← Chapters

လက်ဆောင်မွန်များ ပေးကမ်းခြင်း

Vol. 5 Ch. 50

လက်ဆောင်မွန်များ ပေးကမ်းခြင်း

Vol. 5 Ch. 50

အစ်ကိုကြီးချန်သည် မိမိလူများအပေါ်တွင် ဘယ်သောအခါမှလက်တွန့်သူမဟုတ်ပေ။

ငွေရောင်တောက်ပနေသော သိုလှောင်လက်စွပ်တစ်ကွင်း ဝဲပျံထွက်လာသည်။

တစ်ကွင်းလုံးရှိ တတိယမျိုးဆက်တပည့်အားလုံး၏အကြည့်များမှာ ထိုနေရာတွင်တင် ရပ်တန့်သွားကြတော့သည်

မဖြစ်နိုင်တာ...

ဂိုဏ်းဝင်တဲ့ ပထမဆုံးနေ့မှာတင် သိုလှောင်လက်စွပ်နဲ့ ဆုချခံရတယ်လို့

သိုလှောင်လက်စွပ်များသည် တိုက်ခိုက်ရေးဝိညာဉ်လက်နက်များ မဟုတ်သော်လည်း ဟင်းလင်းပြင်နှင့် ဆက်နွှယ်နေသဖြင့် အနိမ့်ဆုံးအဆင့်ပင်လျှင် အဆင့် ၃ ဝိညာဉ်လက်နက်ဖြစ်သည်။

ဤအဆင့်ရှိသောပစ္စည်းများကို သာမန်တပည့်များရရှိရန်မှာ အလွန်ခက်ခဲလှသည်။

လော့ယွမ်နှင့် ယင်းရွှယ်အာတို့ပင်လျှင် ယခင်က ထိုကဲ့သို့သောပစ္စည်းမျိုး မရှိခဲ့ကြပေ။

ဖေးရှန်ဂိုဏ်းပျက်စီးပြီး ထွက်ပြေးရသည့်နေ့တွင်မှ အကြီးအကဲများက သူတို့ကို တစ်ယောက်တစ်ကွင်းစီ ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဤပစ္စည်းမှာ မည်မျှတန်ဖိုးရှိကြောင်းသိနိုင်သည်။

ထို့ပြင် ဤလက်စွပ်မှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအားရိုက်ခတ်မှုမှာ အနိမ့်ဆုံးအဆင့်မဟုတ်သည်မှာ သေချာသည်။ အနည်းဆုံး အဆင့် ၄ ဝိညာဉ်လက်နက် ဖြစ်ပေလိမ့်မည်............

ဝေမြောင်မှာ အံ့ဩလွန်းသဖြင့် လက်လှမ်းယူရန်ပင် မေ့နေခဲ့သည်။

ဂိုဏ်းချုပ်က ရတနာမှားပေးလိုက်တာများလားဟုပင် သူ သံသယဝင်မိသည်။

ဂိုဏ်းဝင်ချိန်တွင် လက်ဆောင်ပေးသည့် ဓလေ့ရှိသော်လည်း များသောအားဖြင့် ဂိုဏ်းချုပ်များသည် အတော်ဆုံးတပည့် တစ်ဦး၊ နှစ်ဦးကိုသာ ဆုချလေ့ရှိသည်။

သူ၏ ပါရမီမှာ ဤ ၅၅ ဦးထဲတွင် အလယ်အလတ်တန်းစားသာရှိသည် မဟုတ်ပါလား။

အခြားသူများမှာမူ ဆရာတင်ပွဲပြီးမြောက်မှသာ မိမိဆရာထံမှ လက်ဆောင်ရရှိကြမည်ဖြစ်သည်။

ထိုလက်ဆောင်များမှာလည်း အဆင့် ၂ ဝိညာဉ်ချပ်ဝတ်များ သို့မဟုတ် အဆင့် ၃ ဝိညာဉ်စုစည်းဆေးလုံး အနည်းငယ် သို့မဟုတ် အလယ်အလတ်တန်းစားဝိညာဉ်ကျောက်တုံးတစ်ရာခန့်သာ ဖြစ်လေ့ရှိသည်။

၎င်းသည်ပင် တပည့်သစ်များအတွက် အလွန်ဝမ်းသာစရာဖြစ်နေလေပြီ။

"ဒါ... ကျွန်တော့်အတွက်လား"

ရှေ့တွင်ပျံဝဲနေသော လက်စွပ်ကိုကြည့်ရင်း သူ မဝံ့မရဲမေးလိုက်သည်။

"မဟုတ်လို့ ဘယ်သူ့အတွက် ဖြစ်ရမှာလဲ... ငါက လက်စွပ်ထဲမှာ ဗုံးတစ်လုံးဝှက်ထားတယ်လို့ မင်း ထင်နေတာလား"

ဝေမြောင်သည် ဗုံးဆိုသည်မှာ မည်သည့်အရာမှန်းမသိသော်လည်း ဤလက်ဆောင်မှာ အမှန်တကယ်ပင် သူ့အတွက်ဖြစ်ကြောင်း နားလည်သွားသည်။

သူသည် တုန်တုန်ရင်ရင်ဖြင့် လက်စွပ်ကိုဖမ်းယူလိုက်သည်။

ထို့နောက် သူ၏ဝိညာဉ်အာရုံဖြင့် လက်စွပ်အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။

ဂိုဏ်းချုပ်က လက်စွပ်ပေးသည်ဆိုမှတော့ အတွင်းမှာ ဝိညာဉ်ကျောက်တုံးအနည်းငယ်ပါလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူ၏ မျက်နှာမှာ အေးခဲသွားသည်။ လန့်လွန်းသဖြင့် လက်စွပ်ကို လွှတ်ချမိလုနီးပါးပင်။

"ဒါ... ဒါတွေက..."

သူ၏ လက်များ တုန်ယင်နေသည်။ ဤအချိန်တွင် လက်စွပ်မှာ ပေါင်ချိန်တစ်သောင်းလေးသကဲ့သို့ ခံစားနေရသည်။

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်....

"စစ်ကြည့်လိုက်။ အထဲမှာ အဆင့် ၄ ဝိညာဉ်ချပ်ဝတ် တစ်စုံ၊ အဆင့် ၄ ဝိညာဉ်ဓားတစ်စင်း၊ ဝိညာဉ်အဆောင်တစ်ထုပ်နဲ့ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ကို ရောက်တဲ့အထိ သုံးနိုင်တဲ့ ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေပါမယ်။"

ဤအရာများသည် ချီရီဂိုဏ်းကိုဖျက်ဆီးစဉ်က သိမ်းဆည်းခဲ့သော ပစ္စည်းများဖြစ်သည်။

အဆင့် ၅ ဝိညာဉ်လက်နက်များပင် ရာနှင့်ချီရှိခဲ့ပြီး ဝိညာဉ်ကျောက်တုံးသန်းနှင့်ချီ ရခဲ့သည်။

၎င်းတို့ထဲမှအများစုကို စနစ်အမှတ်များအဖြစ် လဲလှယ်ခဲ့ပြီးဖြစ်သည်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀၀ သည် အမှတ် ၁ မှတ်သာ တန်သည်။

ကျန်းချန်၏ မျက်လုံးထဲတွင်မူ ဤအရာများမှာ အမှိုက်များသာဖြစ်သော်လည်း အခြားသူများအတွက်မူ ထိုသို့မဟုတ်ပေ။

တပည့်သစ်များ၏ အသက်ရှူသံများ ရပ်တန့်သွားကြသည်။

သူတို့ ဘာတွေကြားလိုက်ရတာလဲ... ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်အထိ ရောက်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေတဲ့လား....

ဝေမြောင်သည် လက်ရှိတွင် ချီစုစည်းခြင်းအဆင့် ၅ တွင်သာရှိသေးသည်။

ဝိညာဉ်ပုံဖော်ခြင်းအဆင့်၊ မူလဖြစ်တည်ခြင်းအဆင့်မှသည် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်သို့ အဆင့်ဆင့် တက်လှမ်းရန်အတွက် ဝိညာဉ်ကျောက်တုံးထောင်နှင့်ချီပြီး ဆေးပုလင်းပေါင်းများစွာ လိုအပ်မည်ဖြစ်သည်။

ဤတပည့်များသည် ယခင်က မိသားစုကျင့်စဉ် သို့မဟုတ် လမ်းဘေးကျင့်စဉ်များဖြင့်သာ ကြီးပြင်းလာသူများဖြစ်သဖြင့် ဤလက်စွပ်အတွင်းရှိပစ္စည်းများသည် သူတို့အတွက် အဖိုးမဖြတ်နိုင်သောရတနာများ ဖြစ်နေသည်။

တကယ်တမ်းပြောရလျှင် ချီချန်းပင် အနည်းငယ်အံ့ဩသွားသည်။

ပါယွန်းခန်းမ၏ အစစ်အမှန်တပည့်များ ဂိုဏ်းဝင်ချိန်တွင် လက်ဆောင်ပေးလေ့ရှိသော်လည်း ၎င်းမှာ ဝိညာဉ်ကျောက်တုံး ရာဂဏန်း သို့မဟုတ် အဆင့် ၃ ဝိညာဉ်လက်နက်တစ်ခုသာ ဖြစ်သည်။

ဘယ်သူက ဒီလောက်အထိ ရူးရူးမိုက်မိုက် ပေးကမ်းနေလို့လဲ....

သို့သော် ပြန်စဉ်းစားကြည့်လျှင် ပါယွန်းခန်းမတွင် အဖွဲ့ဝင်တစ်သိန်းကျော်ရှိသဖြင့် ပစ္စည်းများ မလောက်မငဖြစ်နေခြင်းဖြစ်ပြီး ဖေးရှန်ဂိုဏ်းတွင်မူ လူတစ်ရာပင်မပြည့်သေးသဖြင့် ဤကဲ့သို့ပေးနိုင်ခြင်းဖြစ်မည်ဟု သူ ကောက်ချက်ချလိုက်သည်။

"ကျင့်ကြံခြင်းလောကက အန္တရာယ်တွေနဲ့ ပြည့်နေတယ်။ ငါ မင်းတို့ကို ဒီဝိညာဉ်လက်နက်တွေပေးတာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ဖြစ်သလို ဒီဆေးလုံးတွေက ဂိုဏ်းရဲ့ ဒေါက်တိုင်တွေ အမြန်ဖြစ်လာဖို့မျှော်လင့်ချက်နဲ့ ပေးတာပဲ။"

ကျန်းချန်၏စကားများကို ကြားသောအခါ အားလုံးမှာ အလွန်စိတ်လှုပ်ရှားပြီး ကြည်ညိုသွားကြတော့သည်။

ဝေမြောင်မှာ မျက်ရည်များပင်ကျလာကာ တကိုယ်လုံးတုန်ယင်လျက် ဒူးထောက်ဦးချလိုက်ပြန်သည်။

"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှမမေ့ပါဘူး... နောင်မှာ ဂိုဏ်းချုပ်မျှော်လင့်သလိုဖြစ်လာအောင် ကြိုးစားပါ့မယ်။ ဂိုဏ်းချုပ်ရဲ့ ဓားညွှန်ရာကို ကျွန်တော် ဝေမြောင် အသက်ပေးပြီးလိုက်ပါ့မယ်"

အစ်ကိုကြီးချန်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

*မဟုတ်သေးဘူးလေ ညီလေး... ညီငယ်လေး... အမှိုက်လေး နည်းနည်းပေးတာကို ဒီလောက်ထိ ဖြစ်သွားတာလား*

သို့သော် သူ အလွန်ကျေနပ်မိသည်။ သစ္စာရှိသောဂိုဏ်းသားများကို မည်သူက မကြိုက်ဘဲနေမည်နည်း။

ဝေမြောင်ပြီးနောက် နောက်ထပ်တပည့်တစ်ဦးမှာ မစောင့်နိုင်တော့ဘဲ ရှေ့တိုးကာ ဦးသုံးကြိမ်ချ၊ ကိုးကြိမ်ဂါရဝပြုတော့သည်။

"တုယွီက ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

စနစ်မှအချက်ပေးသံထွက်ပေါ်လာပြီး အမှတ် ၆ မှတ် ရလိုက်ပြန်သည်။

*အိုကေ... ဒီတစ်ယောက်လည်း ကိုယ့်လူအစစ်ပဲ...*

ဆုချလိုက်ပြန်သည်...

နောက်ထပ် သိုလှောင်လက်စွပ်တစ်ကွင်းနှင့် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်အထိရောက်အောင် သုံးစွဲရမည့်ပစ္စည်းများ...

အခြားတပည့်များ၏မျက်လုံးများမှာ နီရဲနေကြလေပြီ။

*ဝေမြောင်တစ်ယောက်တည်းကိုပဲ ထူးထူးခြားခြားဆုချတာမဟုတ်ဘဲ အားလုံးကို ပေးတာလား...

ဘုရားရေ... ဖေးရှန်ဂိုဏ်းကို ဝင်ရတာ ရတနာသိုက်ထဲ ရောက်သွားသလိုပဲ*

တပည့်တစ်ဦးပြီးတစ်ဦး ရှေ့တိုးလာကြပြီး ဂါရဝပြုကြသည်။

ကျန်းချန်မှာ လက်ဆောင်ပေးရလွန်းသဖြင့် လက်ညောင်းလာတော့သည်။

ခန်းမတစ်ခုလုံးမှာ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းနေလေ၏။

ဤလက်ဆောင်များ၏ အကျိုးသက်ရောက်မှုမှာ အလွန်ကြီးမားလှသည်။

ဂိုဏ်းဝင်သည့် ပထမဆုံးနေ့မှာပင် ဤတပည့်များသည် ဂိုဏ်းအပေါ် အသေခံသစ္စာရှိသူများ ဖြစ်သွားကြတော့သည်။

လော့ယွမ်နှင့် ရှန်ထိုက်တို့မှာလည်း မနာလိုမဖြစ်ကြပေ။

အကြောင်းမှာ ကျန်းချန်သည် သူတို့ကို အဆင့် ၅ နှင့် အဆင့် ၆ ဝိညာဉ်လက်နက်များ ပေးထားပြီး ဖြစ်သောကြောင့်ဖြစ်သည်။

ဤအစစ်အမှန်တပည့်များ၏ပါရမီမှာ တစ်ဦးနှင့်တစ်ဦး မတူကြပေ။ အချို့မှာ စနစ်မှ ၃ မှတ်သာ သတ်မှတ်သော်လည်း အချို့မှာ ၂၅ မှတ်အထိရှိသည်။

နောက်ဆုံးတစ်ယောက်မတိုင်မီ ထွက်လာသူမှာ လင်းနင်ဖြစ်သည်။

သူမဂါရဝပြုလိုက်ချိန်တွင် စနစ်မှ အထူးအချက်ပေးသံတစ်ခု ထွက်ပေါ်လာသည်။

"ဒင်... လက်ခံသူသည် ပုန်းကွယ်နေသော ဖီးနစ်သွေးမျိုးဆက်ရှိသည့် လက်အောက်ငယ်သားတစ်ဦး၏ သစ္စာရှိမှုကိုရရှိခဲ့ပြီး အမှတ် ၁,၆၀၀ ရရှိသည်။"

All Chapters