← Chapters

အခန်း (၁၅၁-၁၅၅)

Vol. 16 Ch. 151-155

အခန်း (၁၅၁-၁၅၅)

Vol. 16 Ch. 151-155

အခန်း ၁၅၁ ပန်းပင်လယ်

"ပန်းတွေနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ကို ဖန်တီးနိုင်ဖို့ စွမ်းအားတွေ ဘယ်လောက်တောင်လိုမလဲ"

ချင်းချန်တောင်ကုန်းမှ ဝမ်ရိရှင်းသည် ပွင့်လန်းလာသော ပန်းပင်လယ်ကြီးကို ကြည့်ကာ အလွန်အမင်း တုန်လှုပ်နေသည်။သူသာမက မိုးကြိုးတံခါးနှင့် ဝူဆောင်မြို့က လူများမှာလည်း ရင်တွင်း၌ လှုပ်ခတ်သွားကြ၏။

ရောက်ရှိနေသူအားလုံး ပန်းပေါင်းစုံနေသော ပန်းပင်လယ်ကြီးကို ငေးမောကာ မှင်တက်နေကြသော်လည်း တိုက်ရိုက်ရင်ဆိုင်နေရသည့် တီယန်ဝူတွမ်မှ ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ရှိ အကြီးအကဲ ဆယ်ဦးမှာမူ ပြင်းထန်သော ဖိအားနှင့် တုန်လှုပ်မှု့ကိုသာ ခံစားနေရ၏။ သူတို့သည် အစွမ်းထက်သည့် လျှို့ဝှက်ချက်ကျင့်စဥ်များကို အစွမ်းကုန် ထုတ်ဖော်တိုက်ခိုက်နေကြသည်။

အကြီးအကဲများ၏ လက်သီးချက်များနှင့် ဓားကွက်များစွာသည် လီဟန်ယီထံသို့ တရကြမ်း ပြေးဝင်သွားသော်လည်း လီဟန်ယီတွင်မူ "ပန်းပင်လယ်ဓားကွက်" တစ်ခုသာ ရှိသည်။

ဓားတစ်ချက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်မှ ပန်းများစွာသည် မြေသို့ ဆင်းသက်လာ၏။ အကြီးအကဲများ၏ များပြားလှသော တိုက်ခိုက်မှု့များသည် ဝါဂွမ်းလေးများဖြင့် ရိုက်ပုတ်လိုက်သကဲ့သို့ ဖြစ်သွားကာ ပန်းလှိုင်းလုံးကြီးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး လေထုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ပျောက်ကွယ်သွားသည်။

ဤသည်ကား ပြီးပြည့်စုံသော ဓားအသိစိတ်၏ အခြေအနေပင် ဖြစ်သည်။ ဓားသိုင်းပညာ၏ အဆုံးစွန်သော လွတ်လပ်ခြင်းဖြစ်သလို "နတ်ဓားရှင်" ဟုလည်း တင်စားခေါ်ဆိုနိုင်သည်။

"ဖူး..."

ပန်းလှိုင်းလုံးကြီးများသည် တီယန်ဝူတွမ်မှ အကြီးအကဲ ဆယ်ဦး၏ ပေါင်းစပ်တိုက်ကွက်ကို ဖုံးလွှမ်းသွားရုံသာမက သူတို့၏ ခန္ဓာကိုယ်များကိုပါ နစ်မြုပ်သွားစေသည်။ ပန်းလှိုင်းလုံးများ ငြိမ်သက်သွားသည့်အခါတွင် အစောပိုင်းက ယုံကြည်မှု့အပြည့်နှင့် တက်ကြွနေခဲ့သော အကြီးအကဲ တစ်ဆယ်ဦးမှာ အင်အားကုန်ခမ်းနေကြသည်။

အားနည်းသူအချို့မှာ သွေးအန်ကာ ချက်ချင်းပင် သေဆုံးသွား၏။

"ဒါက နတ်ဓားရှင် စွမ်းအားလား။ ဓားနှလုံးဂူဗိမာန်မှာ နတ်ဓားရှင် နှစ်ယောက်တောင် ရှိနေတာလား" ဟု ကောင်းကင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ကောင်းကင်ထက်တွင် ဂုဏ်ယူစွာ ရပ်နေသော လီဟန်ယီကို အားကျသည့်မျက်လုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

အလယ်လတ်အဆင့် ဂိုဏ်းများသာမက ထိပ်သီးဂိုဏ်းကြီးများအတွက်ပင် နတ်ဓားရှင်တစ်ဦး ပေါ်ထွက်လာစေရန်မှာ အလွန်ခက်ခဲလှသည်ကို သိထားကြသည်။ သို့သော် ယခုအခါ ဓားနှလုံးဂူဗိမာန်တွင် နတ်ဓားရှင် နှစ်ဦးအထိ ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူတို့မှာ အသက်နှစ်ဆယ်ပင် မပြည့်သေးဘဲ ထိုအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်၏။

ဤအချက်သည် ဓားနှလုံးဂူဗိမာန်သည် ကျင့်ကြံသူလောကတွင် ထင်ရှားကျော်ကြားလာတော့မည်ဖြစ်ကြောင်း သက်သေပြနေသည်။ မျိုးဆက်ဟောင်းများမှာ နှုတ်ဆက် ထွက်ခွာသွားကြပြီဖြစ်ရာ ဤခေတ်ကာလသည် ဓားနှလုံးဂူဗိမာန်၏ခေတ်ဖြစ်လာပေလိမ့်မည်။ မြောက်ပိုင်းလီဒေသရှိ မည်သည့်အင်အားစုမှ ဓားနှလုံးဂူဗိမာန်၏ အမည်ကို မသိသည့်လူ မရှိနိုင်တော့ပေ။

"မိန်းကလေးလီ... နတ်ဓားရှင်အဆင့်သို့ တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်" ဟု ဗဟိုဒေသမှ ရောက်လာကြသော ကျင့်ကြံသူများအားလုံးက ရိုသေစွာဖြင့် ဂုဏ်ပြုပေး ကြလေသည်။

"ကံကောင်းလို့ပါ" လီဟန်ယီက နှိမ့်ချစွာ ပြန်ပြောရင်း ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

ထို့နောက် ရွဲ့ရှင်းနှင့် အခြားသူများကို ကြည့်ကာ သူမက "ယီယီ ပြောသလိုပဲ... နင်တို့တွေ မြောက်ပိုင်းလီကနေ အခုချက်ချင်း ထွက်သွားမယ်ဆိုရင် နောက်ပြန်လှည့်ဖို့ အခွင့်အရေး ရှိပါသေးတယ်" ဟု ပြောလိုက်သည်။

မဟုတ်ပါက တီယန်ဝူတွမ်သည် ပျက်စီးသွားရမည်ဖြစ်ပြီး ပေချွဲ၏ အကြွင်းအကျန်များသည်လည်း သမိုင်း၏ ဖုန်မှုန့်များအဖြစ် လုံးဝ ပျောက်ကွယ်သွားရပေလိမ့်မည်။ ထိုစကားကို ကြားသောအခါ ဝမ်ရိရှင်းကို တိုက်ခိုက်နေသည့် မိုရှီရွန်နှင့် ဇီယူကျီတို့သည် ချက်ချင်း ရှေ့သို့တက်ကာ ဦးညွှတ်လိုက်ကြပြီး "မိန်းကလေးလီ... ကျွန်တော် တီယန်ဝူတွမ်အနေနဲ့ ချန်တုန်းမြို့ကနေ ဆုတ်ခွာဖို့ သဘောတူပါတယ်" ဟု ပြောကြသည်။

"လက်ဝဲနဲ့ လက်ယာ စောင့်ရှောက်သူတို့... ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ နတ်ဓားရှင် တစ်ယောက်ကြောင့်နဲ့ ကျွန်မတို့ တီယန်ဝူတွမ် ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို မေ့သွားကြပြီလား" ဟု ရွဲ့ရှင်းက ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။

မြောက်ပိုင်းလီက ကောင်းမွန်လှသော မြေနေရာကို ပိုင်ဆိုင်ထားချိန်တွင် ငါတို့ တီယန်ဝူတွမ်က ဘာကြောင့် အေးစက်တဲ့ ဒေသမှာပဲ ခက်ခက်ခဲခဲ ရှင်သန်နေရမှာလဲဟု သူမက တွေးတောနေမိ၏။

မိုရှီရွန်နှင့် ဇီယူကျီတို့ကမူ ခေါင်းခါယမ်းလိုက်ကြပြီး "ဂိုဏ်းချုပ်ကို သခင်လေးလီ ပြောခဲ့သလိုပါပဲ... ငါတို့မှာ အင်အား မလုံလောက်ဘူး" ဟု ပြန်‌ဖြေသည်။သူတို့ ဆက်တိုက်ခိုက်ခြင်းသည် အလကားသာ သေဆုံးသွား ရပေလိမ့်မည်။

လက်ဖက်ရည်တစ်ခွက်ဖြင့် လူတိုင်းကို ခြောက်လှန့်နိုင်ခဲ့သည့် သခင်လေးလီကို ထားလိုက်ပါဦး၊ ယခုအချိန်တွင် နတ်ဓားရှင် ဖြစ်သွားသည့် မိန်းကလေးလီကိုပင် ရင်ဆိုင်ရန်မှာ အလွန် ခက်ခဲလှသည်။ ထို့ကြောင့် ဤသို့ ဆက်လက် လုပ်ဆောင်၍ မရနိုင်တော့ကြောင်း သူတို့က နားလည်ကြ၏။

"အသက်ရှင်နေတာက သေတာထက် အမြဲတမ်း ပိုကောင်းပါတယ်"

"ဒါပေမဲ့ ကျွန်မကတော့ သေရမှာကို မကြောက်ဘူး" ဟု ရွဲ့ရှင်းက မျက်ရည်များဖြင့် ပြန်ပြောသည်။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော မျှော်လင့်ချက်နှင့် အစီအစဉ်အားလုံးမှာ လူတစ်ယောက်ကြောင့် ပျက်စီးသွားရသည့်အတွက် သူမမှာ နာကျည်းမှုများဖြင့် ပြည့်နှက်နေပေသည်။

"ငါ မုန်းတယ်... ဒါတွေအားလုံးကို လီဟန်ယီနဲ့ လီကျန့်ယီတို့က ကြိုးကိုင်ခဲ့တာ မဟုတ်ဘူးဆိုရင် ဒီအစီအစဉ်က သေချာပေါက် အောင်မြင်မှာပါ" ဟု သူမက ရင်ထဲတွင် ကြွေးကြော်နေမိသည်။

သို့သော် ကြာလာသည်နှင့်အမျှ ထိုနာကျည်းမှုများမှာလည်း တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသည်။ လီကျန့်ယီ၏ အစွမ်းထက်မှု့က သူမကို သတိဝင်လာစေခဲ့သည်။

"နှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ အစီအစဉ်တွေ အချည်းနှီး ဖြစ်သွားတာကို လက်ခံရခက်မှာပါ။ ဒါပေမဲ့ အစ်မရွဲ့ယောင်က နင်ရဲ့ အစ်မပဲ‌ မဟုတ်လား" ဟု လီဟန်ယီက ရွဲ့ယောင်နှင့် ဆင်တူသော ရွဲ့ရှင်းကို မေးလိုက်သည်။

"အစ်မဖြစ်တော့ ဘာဖြစ်လဲ... ယောက်ျားတစ်ယောက်အတွက်နဲ့ ဂိုဏ်းရဲ့ ကြီးမားတဲ့ အစီအစဉ်ကို စွန့်လွှတ်ခဲ့တဲ့ သူတစ်ယောက်အတွက် ကျွန်မ ရှက်တောင် ရှက်မိသေးတယ်" ဟု ရွဲ့ရှင်းက အမုန်းပွားစွာ ပြန်ပြောသည်။

"ဒါပေမဲ့... အစ်မ ရွဲ့ယောင်က နင် ကို အရမ်းချစ်တာပါ။ နင် ရဲ့ အသက်ကိုတောင် သူ့အသက်ထက် ပိုတန်ဖိုးထားတာ"

"အစ်မဖြစ်သူက နင့်အတွက် ဘယ်လောက် ပေးဆပ်ခဲ့တယ်ဆိုတာကို မမြင်ဘူးလား" ဟု လီဟန်ယီက ရွဲ့ယောင်၏ စကားများကို ပြန်လည် သတိရကာ မေးလိုက်သည်။

"သူက ထူးချွန်ပြီး ရက်ရောတယ်... သိက္ခာရှိပြီး ပါးနပ်တယ်။ သူ ကျွန်မအပေါ် ဘယ်လောက် ကောင်းတယ်ဆိုတာ ကျွန်မ သိတာပေါ့။ ဒါပေမဲ့ သူ ဒီလိုဖြစ်နေလေလေ၊ ဖခင်က သူကိုပဲ အလေးထားလေလေပဲ။ ဂိုဏ်းထဲက လူတွေကလည်း သူရဲ့ စကားဆို နားထောင်ကြတယ်။ ကျွန်မကရော ဘာလုပ်ရမှာလဲ" ဟု ရွဲ့ရှင်းက သူမ၏ မနာလိုစိတ်များကို ဖွင့်ဟလိုက်၏။

"နင်က အစ်မဖြစ်သူရဲ့ ထူးချွန်မှု့ကို မနာလိုဖြစ်နေတာလား။ ငါ့ရဲ့ ယီယီကလည်း အရမ်းထူးချွန်တာပဲ၊ ဒါပေမဲ့ ငါ တစ်ခါမှ မနာလို မဖြစ်ခဲ့ဘူး"

မိသားစုဝင်တွေ ပိုပြီး ထူးချွန်လေလေ၊ ပိုပြီး ပျော်ရွှင်သင့်တာ မဟုတ်ဘူးလားဟု လီဟန်ယီက တွေးနေမိသည်။ အကယ်၍ သူမတွင် ထိုကဲ့သို့ အစ်မကောင်းတစ်ယောက် ရှိခဲ့လျှင် "အစ်မ" ဟု ချိုသာစွာ ခေါ်မိမည် ဖြစ်သည်။

"နင် မသိပါဘူး... နင် ဘာမှ နားမလည်ပါဘူး" ဟု ရွဲ့ရှင်းက စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ငါ တကယ်ပဲ နားမလည်တာပါ" ဟု လီဟန်ယီက ခေါင်းညိတ်လိုက်၏။ မိသားစုအပေါ် အဘယ်ကြောင့် မနာလိုဖြစ်ရသည်ကို သူမ အမှန်တကယ်ပင် နားမလည်ပေ။

"ရွဲ့ရှင်း... တီယန်ဝူတွမ်က လူတွေကတော့ ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ကြပြီ။ နင်ကော ဆက်ပြီး ခေါင်းမာနေဦးမှာလား" ဟု လီဟန်ယီက လေသံကို တင်းမာလိုက်သည်။ ရွဲ့ယောင်မှာ အစ်ကိုကြီး၏ ဇနီးလောင်း ဖြစ်လာမည်ဖြစ်ရာ သူမအနေဖြင့် ရွဲ့ယောင်၏ မျက်နှာကို ထောက်ထားရပေမည်။

"ငါကတော့ အညံ့ခံမယ့်အစား သေတာကိုပဲ ရွေးချယ်မယ်" ဟု ရွဲ့ရှင်းက လက်သီးကို တင်းတင်းဆုပ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။

"မသေမချင်း အလျှော့မပေးဘူးလား... ဒါကတော့ ငါတို့အတွက် ခက်ခဲစေပြီ" ဟု လီဟန်ယီက စိတ်ညစ်သွားရသည်။

ထိုစဉ်မှာပင် ပိုင်ရှောင်တန်မှ တပည့်တစ်ဦးက အပြေးအလွှား ရောက်ရှိလာပြီး "မိန်းကလေးလီ... သခင်လေးလီဆီက သတင်းစကား ရောက်လာပါတယ်" ဟု အော်ဟစ်လိုက်သည်။

"ယီယီဆီက စာလား"

"ဟုတ်ကဲ့ပါ" ဟု ဆိုကာ စာကို လီဟန်ယီထံ ဆက်သလိုက်သည်။ လီဟန်ယီက စာကိုဖတ်ကြည့်လိုက်သောအခါမှ ရွဲ့ရှင်း၏ စိတ်နေစိတ်ထားကို နားလည်သွားရသည်။

သူမသည် ငယ်စဉ်ကတည်းက အစ်မဖြစ်သူ၏ ချစ်ခြင်းမေတ္တာကို ရရှိခဲ့သော်လည်း အခြားသူများကမူ သူမကို အလေးမထားဘဲ အစ်မဖြစ်သူကိုသာ ချီးမွမ်းခဲ့ကြသည်။ ထို့ကြောင့် ရွဲ့ရှင်း မနာလိုဖြစ်နေသည်မှာ သူမ၏ အစ်မကို မဟုတ်ဘဲ၊ ဖခင်ဖြစ်သူနှင့် ဂိုဏ်းသားများက ရွဲ့ယောင်ကိုသာ အသိအမှတ်ပြုပြီး သူမကို လျစ်လျူရှုထားခြင်းကြောင့် ဖြစ်ပေသည်။

"ငါ နားလည်ပါပြီ"

လီကျန့်ယီ၏ စာကို ဖတ်ပြီးနောက် လီဟန်ယီက ပြုံးလိုက်ကာ မိုရှီရွန်နှင့် ဇီယူကျီတို့ကို ကြည့်၍ "မင်းတို့ရဲ့ ဒုတိယသခင်မလေးကို မေ့လဲအောင်လုပ်ပြီး ရွှေလမြို့တော်ကို ပို့လိုက်ပါ" ဟု ညွှန်ကြားလိုက်တော့သည်။

အခန်း ၁၅၂ ပြိုင်ဘက်မဖြစ်နိုင်ခြင်း

"ကောင်းပြီ"

လီဟန်ယီ၏ စကားကို ကြားသည်နှင့် မိုရှီရွန်နှင့် ဇီယူကျီတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ လက်တွေ့လုပ်ဆောင်ရန် ပြင်လိုက်ကြ၏။ အကယ်၍ ဒုတိယသခင်မလေး ရွဲ့ရှင်းသာ ချန်တုန်းမြို့တွင် သေဆုံးသွားခဲ့လျှင် သူတို့အနေဖြင့် ရွဲ့ယောင်အား မည်သို့မျှ ရှင်းပြနိုင်မည် မဟုတ်ပေ။

"ဘယ်လိုတောင် ရဲတင်းနေကြတာလဲ လက်ဝဲနဲ့ လက်ယာစောင့်ရှောက်သူ" မိုရှီရွန်နှင့် ဇီယူကျီတို့က လီဟန်ယီ ပြောသည့်အတိုင်း သူမကို တကယ်ပင် မေ့လဲအောင် လုပ်တော့မည်ကို မြင်လိုက်ရသောအခါ ရွဲ့ရှင်း၏ လှပသော မျက်ဝန်းအစုံမှာ အံ့ဩတုန်လှုပ်မှုဖြင့် ဝိုင်းစက်သွားရ၏။

"ဒုတိယသခင်မလေး... ကျွန်တော်တို့ကို ခွင့်လွှတ်ပါ" မိုရှီရွန်နှင့် ဇီယူကျီတို့သည် ရွဲ့ရှင်း၏ နောက်သို့ ရုတ်ခြည်း ရောက်ရှိသွားပြီး မည်သည့် တုံ့ဆိုင်းမှု့မှ မရှိဘဲ သူမကို မေ့လဲသွားအောင် ရိုက်နှက်လိုက်ကြလေတော့သည်။အလုပ်ပြီးမြောက်သွားသောအခါ သူတို့နှစ်ဦးသည် လီဟန်ယီကို ကြည့်ကာ "မိန်းကလေးလီ... ကျေးဇူးပြုပြီး လမ်းပြပေးပါဦး" ဟု ဆို၏။

"အင်း"

လီဟန်ယီက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးနောက် ဗဟိုဒေသမှ ကျင့်ကြံသူများကို ကြည့်ကာ ပြုံးလျက် "လူကြီးမင်းတို့... ဒီကိစ္စကတော့ ပြီးသွားပါပြီ။ နဂိုအတိုင်းပဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နိုင်ကြပါပြီ" ဟု ပြောလိုက်သည်။

"ကောင်းပြီလေ... တို့တွေ ခုလို အတူတူဆုံခဲ့တယ်၊ အားလုံးပဲ ရွှေလမြို့တော်ကို သွားပြီး အရက်သောက်ကြရင် မကောင်းဘူးလား" ဟု ဝမ်ဟူကျူးက အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

"အလွန်ကောင်းတာပေါ့"

ဂိုဏ်းအသီးသီးမှ လူများသည်လည်း ရွှေလမြို့တော်သို့ သွားရောက်ရန် ဝမ်းမြောက်ဝမ်းသာ သဘောတူကြသည်။ လီဟန်ယီသည် ဓားနှလုံးဂူဗိမာန်၏ အဖွဲ့ဝင်တစ်ဦးသာမက ရွှေလမြို့တော်သခင်၏ အလေးပေးခြင်းခံရသော တပည့်တစ်ဦးလည်း ဖြစ်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့် ထိုသို့သော ပုဂ္ဂိုလ်များရှိရာသို့ သွားရောက် လည်ပတ်သင့်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။

......

ထျန်ချီမြို့။

ရဲဒင်းကျီသည် ဓားတစ်လက်တည်းဖြင့် ကျင်းကျူးဝမ်မင်းသားရှိရာသို့ တစ်ကိုယ်တော် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဖုန်းလိုင်နတ်တောင်တွင် ပင်လယ်ခရီးသွားပညာရပ်ကို တတ်မြောက်ထားသည့် ပိုင်လီတုန်းကျွင်းက သူ့ကို တားဆီးနိုင်ခဲ့သည်။ ပိုင်လီတုန်းကျွင်းသည် ရဲဒင်းကျီကို ထျန်ချီမြို့ပြင်သို့ အတင်းအကျပ် ခေါ်ထွက်လာသည်။

ရဲဒင်းကျီနှင့် ပိုင်လီတုန်းကျွင်း နှစ်ဦးစလုံးမှာ ပြင်းထန်သော တိုက်ပွဲအပြီးတွင် အင်အားချည့်နဲ့နေကြပြီ ဖြစ်၏။ ယခုအချိန်တွင် ချုပ်နှောင်မဲ့အဆင့်ရှိသော မည်သည့်ပညာရှင်မဆို သူတို့နှစ်ဦးကို အလွယ်တကူ သတ်နိုင်သည်။

"ညီအစ်ကိုရဲ... မင်းမှာ ရဲအန်းရှီ ရှိသေးတယ်၊ ဒီလိုမျိုး မလုပ်သင့်ဘူး၊ ငါက မင်းကို တီယန်ဝူတွမ်ဆီ ပြန်ပို့ပေးမယ်" ပိုင်လီတုန်းကျွင်းသည် ဒဏ်ရာအပြင်းအထန်ရထားသော ရဲဒင်းကျီကို ပိုးကာ ထျန်ချီမြို့မှ ထွက်ပြေး‌လာ၏။

သူတို့နောက်တွင် သေမင်းမြစ်မှ လုပ်ကြံသတ်ဖြတ်သူများ လိုက်နေသည်။ သူတို့မှာ စုမုယူ၊ ရှဲချီသောင်း၊ မု့ယုမိုနှင့် စူးချန်းဟဲတို့ ဖြစ်ကြသည်။ ယခုအချိန်တွင် သေမင်းမြစ်သည် အရိပ်ဂိုဏ်းဖြစ်သလို တော်ဝင်နန်း‌တော်၏ လက်အောက်ခံ လည်း ဖြစ်သည်။

ကျင်းကျူးဝမ်မင်းသားနှင့် သူတို့သည် အပေးအယူ လုပ်ထားသည်။သူတို့သာ ရဲဒင်းကျီကို ဖမ်းဆီးနိုင်သရွေ့ အရိပ်ဂိုဏ်းကို လွတ်လပ်ခွင့်ပေးမည်ဖြစ်ပြီး တော်ဝင်မိသားစု၏ လက်အောက်ခံမှ လွှတ်မြောက်ခွင့်ပေးမည်ဟူ၍ဖြစ်သည်။

"ညီအစ်ကိုပိုင်လီ... ထားလိုက်ပါတော့၊ မင်းတစ်ယောက်တည်းပဲ ထွက်ပြေးပါ။ မဟုတ်ရင် ကျင်းကျူးဝမ် လွှတ်လိုက်တဲ့ လုပ်ကြံသတ်ဖြတ်သူတွေက မင်းကိုလည်း လွှတ်ပေးမှာ မဟုတ်ဘူး၊ မင်းက လူအများကြီးရှေ့မှာ ကျင်းကျူးဝမ်ကို ရိုက်နှက်ခဲ့တာလေ၊ သူက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး" မိမိတို့နှစ်ဦးစလုံး အင်အားကုန်ခမ်းနေပြီဖြစ်ကြောင်း ရဲဒင်းကျီ သိသည်။ အကယ်၍ ပိုင်လီတုန်းကျွင်းသာ တစ်ကိုယ်တည်း ထွက်ပြေးလျှင် လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်ပေလိမ့်မည်။

သို့သော် သူ့ကိုပါ ခေါ်ဆောင်သွားမည်ဆိုပါက ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ဖြစ်ပြီး နှစ်ဦးစလုံး အရိပ်ဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးရတော့မည်။

"ရဲဒင်းကျီ... မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါတို့က ညီအစ်ကိုတွေပဲ မင်းကို ဘယ်လိုလုပ် စွန့်ပစ်ခဲ့မှာလဲ" ပိုင်လီတုန်းကျွင်းက မျက်မှောင်ကြုတ်လျက် ရဲဒင်းကျီကို ပိုးကာ ဆက်လက် ပြေးလွှားနေသည်။

သို့သော် သူ၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာသဖြင့် စူးချန်းဟဲနှင့် အခြားသူများက သူတို့ကို အမှီလိုက်ကာ သူတို့ကို ဝိုင်းရံပိတ်ဆို့ထား၏။

"သခင်လေးပိုင်လီ... မင်းကတော့ သွားနိုင်ပါတယ်၊ ဒါပေမဲ့ ရဲဒင်းကျီကတော့ ဒီမှာ နေခဲ့ရမယ်" စူးချန်းဟဲက ပိုင်လီတုန်းကျွင်းကို ကြည့်ကာ ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။

အရိပ်ဂိုဏ်းသည် တော်ဝင်မိသားစုထံမှ ခွဲထွက်ပြီးနောက် သူတို့၏ သေမင်းမြစ်ကို ပြန်လည် တည်ထောင်ရန် အချိန်လိုအပ်ကြောင်း သူ နားလည်သည်။ ထို့ကြောင့် ကျင်းကျူးဝမ်မင်းသား၏ စကားကို နားထောင်ပြီး ပိုင်လီတုန်းကျွင်းကိုပါ သတ်လိုက်ရန်မှာ မသင့်လျော်ပေ။

အဘယ်ကြောင့်ဆိုသော် ပိုင်လီတုန်းကျွင်းသည် အမတ်ကြီး၏ မြေးဖြစ်နေသောကြောင့် ဖြစ်၏။ သူတို့သာ ပိုင်လီတုန်းကျွင်းကို သတ်ပစ်မည်ဆိုပါက အမတ်ကြီးသာမက ရွှေလမြို့တော်နှင့် ဝမ်မျိုးနွယ်စုတို့ကပါ သူတို့၏ သေမင်းမြစ်ကို ချေမှုန်းရန် စစ်တပ်များ စေလွှတ်လာပေလိမ့်မည်။ ထိုသို့ဆိုပါက သူတို့သည် သေတွင်းထဲသို့ ပြန်ဆင်းသကဲ့သို့ ဖြစ်သွားပေမည်။

"ငါ ဒီနေ့ ရဲဒင်းကျီကို သေချာပေါက် ခေါ်သွားမှရမယ်" ပိုင်လီတုန်းကျွင်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

"သခင်လေးပိုင်လီ... မင်းရဲ့ အထွတ်အထိပ် အခြေအနေမှာဆိုရင်တော့ ရဲဒင်းကျီကို ခေါ်သွားနိုင်တာပေါ့၊ ဒါပေမဲ့ အခုတော့ မင်းရဲ့ အရှိန်အဝါက အရမ်းအားနည်းနေပြီ၊ ငါတို့ထဲက ဘယ်သူမဆို မင်းကို အလွယ်တကူ သတ်နိုင်တယ်"

"ဒါကြောင့် သခင်လေးပိုင်လီ... လက်တွေ့ကျကျ စဉ်းစားစမ်းပါ" ဟု စူးချန်းဟဲက အကြံပေး၏။

"ဒါဆိုရင်လည်း တိုက်ကြည့်ကြတာပေါ့" ပိုင်လီတုန်းကျွင်းသည် ရဲဒင်းကျီကို ကျောပိုးလျက် တိုက်ပွဲအတွက် ချက်ချင်းပြင်ဆင်လိုက်သည်။သူ၏ ညီအစ်ကို ထားခဲ့ဖို့ စိတ်ပင်မကူးထားပေ။

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း သခင်လေးပိုင်လီရဲ့ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ရဲ့ ခွန်အားကို စမ်းသပ်ကြည့်ကြတာပေါ့" ပိုင်လီတုန်းကျွင်းက လက်မလျှော့သည့်အတွက် သူကို အရင်တိုက်ပြီးမှသာ ရဲဒင်းကျီကို သတ်ရန် ဆုံးဖြတ်ချက်ချလိုက်ရသည်။

စူးချန်းဟဲနှင့် အခြားသူများသည် သူတို့၏ လက်ဝါးချက်များနှင့် ဓားမြှောင်များကို ထုတ်လိုက်ကြပြီး အချို့က ပင့်ကူအိမ်ကဲ့သို့သော ကြိုးများဖြင့် ဝိုင်းရံတိုက်ခိုက်ရန်ကြသည်။သူတို့အနေဖြင့် မြန်နိုင်သလောက်မြန်အောင် ပြီးစီးချင်သောကြာင့် သူတို့အချိန်မဆွဲလိုကြပေ။

မကြာမီမှာပင် အားအင်ကုန်ခန်းနေသော ပိုင်လီတုန်းကျွင်းမှာ အရေးနိမ့်လာကာ နောက်သို့ ဆက်တိုက်ဆုတ်ခွာနေရသည်။ ရဲဒင်းကျီပင်လျှင် ပိုင်လီတုန်းကျွင်း၏ ကျောပေါ်မှ လွင့်စင်သွားသည်။

"သခင်လေးပိုင်လီ... ခွင့်လွှတ်ပါဦး"

ပိုင်လီတုန်းကျွင်းကို အနိုင်ယူပြီးနောက် စူးချန်းဟဲသည် ရဲဒင်းကျီ၏ အသက်ကို လက်ဝါးတစ်ချက်ဖြင့် အဆုံးသတ်ရန် ရည်ရွယ်ကာ ခွန်းအားအပြည့်ပြီးရိုက်ချလိုက်သည်။

ထိုအခြင်းအရာကိုမြင်သောအခါ ပိုင်လီတုန်းကျွင်းက ဒေါသတကြီးဖြင့် "မင်းတို့ ဘယ်လိုတောင် ရဲတင်းရတာလဲ" ဟု အော်ဟစ်ကာ သူ၏ ညီအစ်ကိုကို သွားကယ်ဖို့မတတ်နိုင်သဖြင့် ခံပြင်းနေမိ၏။ယခုချိန်တွင် သူ၏ အကန့်အသတ်ရောက်နေပြီဖြစ်သည်။

"ဘာကို ကြောက်နေရမှာလဲ"

ပိုင်လီတုန်းကျွင်းက ဘာမှမတတ်နိုင်ဘဲ ကြည့်နေရသည်ကို စူးချန်းဟဲက လှောင်ပြုံးပြုံးကာ ကြည့်လျက် ရဲဒင်းကျီကို သတ်ရန် ပြင်လိုက်၏။အရာအားလုံး ပြီးဆုံးတော့မည်ဟု သူ ထင်မှတ်ထားချိန်တွင် သွေးကဲ့သို့ နီရဲကာ ဆွဲဆောင်မှု့ရှိသော မရဏဓားက သူထံသို့ ပြင်းထန်စွာ တိုးဝင်လာပြီး သူ့ကို နောက်သို့ လွင့်ထွက်သွားအောင် တိုက်ခိုက်သွားသည်။

"ဘယ်သူလဲ"

မိမိ၏ အသက်ကို နှုတ်ယူလုနီးပါး ဖြစ်သွားသော ဓားကိုကြည့်ကာ စူးချန်းဟဲမှာ ချွေးစေးများ ထွက်လာပြီး၊ သူ အမှန်တကယ်ပင် တုန်လှုပ်သွားရ၏။

"ဓားနှလုံးဂူဗိမာန် - လီကျန့်ယီ"

လီကျန့်ယီသည် ဓားတစ်လက်တည်းဖြင့် တစ်ကိုယ်တော် ရောက်ရှိလာပြီး ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့ကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“အစ်ကိုပိုင်လီ... ညီအစ်ကိုရဲ... မတွေ့တာ ကြာပြီပဲ၊ ဘာလို့ ဒီလောက်တောင် သနားစရာကောင်းတဲ့ အခြေအနေ ရောက်နေရတာလဲ"

"ဒုတိယ ဂျူနီယာညီလေး" ပိုင်လီတုန်းကျွင်းက လီကျန့်ယီကို မြင်သောအခါ ကယ်တင်ရှင်မြင်နေသကဲ့သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

လီကျန့်ယီ "..."

ငါက မင်းရဲ့ ဒုတိယဂျူနီယာညီမရဲ့ အနာဂတ်ခင်ပွန်းဆိုတာ မှန်ပေမဲ့ ငါ့ကို မင်းရဲ့ဂျူနီယာညီလေးလို့ ခေါ်တာကတော့ နည်းနည်း လွန်သွားပြီ မဟုတ်လား။အရင်လို သခင်လေးလီပဲခေါ်ပါ ။

"တော်စမ်းပါ အစ်ကိုပိုင်လီ... ငါက အကြီးအကဲလီရဲ့ တပည့် မဟုတ်ဘူး၊ လျှောက်မ‌ခေါ်နဲ့ မဟုတ်ရင် ကျွန်တော် အခုပဲ ထွက်သွားမှာနော်" လီကျန့်ယီက ပိုင်လီတုန်းကျွင်းကို မကျေနပ်စွာတစ်ချက်ကြည့်လိုက်သည်။

"တောင်းပန်ပါတယ် .. ငါ့အမှားပါ၊ ညီ‌ လေးလီ... မြန်မြန် ကူညီပါဦး" ပိုင်လီတုန်းကျွင်းက ချက်ချင်း တောင်းပန်လိုက်ရ၏။သူတို့ ယခုအခြေအနေက အတော်ဆိုးနေသောကြောင့် လိကျန့်ယီကိုသာ စိတ်ကျေနပ်အောင် ပြောရပေမည်။

"အဲ့လိုမှပေါ့"

လီကျန့်ယီက ကျေနပ်စွာ ခေါင်းညိတ်ပြပြီးနောက် စူးချန်းဟဲတို့ အဖွဲ့ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"ဒီနှစ်ယောက်ကို ငါ ခေါ်သွားမယ်၊ မင်းတို့မှာ ကန့်ကွက်စရာ ရှိလား"

" ကျွန်တော်တို့မှာ ကန့်ကွက်စရာ မရှိပါဘူး၊ ဒါပေမဲ့ သခင်လေးက သူတို့ကို ခေါ်သွားမယ်ဆိုရင် ကျွန်တော်တို့ အိမ်ရှေ့စံကို ဘယ်လို ပြန်တင်ပြရမလဲ" ဟု စူးချန်းဟဲက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။သူတို့၏ အခြေအနေကာ စုပ်လည်းဆူးစားလည်းဆူးဖြစ်နေသည်။

"ဒါက လွယ်ပါတယ်၊ ရဲဒင်းကျီက သေသွားပြီး ဘာအစအနမှ မကျန်တော့ဘူးလို့ ပြောလိုက်၊ ဒီနေ့ကစပြီး ရဲဒင်းကျီကို ဒီနေရာမှာ ထပ်မပေါ်လာစေရဘူးလို့ ငါ အာမခံတယ်"

"သူအသက်ရှင်နေတယ်ဆိုတာက ငါရယ်၊မင်းတို့ရယ် မိုးနတ်မင်းကြီးပဲသိမဲ့ လျို့ဝှက်ချက်အဖြစ်ရှိနေစေချင်တယ် မင်းတို့ရဲ့ သဘောကရော"

"ဒါပေမဲ သခင်လေးလီတို့ကသာ .." ဟု စူးချန်းဟဲက တုံ့ဆိုင်းနေ၏။

ထိုအခါ လီကျန့်ယီ၏ မျက်နှာထားက ရုတ်ခြည်း အေးစက်သွားပြီး "မင်းတို့က ငါ့ကို မယုံဘူးဆိုရင်တော့၊ အခုချက်ချင်းပဲ မင်းတို့ကို ငရဲကိုပဲ ပို့ပေးလိုက်မယ်၊ဒါက အလုပ်ရှုပ်သက်သာသေးတယ်"ဟု တင်းမာစွာပြောလိုက်၏။

လီကျန့်ယီ၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားကာ ဆန်းကြယ်နတ်ခရီးအဆင့်၏ ဖိအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထျန်ချီမြို့ပေါ်တွင် ကောင်းကင်များက ရုတ်တရက် မဲမှောင်သွားပြီး မိုးခြိမ်းသံများက ဟိန်းထွက်လာကာ လေထုကြီးမှာလည်း ဖိအားကြောင့် အလွန်အမင်း လေးလံသွားသည်။

စူးချန်းဟဲနှင့် အခြားသူများမှာ ထိုအရှိန်အဝါကြောင့် တုန်လှုပ်သွားကာ "ဒါက ဆန်းကြယ်နတ်ခရီးအဆင့်ရဲ့ အစွမ်းလား" ဟု တီးတိုး ရေရွတ်သည်။လီကျန့်ယီ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားမိသောအခါ စူးချန်းဟဲသည် ချက်ချင်းပင် လေသံပြောင်းသွားကာ "ကျွန်တော်တို့ သခင်လေးလီရဲ့ စကားကို ယုံကြည်ပါတယ်၊ ကျွန်တော်တို့မှာ ဘာမှကန့်ကွက်စရာမရှိပါဘူး "ဟု အလျင်အမြန်ပြောလိုက်သည်။

"ဟမ်..မင်းတို့က အခြေအနေကို ကြည့်တတ်သေးသားပဲ" လီကျန့်ယီက ချက်ချင်း လေသံပြောင်းသွားသော စူးချန်းဟဲကို အထင်သေးစွာကြည့်လိုက်ပြီးနောက် ပိုင်လီတုန်းကျွင်းနှင့် ရဲဒင်းကျီတို့ကို ခေါ်ဆောင်ကာ တိမ်တိုက်များကြားထဲ ပျောက်ကွယ်သွားလေသည်။

လီကျန့်ယီတို့ ပျောက်ကွယ်သွားတာသေချာမှ စူးချန်းဟဲတို့အဖွဲ့မှာ မတ်တပ်ရပ်ဖို့ပင် ခက်ခဲနေကြကာ ပျော့ခွေသွားတော့သည်။

"လူတစ်ယောက်က အစွမ်းထက်လွန်းသွားရင် မိုးကောင်းကင်ကိုတောင် အမိန့်ပေးနိုင်တာလား"စူးချန်းဟဲက ယခုမှ သေမင်းတံခါးဝက‌နေ လွှတ်လာသကဲ့သို့ ခံစားနေရသည်။ပြန်လည်ကြည်လင်လာသော မိုးကောင်းကင်ကိုကြည့်ပြီး သူတို့မျက်နှာများမှာ သွေးမရှိသကဲ့သို့ပင် ဖြူဖျော့နေ၏။

အခန်း ၁၅၃ အူကြောင်ကြောင် လူနှစ်ယောက်

ရဲဒင်းကျီနှင့် ပိုင်လီတုန်းကျွင်းတို့သည် ဂုတ်ကဆွဲကိုင်ထားရင်း ပျံသန်းနေရသဖြင့် လီကျန့်ယီကို ရှက်ရွံ သောမျက်နှာထားဖြင့်

ကြည့်နေကြ၏။

"ဒါက ဆန်းကြယ်နတ်ခရီးအဆင့်ရဲ့အစွမ်းပဲလား လွတ်လပ်စွာ ပျံသန်းနိုင်ပြီး တခြားလူတွေကိုပါ ခေါ်သွားနိုင်တာ"

ရဲဒင်းကျီသည် ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ထက် ကျော်လွန်နေသော်လည်း ထိုအဆင့်အတွင်းသို့ အပြည့်အဝ မရောက်သေးပေ။ ပိုင်လီတုန်းကျွင်းမှာလည်း ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်တွင်သာ ရှိပြီး တစ်ခါတစ်ရံမှသာ ဆန်းကြယ်နတ်ခရီးအဆင့် တိုက်ကွက်ကို ထုတ်ဖော်နိုင်သူ ဖြစ်ရာ အစစ်အမှန်ဆန်းကြယ်နတ်ခရီးအဆင့်၏ အစွမ်းကို အံ့သြနေမိသည်။

"ဟုတ်တယ်၊ မကြာခင် မင်းတို့နှစ်ယောက်လည်း ဒီအဆင့်ကို ရောက် တော့မှာ" လီကျန့်ယီက ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

"ဒါနဲ့ အစ်ကိုရဲက ရှေ့ဆက်ဘာလုပ်ဖို့ စီစဉ်ထားလဲ"ဟု လီကျန့်ယီက မေးလိုက်သည်။

"ဟုတ်တယ် ညီအစ်ကိုရဲ... မင်း ထျန်ချီမြို့ကို ထပ်မသွားသင့်တော့ဘူး။ ငါတို့နဲ့အတူ ရွှေလမြို့တော်မှာပဲ အေးအေးဆေးဆေး နေပါလား"

ရွှေလမြို့တော်သည် လူ့လောက၏ နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ အလွန်ပင် သာယာလှပသော နေရာတစ်ခု ဖြစ်သည်။ ပိုင်လီတုန်းကျွင်းကလည်း ရဲဒင်းကျီကို ကြည့်ကာ တိုက်တွန်းနေမိ၏။

"ဒါကတော့..." ရဲဒင်းကျီ ခေတ္တမျှ တိတ်ဆိတ်သွားရသည်။ သူသည် ရီဝိန်ကျွင်းကို တွေ့ချင်နေသေးသည်။

" ညီအစ်ကိုရဲ၊ ဒါကို သေချာစဉ်းစားစမ်းပါ၊ အကယ်လို့ မင်းသာ သေသွားရင် မင်းရဲ့သားလေးက စောင့်ရှောက်သူမရှိပဲ ဖြစ်သွားရမှာ အဲ့လိုဖြစ်သွားလည်း မင်းက စိတ်ချနိုင်လို့လား"

"ဒါကြောင့် လက်ရှိ ပိုင်ဆိုင်ထားတာကို တန်ဖိုးထားဖို့က အရေးအကြီးဆုံးပဲ" ဟု လီကျန့်ယီက သတိပေးလိုက်သည်။

"တကယ်လို့ သခင်လေးလီနဲ့ ညီအစ်ကိုပိုင်လီတို့သာ ကျွန်တော်ကို မတားခဲ့ရင် ကျွန်တော် သူမကို ပြန်ခေါ်လာနိုင်ခဲ့မှာပါ" ရဲဒင်းကျီက ပိုင်လီတုန်းကျွင်းနှင့် လီကျန့်ယီတို့ကို မကျေနပ်စွာ စူးစိုက်ကြည့်ကာ ပြော၏။

"သူမက မင်းနဲ့အတူ ပြန်မလိုက်လာချင်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား" လီကျန့်ယီက တည်ငြိမ်သော မျက်နှာထားဖြင့် ရဲဒင်းကျီကို ပြန်ပြောလိုက်သည်။

ရီဝိန်ကျွင်းသည် မူလက ရဲဒင်းကျီနောက်သို့ လိုက်သွားခဲ့ခြင်းမှာ သူသည် လောကကြီးကို အစိုးရပြီး ကြီးမြတ်သောအရာများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သောကြောင့် ဖြစ်၏။ သို့သော် ရဲဒင်းကျီနောက်သို့ လိုက်ပါသွားပြီးနောက်တွင် သူသည် သာမန်ဘဝလေးထဲတွင်သာ နစ်မွန်းနေသည်ကို တွေ့ရှိခဲ့ရပြီး သူမသည် ရဲဒင်းကျီ၏ ဘေးနားမှ ထွက်ခွာရန် စတင်စဉ်းစားလာခဲ့သည်။

ထိုအချိန်မှာပင် ဝူရှန်းတမန်၏ အစီအစဉ်က စတင်ခဲ့ပြီး ရဲဒင်းကျီ၏ ဘေးနားမှ ရီဝိန်ကျွင်းကို ထျန်ချီမြို့သို့ အလွယ်တကူ ပြန်လည် ခေါ်ဆောင်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဝူရှန်းတမန် ရေးဆွဲခဲ့သော အစီအစဉ်တစ်ခုလုံး ဖြစ်သလို ရီဝိန်ကျွင်း၏ ကိုယ်တိုင် စိတ်ကစားမှု့မှာလည်း ထိုအစီအစဉ် အောင်မြင်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်၏။ အကယ်၍ သူမသာ စိတ်ဓာတ်ခိုင်မာခဲ့ပါက ထျန်ချီမြို့သို့ အလွယ်တကူ အခေါ်ခံရမည်မဟုတ်ပေ။

"မဖြစ်နိုင်တာ" လီကျန့်ယီ၏ စကားကို ကြားသောအခါ ရဲဒင်းကျီက မျက်မှောင်ကြုတ်လျက် ခေါင်းခါယမ်းသည်။

"ညီအစ်ကိုရဲက ယုံချင်ယုံ မယုံချင်နေပါ"ထိုသို့ပြောပြီးနောက် လီကျန့်ယီက စကားဆက်မပြောတော့ဘဲ ရဲဒင်းကျီ၏ ခန္ဓာကိုယ်အတွင်းသို့ အတွင်းအားအချို့ကို ပို့လွှတ်လိုက်ကာ သူ၏ စိတ်နတ်ဆိုး အခြေအနေကို ဖယ်ရှားပေးလိုက်သည်။

စိတ်နတ်ဆိုးလွှမ်းမိုးခြင်း အခြေအနေက‌နေ တဖြည်းဖြည်းရုန်းထွက်လာပြီးနောက် ရဲဒင်းကျီသည် စိတ်အေးချမ်းသွားပြီး အတိတ်က အဖြစ်အပျက်များကို ပြန်လည် ဆင်ခြင်နိုင်တော့သည်။ အစပိုင်းတွင် သူသည် ရီဝိန်ကျွင်းကို စူးကျိုးသို့ ခေါ်ဆောင်သွားခဲ့၏။ ရီဝိန်ကျွင်းသည် အစပိုင်းတွင် စိတ်အားထက်သန်ခဲ့သော်လည်း ရဲအန်းရှီကို မွေးဖွားပြီးနောက်တွင်မူ သူမသည် ထိုကဲ့သို့သော သာမန်ဘဝကို ငြီးငွေ့လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည် ရီဝိန်ကျွင်းကို ထိုအကြောင်းနှင့် ပတ်သက်၍ တစ်ခါမျှ မမေးမြန်းခဲ့ဖူးသော်လည်း ယနေ့ လီကျန့်ယီ၏ စကားများက သူ့ကို ရုတ်တရက် နိုးကြားသွားစေခဲ့သည်။ မိမိ၏ ကမ္ဘာလေးထဲတွင်သာ ပိတ်မိနေပြီး ရီဝိန်ကျွင်းကို ဆက်လက် ရှာဖွေနေမလား သို့မဟုတ် လက်ရှိ ပိုင်ဆိုင်ထားသောအရာများကို တန်ဖိုးထားမလား ဆိုသည်ကိုမူ သူကိုယ်တိုင်သာ ဆုံးဖြတ်ရပေမည်။

ရဲဒင်းကျီသည် အကြာကြီး စဉ်းစားလိုက်ပြီးနောက် လီကျန့်ယီက စူးချန်းဟဲတို့ထံတွင် သူ့အတွက် အသက်ရှင်ခွင့် လမ်းစတစ်ခုကို ကတိပေးခဲ့သည်ကို သတိရသွားသည်။ အခြားသူများက သူ့ကို ညီအစ်ကိုတစ်ဦးကဲ့သို့ ဆက်ဆံခဲ့သလို ရဲဒင်းကျီကလည်း လီကျန့်ယီနှင့် ပိုင်လီတုန်းကျွင်းတို့ကို ညီအစ်ကိုများကဲ့သို့ သတ်မှတ်ထားပေသည်။

ယခုအခါ အိပ်မက်မှ နိုးထလာခဲ့ပြီဖြစ်ရာ အတိတ်မှာ အဘယ်ကြောင့် နစ်မွန်းနေဦးမည်နည်း။ သူရဲကောင်းဆိုသည်မှာ သူများ၏ နယ်ရုပ်အဖြစ် ရှင်သန်ရမည်မဟုတ်ပေ။

အိပ်မက်မှ နိုးထလာသကဲ့သို့ ရဲဒင်းကျီသည် မာရ်နတ်ဝင်ပူးမှု့မှ လွတ်မြောက်သွားရုံသာမက ရုတ်တရက် အသိအမြင် အချို့ကိုလည်း ရရှိသွားသည်။ သူက ပိုင်လီတုန်းကျွင်းနှင့် လီကျန့်ယီတို့ကို ကြည့်ကာ "သခင်လေးလီ... ညီအစ်ကိုပိုင်လီ၊ ကျွန်တော် ရွှေလမြို့တော်မှာ ဆယ်နှစ်လောက် တရားကျင့်ကြံချင်ပါတယ်" ဟု ပြောလိုက်သည်။

ဆယ်နှစ်အတွင်း သူသည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ အမှန်တကယ်ဝင်ရောက်‌ဖို့ ကျင့်ကြံမည်ဟု ဆုံးဖြတ်ချက်ချထား၏။

"ညီအစ်ကိုရဲက ရှေ့ဆက်ရမယ့် လမ်းစကို ရှာတွေ့သွားပြီပဲ" ရဲဒင်းကျီ၏ စကားကို ကြားသောအခါ ပိုင်လီတုန်းကျွင်းက ချက်ချင်းပင် သဘောတူလေသည်။ဤဆုံးဖြတ်ချက်က အကောင်းဆုံးဖြစ်ပေမည်။

"သခင်လေးလီ... ဒါတော့ မဖြစ်သင့်ဘူးလေ။ ညီအစ်ကိုရဲကိုတောင် လမ်းညွှန်ပေးခဲ့ပြီးပြီပဲ၊ စီနီယာအစ်ကို ကိုလည်း လမ်းညွှန်ပေးပါဦး။ဘယ်လိုဖြစ်ဖြစ် သခင်လေးလီရဲ့ အနာဂတ်ဇနီးလောင်းက ကျုပ်ရဲ့ ဂျူနီယာညီမလေးပဲလေ"

ညီအစ်ကိုရဲကို ငါ့ထက်အရင် ဆန်းကြယ်နတ်ခရီးအဆင့် ရောက်အောင် လုပ်ပေးလိုက်တာက တကယ်ပဲ ကောင်းတဲ့ အကြံဉာဏ်လား။ ဒါကတော့ မတရားဘူး။

"ဒါကြောင့် သခင်လေးလီ... ကျွန်တော်ကိုလည်း လမ်းမှန်ကို လမ်းညွှန်ပေးဖို့ အကြံပြုချင်ပါတယ်။ ကျွန်တော် တခြားလူတွေရဲ့အောက်မှာ ကြာကြာ မနေချင်ဘူး" ပိုင်လီတုန်းကျွင်းက ရဲဒင်းကျီ၏ ရုတ်တရက် အသိဉာဏ်ပွင့်သွားမှု့ကို မနာလိုဖြစ်ကာ ပြောလိုက်၏။

"အစ်ကိုပိုင်လီက စိတ်နတ်ဆိုးလွှမ်းမိုးမခံရပါဘူး ပြီးတော့ အစ်ကိုပိုင်လီက ဆန်းကြယ်နတ်ခရီးအဆင့်နဲ့လည်း သိပ်မဝေးတော့ပါဘူး အဲ့ကြောင့် ကျွန်တော် လမ်းညွှန်ပေးမှု့က တကယ်မလိုအပ်ဘူး၊ပြီးတော့ အစ်ကိုရဲက သူ့ဘာသာသူ ဉာဏ်အလင်းပွင့်သွားတာ ကျွန်တော်က ဘာမှမလုပ်ပေးလိုက်ရပါဘူး"

"လက်ရှိအချိန်ကို တန်ဖိုးထားဖို့ပဲ အကြံပေးချင်ခဲ့တာပါ" လီကျန့်ယီက ပိုင်လီတုန်းကျွင်းကို ကြည့်ကာ စကားမဲ့နေမိသည်။

ထို့အပြင် ယခုအချိန်တွင် အခြေအနေမှာ ကောင်းမွန်နေသေးပြီး သူသည် လီဟန်ယီအား ခေါင်းမာသည့် ရွဲ့ရှင်းကို ရွှေလမြို့တော်သို့ ခေါ်ဆောင်သွားပြီး ဆုံးမရန် ခိုင်းစေထားသောကြောင့် ပိုင်လီတုန်းကျွင်းအနေဖြင့် အလောတကြီးလုပ်ဆောင်စရာမလိုနေပေ။

သူ ခန့်မှန်းထားသည့်အတိုင်း မှန်ကန်ပါက ပိုင်လီတုန်းကျွင်းသည်လည်း ရဲဒင်းကျီကဲ့သို့ပင် ဆယ်နှစ်အတွင်း ဆန်းကြယ်နတ်ခရီးအဆင့်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

"ညီလေးလီ... ညီအစ်ကိုရဲတစ်ယောက်တည်း စိတ်နတ်ဆိုးဖြစ်နိုင်တာ မဟုတ်ပါဘူး၊ ငါ ပိုင်လီတုန်းကျွင်းလည်း ဖြစ်နိုင်တာပဲ" ပိုင်လီတုန်းကျွင်းကလည်း လီကျန့်ယီ၏ လမ်းညွှန်မှု့ကို ခံယူကာ ဉာဏ်အလင်းပွင်ချင်နေသေးသည်။

"အစ်ကိုပိုင်လီ... စိတ်မပူပါနဲ့၊ အစ်ကိုကတော့ စိတ်နတ်ဆိုးမဖြစ်နိုင်ပါဘူး" လီကျန့်ယီက ခေါင်းခါယမ်းလိုက်ပြီး ပိုင်လီတုန်းကျွင်းကို ကြည့်ကာ ရယ်ချင်မိသွားသည်။ ရွဲ့ယောင်သာ မသေရင် ပိုင်လီတုန်းကျွင်းက ဘယ်လိုလုပ် စိတ်နတ်ဆိုးဖြစ်ပေါ်မည်နည်း။

"သခင်လေးလီက... ဘာလို့ အဲဒီလို ပြောနိုင်ရတာလဲ" လီကျန့်ယီက သူ စိတ်နတ်ဆိုးမဖြစ်နိုင်ဟု အဘယ်ကြောင့် ယုံကြည်နေရသည်ကို ပိုင်လီတုန်းကျွင်း နားမလည်ပေ။

"ဘာလို့လဲဆိုတော့... ကျွန်တော်တို့တွေ ရွှေလမြို့တော်ကို ရောက်ပြီလေ"

လီကျန့်ယီက လက်ကို ဝှေ့ယမ်းလိုက်ပြီး စိတ်နတ်ဆိုးဖြစ်ချင်နေသည့် ပိုင်လီတုန်းကျွင်းကို အောက်သို့ ပစ်ချလိုက်သည်။ ရဲဒင်းကျီကိုလည်း ထိုနည်းအတိုင်းပင် ပစ်ချလိုက်လေသည်။ အဓိက ပြဿနာမှာ ဤအရွယ်ရောက်ပြီးသား အမျိုးသားနှစ်ဦးမှာ အလွန်ခေါင်းမာ သောကြောင့် ဖြစ်၏။ သူတို့က သူ့ကို ဆက်တိုက် နားပူနားဆာ လုပ်နေကြပြီး စိတ်နတ်ဆိုးဖြစ်ပေါ်ဖို့ ပြောနေကြသည်မှာ တကယ့်ကို အဓိပ္ပာယ်မရှိသောကြောင့် သူ၏ခေါင်းမှာ ကိုက်လာသလိုပင်ခံစားလာရသည်။

"ဟူး..."

ထိုနှစ်ဦးကို အောက်သို့ ပစ်ချလိုက်ပြီးနောက် လီကျန့်ယီသည် အသက်ပြင်းပြင်း ရှူလိုက်ကာ ကမ္ဘာကြီးမှာ ပိုပြီးအေးချမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ညီလေးလီ... ဘာလို့ ငါတို့ကို မြေပြင်ပေါ် ပစ်ချလိုက်တာလဲ"

အောက်သို့ ပစ်ချခံလိုက်ရသော ပိုင်လီတုန်းကျွင်းက နာကျင်နေသော မျက်နှာဖြင့် လီကျန့်ယီကို ကြည့်ကာ မေးလိုက်သည်။

"အစ်မရွဲ့ယောင်က အခု လောက်ဆို အစ်ကိုရဲ့အနာဂတ် ခယ်မလေးကို ဆုံးမနေလောက်ပြီ၊ ဒါကြောင့် အစ်ကိုပိုင်လီလည်း သွားပြီး အတူတူ ကြည့်လိုက်ဦးလေ" လီကျန့်ယီက ပိုင်လီတုန်းကျွင်းကို မျက်နှာမဲ့စွာ ပြောလိုက်သည်။

ထို့နောက် သူက ရဲဒင်းကျီကို ကြည့်ကာ တည်ကြည်သော လေသံဖြင့် "အစ်ကိုရဲက ရှောင်ရွမ် ဆိုတဲ့ အမည်ကို ကြားဖူးလား" ဟု မေးလိုက်၏။

"ရုပ်ပြစာအုပ်ကို ရေးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စာရေးဆရာလား" ဟု ရဲဒင်းကျီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

လီကျန့်ယီ "..."

ကောင်းပြီ၊ ကောင်းပြီ။ အဖြေက တော်တော်လေးကို သွက်လက်တာပဲ။ အစ်ကိုရဲက ရုပ်ပြစာအုပ်တွေ အများကြီး ကြည့်ထားပုံရတယ်။

"ဟုတ်တယ်၊ ဒါပေမဲ့ ငါ ပြောချင်တာက ရုပ်ပြစာအုပ်အကြောင်း မဟုတ်ဘူး။ ငါ ပြောချင်တာက ညီအစ်ကိုရဲ အနေနဲ့ အဲ့ဒီ စာရေးဆရာ ရှောင်ရွမ်ရဲ့ ပုံစံကို အတုယူသင့်တယ်ဆိုတာပဲ။ အခု အစ်ကိုရဲက နာမည်အသစ်တစ်ခုနဲ့ ဘဝကိုဖြတ်သန်းစေချင်တယ်" ဟု လီကျန့်ယီက ရှင်းပြလိုက်သည်။

"အော်... ငါ နားလည်ပါပြီ" ရဲဒင်းကျီက ခေါင်းညိတ်ပြသည်။

"ဒါဆိုရင်တော့ ညီအစ်ကိုရဲက... ရွှေလမြို့တော်မှာ ခင်ဗျား ကြိုက်တာလုပ်နိုင်ပြီ၊ ဒါဆို ဒီလောက်ပဲ " ဤသို့ ပြောပြီးနောက် လီကျန့်ယီသည် မြို့စား စံအိမ်သို့ တန်းတန်းမတ်မတ် သွားလေတော့သည်။

ရဲဒင်းကျီမှာမူ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကာ ပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်နေမိသည်။

"ငါ... ငါ အနှင်ထုတ်ခံလိုက်ရတာလား။ သူတို့ ငါ့ကို လုံးဝ စွန့်ပစ်လိုက်ကြတာလား" ဟု ရဲဒင်းကျီက လုံးဝ ဝေခွဲမရ ဖြစ်နေတော့သည်။

အခန်း ၁၅၄ ညီအစ်ကိုရဲက ဘယ်သူလဲ

မြို့စားအိမ်တော်တွင် လီကျန့်ယီသည် ရွဲ့ယောင်နှင့် ပိုင်လီတုန်းကျွင်းတို့က သူတို့၏ ညီမဖြစ်သူ ရွဲ့ရှင်းကို ပဲ့ပြင်ဆုံးမနေကြသည်ကို မြင်တွေ့ရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း အခြေအနေမှာ သူထင်ထားသလို ဖြစ်မလာခဲ့ပေ။ ရွဲ့ရှင်းကို ဆုံးမနေသည်ကို မတွေ့ရဘဲ မြို့စားအ‌ဟောင်းနှင့် အသစ်တို့၏ ရာထူးလွှဲပြောင်းခြင်း အခမ်းအနားကိုသာ မြင်တွေ့လိုက်ရသည်။

စံအိမ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လီချန်းရှန်နှင့် လော့ရွှေတို့ မှာ ထွက်ခွာသွားပြီဖြစ်ကြောင်း လီကျန့်ယီ သိလိုက်ရ၏။ သူတို့နှစ်ဦး မထွက်ခွာမီ ရွှေလမြို့တော်ကို ပိုင်လီတုန်းကျွင်း၊ လီဟန်ယီနှင့် စစ်ကုန်းချန်ဖုန်းတို့ သုံးဦးထံ ယုံကြည်စွာ လွှဲအပ်ခဲ့သည်။

သူတို့သုံးဦး ရွှေလမြို့တော်သို့ ပြန်ရောက်လာသည်နှင့် မြို့တော်၏ အကြီးအကဲများက ရာထူးလွှဲပြောင်းခြင်း အခမ်းအနားကို ချက်ချင်း ကျင်းပကြသည်။ လီချန်းရှန်နှင့် လော့ရွှေတို့၏ ရုတ်တရက် ထွက်ခွာသွားမှု့သည် လီဟန်ယီ၊ ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့အတွက် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်နေကြသည်။

"ဝါး... မေမေ၊ ဖိုးဖိုးတို့က ဘာလို့ ချန်းလော့ကို မလိုချင်တော့တာလဲဟင်"

စံအိမ်အတွင်းတွင် ချန်းလော့သည် ဖုန်းချူးယွီ၏ ဂါဝန်စကို လက်ကလေးများဖြင့် ဆွဲကိုင်ကာ ငိုယိုနေသည်။

"မေမေလည်း မသိဘူး သမီးရယ်..." ဖုန်းချူးယွီသည် ရွှေလမြို့တော်တွင် ရှိနေခဲ့သော်လည်း လီချန်းရှန်နှင့် လော့ရွှေတို့၏ ရုတ်တရက်ထွက်ခွာသွားရသည့် အကြောင်းအရင်းကိုမူ မသိရခဲ့ရပေ။

"မြို့စားဟောင်း လော့ရွှေရဲ့ အမိန့်အရ လက်ရှိ ရွှေလမြို့တော်ရဲ့ မြို့တော်ဝန်တွေကတော့... ပထမမြို့တော်ဝန် ပိုင်လီတုန်းကျွင်း၊ ဒုတိယမြို့တော်ဝန် လီဟန်ယီနဲ့ တတိယမြို့တော်ဝန် စစ်ကုန်းချန်ဖုန်းတို့ ဖြစ်ပါတယ်"

"အကြီးအကဲတို့... ဒီနေ့ကစပြီး မြို့တော်ဝန် သုံးဦးရဲ့ အမိန့်ကိုပဲ နာခံကြရမယ်"

လီဟန်ယီတို့ သုံးဦး ရောက်ရှိလာပြီးနောက် ရွှေလမြို့တော်၏ အကြီးအကဲချုပ်က နောက်ဆုံး ရာထူးလွှဲပြောင်းခြင်း အခမ်းအနားကို စတင်လေသည်။ ထိုအခမ်းအနားအပြီးတွင် လီဟန်ယီတို့ သုံးဦးသည် ရွှေလမြို့တော်ကို တရားဝင် စတင်အုပ်ချုပ်ကြရသည်။

"အကြီးအကဲတို့... ဒါအပြင် ဆရာတို့ မထွက်ခွာခင် ကျွန်တော်တို့ကို တခြား ဘာမှာကြားသွားသေးလဲ" ဟု သူတို့ သုံးဦးက အကြီးအကဲကို မေးမြန်းလိုက်ကြ၏။

အကြီးအကဲချုပ်က ခေါင်းခါယမ်းကာ "ဘာမှ ထပ်မပြောသွားပါဘူး၊မြို့တော်ဝန် သုံးဦးကို ကိုယ့်ဆန္ဒရှိတဲ့အတိုင်း လုပ်ဆောင်စေချင်ပုံ ရပါတယ်" ဟု ပြန်လည် ဖြေကြားလိုက်သည်။

"ကိုယ့်ဆန္ဒအတိုင်း လုပ်ဆောင်ရမယ် ဟုတ်လား" လီဟန်ယီတို့ သုံးဦးမှာ အတန်ငယ် ဇဝေဇဝါ ဖြစ်သွားကြရသည်။

သို့သော် စံအိမ်အတွင်းသို့ ဝင်ရောက်လာသော လီကျန့်ယီက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး "ငါ မြို့ထဲကို ဝင်လာတုန်းက ရှီးကွမ်းမြို့ပြင်က မြို့ရိုးပေါ်မှာ စာလုံးလေးလုံး ထွင်းထားတာကို တွေ့ခဲ့တယ်။ အဲ့ဒီစာလုံးတွေက 'ကိုယ့်ဆန္ဒအတိုင်း လိုက်နာပါ' တဲ့" ဟု ပြောလိုက်သည်။

"ဒါဆို ဒါက ဆရာနဲ့ ဆရာကတော်တို့ နောက်ဆုံး မှာကြားခဲ့တဲ့ စကားပေါ့" လီဟန်ယီ၏ လှပသော မျက်ဝန်းများတွင် သံသယများ ပြည့်နှက်နေ၏။

"ဖြစ်နိုင်ပါတယ်၊ အကြီးအကဲလီက လွတ်လပ်မှု့ကို မြတ်နိုးတဲ့သူဆိုတော့ ဒီလိုမျိုး စာတွေကို သူပဲ ရေးနိုင်မှာပါ" လီကျန့်ယီက အသာအယာ ခေါင်းညိတ်၏။

"ဒါပေမဲ့... ဒါပေမဲ့ ငါကတော့ ဆရာတို့နဲ့ မခွဲချင်သေးဘူး။ သူတို့က ဘာလို့ ထွက်သွားရတာလဲ" လီချန်းရှန်နှင့် လော့ရွှေတို့ မရှိတော့မည့် ရှေ့လျှောက်ရက်များကို တွေးတောရင်း လီဟန်ယီမှာ ဝမ်းနည်းနေမိသည်။

"ဘာလို့လဲဆိုတော့ မျိုးဆက်ဟောင်းတွေမှာလည်း လုပ်စရာရှိတာတွေ ရှိနေလို့လေ၊ မျိုးဆက်သစ်တွေထဲမှာ အစ်ကို ပိုင်လီ၊ လီဟန်ယီနဲ့ ညီလေးစစ်ကုန်းချန်ဖုန်းတို့လို လူတွေ ရှိနေပြီဆိုတော့ အကြီးအကဲလီအနေနဲ့လည်း သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူ ရှိပြီလို့ ယုံကြည်ပြီး သူလုပ်စရာ ရှိတာတွေကို စိတ်ချလက်ချသွားလုပ်နိုင်တာပေါ့"

ထို့ကြောင့် ယခုအချိန်မှာ အချိန်မကျသေးခြင်းသာ ဖြစ်ပေသည်။

"နောင်တစ်ချိန်မှာ နောက်မျိုးဆက်တွေ တက်လာပြီး ဟန်ယီတို့ အကြီးအကဲတွေ ဖြစ်လာတဲ့အခါ အကြီးအကဲလီတို့နဲ့ ပြန်ဆုံနိုင်မှာပါ" လီဟန်ယီ၏ စိတ်ပျက်အားငယ်နေသော အမူအရာကို မကြည့်ရက်သဖြင့် လီကျန့်ယီက စိတ်ရှည်စွာ ရှင်းပြလိုက်၏။

"ယီယီ... ဆရာတို့ ဘယ်ကို သွားတယ်ဆိုတာ နင် သိလား" လီဟန်ယီက လီကျန့်ယီကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်၏။

"သိကောင်း သိနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ဟန်ယီအနေနဲ့ အဲ့ဒီ ဆန်းကြယ်တဲ့ နယ်ပယ်ထဲကို ဝင်ရောက်နိုင်တဲ့အခါ အရာအားလုံးကို သိလာမှာပါ"

"ဒါကြောင့် ဟန်ယီအနေနဲ့ အကြီးအကဲလီကို ပြန်တွေ့နိုင်ဦးမှာပါ" ဟု လီကျန့်ယီက လီဟန်ယီကို ပွေ့ဖက်ကာ အားပေးစကား ဆိုလိုက်သည်။

"အင်း... ဖေဖော်ဝါရီ ၂၆ ရက်နေ့က ငါတို့ရဲ့ မင်္ဂလာရက်လေ၊ ဆရာတို့ မရှိဘဲ မင်္ဂလာဆောင်ရမှာဆိုတော့ နည်းနည်းတော့ နှမြောဖို့ ကောင်းတယ်" လီဟန်ယီက စိတ်မကောင်းစွာ လီကျန့်ယီကို မော့ကြည့်လိုက်၏။

"အဲ့ဒါကတော့... ဒါပေမဲ့..." လီကျန့်ယီက မျက်လုံးကို အသာအယာ မှေးလိုက်သည်။ ထိုအဖိုးကြီး လီချန်းရှန်ကို သူ့မင်္ဂလာဆောင်သို့ လာရောက်ရန် ဖိတ်ကြားဖို့ သူ စီစဉ်ထားပေသည်။ ဘာပဲဖြစ်ဖြစ် ထိုအဖိုးကြီးကို သူ ရှာတွေ့နိုင်သေးသည်။

.....

ထိုအချိန်တွင် လီချန်းရှန်နှင့် လော့ရွှေတို့သည် အသွင်အပြင်များ ပြောင်းလဲကာ ရွှေလမြို့တော်အတွင်းမှာပင် ပုန်းအောင်းနေကြဆဲ ဖြစ်ပေသည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့သည် မင်္ဂလာဆောင်ရန် ကောင်းသောရက်ဖြစ်ပြီး လီဟန်ယီနှင့် လီကျန့်ယီတို့၏ မင်္ဂလာရက်ဖြစ်ကြောင်း သိထားသဖြင့် သူတို့သည် မင်္ဂလာပွဲကို တိတ်တဆိတ် တက်ရောက်ပြီးမှ မြို့တော်မှ အမှန်တကယ် ထွက်ခွာရန် စီစဉ်ထားကြခြင်း ဖြစ်၏။

တပည့် သုံးယောက်မှာ မြို့ကို စတင်အုပ်ချုပ်ရုံသာ ရှိသေးရာ သူတို့ မည်သို့ လုပ်ဆောင်ကြသည်ကို စောင့်ကြည့်ချင်နေကြသေးသည်။

"ချန်းရှန်... ဟန်ယီတို့က ရွှေလမြို့တော်ကို ကောင်းကောင်း ထိန်းသိမ်းနိုင်ပါ့မလား" ဟု လော့ရွှေက မေးလိုက်သည်။

"သူတို့က ဘယ်သူရဲ့တပည့်တွေလည်း ငါ့တပည့်တွေပဲလေ ၊ စိတ်ပူစရာမလိုဘူး" ဟု လီချန်းရှန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

"ဒါလည်း ဟုတ်တာပါပဲ၊ ဟန်ယီ၊ တုန်းကျွင်းနဲ့ ချန်ဖုန်းတို့ကလည်း တော်ကြတဲ့ သူတွေပဲ" လော့ရွှေကလည်း တပည့်သုံးဦး၏ ထူးချွန်မှု့ကို တွေးတောရင်း စိတ်အေးသွားသည်။

"ကဲ... သူတို့ကို ရက်အနည်းငယ်လောက် စောင့်ကြည့်ပြီးရင် တို့တွေ ဓားနှလုံးဂူဗိမာန်ကို သွားကြမယ်၊ ဒီကောင်လေးက ဂူဗိမာန်ရဲ့ နောက်တက်မဲ့ သခင်ဆိုတော့ မင်္ဂလာဆောင်ကို အဲ့ဒီမှာပဲ ကျင်းပလိမ့်မယ်" ဟု လီချန်းရှန်က ခေါင်းညိတ်လျက် ပြောသည်။

"ကောင်းပါပြီ" လော့ရွှေကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်၏။

.........

"ယီယီ... ဒါပေမဲ့ ဆိုတာက ဘာလဲ" လီကျန့်ယီ စကားပြောရန် တုံ့ဆိုင်းနေသည်ကို သတိပြုမိသဖြင့် လီဟန်ယီက သူ၏ မျက်ဝန်းများကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

"ဒါပေမဲ့... ငါတို့ရဲ့ မင်္ဂလာဆောင်ကို အကြီးအကဲလီတို့ လာဖြစ်အောင် ငါ နည်းလမ်းရှာပါ့မယ်" လီကျန့်ယီက လီဟန်ယီ၏ လှပသော မျက်နှာလေးကို အုပ်ကိုင်ကာ ကတိပေးလိုက်၏။

"တကယ်လား" လီဟန်ယီ၏ မျက်ဝန်းလေးများ တောက်ပသွားက ဝမ်းသာသွားသည်။

"ငါ မင်းကို ဘယ်တုန်းက ညာဖူးလို့လဲ ဟန်ယီ" ဟု လီကျန့်ယီက ပြုံးလျက် သူ့၏ ချစ်ဇနီးလေးကို ချစ်မဝစွာကြည့်ကာ ပြန်မေး၏။

"ဟွန်း... ယီယီ‌က‌ ပြောတဲ့ ပိုက်ဆံတွေ အလဟဿ သုံးဖြုန်းတတ်တဲ့ မိန်းကလေးဆိုတာ ငါမဟုတ်ဘူးလေ အဲ့တာလည်း ညာတာပါပဲ" ဟု လီဟန်ယီက စိတ်ဆိုးသလိုမျိုး ပြန်ပြောလေသည်။

"မညာရပါဘူး ဟန်ယီရာ" လီကျန့်ယီက ပြုံးလျက် ပြန်ဖြေလိုက်၏။

"နင်ကတော့ ငါ့ကို နောက်နေပြန်ပြီ၊ ငါ့ကို ညာနေတာ မဟုတ်လား"

"ပြီးတော့ ငါ လီဟန်ယီက လောင်းကစားဝိုင်း သွားရင်တောင် အမြဲတမ်း ရှုံးပြီး ပိုက်ဆံတွေ ဖြုန်းနေမယ့်သူ မဟုတ်ပါဘူး" ဟု လီဟန်ယီက ဂုဏ်ယူစွာ ဖြင့်ပြောကာ သူမသည် အသိဉာဏ်ရှိပြီး ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးတစ်ဦးဟု ကိုယ့်ကို ယုံကြည်ထားပေသည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ... ဟန်ယီ ပြောတာ အားလုံး မှန်ပါတယ်" လီကျန့်ယီ၏ ခန့်ညားသော မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေကာ ဒီကောင်‌မလေးနား နေနေရတာဟာ သူ့ဘဝအတွက်ပြည့်စုံနေသလိုမျိူး ဘာမှထပ်မလိုတော့ သကဲ့သို့ပင်ဖြစ်‌နေရ၏။

"ဟွန်း... နင်ကတော့ ပြီးစလွယ် ပြောနေတာပဲ" လီဟန်ယီက စိတ်ဆိုးဟန်ဖြင့် လီကျန့်ယီကို လက်သီးဖြင့် အသာအယာ ထုလိုက်၏။

"မဟုတ်ပါဘူး" လီကျန့်ယီက တည်ကြည်စွာ ပြန်ပြောလိုက်၏။

ရွဲ့ယောင်နှင့် ဖုန်းချူးယွီတို့သည် ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့ကို အားပေးနှစ်သိမ့်ပေးနေကြသည်။ ဆရာနှင့် ဆရာကတော်တို့၏ ထွက်ခွာသွားမှု့ကို လက်ခံနိုင်ပြီး နောက်တွင်မူ စိတ်ဓာတ်ခိုင်မာစွာဖြင့် ရွှေလမြို့တော်ကို ကောင်းမွန်စွာ စီမံခန့်ခွဲရန် ပြင်ဆင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ဆရာက သူတို့ကို ယုံကြည်စိတ်ချစွာ အပ်နှံထားခဲ့သဖြင့် သူတို့သည်လည်းအကောင်းဆုံးဖြစ်အောင် ကြိုးစားရပေမည်။

"သခင်လေးလီ... ညီအစ်ကိုရဲကော ဘယ်မှာလဲ"

ပိုင်လီတုန်းကျွင်းသည် လီကျန့်ယီ တစ်ဦးတည်း စံအိမ်အတွင်းသို့ ဝင်လာသည်ကို မြင်သောအခါ ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ညီအစ်ကိုရဲ၊ ဘယ်က ညီအစ်ကိုရဲလဲ၊ သူက အရိပ်ဂိုဏ်းက လုပ်ကြံသတ်ဖြတ်သူတွေရဲ့ လက်ချက်နဲ့ သေသွားပြီ မဟုတ်လား" လီကျန့်ယီက အမှန်တရားကို သိနေသော်လည်း မသိသလို ဟန်ဆောင်ကာ မေးလိုက်၏။

ပိုင်လီတုန်းကျွင်း: "..."

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပိုင်လီတုန်းကျွင်းက ခေါင်းညိတ်လိုက်ကာ "ဟုတ်သားပဲ... ညီအစ်ကိုရဲက အရိပ်ဂိုဏ်း လုပ်ကြံသတ်ဖြတ်သူတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တာ တကယ့်ကို နှမြောဖို့ ကောင်းပါတယ်" ဟု ပြော၏။

"ရဲဒင်းကျီ သေသွားပြီ ဟုတ်လား" တီယန်ဝူတွမ်၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာသည့် ရဲဒင်းကျီက သေဆုံးသွားပြီဟူသော သတင်းကြောင့် ရွဲ့ယောင်မှာလည်း အလွန်အမင်း တုန်လှုပ်သွားသည်။

"ဟုတ်တယ် ရွဲ့ယောင်၊ အဖြစ်အပျက်က ဒီလို..." ပိုင်လီတုန်းကျွင်းက ရွဲ့ယောင်နှင့် အခြားသူများကို အရိပ်ဂိုဏ်းမှ လီကျန့်ယီသာ အချိန်မီ ရောက်မလာပါက သူပါ သေဆုံးသွားနိုင်ကြောင်း ရှင်းပြလိုက်သည်။

"ပါရမီရှင်တစ်ယောက်က ဒီလို အဖြစ်ဆိုးနဲ့ ကြုံရတာ တကယ်ကို ဝမ်းနည်းစရာပါပဲ" ဟု ရွဲ့ယောင်သက်ပြင်းချလိုက်မိသည်။

အခန်း ၁၅၅ အစ်မကြီးသည် မိခင်နှင့်တူ၏

ရွဲ့ယောင်သည် ရဲဒင်းကျီ၏ သေဆုံးမှု့အတွက် ဝမ်းနည်းပူဆွေးနေစဉ် ပိုင်လီတုန်းကျွင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ မေးမြန်းလိုက်သည်။ "အာယောင်...ခယ်မလေးက ဘယ်မှာလဲ၊ သူမက မင်းနဲ့ အတော်လေး တူတယ်လို့ ကြားတယ်၊ ဘယ်လောက်တောင် တူသလဲဆိုတာ ငါမြင်ချင်တယ်"

ရွဲ့ယောင်က သူ့ကို စိတ်ပျက်သလို ကြည့်လိုက်ပြီးနောက် အားလုံးကို သူမ၏ အခန်းဆီသို့ ခေါ်ဆောင်သွားလေသည်။ ထိုအချိန်တွင် ရွဲ့ရှင်း၏ အတွင်းအားများကို အပ်စိုက်၍ ပိတ်ပင်ထားသောကြောင့် သူမသည် ခတ်ထားသော တံခါးကို အတင်းအဓမ္မ တွန်းဖွင့်နိုင်စွမ်း မရှိတော့ပေ။

"ရှင်းရှင်း... တီယန်ဝူတွမ်ရဲ့ အရှေ့ဘက်စစ်ဆင်ရေးက ပြီးဆုံးသွားပြီ၊ ကံကောင်းထောက်မစွာနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှု့တွေ မရှိခဲ့ဘူး။ ဒါကြောင့် နောက်ပိုင်းအချိန်တွေကိုတော့ ရွှေလမြို့တော်မှာ မင်းအစ်မနဲ့အတူ နေထိုင်ရမယ်" ဟု ရွဲ့ယောင်က အစ်မကြီးတစ်ယောက်ပီသစွာ တည်ကြည်သော မျက်နှာထားဖြင့် ညွှန်ကြားလိုက်၏။

" ဒီမှာ နေရမဲ့အစား ငါသေဖို့ပဲရွေးတယ်" ဟု ရွဲ့ရှင်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

ရွဲ့ယောင်က မျက်မှောင်ကြုတ်လျက် "ရွှေလမြို့တော်က သာယာလှပတဲ့ နေရာတစ်ခုပါ၊ နေရတာ တကယ်ကို အဆင်ပြေတဲ့နေရာပဲ" ဟု အကြံပေးပြန်သည်။

"လှပတော့ ဘာဖြစ်လဲ၊ ဒါ ငါ့အိမ်မှ မဟုတ်တာ။ ငါ့ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှ အစီအစဉ်တွေက လူတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့တာကိုပဲ ငါနောင်တရတယ်" ဟု ရွဲ့ရှင်းက လီကျန့်ယီကို အငြိုးကြီးစွာ ကြည့်နေ၏။

လီကျန့်ယီက သူမ၏ စကားကို ဖြတ်ကာ

"မိန်းကလေးရွဲ့ရှင်း..ဒါကတွေက ကျွန်တော်ကြောင့်လို့ပြောချင်နေတာလား ၊ ကောင်းကောင်းစဉ်းစားကြည့်ပါအုန်း၊ ကျွန်တော် မတားခဲ့ရင်တောင် ရဲဒင်းကျီက အစ်ကိုပိုင်လီလက်အောက်မှာ ရှုံးနှိမ့်မှာပဲ "လီကျန့်ယီက ထိုမိန်းကလေး၏ ခေါက်းမာမှု့ကို စိတ်လေနေမိသည်။

"နောက်ဆုံးမှာ တီယန်ဝူတွမ်က ရှုံးနိမ့်မှာပဲ။ တီယန်ဝူတွမ်က လူတွေရော၊ ပေချွဲက ကျန်ရှိနေတဲ့ သူတွေပါ အကုန်သေကြရမှာ။ ဒါကြောင့် ငါသာ မတားခဲ့ရင် မင်းတို့ရဲ့ တီယန်ဝူတွမ်က မျိုးတုံးမယ့် ဘေးကနေ လွတ်မြောက်မှာ မဟုတ်ဘူး"

"ငါရှိနေလို့သာ မင်းတို့ရဲ့ အရှေ့ဘက်စစ်ဆင်ရေးမှာ နောက်ဆုတ်ဖို့ လမ်းစရခဲ့တာဖြစ်ပြီး ၊ မြောက်ပိုင်းလီပြည်သူတွေလည်း ထိခိုက်မှု့ မရှိခဲ့တာပါ။ ဒါကြောင့် မိန်းက‌လေးရွဲ့ရှင်း... မင်းက ငါ့ကို ကျေးဇူးတင်သင့်သလို တီယန်ဝူတွမ်က လူတိုင်းကလည်း ငါ့ကို ကျေးဇူးတင်သင့်တယ်" ဟု လီကျန့်ယီက ပြောလိုက်သည်။

ရွဲ့ရှင်းက မျက်မှောင်ကြုတ်လျက် သူမ၏အကြည့်က သူမ၏ ခဲအိုလောင်းဖြစ်သူကို ကြည့်ကာ "ဟွန့်... ပိုင်လီတုန်းကျွင်းရဲ့ ကျင့်ကြံခြင်းတွေကို ရဲဒင်းကျီက အကုန်စုပ်ယူသွားတာ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် အင်အားကြီးနေသေးတာလဲ" ဟု မေးမြန်း၏။ သူမသည် ဤလူက မည်သို့ကြောင့် ခြောက်လအတွင်း ဘာမှမရှိရာမှ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်သို့ ရောက်ရှိကာ ရဲဒင်းကျီကို အနိုင်ယူနိုင်သည်ကို နားမလည်နိုင် ဖြစ်နေရသည်။

"အဲ့ဒါကတော့ မင်းရဲ့ ခဲအိုလောင်းက မွေးရာပါ ကျင့်ကြံခြင်းသွေးကြော ပါလာပြီး အနှိုင်းမဲ့ ပါရမီရှင် ဖြစ်နေလို့ပေါ့။ ဒါကြောင့် ကျင့်ကြံခြင်းတွေ အကုန်စုပ်ယူခံလိုက်ရပေမယ့် အရင်က အခြေခံကောင်းတွေရှိတော့ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ကို တက်လှမ်းဖို့ ခက်ခဲပါ့မလား" ဟု ပိုင်လီတုန်းကျွင်းက ဂုဏ်ယူဝင့်ကြွားစွာ သူ့ဂုဏ်ကိုကိုဖော်နေသည်။

"ဟဲ့... အရှက်မရှိလိုက်တာ၊ ဘယ်သူက မင်းကို ခဲအို လို့ လက်ခံထားလို့လဲ" ဟု ရွဲ့ရှင်းက ပိုင်လီတုန်းကျွင်းကို မျက်စောင်းထိုးလိုက်သည်။

ရွဲ့ရှင်း၏ အမူအရာကို မြင်သောအခါ ရွဲ့ယောင်က မရယ်ဘဲ မနေနိုင်တော့ဘဲ "ဟုတ်သားပဲ...ညီမလေးက လက်မခံသေးဘူးပဲ " ဟု လိုက်၍ နောက်ပြောင်လိုက်၏။

"အာယောင်... မင်းကပါ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ" ဟု ပိုင်လီတုန်းကျွင်းက သူ့ဘက်မသည့် ရွဲ့ယောင်ကို မျက်လုံးပြူးစွာလှည့်ကြည့်လိုက်သည်။

"ကဲ... တော်ကြတော့၊ ငါ့ကို ထွက်သွားခွင့်ပေးရင်ပေး၊ မဟုတ်ရင်လည်း မင်းတို့ပဲ ထွက်သွားကြ။ ငါ့ရှေ့မှာ လာပြီး ချစ်ပြမနေနဲ့"ဟု ရွဲ့ရှင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ သူမ အမြင်တွင် သူမသည် အစ်မဖြစ်သူ ရွဲ့ယောင်ကို ထပ်မံရှုံးနိမ့်သွားခြင်းပင် ဖြစ်သည်။ သူမ မျက်စိကျခဲ့သော ရဲဒင်းကျီမှာ ပိုင်လီတုန်းကျွင်းလောက်ပင် အရည်အချင်း မရှိသောကြောင့်ပင်။

"ရှင်းရှင်း...အစ်မရဲ့ စကားကို နားထောင်သင့်တယ်၊ အစ်မက ညီမ‌ လေး ကောင်းဖို့အတွက်ပဲ ပြောနေတာ" ဟု ရွဲ့ယောင်က စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ညီမကိုကြည့်လိုက်သည်။

"ဘယ်သူက လိုချင်လို့လဲ" ဟု ရွဲ့ရှင်းက အဖက်မလုပ်စွာ ပြန်ပြော၏။

ရွဲ့ယောင်မှာ စကားပင် ဆက်မပြောနိုင်တော့ပေ။ ငယ်စဉ်ကတည်းက အလိုလိုက်ထားခဲ့သော ညီမဖြစ်သူကို သူမ မည်သို့မှ မထိန်းချုပ်နိုင်တော့ကြောင်း သိလိုက်ရသည်။

ထိုအခါ လီကျန့်ယီက ဝင်ပြောလိုက်သည်။ "အစ်မရွဲ့‌ ယောင်ရဲ့ ညီမကို ကျွန်တော်လက်ထဲ အပ်လိုက်ရင် ဘယ်လိုလဲ။ သူမကို ကြောင်လေးတစ်ကောင်လို လိမ္မာလာအောင် ကျွန်တော် ဆုံးမပေးမယ်"

"တကယ်လား" ဟု ရွဲ့ယောင်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။

"ဒါပေါ့" ဟု လီကျန့်ယီက ခေါင်းငြိမ့်ပြသည်။

"ကောင်းပြီ... ဒါပေမဲ့ ငါ့ညီမရဲ့ စရိုက်က အရမ်းခေါင်းမာတာပဲ၊ သခင်လေးလီမှာ နည်းလမ်းကောင်းရှိလို့လား" ဟု ရွဲ့ယောင်က သံသယဖြစ်စွာ မေးမိ၏။သူမ ၏ ညီမငယ်မှာ အလွန်ခေါင်းမာသော ကလေးဖြစ်သည်။

"ရိုးရှင်းပါတယ်... ငါ သူမကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ တစ်ခုက ရိုက်နှက်ဆုံးမခြင်းပဲ ၊ နောက်တစ်ခုကလည်း ရိုက်နက်ဆုံးမခြင်းပဲ" ဟု လီကျန့်ယီက မျက်မှောင်ကြုတ်ကာ ပြော၏။

ရွဲ့ယောင်၊ လီဟန်ယီနှင့် ဖုန်းချူးယွီတို့ အားလုံးမှာ မှင်တက်သွားကြပြီး "ဒါ... ဒါက သိပ်မကောင်းဘူး မဟုတ်လား" ဟု စိုးရိမ်တကြီး ဆိုကြ၏။

"ဘာဖြစ်လိုလဲ အစ်မရွဲ့ယောင်၊ ကျွန်တော် တစ်ခုမေးမယ်။ အစ်မရဲ့ ညီမသာ အမှားလုပ်မိရင် အစ်မက 'ရပါတယ်... နောက်တစ်ခါ မလုပ်နဲ့' ဆိုပြီးပဲ အလိုလိုက်ခဲ့တာမလား" ဟု လီကျန့်ယီက မေးလိုက်သည်။

ရွဲ့ယောင်က ဘာပြန်ပြောရမှန်းမသိဘဲ ငေးကြည့်နေမိသည်။ လီကျန့်ယီက ဤအကြောင်းများကို မည်သို့သိနေသနည်း။

"ဒါကြောင့် အစ်မရဲ့ ညီမက အခုလို စရိုက်ကြမ်းနေတာက အစ်မရဲ့ အလိုလိုက်မှု့ ကြောင့်ပဲ။ အဲ့ဒီတုန်းကသာ ကောင်းကောင်း ဆုံးမခဲ့ရင် သူ အခုလို ဖြစ်လာမှာ မဟုတ်ဘူး"

"အစ်မက အစ်မကောင်းတစ်ယောက် ဖြစ်လွန်းလို့ ညီမဖြစ်သူက အစ်မကိုတောင် မကြောက်တော့တာပဲ" ဟု လီကျန့်ယီက သက်ပြင်းချရင်း ပြောလိုက်၏။

"ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ သူက အခု အရွယ်ရောက်နေပြီလေ။ ငယ်ငယ်တုန်းကလို အတင်းအဓမ္မ ဆုံးမဖို့ဆိုတာ..." ဟု ရွဲ့ယောင်က စိုးရိမ်မကင်းစွာ‌တုံ့ပြန်မိ၏။

"အစ်မရွဲ့က နားမလည်သေးဘူးပဲ။ အခုမှ မဆုံးမရင် ဘယ်ချိန်မှ ဆုံးမ မလဲ" ဟု ဆိုကာ လီကျန့်ယီသည် သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်လိုက်ပြီး ရွဲ့ရှင်းဆီသို့ တလှမ်းချင်း လျှောက်သွားလိုက်သည်။

"ရွဲ့ရှင်း... မိဘမရှိတဲ့အခါ အစ်မကြီးက မိခင်နဲ့ တူတယ်ဆိုတာ မင်းသိလား။ ဒါကြောင့် မင်းရဲ့ အစ်မကိုယ်စား ငါကပဲ လူကြီးကို ရိုသေဖို့ သင်ပေးရတော့မယ်"

"လီ... လီကျန့်ယီ... အနားမလာနဲ့" ဟု ရွဲ့ရှင်းက ကြောက်လန့်တကြား နောက်ဆုတ်ရင်း အော်ဟစ်လိုက်သည်။

"ဟွန့်... မင်း မလာနဲ့ဆိုတိုင်း ငါက မလာဘဲ နေမလား၊ ငါက မင်းအစ်မ မဟုတ်ဘူး။ ဒီနေ့တော့ မင်းကို အစ်မအပေါ် ဘယ်လို ရိုသေရမလဲဆိုတာ သင်ပေးရမယ်" ဟု ဆိုကာ လီကျန့်ယီက သစ်ကိုင်းဖြင့် ရိုက်ရန် ပြင်လိုက်စဉ် ပိုင်လီတုန်းကျွင်းက ကြားဖြတ်တားဆီးလိုက်၏။ "သခင်လေးလီ... ဒါ ငါ့ရဲ့ ခယ်မလေးလေ၊ မရိုက်ပါနဲ့ဦ"

"ကောင်းပြီ... ဒါဆို အစ်ကိုပိုင်လီက ဘယ်လို တာဝန်ယူမလဲ ။ ဒီမိန်းကလေးကို ဒီအခန်းထဲမှာပဲ တစ်သက်လုံး ပိတ်ထားနိုင်မယ်လို့ ထင်လို့လား"

"ပြီးတော့ အစ်ကိုပိုင်လီ ကျွန်တော်က ရက်စက်တယ်လို့ ထင်နေတာလား။ ဟိုးအရင်တုန်းက အစ်မရွဲ့ယောင်က အစ်ကိုပိုင်လီအတွက်နဲ့ တီယန်ဝူတွမ်ရဲ့ အမိန့်တွေကို ခါးခါးသီးသီး ငြင်းဆန်ခဲ့လို့ ဒီခယ်မဆိုတဲ့သူမက အစ်မရွဲ့ယောင်ကို ဒူးထောက်ခိုင်းပြီး ကြိမ်လုံးနဲ့ ရိုက်ခဲ့တာကို အစ်ကိုပိုင်လီရော သိရဲ့လား" ဟု လီကျန့်ယီက သစ်ကိုင်းကို ပစ်ချကာ ပြောလိုက်လေ၏။

ထိုစကားကို ကြားသောအခါ ပိုင်လီတုန်းကျွင်းသည် ရွဲ့ယောင်ကို လှည့်ကြည့်လိုက်ရာ သူမမှာလည်း အံ့အားသင့်နေသည်ကို တွေ့ရ၏။ ထိုစဉ်က အဖြစ်အပျက်ကို သူမ၊ ရွဲ့ရှင်းနှင့် တမန်နှစ်ဦးသာ သိခဲ့ခြင်း ဖြစ်သည်။

"ကောင်းပြီ... ကောင်းပြီလေ၊ ဒီနေ့တော့ မင်းက ငါရဲ့ ခယ်မဖြစ်နေရင်တောင် ငါက မကာကွယ်ပေးနိုင်တော့ဘူး။ ငါ့ရဲ့ အာယောင်ကိုတောင် ရိုက်ရဲတယ်ပေါ့လေ၊ သခင်လေးလီ ဆက်လုပ်လိုက်ပါတော့" ဟု ပိုင်လီတုန်းကျွင်းက ဒေါသတထွက်စွာပြောလိုက်၏။အကြီးကို ပြန်ရိုက်ရဲ့သည့်အထိ ဖြစ်နေရင်တော့ သူတို့က လွှတ်ထားလို့မရတော့ပေ။

All Chapters