← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း ၂၀၇ - မဟာကန္တာရ မိစ္ဆာမျက်လုံး၊ ‘ရှေးဟောင်းသားရဲ’ ထွက်ပေါ်လာခြင်း

ဝုန်း... ဝုန်း...

ဝူယွမ်နှင့် လင်းတုန်တို့၏ ဤမျှအတိုင်းအတာအထိ ပြင်းထန်သော စွမ်းအင်များ တစ်ပြိုင်နက်တည်း အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာခဲ့သည်။

လေပြင်းမျိုးစေ့ စတင်ဖြစ်တည်လာခြင်းမှ ထွက်ပေါ်လာသည့် ကျယ်ပြောသော စွမ်းအင်လှိုင်းများက သူတို့နှစ်ဦးထံမှ လှိုင်းတံပိုးများသဖွယ် လျှံထွက်နေပြီး ထိုထဲတွင်အလွန်တရာ ထူးခြားသိပ်သည်းလွန်းသော လေပြင်းစွမ်းအင်များ ပါဝင်နေခဲ့သည်။

ထိုပြင်းထန်လွန်းသည့် စွမ်းအင်အတက်အကျကို ပတ်ဝန်းကျင်ရှိ တပည့်များက ချက်ချင်းပင် အာရုံခံမိသွားကြပြီး သူတို့၏ မျက်နှာထက်တွင် အံ့အားသင့်တုန်လှုပ်မှုများ ချက်ချင်း ဖုံးလွှမ်းသွားကြသည်။

လေပြင်းစွမ်းအင်ကို ဤအတိုင်းအတာအထိ ထုတ်လွှတ်နိုင်ရန်အတွက် အနည်းဆုံး လေပြင်းမျိုးစေ့ကို အောင်မြင်စွာ စုစည်းနိုင်ရမည်ဖြစ်ပြီး လေပြင်းမျိုးစေ့ ဖြစ်တည်လာရန်မှာလည်း ‘မဟာရှေးဟောင်းပညာရပ်’ ကို တတိယအဆင့်အထိ ကျင့်ကြံနိုင်မှသာ ဖြစ်နိုင်ပေသည်။

ဝူယွမ်နှင့် လင်းတုန်တို့ ကျင့်ကြံနေသည်မှာ မည်မျှ ကြာသေးသနည်း၊ နာရီဝက်ပင် မပြည့်သေးချေ၊ သို့သော် သူတို့ အောင်မြင်သွားခဲ့ပြီ၊ ဤအရာမှာ အလွန်တရာ အဓိပ္ပာယ်မရှိလှချေ။ အကယ်လို့သာ သူတို့မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရခြင်းမဟုတ်လျှင် ဤဖြစ်ရပ်ကို မည်သူမျှ ယုံကြည်နိုင်ကြမည် မဟုတ်ပေ။

ဤနေရာရှိ တပည့်များသည် အနည်းဆုံး တစ်လ၊ အချို့ဆိုလျှင် နာရီပေါင်းများစွာကို ကျော်လွန်၍ နှစ်၀က်လောက် ကျင့်ကြံနေကြသော်လည်း လေပြင်းမျိုးစေ့ကို အောင်မြင်အောင် မစုစည်းနိုင်သေးချေ၊ သာမန်တပည့်များမှာ လပေါင်းများစွာ အချိန်ယူရလေ့ရှိပြီး ပါရမီထူးချွန်သော တိုက်ရိုက်တပည့်များပင် တစ်လ သို့မဟုတ် နှစ်လခန့် အချိန်ယူရသည်။

ဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်နေသော ကျိုးထုံပင်လျှင် ထိုစဉ်က လေပြင်းမျိုးစေ့ကို စုစည်းနိုင်ရန် သုံးရက်တိုင်တိုင် အချိန်ယူခဲ့ရလေသည်။

မျက်မမြင် အဘိုးအို၏ မျက်နှာမှာ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူ၏ အံ့အားသင့်မှုမှာ ထိုနှစ်ဦး၏ ကျင့်ကြံမှု မြန်ဆန်လွန်းခြင်းကြောင့်သာမက လေပြင်းကျောက်တုံး၏ တွန်းကန်မှုကို အံတုနိုင်သည့် သူတို့၏ စွမ်းရည်ကြောင့်လည်း ဖြစ်သည်။

“ကဲ... လောလောဆယ်တော့ ဒီလောက်နဲ့ပဲ တော်ကြဦးစို့၊” ဝူယွမ်က သူ၏ လက်ကို ရုတ်သိမ်းလိုက်ရင်း လင်းတုန်ကို ပြောလိုက်သည်။

တစ်ချိန်တည်းမှာပဲ မဟာရှေးဟောင်းကျောက်တိုင်မှ ထွက်ပေါ်နေသော စွမ်းအင်များကိုလည်း ပြန်လည် ရုတ်သိမ်းလိုက်သည်။

လင်းတုန်သည်လည်း လေပြင်းကျောက်တုံးပေါ်မှ လက်ကို ခွာလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ တိုးဝှေ့နေသော စွမ်းအင်များကို ကျေကျေနပ်နပ်ကြီး အာရုံခံနေမိသည်။

ဝူး... လေပြင်းကျောက်တုံး၏ ဝိညာဉ်သည်လည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားပြီ ဖြစ်ကာ သူ၏ လေပြင်းစွမ်းအင်များကို ငြိမ်သက်အောင် ထိန်းချုပ်လိုက်ပြီး ဝူယွမ်နှင့် လင်းတုန်တို့အနားသို့ ထပ်မံ၍ မချဉ်းကပ်ရဲတော့ချေ၊ သူတို့နှစ်ဦး လေပြင်းကျောက်တုံး နယ်မြေထဲမှ ထွက်လာချိန်တွင် မျက်မမြငါ အဘိုးအိုနှင့် ဆုံသွားခဲ့ကြသည်။

“မင်းတို့ လူငယ်နှစ်ယောက်ကတော့ တကယ်ကို ထူးချွန်ကြတာပဲ၊ တကယ်လို့ ကျိုးထုံသာ သူ့ရဲ့စံချိန်ကို မျိုးဆက်သစ်လူငယ်နှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ချိုးဖျက်သွားတာကို သိရင်... သင်္ချိုင်းထဲမှာတောင် ငြိမ်ငြိမ်နေနိုင်မှာ မဟုတ်တော့ဘူး၊” ဟု အဘိုးအိုက အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

“မဟုတ်တာပဲ အဘိုးရာ၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က လေပြင်းစွမ်းအင်အပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အထူးသိုင်းပညာရပ်တစ်ခုကို ကျင့်ကြံထားလို့ပါ၊ စီနီယာ ကျိုးထုံနဲ့တော့ ဘယ်ယှဉ်လို့ ရပါ့မလဲ၊” ဝူယွမ်က ကိုယ့်ကိုကိုယ်နှိမ့်ချပြီး ပြန်ပြောလိုက်သည်။

“ကျိုးထုံမှာလည်း သူ့ရဲ့ ၀ှက်ဖဲတွေ ရှိခဲ့တာပါပဲ၊ မင်းတို့ အခုလို လုပ်နိုင်တာကိုကပဲ မင်းတို့ရဲ့ စွမ်းရည်ကို သက်သေပြနေတာပဲ၊” ဟု အဘိုးအိုက ခပ်ပါးပါး ပြုံးရင်း ဆိုသည်။

“မင်းတို့ သိုင်းပညာရပ်တွေ မရွေးရသေးဘူး မဟုတ်လား၊ အပြင်ဘက်က သိုင်းပညာရပ်တွေကိုတော့ မင်းတို့ စိတ်ဝင်စားမယ် မထင်ဘူး၊ ငါ့နောက်ကို လိုက်ခဲ့ကြ၊ အဲဒီနေရာဟာ ကျိုးထုံလည်း သွားခဲ့ဖူးတဲ့ နေရာဆိုလည်းမမှားဘူး၊ မင်းတို့ကော သူ့ကို ကျော်ဖြတ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့၊”

ထိုသို့ပြောပြီးနောက် အဘိုးအိုက ခန်းမကြီး၏ အတွင်းပိုင်းဆီသို့ ဦးတည်၍ လျှောက်လှမ်းသွားခဲ့သည်။

ဝူယွမ်နှင့် လင်းတုန်တို့မှာ အလွန်ဝမ်းသာသွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ အမြန်ပင် နောက်မှ လိုက်သွားကြသည်၊

“အစ်ကိုကြီး... ဒီစီနီယာရဲ့ စွမ်းအားက ကြောက်စရာကောင်းလိုက်တာ၊ ခန်းမသခင်နှစ်ယောက်ထက်တောင် ပိုပြီး စွမ်းအားကြီးနေသလိုပဲ...” လင်းတုန်က သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ဝူယွမ်ကို တိုးတိုးလေး လှမ်းပြောလိုက်သည်။

“ဟုတ်တယ်... တောင်ဂိုဏ်းမှာလည်း ဖုံးကွယ်ထားတဲ့ ပညာရှင်တွေ အများကြီးရှိတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ်... နောင်ဆိုရင် ဒါက ငါတို့ရဲ့ ဂိုဏ်းဖြစ်လာတော့မှာပဲလေ၊ အင်အားကြီးတဲ့သူတွေ များလေလေ... ငါတို့အတွက် ပိုကောင်းလေလေပေါ့၊” ဝူယွမ်က အေးအေးလူလူပင် ပြန်ပြောလိုက်သည်။

မူရင်းဇာတ်လမ်းထဲတွင် သူသည် တောင်ဂိုဏ်းအပေါ် အတော်လေး အထင်ကြီးခဲ့ဖူးသည်။

ဖြစ်နိုင်လျှင် သူသည်လည်း ဤဂိုဏ်း၏ ဂုဏ်ကျက်သရေကို တစ်ခါလောက် ခံစားကြည့်ချင်မိလေသည်။

မျက်မမြင် အဘိုးအိုက ကျောက်စာတိုင်များအကြားတွင် အလွန်နှေးကွေးစွာ လျှောက်သွားနေခဲ့သည်၊ ဝူယွမ်နှင့် လင်းတုန်တို့မှာလည်း လုံးဝ စိတ်မလောဘဲ သူ၏နောက်မှ ငြိမ်သက်စွာ လိုက်ပါလာခဲ့ကြလေသည်။

ဤကဲ့သို့သော ပညာရှင်ကြီးတစ်ဦး၏ လုပ်ဆောင်ချက်တိုင်းတွင် ခိုင်လုံသော အကြောင်းပြချက် ရှိစမြဲဖြစ်သည်။

ယခုကဲ့သို့ နှေးကွေးစွာ လျှောက်လှမ်းနေခြင်းမှာ သူတို့၏ စိတ်နေစိတ်ထားကို အကဲခတ်နေခြင်းလည်း ဖြစ်နိုင်သည်။

ကျင့်ကြံသူတစ်ဦးအတွက် ပါရမီထူးချွန်မှုမှာ ဒုတိယသာဖြစ်ပြီး မိမိ၏ စိတ်ကို တည်ငြိမ်အောင် ထားနိုင်မှုက ပိုအရေးကြီးပေသည်။

တစ်နာရီခန့်လောက် လမ်းလျှောက်လာခဲ့ပြီးနောက် အဘိုးအိုမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်၊ သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်နှင့် ဝူယွမ်နှင့် လင်းတုန်တို့၏ အကြည့်များမှာလည်း ရှေ့သို့ ချက်ချင်း ရောက်ရှိသွားခဲ့ကြသည်။

သူတို့ရှေ့တွင် ပန်းကန်လုံးတစ်လုံးကို မှောက်ထားသကဲ့သို့သော အလင်းအကာအကွယ်တစ်ခု ရှိနေပြီး ထိုအကာအကွယ်အတွင်း၌ ကျောက်စာတိုင် လေးတိုင်ကို မရေမရာ ဝေဝါးဝါး မြင်တွေ့နေရသည်။

ရွှီး...

အဘိုးအိုက မော့ကြည့်လိုက်ပြီး သူ၏ တွန့်လိမ်နေသော လက်ကို ဖြေးဖြေးချင်း မြှောက်ကာ လေထုထဲတွင် အသာအယာ ဆွဲခြစ်လိုက်သည်။

သူ၏ လက်ချောင်းထိပ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းအကာအကွယ်နှင့် ဟင်းလင်းပြင်ကြီးမှာ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ကွဲအက်သွားခဲ့သည်။

“ဝိညာဉ်စွမ်းအင်လား...”

ဝူယွမ်နှင့် လင်းတုန်တို့နှစ်ဦးစလုံး အဘိုးအို၏ စွမ်းအားကို အာရုံခံမိလိုက်ကြသည်။ သို့သော် ထိုဝိညာဉ်စွမ်းအင်မှာ သူတို့၏ စွမ်းအင်ထက် အဆပေါင်းများစွာ ပိုမို သန့်စင်လွန်းနေလေသည်။

သူတို့၏ စွမ်းအင်ကို စမ်းရေတွင်းလေးတစ်ခုနှင့် နှိုင်းယှဉ်လျှင် အဘိုးအို၏ စွမ်းအင်မှာ ကျယ်ပြောလှသော သမုဒ္ဒရာကြီးအလား... နှိုင်းယှဉ်၍ပင် မရနိုင်တော့ချေ၊ လင်းတုန်မှာ အလွန်တရာ တုန်လှုပ်သွားရသည်။

သူသည် ဝူယွမ်ကဲ့သို့ ထိုအဘိုးအို၏ နောက်ခံကို သိထားခြင်း မရှိသဖြင့် အံ့အားသင့်လွန်း၍ ပါးစပ်ပင် အနည်းငယ် ဟသွားမိသည်။

ဝိညာဉ်စွမ်းအင်ဖြင့် အကာအကွယ်ကို ဆွဲဖြဲပြီးနောက် အဘိုးအိုက အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားခဲ့သည်။ ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း အမြန်ပင် နောက်မှ လိုက်လာကြပြီး အလင်းအကာအကွယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် ပတ်ဝန်းကျင်မှာ အနည်းငယ် မှောင်မှိုက်သွားပြီး ထူးဆန်းသော ဖိအားတစ်ခုမှာ သူတို့၏ နှလုံးသားကို ချမ်းစိမ့်သွားစေခဲ့သည်။

ဤခံစားချက်က ရှေ့တွင်ရှိနေသော ကျောက်စာတိုင် လေးတိုင်ထံမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ မည်းနက်နေသော ကျောက်စာတိုင်ကြီးများက ရှေးဟောင်းသားရဲကြီးများသဖွယ် ငြိမ်သက်စွာ ရပ်တည်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။

ထိုကျောက်စာတိုင်များသည် အပြင်ဘက်ရှိ ကျောက်စာတိုင်များထက် ပိုမြင့်ပြီး သူတို့ထုတ်လွှတ်နေသော စွမ်းအင်များမှာလည်း အလွန်ထူးခြားလှသည်။

“ဒီမှာရှိတဲ့ ကျောက်စာတိုင် လေးတိုင်ထဲက တစ်တိုင်စီတိုင်းမှာ အရမ်းအစွမ်းထက်တဲ့ သိုင်းပညာရပ်တွေ ရှိတယ်၊ ပြောရမယ်ဆိုရင်... ဒါတွေဟာ ‘မဟာရှေးဟောင်း ဧကရာဇ်ကျမ်း’ ပြီးရင် ငါတို့ လေပြင်းခန်းမမှာ အစွမ်းထက်ဆုံး သိုင်းပညာရပ်တွေပဲ၊” ဟု အဘိုးအိုက လက်နှစ်ဖက်ကို နောက်ပစ်ရင်း သူ၏ မီးခိုးရောင် မျက်လုံးများဖြင့် ကျောက်စာတိုင်များကို ကြည့်ကာ ပြောလိုက်သည်။

“တိုက်ရိုက်အဓိကတပည့်တွေသာ ဒီနေရာမှာ သိုင်းပညာ လာရောက် ကျင့်ကြံခွင့် ရှိကြတာ၊ အခု မင်းတို့ရှေ့မှာ ရှိနေတဲ့ တိုက်ရိုက်အဓိကတပည့် လေးယောက်တောင် ပထမကျောက်စာတိုင်က သိုင်းပညာရပ်ကိုပဲ ကျင့်ကြံနိုင်ကြသေးတယ်၊ ကျန်တဲ့ သုံးခုကိုတော့ ဘယ်သူမှ အောင်အောင်မြင်မြင် မကျင့်ကြံနိုင်ကြသေးဘူး၊”

ဝူယွမ်က “ဒီသိုင်းပညာရပ်တွေက ဘာတွေ ကွာခြားသလဲဟင်၊” ဟု မေးလိုက်သည်။

အဘိုးအိုက ခဏ စဉ်းစားလိုက်ပြီး “စွမ်းအားကတော့ ကျင့်ကြံသူအပေါ်မှာပဲ မူတည်တယ်၊ ဒါပေမဲ့ ခက်ခဲမှုအပိုင်းမှာတော့... ပထမတစ်ခုက အလွယ်ဆုံးဖြစ်ပြီး လူတိုင်းနီးပါး အောင်မြင်အောင် ကျင့်ကြံနိုင်တယ်၊ ဒုတိယတစ်ခုကတော့ နည်းနည်း ပိုခက်တယ်၊ တတိယနဲ့ စတုတ္ထကတော့ သူ့နည်းလမ်းနဲ့သူ ထူးခြားချက်တွေ ရှိကြတယ်၊”

“စီနီယာ ကျိုးထုံကော ဘယ်တစ်ခုကို ရွေးခဲ့တာလဲ၊” လင်းတုန်က မေးလိုက်ပြန်သည်။

“သူကတော့ တတိယတစ်ခုကို ရွေးခဲ့တာ၊ တတိယ သိုင်းပညာရပ်က ခန္ဓာကိုယ် ကြံ့ခိုင်မှုအပေါ်မှာ ပိုပြီး မူတည်တယ်၊ စတုတ္ထတစ်ခုကတော့ ဝိညာဉ်စွမ်းအင်နဲ့ ယွမ်စွမ်းအင် နှစ်မျိုးစလုံးမှာ မြင့်မားတဲ့ အဆင့်ရှိဖို့ လိုအပ်တယ်၊”

ဝူယွမ်နှင့် လင်းတုန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံးအတွက် တတိယနှင့် စတုတ္ထမှာ အတော်လေး သင့်လျော်နေခဲ့သည်။

သူတို့၏ ခန္ဓာကိုယ်က အလွန်တရာ သန်မာပြီး ဝိညာဉ်စွမ်းအင်နှင့် ယွမ်စွမ်းအင်မှာလည်း ဟန်ချက်ညီညီ မြင့်မားနေခဲ့ကြလေသည်။

“ကဲ... မင်းတို့ ကြည့်ကြည့်ကြဦးလေ၊”

သူတို့နှစ်ဦး ပထမကျောက်စာတိုင်ကို ကြည့်လိုက်ကြသည်။

“မဟာကြယ်စင် လေပြင်းလက်သီး” အမည်ကို မြင်ရုံမျှဖြင့် ကျယ်ပြောပြီး ကြမ်းတမ်းလှသော အငွေ့အသက်ကို သူတို့ခံစားလိုက်ကြရသည်။ ဤသည်မှာ အလွန်ပြင်းထန်လွန်းသော သိုင်းပညာရပ်တစ်ခု ဖြစ်ပေသည်။

ဒုတိယ ကျောက်စာတိုင်ပေါ်တွင်မူ မည်းနက်နေသော သံလျက်ပုံစံ ဓားရှည်ကြီးတစ်ခုကို ထွင်းထုထားပြီး ထိုဓားမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်၊

“မဟာအမှောင်တိုက် တိုက်စားခြင်းဓား”

ထို့‌ေနာက် သူတို့ တတိယ ကျောက်စာတိုင်ကို ဆက်ကြည့်လိုက်ကြလေသည်။

၎င်းမှာ အခြားကျောက်စာတိုင်များနှင့်ယှဉ်လျှင် ပိုရိုးရှင်းပြီး မီးခိုးရောင် သန်းနေသည်။

ကျောက်စာတိုင်၏ မျက်နှာပြင်ပေါ်တွင် လူပုံရိပ်တစ်ခု တင်ပျဉ်ခွေ ထိုင်နေသော်လည်း ထိုပုံရိပ်၏ ခန္ဓာကိုယ်မှာ ခြောက်သွေ့နေပြီး အက်ကွဲနေသော မြေပြင်ကဲ့သို့ ဖြစ်နေလေသည်။

သို့သော် ထိုအက်ကွဲကြောင်းများကြားမှ အလွန်တရာ အစွမ်းထက်သော စွမ်းအားများ ကိန်းဝပ်နေသည်ကို မြင်တွေ့နေရသည်။

“မဟာရှေးဟောင်း ခန္ဓာကိုယ်”

သံသယဖြစ်စရာမလို ၎င်းမှာ အလွန်အစွမ်းထက်သော ခန္ဓာကိုယ်ကျင့်စဉ်တစ်ခု ဖြစ် လေသည်။ သို့သော် ဝူယွမ်နှင့် လင်းတုန်တို့တွင် ခန္ဓာကိုယ်ကျင့်စဉ်များ အလွန်များပြားနေပြီဖြစ်ရာ အသစ်တစ်ခုကို ထပ်မံကျင့်ကြံရန် စိတ်မကူးတော့ချေ။

ဝူယွမ်တွင် “ကောင်းကင်ပြာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်” ရှိထားသလို လင်းတုန်တွင်လည်း “လိပ်နက်” အမွေအနှစ် ရှိနေခဲ့လေသည်။

သူတို့က စတုတ္ထကျောက်စာတိုင်ကို ဆကိကြည့်လိုက်ကြသည်။ ထိုကျောက်စာတိုင်ပေါ်တွင် မည်သည့် စာသားမှ မရှိ၊ မည်းနက်နေသော မျက်နှာပြင်ပေါ်တွင် ကြီးမားလှသော အမည်းရောင် မျက်လုံးကြီး တစ်လုံးသာ ရှိနေခဲ့သည်။

ဝူယွမ်၏ အကြည့်မှာ ထိုမျက်လုံးဆီသို့ ချက်ချင်းပင် ရောက်ရှိသွားပြီး သူက ထိုမျက်လုံးကို ငေးကြည့်မိသွားသည်။

ထိုမျက်လုံးမှာ သက်ရှိတစ်ခုကဲ့သို့ လှုပ်ရှားနေပြီး သူ့ကို ပြန် စိုက်ကြည့်နေသကဲ့သို့ ၀ူယွမ်ခံစားလိုက်ရသည်။ ဤခံစားချက်မှာ ဝူယွမ် တစ်ကိုယ်လုံးရှိ အမွေးအမှင်များကို ထောင်မတ်သွားစေခဲ့သည်။

မျက်မမြင် အဘိုးအိုသည် တည်ငြိမ်လှသော်လည်း သူတို့နှစ်ဦးကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။

သူတို့နှစ်ဦးက ထိုမျက်လုံးကို မိနစ်အနည်းငယ်ကြာ စိုက်ကြည့်နေမိရာမှ ရုတ်တရက် ထိုမျက်လုံးကြီးမှာ နှစ်ကြိမ်ဆက်တိုက် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ထို့နောက် အမည်းရောင် အလင်းတန်းနှစ်ခုမှာ ကျောက်စာတိုင်ထဲမှ ထွက်ပေါ်လာခဲ့ကာ သူတို့၏ မျက်လုံးများအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။

ဝူယွမ်က အမည်းရောင်အလင်းတန်းမှတစ်ဆင့် သတင်းအချက်အလက်များကို ရရှိခဲ့သည်။

ရှေးဟောင်းခတ်တုန်းက မျက်လုံးတစ်လုံးတည်းသာ ပါရှိသည့် ထူးဆန်းလွန်းသော “ကန္တာရ” အမည်ရှိ သားရဲကြီးတစ်ကောင် ရှိခဲ့ဖူးသည်၊ ထိုသားရဲကြီးက သူ၏ မျက်လုံးကို ဖွင့်လိုက်သည်နှင့် မိုင်ပေါင်းသောင်းချီ၊ နယ်မြေအနှံ့အပြား ကန္တာရဖုန်ဆိုးမြေကြီးအလား ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားရမည်ဖြစ်ပြီး သက်ရှိမှန်သမျှ၏ ဇီဝအသက်စွမ်းအားများကို တိုက်စားသွားနိုင်သည့်အစွမ်း ရှိလေသည်။

စတုတ္ထကျောက်စာတိုင် သိုင်းပညာရပ်၊ “မဟာကန္တာရ မိစ္ဆာမျက်လုံး”

ဤကျင့်စဉ်မှာ သာမန်ကျင့်စဉ်များကဲ့သို့ ကျင့်ကြံ၍ မရဘဲ ကျောက်စာတိုင်ပေါ်ရှိ မိစ္ဆာမျက်လုံးအတွင်းသို့ မိမိ၏ စိတ်အာရုံကို နှစ်ဝင်စေပြီး ကျင့်ကြံရခြင်း ဖြစ်သည်။

ဝူယွမ်နှင့် လင်းတုန်တို့နှစ်ဦးစလုံး ရရှိလာသော သတင်းအချက်အလက်များကို ချေဖျက်နေခဲ့ကြသည်။ ကျင့်စဉ်မှာ စွမ်းအားကြီးသလောက် ဆိုးကျိုးလည်းရှိသည်။

အကယ်၍ ဤကျင့်စဉ်ကို ကျင့်ကြံရာ၌ ကျရှုံးခဲ့ပါက စွမ်းအင်များ ဆုံးရှုံးသွားရုံသာမက မျက်လုံးနှစ်လုံးစလုံး ကွယ်သွားနိုင်သည့် အန္တရာယ် ရှိ‌ေလသည်။

ဘေးနားရှိ အဘိုးအိုမှာ သူ၏ မျက်စံမပါသော မျက်လုံးများကို ပြန်လည် ထိတွေ့ရင်း သက်ပြင်းချလိုက်မိသည်။

သူကဲ့သို့ အဆင့်တစ်ခုအထိ ရောက်ရှိနေသော စွမ်းအားရှင်မျိုးမှာ ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါများကိုပင် ပြန်ပေါက်စေနိုင်သော်လည်း ဤကျင့်စဉ်ကြောင့် ကွယ်သွားရသော မျက်လုံးများကိုမူ မည်သို့မျှ ကုသ၍ မရနိုင်တော့ချေ။

“အစ်ကိုကြီး... ကျွန်တော် ဒီ ‘မဟာရှေးဟောင်း မိစ္ဆာမျက်လုံး’ ကို ကျင့်ချင်တယ်၊ အတော်လေး စိန်ခေါ်မှု ရှိပုံရတယ်” လင်းတုန်က ဝူယွမ်ကို လှမ်းပြောလိုက်သည်။

“ကန္တာရ” သားရဲ၏ စွမ်းအားကို မြင်တွေ့ရပြီးနောက် သူက အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။

“ငါလည်း စိတ်ဝင်စားနေတာပဲ၊ ငါ့ရဲ့ မျက်လုံးအတွက် အစွမ်းထက်တဲ့ နည်းစနစ်တစ်ခု လိုအပ်နေတာနဲ့ အတော်ပဲ၊ အတူတူ ကျင့်ကြံကြတာပေါ့၊” ဝူယွမ်က ပြန်‌ေဖြလိုက်သည်။

သူက မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အ၀ ရှိနေခဲ့သည်။ အကယ်၍ မအောင်မြင်ခဲ့လျှင်တောင် သူ၏ မျက်လုံးများ မကွယ်သွားအောင် ကာကွယ်နိုင်မည့် နည်းလမ်းများ သူ၏ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလား။

လင်းတုန်အတွက်မူ သူ စိတ်မပူချေ၊ မူရင်းဇာတ်လမ်းထဲတွင် လင်းတုန်သည် ဤကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သူဖြစ်ရာ အခုလည်း ကျင့်ကြံဖို့ဖြစ်နိုင်မည်မှာ သေချာပေါက်ပင်။

ဝူယွမ်က မျက်လုံးကို ဖွင့်လိုက်ပြီး “စီနီယာ... ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်စလုံး ဒီသိုင်းပညာရပ်ကိုပဲ ရွေးချယ်ပါတယ်၊”

အဘိုးအိုက ခဏတာ ဆွံ့အသွားပြီးနောက် တည်ကြည်လေးနက်သွားပြီး သတိပေးလိုက်သည်။ “ဒီသိုင်းပညာရပ်က အရမ်း အန္တရာယ်များတယ်၊ တစ်ခုခု လွဲချော်သွားရင်... မင်းတို့ရဲ့ မျက်လုံးတွေဟာ ငါ့လိုပဲ ဖြစ်သွားလိမ့်မယ်၊”

“အန္တရာယ်ကြီးလေလေ... ရရှိမယ့် အကျိုးကျေးဇူးကလည်း ကြီးမားလေလေပဲ၊ မိစ္ဆာမျက်လုံးရဲ့ စွမ်းအားက ဒီစွန့်စားမှုတွေနဲ့ ထိုက်တန်ပါတယ်၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့် ရှိပါတယ်၊” ဟု ဝူယွမ်က ပြုံးရင်း ဆိုလိုက်သည်။

ဝူယွမ်နှင့် လင်းတုန်တို့သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် မိစ္ဆာမျက်လုံး ကျောက်စာတိုင်ရှေ့တွင် ထိုင်ချလိုက်ကြပြီး မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်ကာ စတင်ကျင့်ကြံလိုက်ကြသည်၊ သူတို့၏ နီဝမ်နယ်ပယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ကျောက်စာတိုင်ပေါ်ရှိ မိစ္ဆာမျက်လုံးနှင့် ချိတ်ဆက်လိုက်ကြသည်။

ဝုန်း...

ဝူယွမ်၏ စိတ်အာရုံမှာ ကျောက်စာတိုင်အတွင်း ၀င်ရောက်သွားသည်နှင့် သူက ကျယ်ပြောလှသော ကန္တာရလွင်ပြင်ကြီးတစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ဤကမ္ဘာကြီးမှာ ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ဝူယွမ်မှာ ထိုကျယ်ပြောလှသော နယ်မြေကြီးအတွင်း၌ သူ့ကိုယ်သူ အလွန် သေးငယ်လှသည်ဟု ခံစားလိုက်ရသည်။ ထို့အပြင် အမျိုးအမည်မသိ ဖိအားတစ်ခုလည်း ကျရောက်နေခဲ့သည်။

သူက ထိုဖိအားကို အံတုကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ရုတ်တရက် မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး မိုင်ပေါင်းများစွာ ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုအက်ကြောင်းကြီးထဲမှ ထူးဆန်းသော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် မြူခိုးများ လွင့်ပျံလာခဲ့သည်။

ထို့နောက် အလွန် ကြီးမားလွန်းသော အနက်ရောင် သတ္တဝါကြီးတစ်ကောင်မှာ အက်ကြောင်းထဲမှ ထိုးထွက်လာပြီး သူ့ခန္ဓာကိုယ်မှာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားလေသည်။

ထိုသတ္တ၀ါကြီး၏ ခန္ဓာကိုယ်မှာ မြွေတစ်ကောင်ကဲ့သို့ ရှည်လျားလွန်းပြီး တစ်ကိုယ်လုံးမှာ သံမဏိကဲ့သို့ မည်းနက်နေခဲ့သည်။

သတ္တဝါကြီးက ပါးစပ်ကြီးဟနေကာ ချွန်မြထက်မြတ်လွန်းသော သွားများကို မြင်တွေ့နေရသည်။

မျက်ခုံးနှစ်ခုအကြားတွင်မူ... ကြီးမားသော အနက်ရောင် မျက်လုံးတစ်လုံး ရှိနေခဲ့သည်။

ဤသည်မှာ “ကန္တာရ” ရှေးဟောင်းသားရဲကြီးပဲဖြစ်သည်။

နတ်ဆိုးသားရဲကြီး ထွက်ပေါ်လာခဲ့ချေပြီ။

အခန်း ၂၀၈ - မဟာကန္တာရ မိစ္ဆာမျက်လုံး အောင်မြင်ခြင်းနှင့် လေပြင်းခန်းမ၏ လစဉ်ပြိုင်ပွဲ

“ကန္တာရ” သားရဲကြီး ထွက်ပေါ်လာခဲ့လေပြီ။

ထိုတုန်လှုပ်ချောက်ချားဖွယ်ရာ သားရဲကြီးကို ကြည့်ရင်း ဝူယွမ်က အလွန်အမင်း ပြင်းထန်လှသော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ယခုမှ စတင်ပေါ်ထွက်လာခြင်း ဖြစ်သဖြင့် သားရဲကြီး၏ ဧရာမမျက်လုံးကြီးမှာ ပိတ်ထားဆဲ ဖြစ်သော်လည်း၊ ဝူယွမ်သည် ထိုမျက်လုံးကို ကြည့်မိရုံမျှဖြင့် ထိတ်လန့်တုန်လှုပ်မှုကို ခံစားရကာ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များပင် ထောင်ထသွားရလေသည်။

“ကန္တာရ” သားရဲကြီးသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် သူ၏ ကြီးမားလွန်းသော ခန္ဓာကိုယ်ကို ရစ်ခွေလိုက်ကာ ဦးခေါင်းကြီးကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်၏။

ထို့နောက် မြေပြင်ပေါ်တွင် သူ့ခန္ဓာကိုယ်နှင့်ယှဥ်လျှင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လှသော ဝူယွမ်ကို မျက်လုံးကြီးဖွင့်၍ စိုက်ကြည့်လိုက်လေသည်။

ထိုမျက်လုံးကြီး စိုက်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဝူယွမ်သည် မိမိခြေဖဝါးအောက်ရှိ မြေပြင်ကြီးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ခြောက်သွေ့ညှိုးနွမ်းသွားသည်ကို ခံစားလိုက်ရ၏။

“ဒါက လေပြင်းခွန်အားကို ထုတ်ဖော်ရမယ့် မှန်ကန်တဲ့ နည်းလမ်းပဲ...”

ဝူယွမ်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။ ဤနေရာသည် ဝိညာဉ်စွမ်းအင်နယ်ပယ်သာ ဖြစ်ပြီး အစစ်အမှန်မဟုတ်သည်ကို သိသော်လည်း၊ အလွန်အမင်း ပြင်းထန်သော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။

သူ့ ခြေဖဝါးအောက်ရှိ ကမ္ဘာမြေကြီးမှ အသက်ဓာတ်တို့မှာ အလျင်အမြန်ပင် ခန်းခြောက်သွားကာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး၊ ခြောက်သွေ့သော ဝါဖန့်ဖန့် ကန္တာရအရောင်မှာ မြင်သာသော အရှိန်ဖြင့် ပျံ့နှံ့သွားတော့သည်။

သို့သော်လည်း ဝူယွမ်က တုန်လှုပ်ခြင်း မရှိဘဲ ကောင်းကင်ယံမှ သားရဲကြီး၏ မျက်လုံးကိုသာ စိုက်ကြည့်နေမိ၏။ ဤကဲ့သို့သော အချိန်တွင် အကယ်၍ သူ၏ စိတ်ဝိညာဉ်သာ အနည်းငယ် တွန့်ဆုတ်သွားခဲ့ပါက ဤဝိညာဉ်စွမ်းအင် ယှဉ်ပြိုင်မှုတွင် ချက်ချင်းပင် ရှုံးနိမ့်သွားနိုင်ချေရှိသည်။

ဝူယွမ်၏ တွန်းလှန်လိုသော စိတ်ဓာတ်မှာ “ကန္တာရ” သားရဲကြီး၏အာရုံကို ဖမ်းစားနိုင်ခဲ့ပုံရ၏။

၎င်း၏ ဧရာမမျက်လုံးကြီးက ဝူယွမ်ကို အာရုံစိုက်လိုက်ကာ ပိုကျယ်ပြန့်စွာ ပွင့်လာပြီး မီးခိုးရောင် ရင့်ရင့်အငွေ့များဖြင့် ပြည့်နှက်သွားလေသည်။

ဝှစ်

ရုတ်တရက်ဆိုသလို၊ ပေတစ်ထောင်ခန့် လောက်ရှိသော မီးခိုးရောင် အလင်းတန်းတစ်ခုက ထိုမျက်လုံးကြီးထဲမှ ထွက်ပေါ်လာခဲ့၏။

အလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အသက်ဓာတ်များ ချက်ချင်းပင် ခြောက်သွေ့အက်ကွဲသွားရသည်။

မူလက စိမ်းလန်းစိုပြေနေခဲ့သော အရောင်အဝါများ ကွယ်ပျောက်ကာ အသက်ဓာတ်ကင်းမဲ့နေသော ကန္တာရအသွင်သို့ ပြောင်းလဲသွားတော့သည်။

အကြည့်တစ်ချက်တည်းနှင့်ပင် မိုင်တစ်ထောင်အတွင်း အရာခပ်သိမ်း ကန္တာရ ဖြစ်သွားလေပြီ။

ထိုမီးခိုးရောင် အလင်းတန်းက ဝူယွမ်ထံသို့ ဦးတည်လာနေခြင်းဖြစ်သည်။ အလင်းတန်း အရှိန်မှာ အလွန်လျှင်မြန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်း ဝူယွမ်၏ ရှေ့သို့ ရောက်ရှိလာသော်လည်း၊ ထိုအလင်းတန်းမှာ လျင်မြန်စွာ ကျုံ့သွားကာ လက်မဝက်ခန့်သာ ရှိတော့သည်။

ဝူယွမ်သည် မရှောင်တိမ်းခဲ့သလို ရှောင်ရန်လည်း မဖြစ်နိုင်ပေ။ သူက ရဲဝံ့စွာပင် ထိုအလင်းတန်းကို တိုက်ရိုက်ရင်ဆိုင်လိုက်၏။

သူ၏ မျက်လုံးများထဲတွင် လွှမ်းမိုးလိုသော စိတ်ဓာတ်နှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုတို့ အထင်အရှား ရှိနေခဲ့သည်။

နောက်တစ်စက္ကန့်တွင် ကျုံ့သွားသော မီးခိုးရောင်အလင်းတန်းမှာ သူ၏ နဖူးဆီသို့ အရှိန်အပြည့်ဖြင့် ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုတစ်ခု သူ၏ မျက်လုံးများမှတစ်ဆင့် ပျံ့နှံ့သွားပြီး၊ ဝူယွမ်၏ မျက်လုံးများမှာ အမြင်အာရုံ ဆုံးရှုံးသွားသကဲ့သို့ ချက်ချင်းပင် အမှောင်အတိ ကျသွားရသည်။

အခြားသော ဝိညာဉ်နယ်ပယ် တစ်ခုတွင်လည်း လင်းတုန်သည် ဝူယွမ်ကဲ့သို့ပင် “ကန္တာရ” ၏ စမ်းသပ်မှုကို ခံယူနေခဲ့ရသည်။ ကျောက်တိုင်ရှေ့တွင်မူ သူတို့နှစ်ဦးစလုံး မလှုပ်မယှက် ရှိနေကြပြီး သူတို့ကို စောင့်ကြည့်နေသော မျက်မမြင်အဖိုးအိုမှာလည်း အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေကာ သူ၏ အသက်ရှူသံကိုပင် မကြားရသလောက် ဖြစ်နေလေသည်။

အဖိုးအို၏ ဝိညာဉ်စွမ်းအင်သည် သူတို့နှစ်ဦးအား လွှမ်းခြုံထားပြီး၊ အကယ်၍ ဘေးအန္တရာယ် တစ်စုံတစ်ရာ ရှိလာပါက ကျောက်တိုင်ရှိ “မဟာကန္တာရ မိစ္ဆာမျက်လုံး” နှင့် သူတို့၏ ဆက်သွယ်မှုကို ချက်ချင်းဖြတ်တောက်ရန် အဆင်သင့် ဖြစ်နေခဲ့၏။

ဤပုစံအတိုင်း တစ်နာရီခန့် ကြာမြင့်သွားပြီးနောက်၊ ကျောက်တိုင်ရှေ့တွင် ထိုင်နေသော ဝူယွမ်သည် ပထမဆုံး စတင်တုန်ခါလာခဲ့လေသည်။ အနက်ရောင် ကျောက်တိုင်ပေါ်ရှိ “မဟာကန္တာရ မိစ္ဆာမျက်လုံး” ထံမှ မှေးမှိန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအလင်းတန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်မမြင်အဖိုးအိုက ရုတ်တရက် မော့ကြည့်လိုက်ပြီး ဝူယွမ်၏ ရှေ့တွင် ပေါ်လာကာ လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။

ဝူယွမ်၏ ချောမောလှပ၊ ထက်မြက်သော မျက်နှာပေါ်တွင် ယခုအခါ မီးခိုးရောင် အငွေ့အသက်များ ဖုံးလွှမ်းနေခဲ့၏။

ထိုမီးခိုးရောင် အငွေ့အသက်များသည် သူ၏ နဖူးအလယ်ဗဟိုသို့ စုစည်းသွားကာ ခဏအကြာတွင် သိမ်မွေ့သော မီးခိုးရောင်မျဉ်းတစ်ကြောင်း ပေါ်ထွက်လာလေသည်။

ထိုမျဉ်းသည် ဝူယွမ်၏ အရေပြားအတွင်းသို့ ပိုးကောင်တစ်ကောင်ကဲ့သို့ တိုးဝင်သွားပြီး မျက်ခုံးနှစ်ခုကြားတွင် အမြစ်တွယ်ရန် ကြိုးစားနေဟန်ရသည်။

၎င်းကို မြင်လိုက်ရသောအခါ မျက်မမြင်အဖိုးအို၏ အမူအရာမှာ စိတ်လှုပ်ရှားသွားခဲ့သည်။

၀ူယွမ်သည် “ကန္တာရ” သားရဲကြီးကို မြင်တွေ့သွားပြီဖြစ်ကြောင်း သူသိလိုက်ပြီး၊ အောင်မြင်စွာ ကျင့်ကြံနိုင်ခြင်း ရှိ၊ မရှိက‌တော့ ဝူယွမ်၏ နောက်ထပ် စွမ်းဆောင်ရည်အပေါ်တွင်သာ မူတည်တော့သည်။

ဝှစ်၊

နောက်ထပ် မီးခိုးရောင် အလင်းတန်းတစ်ခုမှာလည်း လင်းတုန်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူ၏ နဖူးအလယ်တွင် ဒေါင်လိုက်မျဉ်းတစ်ကြောင်း ဖြစ်ပေါ်လာစေပြန်သည်။

“သူတို့ နှစ်ယောက်လုံး မြင်လိုက်ကြပြီပဲ...”

မျက်မမြင်အဖိုးအိုက နောက်တစ်ကြိမ် အံ့အားသင့်ကာ ဝမ်းသာသွားရသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ လက်ထဲမှ တံမြက်စည်းမှာ ကြေမွသွားကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။

သို့သော်လည်း မကြာမီတွင် သူတို့နှစ်ဦး၏ မျက်နှာပေါ်ရှိ မီးခိုးရောင်မျဉ်းများမှာ တည်ငြိမ်သွားပြီး သူတို့၏ အမူအရာများမှာလည်း မူလကကဲ့သို့ တင်းမာမနေတော့ပေ။ လင်းတုန်၏ တုံ့ပြန်မှုမှာ အနည်းငယ် ပို၍ သိသာကာ သူ၏ မျက်ခွံများမှာ နာကျင်မှုကို အောင့်ခံထားရသကဲ့သို့ အနည်းငယ် တုန်ယင်နေခဲ့၏။

ကျောက်တိုင်ပေါ်ရှိ မိစ္ဆာမျက်လုံးက မီးခိုးရောင် အလင်းတန်းများကို ဆက်တိုက် ထုတ်လွှတ်ပေးနေပြီး သူတို့၏ နဖူးဆီသို့ ပို့ဆောင်ပေးနေခဲ့သည်။

“နောက်တစ်ဆင့်ကတော့ မျက်လုံးအဖြစ် ပုံဖော်ဖို့ပဲ...”

မျက်မမြင်အဖိုးအိုက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူတို့၏ နဖူးအလယ်ကို တိတ်တဆိတ် စောင့်ကြည့်နေမိသည်။

“မဟာကန္တာရ မိစ္ဆာမျက်လုံး” ဟူသည်မှာ လေပြင်းခွန်အားကို တိုက်ရိုက်အသုံးပြု၍ နဖူးအလယ်တွင် “ကန္တာရမျက်လုံး” ကို ဖော်ဆောင်ရသော အလွန် ထူးခြားဆန်းပြားသည့် သိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ဤကျင့်ကြံမှုက ယခင်က “လေပြင်းမျိုးစေ့” ချခြင်းနှင့် ဆင်တူသော်လည်း၊ တစ်ကြိမ် အောင်မြင်သွားပါက အဆက်မပြတ် အားကောင်းလာအောင် လုပ်ဆောင်နိုင်သော်လည်း၊ ကျရှုံးခဲ့ပါက မည်သည့်အခါမျှ အစပျိုးနိုင်တော့မည် မဟုတ်ပေ။

ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီး မျက်မမြင်အဖိုးအိုက သူတို့၏ နဖူးပေါ်မှ ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် အာရုံစိုက်နေခဲ့သည်။

နောက်ဆုံးတွင် သုံးရက်မြောက်နေ့၌ သူတို့၏ နဖူးအလယ်ရှိ အရေပြားမှာ အလျင်အမြန် လှုပ်ရှားလာပြီး မီးခိုးရောင်မျဉ်းမှာ ပို၍ ထင်ရှားလာကာ ကွဲအက်ပွင့်ထွက်လာတော့မည့် အရိပ်အယောင်များ ပြသလာလေသည်။ ထိုမြင်ကွင်းကြောင့် မျက်မမြင်အဖိုးအိုက ချက်ချင်းပင် မတ်တက်ထရပ်လိုက်မိသည်။ ၎င်းမှာ မျက်လုံး ပုံဖော်တော့မည့် လက္ခဏာပင်ဖြစ်သည်။

ဝူယွမ်၏ စိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကာ သူ၏ နဖူးအလယ်တွင် အလွန်ပြင်းထန်ကာ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခုကို ခံစားနေခဲ့ရ၏။

သူက ချက်ချင်းပင် အာဏာရှင်သွေးကို လှုံ့ဆော်လိုက်ရာ၊ ခရမ်းရောင်သွေးများမှာ သူ၏ နဖူးဆီသို့ စီးဆင်းသွားပြီး ထိုအေးစက်စက် အငွေ့အသက်ကို လွှမ်းမိုးချုပ်ကိုင်လိုက်လေသည်။ ထိုစွမ်းအားကို ထိန်းချုပ်နိုင်ပြီဟု ခံစားရသည်နှင့် ဝူယွမ်က “မဟာကန္တာရ မိစ္ဆာမျက်လုံး” ကို စတင်ကျင့်ကြံတော့သည်။

မျက်မမြင်အဖိုးအိုက ဝူယွမ်ကို စိုက်ကြည့်နေစဉ်၊ ရုတ်တရက် ဝူယွမ်၏ နဖူးအရေပြားမှာ ပွင့်ထွက်သွားပြီး မီးခိုးရောင် မျက်လုံးတစ်လုံး ပွင့်လာကာ မီးခိုးရောင် အလင်းတန်းများ ထွက်ပေါ်လာလေသည်။

၎င်းကို မြင်လိုက်ရသောအခါ အဖိုးအိုသည် သူ၏ ဝိညာဉ်စွမ်းအင်ကို အမြန်ထုတ်လွှတ်၍ ထိုအလင်းတန်းများကို လွှမ်းခြုံဖယ်ရှားလိုက်ရ၏။

“သူ အောင်မြင်သွားပြီ...” မျက်မမြင်အဖိုးအိုက အလွန်အမင်း စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ရေရွတ်လိုက်မိသည်။

အခြားတစ်ဖက်တွင်လည်း လင်းတုန်၏ နဖူးပေါ်တွင် သိမ်မွေ့သော အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။

ကျောက်လက်ဖွဲ့၏ စွမ်းအားက ထိုရက်စက်သော အငွေ့အသက်ကို ထိန်းချုပ်ပေးလိုက်သဖြင့် လင်းတုန်သည်လည်း “မဟာကန္တာရ မိစ္ဆာမျက်လုံး” ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေသည်။

“ကောင်းတယ်၊ ကောင်းတယ်...”

မျက်မမြင်အဖိုးအိုင ဝမ်းသာအားရဖြင့် “ကောင်းတယ်” ဟု နှစ်ကြိမ်တိုင်တိုင် ရေရွတ်လိုက်မိသည်။ သူဤမျှ စိတ်မလှုပ်ရှားရသည်မှာ ကြာခဲ့လေပြီ။

အလွန် အားကောင်းလှသော သိုင်းပညာရပ်ကို ယခုအခါ လူငယ်နှစ်ဦးက တစ်ပြိုင်နက်တည်း အောင်မြင်ခဲ့ကြလေပြီ။ ချန်ကျန်းနှင့် ဝူတောင်တို့ သိသွားပါက မည်မျှ ဝမ်းသာကြမည်ကို သူတွေးကြည့်ရုံနှင့် သိနိုင်၏။

သူတို့၏ “လေပြင်းခန်းမ” တစ်ကျော့ပြန် ထွန်းကားလာတော့မည် ဖြစ်သည်။ ခန်းမသခင် ရာထူး အလှည့်ကျသည့် ယခုနှစ်တွင် သူတို့ခန်းမ၏ အလှည့် ဖြစ်နေသည်။

“မဟာရှေးဟောင်း ဧကရာဇ်ကျမ်း”ကို ခေတ္တထားဦးတော့၊ ဤ “မဟာကန္တာရ မိစ္ဆာမျက်လုံး” တစ်ခုတည်းနှင့်ပင် ဝူယွမ်နှင့် လင်းတုန်တို့သည် ကျန်ရှိသော ခန်းမသုံးခုမှ “မဟာကျမ်းသုံးစောင်” ကို ကျင့်ကြံထားသော တပည့်များနှင့် ယှဉ်နိုင်ပြီ ဖြစ်သည်။

လေပြင်းခန်းမ၏ သိုင်းပညာရပ်များက အဓိကအားဖြင့် လေပြင်းခွန်အားပေါ်တွင် အခြေခံထားသဖြင့် အလွန် အားကောင်းလှသော်လည်း၊ ကျင့်ကြံရန် အလွန်ခက်ခဲခြင်းမှာ အားနည်းချက်ဖြစ်နေခဲ့သည်။

အင်အားအကြီးဆုံး သိုင်းပညာရပ် လေးခုအနက် ပထမဆုံး ဖြစ်သော “မဟာကြယ်စင် လေပြင်းလက်သီး” မှလွဲ၍ ကျန်ရှိသော သုံးခု၊ အထူးသဖြင့် “မဟာကန္တာရ မိစ္ဆာမျက်လုံး” မှာ အခြားခန်းမများ၏ မဟာကျမ်းများထက်ပင် ပို၍ ခက်ခဲလှသည်။

ဝူယွမ်နှင့် လင်းတုန်တို့က မျက်လုံးများကို ပြိုင်တူဖွင့်လိုက်ကြ၏။ သူတို့၏ နဖူးအလယ်မှ မျက်လုံးမှာ ပြန်လည် ပိတ်သွားပြီး ပုံမှန်အတိုင်း ဖြစ်သွားပီဖြစ်လေသည်။

“စီနီယာ၊ ကျွန်တော်တို့ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...”

သူတို့နှစ်ဦးက ရိုးရိုးသားသား ဂါရဝပြုလိုက်ကြ၏။ အဖိုးအိုက ဘေးမှနေ၍ စိတ်ပူခြင်း၊ ဝမ်းသာခြင်း အမူအရာများသာ ပြသခဲ့သော်လည်း၊ သူတို့ဘေးတွင် ရှိနေခြင်းက သူတို့ကို စိတ်အေးချမ်းစေခဲ့သည်။

“ငါ့နာမည်က ကူမိုပါ၊ တောင်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ပေါ့၊ ငါ့ကို ဦးလေးမိုလို့ ခေါ်နိုင်ပါတယ်...”

အကြီးအကဲ ကူမိုက သူတို့ကို ကြည့်ရင်း ချီးကျူးစကား ဆိုလေသည်။

“ဟုတ်ကဲ့ပါ ဦးလေးမို...”

“အစ်ကိုကြီး၊ ဒီစီနီယာက ခန်းမသခင် နှစ်ယောက်ထက်တောင် အဆင့်မြင့်တဲ့ အကြီးအကဲ ဖြစ်နေတာပဲ...” လင်းတုန်က ဝူယွမ်ထံသို့ လျှို့ဝှက်ဆက်သွယ် ပြောဆိုလိုက်၏။

“မဟာကန္တာရ မိစ္ဆာမျက်လုံးကို အောင်မြင်ခဲ့ပေမယ့် ဒါက အစပဲ ရှိသေးတယ်၊ နောက်ပိုင်းမှာလည်း လေပြင်းခွန်အားနဲ့ ဆက်ပြီး မွေးမြူသွားရမယ်၊ ဒါပေမဲ့ ဒီသိုင်းပညာက နည်းနည်းတော့ ရက်စက်တယ်၊ ခဏခဏ သုံးရင် မင်းတို့ရဲ့ မျက်လုံးတွေကို ထိခိုက်စေနိုင်တယ်၊ ဒါကို သတိထားပါ...” အကြီးအကဲ ကူမိုက သတိပေးလိုက်လေသည်။

“နားလည်ပါပြီ၊ ကျွန်တော် ချင့်ချိန်ပြီး သုံးပါ့မယ်...” ဝူယွမ်က ခေါင်းညိတ်လိုက်၏။

ထို့နောက် သူတို့က ကျင့်ကြံခြင်းဆိုင်ရာ အတွေ့အကြုံများကို အကြီးအကဲ ကူမိုနှင့် ဆွေးနွေးခဲ့ကြသည်။ အဖိုးအိုကိုယ်တိုင်လည်း ဤပညာရပ်ကို ကျင့်ကြံစဉ်က မျက်စိကွယ်ခဲ့ရသည့် အတွေ့အကြုံများ ရှိခဲ့သဖြင့် ဤစကားဝိုသ်းက သူတို့အတွက် အလွန်ပင် တန်ဖိုးရှိခဲ့သည်။

ဝူယွမ်နှင့် လင်းတုန်တို့သည် လေပြင်းခန်းမသို့ ပြန်ရောက်လာကြပြီးနောက် သိုင်းပညာရပ်များကို ဆက်လက် လေ့လာခဲ့ကြသည်။ ဝူယွမ်အတွက်မူ သူရရှိထားသော အခြားသော သိုင်းပညာရပ်များနှင့် ယခုပညာရပ်မှာ အချင်းချင်း ဖေးမကူညီနေသကဲ့သို့ ဖြစ်နေသဖြင့် ကျင့်ကြံမှုမှာ ပို၍ပင် ထိရောက်လာခဲ့သည်။

နှစ်ရက်တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး၊ လေပြင်းခန်းမ၏ လစဉ်ပြိုင်ပွဲနေ့သို့ ရောက်ရှိလာခဲ့လေပြီ။

တောင်ဂိုဏ်း၏ လစဉ်ပြိုင်ပွဲမှာ တပည့်များ၏ တိုးတက်မှုကို စစ်ဆေးရန် ဖြစ်ပြီး၊ မဖြစ်မနေ ပါ၀င်ရမည် မဟုတ်သော်လည်း တပည့်အားလုံးနီးပါး ပါဝင်ကြမြဲ ဖြစ်သည်။

ရာထူးအဆင့်ဆင့် တက်လှမ်းရန်အတွက် ဤပြိုင်ပွဲမှာ အရေးကြီးလေသည်။ ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း အတူတကွ ပြိုင်ပွဲကျင်းပရာ ဗဟိုတောင်ထိပ်သို့ ထွက်ခွာလာခဲ့ကြသည်။

ပင်မခန်းမရှေ့ရှိ ကွင်းပြင်ကြီးတွင် တပည့်ပေါင်း ထောင်နှင့်ချီ၍ စုဝေးနေကြကာ အလွန်စည်ကားနေခဲ့၏။ ရှေ့ဆုံးတွင်မူ ဝါဖန့်ဖန့် ဝတ်စုံဝတ် တိုက်ရိုက်တပည့် အနည်းငယ်သာ ရှိသည်။

စင်မြင့် ခြောက်ခုအနက် လေးခုတွင် တိုက်ရိုက်အဓိကတပည့် လေးဦးမှာ ထိုင်နေကြပြီ ဖြစ်သည်။ ဝူယွမ်နှင့် လင်းတုန်တို့လည်း ရောက်ရှိလာပြီး ကျန်ရှိသော စင်မြင့်နှစ်ခုပေါ်သို့ တိုက်ရိုက်တက်လှမ်းလိုက်ကြ၏။

သူတို့၏ နာမည်ကျော်ကြားမှုမှာ ယခုအခါ အခြား တိုက်ရိုက်အဓိကတပည့်များထက် မနိမ့်ကျတော့ပေ။

ပြိုင်ပွဲများ စတင်ခဲ့ပြီးနောက် အဆင့်နိမ့်တပည့်များ၏ တိုက်ပွဲများမှာ မွန်းတည့်ချိန်တွင် ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း တိုက်ရိုက်အဓိကတပည့်များကို စိန်ခေါ်သူ တစ်ဦးမျှ မရှိခဲ့ပေ။ ဝူယွမ်နှင့် လင်းတုန်ကိုမူ မည်သူမျှ မစိန်ခေါ်ဝံ့ကြချေ။

နောက်ဆုံးတွင် တိုက်ရိုက်အဓိကတပည့်များ၏ အလှည့်သို့ ရောက်ရှိလာသည်။ ပုံမှန်အားဖြင့် သူတို့အချင်းချင်း တိုက်ခိုက်လေ့ မရှိသော်လည်း၊ ခန်းမသခင် ချန်ကျန်းက ဝူယွမ်နှင့် လင်းတုန်၏ စွမ်းဆောင်ရည်ကို ကြည့်ချင်နေဟန် ရှိသည်။

“ဝူယွမ်၊ လင်းတုန်၊ မင်းတို့နှစ်ယောက်လည်း အမာခံ တိုက်ရိုက်တပည့်တွေ ဖြစ်လာပြီဆိုတော့ စီနီယာတွေနဲ့ စမ်းသပ်ကြည့်ကြပေါ့၊ လင်းတုန်... မင်း အရင်တစ်ခါလို လေ၊ မိုးကြိုးကပ်ဘေးကြီးတော့ ထပ်မလုပ်နဲ့ဦးနော်...” ဝူတောင်က ပြုံးလျက် ပြောလိုက်လေသည်။

ဝူယွမ်နှင့် လင်းတုန်တို့မှာ ကြောင်အသွားကြရ၏။ သူတို့ ဘာမှပြန်မဖြေရသေးခင် ချန်ကျန်းက ချက်ချင်းပင် ကြေညာလိုက်လေတော့သည်။

“ဝူယွမ်နဲ့ ဖန်ထုံ၊” “လင်းတုန်နဲ့ ဆုန့်ကျိုး၊” “တိုက်ပွဲ..စမယ်”

All Chapters