← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း ၂၀၅ - လေပြင်းခန်းမ၏ တံမျက်စည်းလှဲဘုန်းတော်ကြီး

ဝုန်း... ဝုန်း...

ကောင်းကင်ယံထက်တွင် မှောင်မိုက်လေးလံသော မိုးတိမ်တိုက်ကြီးများက ဆေးမြစ်ပေါ်သို့ အုံ့မှိုင်းစွာ ကျဆင်းလာခဲ့သည်။ ထိုမိုးကြိုးလျှပ်စီးများ၏ ဖျက်ဆီးအား၊ ဖိအားဒဏ်ကြောင့် လေပြင်းခန်းမရှိ တပည့်တိုင်းမှာ ကြောက်ရွံ့တုန်ရင်နေကြရ၏။

သူတို့၏ နှလုံးသား နက်ရှိုင်းရာမှ ထိတ်လန့်မှုကို ခံစားနေခဲ့ကြရပြီး ထိုလျှပ်စီးများ၏ စွမ်းအားမှာ သူတို့ ခုခံနိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်၏။

ချန်ကျန်းနှင့် ဝူတောင်တို့ပင်လျှင် အနည်းငယ် တည်ကြည်လေးနက်သော မျက်နှာထားများ ဖြစ်သွားကြသည်။

ကောင်းကင်အထက်တွင်မူ မုန်တိုင်း၏ ဗဟိုချက်၌ရှိနေသော ကျန်းဟောင်မှာ အကြမ်းတမ်းဆုံး ရိုက်ခတ်မှုကို မလွဲမသွေ ခံစားနေခဲ့ရသည်။

ဂျစ်...ဂျစ်…ဂျုန်း

မိုးကြိုးတစ်ချက်က သူ့အပေါ်သို့ ကျရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းဟောင်၏ ခန္ဓာကိုယ်မှာ မီးသွေးခဲ တစ်တုံးကဲ့သို့ မည်းတူးသွားခဲ့၏။

ထိုမိုးကြိုးက လင်းတုန် ခံစားခဲ့ရသော ထူထဲသည့် မိုးကြိုးတိုင်ကြီးများမဟုတ်ဘဲ ဘေးသို့ လွင့်စင်လာသည့် မိုးကြိုးအစအနအချို့သာ ဖြစ်သေးသည်။

အကယ်၍ ထိုမိုးကြိုးတိုင်ကြီးများထဲမှ တစ်ခုသာ သူ့ကို တိုက်ရိုက်ထိမှန်ခဲ့ပါက သူ၏ ဝိညာဉ်မှာ လွင့်စင်ပျက်စီးသွားပြီး ခန္ဓာကိုယ်မှာလည်း အမှုန့်ဖြစ်သွားဖို့ရာ သေချာသည်ဟု ကျန်းဟောင် ယုံကြည်နေမိသည်။

“အရူး... အရူးပဲ...”

သူသည် အော်ဟစ်ရင်း လင်းတုန်နှင့် ဝေးရာသို့ အမြန်ဆုံး ဆုတ်ခွာလိုက်တော့သည်။

လင်းတုန်၏ ခန္ဓာကိုယ်မှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိလောက်အောင် သန်မာနေသည်ကို သူ မယုံကြည်နိုင် ဖြစ်နေရ၏။

“ဒီလူသစ်က တကယ်ကို ကြမ်းတမ်းလွန်းတာဘဲ၊

လေးထပ်ဆင့် လေ၊မိုးကြိုးကပ်ဘေး..

ဒါက လူသားတစ်ယောက် ကျော်ဖြတ်နိုင်တဲ့ အရာမျိုးလား”

“စီနီယာအစ်ကို... ဘာလို့ ပြေးနေတာလဲ၊ ကျွန်တော်တို့ တိုက်ပွဲက မပြီးသေးဘူးလေ”

လင်းတုန်က ပြုံးလျက် ပြောလိုက်သည်။ လျှပ်စီးတိုင်ကြီးများက သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်နေသော်လည်း သူကတော့ ဘာမှမဖြစ်သလိုပင်။

သူ၏ ပုံစံကို ကြည့်ရသည်မှာ ထိုကပ်‌ေဘးက သူ့အတွက်မဟုတ်ဘဲ ကျန်းဟောင်အတွက် ဖြစ်နေသယောင်ပင်။

“ငါ အရှုံးပေးတယ်... အရှုံးပေးတယ်...”

ကျန်းဟောင်က မသက်သာတဲ့အဆုံး အော်ပြောလိုက်ရ၏။

“ငါ ကျန်းဟောင်က ပြောရင်ပြောတဲ့အတိုင်းပဲ၊ အခုကစပြီး မင်းတို့လူသစ်တွေကို တွေ့ရင် ငါ လမ်းဖယ်ပေးမယ်”

“လမ်းဖယ်ပေးဖို့ မလိုပါဘူး စီနီယာအစ်ကို၊ လူသစ်တွေကို ဒီလောက်အထင်မသေးဖို့ပဲ မှတ်ထားပေးပါ၊ ကျွန်တော်တို့က စီနီယာအစ်ကိုတွေကို မရိုမသေ မလုပ်ပါဘူး၊ ဒါပေမဲ့ အဲဒီစီနီယာက လေးစားထိုက်တဲ့သူ ဖြစ်ဖို့တော့ လိုတာပေါ့” လင်းတုန်က အေးစက်စက် ပြန်ပြောလိုက်သည်။

စကားအပြီးတွင် သူက ရပ်တန့်လိုက်ပြီး ကျန်းဟောင်နောက်ကို ဆက်လက် မလိုက်တော့ပေ။

“ဟူး...”

ကောင်းကင်လျှပ်စီးများ၏ ခြိမ်းခြောက်မှု မရှိတော့မှသာ ကျန်းဟောင်တစ်ယောက် သက်ပြင်း အားပါးတရ ချနိုင်တော့သည်။

သို့သော်လည်း ပွဲကြည့်နေသူများကို ကြည့်ရင်း သူ ဆက်နေရန် မျက်နှာမရှိတော့သဖြင့် ဆေးမြစ်ဧရိယာမှ အဝေးသို့ အမြန်ပြေးထွက်သွားတော့သည်။

ဝုန်း... ဝုန်း...

ကောင်းကင်ယံထက်တွင်မူ မိုးကြိုးများက အဆက်မပြတ် ဟိန်းဟောက်နေပြီး လင်းတုန်အပေါ်သို့ မိုးကြိုးတိုင်ကြီးများ ကျဆင်းလာသည်။ ထိုအရာက သူ့ကို စိန်ခေါ်နေသော ဤလူသားအပေါ် အလွန်မကျေနပ် ဖြစ်နေသည့် သယောင်ပင်။

မိုးကြိုးတစ်ချက်ချင်းစီတိုင်းမှာ နိဗ္ဗာန်အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအင်များပါရှိသည်။

သို့သော် လင်းတုန်က မိုးကြိုးချက် အားလုံးကို လက်ခံရယူနေခဲ့၏။

ရှုး...

အောက်ဘက်တွင်မူ ဤမြင်ကွင်းကို ကြည့်နေကြသူတိုင်းမှာ အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူမှားမတတ်ဖြစ်သွားကြသည်။

“ဒီလင်းတုန်က ဒီလောက်တောင် ကြမ်းတာလား၊ ဒါတောင် သူက ချန်ပီယံမဟုတ်သေးဘူး”

“သူက ဝူယွမ်ထက်တောင် ပိုစွမ်းပုံရတယ်”

“သူက ဝူယွမ်နဲ့ အတူတူပဲ၊ ဝူယွမ်ကိုတောင် အစ်ကိုကြီးလို့ ခေါ်တာ”

“ဒါ့အပြင် သူ ခုနက ပြောလိုက်ပုံအရဆိုရင် ဝူယွမ်လည်း အရင်က ဒီလိုကပ်ဘေးမျိုးကို ကျော်ဖြတ်ခဲ့ဖူးတယ် ထင်တယ်”

“ဒါဆိုရင် ဝူယွမ်က စီနီယာအစ်ကို ထုံချွမ်းနဲ့ တိုက်တုန်းက သူ့ရဲ့ စွမ်းအားအစစ်ကို အသုံးမပြုခဲ့ဘူးပေါ့”

“သေချာတာပေါ့၊ တစ်ကယ်လို့ သူက လင်းတုန်ထက် တကယ်ပိုသန်မာတယ်ဆိုရင် သူ့ရဲ့ စွမ်းအားအပြည့်ကို သုံးလိုက်တာနဲ့ စီနီယာအစ်ကို ထုံချွမ်းကို ချက်ချင်း အနိုင်ယူလိုက်နိုင်မှာပဲ”

“ဝူယွမ်က စီနီယာအစ်ကို ထုံချွမ်းကို မျက်နှာသာပေးခဲ့တာပဲ ဖြစ်ရမယ်၊ စီနီယာအစ်ကို အရှက်မကွဲအောင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် နှစ်ခုကိုပဲ သုံးပြီး တမင်တိုက်ခိုက်ပေးခဲ့တာနေမှာ”

ကောင်းကင်ယံထက်မှ ယင်းဟွမ်ဟွမ်က သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် မိုးကြိုးများကို ကြည့်ရင်း အလွန်ပင် မှင်တက်နေမိသည်။ ဤကဲ့သို့သော ကပ်ဘေးမျိုးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဝံ့သူမျိုးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

“ဒီလင်းတုန်ကလည်း တကယ်ကို ရက်စက်တဲ့သူပဲ”

သူမ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

အခြားသူများစွာကလည်း လင်းတုန်ကို သတိပြုမိသွားကြသည်။ ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော လျှပ်စီးဘေးဒုက္ခမှာ တောင်ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များ၏ အာရုံစိုက်မှုကို မလွဲမသွေ ရရှိစေခဲ့၏။

သူတို့အားလုံး လင်းတုန်ကို စုံစမ်းစစ်ဆေးလာကြလေသည်။

သိပ်မကြာမီတွင် လင်းတုန်၌ ဝိညာဉ်တံဆိပ် ရှိနေသည့် လျှို့ဝှက်ချက်ကို သူတို့ ရှာဖွေတွေ့ရှိသွားကြသည်။

ဤအချိန်တွင် လင်းတုန်မှာ တောင်ဂိုဏ်း၌ တစ်ဟုန်ထိုး နာမည်ကျော်ကြားလာသူ ဖြစ်လာခဲ့လေပြီ။

ဂိုဏ်းထဲသို့ ဝင်ရောက်လာသည်နှင့် တိုက်ရိုက်အဓိကတပည့်များပင် သူ၏ လက်အောက်၌ အရှုံးပေးခဲ့ရလေပြီ။

ဖန်ထုံ၊ ဆုန့်ကျိုး၊ ဖန်းယွမ်နှင့် အခြားတိုက်ရိုက်အဓိကတပည့်များမှာ ယခုအခါ အပျော်သဘော အမူအရာများကို ဖျောက်ဖျက်လိုက်ကြပြီ ဖြစ်သည်။ လင်းတုန်မှာ သူတို့ သတိထားရမည့်သူ ဖြစ်နေခဲ့ချေပြီ။

သူက သူတို့နှင့် အဆင့်အတန်းတူညီသော သန်မာသည့် လူတစ်ယောက် ဖြစ်နေပြီဖြစ်သည်။

နိဗ္ဗာန်အဆင့်ခြောက်နှင့် ကောင်းကင်အဆောင်သခင် အဆင့်ခုနှစ် ကပ်ဘေး ကျော်ဖြတ်ပြီးနောက်တွင် သူက သူတို့ထက်ပင် ပိုမိုမြင့်မားသော ပါရမီနှင့် အလားအလာများကို ပိုင်ဆိုင်ထားလေသည်။

မိုးကြိုးများ အဆက်မပြတ် ဟိန်းဟောက်လင်းလက် ကျဆင်းနေခဲ့ပြီး လင်းတုန်၏ လေနှင့်မိုးကြိုးဘေးဒုက္ခမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဘေးဒုက္ခအပြီးတွင် သူက ပင်ပန်းနွမ်းနယ်သည့် လက္ခဏာ တစ်စုံတစ်ရာမျှ မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန်လွယ်ကူစွာ ကျော်ဖြတ်နိုင်ခဲ့ပုံပေါ်နေသည်။

“ဟဲဟဲ... အစ်ကိုနှစ်၊ ဘယ်လို ခံစားရလဲ”

ရှောင်တျောင်းက နှုတ်ခမ်းမဲ့ရင်း မေးလိုက်သည်။

“အစ်ကိုကြီး မရှိတုန်း မင်းကတော့ လူတွေရှေ့မှာ ကြွားလုံးထုတ်နေပြီပေါ့”

“ဟဲဟဲ... ဒီခံစားချက်က တကယ်ကောင်းတယ်၊ အစ်ကိုကြီးရဲ့ ခံစားချက်ကို ငါလည်း တစ်ခါလောက် မြည်းစမ်းကြည့်တာပါ၊ လူတွေကို လေ၊မိုးကြိုးကပ်ဘေးနဲ့ ရိုက်ရတာ တကယ်ကို ကျေနပ်ဖို့ကောင်းတာပဲ” လင်းတုန်က တဟားဟား ရယ်မောလိုက်သည်။

သန်မာသော ခန္ဓာကိုယ်ရှိခြင်းမှာ မိမိအလိုရှိရာကို လုပ်နိုင်ခြင်းပင်၊ ကောင်းကင်မိုးကြိုးကိုပင် လက်နက်အဖြစ် အသုံးချနိုင်သေးလေသည်။

ဆေးမြစ်ပေါ်တွင် ငြိမ်သက်မှု ပြန်လည်စိုးမိုးသွားသော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သူမျှ လူသစ်များအကြောင်း မပြောဆိုဝံ့ကြတော့ပေ။

ထိုအစား စီနီယာတပည့်များက လင်းတုန်တို့ရှိရာ စင်မြင့်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

သို့သော် ကောင်းကင်ယံမှာ ငြိမ်သက်သွားသော်လည်း မြေပြင်ကမူ ထပ်မံ၍ ဆူပွက်လာပြန်သည်။

ဆေးမြစ်၏ အောက်ခြေတွင် ဝူယွမ်က နိဗ္ဗာန်ကပ်ဘေးကို စတင်လိုက်ပြီဖြစ်ပြီး ခမ်းနားထည်ဝါသော နိဗ္ဗာန်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။

ဆေးမြစ်၏ မျက်နှာပြင်အောက်တွင် ငြိမ်သက်နေသော်လည်း တစ်စုံတစ်ခုမှာ စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ အစပိုင်းတွင် နိဗ္ဗာန်စွမ်းအင်များ သယ်ဆောင်လာသော လှိုင်းအချို့သာ ရံဖန်ရံခါ ထကြွနေခဲ့၏။

ဗြုန်း... ဗြုန်း...

အတန်ကြာသောအခါ မြစ်ရေမှာ ရုတ်တရက် ဆူပွက်လာပြီး ကြီးမားသော လှိုင်းလုံးကြီးများ ထကြွလာကာ ပတ်ဝန်းကျင်ရှိ စင်မြင့်များပေါ်သို့ တဝုန်း၀ငန်း အသံကြီးဖြင့် ရိုက်ခတ်လာတော့သည်။

ဆေးမြစ်၏ ဤအပြောင်းအလဲက ပတ်ဝန်းကျင်ရှိ အကြည့်ပေါင်းများစွာကို ချက်ချင်း ဆွဲဆောင်လိုက်ပြီး လူတိုင်း၏ မျက်လုံးများမှာ သံသယများဖြင့် ပြည့်နှက်သွားကြသည်။

ဤလှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် ဝူယွမ်မှာ ထွက်ပေါ်လာတော့မည်ဟု ခန့်မှန်းလိုက်ကြသည်။

ချန်ကျန်းနှင့် ဝူတောင်တို့က မြစ်အောက်ခြေသို့ တိုက်ရိုက်သွားနိုင်ရန် ဖန်တီးထားသော အနက်ရောင်ဝဲဂယက်မှာ ယခုအခါ လုံးဝ ပျက်စီးသွားပြီး ပြင်းထန်သော စွမ်းအားများက ထိုပျက်စီးသွားသော ဝဲဂယက်အတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

“ဒီလှုပ်ခတ်မှုက... နိဗ္ဗာန်ကပ်ဘေးလား” ချန်ကျန်း၏ မျက်နှာထား ပပြောင်းလဲသွားခဲကာ ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် မြစ်အောက်ခြေသို့ စမ်းသပ်ကြည့်လိုက် လေသည်။

“အို.. ဘုရားရေ... အောက်ခြေက နိဗ္ဗာန်ရွှေစွမ်းအင် တွေအားလုံးကို သူစုပ်ယူလိုက်တာလား”

“ဒီနေ့က ဆယ့်တစ်ရက်မြောက်နေ့ပဲ ရှိသေးတယ်၊ သူက အကုန်စုပ်ယူပြီးသွားပြီလား၊ စီနီယာအစ်ကိုကြီး ကျိုးထုံတောင် ဆယ့်သုံးရက် ကြာခဲ့တာ” ဝူတောင်၏ အိုမင်းသော မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေခဲ့သည်။

ဝူယွမ်က ကျိုးထုံ၏ စံချိန်ကိုချိုးဖျက်လိုက်ချေပြီ။

ကျိုးထုံက ဘယ်သူလဲ။ သူက လေပြင်းခန်းမရဲ့ ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ်ကြီးလေ။

“ဝူယွမ်က သူ့ရဲ့စံချိန်ကို ချိုးဖျက်လိုက်နိုင်တာပဲ”

“ဒါဟာ ဝူယွမ်ရဲ့ ပါရမီနဲ့ အလားအလာက စီနီယာအစ်ကို ကျိုးထုံထက် မနိမ့်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား”

ချန်ကျန်းက အနည်းငယ်ပြုံးရင်း စိတ်ဓာတ်တက်ကြွမှုကို ခံစားနေရသည်။ “သူ ဘယ်လိုနည်းလမ်း သုံးခဲ့လဲဆိုတာ ငါမသိပေမဲ့... နိဗ္ဗာန်ရွှေစွမ်းအင်တွေ အားလုံးကို စုပ်ယူနိုင်တယ်ဆိုတာကတင် သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြဖို့ လုံလောက်နေပြီ၊ မင်းရဲ့ အကဲဖြတ်မှုက ဒီတစ်ခါတော့ တကယ်ကို မှန်ကန်ခဲ့တာပဲ၊ ငါတို့ လေပြင်းခန်းမ အထွတ်အထိပ်ကို ပြန်ရောက်တော့မယ် ထင်တယ်”

လူတိုင်း၏ အကြည့်က ဝူယွမ်ထံသို့ ရောက်ရှိနေကြသည်။ ယခုဒီမှာရှိသည့် လူတိုင်းမှာ နိဗ္ဗာန်ကပ်ဘေးနှင့် ရင်းနှီးပြီးသားပင်။

သို့သော် ဝူယွမ်၏ နိဗ္ဗာန်ကပ်ဘေးက သူတို့ကို အံ့အားသင့်စေဆဲဖြစ်သည်။

ထိုကပ်ဘေးကြောင့် ထွက်ပေါ်လာသော နိဗ္ဗာန်စွမ်းအင်များမှာ ဒန်မြစ်ပတ်ဝန်းကျင်ရှိ လူတိုင်းကို အလွန်အမင်း ပူပြင်းသော အငွေ့အသက်များကို ခံစားရစေခဲသည်။

နိဗ္ဗာန်ကပ်ဘေးမှာ အတွင်းပိုင်းမှ စတင်ဖြစ်ပေါ်ခြင်းဖြစ်သဖြင့် လေ၊မိုးကြိုးကပ်ဘေးကဲ့သို့ သိသာထင်ရှားခြင်း မရှိသော်လည်း ဤမျှဝေးကွာသော အကွာအဝေးမှပင် ဤမျှ ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်နိုင်ခြင်းက ဝူယွမ်၏ နိဗ္ဗာန်ကပ်ဘေးမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေခြင်းပင်။

မြစ်မျက်နှာပြင်မှာ တုန်ခါနေပြီး ပျက်စီးနေသော ဝဲဂယက်မှာလည်း သေးငယ်သည်ထက် သေးငယ်လာကာ နောက်ဆုံးတွင် ဆယ်ပေခန့်သာရှိသော လမ်းကြောင်းတစ်ခုသာ ကျန်ရှိတော့သည်။

ကောင်းကင်ယံတွင် မြစ်မျက်နှာပြင်၏ အပြောင်းအလဲကို ကြည့်နေကြသော ယင်းဟွမ်ဟွမ်နှင့် ယင်းရှောင်ရှောင်တို့မှာ မျက်တောင်ပင် မခတ်နိုင်ကြတော့ပေ။

ရုတ်တရက် ယင်းရှောင်ရှောင်၏ လှပသော မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး “သူ ထွက်လာပြီ” ဟု ပြောလိုက်သည်။

ဝူယွမ်၏ ပုံရိပ်မှာ အတွင်းပိုင်းမှ ပျံသန်းထွက်ခွာလာခဲ့လေပြီ။

ဝူး...

ရွှေရောင်အလင်းတန်းတစ်ခု ပြေးထွက်လာသည်ကိုသာ လူတိုင်း မြင်တွေ့လိုက်ရပြီး ချက်ချင်းဆိုသလိုပင် ထိုရွှေရောင်အလင်းအတွင်းမှ ပြင်းထန်သော အရှိန်အဝါများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။

ရွှေရောင်အလင်းတန်းမှာ စင်မြင့်တစ်ခုပေါ်သို့ ကျဆင်းသွားပြီး ဝူယွမ်၏ ခန့်ညားသော ပုံရိပ်ကို ထင်ရှားစေခဲ့၏။

“မူလအစ ဝိညာဉ်စွမ်းအင်”

ဝူယွမ်၏ ပတ်ဝန်းကျင်တွင် လည်ပတ်နေသော ရွှေရောင်အငွေ့အသက်များကို ကြည့်ရင်း ဆေးမြစ်၏ ဆေးကြောသန့်စင်ခြင်းကို ခံယူဖူးကြသော ဖန်ထုံနှင့် အခြားသူများမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်မိကြသည်။

သူတို့ စုပ်ယူခဲ့သော မူလအစ ဝိညာဉ်စွမ်းအင်မှာ ဝူယွမ်နှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ပါးလွန်းလှသည်။

ဝူယွမ်သည် ဆေးမြစ်အောက်ရှိ မူလအစ ဝိညာဉ်စွမ်းအင်အားလုံးကို အမှန်တကယ် စုပ်ယူနိုင်ခဲ့သလို သူသည် ဆယ့်တစ်ရက်သာ အချိန်ယူခဲ့ရသည်။

“အစ်မ... သူ တကယ်လုပ်နိုင်ခဲ့တာပဲ၊ စီနီယာကျိုးထုံထက်တောင် နှစ်ရက်စောနေသေးတယ်” ယင်းဟွမ်ဟွမ်မှာမူ မှင်တက်နေမိ၏။

ယင်းရှောင်ရှောင်က ဝူယွမ်ကို ခဏ ထပ်မံကြည့်ရှုပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “အင်း... သွားကြရအောင်၊ ဆက်ကြည့်နေဖို့ မလိုတော့ဘူး၊ လေပြင်းခန်းမကတော့ မျိုးစေ့ကောင်းတစ်ခု ရသွားပြီပဲ၊ နောင်တစ်ချိန်မှာ သူ အောင်မြင်ဖို့ကိုပဲ ငါ မျှော်လင့်ပါတယ်၊ ငါတို့ တောင်ဂိုဏ်းရဲ့ ထူးခြားဆန်းကြယ်တဲ့ ကျမ်းစာကြီးလေးစောင်ထဲမှာ အစွမ်းထက်ဆုံးဖြစ်တဲ့ ‘မဟာရှေးဟောင်းကျမ်း’ က ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိမလဲဆိုတာကို ငါ တကယ်ပဲ မြင်ချင်မိတယ်”

ယင်းဟွမ်ဟွမ်မှာ ဆက်လက်ကြည့်ရှုလိုသေးသော်လည်း ယင်းရှောင်ရှောင်က သူမကို ဆွဲခေါ်သွားလေတော့သည်။

စင်မြင့်ပေါ်တွင်မူ လင်းတုန်နှင့် အခြားသူများက ဝူယွမ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

“အစ်ကိုကြီး”

“အိုး... မင်းလည်း အဆင့်တက်သွားပြီပဲ”

ဝူယွမ်က လင်းတုန်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျန်ရှိနေသော ကောင်းကင်လျှပ်စီး စွမ်းအားများနှင့် သူ၏ ကျယ်ပြန့်သော ဝိညာဉ်စွမ်းအင်ကို ခံစားမိလိုက်သည်။

“ဟုတ်တယ် အစ်ကိုကြီး၊ အခုဆို ကျွန်တော်တို့ အဆင့်တွေ တူသွားပြီပေါ့” လင်းတုန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။

“ဟားဟား... ဝူယွမ်၊ တကယ်ကို ကောင်းတယ်”

ဝူတောင်နှင့် ချန်ကျန်းတို့မှာ ဝူယွမ်၏အနားသို့ ဆင်းသက်လာပြီး ချီးကျူးလိုက်ကြသည်။

ချန်ကျန်းက ဝူယွမ်ကို ပြုံးလျက် ကြည့်နေပြီးနောက် လင်းတုန်ကိုလည်း ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ချစ်ခင်မြတ်နိုးမှုကို ဖုံးကွယ်မထားခဲ့‌ေပ။ သူက ခဏ စဉ်းစားပြီးနောက် - “မင်းတို့ရဲ့ အခု အောင်မြင်မှုတွေနဲ့ဆိုရင်... မင်းတို့ရဲ့ အတွေ့အကြုံက နည်းသေးပေမဲ့ မင်းတို့နှစ်ယောက်လုံးက ‘တိုက်ရိုက်အဓိကတပည့်’ ဖြစ်ဖို့ အရည်အချင်း ပြည့်မီနေပြီ” ဟုပြောလိုက်လေသည်။

“တိုက်ရိုက်အဓိကတပည့် ဟုတ်လား”

စင်မြင့်ပေါ်တွင် လေပြင်းခန်းမမှ တပည့်များစွာမှာ ချက်ချင်းပင် ဆူညံသွားကြပြီး ဝူယွမ်နှင့် လင်းတုန်အပေါ်သို့ မနာလိုသော အကြည့်များ ကျရောက်လာကြပြန်သည်။

လေပြင်းခန်းမအတွင်းတွင် တပည့်များကို အဆင့်လေးဆင့် ခွဲခြားထားသည်။ ၎င်းတို့မှာ - အမည်ခံတပည့်၊ အတွင်းစည်းတပည့်၊ တိုက်ရိုက်တပည့် နှင့် အမြင့်ဆုံးအဆင့်ဖြစ်သော ‘တိုက်ရိုက်အဓိကတပည့်’ တို့ ဖြစ်ကြသည်။

လက်ရှိတွင် လေပြင်းခန်းမ၌ အမည်ခံတပည့် တစ်သောင်းကျော်၊ အတွင်းစည်းတပည့် သုံးထောင်၊ တိုက်ရိုက်တပည့် သုံးရာ ရှိသော်လည်း ‘တိုက်ရိုက်အဓိကတပည့်’ မှာမူ လေးဦးသာ ရှိသေးသည်။

ထို ‘အဓိက’ ဆိုသည့် စကားလုံးတစ်လုံးကတင် ကြီးမားသော ခြားနားမှုကို ဖော်ပြနေခြင်းပင်။

တိုက်ရိုက်အဓိကတပည့်များက မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ရုံသာမက အရေးကြီးဆုံးအချက်မှာ သူတို့က ‘မဟာရှေးဟောင်းကျမ်း’ ကို လေ့လာဆည်းပူးခွင့် ရရှိခြင်းပင် ဖြစ်သည်။

တိုက်ရိုက်အဓိကတပည့် ဖြစ်လာရန်မှာ အလွန်ခက်ခဲလှပြီး များပြားလှသော တပည့်များထဲမှ ထူးချွန်ထွက်မြောက်နေရမည် ဖြစ်သည်။

မူလက ပြည်ထောင်တစ်ရာတိုက်ပွဲ၏ နိဗ္ဗာန်ရွှေစာရင်းဝင်များအဖြစ် ဝူယွမ်နှင့် လင်းတုန်ကို တိုက်ရိုက်တပည့်အဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ချန်ကျန်းက သူတို့၏ ထူးခြားသော အခြေအနေကြောင့် တိုက်ရိုက်အဓိကတပည့်အဖြစ် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။

ဒါက တပည့်များစွာကို မနာလိုခြင်း၊ ဝန်တိုခြင်းနှင့် မုန်းတီးခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ဝူယွမ်နှင့် လင်းတုန်တို့၏ စွမ်းဆောင်ရည်ကို လူတိုင်း မြင်တွေ့ခဲ့ရပြီးသား ဖြစ်ပြီး သူတို့နှစ်ဦးစာလုံးက လက်ရှိ တိုက်ရိုက်အဓိကတပည့် လေးဦးထက် မနိမ့်ကျလှပေ။

သူတို့၏ အရည်အချင်းကို အထင်အရှား ပြသခဲ့ပြီးသားဖြစ်လေသည်။

ထို့ကြောင့် တိုက်ရိုက်အဓိကတပည့် ဘွဲ့ထူးမှာ သူတို့နှင့် ထိုက်တန်လွန်းလှသည်။

“ကျေးဇူးတင်ပါတယ် ခန်းမသခင်”

ဝူယွမ်နှင့် လင်းတုန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။

“ဂုဏ်ယူပါတယ်... ဂျူနီယာညီလေး ဝူယွမ်၊ ဂျူနီယာညီလေး လင်းတုန်”

စတုတ္ထမြောက် တိုက်ရိုက်အဓိကတပည့် ဖြစ်သော စီနီယာအစ်ကို ဖန်းယွမ်က ရယ်မောရင်း သူတို့နှစ်ဦးကို လာရောက် ဂုဏ်ပြုပေးခဲ့သည်။

“အစ်ကိုကြီး... ဒါက စီနီယာအစ်ကို ဖန်းယွမ်ပဲ၊ သူက စတုတ္ထမြောက် တိုက်ရိုက်အဓိကတပည့်လေ” လင်းတုန်က ဝူယွမ်ကို မိတ်ဆက်ပေးလိုက်သည်။

ဖန်ထုံနှင့် ဆုန့်ကျိုးတို့ကမူ လာရောက်နှုတ်ဆက်ခြင်း မပြုဘဲ အသီးသီး ထွက်ခွာသွားကြတော့သည်။

“နှုတ်ခွန်းဆက်ပါတယ် စီနီယာအစ်ကို ဖန်းယွမ်”

ချန်ကျန်းက - “မင်းတို့က လေပြင်းခန်းမကို အသစ်ရောက်တာဆိုတော့ လေပြင်းခန်းမရဲ့ သိုင်းပညာရပ်တွေကို မလေ့ကျင့်ရသေးဘူး၊ နောက်ပြီးရင် မင်းတို့ လေပြင်းခန်းမရဲ့ သိုင်းပညာခန်းမကို သွားလို့ရတယ်၊ အဲဒီမှာ မင်းတို့ နှစ်သက်ရာ သိုင်းပညာရပ်တွေကို လေ့လာပြီး လေ့ကျင့်နိုင်တယ်”

“မဟာရှေးဟောင်းကျမ်း အပြင် ငါတို့ လေပြင်းခန်းမမှာ အစွမ်းထက်တဲ့ သိုင်းပညာရပ်တွေ အများကြီး ရှိသေးတယ်”

“ဒီသိုင်းပညာရပ်တွေကို လေ့ကျင့်ထားတာက မဟာရှေးဟောင်းကျမ်းကို လေ့လာဆည်းပူးဖို့အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ်လည်း ပြောလို့ရတယ်”

သူသည် ဝူယွမ်နှင့် လင်းတုန်အပေါ် မျှော်လင့်ချက် မြင့်မြင့်မားမား ရှိနေပြီဖြစ်ပြီး သူတို့နှစ်ဦးမှာ မဟာရှေးဟောင်းကျမ်းကို အမှန်တကယ် နားလည်သဘောပေါက်နိုင်မည်ဟု ယုံကြည်နေလေသည်။

“ဟုတ်ကဲ့ပါ ခန်းမသခင်”

... 【တင်... ဆိုင်းအင် မစ်ရှင် အသစ်ရောက်ရှိလာပါပြီ။ နောက်ထပ် ဆိုင်းအင်လုပ်ရမည့်နေရာ - မဟာတောရိုင်းရှေးဟောင်းကျောက်တိုင်】

နေအိမ်သို့ အပြန်လမ်းတွင် ဝူယွမ်က စနစ်၏ အသိပေးချက်ကို ရရှိလိုက်သည်။

နေအိမ်သို့ ပြန်ရောက်သောအခါ ရှောင်တျောင်းနှင့် ရှောင်ယန်တို့က နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

သူတို့က သားရဲတစ်သောင်းတောင်တန်းသို့ သွားကြခြင်းပဲဖြစ်သည်။

ရှောင်တျောင်းက လင်းတုန်ထံတွင် မိစ္ဆာဝိညာဉ်မျိုးစေ့တစ်ခု ချန်ထားခဲ့ပြှး ၎င်းက သူတို့အချင်းချင်း ဆက်သွယ်မှုကို ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

ပိုင်ယွမ်၊ ကျန်းယွဲ့နှင့် မုချန်ချန်တို့မှာမူ ရှေးဟောင်းကျောက်တိုင် အတွင်းရှိ အာကာသထဲသို့ ဝင်ရောက်ကာ လေ့ကျင့်နေခဲ့ကြသည်။

ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင် တည်ရှိမှုကို ဝူတောင်အား ပြောပြပြီးသား ဖြစ်သည်။ ဝူတောင်ပင်လျှင် ဝူယွမ်တွင် စင်ကြယ်သော ယွမ်ရတနာတစ်ခု ရှိနေသည်ကို အားကျနေမိသေးသည်။

နောက်ရက်များမှာမူ လေပြင်းခန်းမအတွင်းရှိ နေ့စဉ်ဘဝများအတိုင်း ဖြတ်သန်းနေခဲ့ကြရသည်။

“အစ်ကိုကြီး... သိုင်းပညာခန်းမကို သွားကြည့်ရအောင်” နောက်တစ်နေ့ မနက်စောစောတွင် လင်းတုန်က ဝူယွမ်၏ တံခါးကို လာခေါက်လေသည်။

ဝူယွမ် ထွက်လာသောအခါ လင်းတုန်က မျှော်လင့်တကြီးဖြင့် “ကျွန်တော် အထင်တော့... လေပြင်းစွမ်းအားက တကယ်ကို ကောင်းပုံရတယ်၊ အဲဒါကို လေ့ကျင့်ကြည့်ချင်တယ်”

“အင်း... ငါလည်း အဲဒါက ကောင်းမယ်လို့ ထင်တယ်”

သူတို့နှစ်ဦးက သိုင်းပညာခန်းမဆီသို့ ချက်ချင်းပင် ထွက်ခွာလာခဲ့ကြသည်။

“အိုး... အပြင်သွားမလို့လား” ဝူတောင်က ရုတ်တရက် ရောက်ရှိလာခဲ့သည်။

ဝူယွမ်က “ကျွန်တော်တို့ သိုင်းပညာခန်းမကို သွားကြည့်မလို့ပါ” ဟု ပြောလိုက်သည်။

“လာလေ... ငါ လိုက်ပို့ပေးမယ်၊ မင်းတို့ဘာသာဆိုရင် ရှာတွေ့မှာ မဟုတ်ဘူး” ဝူတောင်က ပြုံးလျက် ပြောလိုက်သည်။

သူသည် ယနေ့တွင် ဤလူငယ်နှစ်ဦးကို လေပြင်းခန်းမအနှံ့ ထပ်မံပြသရန် စီစဉ်ထားပြီးသား ဖြစ်သည်။

“ဒါဆိုရင် ကျေးဇူးတင်ပါတယ် ဒုတိယခန်းမသခင်”

သူတို့ သုံးဦးမှာ ကောင်းကင်သို့ ပျံတက်သွားကြသည်။

လေပြင်းခန်းမမှာ အလွန်ပင် ကျယ်ဝန်းလှပြီး တောင်ထိပ်ပေါင်းများစွာမှာ တိမ်တိုက်များအကြားသို့ ထိုးထွက်နေကာ မြူနှင်းများ ဖုံးလွှမ်းနေသည်မှာ နတ်ဘုံနတ်နန်းသဖွယ်ပင်။

တောင်ထိပ်အချို့မှတောင်ထိပ်အချို့မှ သိုင်းကျင့်နေသော အသံများကို သဲ့သဲ့ ကြားနေရပြီး ကောင်းကင်ယံတွင် တက်ကြွသော အရှိန်အဝါများ ပျံ့နှံ့နေလေသည်။

ဝူတောင်က လမ်းပြတစ်ယောက်အဖြစ် လေပြင်းခန်းမ၏ နေရာအသီးသီးကို မိတ်ဆက်ပေးနေခဲ့သည်။

လေပြင်းခန်းမကို တစ်ပတ်ပတ်ပြီးနောက်တွင် သူတို့သည် လေပြင်းခန်းမ၏ အလယ်ဗဟိုရှိ ကြီးမားသော တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ထိုနေရာကတော့ သိုင်းပညာခန်းမပင် ဖြစ်သည်။

တောင်ထိပ်တွင် ရှေးဟောင်းကျောက်တိုင်ကြီး တစ်ခု ရှိနေခဲ့သည်။

ကျောက်တိုင်၏ ပတ်ဝန်းကျင်တွင် ပြာလဲ့လဲ့ကျောက်တုံးများ ပြန့်ကျဲနေပြီး ကျောက်သားလမ်းကျင်းလေးတစ်ခုက တောင်၏ နေရာအသီးသီးသို့ ဆက်သွယ်ပေးထားသည်။

တပည့်များစွာမှာ ကျောက်တိုင်များအကြားတွင် သွားလာနေကြပြီး သူတို့ သုံးဦးကို မြင်သောအခါ အမြန်ပင် အလေးပြုလိုက်ကြသည်။

ယခုအခါ ဝူယွမ်နှင့် လင်းတုန်မှာ လူသစ်များ မဟုတ်တော့ဘဲ တိုက်ရိုက်အဓိကတပည့်များ ဖြစ်နေပြီဖြစ်ပြီး လေပြင်းခန်းမရှိ အခြား တိုက်ရိုက်အဓိကတပည့် လေးဦးမှအပ ကျန်ရှိသော တပည့်အားလုံးက သူတို့ကို စီနီယာအစ်ကိုဟု ခေါ်ဆိုရတော့မည် ဖြစ်သည်။

ဝူယွမ်၏ အာရုံမှာ ပတ်ဝန်းကျင်ရှိ ကျောက်တိုင်များအပေါ်သို့သာ ရောက်ရှိနေခဲ့သည်။

ဤကျောက်တိုင်များမှာ အချိန်တိုက်စားချင်း၏ ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဤမျှ ထည်ဝါလှသော ကျောက်တိုင်များကို ကြည့်ခြင်းအားဖြင့် တောင်ဂိုဏ်းက အလွန်ပင် ရှေးကျလှကြောင်း သိရှိနိုင်သည်။

မကြာမီတွင် သူတို့က ကျောက်တံခါးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုကျောက်တံခါးတွင် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးမှာ တံမြက်စည်းကိုကိုင်ကာ မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များကို ညင်သာစွာ လှည်းကျင်းနေသည်။

အဘိုးအို၏ မျက်နှာမှာ အလွန်ပင် အိုမင်းရင့်ရော်နေပြီး အရေပြားများမှာလည်း တွန့်လိမ်နေကာ သူ၏ မျက်ဝန်းများအတွင်းမှာမူ သူငယ်အိမ်မရှိဘဲ မီးခိုးရောင်သန်းနေခဲ့သည်။

“မျက်မမြင်တစ်ယောက်လား”

ဤလူကို မြင်လိုက်ရသောအခါ ဝူယွမ်၏ မျက်နှာထားမှာ တည်ကြည်သွားခဲ့သည်။ “ဒီလူက လေပြင်းခန်းမရဲ့ “တံမြက်လှည်းဘုန်းတော်ကြီး” ပဲ ဖြစ်ရမယ်” ဝူယွမ်က မူရင်းဇာတ်လမ်းထဲမှ အရာတစ်ခုကို ပြန်အမှတ်ရသွားခဲ့သည်။

“အစ်ကိုကြီး... ဒီအဘိုးကြီးက ထူးဆန်းနေတယ်” လင်းတုန်ကလည်း ဝိညာဉ်စွမ်းအင်ဖြင့် ဝူယွမ်ကို လှမ်းပြောလိုက်သည်။

ဤအဘိုးအိုကို မြင်လိုက်ရသောအခါ သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ အနည်းငယ် တုန်ခါသွားခဲ့၏။

“အင်း... ဖုံးကွယ်နေတဲ့ စွမ်းအားရှင်တစ်ယောက်ပဲ၊ သူက ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်နေတာ ဖြစ်ရမယ်၊ သူ့ကို မျက်မမြင်တစ်ယောက်လိုမျိုး သဘောမထားနဲ့၊ ရိုရိုသေသေပဲ ဆက်ဆံကြစို့” ဝူယွမ်က ပြန်လည်ဖြေကြားလိုက်သည်။

ဝူတောင်က ရပ်တန့်လိုက်ပြီး “ကဲ... ဒါကတော့ သိုင်းပညာခန်းမပဲ၊ အထဲမှာ သိုင်းပညာရပ်တွေက ပင်လယ်ပြင်ထဲကငါးတွေလို များပြားလွန်းတယ်၊ မင်းတို့ လေ့ကျင့်ချင်တာကို ကိုယ်တိုင် ရွေးချယ်ကြပါ”

“ဒါပေမဲ့ မင်းတို့ မလွဲမသွေ လေ့ကျင့်ရမယ့် အရာတစ်ခု ရှိတယ်၊ အဲဒါက ငါတို့ လေပြင်းခန်းမရဲ့ အနှစ်သာရ”

ဝူတောင်၏စကားမဆုံးမှီ ဝူယွမ်နှင့် လင်းတုန်က ပြိုင်တူ ဖြတ်ပြောလိုက်ကြသည်။

“လေပြင်းစွမ်းအား မဟုတ်လား၊ သိပါပြီ”

အခန်း (၂၀၆) - သနားစရာ လေပြင်းကျောက်တုံး ဝိညာဉ်လေး

၀ူယွမ်တို့နှစ်‌ေယာက် ထုံချွမ်း၊ကျန်းဟောင်တို့နှင့် အပြန်အလှန် တိုက်ခိုက်ပြီးနောက် လေပြင်းခန်းမ၏ အနှစ်သာရမှာ “လေပြင်းစွမ်းအင်” ဖြစ်ကြောင်း ဝူယွမ်နှင့် အခြားလူသစ်များ သိရှိခဲ့ကြသည်။ ၎င်းမှာ လူတစ်ဦး၏ သိုင်းပညာရပ် စွမ်းအားကို ပိုမြင့်မားသော အဆင့်သို့ မြှင့်တင်ပေးနိုင်သည့် ထူးဆန်းပြီး အစွမ်းထက်သော အင်အားတစ်ရပ် ဖြစ်ပေသည်။

ဝူတောင်က ပြုံးလျက် “မင်းတို့ ကောင်လေးနှစ်ယောက်၊ ဝင်သွားကြတော့...” ဟု ဆိုလိုက်သည်။

ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း ရှက်ပြုံးလေးများ ပြုံးလိုက်ကြပြီး တံခါးဆီသို့ လျှောက်လှမ်းသွားကြသည်။ တံမြက်လှည်းနေသော မျက်စိမမြင်သည့် အဘိုးအိုအနားမှ ဖြတ်သွားစဉ် သူတို့နှစ်ဦးက အကြည့်ချင်းဖလှယ်ကာ တစ်ပြိုင်နက်တည်း ဦးညွှတ်ဂါရဝပြုပြီးနောက် ကျောက်ခန်းမအတွင်းသို့ ဝင်ရောက်သွားကြသည်။

သူတို့နှစ်ဦး ဝင်သွားသည်ကို ကြည့်ပြီးနောက် ဝူတောင်က အပြုံးကို ရုပ်သိမ်းလိုက်ပြီး တံမြက်လှည်းနေသော အဘိုးအိုကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “စီနီယာအစ်ကိုကြီး၊ ဒီလူငယ်နှစ်ယောက်က အသစ်တိုးတက်လာတဲ့ တိုက်ရိုက်အဓိကတပည့်တွေပါ၊ အရှိန်အဝါကို ထိန်းချုပ်ထားနိုင်တဲ့သူက ဝူယွမ်ပဲ၊ သူက မနေ့က ဆေးမြစ်ရဲ့ ဆေးကြောသန့်စင်ပေးခြင်းမှာ စီနီယာအစ်ကို ကျိုးထုံရဲ့ စံချိန်ကို ချိုးဖျက်ခဲ့တဲ့သူပေါ့၊ နောက်တစ်ယောက်ကတော့ ပြည်ထောင်တစ်ရာတိုက်ပွဲမှာ ဝိညာဉ်တံဆိပ် အမွေအနှစ်ကို ရခဲ့တာ၊ နှစ်ယောက်လုံးက ရှားပါးတဲ့ မျိုးစေ့ကောင်းလေးတွေပါပဲ...”

မျက်စိမမြင်သော အဘိုးအို၏ လက်ထဲမှ တံမြက်စည်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ဝူတောင်က ဆက်၍ “အဲဒီတုန်းက စီနီယာအစ်ကို ကျိုးထုံဟာ လေပြင်းစွမ်းအင်ကို သုံးရက်အတွင်းမှာ ရယူနိုင်ခဲ့တယ်၊ ဒီသူငယ်လေးနှစ်ယောက် ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော် သိချင်မိတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာအတွင်းမှာ ကျွန်တော်တို့ လေပြင်းခန်းမရဲ့ မဟာရှေးဟောင်းကျမ်းစာကို နားလည်သဘောပေါက်ဖို့ အလားအလာအရှိဆုံး တပည့်နှစ်ယောက်ပဲ၊ စီနီယာအစ်ကို စိတ်ဝင်စားတယ်ဆိုရင် သူတို့ကို အနည်းငယ် ဂရုစိုက်ပေးနိုင်ပါတယ်...” ဟု ပြောလိုက်သည်။

မျက်စိမမြင်သော အဘိုးအိုက ခဏ တိတ်ဆိတ်နေပြီး ဘာမှမပြောဘဲ သူ၏ တံမြက်စည်းကို ဖြည်းညှင်းစွာ သိမ်းဆည်းကာ လေးလံသော ခြေလှမ်းများဖြင့် ကျောက်ခန်းမအတွင်းသို့ လျှောက်လှမ်းသွားခဲ့သည်။

၎င်းကို မြင်သည့်အခါမှ ဝူတောင်က တိုးတိုးလေး သက်ပြင်းချလိုက်နိုင်သည်။ ကြည့်ရသည်မှာ ထိုအဘိုးအိုသည်လည်း ဝူယွမ်နှင့် လင်းတုန်အပေါ် အတော်အတန် စိတ်ဝင်စားမှု ရှိလာပုံရသည်။

ဝူယွမ်နှင့် လင်းတုန်တို့ ကျောက်ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် မြင်ကွင်းမှာ ကျယ်ပြန့်သွားသည်။

ရှေးဟောင်းဆန်ပြီး အိုမင်းရင့်ရော်သော အငွေ့အသက်များ ဖုံးလွှမ်းနေသည့် အဆုံးမဲ့ ကျောက်ခန်းမကြီးတစ်ခုဖြစ်ပြီး တောင်ဂိုဏ်း၏ သိုင်းပညာရပ်ခန်းမမှာ သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ကာ ဤနေရာ၌ စာအုပ်စင်များ သို့မဟုတ် ထိုကဲ့သို့တူညီသော အရာများ မရှိပေ။

ဤကျယ်ပြောလှသော ကျောက်ခန်းမကြီးအတွင်း၌ အရွယ်အစား အမျိုးမျိုးရှိသော ကျောက်တိုင်များစွာ တည်ရှိလျက်ရှိပြီး တစ်ခုချင်းစီမှာ မှိန်ဖျော့သော အလင်းတန်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

၎င်းတို့မှာ သိုင်းပညာရပ် ကျောက်တိုင်များ ဖြစ်ကြပြီး ကျောက်တိုင်တစ်ခုချင်းစီ၌ သိုင်းပညာရပ် တစ်မျိုးစီ ကိန်းဝပ်နေသည်။

အဆုံးမဲ့ များပြားလွန်းသော သိုင်းပညာရပ် ကျောက်တိုင်များကို မြင်သောအခါ ဝူယွမ်နှင့် လင်းတုန်တို့ တံတွေးမြိုချလိုက်မိကြသည်။ ဤသည်မှာ အထူးဂိုဏ်းကြီးတစ်ခု၏ အခြေခံအုတ်မြစ်ပင် ဖြစ်လေသည်။

ထိုမျှ များပြားသော သိုင်းပညာရပ် အရေအတွက်မှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။

ဤအချိန်တွင် ကျောက်တိုင်များ ရှေ့၌ တပည့်များစွာက မတ်တပ်ရပ်လျက် သော်လည်းကောင်း၊ ထိုင်လျက် သော်လည်းကောင်း ရှိနေကြပြီး သူတို့၏ အကြည့်များသည် ကျောက်တိုင်များပေါ်သို့ စူးစိုက်နေကာ သိုင်းပညာရပ် ကမ္ဘာအတွင်း၌ နစ်မျောနေကြသည်။

ဝူယွမ်သည်လည်း ဤကျောက်တိုင်များပေါ်ရှိ သိုင်းပညာရပ်များကို စူးစမ်းကြည့်လိုက်သည်။

ဖန်တီးခြင်းအဆင့် သိုင်းပညာ၊ ဝိညာဉ်အဆင့် သိုင်းပညာများပင် ဖြစ်သည်။ ဤကျောက်တိုင်များပေါ်ရှိ အနိမ့်ဆုံး သိုင်းပညာရပ်မှာပင် ဖန်တီးခြင်းအဆင့် ဖြစ်နေခဲ့သည်။

မျက်စိပဒါသ ဖြစ်လောက်အောင် သိပ်သည်းလွန်းသော ကျောက်တိုင်အရေအတွက်မှာ အနည်းဆုံး တစ်သောင်းခန့် ရှိလောက်ပြီး အားလုံးမှာ ဖန်တီးခြင်းအဆင့် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်များ ဖြစ်ကြသည်။ ဤအချက်က ဝူယွမ်နှင့် လင်းတုန်ကို မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်စေသည်။

သူတို့၏ မဟာယန်ပြည်ထောင်စုတွင်မူ ဖန်တီးခြင်းအဆင့် သိုင်းပညာတစ်ရပ် ပေါ်ထွက်လာရုံမျှဖြင့် ကြီးကျယ်သော တုန်လှုပ်မှုကို ဖြစ်စေပြီး အင်အားစုကြီးများကြား လုယက်မှုကို အလွယ်တကူ ဖြစ်စေနိုင်သည်။

သို့သော် ဤနေရာ၌မူ ၎င်းတို့က နေရာအနှံ့ ပေါများလှပေသည်။ ဤသည်မှာ အထူးဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး၊ ၎င်းတို့၏ အခြေခံအုတ်မြစ်မှာ ပြည်ထောင်စုများစွာကို ကျော်လွန်နိုင်စွမ်း ရှိပေသည်။

မဟာရှေးဟောင်းဂိုဏ်းပင်လျှင် ဤအရာနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်ချက် ရှိနေသကဲ့သို့ပင်။

မဟာရှေးဟောင်းဂိုဏ်းတွင် သိုင်းပညာရပ်များစွာ ရှိသော်လည်း ဖန်တီးခြင်းအဆင့်မှာ အနည်းငယ်မျှသာ ရှိပေသည်။ အမှန်စင်စစ် မဟာရှေးဟောင်း ကျောက်တိုင်က ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်ပေ၊ အကြောင်းမှာ ၎င်းက နိဗ္ဗာန်အဆင့်အောက်ရှိ တပည့်များအတွက်သာ ပြင်ဆင်ထားခြင်းကြောင့် ဖြစ်သည်။

မဟာရှေးဟောင်းဂိုဏ်းမှာ ရုတ်တရက် ပျက်စီးသွားခဲ့ရပြီး အရာများစွာမှာ လက်ဆင့်ကမ်းနိုင်ခြင်း မရှိခင် ထိုစစ်ပွဲကြီးအတွင်း၌ ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကျောက်တိုင်ဝိညာဉ်သည် မဟာရှေးဟောင်း ဧကရာဇ်၏ “မဟာရှေးဟောင်း ဧကရာဇ်ကျမ်း” ကို မှတ်မိနေသောကြောင့် ဤကောင်းကင်အဆင့် သိုင်းပညာရပ်ကို လက်ဆင့်ကမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝူယွမ်က များပြားလှသော ကျောက်တိုင်များကို ကြည့်ပြီး ခေါင်းခါလိုက်ကာ “ဖန်တီးခြင်းအဆင့် သိုင်းပညာတွေနဲ့ သာမန် ဝိညာဉ်အဆင့် သိုင်းပညာတွေကိုတော့ ငါတို့ လုံလောက်အောင် သင်ယူပြီးပြီ၊ ဒီမှာ ရှာနေဖို့ မလိုတော့ဘူး...” ဟု ဆိုလိုက်သည်။

သူ၏ လက်ရှိ ကျင့်စဉ်များ၊ သိုင်းပညာများနှင့် လျှို့ဝှက်ပညာရပ်များမှာ များပြားလွန်းသဖြင့် ဤသိုင်းပညာရပ်များကို သင်ယူရန် အချိန်မရှိပေ။

“လေပြင်းကျောက်တုံး ဧရိယာကို အရင်သွားကြရအောင်...” သူတို့နှစ်ဦး ရှေ့သို့ အမြန်ပြေးထွက်ခဲ့ကြရာ မကြာမီမှာပင် ကြီးမားသော စင်မြင့်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

စင်မြင့်၏ အလယ်ဗဟိုတွင် ပေတစ်ရာခန့် မြင့်မားသော မီးခိုးရောင် ကျောက်တုံးကြီးတစ်ခုမှာ တိတ်ဆိတ်စွာ ရပ်တည်နေသည်။

၎င်းမှာ လုံးဝန်းသော ပုံစံရှိပြီး နက်မှောင်နေသော မီးခိုးရောင် ဖြစ်ကာ ရေညှိများ ဖုံးလွှမ်းနေသကဲ့သို့ ရှိသည်။ ကျောက်တိုင်ပေါ်တွင် သေးငယ်သော အက်ကြောင်းလေးများကို မြင်နိုင်ပြီး ဖော်ပြမရနိုင်သော လှိုင်းအငွေ့အသက်များမှာ ကျောက်တုံးကြီးအတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေလေသည်။

အဝေးမှပင် ဝူယွမ်က ထုံချွမ်း၏ လေပြင်းစွမ်းအင်နှင့် ထပ်တူကျသော ရင်းနှီးသည့် လှိုင်းကို ခံစားလိုက်ရသည်။ သို့သော် ဤနေရာရှိ သိပ်သည်းဆမှာ ထုံချွမ်းထက် ပို၍ မြင့်မားသည်။

ဤနေရာသို့ ရောက်လာသည်နှင့် ရှေးဟောင်း အထီးကျန်ဆန်သော နယ်မြေတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်မှာ အနည်းငယ် ဝေဝါးသွားသည်။

ကောင်းကင်နှင့် မြေကြီးက ခြောက်ကပ်ငြိမ်သက်ခြင်းများဖြင့် ပြည့်နှက်နေပြီး နှလုံးသားအတွင်းသို့ ဟာလာဟင်းလင်း ဖြစ်မှုများ စိမ့်ဝင်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ယွမ်စွမ်းအင်များပင် ဤခံစားချက်ကြောင့် တဖြည်းဖြည်း လည်ပတ်မှု နှေးကွေးလာခဲ့သည်။

ဧရာမ လေပြင်းကျောက်တုံးကြီးကို ခြောက်ကပ်ငြိမ်သက်ခြင်းများက ဝန်းရံထားပြီး ၎င်းအနီးတွက် တပည့်များစွာ ထိုင်လျက် ကျင့်ကြံနေကြသည်။

ဝူယွမ်နှင့် လင်းတုန် ရောက်ရှိလာသောအခါ တပည့်မျာက သူတို့ကို သတိပြုမိသွားကြသည်။

သူတို့နှစ်ဦးမှာ ယခုအခါ လေပြင်းခန်းမ၌ ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်နေကြပြီဖြစ်ရာ လူတိုင်းနီးပါးက သူတို့ကို သိထားကြသည်။ ထိုတပည့်များ၏ အကြည့်များကို လျစ်လျူရှုကာ ဝူယွမ်က ကျောက်စင်မြင့်ပေါ်သို့ ပထမဆုံး တက်လှမ်းလိုက်ပြီး ထိုနေရာတွင် ရှေးဟောင်း စာလုံးကြီးနှစ်လုံးကို သူ မြင်လိုက်ရသည်။

“လေပြင်းစွမ်းအင်...”

စာလုံးကြီးများ၏ အောက်တွင် လေပြင်းစွမ်းအင် ကျင့်ကြံနည်းကို အသေးစိတ် ဖော်ပြထားသော စာတန်းငယ်လေးများ ရှိလေသည်။

လေပြင်းစွမ်းအင်မှာ ထူးဆန်းသော စွမ်းအားတစ်ရပ် ဖြစ်သော်လည်း အခြားသိုင်းပညာရပ်များကဲ့သို့ပင် သီးသန့်ကျင့်ကြံနည်း ရှိပေသည်။ ၎င်း၏ ကျင့်စဉ်ကို “လေပြင်းမန္တန်” ဟု ခေါ်ဆိုသည်။

ကျောက်တိုင်ပေါ်ရှိ ရေးသားထားသော အသေးစိတ် ကျင့်ကြံနည်းလမ်းအရ လေပြင်းမန္တန်ကို အဆင့်ဆယ်ဆင့် ခွဲခြားထားပြီး လေပြင်းခန်းမ တပည့်များအတွက် မဖြစ်မနေ သင်ယူရမည့် နည်းစနစ် ဖြစ်သည်။

သို့သော် ဤသည်မှာ လေပြင်းခန်းမအတွက် သီးသန့်ကျင့်စဉ်ဖြစ်သည်၊ အကြောင်းမှာ ၎င်းကို ကျင့်ကြံရန်အတွက် ဦးစွာ လေပြင်းကျောက်တုံးကို အခြေခံပြီး ၎င်းအတွင်းမှ လေပြင်းစွမ်းအင်ကို စုပ်ယူကာ ခန္ဓာကိုယ်အတွင်း၌ “လေပြင်းမျိုးစေ့” တစ်ခုကို ဖန်တီးရမည်။

ထို့နောက် မျိုးစေ့ကို ယွမ်စွမ်းအင်ဖြင့် ပျိုးထောင်ပေးရမည်ဖြစ်ပြီး မျိုးစေ့ ကြီးထွားလာသည်နှင့်အမျှ လေပြင်းစွမ်းအင်မှာလည်း တဖြည်းဖြည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။

ကျင့်စဉ်ကို နားလည်ပြီးနောက် ဝူယွမ်နှင့် လင်းတုန်တို့က ကျင့်ကြံရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် လေပြင်းကျောက်တုံး၏ အစွန်အဖျားရှိ လေပြင်းစွမ်းအင်မှာ အလွန်ပါးလွှာနေသဖြင့် သူတို့က ကျောက်တုံးကြီးဆီသို့ တိုးကပ်သွားကြသည်။

“ဝူယွမ်၊ လင်းတုန်၊ စီနီယာအစ်ကိုတို့ လေပြင်းကျောက်တုံးနဲ့ အနီးကပ်လွန်းအောင် မသွားတာ ပိုကောင်းမယ်၊ မဟုတ်ရင် လေပြင်းစွမ်းအင်ရဲ့ တိုက်စားမှုကို ခံရပြီး အသက်ဓာတ် ကုန်ဆုံးသွားလိမ့်မယ်...” တပည့်တစ်ဦးက ဝူယွမ်တို့ ရှေ့ဆက်တိုးနေသည်ကို သတိထားမိသွားပြီး သတိပေးလိုက်သည်။

“သတိပေးတာ ကျေးဇူးတင်ပါတယ်...” ဝူယွမ်က ထိုသူ့ကို အသာအယာ ပြန်ပြုံးပြလိုက်သည်။

ထို့နောက် သူက လေပြင်းကျောက်တုံးဆီသို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။

လေပြင်းစွမ်းအင်၌ အသက်ဓာတ်ကို တိုက်စားနိုင်သော အစွမ်းထက်သည့် ခြောက်ကပ်ငြိမ်သက်ခြင်း စွမ်းအားများရှိပေမဲ့ ဝူယွမ်နှင့် လင်းတုန်အတွက်မူ စိုးရိမ်စရာမရှိပေ။

အကြောင်းမှာ သူတို့နှစ်ဦးလုံး၌ “ဝါးမျိုခြင်းဘိုးဘေးအဆောင်” ရှိနေသောကြောင့် ဖြစ်သည်။

လေပြင်းစွမ်းအင်မှာ ထူးဆန်းသော်လည်း ၎င်းသည် စွမ်းအင်တစ်မျိုးသာဖြစ်ပြီး ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ ဝါးမျိုနိုင်သော အကွာအဝေးအတွင်း၌ ရှိနေပေသည်။

တပည့်များ၏ အံ့အားသင့်သော အကြည့်များအောက်တွင် သူတို့နှစ်ဦးသည် လေပြင်းကျောက်တုံးနှင့် ပို၍ ပို၍ နီးကပ်သွားကြသည်။

ဤအချိန်တွင် ကျောက်တိုင်တစ်ခု၏ နောက်ကွယ်မှ မီးခိုးရောင် ဝတ်စုံဝတ် မျက်မမြင် အဘိုးအိုသည် တံမြက်စည်းကို ကိုင်ကာ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

သူက ခေါင်းမော့လိုက်ပြီး သူငယ်အိမ်မရှိသော မျက်လုံးအစုံဖြင့် ဝူယွမ်နှင့် လင်းတုန် သွားနေသော ဘက်သို့ ကြည့်လိုက်သည်။ ထို့နောက် သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာပေါ်တွင် အံအားသင့်မှု အရိပ်အယောင်လေး တစ်ခု ဖြတ်ပြေးသွားလေသည်။

ကျောက်တုံးနှင့် နီးကပ်လေလေ လေပြင်းစွမ်းအင်မှာ ပိုမိုအားကောင်းလေလေ ဖြစ်ပြီး သူတို့၏ အဝတ်အစားများပင် တိုက်စားခံရပြီး အရောင်ပြောင်းကာ အက်ကွဲလာခဲ့သည်။

“ဒီလောက်ဆို ရပြီ၊ ဒီမှာပဲ ကျင့်ကြံကြရအောင်...” သူတို့နှစ်ဦးက ထိုင်ချလိုက်သည်နှင့် သူတို့ပတ်ဝန်းကျင်၌ ရစ်ပတ်နေသော လေပြင်းစွမ်းအင်ကို ခံစားလိုက်ရသည်။

“ဝါးမျိုလိုက်...”

သူတို့သည် စိတ်ထဲမှ တစ်ပြိုင်နက် အော်ဟစ်လိုက်ကြပြီး ဝါးမျိုခြင်းစွမ်းအားများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ လေပြင်းစွမ်းအင်များကို ဝါးမျိုလိုက်သည်။

ပတ်ဝန်းကျင်ရှိ တပည့်များမှာ တံတွေးမြိုချမိသွားကြသည်။ အကယ်၍ သူတို့သာ ဝူယွမ်နှင့် လင်းတုန် ရှိနေသော နေရာ၌ ရှိနေပါက သူတို့၏ အသက်ဓာတ်မှာ ကြာမြင့်စွာကပင် တိုက်စားခံရပြီး ဖြစ်ပေလိမ့်မည်။

သို့သော် ယခုမူ ဝူယွမ်နှင့် လင်းတုန်သည် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော လေပြင်းစွမ်းအင်ကို ခုခံရုံသာမက ဘာမျှမဖြစ်သကဲ့သို့ပင် ကျင့်ကြံနေခဲ့ကြသည်။

အဝေးမှ ဤမြင်ကွင်းကို ကြည့်နေသော မျက်စိမမြင်သည့် အဘိုးအိုသည် သူ၏ လက်ထဲမှ တံမြက်စည်းကို သူပင်သတိမထားမိလိုက်ပဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိလေသည်။

ဝူယွမ်က လေပြင်းမန္တန်ကို စတင်လည်ပတ်ကာ ကျင့်ကြံခြင်းစတင်လိုက်သည့်နှင့် လေပြင်းစွမ်းအင် အမျှင်တန်းလေးများက သူ၏ ဒန်တျန်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်မှာ သန်မာလှသဖြင့် လေပြင်းမန္တန်၏ တိုက်စားမှုကို လုံး၀မကြောက်ပေ၊ ထို့ကြောင့် သူက လေပြင်းစွမ်းအင်ကို အတားအဆီးမရှိ ဝါးမျိုနိုင်ပြီး သူ၏ ဒန်တျန်အတွင်း၌ သေးငယ်သော လေပြင်းမျိုးစေ့ အခြေခံလေးကို လျင်မြန်စွာ ဖန်တီးနိုင်ခဲ့သည်။

လင်းတုန်သည်လည်း သူနှင့် ဆင်တူပင်ဖြစ်ပြီး လေပြင်းစွမ်းအင်ကို လျင်မြန်စွာ ဝါးမျိုနေခဲ့သည်။ မကြာမီမှာပင် သူတို့ပတ်ဝန်းကျင်ရှိ လေပြင်းစွမ်းအင်မှာ ပါးလွှာသွားခဲ့လေသည်။

သူတို့နှစ်ဦးက မတ်တပ်ရပ်ကာ လေပြင်းကျောက်တုံးဆီသို့ တစ်ဖန် တိုးကပ်သွားရပြန်သည်။ ယခုအခါ သူတို့သည် လေပြင်းကျောက်တုံး၏ ဆယ်ပေအကွာအဝေးအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူတိုတွင် ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။

“ဒီလို စုပ်ယူတာက အရမ်းနှေးလွန်းတယ်၊ လေပြင်းကျောက်တုံးကို တိုက်ရိုက် သွားကိုင်ရအောင်၊ အဲဒီက ထုတ်လွှတ်နေတဲ့ လေပြင်းစွမ်းအင်က သာမန်ပဲလို့ ငါ ခံစားနေရတယ်...” ဝူယွမ်က လင်းတုန်ကို အဖော်ညှိလိုက်လေသည်။

“ကျွန်တော်လည်း နှေးတယ်လို့ ထင်တယ်...” လင်းတုန်က ခေါင်းညိတ်ကာ “လေပြင်းကျောက်တုံးကနေ တိုက်ရိုက် ဝါးမျိုရတာက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလိမ့်မယ်...” ဟု ပြောရင်းထောက်ခံလိုက်သည်။

ထိုသို့ဖြင့် သူတို့နှစ်ဦးက ပိုမိုသိပ်သည်းလာသော လေပြင်းစွမ်းအင်ကို လျစ်လျူရှုကာ လေပြင်းကျောက်တုံးဆီသို့ အမြန် တိုးကပ်သွားကြသည်။

ထို့နောက် အံ့အားသင့်၊ မယုံကြည်နိုင်သော အကြည့်များအောက်တွင် သူတို့နှစ်ဦးက လက်များကို ဖြည်းညှင်းစွာ မြှောက်ကာ လေပြင်းကျောက်တုံးကို ထိတွေ့လိုက်ကြသည်။

ဤအချက်က ပတ်ဝန်းကျင်ရှိ တပည့်တိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။ မျက်မမြင် အဘိုးအို၏ လက်ထဲမှ တံမြက်စည်းသည်လည်း တုန်ခါသွားပြီး သူ၏ မျက်လုံးအစုံ၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

လေပြင်းကျောက်တုံးကို ထိတွေ့လိုက်သည်နှင့် ဝူယွမ်က ကြမ်းတမ်းသော ခံစားချက်နှင့်အတူ ကျောက်တုံးအတွင်းမှ အေးမြသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

ရုတ်တရက် ဖော်ပြ၍မရနိုင်အောင် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတစ်ခုမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ကျောက်တုံးအတွင်းမှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ အပြင်းအထန် စီးဝင်လာလေသည်။

“ဝိုး... အများကြီးပဲ...”

ဝူယွမ်က ထိုစွမ်းအင်များကို ခံစားရင်း ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သူ၏ အရိုးများပင် အက်ကွဲသံလေးများ ထွက်ပေါ်လာကာ လက်မောင်းများ မီးခိုးရောင်သို့ ပြောင်းလဲသွားသော်လည်း ဤအရာက သူ့ကို အနည်းငယ်မျှ ထိခိုက်မှု မရှိစေခဲ့ပေ။

နောက်တစ်ခဏ၌ သူ၏ ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဤလေပြင်းစွမ်းအင်များကို သူ၏ ဒန်တျန်အတွင်းသို့ ရူးသွပ်စွာ စုပ်ယူဝါးမျိုလိုက်သည်။ ဝူယွမ်နှင့် လင်းတုန်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးခိုးရောင်စွမ်းအင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မကြာမီမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။

တပည့်များသာမက မျက်မမြင် အဘိုးအိုပင်လျှင် အံသြမှင်တက်ကာ ကြည့်နေမိသည်။ သူက ဝူယွမ်နှင့် လင်းတုန်ကို ထိုနေရာမှ လွင့်ထွက်သွားအောင် လုပ်ဆောင်ရန်ပင် မနည်း ထိန်းချုပ်လိုက်ရသည်။

“ဒီနှုန်းနဲ့ဆိုရင် သူတို့ဟာ နာရီဝက်မပြည့်ခင်မှာ လေပြင်းမျိုးစေ့ကို ဖန်တီးနိုင်မှာကို ငါ ကြောက်မိတယ်...” မျက်စိမမြင်သော အဘိုးအိုက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒီအရှိန်က အဲဒီတုန်းက စီနီယာအစ်ကို ကျိုးထုံထက် အများကြီး ပိုမြန်တယ်၊ အကယ်၍ ချန်ကျန်းနဲ့ ဝူတောင်သာ ဒါကို သိရင် သူတို့ တစ်ခါထပ်ပြီး ဆွံ့အသွားကြဦးမှာပဲ...”

“ဒီလို ဝါးမျိုရတာက ပိုပြီး ကျေနပ်ဖို့ ကောင်းတယ်...” ဝူယွမ်က အနည်းငယ် ပြုံးလိုက်သည်။

အစောပိုင်းက အစွန်အဖျားမှ ဝါးမျိုရခြင်းမှာ မြူခိုးများကို ရှူရှိုက်ရသကဲ့သို့ ဖြစ်သော်လည်း ယခုအခါ ကျောက်တုံးကို တိုက်ရိုက်ကိုင်ကာ ဝါးမျိုခြင်းမှာ ရေပိုက်မှ တိုက်ရိုက် သောက်ရသကဲ့သို့ ဖြစ်ပေသည်။

ကြီးမားသော လေပြင်းစွမ်းအင်များမှာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ စီးဝင်နေခဲ့သည်။ အစွန်အဖျား၌ “အငွေ့ရှူရှိုက်” ရုံသာ တတ်နိုင်သော တပည့်များနှင့် နှိုင်းယှဉ်ပါက သူတို့နှစ်ဦးမှာ အတင်းအဓမ္မ လုယက်နေသကဲ့သို့ပင်။

သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ လေပြင်းမျိုးစေ့မှာ ပိုမိုသိပ်သည်းလာပြီး မကြာမီ အပြည့်အဝ ဖြစ်တည်လာတော့မည်ဖြစ်သည်။

ဤအချိန်တွင် အလွန်များပြားလှသော လေပြင်းစွမ်းအင်များမှာ လေပြင်းကျောက်တုံးအတွင်းမှ အလိုအလျောက် ထွက်ပေါ်လာပြီး အစောပိုင်းကထက် ဆယ်ဆခန့် ပိုပြင်းထန်ကာ သူတို့နှစ်ဦးလုံးကို အပြင်းအထန် ရိုက်ခတ်လာခဲ့သည်။

ဤတိုက်ခိုက်မှုမှာ သူတို့နှစ်ဦးကို မောင်းထုတ်လိုသည့် ရည်ရွယ်ချက် ရှိမှန်းသိသာပေသည်။

“အစ်ကိုကြီး၊ ဒီလေပြင်းကျောက်တုံးက တစ်မျိုးပဲ...” လင်းတုန်က အနည်းငယ် အံ့ဩမိသွားသည်။

ဝူယွမ်က “ဟီးဟီး... ဒီလေပြင်းကျောက်တုံးမှာ ဝိညာဉ်ရှိနေပြီ၊ စင်ကြယ်သော ယွမ်ရတနာ တစ်ခုနဲ့ နှိုင်းယှဉ်လို့ ရတယ်၊ ငါတို့က သူ့ရဲ့ စွမ်းအင်ကို ဒီလို လုယက်နေတာက သူ့ကို ဒေါသထွက်အောင် ဆွပေးသလို ဖြစ်နေတာပေါ့...” ဟု ပြောလိုက်သည်။

သူက ကျောက်တုံးကို အနည်းငယ် ထိတွေ့ခံစားကြည့်လိုက်ရာ ဤလေပြင်းကျောက်တုံးမှာ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံနှင့် အဆင့်တူညီသော ဝိညာဉ်ရတနာ တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

“အစ်ကိုကြီး၊ ဆက်လုပ်ကြမလား...” လင်းတုန်က မေးလိုက်လေသည်။

“ဆက်လုပ်မယ်၊ သူက ပိုပြီး ခုခံလေလေ၊ ငါက ပိုပြီး စိတ်လှုပ်ရှားလေလေပဲ၊ ဆက်ပြီး ဝါးမျိုလိုက်စမ်း...” ဝူယွမ်က ပြုံးလိုက်သည်။ ၎င်းမှာ စင်ကြယ်သော ယွမ်ရတနာ တစ်ခုသာ ဖြစ်ပြီး၊ သူက ထိုကဲ့သို့သော အရာများကို တစ်ခုမက နှစ်ခုမက သန့်စင်နိုင်ခဲ့ဖူးလေသည်။

ဤအချိန်တွင် လေပြင်းကျောက်တုံး၏ မျက်နှာပြင်ပေါ်၌ နက်မှောင်သော မီးခိုးရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် ထိုအလင်းများက လျှပ်စီးများကဲ့သို့ စုစည်းသွားကာ မီးခိုးရောင် အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝူယွမ်နှင့် လင်းတုန်ကို တိုက်ခိုက်လိုက်သည်။

“ဒါက...”

ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြပြီး လေပြင်းကျောက်တုံးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ၎င်းက လူများကို အလိုအလျောက် တိုက်ခိုက်နေခြင်းကို သူတို့ယခုမှ မြင်တွေ့ဖူးခြင်းဖြစ်သည်။ သေချာစဉ်းစားကြည့်ပြီးနောက် သူတို့နားလည်သွားခဲ့သည်။

ဝူယွမ်နှင့် လင်းတုန်တို့မှာ အမှန်တကယ်ပင် လွန်လွန်းလှသည်။ သူတို့က ကျောက်တုံးတစ်တုံးဆီမှ စွမ်းအင်ကိုတောင် အတင်းအကျပ် စုပ်ယူနေခဲ့ကြလေသည်။

“ဟီးဟီး... သူက တကယ်ကို ခုခံရဲတယ်ပေါ့...” ဝူယွမ်သည် သူ၏ နှလုံးသားထဲမှ နက်မှောင်သော ယွမ်ဝိညာဉ် ဓားစွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး မီးခိုးရောင် အလင်းတန်းများကို ပိုင်းခြားပစ်လိုက်သည်။

လင်းတုန်၏ ခန္ဓာကိုယ်မှလည်း မှောင်မိုက်သော အလင်းတန်းများ ထွက်ပေါ်လာကာ မီးခိုးရောင် အလင်းကို တားဆီးလိုက်သည်။

“ဒါက… လေပြင်းကျောက်တုံးရဲ့ ခုခံမှုကို ထပ်ပြီး ဖြစ်စေခဲ့ပြန်ပြီ...” မျက်စိမမြင်သော အဘိုးအို၏ တည်ငြိမ်နေသော မျက်နှာပေါ်တွင် အံ့ဩမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ကျိုးထုံသည်လည်း ထိုစဉ်က ဤကဲ့သို့ ပြုလုပ်ခဲ့ဖူးလေသည်။

“ဒီကောင်က ပေကပ်ကပ်လုပ်နေတာပဲ...”

“ညီလေး၊ ဝါးမျိုလိုက်စမ်း...”

ဝူယွမ်သည် ဝါးမျိုခြင်းစွမ်းအားကို ပိုမြှင့်တင်လိုက်သဖြင့် လေပြင်းကျောက်တုံးသည် အပြင်းအထန် ခုခံလာပြီး လေပြင်းစွမ်းအင် လှိုင်းလုံးကြီးများမှာ ထွက်ပေါ်လာကာ သူတို့နှစ်ဦးကို တွန်းထုတ်ရန် ကြိုးစားနေလေတော့သည်။

“မခုခံနဲ့တော့၊ လေပြင်းမျိုးစေ့ ဖြစ်တည်လာတာနဲ့ ငါတို့ ထွက်သွားပေးမယ်...” ဝူယွမ်က ကျောက်တုံးအတွင်းရှိ လေပြင်းဝိညာဉ်ထံသို့ သူ၏ အသံကို ပို့လွှတ်လိုက်သည်။

“ဝုန်း ဝုန်း...”

လေပြင်းကျောက်တုံးက ချက်ချင်း တုန်ခါသွားလေသည်။ ၎င်းသည် ဤကဲ့သို့ မောက်မာသော သူမျိုးကို တစ်ခါမျှ မတွေ့ဖူးပေ။

သိက္ခာရှိသော စင်ကြယ်သော ယွမ်ရတနာ တစ်ခုဖြစ်သည့် သူ့အား နိဗ္ဗာန်အဆင့်ရှိသော ကောင်လေးတစ်ယောက်က မည်သို့ ခြိမ်းခြောက်ရဲသနည်း။

လေပြင်းခန်းမမှ လူများက သူ့ကို ဘိုးဘေးတစ်ဦးကဲ့သို့ ရိုသေကြပြီး သူပျော်ရွှင်သောအခါ တပည့်များ ကျင့်ကြံရန် လေပြင်းစွမ်းအင်များကို ပိုထုတ်လွှတ်ပေးပြီး စိတ်မချမ်းသာသောအခါ အိပ်ပျော်နေတတ်သည်။ ယနေ့တွင်မူ သူက တပည့်နှစ်ဦး၏ ဖိနှိပ်ခြင်းကို ခံရကာ အတင်းအဓမ္မ ဝါးမျိုခြင်း ခံနေရသည်။ ကျောက်တုံးဝိညာဉ်မှာ အလွန်ဒေါသထွက်သွားပြီး ကြီးမားလှသော တွန်းကန်အားကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။

“မင်းကတော့ ငါ့ကို အခွင့်ကောင်းယူနေတာပဲ...” ဝူယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ “ ချိတ်ပိတ်ခြင်းတိမ် သူ့ကို ဖိနှိပ်ထားလိုက်စမ်း...” ဟု ဆိုလိုက်သည်။

သူက ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံနှင့် ဆက်သွယ်လိုက်ပြီး သာမန်မျက်စိဖြင့် မမြင်ရသော ရူန်းကြိုးမျှင်များက သေးငယ်သော မဟာရှေးဟောင်း ကျောက်တိုင်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ထိုရူန်းကြိုးမျှင်များက လေပြင်းကျောက်တုံးပေါ်သို့ လျင်မြန်စွာ တက်လှမ်းသွားပြီး ထွက်ပေါ်နေသော တွန်းကန်အားကို ပိတ်ဆို့လိုက်သည်။

သူတို့၏ အနားတွင် လေပြင်းကျောက်တုံး၏ ပြင်းထန်သော ခုခံမှုကို ခံစားလိုက်ရသဖြင့် လင်းတုန်၏ လက်ဖဝါးအတွင်းရှိ ကျောက်လက်ဖွဲ့သည်လည်း လင်းလက်လာခဲ့သည်။

နူးညံ့သော အဖြူရောင် အလင်းတန်းမှာ လင်းတုန်၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာပြီး လေပြင်းကျောက်တုံးအတွင်းသို့ စီးဝင်သွားသည်။

ကျောက်လက်ဖွဲ့ထဲမှ အဖြူရောင် အလင်းသည် လေပြင်းကျောက်တုံး၏ ကာကွယ်ရေး အလွှာများကို လျင်မြန်စွာ ထိုးဖောက်သွားပြီး နောက်ဆုံးတွင် ၎င်း၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းသို့ ရောက်ရှိသွားခဲ့သည်။

လင်းတုန်က ထူးဆန်းသော လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ထိုလှိုင်းက တုန်လှုပ်နေသည်ကို ခံစားလိုက်ရသည်။

ကျောက်လက်ဖွဲ့၏ ဝိညာဉ်သည် လေပြင်းကျောက်တုံးအတွင်းရှိ ဝိညာဉ်ကို ဝိညာဉ်ရတနာ တစ်ခု ဖြစ်ပုံဖြစ်နည်းကို သင်ခန်းစာ ပေးတော့မည်ပဲဖြစ်သည်။

လေပြင်းကျောက်တုံး ဝိညာဉ်မှာ ရုတ်တရက် မှိုင်တွေသွားခဲ့သည်။ နက်မှောင်သော ပိုက်ကွန်တစ်ခုက သူ၏ ခေါင်းကို အုပ်ထားပြီး အဖြူရောင် လက်သီးတစ်ခုက သူကို ထိုးနှက်နေခဲ့သည်။

၎င်းမှာ မခုခံနိုင်၊ ပြန်မတိုက်နိုင်၊ အော်ပင် မအော်နိုင်ခဲ့ချေ။

ဤသည်မှာ ဝိညာဉ်တစ်ခုအတွက် အလွန်အမင်း အနိုင်ကျင့်ခံရခြင်း အခိုက်အတန့်ပဲဖြစ်သည်။

ကျောက်လက်ဖွဲ့ ဝိညာဉ်နှင့် ချိတ်ပိတ်ခြင်းတိမ်တို့ ပူးပေါင်းကာ လေပြင်းကျောက်တုံး ဝိညာဉ်ကို ဖိနှိပ်ထားသဖြင့် သူတို့နှစ်ဦးမှာ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခဲ့ကြသည်။

“ဘုန်း...”

အလွန်အစွမ်းထက်သော လေပြင်းစွမ်းအင် လှိုင်းလုံးကြီးများက ဆည်ကျိုးသွားသော ရေများကဲ့သို့ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် စီးဝင်လာပြီး ဒန်တျန်အတွင်းသို့ စီးဝင်သွားသည်။

ဤကဲ့သို့ ရူးသွပ်စဖွယ် လေပြင်းစွမ်းအင်များ စီးဝင်လာမှုအောက်တွင် ဒန်တျန်အတွင်းရှိ မီးခိုးရောင် စွမ်းအင်ထုမှာ ပိုမိုသိပ်သည်းလာပြီး နောက်ဆုံးတွင် ပြင်းထန်စွာ တုန်ခါသွားကာ လက်သီးဆုပ်ခန့်ရှိသော မီးခိုးရောင် ပုတီးစေ့ကဲ့သို့ အရာတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။

လေပြင်းမျိုးစေ့ ဖြစ်တည်လာခဲ့လေပြီ။

All Chapters