်ရွေးချယ်ခြင်းဖြင့် သူစိတ်ကူးယဉ်ထားသော အလှလေးများဖြင့် ပြည့်နှက်နေသည့် ဖေးရှန်ဂိုဏ်းအိမ်မက်မှာ ပျက်စီးသွားရလေပြီ။
ဤအချက်ကိုတွေးမိတိုင်း ဝမ်းနည်းရသည်။
ဂိုဏ်းဝင်ခွင့်စစ်ဆေးမှုအချို့ကို အစီအရင်များဖြင့် အလိုအလျောက်စစ်ဆေးသော်လည်း လျှောက်ထားသူများပြားလှသဖြင့် လုပ်ငန်းစဉ်မှာ အချိန်ကြာနေသည်။
သုံးရက်နှင့် သုံးညတိုင်တိုင် အသည်းအသန်စစ်ဆေးပြီးနောက်တွင်မူ လျှောက်ထားသူ ထောင်သောင်းချီထဲမှ ၅၅ ဦးသာ အရည်အချင်းပြည့်မီ၏။
ဤ ၅၅ ဦးမှာ ပါရမီနှင့် စိတ်ဓာတ်ပိုင်းတွင် ထူးချွန်သူများဖြစ်ကြပြီး အစစ်အမှန်တပည့် အဆင့်အတန်းသို့ ရောက်ရှိကြသူများဖြစ်သည်။
ကျိလင်းဟန်နှင့် လော့ယွမ်တို့မှာ အလွန်ဝမ်းသာသွားကြသည်။
ယခင်ကဆိုလျှင် တစ်ခါခေါ်လျှင် တစ်ဦး သို့မဟုတ် နှစ်ဦး ရရန်ပင် ခက်ခဲလှသည် မဟုတ်ပါလား။
ဤ ၅၅ ဦးမှာ ကျင့်ကြံမှုအဆင့်များ မတူညီကြပေ။
အချို့မှာ ငယ်ရွယ်ပြီး သွေးကြောဖွဲ့တည်ခြင်းအဆင့်တွင်သာ ရှိသေးသော်လည်း အချို့မှာ ချီစုစည်းခြင်းအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
ကျန်းချန်သည် ဤတပည့်သစ်များကို တတိယမျိုးဆက်တပည့်များအဖြစ် သတ်မှတ်လိုက်သည်။
ဖေးရှန်ဂိုဏ်းကို ပြန်လည်တည်ထောင်သူဖြစ်သဖြင့် ပထမမျိုးဆက်မှာ သူကိုယ်တိုင်ဖြစ်သည်။
ဒုတိယမျိုးဆက်မှာ ကျိလင်းဟန်အပါအဝင် ၂၁ ဦးဖြစ်ပြီး သူတို့အားလုံးမှာ မူလဖြစ်တည်ခြင်းအဆင့်တွင် ရှိကြသည်။
ဂိုဏ်းအတွင်း ဝိညာဉ်စွမ်းအားများ ရုတ်တရက်မြင့်တက်လာပြီးနောက် လူတိုင်း၏ကျင့်ကြံမှုမှာ ပို၍မြန်ဆန်လာသည်။
ယခုအခါ ၂၁ ဦးထဲတွင် အားအနည်းဆုံးသူပင် မူလဖြစ်တည်ခြင်းအဆင့် ၇ သို့ ရောက်နေပြီဖြစ်သည်။
ကျိလင်းဟန်မှာမူ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၁ သို့ပင် ရောက်ရှိသွားခဲ့ပြီဖြစ်ရာ ယခင်ဂိုဏ်းအကြီးအကဲများ၏အဆင့်သို့ ရောက်ရှိနေလေပြီ။
ဤအရှိန်အဟုန်အတိုင်းဆိုလျှင် ၂၁ ဦးစလုံး ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်သို့ရောက်ရန် မဝေးတော့ပေ။
ကျန်းချန်မှာ သူတို့အဆင့်တက်တိုင်း စနစ်ထံမှ အမှတ်များရရှိသည်။
အခြားသူများထံမှ အမှတ်အနည်းငယ်စီသာရသော်လည်း ကျိလင်းဟန် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်သို့ တက်ရောက်ချိန်တွင် စနစ်က သူ့ကို အမှတ် ၃,၀၀၀ တိတိ ဆုချခဲ့သည်။
ယခုခေါ်ယူသော တတိယမျိုးဆက်တပည့်များသည် ဒုတိယမျိုးဆက်များ၏ တပည့်များ ဖြစ်လာကြမည်။
ကျန်းချန်ကိုယ်တိုင် တပည့်မမွေးရခြင်းမှာ သူက နေရာတိုင်းလျှောက်ကြွားဖို့အလုပ်ရှုပ်နေသူဖြစ်ရာ တပည့်များကို အပင်ပန်းခံသင်ကြားပေးရန် အချိန်မရှိပေ။
မည်သည့်အရာကိုမှပူပန်စရာမလိုသော ဘိုးဘေးကြီးအဖြစ်နေရခြင်းက ပိုကောင်းပေသည်။
တပည့်သစ် ၅၅ ဦးသည် ဂိုဏ်း၏အတွင်းစည်းသို့ရောက်ရှိလာသောအခါ သူတို့၏ မျက်နှာများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
ထို့နောက်တွင်မူ အတိုင်းအထက်အလွန် ဝမ်းသာသွားကြတော့သည်။
ဂိုဏ်းပြင်ပတွင် စစ်ဆေးမှုခံယူနေစဉ်ကပင် ဝိညာဉ်ချီသိပ်သည်းဆမှာ အဆင့် ၃ ရှိသည်ဟု သူတို့ ခံစားခဲ့ရသည်။
သို့သော် ယခု အတွင်းစည်းသို့ရောက်သောအခါ ထိုထက်ပင် အဆင့်တစ်ဆင့် မြင့်နေသည်ကို တွေ့လိုက်ရသဖြင့် သူတို့မှာ ရှေ့ဆက်မတိုးနိုင်ဘဲ ထိုနေရာမှာတင် တရားထိုင် ကျင့်ကြံချင်စိတ်များ ပေါက်လာကြတော့သည်။
"ဒါ... ဒါက..."
တပည့်တစ်ဦးက တုန်ရင်နေသောအသံဖြင့် မေးလိုက်သည်။
"အကြီးအကဲ လော့... ဒါက အဆင့် ၄ ဝိညာဉ်သွေးကြောများလား"
တပည့်သစ်များသည် ဆရာတင်ပွဲမပြုလုပ်ရသေးသဖြင့် ဆရာမခေါ်နိုင်ကြသေးပေ။
တပည့်သစ်များမဝင်လာမီ ကျန်းချန်က ဒုတိယမျိုးဆက် ၂၁ ဦးစလုံးကို အကြီးအကဲများအဖြစ် ရာထူးတိုးပေးထားခဲ့သည်။
လော့ယွမ်မှာ ထိုတပည့်သစ်များထက် အသက်သိပ်မကြီးသော်လည်း အကြီးအကဲဟု အခေါ်ခံရသဖြင့် အလွန်ကျေနပ်သွားသည်။
သူသည် ချောင်းတစ်ချက်ဟန့်ကာ ကျန်းချန်၏ အမြဲတမ်းကြွားဝါနေကျပုံစံအတိုင်း လက်နှစ်ဖက်ကိုနောက်ပစ်၊ ကောင်းကင်ကိုမော့ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်
"ဒါက အဆင့် ၄ ဝိညာဉ်သွေးကြော အစစ်ပဲ။"
"ဟား..."
"ဘုရားရေ... အဆင့် ၄ ဝိညာဉ်သွေးကြော တကယ်ကြီးပဲ"
"ဒီလောက် ဝိညာဉ်ချီသိပ်သည်းတာမျိုးက ဖေးယွန်းစီရင်စုမှာပဲရှိနိုင်တာ မဟုတ်ဘူးလား"
"ဟုတ်တယ်... ချီရီဂိုဏ်းနဲ့ တွမ့်မူမိသားစုမှာတောင် အဆင့် ၃ ပဲ ရှိတာလို့ ငါကြားဖူးတယ်။"
တပည့်သစ်များမှာ အလွန်စိတ်လှုပ်ရှားနေကြပြီး ဖေးရှန်ဂိုဏ်း၏အဖွဲ့ဝင်အဖြစ် ထာဝရနေထိုင်သွားရန် ဆုံးဖြတ်လိုက်ကြတော့သည်။ သို့သော် ထိုသူများထဲတွင် ခြွင်းချက်တစ်ဦး ရှိနေသည်။
ထို ၅၅ ဦးထဲတွင် ချီချန်းလည်းပါ၏။
သူ၏မျက်နှာတွင် အံ့ဩဟန်ပြနေသော်လည်း စိတ်ထဲတွင်မူ လှောင်ပြုံးပြုံးနေသည်။
ဟုတ်ပါသည်... သူသည် အတွင်းလူအဖြစ် ခိုးဝင်လာခဲ့ခြင်းပင်။
ဖေးရှန်ဂိုဏ်းတွင် အစွမ်းမသိရသော မျက်စိသုံးလုံးကျားရှိနေသဖြင့် တိုက်ရိုက်တိုက်ခိုက်ခြင်းမှာ မိုက်မဲရာကျပေလိမ့်မည်။
လူသစ်တစ်ဦးအဖြစ် ဟန်ဆောင်ဝင်ရောက်ခြင်းကသာ အကောင်းဆုံးနည်းဗျူဟာပင်။
သူ လုပ်ဆောင်ရမည့်အရာမှာ ကျန်းချန်၏အခွင့်အလမ်းများကို စုံစမ်းရန်နှင့် ထိုကျားမိစ္ဆာကို ကျန်းချန်က မည်သို့စေခိုင်းနေသနည်းဆိုသည်ကို ရှာဖွေရန်ဖြစ်သည်။
အကယ်၍ သူသာ အကြောင်းရင်းကို ရှာတွေ့ပါက ကျန်းချန်၏နေရာတွင်အစားထိုးကာ ထိုကျား၏ သခင်အသစ်ဖြစ်လာရန်မှာ မဖြစ်နိုင်သည်မဟုတ်။
သူ့နောက်ကြောင်းကို ချင်းလန်စီရင်စုသားတစ်ဦးအဖြစ် ကိုယ်ရေးရာဇဝင်အတု ပြုလုပ်ခိုင်းထားသဖြင့် မည်သူမျှရိပ်မိမည်မဟုတ်ပေ။
ထို့ပြင် သူ၏ပါရမီဖြင့် အစစ်အမှန်တပည့်စစ်ဆေးမှုကို အောင်မြင်ရန်မှာ အလွန်လွယ်ကူလှသည်။
သူသည် မူလက ဝိညာဉ်အခြေတည်အဆင့် ၈ တွင် ရှိသော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ဝိညာဉ်ပုံဖော်ခြင်းအဆင့် ၆ အဖြစ် ဖုံးကွယ်ထားခဲ့သည်။
ထိုသို့ဆိုလျှင်ပင် သူသည် ထူးချွန်သူတစ်ဦးအဖြစ် သတ်မှတ်ခံရဆဲပင်။
ယခုအချိန်တွင် လူတိုင်းမှာ ခန်းမဆောင်ရှေ့ရှိကွင်းပြင်တွင် စုဝေးနေကြသည်။
လူဟောင်းများမှာလည်း မည်သည့်တပည့်ကောင်းလေးများကို မိမိတပည့်အဖြစ်ရရှိမည်နည်းဟု ရင်ခုန်နေကြသည်။
လော့ယွမ်က ပထမဆုံးရှေ့ထွက်ကာ အသက် ၁၅ နှစ်ခန့်ရှိသော မိန်းကလေးငယ်တစ်ဦးထံ လျှောက်သွားလိုက်သည်။
"လင်းနင်... ငါ မင်းကို တပည့်အဖြစ်လက်ခံချင်တယ်၊ မင်း သဘောတူရဲ့လား...."
လင်းနင်ဟုအမည်ရသော ထိုမိန်းကလေးမှာ ချောမောလှပပြီး အေးစက်သောအငွေ့အသက်များရှိနေသဖြင့် အခြားသူများနှင့်မတူဘဲ ထူးခြားနေသည်။
လော့ယွမ်က သူမကိုရွေးချယ်ရခြင်းမှာ သူမ၏ ရုပ်ရည်ကြောင့်မဟုတ်ဘဲ ပါရမီကြောင့်ဖြစ်သည်။
စစ်ဆေးမှုလေးဆင့်စလုံးတွင် သူမသည် နံပါတ် ၁ ရရှိခဲ့ပြီး ကျိလင်းဟန်၏ ပါရမီနှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။
သူမသည် အသက် ၁၅ နှစ်သာ ရှိသေးသော်လည်း ချီစုစည်းခြင်းအဆင့်ကိုကျော်လွန်ကာ ဝိညာဉ်ပုံဖော်ခြင်းအဆင့် ၉ ရောက်နေပြီဖြစ်သည်။
လင်းနင် မဖြေရသေးမီမှာပင် ယင်းရွှယ်အာက လော့ယွမ်ကိုတွန်းထုတ်ကာ ပြုံးလျက်ပြောလိုက်သည်။
"လင်းနင်... သူ့နောက်ကိုလိုက်တာက မိန်းကလေးတစ်ယောက်အနေနဲ့ အဆင်မပြေပါဘူး။ ငါတို့က မိန်းကလေးအချင်းချင်းပဲ၊ ငါ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် ပိုပြီးတိုးတက်လာမှာ သေချာတယ်"
လော့ယွမ်မှာ ဒေါသထွက်သွားပြီး အံကြိတ်ကာကြည့်လိုက်သည်။
"ဂျူနီယာညီမလေး ယင်း... မင်း ငါ့တပည့်ကို လုမလို့လား"
"လုတော့ ဘာဖြစ်လဲ"
ယင်းရွှယ်အာကလည်း အလျှော့မပေးဘဲ ပြန်ပက်လေသည်။