← Chapters

အခန်း (၁၅၆-၁၆၀)

Vol. 16 Ch. 156-160

အခန်း (၁၅၆-၁၆၀)

Vol. 16 Ch. 156-160

အခန်း ၁၅၆ အစ်ကိုကြီးယီ

"အစ်ကိုပိုင်လီ... ခုနကတော့ အစ်ကိုရဲ့ ခယ်မကို မထိပါနဲ့ဦးဆိုပြီး တားနေတယ်၊ အခုကျတော့လည်း ဆုံးမပေးပါဦးဆိုပြီး ပြောနေပြန်တယ်"

"ကျွန်တော်ကို တစ်ခုခုလုပ်ခိုင်းတိုင်း ကျွန်တော်က လိုက်လုပ်ပေးနေရင် ကျွန်တော်ရဲ့မျက်နှာ ဘယ်နားသွားထားရမလဲ" ဟု လီကျန့်ယီက လက်ပိုက်လျက် ပိုင်လီတုန်းကျွင်းကို အဖက်မလုပ်စွာ ပြောလိုက်သည်။သူတို့မှာ ညီအစ်ကိုလိုသာ ပေါင်းဖက်ခဲ့သဖြင့် ပိုင်လီတုန်ကျွင်းကိုတော့ လွှတ်လပ်စွာသာပြောလိုက်၏။လီဟန်ယီက ဂျူနီယာဖြစ်သွား ရသောကြောင့် ပိုင်လီတုန်းကျွင်းသည်လည်း သူ့၏ အစ်ကိုဖြစ်သွားရခြင်းဖြစ်သည်။

ပိုင်လီတုန်းကျွင်းက စိတ်ဓာတ်ကျနေသော မျက်နှာဖြင့် "သခင်လေးလီ... ခယ်မလေးက ဒီလောက်တောင် ဆိုးခဲ့မှန်းငါမသိခဲ့ဘူးလေ၊ သူမက ကိုယ့်အစ်မအရင်းကိုတောင် ရိုက်ရဲမယ်လို့ဘယ်ထင်ခဲ့မလဲ" ဟု ဆို၏။ဒီလို ဆိုးသွမ်းတဲ့ ခယ်မမျိုးကတော့ အရိုက်ခံရဖို့အလွန်ဖြစ်သင့်သည်။ငါ့ရဲ့ အာယောင်လေး ဒူးထောက်ပြီး အရိုက်ခံနေရတာကို မြင်ယောင်ကြည့်လိုက်ရုံနဲ့တင် ရှေ့က ဒီမိန်းမလှလေးကို ငါကိုယ်တိုင် ရိုက်ချင်စိတ် ပေါက်လာပြီ" ဟု ပိုင်လီတုန်းကျွင်းက စိတ်ထဲကြုံးဝါးမိသည်။

"ကောင်းပြီ... ဒါ အစ်ကိုကိုယ်တိုင် ပြောတာနော်၊ အခု အားလုံး အပြင်ထွက်ပေးကြပါ၊ ရွဲ့ရှင်းကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်မယ်" ဟု လီကျန့်ယီက အခန်းထဲရှိ လူအားလုံးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

ရွဲ့ယောင်သည် တစ်ခုခုပြောချင်သဖြင့် နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း ပိုင်လီတုန်းကျွင်းက အခွင့်အရေးမပေးဘဲ သူမကို အခန်းပြင်သို့ ဆွဲခေါ်သွားလေတော့သည်။ ထို့နောက် လီဟန်ယီနှင့် ဖုန်းချူးယွီတို့ကိုပါ အပြင်သို့ ခေါ်ဆောင်သွားခဲ့၏။

ထို့ကြောင့် အခန်းထဲတွင် လီကျန့်ယီနှင့် သိုးငယ်လေးသဖွယ် ဖြစ်နေသော ရွဲ့ရှင်းတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

"အခုတော့ မင်းအတွက် ဘယ်သူမှ တောင်းပန်ပေးမယ့်သူ မရှိတော့ဘူး၊ မင်းက အပြောပဲရှိတာလား ၊ဒါမှမဟုတ် တကယ်ပဲ ခံနိုင်ရည်ရှိသလားဆိုတာ ငါကြည့်ချင်သေးတယ်" ဟု လီကျန့်ယီက ရက်စက်သော အကြည့်ဖြင့် ရွဲ့ရှင်းကို စိုက်ကြည့်လိုက်၏။

......

အခန်းအပြင်ဘက်တွင် ပိုင်လီတုန်းကျွင်း၊ စစ်ကုန်းချန်ဖုန်းနှင့် ကျန်သောသူများသည် လီကျန့်ယီက ရွဲ့ရှင်းကို မည်သို့ဆုံးမမည်ကို သိလိုသဖြင့် အခန်းထဲသို့ အဆက်မပြတ် ချောင်းကြည့်နေကြသည်။

ထိုအခြင်းအရာကို လီကျန့်ယီ မြင်သောအခါ ချက်ချင်းပင် အတွင်းအားကို အသုံးပြု၍ တံခါးကို ပိတ်ကာ ဂျက်ချလိုက်သည်။

"ဒါက ကလေးတွေ ကြည့်ဖို့မသင့်ဘူး။ အစ်ကိုပိုင်လီ... ညီလေးစစ်ကုန်း... အစ်ကိုတို့ အချင်းချင်းလက်ရည် စမ်းချင်စမ်းကြလေ၊ ဒါမှမဟုတ်ရင်လည်း သွားပြီး အနားယူကြ။ ကျွန်တော်တစ်ယောက်တည်းပဲ သူမကို ဆုံးမလိုက်မယ်" ဟု လီကျန့်ယီက အပြင်က လူစုကို အော်ပြောလိုက်၏။

ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့မှာ ဆွံ့အသွားကြသည်။ "ကောင်းပြီလေ... ငါတို့ မကြည့်တော့ပါဘူး။ ငါ့ရဲ့ ခယ်မကို ရိုက်လို့ သူက ရန်ငြိုးထားနေရင် ဒုက္ခ၊ ငါ ပိုင်လီတုန်းကျွင်းက အဲ့ဒီလောက် မအပါဘူး" ဟု တွေးကာ အမြန်ပင် ထွက်သွားသည်။

လီကျန့်ယီသည် ရွဲ့ရှင်း၏ နုနယ်သော ကိုယ်လုံးလေးကို ကြည့်ကာ "ငယ်ငယ်ကတည်းက အခုထိ မင်းကို ဘယ်သူမှ မရိုက်ဖူးဘူး ထင်တယ်နော်" ဟု မေးလိုက်သည်။

"ဟွန့်... ငါက တီယန်ဝူတွမ်မှာ သိုင်းကျင့်လာတဲ့သူပဲ။ မင်းရဲ့ ကြိမ်ဒဏ်ကို ငါမကြောက်ဘူး။ ရိုက်နှက်ပြီး ဆုံးမမယ် ဟုတ်လား၊ ငါ့ကို အဲ့ဒီမိန်းမကို 'အစ်မ' လို့ ခေါ်အောင် လုပ်မယ် ဟုတ်လား၊ မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ" ဟု ရွဲ့ရှင်းက ပြန်လည်အော်ဟစ်လေသည်။ သူမသည် တီယန်ဝူတွမ်၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူပီပီ လွယ်လွယ်နှင့် အရှုံးပေးမည့်သူ မဟုတ်ပေ။

သို့သော် လီကျန့်ယီက "ရိုက်ရုံနဲ့ မရဘူးဆိုတာ ငါသိတာပေါ့၊ မင်းရဲ့ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ လက်ခံလာအောင် ငါလုပ်ရမှာပဲ" ဟု အေးဆေးစွာ ပြောလိုက်၏။

"ဒါပေမဲ့ အဲ့ဒါမလုပ်ခင် ဘယ်နေရာကို အရင်ရိုက်ရင် ကောင်းမလဲ။ မင်းရဲ့ နုနယ်ချောမောတဲ့ မျက်နှာလေးကိုပဲ ရိုက်ရမလား၊ ဒါမှမဟုတ် ဒီလှပတဲ့ မျက်နှာလေးကိုပဲ ထပ်ခါထပ်ခါ ရိုက်ရမလား" ဟု ဆိုကာ လီကျန့်ယီသည် ပေါင်လုံးခန့်ရှိသော သစ်ကိုင်းကြီးကို ကောက်ကိုင်ကာ ရွဲ့ရှင်း၏ မျက်နှာရှေ့တွင် ဝေ့ယမ်းပြလိုက်သည်။

ထိုအခြင်းအရာကို မြင်သောအခါ ရွဲ့ရှင်း၏ ရင်ထဲတွင် တုန်လှုပ်သွားရ၏။ သူမ၏ ပေါင်ထက်ပင် ကြီးမားသော ထိုသစ်ကိုင်းကြီးကို မြင်ကာ မကြောက်ဘဲ မည်သို့နေနိုင်ပါ့မည်နည်း။ရှေ့ကလူသည် တကယ့်ကို လူမိုက်တစ်ယောက်ပင်။ သူပြောသော ရွေးချယ်စရာ နှစ်ခုစလုံးက နှိပ်စက်ခြင်းသာဖြစ်ပြီး ယခုလည်း သူမ၏ မျက်နှာကိုသာ ရိုက်မည်ဟု ဆိုနေပြန်သည်။ သူမသည် အစ်မဖြစ်သူကို ရိုက်စဉ်ကတောင် ကျောပြင်ကိုသာ ရိုက်ခဲ့ပြီး မျက်နှာကို မရိုက်ခဲ့ပေ။

"ရွဲ့ရှင်း... ဒီကိုလာဦး၊ ငါ မင်းကို တစ်ခုပြမယ်"

ရွဲ့ရှင်း ထိတ်လန့်နေသည်ကို လီကျန့်ယီ သတိထားမိလိုက်သဖြင့် သစ်ကိုင်းကြီးဖြင့် ကြမ်းပြင်ကို အားရပါးရ ရိုက်ချလိုက်ရာ ကြမ်းပြင်မှာ အက်ကွဲကြောင်းများပေါ်လာသည်။

"ဒီမှာကြည့်စမ်း... ကြမ်းပြင်က အစင်းကြောင်းတွေကို မြင်လား၊ မင်းရဲ့ တစ်ခုတည်းသော ဂုဏ်ယူစရာဖြစ်တဲ့ မင်းအစ်မနဲ့ တန်းတူလှပတဲ့ မျက်နှာပေါ်မှာ ဒီလိုအရာတွေ ထင်ကျန်သွားရင် မင်းဘဝ ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်စမ်းပါ"

"မင်း တစ်ဘဝလုံး မင်းအစ်မကို မကျော်နိုင်ခဲ့တာကို တွေးကြည့်ပါ။ ဂိုဏ်းက လူတွေက မင်းအစ်မ စကားကိုပဲ နားထောင်ကြတယ်၊ မင်းအဖေကလည်း သူမကိုပဲ ချစ်တာ။ အခု မင်းမှာရှိတဲ့ တစ်ခုတည်းသော အလှအပပါ ပျက်စီးသွားရင် မင်းက မင်းအစ်မကို ဘယ်လိုယှဉ်နိုင်တော့မှာလဲ" ဟု လီကျန့်ယီက စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ပေးလိုက်သည်။

ရွဲ့ရှင်းသည် အတိတ်ကို ပြန်လည်တွေးတောမိသွားသည်။ အမှန်တကယ်ပင် ဖခင်ဖြစ်သူ၏ မေတ္တာအားလုံးသည် အစ်မဖြစ်သူအပေါ်မှာသာ ရှိခဲ့သည်။ သူမသည် အစ်မထက် အမြဲနိမ့်ကျနေခဲ့ရသည်မှာ အမှန်ပင်။ လီကျန့်ယီ ပြောသလိုသာ သူမ၏ မျက်နှာ ပျက်စီးသွားခဲ့လျှင်...

"သခင်လေးလီ... မင်း ကြိုက်သလို ရိုက်နိုင်ပါတယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ငါ့မျက်နှာကိုတော့ မရိုက်ပါနဲ့" ဟု ရွဲ့ရှင်းက တောင်းပန်တိုးလျှိုးလာ၏။ သူမသည် သူ့အမည်ကို တိုက်ရိုက်မခေါ်ဝံ့တော့ပေ။

"မရဘူး... မင်းမျက်နှာပေါ်က အစင်းကြောင်းတွေက မင်းကို တစ်သက်လုံး မှတ်မိနေစေမယ့် အရာတွေပဲ" ဟု ဆိုကာ လီကျန့်ယီက သစ်ကိုင်းကြီးကို မြှောက်လိုက်သည်။

ရွဲ့ရှင်းသည် ကြောက်လန့်တကြားဖြင့် သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်၏။

"မင်းက နာကျင်မှု့ကို မခံနိုင်ဘူးပဲ။ ဒါဆို မင်းက မင်းအစ်မကို ဘာလို့ မနာလိုဖြစ်နေရတာလဲ၊ မင်းအစ်မအပေါ် ဘာလို့ ဒီလောက် ရက်စက်ခဲ့တာလဲ"

"တကယ်တမ်း တော်တဲ့လူတစ်ယောက်က ကိုယ့်ထက်သာတဲ့သူကို လက်စားချေဖို့ မကြိုးစားဘူး၊ အဲ့ဒီအစား ကိုယ့်ကိုယ်ကိုယ် ပိုတော်အောင် ကြိုးစားပြီး အားလုံးရဲ့ အသိအမှတ်ပြုမှု့ကို ရယူတတ်ကြတယ်၊ အဲ့ဒါမှ မင်းအဖေဆီက လေးစားမှု့နဲ့ ဂရုစိုက်မှု့ကို ရမှာ မဟုတ်ဘူးလား"

"မင်းအစ်မက မင်းအဖေရဲ့ အချစ်တွေကို လုယူသွားတယ်လို့ ထင်ပြီး မုန်းနေမယ့်အစား၊ မင်းတို့ ညီအစ်မနှစ်ယောက် ဘာလို့ ဒီလောက်တောင် တူညီပြီး လှပနေရတာလဲဆိုတာကို ပြန်စဉ်းစားကြည့်ပါ၊ မင်းတို့က ဖခင်တစ်ယောက်တည်းက မွေးတဲ့ သမီးတွေပဲလေ၊ မင်းအစ်မဆီက ကောင်းကွက်တွေကို မင်း ဘာလို့ အတုမယူနိုင်ရတာလဲ"

"မင်းကိုယ်မင်း အနည်းငယ်လောက် ပြောင်းလဲလိုက်ရုံနဲ့တင် မင်းက မင်းအစ်မထက် နိမ့်ကျနေမှာ မဟုတ်တော့ဘူး" ဟု လီကျန့်ယီက ရွဲ့ရှင်း၏ ကြောက်စိတ်ကို အခွင့်ကောင်းယူကာ အားပေးစကားများ ပြောလိုက်သည်။

လီကျန့်ယီက သစ်ကိုင်းကြီးဖြင့် မရိုက်သေးတော့သည်ကို တွေ့ရသောအခါ ရွဲ့ရှင်း စိတ်သက်သာရာရသွားပြီး သူပြောသော စကားများကို ပြန်လည်စဉ်းစားနေမိသည်။ ထို့နောက် သူမ၏ စိတ်ရင်းကို မရည်ရွယ်ဘဲ ဖွင့်ဟလိုက်မိ၏။

"ငါသာ... ငါ့အစ်မလို ဖြစ်အောင် ကြိုးစားရင် သူမထက် နိမ့်ကျမှာ မဟုတ်ဘူးလား"

"ဒါပေါ့... မင်းသာ မင်းအစ်မထက် ပိုတော်ချင်ရင် အခုထက် ပိုပြီး ကြိုးစားရမှာပေါ့" ဟု လီကျန့်ယီက စိတ်ရှည်စွာ ပြန်ဖြေ‌ပေးသည်။

"အဲ့ ... အဲ့ဒီလိုလား" ရွဲ့ရှင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သူမျှမရှိသည်ကို တွေ့ရသဖြင့် စမ်းသပ်ကြည့်ချင်စိတ် ပေါက်လာသည်။ အကယ်၍ ထိရောက်ခဲ့လျှင် လီကျန့်ယီ၏ စကားကို နားထောင်ရသည်မှာ ဘာမှမခက်ခဲပေ။ အနည်းဆုံးတော့ မျက်နှာ အရိုက်မခံရတော့သလို သူမ လိုချင်သည့် အခွင့်အရေးလည်း ရနိုင်သေးသည်။

"ဘာလဲ" လီကျန့်ယီ ကြောင်သွားရ၏။

"အစ်ကိုကြီးယီ... ဒီသစ်ကိုင်းကြီးက တော်တော်လေး ကြီးပြီး လေးမှာပဲ၊ အကြာကြီး ကိုင်ထားရတာ ပင်ပန်းနေဦးမယ်"

"ရှင်းရှင်းကိုပဲ ပေးလိုက်ပါ၊ ရှင်းရှင်း ကိုင်ပေးမယ်လေ" ဟု ဆိုကာ ရွဲ့ရှင်းက လီကျန့်ယီ၏ လက်ထဲမှ သစ်ကိုင်းကြီးကို လှမ်းယူလိုက်၏။

ထို့နောက် သူမ၏ လှပသော မျက်ဝန်းလေးများကို အောက်ချကာ နောင်တရဟန်ဖြင့် "အစ်ကိုကြီးယီ... ရှင်းရှင်း မှားသွားမှန်း သိပါပြီ။၊အစ်ကိုကြီးယီက ရှင်းရှင်းကို ရိုက်ချင်တယ်ဆိုရင် သစ်ခက်လေးနဲ့ပဲ ရိုက်ပါနော်" ဟု တိုးတိုးလေး ဖြင့် သနားစဖွယ်တောင်းဆို နေသည်။

လီကျန့်ယီမှာ အခြေအနေကို နားမလည်နိုင်ဘဲ ကြောင်အမ်းအမ်း ဖြစ်သွားရတော့သည်။

အခန်း ၁၅၇ သခင်လေးလီကို သဘောကျမိသွားပြီ

ရွဲ့ရှင်း၏ "အစ်ကိုကြီးယီ... အစ်ကိုကြီးယီ..." ဟု ခေါ်သံကို ကြားလိုက်ရသောအခါ လီကျန့်ယီမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသလို ခံစားလိုက်ရ၏။ အဓိကအချက်မှာ ဤပြောင်းလဲမှု့သည် မြန်ဆန်လွန်းလှပြီး ထိရောက်လွန်းနေခြင်းပင် ဖြစ်သည်။ သူကိုယ်တိုင်ပင် အနည်းငယ် ကြောင်အမ်းသွားရတော့သည်။

"အောင်..အောင်မြင်သွားပြီ။ အခု မင်းပုံစံက တော်တော်လေး အဆင်ပြေနေပြီလို့ ငါထင်တယ်၊ မယုံရင် အခန်းပြင်ထွက်ပြီး စမ်းကြည့်လိုက်လေ။ မင်းလို နှုတ်ချိုတဲ့ မိန်းကလေးမျိုးကို ဘယ်သူက မချစ်ဘဲ နေမှာလဲ" ဟု လီကျန့်ယီက အခြေအနေကို ပြန်လည်ထိန်းညှိရင်း ပြောလိုက်၏။

ဤမျှ မြန်ဆန်ထိရောက်မည်ဟု သူ မထင်ထားခဲ့ပေ။ ရွဲ့ရှင်းသည် သူမကိုယ်သူမ သက်သေပြချင်စိတ် ပြင်းပြနေပုံရပြီး အခြားသူများ၏ ချစ်ခင်မှု့ကို အမှန်တကယ် လိုလားနေပုံရသည်။ လေးစားမှု့ဖြစ်စေ၊ အလိုလိုက်မှု့ဖြစ်စေ၊ အစ်မဖြစ်သူ၏ မေတ္တာတစ်ခုတည်း မဟုတ်သော မည်သည့်မေတ္တာမျိုးကိုမဆို သူမ တောင့်တနေခဲ့ခြင်း ဖြစ်ပေမည်

"ဒါ... ဒါနဲ့တင် ပြီးပြီလား" ဟု ရွဲ့ရှင်းကလည်း လက်ထဲက သစ်ကိုင်းကို ချလိုက်ရင်း ဇဝေဇဝါ မေးသည်။

"စမ်းကြည့်လိုက်လေ၊ အဆင်မပြေရင် မင်းကို တီယန်ဝူတွမ်ကို ပြန်လွှတ်ပေးမယ်" ဟု လီကျန့်ယီက အားပေးလိုက်၏။

"ကောင်းပါပြီ..." ရွဲ့ရှင်းက ပါးပြင်လေးများ နီမြန်းလျက် ခေါင်းငြိမ့်ပြသည်။

တံခါးကို တွန်းဖွင့်ကာ လီကျန့်ယီ အရင်ဆုံး ထွက်လာခဲ့သည်။ ထိုအခါ အပြင်တွင် စောင့်နေကြသော ရွဲ့ယောင်နှင့် အခြားသူများက "ဘာဖြစ်သွားတာလဲ။ သခင်လေးလီ... မင်း ငါ့ညီမကို တကယ်ပဲ နှိပ်စက်လိုက်တာလား" ဟု စိုးရိမ်တကြီး မေးမြန်း‌လေသည်။

"အင်း... ဘာဖြစ်သွားလဲဆိုတာကိုတော့ မင်းတို့ဘာသာပဲ ကြည့်လိုက်ကြပါတော့" လီကျန့်ယီသည် ရွဲ့ရှင်း၏ ပြောင်းလဲမှု့ကို စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲနေသဖြင့် သူတို့ကိုယ်တိုင်သာ မြင်စေချင်တော့သည်။

လီကျန့်ယီက ဘေးသို့ ဖယ်ပေးလိုက်သောအခါ ရွဲ့ယောင်နှင့် ဆင်တူသော်လည်း ထူးခြားသော အလှတရားရှိသည့် အမျိုးသမီးတစ်ဦးသည် အခန်းထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့၏။ သူမသည် ရွဲ့ယောင်ကို အားနာမှု့ နောင်တရမှု့တို့ ရောယှက်နေသော မျက်လုံးများဖြင့် ကြည့်ကာ "အစ်မ... အရင်က ရှင်းရှင်း မှားခဲ့ပါတယ်၊ တောင်းပန်ပါတယ်နော်" ဟု အမှားကိုသိတတ်စွာ ပြုမူနေသည်။

"တောင်း... တောင်းပန်တယ် ဟုတ်လား"

ရွဲ့ယောင်သည် သူမကို တောင်းပန်လာသော ညီမဖြစ်သူကို ကြည့်ကာ မှင်တက်သွားရသော်လည်း ချက်ချင်းပင် ပြုံးလိုက်ပြီး "ရပါတယ်... အစ်မက ညီမကို ဂရုစိုက်ရမှာပဲလေ၊ ပြီးတော့ ညီမလည်း အရွယ်ရောက်နေပြီဆိုတော့ ညီမကိစ္စတွေကို အစ်မက အများကြီး ဝင်မစွက်ဖက်တော့ပါဘူး။ နောက်ဆို ညီမဘာသာ ဆုံးဖြတ်နိုင်ပါတယ်"

"အပြင်မှာ တစ်ခုခု အဆင်မပြေတာရှိရင် အိမ်မှာ ညီမကို အမြဲစောင့်နေတဲ့ အစ်မရှိတယ်ဆိုတာကို မမေ့နဲ့ဦး" ဟု နွေးထွေးစွာ ပြောလိုက်၏။

"အင်း..." ရွဲ့ယောင်၏ စစ်မှန်သော အပြုံးကို မြင်သောအခါ ရွဲ့ရှင်းမှာ ပို၍ပင် အားနာသွားရတော့သည်။

"အခြားသူတွေကိုလည်း မင်းရဲ့ ပြောင်းလဲမှု့တွေကို ပြလိုက်ပါဦး ရွဲ့ရှင်း" ဟု လီကျန့်ယီက ညီအစ်မနှစ်ဦး ကြည်နူးနေသော အခြေအနေကို အနည်းငယ် နောက်ပြောင်လိုက်သည်။ ဤနေရာသည် တီယန်ဝူတွမ် မဟုတ်ဘဲ ရွှေလမြို့တော် ဖြစ်သောကြောင့် အားလုံးနှင့် ရင်းနှီးသွားစေချင်သည်။

"ဟုတ်ကဲ့ပါ" ရွဲ့ရှင်းက လိမ္မာစွာ ခေါင်းငြိမ့်ပြ၏။ ရှေ့က လူသည် သူမကို ရွေးချယ်စရာမရှိအောင် ကျပ်ခဲ့သော လူမိုက်တစ်ယောက် ဖြစ်သည်ကိုပင် မေ့သွားပုံရသည်။

သူမသည် အစ်မဖြစ်သူ၏ ဘေးက ပိုင်လီတုန်းကျွင်းကို ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် "ခဲ... ခဲအို" ဟု ခေါ်လိုက်လေသည်။

"ခဲအို ဟုတ်လား"

"ဝိုး..."

"ဟား..."

"ခဲအို" ဟူသော စကားတစ်ခွန်းကြောင့် ပိုင်လီတုန်းကျွင်းမှာ ပျော်မြူးသွားရတော့သည်။ "ကောင်းတယ်... တကယ်ကို ကောင်းတယ်၊ သခင်လေးလီရဲ့ လူတွေကို ဆုံးမတဲ့ ပညာက တကယ်ကို ကြောက်စရာပဲ။ ရွဲ့ရှင်းကို ဒီလောက်မြန်မြန် ပြောင်းလဲသွားအောင် လုပ်နိုင်တယ်"

"ဒါဆိုလည်း ခယ်မလေးရေ... ခဲအိုတစ်ယောက်အနေနဲ့ မင်း အရင်က လုပ်ခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်ပေးလိုက်ပါပြီ" ဟု ပိုင်လီတုန်းကျွင်းက မျက်နှာကြီး ဝင်းပလျက် ပြောဆိုလေသည်။

"ကျေးဇူးတင်ပါတယ် ခဲအို" ရွဲ့ရှင်းက ပြုံးပြလိုက်၏။

"အင်း... နောက်တစ်ခါလောက် ထပ်ခေါ်ပါဦး" ပိုင်လီတုန်းကျွင်းက ထိုခေါ်သံကို သဘောကျကာ နားထောင်နေရှာသည်။

သို့သော် ရွဲ့ယောင်က သူ့ကို ဘေးသို့ တွန်းထုတ်ကာ "လက်တောင် မထပ်ရသေးဘူး၊ ဘာလို့ ဒီလောက် အရှက်မရှိနေရတာလဲ" ဟု မျက်စောင်းထိုးလိုက်သည်။

ထို့နောက် ရွဲ့ယောင်က ရွဲ့ရှင်းကို ဖုန်းချူးယွီတို့နှင့် မိတ်ဆက်ပေးလိုက်၏။ ရွဲ့ရှင်းသည် သူမ၏ စရိုက်ကို ပြောင်းလဲလိုက်ပြီးနောက် အားလုံး၏ အချစ်တော် ဖြစ်သွားလေတော့သည်။

"ရှင်းရှင်း... မြို့စား အိမ်တော်မှာ အခန်းတွေ အများကြီးရှိတယ်၊ ညီမကြိုက်တဲ့ အခန်းကို ရွေးလို့ရပါတယ်။ တကယ်လို့ တီယန်ဝူတွမ်ကို ပြန်ချင်တယ်ဆိုရင်လည်း အစ်မ မတားပါဘူး။ နှစ်သစ်ကူးကျရင်တော့ အစ်မ လာတွေ့မယ်လေ" ဟု ညီမဖြစ်သူကို ကြည့်ကာ ရွဲ့ယောင်က ကျေနပ်စွာ ဆိုသည်။

"ဟုတ်ကဲ့ပါ" ရွဲ့ရှင်းက ခေါင်းငြိမ့်လိုက်၏။ မဖြစ်နိုင်သော အရာများကို လက်လွှတ်လိုက်ပြီး အနည်းငယ် ပြောင်းလဲလိုက်သောအခါ ဘဝက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလာသည်ဟု သူမ ခံစားမိသည်။

သို့သော် နောင်တတစ်ခုတော့ ကျန်နေသေး၏။ တီယန်ဝူတွမ်က ပေချွဲကို ပြန်လည် ထူထောင်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် ကံကြမ္မာက သူတို့လက်ထဲတွင် မရှိပေ။ လီကျန့်ယီ မပေါ်လာခင်က မြောက်ပိုင်းလီကို ကမ္ဘာ့နံပါတ်တစ် လီချန်းရှန်က စောင့်ရှောက်ခဲ့ပြီး၊ သူထွက်သွားပြီးနောက်မှာလည်း ထူးချွန်သော လူငယ်များစွာ က ပေါ်ထွက်လာပြန်သည်။ တီယန်ဝူတွမ် အနေဖြင့် ပေချွဲကို ပြန်လည် ထူထောင်ရန်မှာ အလွန် ခက်ခဲလှပေသည်။

နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်ခဲ့ရသည်မှာ နှမြောစရာ ဖြစ်သော်လည်း ယခု ရရှိထားသော ဘဝသည် အကောင်းဆုံး ရလဒ်ပင် ဖြစ်ပေမည်။

"ဒါနဲ့ ရှင်းရှင်း... ညီမလည်း မငယ်တော့ဘူး၊ သဘောကျတဲ့သူ ရှိလား။ ရှိရင် အစ်မ စီစဉ်ပေးမယ်လေ၊ ဒါမှ ညီမကို နောင်ရေးမှာ စောင့်ရှောက်မယ့်သူ ရှိမှာ" ဟု ရွဲ့ယောင်က သူမကိုယ်တိုင်လည်း ပိုင်လီတုန်းကျွင်းနှင့် လက်ထပ်တော့မည် ဖြစ်ရာ ညီမအတွက် စဉ်းစားပေးလိုက်သည်။

"တကယ်တော့ ရှိတယ်... ဒါပေမဲ့ အစ်မက တကယ်ပဲ ကူညီပေးနိုင်မှာလား" ဟု ရွဲ့ရှင်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်း၏။

"ဘာလို့ မရရမှာလဲ။ ငါ့ညီမလေးက ဒီလောက်လှတာကို၊ အခုလို လိမ္မာသွားတဲ့ ပုံစံလေးကို ဘယ်သူက မချစ်ဘဲ နေမှာလဲ" ဟု ရွဲ့ယောင်က ပြုံးလျက် ဆိုသည်။

"ကဲ... ရှင်းရှင်း၊ ညီမက ဘယ်သခင်လေးကို သဘောကျနေတာလဲ ဆိုတာ အမြန်ပြောစမ်းပါဦး"

ရွဲ့ယောင်တင်မကဘဲ လီဟန်ယီ၊ ပိုင်လီတုန်းကျွင်းနှင့် ဖုန်းချူးယွီတို့ပါ ရွဲ့ရှင်း မည်သူ့ကို သဘောကျနေသနည်း ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

"ရှင်းရှင်း... သခင်လေးလီကို သဘောကျမိသွားပြီ"

ရွဲ့ရှင်းသည် လီကျန့်ယီကို နူးညံ့သော မျက်လုံးများဖြင့် လှည့်ကြည့်ကာ ပြောလိုက်လေသည်။

လီကျန့်ယီ : "..."

ရွဲ့ယောင် "...."

ပိုင်လီတုန်းကျွင်း " ...."

လီဟန်ယီ "....."

"ယီယီ... ငါ့နောက်ကို လိုက်ခဲ့၊ မင်းကို ပြောစရာရှိတယ်" လီဟန်ယီက မျက်မှောင်ကြုတ်လျက် လီကျန့်ယီ၏ လက်မောင်းကို ဆွဲကာ သူမ၏ အခန်းဆီသို့ အတင်းခေါ်ဆောင်သွားသည်။

ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့သည် လီကျန့်ယီ ခေါ်သွားခြင်း ခံရသည်ကို ကြည့်ကာ "သွားပြီ... ငါတို့တောင် ညီမလေး ဟန်ယီရဲ့ ဓားကို မယှဉ်နိုင်ဘူး။ သခင်လေးလီရဲ့ အသက်ကတော့ စိုးရိမ်ရပြီ ထင်တယ်..." ဟု မှတ်ချက်ပေးကြ၏။

ထိုအခါ ဖုန်းချူးယွီနှင့် ရွဲ့ယောင်တို့က ရွဲ့ရှင်းကို ကြည့်ကာ "ရှင်းရှင်း... မင်း ဘာလို့ သခင်လေးလီကိုမှ သဘောကျရတာလဲ။ သူနဲ့ ဟန်ယီက လက်ထပ်တော့မှာလေ" ဟု စိုးရိမ်တကြီး မေးကြပြန်သည်။

"ညီမ သိတာပေါ့၊ ဒါပေမဲ့ သူက ညီမကို အဲ့ဒီလောက် ရက်စက်ခဲ့တာလေ၊ ပေါင်လုံးလောက်ရှိတဲ့ သစ်ကိုင်းကြီးနဲ့ ညီမမျက်နှာကို ရိုက်ဖို့အထိ လုပ်ခဲ့တာကို"

"ဟွန့်... မိန်းကလေးဆိုတာ လက်စားချေတတ်တဲ့ အမျိုးအစားပဲလေ" ဟု ဆိုကာ ရွဲ့ရှင်းသည် လီကျန့်ယီ အခန်းထဲ ဆွဲခေါ်သွားခံရသည်ကို ကြည့်ပြီး အရင်က နူးညံ့သော အမူအရာမှ ပျော်ရွှင်သော အမူအရာသို့ ချက်ချင်း ပြောင်းလဲသွား၏။

ဖုန်းချူးယွီ "..."

ရွဲ့ယောင် "..."

ပိုင်လီတုန်းကျွင်း "..."

စစ်ကုန်းချန်ဖုန်း "..."

"အေးလေ... ငါတို့လည်း ထင်သားပဲ၊ ရွဲ့ရှင်းက သခင်လေးလီနဲ့ တွေ့တာ မကြာသေးဘဲ ဘယ်လိုလုပ် ချစ်သွားနိုင်မှာလဲလို့၊ အော် ..ဒါက လက်စားချေတာကိုး..."

အခန်း ၁၅၈ ဓားတစ်ချက်တည်းဖြင့် မျှော်စင်ကို ဖြိုချခြင်း

"ရွဲ့ရှင်း...ညီမက ဘာလို့ ဒီလောက်တောင် ဆိုးနေရတာလဲ၊ သခင်လေးလီက အစနောက်ခံမဲ့သူ မဟုတ်ဘူးနော်။ သူ ညီမကို ပြန်ပြီး ပညာပေးမှာကို သတိထားဦး"

ရွဲ့ယောင်သည် လီကျန့်ယီ၏ စရိုက်ကို ကောင်းစွာ သိထားပေသည်။ သူသည် တစ်ခါတစ်ရံတွင် အလွန်ကြင်နာတတ်သော်လည်း တစ်ခါတစ်ရံတွင်မူ လုံးဝ အကျိုးအကြောင်းမရှိ ခေါင်းမာတတ်သူ ဖြစ်၏။

"ဟွန်း... ဘာပဲဖြစ်ဖြစ် သူမှ မကြားတာ" ရွဲ့ရှင်းက လက်ခုပ်တီးလျက် လီဟန်ယီနှင့် လီကျန့်ယီတို့ ရှိရာ အခန်းနားသို့ တိုးကပ်သွားကာ ချောင်းနားထောင်ရန် ကြိုးစားလိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ရွဲ့ယောင်က ခေါင်းခါယမ်းလိုက်ပြီး သူမ၏ ဆိုးသွမ်းသော ညီမငယ်ကို ခေါ်ကာ လီကျန့်ယီအား တောင်းပန်ခိုင်းရန် ပြင်လိုက်တော့သည်။

အခန်းအတွင်း၌ လီဟန်ယီက မျက်လုံးကို မှေးကာ လီကျန့်ယီကို စူးစိုက်ကြည့်နေ၏။

"ယီယီ...ငါတို့က ရွဲ့ရှင်းကို ဆုံးမခိုင်းတာလေ၊ နင် ကို သဘောကျသွားအောင် လုပ်ခိုင်းတာ မဟုတ်ဘူး"

"ဟန်ယီ... ငါပြောတာ နားထောင်ပါဦး၊ ဒါက ငါဆုံးဖြတ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ" လီကျန့်ယီလည်း လုံးဝ ဝေခွဲမရ ဖြစ်နေရှာသည်။ ဘာကြောင့်များ သူတို့က သူ့ကို ရုတ်တရက် သဘောကျသွားရသနည်း။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မရှိပေ။

"တကယ်လား" လီဟန်ယီက မျက်မှောင်ကြုတ်ကာ လီကျန့်ယီအနားသို့ တိုးကပ်လျက် အသေအချာ စစ်ဆေးနေပြန်သည်။

ထို့နောက် သူမက "နင်ဘက်က ဘာစိတ်ကူးမှ မရှိသရွေ့တော့ တခြားလူတွေက နင်ကို သဘောကျတာကို ငါ နားလည်ပေးနိုင်ပါတယ်" ဟု ဆို၏။

"ဟန်ယီ စိတ်မပူပါနဲ့၊ ငါ့နှလုံးသားထဲမှာ မင်းက အမြဲတမ်း နံပါတ်တစ်ပါပဲ။ ဒါကြောင့်... အနမ်းလေးတစ်ခုလောက် ပေးမလား" လီကျန့်ယီသည် လီဟန်ယီ၏ နီမြန်းသော နှုတ်ခမ်းအစုံကို ကြည့်ကာ လည်ချောင်းများ ခြောက်ကပ်လာရသည်။ ထိုအရသာကို မြည်းစမ်းချင်နေသည်မှာ ကြာပြီ ဖြစ်၏။

သို့သော် ကံမကောင်းစွာဖြင့် လီဟန်ယီက ငြင်းဆန်လိုက်သည်။

"မရဘူး၊ နင်ရဲ့ ရွဲ့ရှင်းလေးကိုပဲ သွားပြီး ဖြေရှင်းလိုက်ဦး" လီဟန်ယီက လီကျန့်ယီကို မျက်စောင်းထိုးပြကာ အခန်းထဲမှ အမြန်ထွက်သွားလေတော့သည်။

သူမက ရွဲ့ရှင်းကို ကြောက်သည်မဟုတ်ဘဲ လီကျန့်ယီ၏ စိတ်ကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ရွဲ့ယောင်တို့ အဖွဲ့ကို ချက်ချင်း မြင်လိုက်ရ၏။

"အစ်မရွဲ့ယောင်... ဒါက ဘာဖြစ်နေကြတာလဲ" လီဟန်ယီက အတန်ငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဟန်ယီ... ဒါတွေအားလုံးက သခင်လေးလီကို မျက်စိကျနေတယ်လို့ ပြောတဲ့ ရွဲ့ရှင်းရဲ့ အမှားတွေပါ။ သူမက ကလဲ့စားချေချင်လို့ အဲ့ဒီလို ပြောလိုက်တာပါ၊ ဒါကြောင့် သူမကို တောင်းပန်ဖို့ ငါ ခေါ်လာတာ" ရွဲ့ယောင်က ရွဲ့ရှင်းကို အရှေ့သို့ တွန်းပို့လိုက်၏။

"စီနီယာဟန်ယီ... သခင်လေးလီက ကျွန်မအပေါ် ရိုက်ဖို့လုပ်ခဲ့တာကို ကလဲ့စားချေချင်ရုံတင်ပါ။ စီနီယာရဲ့ အနာဂတ်ခင်ပွန်းကို လုယူဖို့ စိတ်ကူးမရှိပါဘူး"

"ပြီးတော့ ကျွန်မတို့ တီယန်ဝူတွမ်က လူတွေက သန်မာတဲ့သူတွေကို သဘောကျကြပေမဲ့... ကျွန်မက စီနီယာ ဟန်ယီကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး" ဟု ရွဲ့ရှင်းက အတန်ငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်သည်။

လီဟန်ယီ"..."

"ဒါဆို ရွဲ့ရှင်း... နင်က တကယ်ပဲ ငါ့ရဲ့ ယီယီကို သဘောကျနေတာလား" လီဟန်ယီ၏ လှပသော မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ချိုးသွားရသည်။သူမ၏ ယီယီက အလွန်သန်မာသူဖြစ်သည်။

"သန်မာတဲ့သူကို ဘယ်သူက မသဘောကျဘဲ နေမှာလဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့ စီနီယာ... ကျွန်မ သန်မာတဲ့သူကို သဘောကျတယ်ဆိုပေမဲ့ အိမ်ထောင်ရှိတဲ့သူကိုတော့ လက်လျှော့မှာပါ" ရွဲ့ရှင်းက လီကျန့်ယီကို လုယူမည်မဟုတ်ကြောင်း လီဟန်ယီကို အာမခံလိုက်၏။

"အင်း... ရွဲ့ရှင်း၊ နင် အပြင်တွေကို များများ ထွက်လည်သင့်တယ်။ နောင်ကျရင် နင်သဘောကျတဲ့သူနဲ့ တွေ့မှာပါ" လီဟန်ယီက စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ စီနီယာဟန်ယီ" ရွဲ့ရှင်းက ပြုံးလျက် လီကျန့်ယီကို လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ကျွန်မကို ရိုက်ဖို့လုပ်ခဲ့တဲ့အတွက် ခံပေဦးတော့၊ ကျွန်မမျက်နှာကို ရိုက်ဖို့ ကြိုးစားခဲ့တဲ့အတွက် ထိုက်တာပဲ" ဟု ပြောနေသကဲ့သို့ပင်။

ထိုအမူအရာကို တုံ့ပြန်သည့်အနေဖြင့် လီကျန့်ယီက သူမနှင့် စကားများရန် ပျင်းနေသဖြင့် ပိုင်လီတုန်းကျွင်းကိုသာ ကြည့်ကာ "အစ်ကိုပိုင်လီ... ဘယ်လိုလဲ။ အစ်ကိုရဲ့ ခယ်မလေးကို ကျွန်တော်က လိမ္မာအောင် ပဲ့ပြင်ပေးခဲ့တာဆိုတော့ ဆုလာဘ်အနေနဲ့ အစ်ကိုရဲ့ အရက်ကောင်းတွေကို ငါ့ကို ပေးသင့်တယ် မဟုတ်လား" ဟု မေးလိုက်သည်။

"ဒါပေါ့။ ငါ့မှာ ခေါင်ရည်နဲ့ ဆောင်းဦးဖြူအရက်တွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် သခင်‌လေးလီ သောက်ချင်တယ်ဆိုရင် ငါ ပေးမှာပါ" ပိုင်လီတုန်းကျွင်းက ရက်ရက်ရောရော ဆိုလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့ကို 'ခဲအို ' လို့ ခေါ်ခံရကတည်းက သူကတော့ အထွတ်အအိပ် ရောက်နေပြီ ဖြစ်၏။

"ကောင်းပြီလေ အစ်ကိုပိုင်လီ... မင်းကိုယ်တိုင် ပြောတာနော်။ ဒါဆို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကျွန်တော်နဲ့ ဟန်ယီ မင်္ဂလာဆောင်တဲ့အခါ အစ်ကိုပိုင်လီကပဲ အရက်ကောင်းတွေကို တာဝန်ယူပေးရမယ်" လီကျန့်ယီက တွေးလိုက်သည်။ ဤနည်းဖြင့် သူနှင့် လီဟန်ယီ၏ မင်္ဂလာဆောင်‌ ဆောင်တဲ့သည်ရက်တွင် အရက်မှာ အဆင့်အတန်းတစ်ခု ရှိပေလိမ့်မည်။ ပိုင်လီတုန်းကျွင်း ကိုယ်တိုင်ချက်သည့် အရက်ကို လူတိုင်း မသောက်ဖူးကြပေ။

"ဒါပေါ့... ဟန်ယီက ငါ့ရဲ့ ဒုတိယဂျူနီယာညီမလေးပဲလေ။ ငါ မင်းအတွက် အရက်တွေ အလုံအလောက် ပြင်ဆင်ပေးမှာပါ၊ မဟုတ်ရင် ငါက ဘာလို့ အရှေ့ဘက် အရက်ဆိုင်ကို ဖွင့်ထားမှာလဲ" ဟု ပိုင်လီတုန်းကျွင်းက အာမခံလိုက်သည်။

"အလွန်ကောင်းတာပေါ့" လီကျန့်ယီက ပြုံးလျက် ခေါင်းညိတ်လိုက်၏။

"သွားကြစို့။ အရှေ့ပိုင်းစစ်ဆင်ရေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီ။ တို့တွေ အရက်သောက်ပြီး အောင်ပွဲခံကြရအောင်" ပိုင်လီတုန်းကျွင်းက လီကျန့်ယီ၏ ပုခုံးကို ဖက်ကာ ရဲရဲဝံ့ဝံ့ ပြောဆိုလိုက်လေသည်။

"ကောင်းပြီလေ" လီကျန့်ယီသည် ပိုင်လီတုန်းကျွင်းနောက်သို့ လိုက်ပါသွား၏။ ရွဲ့ယောင်နှင့် လီဟန်ယီတို့ ဘာလုပ်နေကြသည်ကိုမူ အမျိုးသားများအနေဖြင့် ဝင်ပါ၍မရသဖြင့် သူတို့ မသိကြပေ။

.....

တစ်ရက်ကြာပြီး‌နောက်။

ချင်းချန်တောင်။

ဝမ်ရိရှင်းသည် မာရ်နတ်ဂိုဏ်း၏ အရှေ့ပိုင်းစစ်ဆင်ရေး သတင်းများနှင့်အတူ ချင်းချန်တောင်သို့ ပြန်ရောက်လာပြီး ကျောက်ယုကျန်းနှင့် လုစုကျန်းတို့ကို အကြောင်းစုံ ပြန်လည် ပြောပြခဲ့သည်။

ကျွမ်းကျင်သူ ၁၀ ဦးကို လီဟန်ယီက အသာစီးဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကြားသိရသောအခါ လုစုကျန်းမှာ သိသိသာသာ စိတ်လှုပ်ရှားသွားရသည်။

"အဲ့ဒီနေ့က အနောက်ဘက်မှာ ပြိုင်ဘက်ကင်းတဲ့ နတ်ဓားရှင်တစ်ယောက် မွေးဖွားလာတယ်လို့ ငါ ခံစားခဲ့ရတာ မဆန်းပါဘူး။ အဲ့ဒီလူက တကယ်ပဲ လီဗိမာန်သခင်ရဲ့ မြေးမလေး လီဟန်ယီ ဖြစ်နေတာကိုး" လွန်ခဲ့သော နှစ်ပေါင်းများစွာက လီကျန့်ယီအတွက် လုစုကျန်း တွက်ချက်ပေးခဲ့သော ဗေဒင်မှာ နောက်ဆုံးတွင် လက်တွေ့ ဖြစ်လာတော့မည်ဖြစ်ရာ လုစုကျန်းမှာ ထိုအခိုက်အတန့်ကို ကြိုတင် မြင်တွေ့နေရသကဲ့သို့ ဖြစ်နေသည်။

"ရိရှင်း... လီဟန်ယီက အဲ့ဒီ ကျွမ်းကျင်သူ ၁၀ ယောက်ကို လှပတဲ့ ဓားကွက်တစ်ခုနဲ့ အနိုင်ယူခဲ့တာလား" လုစုကျန်းက ဝမ်ရိရှင်းကို စိတ်အားထက်သန်စွာ ကြည့်ကာ မေးလိုက်၏။

ဝမ်ရိရှင်းမှာ အံ့အားသင့်သွားပြီးနောက် "ဆရာရဲ့ အရှိန်အဝါကို ကြည့်နိုင်တဲ့ စွမ်းအားက တကယ်ကို ထူးခြားတာပဲ။ဟုတ်တယ် အဲ့ဒါက မိန်းကလေးလီ ကိုယ်တိုင် ထိုးထွင်းသိမြင်ခဲ့တဲ့ ဓားကွက်ပါ၊ အဲဒီဓားကွက်ကို'ပန်းပင်လယ်'' လို့ ခေါ်တယ်" ဟု မြှောက်ပင့် ပြောဆိုလိုက်သည်။

ဤဓားကွက်သည် တစ်မြို့လုံးရှိ ပန်းများကို ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းမှာ တကယ်ကို ခန့်ညားထည်ဝါပြီး လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ ဝမ်ရိရှင်းသည် လီဟန်ယီကို ဝန်းရံနေသော ပန်းများကို ပြန်လည် မြင်ယောင်လာပြီး ထိုနေ့ကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ဟု တွေးမိသည်။ အဘယ်ကြောင့်ဆိုသော် လီဟန်ယီ၏ ဓားမှာ သူမြင်ဖူးသမျှထဲတွင် အလှပဆုံး ဓားဖြစ်သောကြောင့် ဖြစ်၏။

"တစ်မြို့လုံးက ပန်းတွေကို ဆွဲဆောင်နိုင်တယ် ဟုတ်လား" ဝမ်ရိရှင်း၏ စကားကို ကြားသောအခါ လုစုကျန်းသည် အားရကျေနပ်စွာဖြင့် ထိုမြင်ကွင်းကို စိတ်ကူးကြည့်နေမိသည်။အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောအချိန်က သူ တွက်ချက်ပေးခဲ့သော ဗေဒင်မှာ မှန်ကန်သွားပြီ ဖြစ်သောကြောင့် ဖြစ်၏။

"အကြီးအကဲလီ... အခုဆိုရင် သခင်လေးလီ အမြဲတမ်း သဘောကျခဲ့တဲ့ ပိုက်ဆံဖြုန်းတီးတတ်တဲ့ မိန်းမက ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်လောက်ပြီ "

"သူမက တခြားသူမဟုတ်ဘဲ မင်းရဲ့ အဖိုးတန်မြေးမလေး လီဟန်ယီပဲ" လုစုကျန်းက ဓားနှလုံးဂူဗိမာန်ရှိရာ အရပ်သို့ ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဲဒီတုန်းက လူပြောများခဲ့တဲ့ ပိုက်ဆံဖြုန်းတဲ့ မိန်းမက တကယ်ပဲ မိန်းကလေးလီလား" ဝမ်ရိရှင်းသည် လီကျန့်ယီ၏ သစ္စာရှိသော ညီငယ်တစ်ဦးဖြစ်ရာ လီကျန့်ယီနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးပေသည်။

သို့သော် လလီကျန့်ယီအမြဲသဘောကျသော အမျိုးသမီးမှာ လီဟန်ယီ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

"ဆရာ... သခင်လေးလီက ဘယ်လိုလုပ် အနာဂတ်ကို ကြိုမြင်နေရတာလဲ။ ဒါဆို မိန်းကလေးလီက တကယ်ပဲ ပိုက်ဆံတွေ ဖြုန်းတီးတော့မယ်လို့ ဆိုလိုတာလား" ဝမ်ရိရှင်းမှာမူ လီဟန်ယီသည် ထိုသို့သော အမျိုးသမီးပုံစံ မဟုတ်ဟု ထင်နေမိသည်။

"ရိရှင်း... ငါ သခင်လေးလီရဲ့ ကံကြမ္မာကို တွက်ပေးတုန်းက ပြောခဲ့တာကို မေ့သွားပြီလား။ အနာဂတ်ရဲ့ အရိပ်အယောင်တစ်ခုကို ငါ မြင်ခဲ့ရတယ်။ အလွန်လှပတဲ့ ဓားအလင်းတစ်ခုက မြင့်မားတဲ့ အဆောက်အအုံတစ်ခုကို ဖြတ်သန်းသွားပြီး အဲ့ဒီအဆောက်အအုံက ပြိုကျသွားတာကို ငါ မြင်ခဲ့တယ်"

"အဲ့ဒီ အဆောက်အအုံနဲ့ ကြည့်မျှော်စင်က ဘယ်မှာ ရှိမယ်လို့ နင် ထင်သလဲ" လုစုကျန်းက ပြုံးလျက် မေးလိုက်၏။

ဝမ်ရိရှင်းသည် စဉ်းစားသော်လည်း အဖြေကို ရှာမတွေ့ပေ။ ဘေးတွင် ရပ်နေသော ကျောက်ယုကျန်းကမူ ရုတ်တရက် သတိပြုမိသွားကာ "ဆရာ... ဆရာ ပြောနေတာက ရွှေလမြို့တော်က ကြည့်မျှော်စင်ကို ပြောတာလား" ဟု မေးလိုက်သည်။

"မှန်တယ်။ ပြီးတော့ ရွှေလမြို့တော်မှာ မြို့တော်သခင် အသစ်ပြောင်းလဲမှု့တွေ ရှိလာတဲ့အခါ မိန်းကလေးလီက ဒုတိယမြို့တော်သခင် ဖြစ်လာလိမ့်မယ်။ ဒါဆို ရွှေလမြို့တော်က မိန်းကလေးလီရဲ့ ဒုတိယအိမ် ဖြစ်မလာဘူးလား"

ထို့နောက်တွင် ဖြစ်ပျက်မည့်အရာများကို ခန့်မှန်းရန် လွယ်ကူသွားပြီ ဖြစ်သည်၊ တစ်စုံတစ်ယောက်က မိန်းကလေးလီအား ဓားပညာ အစမ်းသပ်ခံလာမည်ဖြစ်ပြီး ထိုအခါ မိန်းကလေးလီက ဓားတစ်ချက်တည်းဖြင့် ကြည့်မျှော်စင်ကို ဖြိုချလိုက်ပေလိမ့်မည်။

"ကြည့်မျှော်စင်ကို တည်ဆောက်တဲ့ ကုန်ကျစရိတ်က အနည်းဆုံး ငွေစင် သိန်းချီ ရှိတယ်။ အကယ်၍ အုတ်မြစ် မပျက်စီးဘဲ ပြန်လည် ပြုပြင်မယ်ဆိုရင်တောင် ဓားတစ်ချက်တည်းနဲ့တင် ရွှေစင်ငွေစင် သောင်းနဲ့ချီပြီး ကုန်ကျသွားနိုင်တယ်" ဟု လုစုကျန်းက ပြုံးလျက် ဆိုလိုက်သည်။

"ဟူး..."

"ဝါး... ငါ့ရဲ့ အစ်ကိုလီက အစွမ်းထက်ရုံတင်မကဘဲ အနာဂတ်ကိုပါ ကြိုမြင်နိုင်တာလား"

တကယ်ပဲ၊ ငါနဲ့ သခင်လေးလီနဲ့ ဆုံဖို့ ကံပါလာတာပဲ။

"ငါလည်း သခင်လေးလီကို ငါ့ရဲ့ အိမ်ထောင်ရေး ကံကြမ္မာအကြောင်း မေးကြည့်ရမယ်" လီကျန့်ယီ၏ ထူးခြားမှု့ကို ကြားရသောအခါ ဝမ်ရိရှင်းမှာ လီကျန့်ယီ၏ ခြေသလုံးကို ဖက်ထားရန်ပင် အသင့်ဖြစ်နေ၏။

အခန်း ၁၅၉ ရွှေလ မြို့တော်သို့ ဓားဖြင့် စိန်ခေါ်ခြင်း

ဓားနှလုံးဂူဗိမာန်။

ချင်းချန်တောင်မှ လုစုကျန်းသည် မာရ်နတ်ဂိုဏ်း၏ အရှေ့ပိုင်းစစ်ချီမှု့သတင်းကို ရရှိသည့်အချိန်မှာပင်၊ ဓားနှလုံးဂူဗိမာန်မှ လီဆူးဝမ်နှင့် လီရှင်းယွဲ့တို့သည်လည်း ရှေ့တန်းမှ သတင်းစကားများကို လက်ခံရရှိခဲ့ကြလေသည်။

"ရှင်းယွဲ့ရေ... ငါတို့ရဲ့ ဟန်ယီကတော့ တကယ်ကို အောင်မြင်မှု့တွေ ရနေပြီဟေ့။ ရန်သူဆယ်ယောက်ကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်ခဲ့ရုံတင်မကဘူး၊ အရေးကြီးတဲ့အချိန်မှာပဲ 'ဆန်းကြယ်နတ်ခရီးအဆင့်' ကိုတောင် ချိုးဖျက်ရောက်ရှိသွားခဲ့ပြီတဲ့"

ပိုင်ရှောင်တန် တပည့်များ ပေးပို့လာသော သတင်းစာများကို ဖတ်ပြီးနောက် လီဆူးဝမ်သည် ဝမ်းသာအားရဖြင့် လီရှင်းယွဲ့အား ပြောပြနေတော့သည်။

"တကယ်လားအဖေ... ဟန်ယီက တကယ်ပဲ သမီးတို့ကို စိတ်မပျက်စေခဲ့ဘူးပဲ" ဟု လီရှင်းယွဲ့ကလည်း ဂုဏ်ယူစွာဖြင့် ဆို၏။သမီးဖြစ်သူ၏ ပါရမီသည် သူမနှင့် လဲ့မုန့်ရှားတို့ နှစ်ယောက်လုံးထက် သာလွန်နေပြီး လက်ရှိအစွမ်းမှာလည်း သူတို့နှစ်ဦးထက်ပင် မြင့်မားနေပြီ ဖြစ်သည်။

"ဒါပေါ့... ဟန်ယီက ဘယ်သူ့မြေးမလေးလဲဆိုတာ ကြည့်ဦးလေ" ဟု လီဆူးဝမ်က ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးပျော်လျက် ပြောဆိုနေပါတော့သည်။ လီရှင်းယွဲ့မှာလည်း သူမ၏ဖခင်ဖြစ်သူကို ကြည့်ကာ မျက်နှာလေးကို လက်ဖြင့်အုပ်လျက် ပြုံးနေမိ၏။

"ဒါနဲ့ အဖေ... မာရ်နတ်ဂိုဏ်းရဲ့ အရှေ့ပိုင်းစစ်ချီမှု့ကိစ္စကရော ပြေလည်သွားပြီလားဟင်" ဟု လီရှင်းယွဲ့က ထပ်မံမေးမြန်းပြန်သည်။

"ပြေလည်သွားတာပေါ့၊ ငါ့တပည့်နဲ့ ငါ့မြေးမလေးတို့ ပူးပေါင်းလိုက်ရင် ဘယ်ပြဿနာကများ မဖြေရှင်းနိုင်ဘဲ ရှိမှာလဲ" ဟု လီဆူးဝမ်က ဝင့်ကြွားစွာ ပြော၏။

"ဒါကတော့ ဟုတ်ပါတယ်၊ အဲ့ဒါက ဒဏ္ဍာရီလာ ဆန်းကြယ်နတ်ခရီးအဆင့်လေ။ သမီးသိရသလောက်ဆိုရင် ကျောင်းတော်က အကြီးအကဲလီ တစ်ယောက်ပဲ အဲ့ဒီအဆင့်ကို ရောက်ဖူးတာ" ဟု ဆိုကာ လီရှင်းယွဲ့သည် သူမ၏ သမက်လောင်းအတွက် ကျေနပ်နေမိပေသည်။

"အဖေ... ဟန်ယီတို့က ဘယ်တော့ပြန်လာမယ်လို့ ပြောလဲဟင်" လီရှင်းယွဲ့သည် သူတို့၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ချင်လှပြီ ဖြစ်၏။

"အင်း... အဲဒါတော့ သူတို့ ဘာမှမပြောဘူး၊ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၆ ရက်မတိုင်ခင်တော့ သေချာပေါက် ပြန်လာကြမှာပါ။ သူတို့ရဲ့ မင်္ဂလာရက်မြတ်ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလေ" ဟု လီဆူးဝမ်က ဆိုသည်။ သူတို့နှစ်ဦး၏ အစွမ်းနှင့်ဆိုလျှင် လောကအနှံ့ ဘေးကင်းစွာ သွားလာနိုင်သဖြင့် သူ စိတ်ပူခြင်း မရှိပေ။

ထို့နောက် လီရှင်းယွဲ့သည် ဖခင်ဖြစ်သူအနားသို့ တိုးကပ်ကာ စာထဲတွင် ရေးသားထားသည်များကို ဖတ်ကြည့်လိုက်၏။ ထိုစာထဲတွင် လီဟန်ယီက တီယန်ဝူတွမ်မှ အကြီးအကဲကို အနိုင်ယူခဲ့သည့်သတင်းသာမက သူမအသုံးပြုခဲ့သည့် ဓားကွက်အကြောင်းကိုလည်း ဖော်ပြထားပေသည်။

စာထဲတွင် ဓားကွက်ကို "လောကတွင် အလှပဆုံးသော ဓားကွက်။ ပန်းပေါင်းသောင်းခြောက်ထောင်က ဝန်းရံခစားလာသကဲ့သို့ အလှတရားတို့ စုဝေးရာ ဓားကွက်" ဟု တင်စားထားလေသည်။

"ဟန်ယီရဲ့ ဓားကွက်က တကယ်ကို လှပတာပဲဖြစ်ရမယ်၊ ပိုင်ရှောင်တန်ကလူတွေကတောင် ဒီလောက်အထိ ချီးကျူးထားတယ်ဆိုတော့" ဟု လီရှင်းယွဲ့က ဂုဏ်ယူစွာပြော၏။

"ပန်းပေါင်းသောင်းခြောက်ထောင်က ခစားလာတယ် ဟုတ်လား... ဒီစကားစုကို ငါ တစ်နေရာရာမှာ ကြားဖူးသလိုပဲ" ဟု လီဆူးဝမ်က မျက်မှောင်ကြုတ်ကာ စဉ်းစားနေတော့သည်။

"မဖြစ်နိုင်တာ၊ ဒါက ဟန်ယီ အရေးပေါ်အချိန်မှာ ကိုယ်တိုင်နားလည်သဘောပေါက်သွားတဲ့ ဓားကွက်လေ။ အဖေက ဘယ်မှာကြားဖူးတာလဲ" ဟု လီရှင်းယွဲ့က နားမလည်စွာ မေးလိုက်သည်။

လီဆူးဝမ်သည် အတိတ်ကို ပြန်လည်စဉ်းစားကြည့်ရာ လီကျန့်ယီကို ချင်းချန်တောင်သို့ ခေါ်သွားပြီး လုစုကျန်းအား ကံကြမ္မာဟောခိုင်းခဲ့သည့် မြင်ကွင်းကို သတိရသွားလေသည်။

"ငါနားလည်ပြီ။ ဒါက ချင်းချန်တောင်ရဲ့ ဂိုဏ်းချုပ် လုစုကျန်း ပြောခဲ့တာပဲ။ သူက 'ပန်းပေါင်းသောင်းခြောက်ထောင် ပွင့်လန်းလာတဲ့အခါ မင်း အရာအားလုံးကို နားလည်သွားလိမ့်မယ်' လို့ ပြောခဲ့တာ" ဟု လီဆူးဝမ်က လက်ခုပ်တီးကာ ဆိုလိုက်၏။

"အဖေ... အဖေက ဘာကို နားလည်သွားတာလဲ၊ ချင်းချန်တောင်မှာ ဘာတွေလုပ်ခဲ့လို့လဲ" ဟု လီရှင်းယွဲ့က စိတ်ဝင်တစား မေးသည်။

"ရှင်းယွဲ့... အဲ့ဒီတုန်းက မင်းအဖေက ယီယီတစ်ယောက် သုံးဖြုန်းတတ်တဲ့ မိန်းမနဲ့ တွေ့မှာစိုးလို့ ဆရာလုကို ဗေဒင်မေးခဲ့တာ။ ဒါပေမဲ့ ဆရာလုက ယီယီက တကယ်ပဲ သုံးဖြုန်းတတ်တဲ့ မိန်းမကို ကြိုက်လိမ့်မယ်လို့ ဟောခဲ့တယ်လေ"

"အဲ့ဒီတုန်းက မင်းအဖေမှာ ရင်တုန်လိုက်ရတာ။ ဒါကြောင့် ဓားနှလုံးဂူဗိမာန်ကို ပြန်ရောက်တာနဲ့ ယီယီရဲ့ မိန်းမအတွက် ပိုက်ဆံတွေစုဖို့ ဓားအပ်ထည်တွေကို အပတ်တကုတ် လက်ခံလုပ်ခဲ့ရတာပေါ့" ဟု လီဆူးဝမ်က ထိုစဉ်က အခြေအနေကို ပြန်လည် ရှင်းပြသည်။

"ဒါဆိုရင် ဂိုဏ်းချုပ်လုက ယီယီက သုံးဖြုန်းတတ်တဲ့ မိန်းမကို ကြိုက်မယ်လို့ ဆိုလိုတာပေါ့"

"ဒါပေမဲ့ အခု ယီယီက သမီးရဲ့ ဟန်ယီနဲ့ လက်ထပ်တော့မှာလေ" လီရှင်းယွဲ့မှာ ဇဝေဇဝါ ဖြစ်သွားရသည်။

"ဟုတ်တယ်၊ အဲ့ဒါက မဟုတ်သေးဘူး။ ဆရာလုရဲ့ ဟောကိန်းတွေက များသောအားဖြင့် မှန်တတ်တာ။ ဒါဆို ဟန်ယီက အဲ့ဒီသုံးဖြုန်းတတ်တဲ့ မိန်းမလား" လီဆူးဝမ်က လီရှင်းယွဲ့ကို မျက်လုံးအပြူးသားဖြင့် ကြည့်ကာ မေးလိုက်၏။

"မဖြစ်နိုင်တာ။ အဖေ... ဟန်ယီရဲ့ စရိုက်ကို အဖေလည်း သိတာပဲ၊ သူက ဘယ်လိုလုပ်ပြီး သုံးဖြုန်းတတ်တဲ့သူ ဖြစ်မှာလဲ" ဟု လီရှင်းယွဲ့က ချက်ချင်းပင် ပြန်ငြင်းလိုက်သည်။

"စာထဲမှာ ပါတဲ့ 'ပန်းပေါင်းသောင်းခြောက်ထောင် ခစားခြင်း' ဆိုတာက ဟန်ယီရဲ့ ဓားကွက်ကို ပြောတာလေ။ ပြီးတော့ ဂိုဏ်းချုပ်လုက အဲ့ဒီအချိန်ရောက်ရင် အဖေ အရာအားလုံးကို နားလည်လိမ့်မယ်လို့ ပြောခဲ့တာ"

ဒီသဘောအရဆိုလျှင် ဟန်ယီသည် ထိုသုံးဖြုန်းတတ်သော အမျိုးသမီးပင် ဖြစ်ရပေမည်။

"သူက ငါတို့ဟန်ယီကို အမြဲတမ်း ကြိုက်နေခဲ့တာ တကယ်ပဲလား" လီဆူးဝမ်သည် တွေးလေလေ ဟုတ်နိုင်လေလေဟု ခံစားနေရသော်လည်း ဟန်ယီ၏ အသုံးအဖြုန်းကြီးမှု့က ဘာလဲဆိုသည်ကိုမူ သူတို့ နှစ်ဦးစလုံး နားမလည်နိုင်ကြသေးပေ။

.....

ရွှေလမြို့တော်။

လီဆူးဝမ်တို့ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ရွှေလမြို့တော်သည် လီဟန်ယီကြောင့် တစ်ညအတွင်း နာမည်ကြီးသွားခဲ့လေသည်။ ယခုအခါ ရွှေလမြို့တော်ကို ကျင့်ကြံသူ‌လောက လူတိုင်း သိရှိသွားကြပြီ ဖြစ်၏။

ထိုနေ့က ချန်တုန်းမြို့တွင် မာရ်နတ်ဂိုဏ်းဝင်များကို ကြားဖြတ်တားဆီးခဲ့ကြသည့် ကျင့်ကြံသူများပင် ရွှေလမြို့တော်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ သူတို့ထဲတွင် ပိုင်လီတုန်းကျွင်း၏ ဦးလေး ဝမ်ဟူကျူး သာမက ဝူဆောင်မြို့ ၏ မြို့တော်သခင် ဖြစ်လာမည့် ဆုန့်ယန့်ဟွေးလည်း ပါဝင်လေသည်။

"ရွှေလမြို့တော်ရဲ့ နာမည်ကို ကြားဖူးတာ ကြာပြီ၊ ဒါပေမဲ့ ငါတို့ ဝူဆောင်မြို့က မြို့ရဲ့ တည်နေရာကို မသိခဲ့ဘူး။ အခု ငါ ဆုန့်ယန့်ဟွေး ရောက်လာပြီဆိုမှတော့ ရွှေလမြို့တော်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကြည့်ရသေးတာပေါ့" ဟု ဆုန့်ယန့်ဟွေးသည် ကောင်းကင်တက်လှေကား မျှော်စင်ကို စိတ်အားထက်သန်စွာကြည့်ပြီးပြောလိုက်၏။

ဝမ်ဟူကျူးကလည်း အခြားသူများကို ကြည့်ကာ "ဒီရှေ့က ခန့်ညားထည်ဝါတဲ့ မျှော်စင်က'ကောင်းကင်တက် လှေကားမျှော်စင်'ပဲ၊ အထပ်ပေါင်း ၁၆ထပ်ရှိတယ်၊ ၁၅ထပ်ကို ကျော်ဖြတ်နိုင်တဲ့သူကပဲ ရွှေလမြို့တော်ထဲကို ဝင်ခွင့်ရှိတာ"ဟု ရှင်းပြလိုက်၏။

"ဒါဆို ငါတို့ စမ်းကြည့်ကြသေးတာပေါ့"

ကျင့်ကြံသူ အများအပြားသည် ရွှေလမြို့တော်၏ အစွမ်းကို စမ်းသပ်လိုကြသော်လည်း ကံမကောင်းစွာဖြင့် အများစုမှာ ၁၅ ထပ်မြောက်အထိပင် မရောက်နိုင်ကြပေ။ ၁၅ ထပ်မြောက်တွင် 'ကောင်းကင်ဖြတ်သန်းခြင်းအဆင့်' ရှိသော အကြီးအကဲများက စောင့်ကြပ်နေသောကြောင့် အနည်းငယ်သော သူများသာ ကျော်ဖြတ်နိုင်ကြလေသည်။

ထိုအထဲတွင် ဆုန့်ယန့်ဟွေး၊ ရင်လော့ရှားနှင့် အခြား အနည်းငယ်သောသူများသာ ဖြတ်ကျော်နိုင်၏။ ဝမ်ဟူကျူးမှာမူ ယခင်ကတည်းက ကျော်ဖြတ်ဖူးပြီးသားဖြစ်၍ ထပ်မံစမ်းသပ်ရန် မလိုတော့ပေ။

"ငါ ဆုန့်ယန့်ဟွေးက ၁၅ ထပ်မြောက်ကို ကျော်ဖြတ်ပြီးပြီ။ ၁၆ ထပ်မြောက်ကိုရော စိန်ခေါ်လို့ရသေးလား" ဟု သူက ရှုံးနိမ့်သွားသော အကြီးအကဲကို ကြည့်ကာ မေးလိုက်သည်။

"ရတာပေါ့။ ၁၅ ထပ်မြောက်ကို ကျော်ဖြတ်နိုင်တဲ့ ဧည့်သည်တွေက ရွှေလမြို့တော်ရဲ့ မြို့တော်သခင် သုံးဦးထဲက ကြိုက်တဲ့တစ်ယောက်ကို စိန်ခေါ်ခွင့်ရှိတယ်" ဟု အကြီးအကဲက ပြန်‌ဖြေ၏။

"အော်... ငါက ဓားသမားဆိုတော့ မြို့တော်သခင် သုံးယောက်ထဲမှာ ဒုတိယမြို့တော်သခင်မလီပဲ ဓားသုံးတာ မဟုတ်လား"

"ဒါဆိုရင် ငါ ဆုန့်ယန့်ဟွေးက ရွှေလမြို့တော်ရဲ့ ဒုတိယမြို့တော်သခင်မကို စိန်ခေါ်တယ်" ဟု သူက အမည်တပ်ပြီး စိန်ခေါ်လိုက်သည်။

"ကောင်းပြီ" အကြီးအကဲသည် ရွှေလမြို့တော် တပည့်တစ်ဦးကို လီဟန်ယီအား သွားရောက်အကြောင်းကြားရန် ခိုင်းစေလိုက်တော့သည်။

ထိုအချိန်တွင် လီဟန်ယီသည် ဖုန်းချူးယွီထံတွင် စောင်းပညာသင်ယူနေသည်။ ဖုန်းချူးယွီ၏ စောင်းပညာမှာ နိုင်ငံ့အဆင့် ဆရာတစ်ဆူ ဖြစ်သောကြောင့် လီဟန်ယီအတွက် သင်ယူရန် အသင့်တော်ဆုံးသူ ဖြစ်၏။သို့သော်လည်း... လီဟန်ယီ၏ စောင်းတီးစွမ်းရည်မှာ စိတ်ပျက်စရာ ကောင်းလှပေသည်။

"ဒုတိယစီနီယာ. စောင်းတီးတာက ကြိုးစားအားထုတ်မှု့ လိုအပ်ပါတယ်။ ချက်ချင်းကြီးတော့ တတ်မှာမဟုတ်ဘူး၊ ဒါကြောင့် နောက်ပိုင်း ပိုပြီးကြိုးစားရင် ညီမလေးရဲ့ အဆင့်ကို ရောက်လာမှာပါ" ဟု ဖုန်းချူးယွီက အားပေးစကား ဆိုလိုက်သည်။ လီဟန်ယီမှာ စောင်းတီးရာတွင် လုံးဝပါရမီမရှိသည်ကို သိသော်လည်း ဖုန်းချူးယွီက သူမအား အားတက်စေရန် ပြောနေခြင်း ဖြစ်၏။

လီဟန်ယီမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ သူမသည် ဖုန်းချူးယွီအား ဒုက္ခပေးနေမိသကဲ့သို့ ခံစားနေရစဉ်မှာပင်။

"ဒုတိယမြို့တော်သခင်... ဝူဆောင်မြို့က ဆုန့်ယန့်ဟွေးက ကောင်းကင်တက်လှေကားရဲ့၁၅ ထပ်ကို ကျော်ဖြတ်ပြီးပါပြီ။ သူက ဒုတိယမြို့တော်သခင်ကို စိန်ခေါ်ချင်တယ်လို့ ပြောနေပါတယ်" ဟု တပည့်ဖြစ်သူ ရောက်ရှိလာပြီး သတင်းပို့လေသည်။

ထိုစကားကို ကြားသောအခါ လီဟန်ယီသည် မျက်ခုံးလေး ပင့်သွားပြီး သူမ၏ အရှက်ကို ကယ်တင်နိုင်သည့် အခွင့်အရေးအဖြစ် "ညီမလေးဖုန်း... တစ်ယောက်ယောက်က ငါ့ကို စိန်ခေါ်နေတယ်ဆိုတော့ ငါ သွားလိုက်ဦးမယ်နော်" ဟု ဆိုကာ ချက်ချင်းပင် ထွက်ခွာသွားပါတော့သည်။

"ဟုတ်ကဲ့ပါ" ဖုန်းချူးယွီက ပြုံးလျက် ခေါင်းပြန်ညိတ်ပြသည်။

အခန်း ၁၆၀ ဖုန်စားပြီး အနောက်မြောက်လေကို ရှုရတော့မည်

တုန်းကွေ့ အရက်ဆိုင်။

ဤအရက်ဆိုင်က ကောင်းကင်တက်လှေကား‌မျှော်စင်နှင့် မဝေးလှသော နေရာတွင် တည်ရှိပေသည်။ ဝူဆောင်မြို့မှ ဆုန့်ယန့်ဟွေးသည် ကြည့်မျှော်စင်တွင် လီဟန်ယီအား အမည်တပ်ကာ စိန်ခေါ်လိုက်သည့်အသံကို လီကျန့်ယီ၊ ပိုင်လီတုန်းကျွင်းနှင့် အခြားသူများလည်း ကြားလိုက်ရသည်။

"ပိုင်လီလေး... မင်းက တစ်ချိန်လုံး ဒီမှာပုန်းပြီး အရက်သောက်နေတာလား"

ဝမ်ဟူကျူးသည် ကြည့်မျှော်စင်ကို ဝင်ရောက်စိန်ခေါ်ခြင်း မပြုခဲ့ပေ။ သူသည် မြို့တော်သခင်၏ ဦးလေးဖြစ်ရာ ဘာကြောင့်များ ကြည့်မျှော်စင်ကို စိန်ခေါ်နေပါဦးမည်နည်း။ သူသည် ပိုင်လီတုန်းကျွင်းကို တွေ့ရန် ရွှေလမြို့တော်ထဲသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့ခြင်းဖြစ်၏။

"ဦးလေး..." ပိုင်လီတုန်းကျွင်းက အနည်းငယ် အနေရခက်စွာဖြင့် ခေါ်လိုက်သည်။ မိမိကိုယ်ကို အရွယ်ရောက်နေပြီဟု ခံစားနေရသော်လည်း ဦးလေးဖြစ်သူရှေ့တွင် ကလေးတစ်ယောက်လို ဖြစ်နေသေးသည်။

"အင်း... ငါ့ကို တစ်ခွက်လောက် ငှဲ့ပေးပါဦး" ဟု ဆိုကာ ဝမ်ဟူကျူးက ထိုင်ခုံတွင် ဝင်ထိုင်လေသည်။

သူသည် လီကျန့်ယီကို ခဏမျှ အသေအချာ အကဲခတ်ပြီးနောက် ဆို၏။

"အရင်တုန်းက ထျန်ချီမြို့ လဲ့အိမ်တော်မှာ သခင်လေးလီနဲ့ မာရ်နတ်ဂိုဏ်းက သမီးတော်တို့ တိတ်တဆိတ် တွေ့နေတာကို ငါမြင်ခဲ့တယ်။ သခင်လေးလီနဲ့ မာရ်နတ်ဂိုဏ်း သမီးတော်ကြားမှာ တစ်ခုခုများ ရှိနေသလားလို့တောင် ငါတွေးနေမိတာ"

"မာရ်နတ်ဂိုဏ်းရဲ့ အမွေဆက်ခံသူလား... ငါ့ရဲ့ အာယောင် ကို ပြောတာလား" ပိုင်လီတုန်းကျွင်းသည် အရက်ငှဲ့နေသော လက်များ တုံ့ခနဲ ရပ်သွားရပေသည်။

"ဟုတ်တယ်၊ အဲ့ဒီတုန်းက အစ်မရွဲ့ယောင်နဲ့ တွေ့ခဲ့တာပါ။ သူက ချင်ဝမ်မင်းသားကို ကူညီပြီး ကျွန်တော်ကို လုပ်ကြံခဲ့တာလေ"

ကံကောင်းထောက်မစွာဖြင့် သူမသည် လက်တွေ့ဆန်သူဖြစ်၍သာ တော်၏။ သို့မဟုတ်ပါက ချင်ဝမ်မင်းသား၏ လမ်းစဉ်အတိုင်း လိုက်သွားရပေလိမ့်မည်ဟု လီကျန့်ယီက ရွဲ့ယောင်နှင့် သိကျွမ်းခဲ့ပုံကို ရှင်းပြလိုက်၏။

ပိုင်လီတုန်းကျွင်းမှာ ဆွံ့အသွားရ၏။ "တော်သေးတာပေါ့... ငါ့ရဲ့ ယောင်ယောင်က တကယ်ကို အသိတရားရှိတာ၊ မဟုတ်ရင်တော့ တကယ်ကို ခေါင်းခဲစရာပဲ" ဟု ဆိုကာ ပိုင်လီတုန်းကျွင်းက လီကျန့်ယီကို အားနာသလို ကြည့်လိုက်သည်။ လီကျန့်ယီနှင့် ရွဲ့ယောင်တို့သည် လုပ်ကြံမှုတစ်ခုကြောင့် ဆုံတွေ့ခဲ့ကြလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

"အင်း..." လီကျန့်ယီက ပိုင်လီတုန်းကျွင်းကို အဓိပ္ပာယ်ပါသော အပြုံးဖြင့် ကြည့်နေ၏။

ပိုင်လီတုန်းကျွင်းသည် ရွဲ့ယောင်ကိုယ်စား အလျင်အမြန် တောင်းပန်လိုက်ကာ "လာပါ... လာပါ... ညီလေးလီ၊ ငါ့ရဲ့ 'ထာဝရဆောင်းဦး' အရက်ကို မြည်းကြည့်ပါဦး၊ ဒါက အိုးတစ်လုံးထဲမှာ ဆယ်နှစ်ကြာ သိမ်းဆည်းထားတဲ့ ထူးခြားတဲ့အရက်ပဲ။ ဒါကို အာယောင်ကိုယ်စား တောင်းပန်တာလို့ မှတ်ယူပေးပါ" ဟု ပြောလေသည်။

"အတိတ်ကကိစ္စတွေ အတိတ်မှာပဲ ထားလိုက်ပါတော့" ဟု လီကျန့်ယီက ပြုံးလျက် ပြောကာ အရက်ကို တစ်ငုံတည်းဖြင့် မော့ သောက်လိုက်သည်။သူက ထိုကိစ္စအတွက် အငြိုးမထားခဲ့ပေ။

"ကောင်းတယ်... အတိတ်ကကိစ္စ အတိတ်မှာထားမယ်ဆိုတာ တကယ်ကို ကောင်းမွန်တဲ့ စကားပဲ" ဝမ်ဟူကျူး၊ စစ်ကုန်းချန်ဖုန်းနှင့် ပိုင်လီတုန်းကျွင်းတို့ကလည်း တစ်ပြိုင်နက်တည်း မော့ချလိုက်ကြတော့၏။

ထို့နောက်တွင်မူ အားလုံးက မျှော်စင်၏ အပေါ်ဆုံးထပ်ဆီသို့ လှမ်းကြည့်ကြသည်။

"ပိုင်လီလေး၊ သခင်လေးလီ၊ သခင်လေးစစ်ကုန်း... မင်းတို့အထင်တော့ ဆုန့်ယန့်ဟွေးက သခင်မလေးဟန်ယီကို ယှဉ်နိုင်ပါ့မလား" ဟု ဝမ်ဟူကျူးက မေးလိုက်၏။

"ဟန်ယီက မာရ်နတ်ဂိုဏ်းရဲ့ အရှေ့ပိုင်းစစ်ချီမှု့တုန်းက လူဆယ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ခဲ့တာဆိုတော့ သူ့အစွမ်းက သံသယဖြစ်စရာ မလိုပါဘူး။ ပြီးတော့ သူမက ဆန်းကြယ်နတ်ခရီးအဆင့်ကို ရောက်ရှိသွားပြီးဆိုတော့ ဆုန့်ယန့်ဟွေးက ဟန်ယီကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး" ဟု လီကျန့်ယီက အကဲဖြတ်လိုက်သည်။ သူသည် သူ၏ ဟန်ယီအစွမ်းကို ယုံကြည်မှု အပြည့်ရှိပေသည်။

"သခင်လေးလီ ပြောတာ မှန်တယ်" ဟု ပိုင်လီတုန်းကျွင်းကလည်း ထောက်ခံလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဆုန့်ယန့်ဟွေး၏ အဆင့်မှာ နတ်ဓားရှင်အဆင့်နှင့် အလှမ်းဝေးကွာနေသေးပြီး အလွန်ဆုံးရှိမှ ဖုယောင်အဆင့်သာ ရှိသောကြောင့် ဖြစ်သည်။

သူတို့နှစ်ဦးမှာ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပါပေ။

"အားလုံးက အဲ့ဒီလို ထင်ကြတာလား... ဒါဆိုရင် ငါလည်း ဝူဆောင်မြို့က ဆုန့်ယန့်ဟွေးက မိန်းကလေးလီကို မယှဉ်နိုင်ဘူးလို့ပဲ ထင်တယ်" ဟု ဝမ်ဟူကျူးက ကျယ်လောင်စွာ ရရယ်မောပြီစ မျှော်စင် အပေါ်ဆုံးထပ်သို့ စိတ်ဝင်စားစွာမော့ကြည့်နေသည်။ လီဟန်ယီသည် ဆုန့်ယန့်ဟွေး၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ငါ့ကို စိန်ခေါ်ချင်တဲ့သူက မင်းလား"

လီဟန်ယီသည် ရေခဲမြစ်ဓားကို ကိုင်ဆောင်ထားပြိး ဓားသွားမှ တောက်ပသော ရေခဲပွင့်များက ဓားကိုယ်ထည်ကို ဖုံးလွှမ်းထားသည်။

"ငါက ဝူဆောင်မြို့က ဆုန့်ယန့်ဟွေးပါ။ မာရ်နတ်ဂိုဏ်း အရှေ့ပိုင်းစစ်ချီတုန်းက ရွှေလမြို့တော်ရဲ့ နတ်ဓားရှင် သခင်မလီရဲ့ အစွမ်းထက်တဲ့ ဓားကွက်ကို တွေ့ခဲ့ဖူးပါတယ်၊ ဒါကြောင့် အဲ့ဒီဓားချက်ကို စမ်းသပ်ကြည့်ချင်ပါတယ်" ဆုန့်ယန့်ဟွေးသည် မိမိက မယှဉ်နိုင်မှန်း သိသော်လည်း သူနှင့် လီဟန်ယီကြား မည်မျှ ကွာခြားသည်ကို သိလိုစိတ် ပြင်းပြနေမိသည်။

"ကောင်းပြီ... ဒါပေမဲ့ ဒီစမ်းသပ်မှု့အပြီးမှာ အကြီးအကဲဆုန့် ဒဏ်ရာအပြင်းအထန် ရသွားမှာကိုတော့ ငါစိုးရိမ်မိတယ်" လီဟန်ယီသည် ကလဲ့စားချေတတ်သူ ဖြစ်၏။ ငယ်စဉ်က လီကျန့်ယီနှင့်အတူ ချင်းကျိူးသို့ သွားစဉ်က ဝူဆောင်မြို့၏ နှောင့်ယှက်မှု့ကို ခံခဲ့ရသည်ကို သူမ အမှတ်ရနေဆဲ ဖြစ်သည်။

"ဓားနဲ့တိုက်ခိုက်တဲ့နေရာမှာ အနာတရဆိုတာ ရှိစမြဲပါ" ဟု ဆုန့်ယန့်ဟွေးက မကြောက်မရွံ့ ပေ။ လီဟန်ယီက သူကို လူပုံအလယ်တွင် သတ်ရဲလိမ့်မည်ဟု သူက မယုံကြည်ပေ။

"ကောင်းပြီလေ... အနာတရ ရှိစမြဲပေါ့" လီဟန်ယီက မျက်လုံးလေးများ ကျဉ်းမြောင်းကာ ဆိုလိုက်သည်။

"အဝေးက လာရတာဆိုတော့ အကြီးအကဲဆုန့်... အရင်တိုက်ခိုက်ပါ"

"ဒါဆိုရင် ငါ အားနာမနေတော့ဘူး"

ဆုန့်ယန့်ဟွေးသည် သူ၏ဓားကို ဝှေ့ယမ်းကာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော အရှိန်ဖြင့် လီဟန်ယီကို ခုတ်ပိုင်းလိုက်၏။ လီဟန်ယီသည်လည်း ရေခဲမြစ်ဓားကို ဝှေ့ယမ်းလျက် ပြန်လည် တုံ့ပြန်လိုက်ရာ သူတို့နှစ်ဦး၏ အခြေခံဓားသိုင်းများမှာ အဆင့်တူနေသကဲ့သို့ ရှိနေသည်။

သူတို့နှစ်ဦးစလုံး အခြေခံကို ပိုင်နိုင်စွာ လေ့ကျင့်ထားသူများဖြစ်ကြ၏။ သို့သော် လီဟန်ယီက မည်သူ့တပည့်နည်း။ လောကတွင် နံပါတ်တစ်ဖြစ်သော လီချန်းရှန်၏ တပည့် ဖြစ်သည်။

ထို့ကြောင့် အစပိုင်းတွင် ညီမျှနေသကဲ့သို့ ထင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆုန့်ယန့်ဟွေး၏ အသက်ရှူသံများ မမှန်မကန် ဖြစ်လာရသည်။ အခြားတစ်ဖက်တွင်မူ ငယ်စဉ်ကတည်းက လီကျန့်ယီ၏ ဓားဝှေ့ယမ်းမှု့ကို ကြည့်ခဲ့ရသော လီဟန်ယီသည် အကောင်းဆုံး အခြေအနေကို ထိန်းထားနိုင်ပြီး လီကျန့်ယီကဲ့သို့ပင် ခိုင်မာသော အခြေခံဓားကွက်များကို အသုံးပြုနေနိုင်သည်။

ရန်သူက အားကုန်ချိန်တွင် မိမိက အားအပြည့်ရှိနေသော အခြေအနေမျိုး၌ လီဟန်ယီ၏ ဓားချက်တစ်ချက်က ဆုန့်ယန့်ဟွေး၏ လက်ထဲမှ ဓားကိုပင် လွင့်စင်သွားစေလုနီးပါး ဖြစ်သွား‌စေ၏။

"မိန်းကလေးလီရဲ့ အခြေခံဓားသိုင်းက တကယ်ကို ခိုင်မာတာပဲ" ဆုန့်ယန့်ဟွေးက အခြေခံဓားကွက်တွင် သူမကို မယှဉ်နိုင်ကြောင်း ဝန်ခံလိုက်ရသည်။

"ငါ့မှာ ဓားတစ်လက်ရှိတယ်... အဲ့ဒါက တောင်တန်းတွေနဲ့ မြစ်ပေါင်းသောင်းခြောက်ထောင်ကို ဖြတ်ကျော်နိုင်တယ်"

ဆုန့်ယန့်ဟွေးသည် သူ၏ အစွမ်းရှိသမျှကို စုစည်းကာ အကောင်းဆုံးဓားကွက်ကို ထုတ်ဖော်လိုက်၏။ "ဓားတစ်ချက်က ရေပြင်ကိုဖြတ်တောက်တယ်၊ မြစ်တစ်ထောင် စီးဆင်းမှု့ ရပ်တန့်စေရမယ်"

"ငါ့မှာလည်း ဓားတစ်လက်ရှိတယ် 'ပန်းပင်လယ်' ကို ဖန်းတီးနိုင်တယ်” လီဟန်ယီသည်လည်း စိုးရိမ်ခြင်းမရှိဘဲ သူမ၏ ဓားကွက်ကို ထုတ်ဖော်သည်။

ဆုန့်ယန့်ဟွေး၏ ပတ်ပတ်လည်တွင် မြစ်ရေများ ဝန်းရံနေစဉ် လီဟန်ယီသည် မြို့တစ်မြို့လုံးရှိ ပန်းများကို ဆွဲဆောင်လိုက်ရာ တကယ်ပန်းပင်လယ်ကြီးအလား ဖြစ်သွားရ၏။ ၎င်းသည် ချင်းချန်တောင်တွင် ပွင့်ခဲ့သော ခေါင်ရမ်းပန်းတစ်ပွင့်တည်း မဟုတ်တော့ဘဲ ပန်းပေါင်းသောင်းခြောက်ထောင်က ခစားလာသည့် မြင်ကွင်းဖြစ်ပေသည်။

လှပသော ပန်းရောင်စုံတို့သည် လီဟန်ယီ၏ ပုံရိပ်ကို ဝန်းရံကာ လှပသော ပန်းပင်လယ်ကြီးကို ဖန်တီးလိုက်၏။ ထို့နောက် အလှပဆုံးသော ဓားချက်သည် ဆုန့်ယန့်ဟွေး၏ ဓားကွက်ကို တိုက်ရိုက်ပင် ဖျက်ဆီးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြစ်ရေများအားလုံး အစအနမကျန် ပျောက်ကွယ်သွား၏။ မျှော်စင်သည်လည်း နတ်ဓားရှင်၏ ဓားချက်ကို မခံနိုင်ဘဲ နှစ်ခြမ်းကွဲသွားရလေသည်။လေထဲတွင် လွင့်ပျံနေသော ပန်းပွင့်များသာ ကျန်ရှိတော့၏။ ကြည့်ရှုနေသူအားလုံးမှာ ထိုလှပလှသော မြင်ကွင်းကြောင့် ဆွံ့အကာ အံ့ဩတုန်လှုပ်နေကြသည်။

"ဒါ... ဒါက ရွှေလမြို့တော်ရဲ့ ဒုတိယမြို့တော်သခင်၊ နတ်ဓားရှင် လီဟန်ယီလား"

တကယ့်ကို လှပလှသော ဓားချက်ပဲ။ ကြည့်ရှုနေသူများသည် စိတ်လှုပ်ရှားစွာဖြင့် လီဟန်ယီ၏ အမည်ကို အော်ဟစ်နေကြတော့၏။

ပန်းပွင့်များ ကြွေကျလာချိန်တွင် ဆုန့်ယန့်ဟွေးသည် ဒဏ်ရာအပြင်းအထန်ဖြင့် မြေပြင်ပေါ်သို့ လဲကျနေသည်။ သူသည် လည်ချောင်းထဲမှ တက်လာသော သွေးများကို အတင်းပြန်မျိုချကာ မျက်နှာဖြူဖျော့စွာဖြင့် "ငါ... နတ်ဓားရှင်ကို မယှဉ်နိုင်ဘူးပဲ" ဟု ဆိုလေသည်။

ထို့နောက် ဆုန့်ယန့်ဟွေးသည် နောက်သို့ပင် လှည့်မကြည့်ဘဲ မြို့ပြင်သို့ ထွက်ခွာသွားတော့သည်။ လမ်းတွင် သွေးအန်လိုက်ပါက ဝူဆောင်မြို့၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ကို သူ စိုးရိမ်နေမိသည်။ ရှုံးနိမ့်ခြင်းကို လက်ခံနိုင်သော်လည်း သွေးအန်သည်အထိ ရှုံးနိမ့်ခြင်းကိုမူ သူ လက်မခံနိုင်ပေ။

ဆုန့်ယန့်ဟွေး အရှက်တကွဲ ထွက်ခွာသွားပြီးနောက် လီဟန်ယီသည် မြို့သူမြို့သားများ၏ ချစ်ခင်လေးစားမှု့ကို မြင်တွေ့ရသဖြင့် ဝမ်းသာအားရ ပြုံးပြကာ လက်ဝှေ့ယမ်းပြလိုက်၏။

သို့သော်လည်း သူမ လက်ဝှေ့ယမ်းလိုက်သည့် အချိန်မှာပင် နှစ်ခြမ်းကွဲနေသော မျှော်စင်ကြီးသည် ဟန်ချက်ပျက်ကာ ဘေးနှစ်ဖက်သို့ ပြိုကျလာပါတော့သည်။ လီဟန်ယီ၏ ဓားချက်က မြန်လွန်းလှသဖြင့် မျှော်စင်ကြီးမှာ ယခုမှသာ ပြိုကျလာခြင်း ဖြစ်ပေသည်။

လီဟန်ယီသည် ထိတ်လန့်သွားကာ မျှော်စင်ပေါ်ရှိ အနီရောင်ကြိုးများကို အသုံးပြုပြီး ပြိုကျတော့မည့် အစိတ်အပိုင်းများကို အတင်းဆွဲထိန်းလိုက်ရ၏။ သို့မှသာ အောက်တွင်ရှိသော လူများကို မပိမိစေရန် တားဆီးနိုင်မည် ဖြစ်ပေသည်။

သို့သော်လည်း ကြည့်မျှော်စင်ကြီးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ လီဟန်ယီသည် တုန်းကွေ့အရက်ဆိုင်မှ လီကျန့်ယီကို အပြစ်လုပ်ထားသော မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ အကူအညီမဲ့စွာ လှမ်းကြည့်လေသည်။

လီကျန့်ယီကတော့ ထိုအခြေအနေကို ကြိုတင်ခန့်မှန်းထားသည့်အလား ပြုံးနေသည်။ လီကျန့်ယီ၏ အပြုံးနှင့် ဆန့်ကျင်ဘက်မှာမူ စစ်ကုန်းချန်ဖုန်း ဖြစ်၏။

"ကောင်းကြသေးရဲ့လား... ကောင်းကြသေးရဲ့လား"

"ငါတို့ရဲ့ ဆရာနဲ့ ဆရာကတော် သွားတာ ရက်ပိုင်းပဲ ရှိသေးတယ် ဖရိုဖရဲဖြစ်‌ နေပြီ”

ဆရာနှင့် ဆရာကတော်တို့ ခရီးသွားစဉ်က ငွေကြေးအမြောက်အမြား ယူဆောင်သွားခဲ့သဖြင့် မြို့တော်တွင် ကျန်ရှိသောငွေမှာ တစ်လစာ အသုံးစရိတ်အတွက်သာ လုံလောက်သည်။ ယခုတော့ မျှော်စင်ကို ပြန်လည်ပြင်ဆင်ရဦးမည် ဖြစ်ရာ မြို့တော်တစ်ခုလုံး၏ အသုံးစရိတ်ကို လျှော့ချရတော့မည် ဖြစ်၏။

စစ်ကုန်းချန်ဖုန်းသည် ခေါင်းခဲစွာဖြင့် လီဟန်ယီကို ကြည့်ကာ "ဒုတိယအစ်မ ဒီဓားတစ်ချက်ကြောင့် ကျွန်တော်တို့ ရွှေလမြို့တော်တစ်ခုလုံး တစ်လလုံး ဖုန်စားပြီး အနောက်မြောက်လေကိုပဲရှုရတော့မယ်ဆိုတာ အစ်မ သိရဲ့လား" ဟု ညည်းတွားပါတော့သည်။

All Chapters