ချီချန်း၏ အခက်အခဲ
Vol. 5 Ch. 49
အကြီးအကဲနှစ်ဦးအခြေအတင်ဖြစ်နေစဉ် အခြားအကြီးအကဲများသည်လည်း အခွင့်ကောင်းယူကာ တပည့်လုရန် ရှေ့ထွက်လာကြသည်။
"လင်းနင်... ငါ့ရဲ့ကျင့်ကြံမှုအဆင့်က သူတို့ထက် ပိုမြင့်တယ်၊ ငါ့နောက်လိုက်တာက မင်းအတွက် ပိုသင့်တော်လိမ့်မယ်"
"ဟီးဟီး... ငါက ဂိုဏ်းချုပ်နဲ့ အလွန်ရင်းနှီးတာ။ မင်းသာ ငါ့တပည့်ဖြစ်ရင် နောက်ပိုင်းကျင့်ကြံရတာ ပိုပြီး လွယ်ကူချောမွေ့သွားမှာ..."
"လင်းနင်... ကိုယ်တိုင်ပဲပြောလိုက်တော့၊ ဘယ်သူ့နောက်ကို လိုက်ချင်သလဲ"
မည်သူမျှ ဤပါရမီရှင်မိန်းကလေးကို လက်လွတ်မခံချင်ကြပေ။
ဤမြင်ကွင်းကိုကြည့်ပြီး အခြားတပည့်သစ်များမှာ အလွန်အားကျနေကြသည်။
သူတို့မှာ တစ်စုံတစ်ဦးကလာရွေးရန်စောင့်နေရချိန်တွင် လင်းနင်မှာမူ အကြီးအကဲကို ပြန်လည်ရွေးချယ်နိုင်သော အခွင့်အရေးရှိနေ၏။
၎င်းသည် ပြိုင်ဘက်ကင်းပါရမီရှင်နှင့် သာမန်ပါရမီရှင်တို့ကြား ကွာခြားချက်ပင်။
"အကြီးအကဲတို့ရဲ့စေတနာကို ကျေးဇူးတင်ပါတယ်ရှင်။ ဒါပေမဲ့ လင်းနင်စိတ်ထဲမှာ ရည်ရွယ်ထားသူရှိပြီးသားမို့ ခွင့်လွှတ်ပေးပါ"
ဤတောင်းပန်စကားမှာ သူမသည် ထိုသူတို့ထဲမှ မည်သူ့ကိုမျှဆရာမတင်လိုကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။
လော့ယွမ်နှင့် ယင်းရွှယ်အာတို့မှာ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ရပြီး သူတို့၏ အကြည့်များမှာ ကျိလင်းဟန်ထံသို့ ကျရောက်သွားကြသည်။
မှန်ပါသည်... ကျိလင်းဟန်မှလွဲ၍ ဤဂိုဏ်းတွင် မည်သူက သူမ၏ဆရာဖြစ်ရန် အရည်အချင်းပြည့်မီပါဦးမည်နည်း။
သို့သော် ဤသည်မှာ တပည့်လုပွဲ၏အစသာရှိပါသေးသည်။
လင်းနင်ကိုမရသဖြင့် အခြားထူးချွန်သူများကို အပြိုင်အဆိုင်ရွေးချယ်ကြတော့သည်။ ဦးရာလူစနစ်ပင် ဖြစ်၏။
ခဏအတွင်းမှာပင် ကွင်းပြင်ကြီးမှာ စည်ကားလှသော ဈေးတစ်ခုကဲ့သို့ ဖြစ်သွားသည်။
အကြီးအကဲတစ်ဦးမှာ ချီချန်း၏ရှေ့တွင်ပေါ်လာသည်။
"ကောင်လေး... ငါမင်းကို တပည့်အဖြစ်လက်ခံချင်တယ်။ အခု ငါ့ကို ဆရာတင်နိုင်ပြီ"
စကားပြောသူမှာ ရှန်ထိုက်ဖြစ်သည်။
သူ၏ ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်နှင့် ဝိညာဉ်စုစည်းခြင်းအဆင့် ၇ သာရှိသောအစွမ်းကိုကြည့်ပြီး ချီချန်းမှာ သူ၏ နှာခေါင်းကို ရိုက်ပစ်ချင်စိတ် ပေါက်သွားသည်။
*တောက်... ဘယ်သူ့ကို ကောင်လေးလို့ ခေါ်နေတာလဲ
ငါက ပါယွန်းခန်းမရဲ့သခင်လေး၊ ဝိညာဉ်အခြေတည်အဆင့် ၈ ပညာရှင်ကွ
မင်းလိုပုရွက်ဆိတ်က ငါ့ကိုတွေ့ဖို့တောင် အရည်အချင်းမရှိတာကို၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ငါ့ကို တပည့်လာခေါ်နေသေးတယ်
ပြီးတော့ အခုပဲ ဆရာတင်နိုင်ပြီတဲ့... ဘယ်လို စိတ်ဓာတ်မျိုးလဲ
သို့သော် အဆုံးထိဟန်ဆောင်ရပေမည်။
သူ၏ နောက်ဆက်တွဲအစီအစဉ်များနှင့် ကြီးမားသောရည်မှန်းချက်ကိုတွေးကာ သာမန်တပည့်သစ်တစ်ဦးအဖြစ်သာ ဆက်လက်ဟန်ဆောင်နေရသည်။
"အကြီးအကဲရဲ့စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က..."
သူ တကယ်ပဲ တပည့်အဖြစ်ဟန်ဆောင်ရမည်ဆိုလျှင်ပင် ဤအသုံးမကျသူကို ရွေးမည်မဟုတ်ချေ။
ကျိလင်းဟန် သို့မဟုတ် ယင်းရွှယ်အာ ဖြစ်သင့်သည် မဟုတ်ပါလား။
ဤဖက်တီးအလှည့်သို့ မည်သို့ရောက်လာရသနည်း။
သူ၏စကားကို ရှန်ထိုက်က ဖြတ်ပြောလိုက်သည်။
"ဘာလဲ... မင်းကလည်း လင်းနင်လိုပဲ ဟိုလူ့ကို ငြင်း၊ ဒီလူ့ကို ငြင်းနဲ့ ဆရာကို ကိုယ်တိုင် ရွေးချယ်ချင်တာလား"
ရှန်ထိုက်က တည်ကြည်သောမျက်နှာဖြင့် ဆုံးမလေသည်...
"လူငယ်ဆိုတာ စိတ်ကူးမယဉ်သင့်ဘူး၊ ကိုယ့်ခြေအနေကိုယ်သိရမယ်"
*သူ တကယ်ပဲ ငါ့ကိုလာဆုံးမနေတာလား
ငါ့ကို လူမှုရေးလာသင်နေတာလား*
ကံကောင်းထောက်မစွာဖြင့် ချီချန်းမှာ အလွန်ပါးနပ်ပြီး သည်းခံနိုင်စွမ်းရှိသူဖြစ်သဖြင့်သာ တော်တော့သည်။
အခြားသူသာဆိုလျှင် ပေါက်ကွဲပေလိမ့်မည်။
"အကြီးအကဲရဲ့ဆုံးမမှုက မှန်ကန်ပါတယ်ခင်ဗျာ။"
သူ ပြန်မချေပနိုင်ပေ။ အကြောင်းမှာ ဂိုဏ်းဝင်ချိန်တွင် သူ၏အစွမ်းကိုဖုံးကွယ်ထားသဖြင့် ရမှတ်များမှာ ထူးထူးခြားခြားကောင်းမွန်ခြင်းမရှိသောကြောင့်ဖြစ်သည်။
သူ၏ ပါရမီမှာ အစစ်အမှန်တပည့်အဆင့်အတန်း၏ အထက်နားတွင်သာ ရှိနေသည်။
ရှန်ထိုက်၏မျက်စိထဲတွင် ဤတပည့်မှာ အစစ်အမှန်တပည့် ၅၅ ဦးထဲတွင် အညံ့ဆုံး ၅ ဦးစာရင်းဝင် ဖြစ်၏။
*ငါ လင်းနင်ကို တပည့်အဖြစ်မရပေမဲ့ မင်းကိုတော့ရနိုင်ရမယ်မဟုတ်လား*
"ဒါဆိုရင် မြန်မြန် ဆရာတင်စမ်း"
ချီချန်းမှာ သူ့ကို ချက်ချင်းရိုက်သတ်ချင်နေသော်လည်း ယခုအချိန်တွင် ရန်မဖြစ်နိုင်သဖြင့် အကြောင်းပြချက်ရှာကာ အချိန်ဆွဲလိုက်ရသည်။
"တပည့် နားလည်ထားတာက ဆရာတင်ပွဲကို ဂိုဏ်းဝင်အခမ်းအနားပြီးမှ လုပ်ရတာလို့ သိထားပါတယ်ခင်ဗျာ။"
ထိုအခါမှ ရှန်ထိုက်က ယာယီလက်လျှော့လိုက်သည်။
"ဒါဆို အခမ်းအနားပြီးမှပေါ့။ ကောင်လေး... မင်းနာမည်က ယွန်းချန်းဆိုလား..... စိတ်မပူနဲ့၊ ငါ့နောက်လိုက်ရင် မင်းအတွက် အနာဂတ်ရှိတယ်"
ဤအမည်မှာ ချီချန်း၏အမည်ဝှက်ဖြစ်သည်။
သူသည် စိတ်ထဲမှကြိတ်မကျေမနပ် ဖြစ်နေမိသည်။
ဤအကောင်က သူ့ကို တပည့်အဖြစ်ပုံသေသတ်မှတ်ထား၏။
ကောင်းပြီ... ဂိုဏ်းထဲရောက်မှ မင်းအတွက် မတော်တဆ သေဆုံးမှုတစ်ခု ငါ စီစဉ်ပေးရမှာပေါ့။
ထိုအချိန်မှာပင် ခေါင်းလောင်းသံရှည်သုံးချက် ထွက်ပေါ်လာပြီး ဂိုဏ်းဝင်အခမ်းအနားစတင်ကြောင်း အချက်ပေးလိုက်သည်။
ဝတ်ရုံဖြူများ လေထဲတွင် လွင့်ပျံနေပြီး တိမ်တိုက်များထဲမှ လူရိပ်တစ်ခုမှာ ဝိညာဉ်ဓားကို စီးနင်းကာ နတ်သားတစ်ပါးကဲ့သို့ ဆင်းသက်လာသည်။
နတ်ဘုရားအဆင့်ဝိညာဉ်စင်မြင့်မှာ တောက်ပစွာထွန်းလင်းနေပြီး ကောင်းကင်တွင် ထူးခြားသောနိမိတ်များ ပေါ်လာသည်။
ဝိညာဉ်ငှက်များနှင့် ကြိုးကြာဖြူများ အတူတကွ တေးသီနေကြပြီး မြူနှင်းများ ဝိုင်းရံလျက် နတ်ဂီတသံများ ပျံ့လွင့်လာသည်။
အစ်ကိုကြီးချန်က အလွန်ခမ်းနားစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဤကဲ့သို့ထွက်ပေါ်လာရန် သူ အတော်လေးအားစိုက်ခဲ့ရသည်။
အစီအရင်နှင့် အဆောင်တစ်ဒါဇင်ကျော်ကို သုံးခဲ့ရရုံသာမက ဝိညာဉ်ငှက်အချို့ကိုလည်း ယာယီအလုပ်သမားအဖြစ် လိုက်ဖမ်းခဲ့ရသည်။
ရည်ရွယ်ချက်မှာ............ ဟန်ထုတ်ကြွားဝါရန်
ရလဒ်မှာလည်း အလွန်ကောင်းမွန်လှသည်။
တပည့်သစ်များမှာ အားကျရိုသေစွာဖြင့် ငေးကြည့်နေကြရသည်။
ချီချန်း၏ မျက်ဆံများပင်ကျုံ့သွားရသည်။
“နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်က အစစ်ပဲ”
ထိုဝိညာဉ်စင်မြင့်ပေါ်လာသည်နှင့် သူ၏ဝိညာဉ်မှာ သဘာဝရန်သူနှင့်တွေ့သကဲ့သို့ခံစားရပြီး လှုပ်ရှား၍မရအောင် ဖိနှိပ်ခြင်းခံလိုက်ရသည်။
သူ ဖုံးကွယ်ထားသော အစွမ်းများမှာလည်း မတည်မငြိမ်ဖြစ်ကာ ပေါ်ထွက်လုနီးပါးဖြစ်သွားသဖြင့် သူသည် ထိုဝိညာဉ်စင်မြင့်ကိုမကြည့်မိအောင် ချက်ချင်းမျက်လုံးလွှဲလိုက်ရသည်။
ကျန်းချန်သည် အခမ်းအနားကြီးများကိုမြင်ဖူးသော်လည်း ဤကဲ့သို့သော အခမ်းအနား၏ အဆင့်ဆင့်ကိုမူ ကောင်းကောင်းမသိချေ။
ကံကောင်းထောက်မစွာဖြင့် လော့ယွမ်ကအတွေ့အကြုံရှိသဖြင့် အခမ်းအနားမှူးအဖြစ် ခန့်အပ်ထားခဲ့သည်။
"ဂိုဏ်းဝင်အခမ်းအနား စတင်ပြီ"
အခမ်းအနားအဆင့်ဆင့်မှာ သိပ်မရှုပ်ထွေးလှပေ။
ကောင်းကင်နှင့် မြေကြီးကို ပူဇော်ခြင်း၊ ဘိုးဘေးများကို ကန်တော့ခြင်းနှင့် ဂိုဏ်းဝင်ကတိသစ္စာပြုခြင်း စသည်တို့ပင်။
ချီချန်းမှာ ထိုအဆင့်များကို စိတ်ထဲမှပြင်ဆင်ထားသဖြင့် လက်ခံနိုင်ပါသည်။
သို့သော် နောက်ဆုံးအဆင့်ဖြစ်သော ဂိုဏ်းချုပ်ကိုဂါရဝပြုခြင်းမှာမူ သူ့ကို အကြီးအကျယ် ဒေါသထွက်စေတော့သည်။
ထုံးစံအရ ဂိုဏ်းချုပ်ကို ဦးသုံးကြိမ်ချ၊ ကိုးကြိမ် ဂါရဝပြုရမည်။
ကျန်းချန်က ဤအဆင့်ကို အနည်းငယ် ပြောင်းလဲထားသည်။
မူလက တပည့်အားလုံးစုပေါင်းဂါရဝပြုခြင်းဖြစ်သော်လည်း သူက တစ်ယောက်ချင်းစီဂါရဝပြုရန် ပြောင်းလဲလိုက်ခြင်းဖြစ်၏။
ကျန်းချန်က ဂုဏ်မောက်ချင်၍မဟုတ်ပေ။
ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဤအခွင့်အရေးကိုအသုံးချကာ ထိုတပည့်များ၏သစ္စာရှိမှုကို စစ်ဆေးရန်အတွက်ဖြစ်သည်။
ကျန်းချန်က ပြောင်းလဲလိုက်သဖြင့် လော့ယွမ်တို့မှာလည်း ကန့်ကွက်စရာမရှိပေ။
တပည့်သစ်များမှာလည်း ထူးဆန်းသည်ဟုမထင်ကြချေ။
သို့သော် ချီချန်းမှာမူ အလွန်စိတ်အိုက်နေရသည်။
ပါယွန်းခန်းမ၏ သခင်လေးဖြစ်သူ သူသည် ဂိုဏ်းငယ်လေးတစ်ခု၏ ဂိုဏ်းချုပ်ကို ဦးသုံးကြိမ်ချ၊ ကိုးကြိမ် ဂါရဝပြုရမည်.....
ဖေးရှန်ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်မှာ သူ့ကိုတွေ့ရန်ပင် အရည်အချင်းမရှိခဲ့သည်ကို သတိရတိုင်း ဤသည်မှာ သူ့အတွက် ကြီးမားသော အရှက်ရမှုကြီးဖြစ်နေသည်။
သူသည် အသက်ပြင်းပြင်းရှူကာ သည်းခံရန်သာ ပြန်လည်ဆုံးမနေရသည်။
*အခွင့်အလမ်းအတွက်၊ ကျားမိစ္ဆာကိုရဖို့အတွက်၊ ပါယွန်းခန်းမရဲ့ ခန်းမသခင်ဖြစ်ဖို့အတွက်... ဒီလောက်အရှက်ရတာကို ခဏလောက်သည်းခံရတာ တန်ပါတယ်*
သူ၏အတွေးများကို မည်သူမျှမသိကြပေ။
မည်သို့ပင်ဖြစ်စေ အခြားသောတပည့်များသည် ကျန်းချန်ကို တစ်ဦးချင်းစီဂါရဝပြုရန် တန်းစီနေကြပြီဖြစ်သည်။
"ဝေမြောင်က ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်ခင်ဗျာ"
အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ဦးသည် ရိုသေစွာဖြင့် ဒူးထောက်ဦးချလိုက်သည်။
"ဒင်... လက်ခံသူသည် လက်အောက်ငယ်သားတစ်ဦး၏ သစ္စာရှိမှုကိုရရှိခဲ့ပြီ၊ အမှတ် ၅ မှတ် ရရှိသည်။"
ဤဝေမြောင်မှာ ချီစုစည်းခြင်းအဆင့် ၅ သာရှိသဖြင့် အမှတ် ၅ မှတ် ရခြင်းမှာ သူ၏ပါရမီမှာ ကောင်းမွန်လှသည်ဟုဆိုရမည်။
ကျန်းချန်က ထိုအမှတ်အနည်းငယ်ကို ဂရုမစိုက်သော်လည်း ဤကလေးသည် စိတ်ရင်းဖြင့်ဂိုဏ်းဝင်ခြင်း ရှိ၊ မရှိကိုမူ အတည်ပြုနိုင်ခဲ့သည်။
စနစ်မှအသံထွက်လာသဖြင့် ဝေမြောင်မှာ သူ၏လူအစစ်ဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။
ကျန်းချန် အလွန်ကျေနပ်သွားကာ လက်ဝှေ့ယမ်းပြီး ဝေမြောင်ကိုထခိုင်းလိုက်သည်။
"ထတော့"
"မင်းက ဂိုဏ်းကို အသစ်ရောက်လာတာဆိုတော့ ကြိုဆိုတဲ့အနေနဲ့ ဒီဂိုဏ်းချုပ်က မင်းအတွက် လက်ဆောင်လေးတစ်ခု ပေးမယ်"