← Chapters

အခန်း (၁၄၆-၁၅၀)

Vol. 15 Ch. 146-150

အခန်း (၁၄၆-၁၅၀)

Vol. 15 Ch. 146-150

အခန်း ၁၄၆ မြို့ကိုချေမှုန်းမယ်၊ဘုရင်ကိုလည်းသတ်မယ်၊ လိုအပ်ရင် နိုင်ငံကိုလည်း ဖျက်စီးပစ်မယ်

အမတ်ကြီး ပိုင်လီလော့ချန်သည် ရဲဒင်းကျီ၏ စွမ်းအားကို အကဲခတ်၍ တိုက်ဖို့မဖြစ်နိုင်တော့သဖြင့် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် "ရဲဒင်းကျီ... မင်း ချန်တုန်းမြို့ကို ဖြတ်သွားတာကို ငါ မတားနိုင်တော့ဘူး" ဟု ပွင့်လင်းစွာ ပြောလိုက်သည်။သို့သော်လည်း အခြားသူများမှာမူ ထိုသို့ ဖြစ်လိမ့်မည် မဟုတ်ပေ။

"ကောင်းပြီလေ၊ ဒါဆိုရင် ကျွန်တော် ကျွမ်းကျင်သူအချို့ကိုပဲ ခေါ်ပြီး ချန်တုန်းမြို့ကို ဖြတ်သွားမယ်" ဟု ရဲဒင်းကျီက ပြန်ပြော၏။ သူသည် အမတ်ကြီး၏ အကျပ်အတည်းကို နားလည်ပေသည်။ အနောက်ဘက် နယ်စပ်ကို စောင့်ရှောက်ရန် တာဝန်ရှိသော အမတ်ကြီးတစ်ဦးအနေဖြင့် မိမိ၏ တာဝန်ကို ကျေပွန်ရမည်။

တာဝန်ယူခြင်းက တစ်ပိုင်းဖြစ်သော်လည်း တားဆီး၍ မရနိုင်သော အခြေအနေတွင် အတင်းအကျပ် လုပ်ဆောင်နေခြင်းမှာ အကျိုးမရှိပေ။ ရဲဒင်းကျီသည် ပေလီသားများကို သတ်ဖြတ်ရန် လာခြင်းမဟုတ်ဘဲ ရီဝိန်ကျွင်းအတွက်သာ လာခြင်းဖြစ်သဖြင့် အမတ်ကြီးက သူကို လွှတ်ပေးလိုက်ခြင်းမှာ ကျန့်ရှီးစစ်တပ်အတွက် တီယမ်ဝူတွမ်၏ အခြားအင်အားစုများကို ခုခံရန် ပို၍ အားသာချက် ဖြစ်စေမည်။

ရဲဒင်းကျီသည် မိုရှီရွန်၊ ဇီယူကျီနှင့် တီယမ်ဝူတွမ်မှ ကျွမ်းကျင်သူများကို ခေါ်ဆောင်ကာ မြို့ထဲသို့ အတင်းဝင်ရန် ပြင်လိုက်စဉ်မှာပင် လီကျန့်ယီနှင့် လီဟန်ယီတို့သည် ဓားများကို စီးနင်းလျက် နီရဲသော အလင်းတန်းတစ်ခုဖြင့် ချန်တုန်းမြို့သို့ ရောက်ရှိလာ၏။ နတ်ဓားရှင်တစ်ဦး၏ ရောက်ရှိလာမှု့က စစ်ပွဲ၏ အလှည့်အပြောင်းကို ပြောင်းလဲနိုင်သဖြင့် လူတိုင်း၏ အာရုံမှာ သူတို့ထံသို့ ရောက်သွားသည်။

"ဘယ်သူလဲ"

မြို့ထဲသို့ ဝင်ရန် ပြင်နေသော ရဲဒင်းကျီမှာလည်း မော့ကြည့်လိုက်၏။

"ရဲအစ်ကို... ကျောင်းတော်စာမေးပွဲမှာ လမ်းခွဲခဲ့ပြီးကတည်းက ကျွန်တော်ကို မမှတ်မိတော့ဘူးလား" ဟု လီကျန့်ယီနှင့် လီဟန်ယီတို့က အမတ်ကြီး၏ ဘေးတွင် ပေါ်လာကာ ပြုံးလျက် မေးလိုက်သည်။

"အစ်ကိုလီ" ရဲဒင်းကျီသည် ထိုစဉ်က သောင်းသောင်းဖျဖျ ကျော်ကြားခဲ့သော လီကျန့်ယီကို မည်သို့မျှ မေ့နိုင်မည် မဟုတ်ပေ။

"ကောင်းပြီလေ... ရဲအစ်ကိုက ကျွန်တော်ကို လီအစ်ကိုလို့ ခေါ်နေသေးရင်တော့ အခြေအနေတွေ ပြန်ပြင်မရတဲ့အထိ မဆိုးခင်မှာ တီယမ်ဝူတွမ်က လူတွေကို ပြန်ခေါ်သွားပါလား။ ဒါဟာ သူတို့အတွက် အသက်ရှင်သန်ရာ လမ်းစကို ရှာပေးတာလို့ပဲ သတ်မှတ်လိုက်ပါ" ဟု လီကျန့်ယီက စေတနာဖြင့် အကြံပြုလိုက်၏။

"ငါတို့ ဂိုဏ်းချုပ်ကို ဒီလို စကားမျိုး ပြောရဲတယ်လား၊ ပြီးတော့ ငါတို့ တီယမ်ဝူတွမ်က လူတွေ သေရမှာကို မကြောက်ဘူး။ ငါတို့ ကြောက်တာက ပေချွဲသားတွေရဲ့ သွေးတွေ အလကား ဖြစ်သွားမှာကိုပဲ" ဟု ရွဲ့ရှင်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

သူမသည် ယခုအခါ ရဲဒင်းကျီ၏ အစွမ်းမှာ သူမဖခင်ထက်ပင် သာလွန်နေပြီဟု ယုံကြည်နေသဖြင့် ပေလီကို ယှဉ်နိုင်မည်ဟု ယူဆထား၏။

"ဟုတ်တာပေါ့" လီကျန့်ယီက ရွဲ့ရှင်း၏ စကားကို မငြင်းသော်လည်း သူမ သတိမထားမိသည့်အရာကို ထောက်ပြလိုက်သည်။

"ပေချွဲအကြွင်းအကျန်တွေက နိုင်ငံပြန်ထူထောင်ချင်တာ၊ ရန်သူ့နိုင်ငံကို ဖျက်ဆီးချင်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မင်းတို့‌ ပေလီကို တကယ်ပဲ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား" ဟု သူက ရွဲ့ရှင်းကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။

"ငါတို့ ဂိုဏ်းချုပ်က နတ်ဘုရားအတတ်ကို တတ်မြောက်ထားတာ။ အရင်တုန်းက ကမ္ဘာ့နံပါတ်တစ် လီချန်းရှန်တောင် သူ့ကို ယှဉ်နိုင်ပါ့မလား မသေချာဘူး၊ပေလီ မှာ ဘယ်သူက တီယမ်ဝူတွမ်ရဲ့ ခြေလှမ်းကို တားနိုင်မှာလဲ" ဟု ရွဲ့ရှင်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

"အော်... ဒါဆိုရင် ရဲအစ်ကိုနဲ့ စမ်းကြည့်ရမလား။ သူနိုင်ရင် ကျွန်တော် မတားတော့ဘူး၊ သူရှုံးရင်တော့ မင်းတို့ တီယမ်ဝူတွမ်ကို ပြန်ဆုတ်ရမယ်" ဟု လီကျန့်ယီက စိန်ခေါ်လိုက်သည်။

ရဲဒင်းကျီက ရွဲ့ရှင်း၏ ရှေ့တွင် ရပ်လိုက်ပြီး "လီအစ်ကို... ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ကျွန်တော့်ဇနီးနဲ့ သားရဲ့အမေကို လာရှာတာပဲ ရှိတာပါ" ဟု ဆို၏။

"အလှတရားဆိုတာ သဲထဲက အရိုးစုတစ်ခုပါပဲ ရဲအစ်ကိုရာ... မင်းက သူမအတွက်နဲ့ အသက်ကို စွန့်ဖို့ သေချာပြီလား" ဟု လီကျန့်ယီက လေးလေးနက်နက် မေးသည်။

ရဲဒင်းကျီက ပြုံးလျက် လီကျန့်ယီဘေးရှိ မိန်းကလေးကို ကြည့်ကာ "အဲ့ဒီလူက လီဟန်ယီသာ ဆိုရင်ရော... သခင်လေးလီက သူမအတွက်နဲ့ ပေလီ ရဲ့ အနက်အရှိုင်းကို စမ်းသပ်ဝံ့မှာလား" ဟု ပြန်မေးလေသည်။

"မစမ်းပါဘူး။ ဘာလို့လဲဆိုတော့ ဟန်ယီက ရီဝိန်ကျွင်း မဟုတ်လို့ပဲ။ ကျွန်တော်နှလုံးသားထဲမှာ သူမက ရီဝိန်ကျွင်းထက် အစပေါင်းများစွာ သာလွန်တယ်" လီကျန့်ယီက ခေါင်းခါလျက် ဖြေလိုက်၏။ လီဟန်ယီသည် တစ်ဦးတည်းအပေါ် သစ္စာရှိသူဖြစ်သဖြင့် ရီဝိန်ကျွင်းနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။

"ဒါဆိုရင် နောက်တစ်မျိုး မေးမယ်... လီအစ်ကို ချစ်ရတဲ့သူသာ မြို့တော်ထဲမှာ ပိတ်လှောင်ခံထားရရင် အစ်ကိုကရော သူမအတွက်နဲ့ အသက်စွန့်ဝံ့လား" ဟု ရဲဒင်းကျီက ထပ်မေးပြန်သည်။

"စွန့်ဝံ့တာပေါ့၊ ကျွန်တော်ရဲ့ အစွမ်းရှိသမျှ အကုန်သုံးမှာပဲ။ မြို့တွေကို ချေမှုန်းမယ်၊ မင်းကြီးတွေကို သတ်မယ်၊ လိုအပ်ရင် နိုင်ငံကိုပါ ဖျက်ဆီးပစ်မယ်" လီကျန့်ယီသည် သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကို အရှိန်အဟုန်ပြင်းစွာ ထုတ်ဖော်လိုက်သဖြင့် တစ်လောကလုံးကို လွှမ်းမိုးထားသကဲ့သို့ ဖြစ်သွားရ၏။

သူ၏ မရဏဓားမှ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဝေဟင်တွင် သွေးကဲ့သို့ နီမြန်းသော ခေါင်ရမ်းပန်းများ ဝန်းရံလာတော့သည်။ လီကျန့်ယီ၏ ပြတ်သားသော စကားများကြောင့် လီဟန်ယီ၏ နှလုံးသားမှာ နူးညံ့ပျော့ပြောင်းသွားရသည်။

"ကောင်းလိုက်တဲ့ စကား' မြို့ကို ချေမှုန်းမယ်၊ မင်းကြီးကို သတ်မယ်၊ နိုင်ငံကို ဖျက်ဆီးမယ်တဲ့'လီအစ်ကိုမှာ ဒီလို စိတ်ဓာတ်ရှိရင် ငါရဲဒင်းကျီမှာလည်း ဘာလို့ မရှိရမှာလဲ" ဟု ရဲဒင်းကျီက အားကျစွာ ပြော၏။

လီကျန့်ယီ၏ စကားမှာ ဟာသမဟုတ်ကြောင်း လူတိုင်း သိကြပေသည်။ အတိတ်က ဧကရာဇ် ထိုက်အန်ကိုပင် နန်းဆင်းအောင် လုပ်ခဲ့သူဖြစ်ရာ လီဟန်ယီသာ အကျဉ်းကျနေပါက သူသည် တစ်မြို့လုံးကို သတ်ဖြတ်ရန် ဝန်လေးမည် မဟုတ်ပေ။

ရွဲ့ရှင်းကလည်း လီကျန့်ယီကို ကြည့်ကာ 'ရဲဒင်းကျီထက် လီကျန့်ယီသာ တီယမ်ဝူတွမ်ရဲ့ ဂိုဏ်းချုပ်ဆိုရင် ပေလီက အခုလောက်ဆို ပျက်စီးနေလောက်ပြီ' ဟု တွေးတောမိသွား၏။ လီကျန့်ယီက ရဲဒင်းကျီထက် ပို၍ ပြတ်သားသူ ဖြစ်သည်။

"ရဲအစ်ကို... ငါတို့နှစ်ယောက်က မတူဘူး" ဟု လီကျန့်ယီက တုံ့ဆိုင်းစွာ ပြောလိုက်သည်။ ရဲဒင်းကျီသည် အမြဲတမ်း သူတစ်ပါး၏ ကစားပွဲခုံပေါ်က နယ်ရုပ်တစ်ခုသာ ဖြစ်နေခဲ့ပြီး သူလျှောက်နေသော လမ်းမှာလည်း သူတစ်ပါး ခင်းပေးထားသော လမ်းသာ ဖြစ်နေသည်။

"လီအစ်ကို... ဘာတွေက မတူတာလဲ"

"အချက်နှစ်ချက် ရှိတယ်၊ ပထမအချက် မင်းက တစ်ချိန်လုံး သူတစ်ပါးလက်ထဲက နယ်ရုပ် ဖြစ်နေခဲ့တာပဲ။ မင်းလျှောက်နေတဲ့ လမ်းတွေ၊ ရီဝိန်ကျွင်းနဲ့ တွေ့တာတွေဟာ တကယ်ပဲ ကံကြမ္မာလို့ ထင်နေတာလား။ ဒုတိယအချက်ကတော့... မင်းမှာ အစွမ်းမလုံလောက်သေးဘူး။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားအဆင့်နဲ့ နီးစပ်နေပေမယ့် မင်း ပေလီလက်ထဲကနေ ရီဝိန်ကျွင်းကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး၊ ငါ မတားနေရင်တောင်မှပေါ့" ဟု လီကျန့်ယီက သက်ပြင်းချလျက် ပြောလိုက်သည်။

၁၄၇ ဆန်းကြယ်နတ်ခရီးအဆင့်၏ အစွမ်း

"ထျန်ချီမြို့ကို ခြေချလိုက်တဲ့ အချိန်ကစပြီး ကျွန်တော်က တစ်ခြားသူရဲ့ ကစားပွဲထဲက နယ်ရုပ်တစ်ခု ဖြစ်နေခဲ့တာပေါ့"

ရီဝိန်ကျွင်းနှင့် တွေ့ဆုံခဲ့ခြင်းမှာ ကံကြမ္မာ မဟုတ်ခဲ့ဘူးလား။

ရဲဒင်းကျီသည် လီကျန့်ယီ၏ စကားများကို နားထောင်ရင်း သူ၏ မာရ်နတ်စွမ်းအားများမှာ ယခင်ကထက် ပိုမိုပြင်းထန်လာသည်။

သူသည် ရွဲ့ရှင်းကို တစ်ချက် စူးစိုက်ကြည့်လိုက်ပြီးနောက် ဝမ်းနည်းကြေကွဲဖွယ် အပြုံးဖြင့် "သခင်လေးလီ... မင်း ဘာမှမပြောခင်ကတည်းက ငါ တစ်ခုခုကို ခံစားမိပြီးသားပါ..." ဟု ဆို၏။

သို့သော် ယခုအခါ အရာအားလုံးက နောက်ကျသွားခဲ့လေပြီ။ သူသည် ရီဝိန်ကျွင်းကို အသက်နှင့်ထပ်တူ ချစ်မိသွားခဲ့ပြီး နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။ ထို့ကြောင့် သူမအတွက်ဆိုလျှင် သူ၏ အသက်ကိုပင် စတေးရန် အသင့်ရှိနေသည်။ ထို့အပြင် ရီဝိန်ကျွင်းကိုလည်း သူ ပြန်ခေါ်လာနိုင်လိမ့်မည်ဟု ယုံကြည်နေမိ၏။

"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့..." လီကျန့်ယီက ထပ်မံ၍ တုံ့ဆိုင်းသွားပြန်သည်။

သို့သော်လည်း သူတို့နှစ်ဦးသည် တစ်ချိန်က ကျောင်းတော်စာမေးပွဲကို အတူတူ ဖြေဆိုခဲ့ဖူးသော သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်ကို သတိရမိသဖြင့် "ရဲအစ်ကို... မင်း ရှုံးနိမ့်သွားခဲ့ရင် ရဲအန်ရှီ ဘာဖြစ်သွားမလဲဆိုတာကိုရော စဉ်းစားဖူးရဲ့လား" ဟု ထပ်မံ အကြံပြုစကား ပြောလိုက်ပေသည်။

"တီယမ်ဝူတွမ်က လူတွေ သူ့ကို စောင့်ရှောက်ပေးလိမ့်မယ်" ဟု ရဲဒင်းကျီက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေကြား၏။

"တကယ်လို့ တီယမ်ဝူတွမ်ကလူတွေ ရဲအန်ရှီကို မကာကွယ်နိုင်ခဲ့ရင်ရော " ဟု လီကျန့်ယီက ရဲဒင်းကျီကို နားဝင်အောင် ဆက်လက်ပြောဆိုနေဆဲ ဖြစ်သည်။

"ငါ ဟန်ဆွေကျောင်းတော်က ဆရာကြီး ဝမ်ယိုနဲ့ တွေ့ခဲ့ပြီးပြီ..." ဟု ရဲဒင်းကျီက ခိုင်မာသော အကြည့်များဖြင့် ပြော၏။

"ကောင်းပြီလေ... ငါ မင်းကို မတားတော့ဘူး" ရဲဒင်းကျီသည် ရှုံးနိမ့်ခြင်း၏ အကျိုးဆက်များကို လက်ခံရန် အသင့်ပြင်ထားကြောင်း သိလိုက်ရသဖြင့် လီကျန့်ယီသည် လမ်းဖယ်ပေးလိုက်တော့သည်။

ထိုအခါ ရဲဒင်းကျီက ဦးညွှတ်လျက် "ကျေးဇူးတင်ပါတယ် လီအစ်ကိုနဲ့ အမတ်ကြီး" ဟု ဆိုကာ ထျန်ချီမြို့သို့ သွားရာလမ်းသို့ တစ်ဦးတည်း ထွက်ခွာသွားလေတော့၏။

သူ၏နောက်ကွယ်တွင် မိုရှီရွန်နှင့် ရွဲ့ရှင်းတို့ကဲ့သို့သော ကျွမ်းကျင်သူများကလည်း လိုက်ပါရန် ပြင်ကြသည်။ သို့သော်လည်း ကျန့်ရှီးစစ်တပ်မှာ နှစ်ရှည်လများ လေ့ကျင့်ထားသော စစ်တပ်ဖြစ်ရာ သူတို့ကို တားဆီးလိုက်၏။

အမတ်ကြီး ပိုင်လီလော့ချန်ကလည်း "မင်းတို့တွေ ရဲဒင်းကျီလောက် အစွမ်းထက်လာရင်တော့ ငါ မတားပါဘူး" ဟု အော်လိုက်သည်။

"ကောင်းပြီလေ... စမ်းကြည့်ကြတာပေါ့" ရွဲ့ရှင်းနှင့် အခြားသူများသည် ကျန့်ရှီးစစ်တပ်ကို စတင်တိုက်ခိုက် ကြသည်။ အမတ်ကြီးကလည်း စစ်တပ်ကို ဦးစီးကာ ခုခံသော်လည်း တီယမ်ဝူတွမ်မှ ကျွမ်းကျင်သူများမှာ အလွန်များပြားသည်။

အထူးသဖြင့် ကိုယ်ဖော့ပညာ ကျွမ်းကျင်သော မိုရှီရွန်သည် စစ်တပ်၏ ကာကွယ်ရေးကို အလွယ်တကူ ဖြတ်ကျော်ကာ ချန်တုန်းမြို့အတွင်းသို့ ရောက်ရှိသွားသည်။

သူ့နောက်တွင် 'ကောင်းကင်ဖြတ်သန်းခြင်းအဆင့်' မှ ကျွမ်းကျင်သူ အများအပြားလည်း လိုက်ပါသွားကြ၏။ သို့သော် အဆင့်နိမ့်သော ကျွမ်းကျင်သူအချို့မှာမူ ကျန့်ရှီးစစ်တပ်၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။

"ဘယ်လိုလုပ်ကြမလဲ အမတ်ကြီး... တီယမ်ဝူတွမ်က လူတွေ တကယ်ကို ဒုက္ခပေးတာပဲ" ဟု ဒုတိယဗိုလ်ချုပ်က မိုရှီရွန်တို့ မြို့ထဲဝင်သွားသည်ကို ကြည့်ကာ စိုးရိမ်တကြီး မေးမြန်း၏။

"အလယ်ပိုင်းဒေသက သိုင်းသမားတွေ သူတို့ကို လာတားပါလိမ့်မယ်၊ ငါတို့လုပ်ရမှာက ကျန်တဲ့လူတွေကို တားဖို့ပဲ" ဟု အမတ်ကြီးက တည်ကြည်စွာပြောကာ မြို့ရှေ့တွင် ပိတ်မိနေသော ရန်သူများကိုသာ အာရုံစိုက်လိုက်သည်။

"မိုရှီ.. ဇီယူ ငါနဲ့ လက်ရည်စမ်းချင်သေးလား" လီကျန့်ယီက ရွဲ့ယောင်၏ နောက်လိုက်လေးနှစ်ဦးကို ကြည့်ကာ မေးလိုက်၏။

"သခင်လေးလီ... ကျွန်တော်တို့က သိလာတာ ကြာလှပြီပဲ၊ လွှတ်ပေးလို့ မရဘူးလား" ဟု မိုရှီရွန်နှင့် ဇီယူကျီတို့က သံယောဇဉ်စကားဖြင့် ဖျောင်းဖျကြသည်။

"ရတာပေါ့... ငါ့ကို အနိုင်တိုက်နိုင်ရင်ပေါ့" ဟု လီကျန့်ယီက ပြုံးလျက် ပြောလိုက်၏။

မိုရှီရွန်နှင့် ဇီယူကျီတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ လီကျန့်ယီ၏ စွမ်းအားကို သူတို့ ကောင်းကောင်းသိသလို၊ သခင်မလေး ရွဲ့ယောင်ကလည်း လီကျန့်ယီနှင့် ရန်မဖြစ်ရန် အတိအလင်း မှာကြားထားသည်။

"ဒါဆိုရင်လည်း လာကြ... ငါက မင်းတို့ကို လက်ဖက်ရည် တိုက်မယ်"

လီကျန့်ယီသည် ချန်တုန်းမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် သူတို့ကို ထိုင်ခိုင်းလိုက်သည်။ ဤမြင်ကွင်းကို မြင်သောအခါ မြို့ထဲသို့ ဝင်လာသော ရွဲ့ရှင်းက ဒေါသထွက်ကာ "လက်ဝဲနဲ့ လက်ယာ စောင့်ရှောက်သူတို့... ရှင်တို့ တကယ်ပဲ ဒီမှာ နေခဲ့မှာလား" ဟု အော်ဟစ်မေးမြန်း၏။

"ရွဲ့ရှင်းလေး... မင်းကရော သခင်လေးလီကို အနိုင်တိုက်နိုင်မယ်လို့ ထင်လို့လား" ဟု မိုရှီရွန်တို့က ပြန်မေးလိုက်ပေသည်။

"ဒါဆိုရင် စမ်းကြည့်တာပေါ့" ရွဲ့ရှင်းသည် ဤအခွင့်အရေးကို လွယ်လွယ်နှင့် လက်မလွှတ်လိုပေ။ သူမသည် ကျွမ်းကျင်သူအချို့ကို ဦးဆောင်ကာ လီကျန့်ယီကို ဝိုင်းရံလိုက်၏။

လီကျန့်ယီကမူ အထင်အမြင်သေးစွာ ခေါင်းခါလျက် "မင်းတို့ ဂိုဏ်းချုပ်သာဆိုရင် ငါ အနည်းငယ် လေ့ကျင့်ခန်း လုပ်ချင်ဦးမယ်၊ အခုတော့ ငါ့ရဲ့ ဟန်ယီကိုပဲ လေ့ကျင့်ဖော် လုပ်ခိုင်းလိုက်တော့မယ်" ဟု ပြောသည်။

"ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါတို့က ဂိုဏ်းချုပ်လောက် မတော်ရင်တောင် အသုံးမကျတာ မဟုတ်ဘူး"

'ကောင်းကင်ဖြတ်သန်းခြင်းအဆင့်' မှ ကျွမ်းကျင်သူ ဒါဇင်ဝက်ခန့်မှာ လီကျန့်ယီကို ပြင်းထန်စွာ တိုက်ခိုက်လာကြ၏။

"ဆုတ်စမ်း"

လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော လီကျန့်ယီသည် သူသောက်လက်စ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ချလိုက်ရုံသာ ရှိသေးသည်။ ခွက်နှင့် စားပွဲ ထိသံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် အတွင်းအားမှာ 'ကောင်းကင်ဖြတ်သန်းခြင်းအဆင့်' မှ ကျွမ်းကျင်သူအားလုံးကို မီတာ ဒါဇင်အနည်းငယ် အဝေးသို့ လွင့်စင်သွားစေသည်။

ထိုကျွမ်းကျင်သူများမှာ လက်ဖက်ရည်ခွက်မှ ထွက်ပေါ်လာသော တုန်ခါမှုကြောင့်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွား၏။ မြို့ရိုးပေါ်မှ ကြည့်နေသော အမတ်ကြီးမှာလည်း ဤမြင်ကွင်းကြောင့် မှင်တက်သွားသည်။

လီကျန့်ယီ၏ စွမ်းအားမှာ ရဲဒင်းကျီထက်ပင် သာလွန်နေသည်မှာ သိသာလှသည်။ လက်ဖက်ရည်ခွက်လေး တစ်ခွက်နှင့်ပင် 'ကောင်းကင်ဖြတ်သန်းခြင်းအဆင့်' ရှိသူများကို အထိနာစေခဲ့ခြင်းမှာ မယုံနိုင်စရာပင်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

မြေပြင်ပေါ်တွင် လဲကျနေသော တီယမ်ဝူတွမ်မှ ကျွမ်းကျင်သူများမှာ လီကျန့်ယီကို ထိတ်လန့်တကြား ကြည့်နေကြ၏။ သူတို့ ခံစားရသော ဖိအားမှာ ဂိုဏ်းချုပ်ထံမှ ခံစားရသည်ထက်ပင် ပိုမိုပြင်းထန်နေသည်။

"ရှင်... ရှင်က ဒဏ္ဍာရီထဲက ဆန်းကျယ်နတ်ခရီးအဆင့် ကို ရောက်သွားပြီလား" ဟု ရွဲ့ရှင်းက ရင်ဘတ်ကို ဖိကာ မယုံနိုင်စွာ မေးလိုက်၏။

"ဟုတ်တယ်"

လီကျန့်ယီက အေးဆေးတည်ငြိမ်စွာပင် ခေါင်းညိတ် ဝန်ခံလိုက် သည်။

အခန်း ၁၄၈ ရဲဒင်းကျီဆီကနေ အမြတ်ထုတ်ကြစို့

လီကျန့်ယီ၏ "ဟုတ်တယ်" ဟူသော တည်ငြိမ်သည့် ဝန်ခံစကားမှာ ရွဲ့ရှင်းနှင့် အခြားသူများ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားစေသည်။

မွေးရာပါ ကျင့်ကြံခြင်း သွေးကြောပါရှိသည့် ထူးချွန်ထက်မြက်‌သောပါရမီးရှင်များပင် ဆန်းကြယ်နတ်ခရီးအဆင့်သို့ မရောက်ရှိနိုင်ခဲ့ပေ။ သို့သော် လီကျန့်ယီမှာမူ အသက် တစ်ဆယ့်ကိုးနှစ်ပင် မပြည့်သေးဘဲ ထိုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သို့ဖြစ်ရာ သူတို့သည် လီကျန့်ယီ တစ်ယောက်တည်းကို မယှဉ်နိုင်ကြောင်း သိသာလွန်းသည်။ထိုစဉ်က လီကျန့်ယီသာ ဝူရှန်းတမန်၏ အကြံအစည်တွင် ပါဝင်ခဲ့ပါက ပေချွဲနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ အောင်မြင်ပြီးလောက်ပြီဟု ရွဲ့ရှင်းက နောင်တရစွာ တွေးတောမိ၏။ လီကျန့်ယီသည် သူတို့ တီယမ်ဝူတွမ်အတွက် အသင့်တော်ဆုံး ဂိုဏ်းချုပ်ဖြစ်နိုင်သည်။ သို့သော် အရာအားလုံးက နောက်ကျသွားခဲ့လေပြီ။

"ဟင်.." ရွဲ့ရှင်းသည် မတတ်သာဘဲ သက်ပြင်းချလိုက်သည်။

လီကျန့်ယီက လီဟန်ယီအတွက်ဆိုလျှင် မင်းကြီးကိုသတ်ကာ နိုင်ငံကို ဖျက်ဆီးမည်ဟု ပြောခဲ့ခြင်းမှာ သူမကို မည်သူကမျှ အကျဉ်းချထားနိုင်မည်မဟုတ်ကြောင်း ယုံကြည်မှု့ရှိ၍ ပြောဆိုခဲ့ခြင်းဖြစ်သည်ကို သူမ အရင်က မသိရှိခဲ့ပေ။ယခုတော့ အားလုံးက ရှင်းလင်းလေပြီ မည်သူက လီဟန်ယီဆိုသည့် မိန်းကလေးကို ထိဝံ့တော့မည်နည်း။

"ကဲ... အားလုံးပဲ ဘေးမှာ သွားရပ်နေကြတော့။ အလယ်ပိုင်းဒေသက သိုင်းလောက အင်အားစုတွေ ရောက်လာရင် မင်းတို့နဲ့ တစ်ယောက်ချင်း လက်ရည်စမ်းဖို့ စောင့်နေအုန်း" ဟု လီကျန့်ယီက အမိန့်ပေးသလို လက်ဝေ့ယမ်းလိုက်၏။

တီယမ်ဝူတွမ်မှ ကျွမ်းကျင်သူများမှာ လီကျန့်ယီ၏ စကားကို မည်သို့ ငြင်းဆန်ဝံ့ပါမည်နည်း။ သူသည် သူတို့အားလုံးကို တစ်ခဏချင်း အမှုန့်ဖြစ်‌အောင်လုပ်နိုင်သည့် ကြောက်မက်ဖွယ် ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အရှေ့ပိုင်း စစ်ဆင်ရေးကိုပင် မေ့ပျောက်ကာ ဘေးတွင် အေးဆေးစွာ ဒဏ်ရာကုသနေကြတော့၏။

"သခင်လေးလီ... မတွေ့တာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်၊ အခုတော့ ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်နေပြီပဲ။ ဆရာလီ မရှိတော့တဲ့နောက်မှာ သခင်လေးလီက ကမ္ဘာ့နံပါတ်တစ်လို့ ခေါ်လို့ရနေပြီ" ဟု လက်ဖက်ရည်သောက်နေသော မိုရှီရွန်က အားကျစွာ ပြောလိုက်သည်။

"ဒီလိုပါပဲ... ကျွန်တော်မှာလည်း ကြောက်ရတဲ့သူ ရှိပါသေးတယ်" ဟု လီကျန့်ယီက ဘေးတွင် ရပ်နေသော လီဟန်ယီကို ကြည့်ကာ ပြောလိုက်၏။

လီဟန်ယီသည် လီကျန့်ယီက သူမကို စိုက်ကြည့်နေသဖြင့် မျက်နှာလေး နီမြန်းသွားပြီး "ဘာလို့ ကြည့်နေတာလဲ၊ ကျွန်မက ရှင်ကို အနိုင်မတိုက်နိုင်ပါဘူး" ဟု ရှက်ကိုးရှက်ကန်း ပြောသည်။

"မင်းက ငါ့လည်ပင်းကို ဓားနဲ့ အကြိမ်ပေါင်း ဘယ်လောက် ထောက်ခဲ့ဖူးလဲ... တခြားလူတွေမှာ အဲ့ဒီလို အခွင့်အရေး ရဖူးလို့လား" ဟု လီကျန့်ယီက ရယ်မောလျက် ပြော၏။

"ဟွန့်..ဘယ်သူက ရှင်ကို စကားမနားထောင်ခိုင်းလို့လဲ" ဟု လီဟန်ယီက သူ၏ ငယ်ဘဝ အကျင့်များကို သတိရကာ ပြန်ပြော၏။

"မဟုတ်တာ... ငါက အမြဲတမ်း စကားနားထောင်တဲ့သူပါ" လီကျန့်ယီက လေးလေးနက်နက် ငြင်းသည်။ ငယ်စဉ်ကတည်းက လီဟန်ယီသည် သူ့ကို ဓားဖြင့်ထောက်ကာ သူမကို လက်ထပ်ရန် အတင်းအကျပ် ခိုင်းစေခဲ့ဖူး၏။ သူသည်လည်း သူမကို လက်ထပ်ခဲ့သည်ဖြစ်ရာ စကားနားမထောင်ဟု မဆိုနိုင်ပေ။

"ဒါပေမဲ့ ကျွန်မက ငွေဖြုန်းတဲ့သူ မဟုတ်ဘူးနော်" ဟု လီဟန်ယီက သွားလေးကြိတ်ကာ ပြောလိုက်သည်။

"အချိန်တန်ရင် သိရမှာပါ" ဟု လီကျန့်ယီက ပြုံးစိစိဖြင့် ပြောသည်။

"ဟွန့်..မယုံပါဘူး" ဟု လီဟန်ယီက မျက်နှာလွှဲသည်။ သူမသည် မိမိကိုယ်ကိုယ် အလွန်ခြိုးခြံချွေတာသူဟု မှတ်ယူထားသည်။

"ဒါဆိုရင် သခင်လေးလီက လီမိန်းကလေးကို ကြောက်ရတာပေါ့၊ ကျွန်တော်တို့က ကျွန်တော်တို့ သခင်မလေးကို ကြောက်ရသလိုမျိုးလား" ဟု ဇီယူကျီက ဝင်မေးလိုက်သည်။

"မတူပါဘူး" ဟု လီကျန့်ယီက ခေါင်းခါပြ၏။

"ဘာလို့လဲ"

"မင်းတို့ သခင်မလေးက ပိုင်လီတုန်းကျွင်းနဲ့ ညားနေတာလေ" ဟု လီကျန့်ယီက အချက်ကျကျ ပြောလိုက်သောအခါ ဇီယူကျီမှာ ဆွံ့အသွားရပေသည်။ ရုတ်တရက် ကျောထဲပင် စိမ့်သွားသလို ခံစားလိုက်ရ၏။ သူတို့၏ သခင်မလေး ရွဲ့ယောင်၏ နှလုံးသားမှာ ပိုင်လီတုန်းကျွင်းထံတွင်သာ ရှိသည် မဟုတ်ပါလား။

"သခင်လေးလီ... နာကျင်စရာတွေ မပြောပါနဲ့။ အစ်မရွဲ့ယောင်က ပိုင်လီတုန်းကျွင်းနဲ့ ရှိနေရင်တောင် ကျွန်တော်တို့က သူမရဲ့ လက်အောက်ငယ်သားတွေပဲလေ၊ ကြောက်ရတာက သဘာဝပါပဲ" ဟု ဇီယူကျီက ဆင်ခြေပေးသည်။

"မင်းတို့က သစ္စာရှိကြတာတော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ ရွဲ့ယောင်ရဲ့ ဘေးမှာ တစ်ချိန်လုံး ရှိနေခဲ့တာကို ဘာလို့ အခွင့်အရေး မယူနိုင်ခဲ့ကြတာလဲ" ဟု လီကျန့်ယီက ခေါင်းခါလျက် ပြော၏။

မိုရှီရွန်နှင့် ဇီယူကျီတို့မှာ ငြိမ်ကျသွားကြသည်။ သူတို့နှင့် သခင်မလေးမှာ အဆင့်အတန်း မတူညီလှသဖြင့် စိတ်ကူးပင် မယဉ်ဝံ့ခဲ့ခြင်း ဖြစ်ပေသည်။

"သခင်လေးလီ... မင်းက ငယ်သေးတော့ နားမလည်ပါဘူး" ဟု ဇီယူကျီက ဆိုသောအခါ လီကျန့်ယီက "မဟုတ်ဘူး... ငါ နားလည်တယ်"ဟု ပြန်ပြောလိုက်သည်။

တကယ်တော့ အဆင့်အတန်းချင်း တူညီမှသာ ဖူးစာဖက်နိုင်သည်ဟူသော အယူအဆမှာ အချို့နေရာများတွင် မှန်ကန်နေပေသည်။ ပိုင်လီတုန်းကျွင်းနှင့် ရွဲ့ယောင်တို့မှာ လှပမှု့နှင့် အရည်အချင်းချင်း တူညီကြသည် မဟုတ်ပါလား။

လီဟန်ယီကမူ "ယီယီ... ရှင် ဘာတွေ လုပ်နေတာလဲ၊ စီနီယာအစ်ကို့ကို ကွယ်ရာမှာ အတင်းပြောပြီး ရွဲ့ယောင်မမကို ဘယ်လိုပိုးရမလဲဆိုတာ သူတပါးကို သင်ပေးနေတာလား" ဟု မျက်မှောင်ကြုတ်ကာ မေးသည်။

"မဟုတ်ပါဘူး... အဆင့်အတန်းချင်း ညီမျှဖို့က တကယ် အရေးကြီးတယ်လို့ ရုတ်တရက် ခံစားမိသွားလို့ပါ" ဟု လီကျန့်ယီက လီဟန်ယီကို ကြည့်ကာ ပြော၏။

"အဲ့ဒါတွေက အရေးမကြီးပါဘူး၊ ကိုယ်နှစ်သက်ဖို့ပဲ အရေးကြီးတာပါ" ဟု လီဟန်ယီက ပြန်ပြောသည်။ သူမအတွက်မူ လီကျန့်ယီက စကားနားထောင်လျှင် ပြည့်စုံနေပြီ ဖြစ်သည်။

"ဟုတ်တယ် ဟန်ယီ... ငါလည်း အဲ့ဒီလိုပဲ ထင်တယ်" ဟု ဆိုကာ လီကျန့်ယီက လီဟန်ယီ၏ ပါးလေးကို လှမ်းညစ်လိုက်သည်။

"ဟွန့်..လူတွေ အများကြီး ကြည့်နေတာကို မညစ်နဲ့လေ" ဟု လီဟန်ယီက ရှက်ကိုးရှက်ကန်းဖြင့် လီကျန့်ယီ၏ လက်ကို ဖယ်လိုက်၏။

"ကောင်းပါပြီ... မညစ်တော့ပါဘူး" လီကျန့်ယီက လက်ဖက်ရည်ကို အေးဆေးစွာ ငှဲ့သောက်ရင်း အလယ်ပိုင်းဒေသမှ အင်အားစုများ ရောက်လာမည်ကို စောင့်ဆိုင်းနေသည်။ သူသည် ရဲဒင်းကျီနှင့် ရဲအန်ရှီတို့ကို စိတ်ဝင်စားနေသဖြင့် နောင်တွင် ရဲဒင်းကျီထံမှ အကျိုးအမြတ်တစ်ခုခု ရယူရန် ကြံစည်နေမိ၏။

အခန်း ၁၄၉ မင်း တစ်လောကလုံးမှာ ကျော်ကြားလာတဲ့အခါ ငါ မင်းကို လက်ထပ်ယူပါမယ်

ချန်တုန်းမြို့အနီးတွင်။

"တီယမ်ဝူတွမ်က လူတွေ ငါတို့ ပေလီ ကို ကျူးကျော်မယ်ဆို၊ ငါတို့ ချန်တုန်းမြို့နားတောင်ရောက်နေပြီကို တစ်ယောက်မှ မတွေ့ရသေးပါလား" ဝူဆောင်မြို့တော်မှ ဆုန့်ယန်ဟွေး က မျက်မှောင်ကြုတ်လိုက်ပသည်။

"ဟုတ်ပ... တစ်ခုခုတော့ မှားနေပြီ။ တီယမ်ဝူတွမ်က ဂိုဏ်းပေါင်းစုံ စုဖွဲ့ထားတာဆိုတော့ ကျန့်ရှီးစစ်တပ်က သူတို့ကို မတားနိုင်လောက်ဘူး" ဟု အခြားတစ်ဦးကလည်း ထောက်ခံ၏။ တကယ်တော့ သာမန်သိုင်းသမားတွေကိုသာ စစ်တပ်က ဟန့်တားနိုင်သော်လည်း ကျွမ်းကျင်သူများကိုမူ တားဆီးရန် ခက်ခဲလှသည် ။

"အစွမ်းထက်တဲ့သူတွေကိုတော့ လုံးဝ တားလို့မရဘူး" ဟု မိုးကြိုးတံခါးမှ ဒုတိယဂိုဏ်းချုပ်ကလည်း ဝေခွဲမရစွာ ပြောလေသည်။

"တစ်ယောက်ယောက်က သူတို့ကို ကြိုတင်တားဆီးထားတာ ဖြစ်နိုင်မလား" ဟု ဝမ်ဟူကျူးက ခန့်မှန်းလိုက်၏။

"ပြောရခက်တယ်၊ မြို့ထဲရောက်မှပဲ ကြည့်ကြတာပေါ့" ဟု ကောင်းကင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ပြောလိုက်သဖြင့် သူတို့အားလုံး မြို့ထဲသို့ အမြန်ဆုံး ဝင်သွားကြတော့သည်။ မြို့ထဲသို့ ရောက်သည်နှင့် မြို့တံခါးအပြင်ဘက်မှ တိုက်ခိုက်သံများကို ကြားလိုက်ရ၏။

"အမတ်ကြီး... ဘာတွေဖြစ်နေတာလဲ။ ကျန့်ရှီးစစ်တပ်က ဒီလောက်တောင် အစွမ်းထက်သွားတာလား၊ တီယမ်ဝူတွမ်ကလူတွေကို တားထားနိုင်တယ်ပေါ့"

မြို့ရိုးပေါ်တွင်ရပ်နေ အမတ်ကြီးကို လဲ့ကျင့်တို့က အံ့အားသင့်စွာ မေးလိုက်သည်။

"ကျန့်ရှီးစစ်တပ်က အစွမ်းထက်လို့ မဟုတ်ပါဘူး၊ တစ်စုံတစ်ယောက်က တီယမ်ဝူတွမ်ရဲ့ ကျွမ်းကျင်သူတွေကို ကြိုတင်တားဆီးထားလို့ပါ" ဟု အမတ်ကြီး ပိုင်လီလော့ချန်က လက်ဖက်ရည် သောက်နေဆဲဖြစ်သော လီကျန့်ယီနှင့် လီဟန်ယီတို့ထံသို့ မေး‌ငေါ့ပြလိုက်သည်။

ထိုအခါ ဆုန့်ယန့်ဟွေးနှင့် အခြားသူများသည် လီကျန့်ယီတို့နှင့်အတူ ငြိမ်သက်စွာ ထိုင်နေသော တီယမ်ဝူတွမ်မှ ကျွမ်းကျင်သူများကို မြင်သွား၏။

"ဒါ... ဓားနှလုံးဂူဗိမာန်က သခင်လေးလီ မဟုတ်လား"

ချင်းချန် တောင်ကုန်းမှ ဝမ်ရိရှင်း သည် လီကျန့်ယီကို မြင်သည်နှင့် ဝမ်းသာအားရ ပြေးသွားလေသည်။ သူသည် လီကျန့်ယီ၏ ဘေးတွင် အေးဆေးစွာ ဝင်ထိုင်လိုက်ပြီး "သခင်လေးလီ... ချင်းချန်တောင်မှာ လမ်းခွဲခဲ့ပြီးကတည်းက ပိုပြီး အစွမ်းထက်လာပြန်ပြီပဲ။ ကျွန်တော်တို့က တကယ်ကို ရေစက်ရှိတာပဲဗျာ" ဟု ပြုံးရွှင်စွာ ပြောလိုက်၏။

"ကျွန်တော်က နိုင်ငံအတွက် ဂုဏ်ဆောင်ပြီး မာရ်နတ်ဂိုဏ်းကလူတွေကို ဆုံးမ မလို့ လာတာ၊ အခုတော့ သခင်လေးလီက သူတို့ကို အကုန်နှိမ်နင်းထားပြီးပြီပဲ။ မင်းက တကယ်ပဲ ငါဝမ်ရိရှင်းရဲ့ ညီအစ်ကိုကောင်းပဲ" ဟု သူက ဆက်ပြောလိုက်၏။

လီကျန့်ယီမှာမူ ဆွံ့အသွားသည်။ ဘေးမှ လူများကလည်း ဝမ်ရိရှင်းကို ကြည့်ကာ အံ့အားသင့်နေကြ၏။ လီကျန့်ယီက မိုရှီရွန်နှင့် ဇီယူကျီကို ကြည့်ကာ "ကြားတယ်မလား... ဝမ်သခင်က မင်းတို့နှစ်ယောက်နဲ့ လက်ရည်စမ်းချင်နေတာတဲ့။ နှစ်ယောက်တစ်ယောက်ဆိုရင်တော့ မင်းတို့ ရှုံးမှာမဟုတ်ပါဘူးနော်" ဟု မေးလိုက်သည်။

"တစ်ယောက်ချင်းဆိုရင်တော့ ပြောရခက်ပေမဲ့ နှစ်ယောက်တစ်ယောက်ဆိုရင်တော့ သူကို လူနာခန်းရောက်အောင် ငါတို့ အာမခံပါတယ်" ဟု မိုရှီရွန်နှင့် ဇီယူကျီတို့က တည်ကြည်စွာ ပြန်ပြော၏။

ဝမ်ရိရှင်းမှာ မျက်လုံးအပြူးသား ဖြစ်သွားသည်။ "သခင်လေးလီသာ မရှိရင် မင်းတို့လို မာရ်နတ်ဂိုဏ်းသားတွေနဲ့ ငါက လက်ဖက်ရည် အတူသောက်ပါ့မလား" ဟု သူက ပြန်အော်ကာ အနောက်နည်းနည်းဆုတ်သွားသေးသည်ာ

"ဒါဟာ ဝမ်သခင်အတွက် ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးပဲ မဟုတ်လား။ အလယ်ပိုင်းဒေသက အင်အားစုတွေ ဒီနေ့ နာမည်ကျော်မကျော်ဆိုတာ ဒီတိုက်ပွဲအပေါ်မှာ မူတည်နေတယ်" ဟု လီကျန့်ယီက မတ်တပ်ရပ်လျက် ဆွဲဆောင်လိုက်သည်။

သူသည် တီယမ်ဝူတွမ်က လူများကို ကြည့်ကာ "ငါ မတားရင်တောင် မင်းတို့ရဲ့ စစ်ဆင်ရေးက ရှုံးမှာပဲ။ ဒါကြောင့် ငါ မင်းတို့ကို အခွင့်အရေးပေးမယ်၊ သွားပြီး ရဲဒင်းကျီကို ကူညီလိုက်ကြတော့" ဟု ပြော၏။

ထို့နောက် သူသည် လီဟန်ယီကို ကြည့်ကာ "ဟန်ယီ... ကံကောင်းပါစေ၊ ငါ လုပ်စရာ အရေးကြီးတာ ရှိသေးလို့ ခဏ လမ်းခွဲရအောင်" ဟု ပြောလိုက်သည်။ လီဟန်ယီကလည်း ဘာမှ မမေးဘဲ ခေါင်းညိတ်ပြ၏။ လီကျန့်ယီသည် ဆန်းကျယ်နတ် ခရီးအဆင့်သို့ ရောက်နေပြီဖြစ်ရာ သူမ စိုးရိမ်ရန် မလိုတော့ပေ။

"ဟုတ်ပြီ... ဟန်ယီ၊ မင်း တစ်လောကလုံးမှာ ကျော်ကြားလာတဲ့အခါ ငါ မင်းကို လာပြီး လက်ထပ်ယူပါ့မယ်" ဟု လီကျန့်ယီက လီဟန်ယီ၏ ပါးပြင်လေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ လေးလေးနက်နက် ပြောလိုက်၏။

"အင်း" လီဟန်ယီ၏ မျက်နှာလေးမှာ နီမြန်းနေဆဲဖြစ်သော်လည်း ခိုင်မာစွာ ခေါင်းညိတ်ပြရှာသည်။

လီကျန့်ယီသည် သူမကို ထပ်မံ၍ မစနောက်တော့ဘဲ စိတ်အာရုံတစ်ခုဖြင့်ပင် ထိုနေရာမှ ပျောက်ကွယ်သွား၏။ ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်းမှာ မှင်တက်သွားကြရပြန်သည်။

"သခင်လေးလီက ဘာဖြစ်သွားတာလဲ" ဟု ဝမ်ရိရှင်းက ပါးစပ်အဟောင်းသားနှင့် မေးလိုက်သည်။

"ဝမ်သခင်... ဒါက 'ဆန်းကျယ်နတ်ခရီးအဆင့်' ရဲ့ အစွမ်းပဲ။ အဲ့ဒီအဆင့်ကို ရောက်ရင် ကမ္ဘာပေါ်မှာ သွားလို့မရတဲ့နေရာ မရှိတော့ဘူး" ဟု လီဟန်ယီက ရှင်းပြလိုက်၏။

"ဆန်းကျယ်... နတ်ခရီးအဆင့်၊ ဒါဆို ငါ့မှာ ဒီလောက် အစွမ်းထက်တဲ့ အစ်ကိုကြီး ရှိနေတာပေါ့" ဝမ်ရိရှင်းက ဂုဏ်ယူဝံ့ကြွစွာ ပြောသည်။ လီဟန်ယီမှာမူ သူ၏ အရှက်မရှိပုံကို ကြည့်ကာ စကားပင် မပြောချင်တော့ပေ။

သူမသည် ရွဲ့ရှင်းနှင့် တီယမ်ဝူတွမ်က လူများကို ကြည့်ကာ "ရှင်တို့ပေလီ ကို တိုက်ချင်တယ်ဆိုရင် အလယ်ပိုင်းဒေသက သိုင်းသမားတွေ ခွင့်ပြုမပြု အရင်ကြည့်ရလိမ့်မယ်။ ဒါကြောင့် ရွှေလမြို့တော်က လီဟန်ယီ... ရှင်တို့ကို စိန်ခေါ်ပါတယ်" ဟု ဆိုကာ ရေခဲမြစ်ဓားကို ဆွဲထုတ်လိုက်သည်။

ရွဲ့ရှင်းကလည်း မျက်မှောင်ကြုတ်လျက် "လီကျန့်ယီ မရှိတော့တာနဲ့ ငါတို့က အလယ်ပိုင်းဒေသ သိုင်းသမားတွေကို ကြောက်မယ် ထင်နေလား" ဟု ဆိုကာ 'ကောင်းကင်ဖြတ်သန်းခြင်းအဆင့်' မှ အကြီးအကဲ ဆယ်ဦးကို လီဟန်ယီအား ဝိုင်းရံတိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။

မိုရှီရွန်နှင့် ဇီယူကျီတို့က ဆယ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်းမှာ မတရားကြောင်း ပြောရန် ပြင်သော်လည်း လီကျန့်ယီ၏ "မင်း တစ်လောကလုံးမှာ ကျော်ကြားလာတဲ့အခါ..." ဟူသော စကားကို သတိရသွားကြသဖြင့် မတားတော့ပေ။

သူတို့သည် ဝမ်ရိရှင်းကိုသာ ကြည့်ကာ "ဝမ်သခင်... မင်းက သခင်လေးလီရဲ့ ညီလေးဆို၊ လာ... မင်းရဲ့ အရည်အချင်းကို ငါတို့ စမ်းကြည့်ရအောင်" ဟု ပြုံးစစဖြင့် စိန်ခေါ်လိုက်သည်။

ဝမ်ရိရှင်းမူ ဘာမှမကြားသည့် မျက်နှာပေးဖြင့် ကြောင်တောင်တောင်သာ ရပ်နေသည်။

အခန်း ၁၅၀ တစ်မြို့လုံးရှိ ပန်းများကို ဆွဲဆောင်ခြင်း

မိုရှီရွန်နှင့် ဇီယူကျီတို့၏ မျက်နှာပေါ်ရှိ လှောင်ပြုံးများကို မြင်သောအခါ ဝမ်ရိရှင်းသည် မသိစိတ်ဖြင့် မတ်တပ်ရပ်ကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး "ငါ ပြောလိုက်မယ်... ငါ့ရဲ့ ညီအစ်ကိုကောင်းက သခင်လေးလီနော်" ဟု အော်လိုက်သည်။

"မင်းတို့ ငါ့ကို ပစ်မှတ်မထားနဲ့ဦး။ မဟုတ်ရင် ငါ့ညီအစ်ကိုက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

"အော်... ဟုတ်လား" မိုရှီရွန်နှင့် ဇီယူကျီတို့က ဝမ်ရိရှင်းထံသို့ တစ်လှမ်းချင်း တိုးကပ်လာကြ၏။

"ကောင်းပြီလေ... တိုက်ကြတာပေါ့။ ဒါပေမဲ့ မင်းတို့မှာ သတ္တိရှိရင် တစ်ယောက်ချင်း တိုက်စမ်းပါ။ နှစ်ယောက်တစ်ယောက် တိုက်တာက ဘယ်လောက်တောင်အရှက်မရှိလိုက်လဲ" ဟု ဝမ်ရိရှင်းက ရန်စစကား ပြောလိုက်သည်။

"မတိုက်နိုင်ပါဘူး... လူအင်အား သာနေတာကို ဘာလို့ တစ်ယောက်ချင်း တိုက်နေရမှာလဲ" ဇီယူကျီနှင့် မိုရှီရွန်တို့က လူလည်လုပ်ကြ၏။ ဝမ်ရိရှင်းသည် လုစုကျန်း၏ ထိပ်သီးတပည့် ဖြစ်သဖြင့် သူတို့နှစ်ဦးမှာ အရှုံးမပေးလိုကြပေ။ ထို့အပြင် ဝမ်ရိရှင်းကို အပြင်းထန်ဆုံး စမ်းသပ်မှုများ ပြုလုပ်ပေးပါမည်ဟု လီကျန့်ယီကို ကတိပေးထားခဲ့သည် မဟုတ်ပါလား

"အရှက်မရှိလိုက်တာ၊ မာရ်နတ်ဂိုဏ်းရဲ့ လက်ဝဲနဲ့ လက်ယာ စောင့်ရှောက်သူတွေ ဖြစ်ပြီးတော့ အနိုင်ကျင့်ဖို့ပဲ ကြံနေကြတယ်။ မင်းတို့က သိုင်းလောကရဲ့ အမှိုက်တွေပဲ" သူ၏ ရန်စမှု့က အရာမထင်သဖြင့် ဝမ်ရိရှင်းက ဒေါသတကြီး ဆဲဆိုတော့သည်။

"ကဲ... အရှက်မရှိတဲ့ စောင့်ရှောက်သူတွေ အလေးအနက် ထားတော့မယ်။ ဝမ်တာအိုဆရာ... အသင်းလိုက် ရိုက်နှက်တာကို ခံစားကြည့်လိုက်စမ်း" ဟု ဆိုကာ မိုရှီရွန်နှင့် ဇီယူကျီတို့က လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် အလယ်ပိုင်းဒေသမှ သိုင်းသမားများသည်လည်း တီယမ်ဝူတွမ်မှ အခြားသူများနှင့် တိုက်ပွဲ ဖြစ်ပွားနေကြ၏။ ချန်တုန်းမြို့အတွင်းတွင် တီယမ်ဝူတွမ်နှင့် ပေလီတို့၏ အင်အားပြိုင်ပွဲမှာ အရှိန်အဟုန် ပြင်းထန်နေသည်။ သို့သော်လည်း အလယ်ပိုင်းဒေသမှ အင်အားစုအားလုံး ရောက်မလာသေးသဖြင့် ပေလီဘက်မှ လူနည်းစုက လူအများစုကို ယှဉ်ပြိုင်နေရခြင်း ဖြစ်၏။

ထိုသို့ အများကြားတွင် တစ်ကိုယ်တည်း တိုက်ခိုက်နေရသူမှာ လူဆယ်ဦးကို ရင်ဆိုင်နေရသော လီဟန်ယီပင် ဖြစ်တော့သည်။

"သူမကို ဖမ်းဆီးလိုက်ကြ"

"ဒါပေမဲ့ သူမကို ဒဏ်ရာ မရစေနဲ့ဦး"

ရွဲ့ရှင်းက 'ကောင်းကင်ဖြတ်သန်းခြင်းအဆင့်' မှ အကြီးအကဲ ဆယ်ဦးကို လီဟန်ယီအား ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။ လီဟန်ယီသာ ဒဏ်ရာရသွားပါက လီကျန့်ယီ၏ ဒေါသကို သူတို့ တားဆီးနိုင်မည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထား၏။

"နားလည်ပါပြီ" အကြီးအကဲ ဆယ်ဦးမှာလည်း လီကျန့်ယီ၏ ဖိအားကို မှတ်မိနေကြသဖြင့် တုန်တုန်ရင်ရင်ဖြင့် ပြန်ထူးကြသည်။

"အပိုတွေ ပြောမနေနဲ့ ၊ ယီယီ မရှိရင်တောင် ငါ လီဟန်ယီက မင်းတို့ကို အနည်းငယ်မှ မကြောက်ဘူး" လီဟန်ယီသည် သူမကို ဝိုင်းရံထားသော အကြီးအကဲများကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။ သူမသည် နတ်ဘုရားအဆင့်ရှိသော လီကျန့်ယီ၏ ရှေ့တွင်ပင် မကြောက်ရွံ့ခဲ့သော အမျိုးသမီး ဖြစ်သည်။

"ကောင်းပြီလေ... မင်းရဲ့ စွမ်းအားက မင်းရဲ့ စကားတွေလောက် သန်မာမလား ကြည့်ကြတာပေါ့" အကြီးအကဲ တစ်ဦးက ရှေ့ထွက်ကာ လီဟန်ယီကို စတင်တိုက်ခိုက်သည်။

သို့သော် လီဟန်ယီ၏ လက်ထဲရှိ ရေခဲမြစ်ဓားမှာ အလှပြရန် မဟုတ်ပေ။ သူမသည် ဖုယောင်ဆင့် ၏ ထိပ်သီး ကျွမ်းကျင်သူဖြစ်ရာ အဆင့်သို့ ဝင်ကာစ အဘိုးကြီး၏ ဓားကို အလွယ်တကူပင် ရိုက်ချလိုက်သည်။

"ရွှေလမြို့တော်က လီဟန်ယီက တကယ်ပဲ စွမ်းဆောင်ရည် ရှိတာပဲ" ဟု ပြောကာ ကျန်ရှိသော အကြီးအကဲ ကိုးဦးမှာလည်း မပေါ့ဆရဲတော့ဘဲ တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ကြတော့၏။ 'ကောင်းကင်ဖြတ်သန်းခြင်းအဆင့်' ရှိ ကျွမ်းကျင်သူ ဆယ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် လီဟန်ယီမှာ စတင်၍ အားနည်းလာသည်။

သူမသည် ဖုယောင်အဆင့်၏ ထိပ်ဆုံးသို့ ရောက်နေသော်လည်း မိမိကိုယ်ပိုင် ဓားဆန္ဒကို မဖော်ထုတ်နိုင်သေးသဖြင့် နတ်ဓားရှင် အဆင့်သို့ မရောက်သေးပေ။ မဟုတ်ပါက ဤအဘိုးကြီး ဆယ်ဦးမှာ သူမအတွက် ပြိုင်ဘက် မဟုတ်နိုင်ပေ။

"အကြီးအကဲတို့... ဖိအားပေးထားကြ၊ သူမ အားကုန်သွားတဲ့အထိ တိုက်မယ်၊ သူမမှာ ငါတို့ကို ယှဉ်ဖို့ စွမ်းအင် အကြာကြီး မရှိနိုင်ဘူး" ဟု တီယမ်ဝူတွမ်မှ အကြီးအကဲများက ယုံကြည်ချက်အပြည့်ဖြင့်‌ အမိန့်‌ပေး နေ၏။

ဝမ်အကြီးအကဲနှင့် ယွမ်အကြီးအကဲတို့မှာ ရှေ့တန်းမှ တိုက်ခိုက်ပြီး ကျန်ရှိသော ရှစ်ဦးမှာမူ လီဟန်ယီ အလစ်အငိုက်ကို စောင့်ကာ တိုက်ခိုက်နေကြသည်။ လီဟန်ယီသည် ရှေ့မှလာသော တိုက်ကွက်များကို ခုခံနေရုံသာမက ကျန်လူများ၏ ခိုးကြောင်ခိုးဝှက် တိုက်ကွက်များကိုလည်း သတိထားနေရ၏။

"ဒါကတော့ ဒုက္ခပဲ" လီဟန်ယီသည် သူမအား အလှည့်ကျ တိုက်ခိုက်နေသော အကြီးအကဲ ဆယ်ဦးကြောင့် အသက်ရှူပင် မချောင်တော့ပေ။ သူမတွင် သူတို့ကို သတ်ဖြတ်နိုင်သော စွမ်းအား ရှိသော်လည်း အခွင့်အရေး မရဘဲ ဖြစ်နေရ၏။

"လီဟန်ယီ... အညံ့ခံလိုက်စမ်းပါ။ ငါတို့ မင်းကို ဒဏ်ရာ မရစေချင်ဘူး" ဟု အကြီးအကဲများက လှောင်ပြောင်‌သောအသံဖြင့် ပြောသည်။

"ငါ့ကို အညံ့ခံခိုင်းတာလား... စိတ်မကောင်းပါဘူး၊ ငါ့လက်ထဲက ဓားက ခွင့်မပြုဘူး"

ထိုသို့ တိုက်ခိုက်နေရင်း လီဟန်ယီသည် လီကျန့်ယီ အသုံးပြုခဲ့သော 'မရဏဓား' တိုက်ကွက်ကို ရုတ်တရက် သတိရသွား၏။ 'ယီယီက လှပတဲ့ ဓားကွက်တွေကို သုံးနိုင်ရင် ငါကရော ဘာလို့ မသုံးနိုင်ရမှာလဲ' ဟု သူမ တွေးမိသွားသည်။

ချန်တုန်းမြို့အတွင်းရှိ ဆောင်းဦးပန်းရနံ့များနှင့် လေထဲတွင် ဝဲပျံနေသော ပန်းပွင့်လေးများကို ကြည့်ကာ လီဟန်ယီသည် အကြံတစ်ခုရသွား၏။

'ငါက ယီယီလို ခေါင်ရမ်းပန်းတွေကို အတွင်းအားနဲ့ မဖန်တီးနိုင်ပေမယ့် တစ်မြို့လုံးက ပန်းတွေကို ဆွဲဆောင်ပြီး ကိုယ်ပိုင် ဓားကွက်တစ်ခု ဖန်တီးရင်ရော' ဟု သူမ စဉ်းစား နေသည်။

ထိုအတွေးနှင့်အတူ လီဟန်ယီသည် ရေခဲမြစ်ဓားကို မြှောက်လိုက်ပြီး တစ်မြို့လုံးရှိ ဆောင်းဦးပန်း များကို စတင်စုစည်းသည်။ ပန်းပွင့်လေးများမှာ ကောင်းကင်ယံတွင် ပန်းပင်လယ်ကြီးသဖွယ် ဝဲပျံလာပြီးနောက် လီဟန်ယီ၏ ကျင့်ကြံခြင်း အတားအဆီးမှာလည်း ပွင့်ထွက်သွားပြီး သူမသည် ဖုယောင်ဆင့်မှ 'ချုပ်နှောင်မဲ့အဆင့်' သို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

"ငါ့မှာ 'ပန်းပင်လယ်'လို့ ခေါ်တဲ့ ဓားကွက် ရှိတယ်။ တီယမ်ဝူတွမ်က အကြီးအကဲတွေ ခံနိုင်ရည် ရှိမရှိ ကြည့်ကြတာပေါ့"

လီဟန်ယီသည် တစ်မြို့လုံးရှိ ပန်းပွင့်များကို ဆွဲဆောင်ကာ အကြီးအကဲ ဆယ်ဦးထံသို့ ဓားကို ဝေ့ယမ်းလိုက်၏။ ဤလှပသော မြင်ကွင်းမှာ တိုက်ပွဲအတွင်းရှိ လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်၏။

"အဲ့ဒီ ဓားကွက်က တကယ့်ကို လှပလွန်းတယ်..."

ချင်းချန်တောင်မှ ဝမ်ရိရှင်းမှာလည်း ပန်းပွင့်များကြားတွင် တိုက်ခိုက်နေသော လီဟန်ယီကို ကြည့်ကာ မှင်တက်သွားရသည်။ လီဟန်ယီသည် ယခုအခါ ကမ္ဘာကျော်မည့် နတ်ဓားရှင် တစ်ဦးအဖြစ်သို့ စတင်ခြေလှမ်းနေသည်ဟု ဝမ်ရီရှင်းတွေးနေမိသည်။

All Chapters