အခန်း (၁၆၁-၁၆၅)
Vol. 17 Ch. 161-165
အခန်း ၁၆၁ သမိုင်းတစ်လျှောက် အဖြုန်းတီးဆုံး မြို့တော်သခင်
အနီရောင်ကြိုးဖြင့် အသက်ဆက်ထားရသကဲ့သို့ ဖြစ်နေသော ကောင်းကင်တက်လှေကားမျှော်စင်ကို ကြည့်ရင်း စစ်ကုန်းချန်ဖုန်း၏ မျက်နှာတွင် စိတ်ပျက်မှု့နှင့် နှမြောတသဖြစ်မှု့များနှင့် ပြည့်နှက်နေတော့သည်။
"တတိယ... တတိယမောင်လေး၊ ငါ တမင်လုပ်တာ မဟုတ်ပါဘူး..."
လီဟန်ယီသည် အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားပြီး အနီရောင်ကြိုးကို မြဲမြံအောင် ချည်နှောင်လိုက်သည်။ ထို့နောက် ရွှေလမြို့တော်၏ ဆုံးရှုံးမှု့များအတွက် မည်သို့ ပြန်ပေးရမည်ကို မသိသဖြင့် ခေါင်းငုံ့ကာ မျှော်စင်ပေါ်မှ အလျင်အမြန် ခုန်ဆင်းလာသည်။
"အို... ဒုတိယအစ်မရေ၊ ကျွန်တော်တို့ရဲ့ နေ့ရက်တွေ ဘယ်လောက်တောင် ခက်ခဲတော့မယ်ဆိုတာ အစ်မသိရဲ့လား"
"ပထမဆုံးအနေနဲ့ အစ်ကိုကြီးရဲ့ အရက်ချက်ဖို့ ပိုက်ဆံတွေလည်း မရှိတော့ဘူး"
"ဒုတိယအနေနဲ့ ရွှေလမြို့တော်က တပည့်တွေရဲ့ လစဉ်ထောက်ပံ့ကြေးကိုလည်း ထက်ဝက် လျှော့ရတော့မယ်"
"ကျွန်တော်ရဲ့ သမီးလေး စစ်ကုန်းချန်းလျော့တောင် မုန့်ဝယ်စားနိုင်မှာ မဟုတ်တော့ဘူး" စစ်ကုန်းချန်ဖုန်းသည် စာရင်းတွက်ကြည့်ရင်း လီဟန်ယီကို ခေါင်းခဲစွာဖြင့် ကြည့်နေမိသည်။
နောက်ဆုံးတွင် သူက "ဒုတိယအစ်မကြီး... အစ်မကတော့ တကယ်ကို ရွှေလမြို့တော်ရဲ့ သမိုင်းတစ်လျှောက်မှာ အဖြုန်းတီးဆုံး မြို့တော်သခင်ပဲ" ဟု နိဂုံးချုပ်လိုက်ပါတော့သည်။
"ငါက... သမိုင်းမှာ အဖြုန်းတီးဆုံး မြို့တော်သခင် ဟုတ်လား" လီဟန်ယီသည် မူလက အပြစ်မကင်းသလို ခံစားနေရပြီး မြို့တော်၏ ဘဏ္ဍာရေးကို တာဝန်ယူရသည့် တတိယမောင်လေး စစ်ကုန်းချန်ဖုန်းကို မည်သို့ မျက်နှာချင်းဆိုင်ရမည်ကို မသိဖြစ်နေသော်လည်း စစ်ကုန်းချန်ဖုန်း၏ နောက်ဆုံးစကားကို ကြားလိုက်ရချိန်တွင် ရုတ်တရက် ကြောင်အသွားသည်။
ထို့နောက်တွင် သူမ၏ လှပသော မျက်ဝန်းများသည် တစ်ချိန်လုံး မတ်တပ်ရပ်နေသော လီကျန့်ယီထံသို့ အလိုလို လှည့်သွားပြီး "ယီယီ…ယီယီ ဒါမျိုး ဖြစ်လာမယ်ဆိုတာ အစကတည်းက ကြိုသိနေတာ မဟုတ်လား" ဟု မေးလိုက်သည်။
"မင်း ဘယ်လို ထင်သလဲ" လီကျန့်ယီ၏ ခန့်ညားသော မျက်နှာထက်တွင် အတည်ပြုခြင်းလည်း မဟုတ်၊ ငြင်းဆိုခြင်းလည်း မဟုတ်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆို... ယီယီ၊ မင်း ငယ်ငယ်ကတည်းက ပြောပြောနေတဲ့ ဖြုန်းတီးတတ်တဲ့ မိန်းကလေးဆိုတာ တကယ်တော့ ငါ့ကို ပြောတာပေါ့လေ" လီဟန်ယီသည် အနည်းငယ် နီမြန်းနေသော မျက်ဝန်းများဖြင့် လီကျန့်ယီကို စိုက်ကြည့်နေမိ၏။
"ခန့်မှန်းကြည့်လေ" လီကျန့်ယီက အေးဆေးသော အပြုံးကို ဆက်လက် ထိန်းထားသည်။
"ဘာကြီးလဲ... နင် ငါ့ကို ကြိုက်နေတာ သိသာနေတာပဲ၊ ဒါကို ငယ်ငယ်တုန်းကကျတော့ ငါ့ကို ဂရုမစိုက်ဟန် ဆောင်နေခဲ့တာလား"
"နင်နဲ့ ဆော့ချင်ရင် ငါက အရသာရှိတဲ့ အစားအစာတွေနဲ့တောင် လာလာချော့ခဲ့ရတာ"
"ယီယီ... နင်က တကယ်ကို လူဆိုးပဲ" လီဟန်ယီသည် လက်သီးကို တင်းတင်းဆုပ်၊ မျက်ဝန်းလေးများ နီမြန်းလျက် လီကျန့်ယီထံသို့ ပြေးဝင်သွားပါတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အလှနတ်သမီးလေးသည် သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားသည်။ထို့နောက်တွင် "ဘုန်း ဘုန်း ဘုန်း" ဟူသော အသံများ ထွက်ပေါ်လာပြီး လီကျန့်ယီ၏ ကျောပြင်ကို ထုရိုက်နေ၏။
သို့သော် လီကျန့်ယီသည် လုံးဝ ပြန်လည် ခုခံခြင်း မရှိပေ။ သူသည် ရင်ခွင်ထဲရှိ အလှလေးကိုသာ ကျေနပ်အားရစွာ ပွေ့ဖက်ထားရင်း "ငါ မင်းကို မပြောခဲ့ဘူးလား" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
"လူအုပ်ကြီးထဲမှာ သူမကို အကြိမ်ပေါင်း ထောင်ချီ ရှာဖွေခဲ့ပြီးမှ... ရုတ်တရက် လှည့်ကြည့်လိုက်တဲ့အခါ မီးရောင်မှိန်မှိန်အောက်မှာ သူမကို တွေ့လိုက်ရတယ် ဆိုတာလေ"
"ဟုတ်တယ်၊ ကျွန်မ ငယ်ငယ်တုန်းက အဖိုးက ကျွန်မတို့ကို အပြင်ခေါ်သွားပြီး ပစ္စည်းလေးတွေ ဝယ်ပေးတုန်းက အဖိုးရဲ့ ရင်ခွင်ထဲမှာနေပြီး ယီယီက အဲ့ဒီကဗျာကို ရွတ်နေတာကို ကျွန်မ ကြားခဲ့တာ" လီဟန်ယီသည် လီကျန့်ယီ၏ တိုးတိုးရေရွတ်သံကို ကြားပြီးနောက် နီမြန်းနေသော မျက်ဝန်းလေးများကို ပင့်ကာ လီကျန့်ယီကို ကြည့်လိုက်သည်။
"ဟုတ်တယ် မဟုတ်လား၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ငါ မင်းကို အမှန်အတိုင်း ပြောပြခဲ့တာပဲ၊ မင်းကသာ မယုံခဲ့တာ" လီကျန့်ယီက ပြုံးလျက် လီဟန်ယီ၏ မျက်ဝန်းထောင့်မှ မျက်ရည်စများကို သုတ်ပေးလိုက်၏။
"ဟွန်း၊ အဲ့ဒါ နင် ငါ့ကို ပြောတာလား၊ နင်က ရင်လော့ရှားကို ပြောတာ သိသာပါတယ်၊ အဲ့ဒီတုန်းက သူမက မေးခွန်းမေးလို့ မင်း ဖြေလိုက်တာလေ" လီဟန်ယီက မကျေမနပ်ဖြင့် လီကျန့်ယီကို ထပ်မံ ထုရိုက်လိုက်ပြန်သည်။
"သူမက မေးပေမယ့် ငါက 'မင်းပါ' လို့ ဖြေခဲ့တာပဲလေ" လီကျန့်ယီက ပြုံးလျက် လီဟန်ယီ၏ နီမြန်းနေသော ပါးပြင်လေးကို မြတ်နိုးစွာပင် အုပ်ကိုင်လိုက်၏။
"ဟွန်း.. အဲ့ဒါ ငါပဲ ဖြစ်ခဲ့လို့ နင် ကိုခွင့်လွှတ်လိုက်မယ်"
လီဟန်ယီသည် သူမ၏ လှပသော မျက်ဝန်းလေးများကို မှေးစင်းကာ ကြောက်စရာကောင်းဟန် ဆောင်နေသော်လည်း အမှန်တကယ်တွင်မူ လုံးဝ ရက်စက်ပုံ မပေါက်ပေ။
လီကျန့်ယီသည် ထိုပုံစံကို မြင်သောအခါ အလွန်ချစ်စရာကောင်းသည်ဟု ခံစားရသဖြင့် သူမ၏ နူးညံ့ချောမွေ့သော ပါးပြင်လေးကို ထပ်ခါတလဲလဲ ဖျစ်ညှစ်နေမိသည် ။
"ကံကောင်းလို့ ငါက မင်းကို ချစ်နေခဲ့တာဟန်ယီ၊ မဟုတ်ရင်တော့ မင်း ငါ့ကို ဒုက္ခပေးတော့မှာပဲ"
"စကားအပြောကောင်းတဲ့ လူဆိုး"လီဟန်ယီသည် သူမ၏ ပါးကို ဆွဲနေသော လီကျန့်ယီ၏ လက်ကို ရွံရှာဟန်ဖြင့် ပုတ်ထုတ်လိုက်သည်။
ထို့နောက်တွင် သူမသည် ရုတ်တရက် လီကျန့်ယီ အလိုရှိနေသည့် အရာကို ပေးလိုက်ပါတော့သည်။သူမသည် စတင် ဦးဆောင်လိုက်ပြီး လီကျန့်ယီ၏ အနည်းငယ် ကွေးညွတ်နေသော နှုတ်ခမ်းပါးလေးကို သူမ၏ နွေးထွေးသော နှုတ်ခမ်းနီနီလေးဖြင့် နမ်းလိုက်၏။
လီကျန့်ယီသည် ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် အငိုက်မိသွားသည်။သို့သော် နှုတ်ခမ်းထက်မှ နွေးထွေးမှု့ကို ခံစားလိုက်ရချိန်တွင် ထူးခြားသော အချိုဓာတ်ကို ခံစားလိုက်ရပြီး လီဟန်ယီကို တင်းတင်းကျပ်ကျပ် ပြန်လည် ပွေ့ဖက်ကာ ထိုမမျှော်လင့်ထားသော အနမ်းကို ခံစားနေမိတော့သည်။ စိတ်လှုပ်ရှားမှု့များ ပြင်းထန်နေသဖြင့် သူတို့နှစ်ဦးသည် အချိန်ကိုပင် မေ့လျော့ကာ အတော်ကြာအောင် နမ်းနေခဲ့ကြသည်။
ဘေးတွင် ရပ်ကြည့်နေသော ပိုင်လီတုန်းကျွင်း၊ စစ်ကုန်းချန်ဖုန်းနှင့် ကျန်သောသူများမှာမူ လုံးဝ ကြောင်အသွားကြတော့သည်။
ခုနတင် ရွှေလမြို့တော်ကြီး ဖုန်စားပြီး လေကိုရှုရတော့မယ့်အကြောင်း ပြောနေကြတာလေ။
လီဟန်ယီနဲ့ လီကျန့်ယီ... မင်းတို့နှစ်ယောက်က ငါတို့ရှေ့တင် ဗြောင်ကျကျ အချိုတွေ ကျွေးနေကြတာလား။
ပြီးတော့ အကြာကြီး နမ်းနေတဲ့ မြင်ကွင်းကိုပါ ငါတို့ကို အတင်း ကြည့်ခိုင်းနေတာလား။
"အဟမ်း... အဟမ်း"
အနမ်းခန်းကို အတော်ကြာအောင် ကြည့်ပြီးနောက် စစ်ကုန်းချန်ဖုန်းနှင့် ကျန်သောသူများမှာ ဆက်ကြည့်ရန် မတတ်နိုင်တော့သဖြင့် နှာခေါင်းသံကြီးဖြင့် အသံကျယ်ကျယ် နှစ်ချက် ချောင်းဟန့်လိုက်ကြသည်။
ထိုအသံကို ကြားမှပင် လီဟန်ယီနှင့် လီကျန့်ယီတို့သည် တစ်ဦးကိုတစ်ဦး လွှတ်လိုက်ကြသည်။
လီကျန့်ယီမှာမူ အားမရသေးသည့် ပုံစံမျိုး ဖြစ်နေပြီး လီဟန်ယီ၏ လှပသော မျက်နှာလေးမှာမူ နံနက်ခင်း နေမင်းကြီးကဲ့သို့ နီမြန်းနေတော့သည်။ သူမသည် ပိုင်လီတုန်းကျွင်းနှင့် ကျန်သူများကို မကြည့်ရဲတော့ဘဲ လီကျန့်ယီ၏ နောက်ကွယ်တွင် ပုန်းကာ သူ့ကို ဖက်ထားလိုက်သည်။
"ကျွတ် ကျွတ်... ဒုတိယအစ်မကြီးက ခုနတုန်းကတော့ ကိုယ်တိုင် စနမ်းပြီး အခုကျမှ ဘာလို့ ပုန်းနေတာလဲ" စစ်ကုန်းချန်ဖုန်းသည် ဒုတိယအစ်မကြီး လီဟန်ယီ ရှက်နေသည်ကို ခဲခဲယဉ်းယဉ်း တွေ့ရသဖြင့် မစနောက်ဘဲ မနေနိုင်ဖြစ်သွားသည်။
"တတိယလေး.. စကားကို ဆင်ခြင်ပြောတာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် ငါ့ရဲ့ ယီယီကို မင်းနဲ့ သုံးရက်သုံးညတိုင်တိုင် လက်ရည်စမ်းခိုင်းလိုက်မယ်" လီကျန့်ယီ၏ နောက်ကွယ်တွင် ပုန်းနေသော လီဟန်ယီသည် စစ်ကုန်းချန်ဖုန်းတို့က လီကျန့်ယီထံသို့ လာပြီး အနာဂတ်ကို မည်သို့ ကြိုသိနေသနည်းဟု မေးကြလိမ့်မည်ဟု ထင်ထားသော်လည်း သူမ၏ တတိယ မောင်လေးက သူမကို စနောက်ဝံ့သည်ဟု မထင်ထားသဖြင့် တင်းမာစွာခြိမ်းခြောက်လိုက်သည်။
"သခင်လေးလီနဲ့ လက်ရည်စမ်းရမယ် ဟုတ်လား၊ မလုပ်ပါနဲ့... မလုပ်ပါနဲ့" စစ်ကုန်းချန်ဖုန်းသည် လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ငြင်းဆိုသည်။
"ဟွန်း... မင်းက ဒုတိယအစ်မကိုတောင် စနောက်ဝံ့တယ်ဆိုတော့၊ ပြန်ရောက်ရင် ညီမဖုန်းနဲ့ မင်းကို ဆုံးမခိုင်းလိုက်မယ်" လီဟန်ယီသည် ယခုအခါ နောက်ခံကောင်း ရထားသဖြင့် သူမ၏ တတိယ မောင်လေး စစ်ကုန်းချန်ဖုန်းကို လုံးဝ မကြောက်တော့ပေ။
"မလုပ်ပါနဲ့ ဒုတိယအစ်မကြီး... ကျွန်တော် မှားသွားပါပြီ" စစ်ကုန်းချန်ဖုန်းသည် အလျင်အမြန် အမှားဝန်ခံလိုက်သည်။
"ဟေး... တတိယညီလေး အလျှော့မပေးနဲ့လေ၊ အခု ကောင်းကင်တက်လှေကားမျှော်စင်ကို ဖျက်ဆီးလိုက်တာ ဒုတိယညီမပဲ၊ ငါတို့က ဘေးကနေ ထိခိုက်ရတဲ့သူတွေ"
"ဒါကြောင့် အမှားက ဒုတိယညီမမှာ ရှိတာ၊ တတိယညီလေး... မင်းက ဘာလို့ အမှားလုပ်ထားတဲ့သူလိုမျိုး ဒုတိယညီမကို အရင်တောင်းပန်နေရတာလဲ" ပိုင်လီတုန်းကျွင်းက အခြေအနေကို ပိုပြီး သက်ဝင်လှုပ်ရှားစေချင်သောကြောင့် တရားမျှတသည့်ပုံစံဖြင့် ပြောသလိုမျိုး ကြားဖြတ်ပြီးဝင်ပြောသည်။
"ဟုတ်သားပဲ၊ ဒုတိယအစ်မ.. အခု လောလောဆယ်က ဒီလထဲမှာ ရွှေလမြို့တော်တစ်ခုလုံး ဖုန်စားပြီး လေရှုရတော့မဲ့အကြောင်း ပြောနေတာလေ" စစ်ကုန်းချန်ဖုန်းသည် သတိပြန်ဝင်လာပြီး လီဟန်ယီကို ခေါင်းခဲစွာ ကြည့်လိုက်သည်။
"ငါ့မှာ... ငါ့မှာ ငွေပြား အနည်းငယ်ပဲ ရှိတယ်၊ အဲ့ဒါထက် ပိုမရှိဘူး..." လီဟန်ယီက လီကျန့်ယီ၏ အင်္ကျီကို ဆွဲရင်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငွေပြား အနည်းငယ် ဟုတ်လား၊ အဲ့ဒါက အစ်ကိုကြီးအတွက် အရက်ချက်ဖို့ ပစ္စည်းဝယ်တာတောင် မလောက်ဘူး" စစ်ကုန်းချန်ဖုန်းသည် သူ၏ အစ်ကိုကြီးကို စိတ်ပျက်စွာ စိုက်ကြည့်လိုက်၏။
မြို့တော်ရဲ့ ဘဏ္ဍာစိုးအလုပ်က ဘာလို့ စစ်ကုန်းချန်ဖုန်း လက်ထဲ ရောက်လာရတာလဲ။
သူ စစ်ကုန်းချန်ဖုန်းက အငယ်ဆုံးနဲ့ အားအနည်းဆုံးမို့လို့လား။
ဒါက တကယ့်ကို မတရားတာပဲ။
ငါ စစ်ကုန်းချန်ဖုန်း... ဒီဘဏ္ဍာစိုးအလုပ်ကို မလုပ်ချင်တော့ဘူး။
"ကောင်းပြီလေ ဒုတိယအစ်မ ၊ အစ်မပဲ ရွှေလမြို့တော်ကို စီမံခန့်ခွဲကြည့်မလား၊ ဘဏ္ဍာစိုးဖြစ်ရတာ ဘယ်လိုလဲဆိုတာ အစ်မ ကိုယ်တိုင် ခံစားကြည့်လိုက်ပါလား" စစ်ကုန်းချန်ဖုန်းသည်လည်း အလုပ်ကနေ လက်ရှောင်ချင်နေသည်။
"ငါ... ငါက စာရင်းအင်း မတတ်ဘူး... ပိုက်ဆံတွေ အကုန်သုံးပစ်မိရင် ငါတို့အားလုံး ငတ်ကုန်ကြလိမ့်မယ်..." လီဟန်ယီသည် သူမ အမှားလုပ်ထားသည်ကို သိသဖြင့် စစ်ကုန်းချန်ဖုန်းကို အစ်မကြီးလေသံဖြင့် မပြောဝံ့တော့ပေ။
"ဟူး...ကောင်းပါပြီလေ၊ ဘဝကတော့ ခက်ခဲရင်တောင် ဆက်လျှောက်ရမှာပဲ" သူ၏ ဒုတိယအစ်မ အမှားကို သိသွားသည်ကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းက "ဒုတိယအစ်မ၊ နောက်တစ်ခါဆိုရင် သတိထားပေးပါဦး၊ မျှော်စင်ကို ထပ်ပြီး မဖျက်ဆီးနဲ့တော့နော်" ဟု မှာကြားလိုက်သည်။
"ကောင်းကင်တက်လှေကားမျှော်စင်က ငါတို့ ရွှေလမြို့တော်ရဲ့ အမှတ်အသားဖြစ်တဲ့ နေရာတစ်ခုပဲ၊ ဒါပေမဲ့ အစ်မက ဓားတစ်ချက်နဲ့ ဖျက်ဆီပစ်လိုက်တယ်"
"အင်း... နောက်တစ်ခါ မဖြစ်စေရဘူးလို့ ငါ ကတိပေးပါတယ်" လီဟန်ယီသည် အလျင်အမြန် အာမခံလိုက်ပါသည်။
အခန်း ၁၆၂ အလိုလိုက်ရုံပါပဲ
"ရှေးလူကြီးတွေ ပြောသလိုပဲ အမှားကိုသိပြီး ပြင်ဆင်တာက အလွန်အရေးကြီးပါတယ်၊ ဒုတိယအစ်မရဲ့ အခုလို အာမခံချက်ကြောင့်ပဲ ကျွန်တော် စစ်ကုန်းချန်ဖုန်းလည်း နောက်ဆုံးတော့ စိတ်အေးသွားပြီ"
သူ၏ ဒုတိယအစ်မကြီးသည် စိတ်ရင်းမှန်ဖြင့် အမှားဝန်ခံသည်ကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းသည် သူမကို ဆက်လက် အပြစ်မတင်လိုတော့ပေ။
"ကောင်းပြီ၊ ဒီနေ့ကစပြီး တတိယမောင်လေး တစ်ခုခုလိုအပ်တာရှိရင် ဒုတိယအစ်မကိုပြောနော် အစ်မက ကူညီပြီး ကာကွယ်ပေးမယ်" ဟု လီဟန်ယီက ယုံကြည်မှု့အပြည့်ဖြင့် ကတိပေးလိုက်သည်။
"ကောင်းပါပြီ"
စစ်ကုန်းချန်ဖုန်းက ပြုံးလျက် ခေါင်းညိတ်လိုက်၏။ထို့နောက်တွင် သူတို့တစ်အုပ်စုလုံး တုန်းကွေ့အရက်ဆိုင်တွင် ပြန်လည် ထိုင်လိုက်ကြသည်။ စစ်ကုန်းချန်ဖုန်းသည် အရက်ကို သောက်လိုက်ပြီးနောက် သူ၏ စိုးရိမ်ပူပန်မှု့များ အားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားရ၏။
ယခုအခါ သူတို့ အဆင်ပြေသွားပါပြီဖြစ်သဖြင့် အနည်းငယ် ခြိုးခြံချွေတာပြီး နေထိုင်ရုံသာ ပြန်လည်အဆင်ပြေသွားလိမ့်မည်။
သို့သော် ပိုင်လီတုန်းကျွင်းကမူ စိတ်မသက်မသာပုံစံဖြင့် "ဒီလထဲမှာ အရက်မချက်ရတော့ဘူးဆိုတော့ ဘဝက နည်းနည်းတော့ ပျင်းစရာကောင်းသွားပြီ" ဟု ဆိုသည်။
"စိတ်မပူပါနဲ့ အစ်ကိုကြီးပိုင်လီ၊ အစ်ကိုက ဒီအရက်ကို ဆက်ပြီး ချက်နေရဦးမှာပါ၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျွန်တော်နဲ့ ဟန်ယီ မင်္ဂလာဆောင်ရမယ့်နေ့ဆိုတော့ အရက်ချက်တဲ့ အလုပ်ကို လုပ်ရမှာပဲလေ" ဟု စိတ်မကောင်းဖြစ်နေသော ပိုင်လီတုန်းကျွင်းကို ကြည့်ကာ လီကျန့်ယီက အေးအေးဆေးဆေး ပြောလိုက်သည်။
"ညီလေးလီ... မင်းမှာ ပိုက်ဆံရှိလို့လား" ပိုင်လီတုန်းကျွင်းက စိတ်လှုပ်ရှားစွာဖြင့် လီကျန့်ယီကို ကြည့်လိုက်သည်။
လီကျန့်ယီသည် ဘေးတွင် ရပ်နေသော လီဟန်ယီကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး "ဒါပေါ့၊ ကျွန်တော်မှာ ပိုက်ဆံရှိတာပေါ့၊ ဒါက အဲ့ဒီတုန်းက တန်ဂိုဏ်းဆီကနေ တောင်းဆိုခဲ့တဲ့ ငွေသုံးသောင်းပဲ၊ အဲ့ဒါကို မင်္ဂလာလက်ဆောင်အဖြစ် သုံးမှာပါ" ဟု ရယ်မောကာ ပြောလိုက်သည်။
"ကျွန်တော်ရဲ့ ဟန်ယီက ရွှေလမြို့တော်ကို ဆုံးရှုံးမှု့တွေ ဖြစ်အောင် လုပ်ခဲ့တာဆိုတော့ ဟန်ယီကပဲ တာဝန်ယူရမှာ မဟုတ်လား"
စကားပြောနေရင်း လီကျန့်ယီသည် သူ၏ရင်ခွင်ထဲရှိ အလှလေးကို အချစ်မျက်ဝန်းများဖြင့် ငုံ့ကြည့်သည်။
"ဇနီးသည်ရဲ့... စုဆောင်းငွေလား" လီဟန်ယီသည် လီကျန့်ယီကို မျက်နှာချင်းဆိုင်ရန် လှည့်လိုက်သော်လည်း သူမသည် လီကျန့်ယီ၏ ပေါင်ပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။
"ယီယီ... ကျွန်မမှတ်မိသလောက်ဆိုရင် အဖိုးကလည်း မြေးချွေးမအတွက် ပိုက်ဆံတွေ အများကြီး စုထားပေးတယ်..." ဟု လီဟန်ယီက ရုတ်တရက် ပြောလိုက်သည်။
"ဟုတ်တယ်၊ အဲ့ဒါတွေ အားလုံးက မင်းအတွက် ပြင်ဆင်ထားတာပါ ဟန်ယီ၊ အခုဆိုရင် မင်း ကောင်းကင်တက်လှေကားမျှော်စင်ကို ထပ်ပြီး ဖျက်စီးရင်လည်း အဆင်ပြေပါတယ်" လီကျန့်ယီက ပြုံးလျက် လီဟန်ယီ၏ နီမြန်းနေသော ပါးပြင်လေးကို အုပ်ကိုင်လိုက်သည်။
"သခင်လေးလီက ဒုတိယအစ်မကို အလိုလိုက်လွန်းလို့ ပျက်စီးတော့မှာပဲ၊ အစ်မက မျှော်စင်ကို ထပ်ပြီး ဖျက်ဆီးပစ်မှာကို တကယ်ပဲ မကြောက်ဘူးလား"
"မျှော်စင်က ဘာအပစ်ရှိလို့လဲဗျာ" လီကျန့်ယီက လီဟန်ယီကို အလွန်အမင်း အလိုလိုက်နေသည်ကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းက မနေနိုင်တော့ပဲ အထွန့်တက်လိုက်ရသည်။
"အို... ငါက သူမကို အလိုလိုက်တော့ ဘာဖြစ်လဲ" လီကျန့်ယီက လီဟန်ယီ၏ နီမြန်းနေသော မျက်နှာလေးကို အသာအယာ ပွတ်သပ်ပေးရင် ပြန်မေးသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ အလိုရှိသလောက် အလိုလိုက်ပါ၊ ကျွန်တော်ကတော့ ဆက်မကြည့်နိုင်တော့ဘူး" စစ်ကုန်းချန်ဖုန်းသည် ဤချစ်ကြည်နူးနေသော မြင်ကွင်းကို မခံစားနိုင်တော့သဖြင့် အလျင်အမြန် ထွက်ပြေးသွားတော့သည်။
ပိုင်လီတုန်းကျွင်းကလည်း "ဒုတိယညီမလေး..မင်းတို့က လက်တောင်မထပ်ရသေးဘူး၊ နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်း နေပါဦး" ဟု အမြင်ကပ်သော မျက်နှာပေးဖြင့်ပြောတော့၏။
"သွားစမ်းပါ သွားစမ်းပါ၊ အစ်ကိုကြီးပိုင်လီကို သူများကိစ္စထဲ ဝင်မပါဖို့ ကျွန်တော် အကြံပေးချင်ပါတယ်" လီကျန့်ယီက ပိုင်လီတုန်းကျွင်းကို မကျေမနပ်စွာ ပြန်လည်း သတိပေးလိုက်သေးသည်။သူ ဒီလိုနေ့ကို စောင့်တာ ကြာနေခဲ့ပြီလေ။
"ကောင်းပြီ၊ ကောင်းပြီ၊ ငါ ဝင်မပါတော့ဘူး၊ ဘာပဲဖြစ်ဖြစ် ငါ အရက်ပြန်ချက်လို့ ရပြီပဲ"
"လာ... ဦးလေးကို တခြားနေရာတွေ လိုက်ပြမယ်၊ ငါတို့ ဒီကောင်တွေ ကျွေးတဲ့ ခွေးစာတွေကို မစားသင့်ဘူး"
ပိုင်လီတုန်းကျွင်းသည် နွ အရက်ကို ယူဆောင်ကာ အလျင်အမြန် ထွက်ခွာသွားသည်။
တုန်းကွေ့အရက်ဆိုင်တွင် လီဟန်ယီနှင့် လီကျန့်ယီတို့ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။လီကျန့်ယီသည် သူ၏ပေါင်ပေါ်တွင် ထိုင်နေသော အလှနတ်သမီးလေး၏ နူးညံ့သော ခန္ဓာကိုယ်ကို ခံစားရင်း၊ ဆွဲဆောင်မှု့ရှိသော နှုတ်ခမ်းနီနီလေးကို ကြည့်ကာ "နောက်တစ်ခါလောက် ထပ်နမ်းရအောင် ဟန်ယီ" ဟု မေးလိုက်သည်။
"ကောင်းပါပြီ..." လီဟန်ယီက ရှက်သွေးဖြာလျက် တိုးတိုးလေး သဘောတူစွာ ပြောသည်။
"အင်း" လီဟန်ယီက သဘောတူညီကြောင်း ခေါင်းညိတ်သည်ကို မြင်သောအခါ လီကျန့်ယီသည် မဆိုင်းမတွဘဲ သူမကို ပွေ့ဖက်ကာ နမ်းရှိုက်တော့သည်။သို့သော် ဤတစ်ကြိမ်တွင်မူ သူက စတင်ဦးဆောင်လိုက်ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် အပေးအယူမျှစွာဖြင် အချိန်အကြာကြီး နမ်းရှိုက်နေကြ၏။လီဟန်ယီက အသက်ရှုမဝသလို ခံစားနေရသဖြင့် လီကျန့်ယီ၏ လက်မောင်းကို ထုပြီး အချက်ပြကာမှ လီကျန့်ယီသည် လီဟန်ယီကို မချင့်မရဲ လွှတ်ပေးလိုက်ပြီး ထပ်မံ နမ်းရှိုက်ချင်နေပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လီဟန်ယီက သူ့ကို အမြန် တားဆီးလိုက်သည်။ "တစ်ခါပဲရပြီ၊ ခဏခဏ နမ်းနေတာ မကောင်းဘူး"
"ဘာဖြစ်လို့လဲ" လီကျန့်ယီက အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။
"မရဘူးဆို မရဘူးပေါ့" လီဟန်ယီသည် ရှက်ကိုးရှက်ကန်းဖြင့် လီကျန့်ယီ၏ ပေါင်ပေါ်မှ ဆင်းလိုက်ပြီးနောက် "ယီယီ... ကျွန်မ ဖုန်းအစ်မနဲ့အတူ စောင်းသွားသင်ဦးမယ်၊ နင်..နင်က အစ်ကိုကြီးနဲ့ တတိယ မောင်လေးဆီကိုပဲ သွားလိုက်တော့" ဟု အကြောင်းပြချက် ပေးလိုက်ပြီး လီဟန်ယီသည် ထွက်ပြေးသကဲ့သို့ လီကျန့်ယီ၏ မြင်ကွင်းမှ တစ်ခဏအတွင်စ ပျောက်ကွယ်သွားတော့သည်။
"ဒီလောက်တောင် မြန်မြန်ပြေးရလား၊ သူမ ရှက်သွားတာ ဖြစ်မှာပါ..."
လီဟန်ယီ ထွက်ခွာသွားသည်ကို ကြည့်ရင်း လီကျန့်ယီသည် ကျေနပ်စွာ မတ်တပ်ရပ်လိုက်ပြီး ရွှေလမြို့တော်အတွင်း တစ်ဦးတည်း လှည့်လည်သွားလာရန် ပြင်ဆင်လိုက်သည်။
.......
ဝမ်ဟူကျူးနှင့်အတူ ရွှေလမြို့တော်သို့ လိုက်ပါလာသော သိုင်းပညာရှင် အင်အားစုအချို့ ရှိနေသေးပြီး သူတို့သည် ကောင်းကင်တက် လှေကားမျှော်စင်ကို စိန်ခေါ်နေကြဆဲ ဖြစ်သည်။
ဤနေရာတွင် လီကျန့်ယီသည် လဲ့ဂိုဏ်း၏ ဂိုဏ်းခွဲခေါင်းဆောင် လဲ့ကျင်းကို ထပ်မံ တွေ့ရှိလိုက်သည်။ လီကျန့်ယီကို မြင်သောအခါ လဲ့ကျင်းက "သခင်လေးလီ... မင်းရဲ့ ဆရာက အဆင်ပြေရဲ့လား" ဟု အလျင်အမြန် နှုတ်ဆက်လိုက်သည်။
" အဆင်ပြေပါတယ်" လီကျန့်ယီက ပြုံးလျက် ခေါင်းညိတ်ပြသည်။ ဘာပဲဖြစ် ဤလူသည် လဲ့ဂိုဏ်းမှ အကြီးအကဲတစ်ဦး ဖြစ်ပြီး တစ်နည်းအားဖြင့် ပြောရလျှင် နောင်တွင် သူတို့က ဆွေးမျိူးများ ဖြစ်လာမည့်သူပင် ဖြစ်သည်။
"အင်း... အဲ့ဒါဆိုရင် ကောင်းတာပေါ့၊ အချိန်ရရင် ဓားနှလုံးဂူဗိမာန်ကို လာလည်ပါ့မယ်၊ မင်းရဲ့ဆရာနဲ့ အရက်အတူတူ သောက်ကြတာပေါ့" ဟု လဲ့ကျင်းက ပြုံးလျက် ပြောသည်။
"ကြိုဆိုလျက်ပါ" လီကျန့်ယီက ပြန်လည် ပြုံးပြလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုရင် ငါ ရွှေလမြို့တော်ထဲမှာ ငါ့စိတ်ကြိုက် လျှောက်ကြည့်ဦးမယ်၊ မင်းကို အနှောင့်အယှက် မပေးတော့ဘူး" လဲ့ကျင်းသည် ပြုံးလျက် ရွှေလမြို့တော်ကို စူးစမ်းလေ့လာရန် ထွက်ခွာသွားသည်။
လီကျန့်ယီသည်လည်း အေးအေးဆေးဆေး လမ်းလျှောက်နေမိသည်။သို့သော် တစ်ယောက်တည်း လျှောက်သွားနေရသည်မှာ ပျင်းစရာကောင်းသည်ဟု ခံစားရသဖြင့် ကောင်းကင်တက်လှေကားမျှော်စင်ကို မော့ကြည့်လိုက်သည်။
ထိုနည်းတူစွာပင် မျှော်စင်ပေါ်မှ လူတစ်ယောက်သည်လည်း သူ့ကို ငုံ့ကြည့်နေသည်။ထိုသူမှာ အသက် တစ်ဆယ့်ရှစ်နှစ်အရွယ် ရှိပြီဖြစ်သော ရင်လော့ရှားပင် ဖြစ်သည်။
တုန်းကွေ့အရက်ဆိုင်မှနေ၍ လီကျန့်ယီသည် မော့ကြည့်လိုက်ရုံဖြင့် မျှော်စင်၏ အပေါ်ဆုံးထပ်ကို မြင်နိုင်သည်။မျှော်စင်၏ ဆယ့်ငါးထပ်မြောက်တွင် ရှိနေသော ရင်လော့ရှားသည်လည်း ငုံ့ကြည့်လိုက်သောအခါ ဒုံကွေ့အရက်ဆိုင်ကို မြင်တွေ့နိုင်သည်။
သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြပြီးနောက် လီကျန့်ယီသည် ချက်ချင်းပင် အကြည့်လွှဲလိုက်ကာ သူ၏ ဟန်ယီကို ပြန်ရှာရန် ပြင်ဆင်လိုက်သည်။သို့သော် ထိုအခြင်းအရာကို မြင်သောအခါ ရင်လော့ရှားသည် မျှော်စင်ပေါ်မှ ခုန်ဆင်းလာပြီး ပန်းရောင်ဝတ်စုံလေးကို ဝတ်ဆင်လျက် လီကျန့်ယီ၏ ဘေးသို့ အလျင်အမြန် လျှောက်လာသည် ။
"သခင်လေးလီ... ကျွန်မတို့ အတူတူ လမ်းလျှောက်ကြမလား"
"ကောင်းပါပြီ" လီကျန့်ယီသည် ခဏမျှ တွန့်ဆုတ်သွားပြီးမှ ရင်လော့ရှား၏ တောင်းဆိုမှု့ကို သဘောတူလိုက်သည်။
သူမသည် အသက် တစ်ဆယ့်လေးနှစ်အရွယ်တုန်းက လျူယဲ့နှင့်အတူ ရွှေလမြို့တော်သို့ ရောက်လာခဲ့စဉ်ကတည်းက သူနှင့် လီဟန်ယီတို့၏ အကြောင်းကို သိရှိထားပြီးသား ဖြစ်သည်။
ထို့အပြင် သူတို့နှစ်ဦးကြားတွင် ရှုပ်ထွေးသော ပတ်သက်မှု့မျိုး မရှိပေ။ သူတို့သည် ထျန်ချီမြို့သို့ ပထမဆုံး စတင်ဝင်ရောက်စဉ်က စာမေးပွဲ အတူတူ ဖြေခဲ့ကြသော ကျောင်းနေဖက် သူငယ်ချင်းများအဆင့်သာ ရှိသည်။
"သဘောတူတယ်လား၊ သခင်လေးလီက ထွက်ပြေးသွားလိမ့်မယ်လို့ ကျွန်မ ထင်နေတာ" လီကျန့်ယီက သဘောတူလိုက်သည်ကို မြင်သောအခါ ရင်လော့ရှား၏ လှပသော မျက်ဝန်းလေးများမှာ အနည်းငယ် အံ့အားသင့်သွားသည်။
"ငါက ဘာလို့ ပြေးရမှာလဲ၊ ငါက အပစ်လုပ်ထားတဲ့လူမှမဟုတ်တာ"
လီကျန့်ယီသည် ပုခုံးတွန့်ပြီး ပြန်ပြောသည်။
" တကယ်လား၊ ကျွန်မလည်း အပြစ်မကင်းသလို လုံးဝ မခံစားရပါဘူး" ရင်လော့ရှားက တည်ငြိမ်သော အပြုံးဖြင့် ပေါ့ပါးစွာပြန်ပြော၏။
ထို့နောက် သူတို့နှစ်ဦးသည် လမ်းပေါ်တွင် အတူတူ လမ်းလျှောက်နေကြသည်။ ရင်လော့ရှားက "သခင်လေးလီ... ဒီနေ့မှာ ညီမလေးဟန်ယီကကောင်းကင်တက်လှေကားမျှော်စင်ကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ပြီး 'သမိုင်းမှာ အဖြုန်းတီးဆုံး မြို့တော်သခင်' ဆိုတဲ့ ဘွဲ့ကို ရလိမ့်မယ်ဆိုတာ မင်း ဘယ်လို သိနေတာလဲ" ဟု မေးလိုက်သည်။
"ကျွန်မ ခံစားမိတာကတော့ သခင်လေးလီနဲ့ ညီမလေးဟန်ယီတို့ရဲ့ အချစ်ဇာတ်လမ်းက တကယ်ကို ထူးဆန်းအံ့သြဖို့ ကောင်းတယ်"
"ဘာလို့ အရာအားလုံးက သခင်လေးလီရဲ့ ထိန်းချုပ်မှု့အောက်မှာ ရှိနေရတာလဲ၊ အနာဂတ်မှာ ဖြစ်လာမဲ့ အရာတွေတောင်မှပေါ့"
"ငါ့ရဲ့ ဟန်ယီကိုယ်စား တစ်ခုလောက် ပြန်ပြောပြရရင်... သူမက မင်းထက် တစ်နှစ်ကြီးတာဆိုတော့ မင်းက သူမကို 'အစ်မ' လို့ ခေါ်သင့်တယ်"
"ပြီးတော့ မင်းရဲ့ မေးခွန်းက လူအတော်များများ သိချင်နေကြတဲ့ မေးခွန်းပဲ၊ ဟန်ယီက တကယ်ပဲ အဖြုန်းတီးဆုံး မိန်းကလေး ဖြစ်လာလိမ့်မယ်ဆိုတာကို ငါ ဘယ်လို ကြိုသိနေသလဲဆိုတာကိုလည်း အားလုံးက ဇဝေဇဝါ ဖြစ်နေကြလိမ့်မယ်၊ ဒါပေမဲ့ ငါကတော့ မပြောပြဘူး"
"ငါ ဒါကို လျှို့ဝှက်ချက်အဖြစ်ပဲ ထားမှာပါ" လီကျန့်ယီ၏ နှုတ်ခမ်းအစုံသည် အနည်းငယ် ကွေးညွတ်သွားသည်။
ရင်လော့ရှား "..."
ကောင်းပြီလေ၊ ကောင်းပြီ။
' လူအုပ်ကြီးထဲမှာ သူမကို အကြိမ်ပေါင်း ထောင်ချီ ရှာဖွေခဲ့ပြီးမှ... ရုတ်တရက် လှည့်ကြည့်လိုက်တဲ့အခါ မီးရောင်မှိန်မှိန်အောက်မှာ သူမကို တွေ့လိုက်ရတယ်'ဆိုတဲ့ စကားကို အရင်တုန်းက ငါ့ကို ပြောတာလို့ ငါ ထင်ခဲ့မိတယ်။
ကံကောင်းလို့ ငါ မဟုတ်ခဲ့တာပဲ၊ သခင်လေးလီက တကယ်ကို လူဆိုးပဲ။မင်းက ငါတို့ကို တမင်တကာ လျှို့ဝှက်ချက်တွေနဲ့ သိချင်အောင် လုပ်နေပြီးတော့ နှုတ်ဆိတ်နေမယ်ပေါ့။
ရင်လော့ရှားသည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် "ကောင်းပါပြီ၊ မင်းမပြောရင်လည်း နေပေါ့၊ ငါ နောက်ကျရင် ညီမလေးဟန်ယီကိုပဲ မေးတော့မယ်" ဟု နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ညီမလေးဟန်ယီ ဟုတ်လား ဒီလိုခေါ်ပုံနဲ့ဆို ၊ မင်းက အရိုက်ခံရပြီး သေသွားမှာကိုတော့ ငါ စိုးရိမ်မိတယ်" လီကျန့်ယီသည် စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။ ဒီမိန်းကလေးကတော့ တကယ်ကိုပြဿနာရှာတတ်တဲ့သူပင်။ ဆတ်ဆတ်ထိမခံနိုင်သည့် ဟန်ယီနှင့်တွေ့ပါက ရန်သတ်ကြအုန်းမည်။
"ဒါဆိုရင် ဘယ်လိုခေါ်ရမှာလဲ၊ 'ဆရာ 'ဆရာဒေါ်လေး' လို့ ခေါ်ရမှာလား၊ ငါတော့ မခေါ်ချင်ပါဘူး" ရင်လော့ရှားက ခေါင်းမာစွာ ငြင်းသည်။
"ဟုတ်တယ်၊ မင်းက သူမကို 'ဆရာဒေါ်လေး' လို့ ခေါ်သင့်တာ' လီကျန့်ယီက အတည်ပြုပေးလိုက်သည်။
"အိပ်မက်ပဲ မက်နေလိုက်" ရင်လော့ရှားသည် လီကျန့်ယီကို မျက်စောင်းထိုးလိုက်ပြီး လီကျန့်ယီက အသုံးမကျတော့ဟု သတ်မှတ်လိုက်သည်။
သူမသည် လီကျန့်ယီထံသို့ တကူးတက လာခဲ့သည်မှာ အနာဂတ်ကိုပ သူ မည်သို့ သိရှိနေသနည်းဟု မေးရန်ဖြစ်သော်လည်း သူက မပြောပြခဲ့ပေ။ဒါက သူမရဲ့ အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်တာပဲ။
"ကောင်းပါပြီ သခင်လေးလီ၊ မင်းက အခုတော့ ဘာမှ အသုံးမကျတော့ဘူး၊ ငါ့ရဲ့ ဆရာဆီပဲ ပြန်တော့မယ်" ရွှေလမြို့တော်၏ အခြေအနေများကို သိရှိသွားပြီးနောက် ရင်လော့ရှားသည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။သို့သော် မထွက်ခွာမီ သူမသည် လီကျန့်ယီကို လှည့်ကြည့်ကာ " သခင်လေးလီနဲ့ ညီမလေးဟန်ယီ လက်ထပ်တဲ့အခါ ငါနဲ့ ငါ့ရဲ့ဆရာကို မင်္ဂလာပွဲ ဖိတ်ဖို့ မမေ့နဲ့ဦး" ဟု မှာသွားသေးသည်။
"ကောင်းပါပြီ" လီကျန့်ယီက ဝမ်းသာစွာပင် ချက်ချင်းခေါင်းညိတ်လိုက်၏။
အခန်း ၁၆၃ ရဲဒင်းကျီ၏ကံဆိုးမှု့များ
မာရ်နတ်ဂိုဏ်း၏ အရှေ့ပိုင်းစစ်ဆင်ရေး ပြီးဆုံးသွားပြီးနောက် လီကျန့်ယီနှင့် လီဟန်ယီတို့သည် ရွှေလမြို့တော်တွင် နောက်ထပ် သုံးရက်ကြာ ဆက်လက်နေထိုင်ခဲ့ကြသည်။ဓားနှလုံးဂူဗိမာန်မှ ရှောင်လန်နှင့် ရှောင်ပိုင်တို့သည် ငွေပြား သုံးသောင်းကို ရွှေလမြို့တော်သို့ ပို့ဆောင်ပေးလာပြီးမှသာ လီဟန်ယီနှင့် လီကျန့်ယီတို့သည် ဓားနှလုံးဂူဗိမာန်သို့ ပြန်ရန် ပြင်ဆင်ကြတော့သည်။
"အစ်ကိုလီရဲ့ ဇနီးလောင်းကတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ" စစ်ကုန်းချန်ဖုန်းသည် သူ၏ စိုးရိမ်ပူပန်မှု့များ ပျောက်ကွယ်သွားသဖြင့် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
လီကျန့်ယီ "..."
"ငါ့မိသားစုဝင်တွေတောင် ဒီလောက် စိတ်မလှုပ်ရှားဘူး၊ ညီလေးစစ်ကုန်း မင်းက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ"
"သေချာမသိတဲ့သူတွေဆိုရင် ငါက မင်းကို လက်ထပ်ဖို့အတွက် ငါ့ရဲ့ အနာဂတ်ဇနီးဆီက ပိုက်ဆံတွေကို မင်းကိုလာ ပေးနေတယ်လို့ ထင်ကုန်ကြလိမ့်မယ်"
လီကျန့်ယီသည် ခေါင်းကို ခါယမ်းလိုက်ပြီး ရှောင်လန်နှင့် ရှောင်ပိုင်ကို ကြည့်ကာ "ဆရာက မင်းတို့ကို ဒီကို လွှတ်လိုက်ပြီးတော့ ဘာညွှန်ကြားချက်တွေ ပေးလိုက်သေးလဲ" ဟု မေးလိုက်၏။
"ဂိုဏ်းချုပ်က သခင်လေးနဲ့ သခင်မလေးတို့ကို မင်္ဂလာပွဲအတွက် ပြင်ဆင်ဖို့ ဓားနှလုံးဂူဗိမာန်ကို အမြန်ဆုံး ပြန်လာစေချင်ပါတယ်" ဟု ရှောင်လန်နှင့် ရှောင်ပိုင်တို့က ရိုသေစွာ ပြန်ဖြေသည်။
"ကောင်းပြီ၊ ဒါဆိုရင် ဟန်ယီနဲ့ ငါ က အခုပဲ ပြန်ကြတော့မယ်" လီကျန့်ယီသည်လည်း အမှန်တကယ်ပင် မင်္ဂလာပွဲအတွက် ပြင်ဆင်ရန် ပြန်ရမည့်အချိန် ရောက်ပြီဟု ခံစားမိသည်။
မာရ်နတ်ဂိုဏ်း၏ အရှေ့ပိုင်းစစ်ဆင်ရေး ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် တောင်ပိုင်းကျူးနှင့် မြောက်ပိုင်းတပ်မတော် များသည်လည်း မြောက်ပိုင်းနယ်စပ်မှ ပြန်လည် ဆုတ်ခွာသွားကြပေလိမ့်မည်။မဟုတ်ပါက မြောက်ပိုင်းတပ်မတော် စုစည်းမိသွားလျှင် သူတို့အတွက် ဒုက္ခကြီးစွာ ရောက်သွားနိုင်ပါသည်။
"ငါတို့လည်း အိမ်ပြန်ပြီဆိုတော့ အဖေလည်း ပြန်လာသင့်ပြီလို့ ငါထင်တယ်" လီကျန့်ယီသည် လှည့်ကြည့်လိုက်ရာ စစ်ကုန်းချန်းလျော့၏ လက်ကလေးကို ဆုပ်ကိုင်ထားသော လီဟန်ယီကို တွေ့လိုက်သည်။
"အင်း" လီဟန်ယီက အသာအယာ ခေါင်းညိတ်သည်။
ချန်းလျော့လေးက ခေါင်းမော့ကြည့်ကာ "အစ်မဟန်ယီ... ချန်းလျော့လည်း ဓားနှလုံးဂူဗိမာန်ကို လိုက်ချင်တယ်" ဟု ပြောလာသည်။
"ကောင်းပါပြီ၊ ဒါဆိုရင် အစ်မဟန်ယီက ချန်းလျော့ကို ဓားနှလုံးဂူဗိမာန်ကို လိုက်ပို့ပေးမယ်လေ" လီဟန်ယီက ပြုံးလျက် ချန်းလျော့လေး၏ ခေါင်းကို အသာအယာ ပွတ်ကာသဘောတူသည်။
" ကျေးဇူးတင်ပါတယ် အစ်မဟန်ယီ" စစ်ကုန်းချန်းလျော့လေးသည် ချစ်စဖွယ် ပါးချိုင့်လေးနှစ်ဖက် ပေါ်လာသည်အထိ ပျော်သွားသည်။
"ကျွန်မ... ကျွန်မလည်း လိုက်ချင်တယ်" အသက် ရှစ်နှစ်အရွယ် ရှိပြီဖြစ်သော ကျီရွယ်သည် သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် လီဟန်ယီကို ကြည့်ကာ ထပ်မေးပြန်သည်။
"ကျီရွယ်လည်း လိုက်ခဲ့လေ၊ အစ်မ ဟန်ယီလည်း မပျင်းရတော့ဘူးပေါ့ " ဟု လီဟန်ယီက ပြုံးလျက်ပြောသည်။
"ဒါနဲ့...ညီမဖုန်း၊ ချန်းလျော့ကို ကျွန်မနဲ့အတူ ဓားနှလုံးဂူဗိမာန်ကို လိုက်ဖို့ စိတ်ချရဲ့လား" လီဟန်ယီသည် ချန်းလျော့၏ မိခင်ဖြစ်သူ ဖုန်းချူးယွီကို ကြည့်ကာ မေးလိုက်သည်။
ဖုန်းချူးယွီက ရယ်မောကာ "နှိုင်းယှဉ်မဲ့ နတ်ဓားရှင် နှစ်ယောက်က ချန်းလျော့ကို ခေါ်သွားမှာကိုမှ ညီမက မယုံကြည်ရင် ဘယ်သူ့ကို ယုံကြည်ရဦးမှာလဲ" ဟု ပြောသည်။
"ဒါ့အပြင် ညီမလည်း ဓားနှလုံးဂူဗိမာန်ကို တစ်ခါမှ မရောက်ဖူးသေးဘူး၊ ဒီအခွင့်အရေးကို သုံးပြီး အားလုံး အတူတူ သွားကြည့်ကြရင် မကောင်းဘူးလား"
"ကြိုဆိုပါတယ်" လီဟန်ယီက နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။
"မရဘူးလေ ချူးယွီ... မင်းပါ ထွက်သွားရင် ရွှေလမြို့တော်မှာ ငါ တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့" စစ်ကုန်းချန်ဖုန်းသည် သူ၏ ဇနီးနှင့် သမီးကို ခွဲခွာရမည်ကို မလိုလားဘဲ ဖြစ်နေသည်။
"သွားစမ်းပါ၊ သွားစမ်းပါ၊ မင်းက ညီမဖုန်းနဲ့ ချန်းလျော့မရှိရင် မနေနိုင်တော့ဘူးလား၊ မင်းရဲ့ အစ်ကိုကြီးက မင်းကို အဖော်ပြုပေးဖို့ ဒီမှာ ရှိနေတာပဲ မဟုတ်လား" ပိုင်လီတုန်းကျွင်းက ရယ်မောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင် အစ်မရွဲ့ယောင်... အစ်မလည်း အစ်မရဲ့ ညီမလေးကို ခေါ်ပြီး ဓားနှလုံးဂူဗိမာန်ကို လိုက်သွားပါလား၊ ရွှေလမြို့တော်မှာ ကျွန်တော်နဲ့ အစ်ကိုကြီး ရှိနေရင် လုံလောက်ပြီထင်တယ်" စစ်ကုန်းချန်ဖုန်းသည် ပိုင်လီတုန်းကျွင်းကို အသေအလဲ ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။
"ကောင်းပါပြီ" ရွဲ့ယောင်က ပြုံးလျက် ပြန်ဖြေသည်။
ပိုင်လီတုန်းကျွင်း "..."
"ကောင်းပြီလေ၊ ကောင်းပြီ"
"တတိယညီလေး... မင်းက ဒီလို ကစားချင်တာပေါ့လေ"
"ပျော်ပျော်ရွှင်ရွှင်သာ နေခဲ့ကြပါ"
"သူတို့တွေ ထွက်သွားကြပြီဆိုတော့ ငါလည်း ရွှေလမြို့တော်ထဲမှာ ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ ညီအစ်ကိုကောင်း ရဲဒင်းကျီကို ရှာလို့ ရပြီပေါ့"
"သူ ရွှေလမြို့တော်ရဲ့ ဘယ်နေရာမှာ ရှိနေမလဲ၊ နေရောကောင်းရဲ့လားဆိုတာ ငါ သိချင်မိတယ်"
"တတိယညီလေး ဒါကို ငါ မှတ်ထားမယ်နော်" ပိုင်လီတုန်းကျွင်းသည် စစ်ကုန်းချန်ဖုန်းကို မျက်နှာမဲ့စွာကြည့်လိုက်သည်။
"ကျွတ်... ဘယ်သူက အစ်ကိုကို ကြောက်လို့လဲ" စစ်ကုန်းချန်ဖုန်းက နှာခေါင်းရှုံ့လိုက်သည်။ထို့နောက်တွင် သူသည် သူ၏ မိသားစုဝင်များဖြစ်သော ဖုန်းချူးယွီနှင့် စစ်ကုန်းချန်းလျော့တို့ကို လီကျန့်ယီတို့နှင့်အတူ ရွှေလမြို့တော်၏ အပြင်ဘက်အထိ လိုက်ပါပို့ဆောင်ပေးသည်။
သို့သော်လည်း ရွှေလမြို့တော်မှ ထွက်လာစဉ် လမ်းတွင် သူတို့အုပ်စုသည် ဝတ်ရုံအနက်ရောင်ဝတ်စုံနှင့် အတွင်းမှ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားသော လမ်းတံမြက်စည်းလှည်းသူ တစ်ဦးကို တွေ့လိုက်ရသည်။
ဤလူ၏ ပုံပန်းသဏ္ဌာန်ကြောင့် လွန်ခဲ့သော သုံးရက်က ရွှေလမြို့တော်သို့ ရောက်ရှိလာခဲ့သော ကျင့်ကြံသူလောက အင်အားစုများသည် နောက်ထပ် သုံးရက်ကြာ ဆက်လက်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
ယခုအချိန်တွင် ရွှေလမြို့တော်၏ လမ်းများကို တံမြက်စည်းလှည်းနေသော ထိုသူသည် မြောက်ပိုင်းလီဒေသမှ အလိုရှိနေသော လျှို့ဝှက်စာရေးဆရာ ရှောင်ရွမ်မှတစ်ပါး အခြားသူ မဟုတ်ဟု သူတို့အားလုံး သံသယဝင်နေကြသည်။
"ညီအစ်ကိုတို့... ငါတို့ စမ်းကြည့်ကြမလား" ဒီလို အကျိုးအမြတ်များတဲ့ အခွင့်အရေးကို မျက်စိကျနေတဲ့ အင်အားစုတွေက သူတို့ရဲ့ ညီအစ်ကိုတွေကို ကြည့်ကာ မေးလိုက်ကြသည်။
"သွားကြစို့၊ မြောက်ပိုင်းလီက ပေးမယ့် ဆုလာဘ်က တကယ်ကို များပြားတာ" ဟု မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့် ကျင့်ကြ့သူတစ်ဦးက ပြောသည်။
"တိုက်ကြဟေ့"
ညီအစ်ကိုတွေ သဘောတူပြီးနောက် သူတို့တစ်အုပ်စုလုံး တံမြက်စည်းလှည်းသမားထံသို့ပြေးဝင်သွားကြသည်။ တံမြက်စည်းလှည်းနေသော ထိုသူမှာ ဤအခြင်းအရာကို မြင်သောအခါ လုံးဝ ကြောင်အသွားသည်။
"ငါက သခင်လေးလီရဲ့ အကြံပေးချက်အတိုင်း ငါ့ကိုယ်ငါ သေချာ ဖုံးကွယ်ထားတာပဲ၊ ငါက ဘယ်သူလဲဆိုတာကို သူတို့ ဘယ်လို သိသွားတာလဲ"
"မဟုတ်ရင် ဒီလူတွေက ငါ့ကို ဘာအကြောင်းမှမရှိဘဲ ဘာလို့ တိုက်ခိုက်နေရတာလဲ"
"မဖြစ်ဘူး... ငါ မြန်မြန် ထွက်ပြေးမှ ရမယ်' ရဲဒင်းကျီသည် သူ၏ တံမြက်စည်းကို ဝှေ့ယမ်းလိုက်ရာ သစ်ရွက်ခြောက်များ လွင့်ပျံသွားပြီး သူ့ထံ ပြေးဝင်လာသော လူအားလုံး လွင့်ထွက်သွားကြသည်။
ထိုအခွင့်အရေးကို အသုံးချကာ ရဲဒင်းကျီသည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။
"အဲ့ဒီလူက ဘယ်သူလဲ၊ သူ့ရဲ့ သိုင်းပညာက ငါ့ထက်တောင် မနိမ့်တဲ့ပုံပဲ"
မြို့ပြင်သို့ ထွက်လာစဉ် ရဲဒင်းကျီကို မြင်လိုက်ရသဖြင့် လီဟန်ယီသည် အနည်းငယ် စပ်စုချင်စိတ် ဖြစ်ပေါ်သွားသည်။
"ဟန်ယီ... သူက လမ်းတံမျက်စည်းလှည်းသမား တစ်ယောက်ပါပဲ၊ သူကို ဂရုစိုက်နေဖို့ မလိုပါဘူး၊ ငါတို့ ပြန်ရောက်ရင် မင်္ဂလာဆောင်ဲ့အကြောင်းပဲ စဉ်းစားကြရအောင်" လီကျန့်ယီသည် ရဲဒင်းကျီ အသက်ရှင်နေသည့် သတင်းကို လျှို့ဝှက်ထားပေးမည်ဟု စုမုယုနှင့် အခြားသူများကို ကတိပေးထားခဲ့သည်။
"အော်..." လီဟန်ယီသည် တစ်ခုခု ဖုံးကွယ်ရန် ကြိုးစားနေသော လီကျန့်ယီကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်တွင် သူမသည် စစ်ကုန်းချန်းလျော့၊ ဖုန်းချူးယွီနှင့် အခြားသူများကို ခေါ်ဆောင်ကာ ရထားလုံးပေါ်သို့ တက်လိုက်ပြီး ဓားနှလုံးဂူဗိမာန်သို့ ဦးတည်ထွက်ခွာသွားပါတော့သည်။
လီကျန့်ယီ၊ လီဟန်ယီနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ပိုင်လီတုန်းကျွင်းသည် ခုနက တံမြက်စည်းလှည်းနေသော လူကို သွားရောက် ရှာဖွေနေတော့သည်။သူ၏ အရှိန်အဝါက ရဲဒင်းကျီ၏ အရှိန်အဝါကို ထုတ်လွှတ်နေသဖြင့် ပိုင်လီတုန်းကျွင်းသည် လမ်းတံမျက်စည်းလှည်းနေသော ထိုသူမှာ သူ၏ ညီအစ်ကိုကောင်း ရဲဒင်းကျီဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
"ညီအစ်ကို"
အနံ့နောက်သို့ လိုက်ရင်း ပိုင်လီတုန်းကျွင်းသည် အတွင်းအပြင် အဝတ်အစားများစွာ ထပ်ဝတ်ထားသော ရဲဒင်းကျီကို တွေ့လိုက်ရသည်။
"အစ်ကိုကြီးပိုင်လီ... ဘာတွေ ဖြစ်နေတာလဲ၊ ကျွန်တော်က သခင်လေးလီ ပြောတဲ့အတိုင်း လုပ်ထားတာပဲ၊ ဘာလို့ လူအများကြီးက လမ်းတံမျက်စည်းလှည်းသမားဖြစ်တဲ့ ကျွန်တော်ကို ရန်ပြုနေကြတာလဲ" ရဲဒင်းကျီက ဇဝေဇဝါဖြင့် မေးသည်။
"အဲ့ဒါက..."
"အဲဒါက မင်းရဲ့ ဝတ်စုံက ကျင့်ကြံသူလောကထဲက လျှို့ဝှက်စာရေးဆရာ ရှောင်ရွမ်ရဲ့ ဝတ်စုံနဲ့ ကွက်တိ ဖြစ်နေလို့ပဲ" ဟု ပိုင်လီတုန်းကျွင်းက ရှင်းပြလိုက်သည်။
"ဪ... သူ ဖြစ်နေတာကိုး" ရဲဒင်းကျီသည် လျှို့ဝှက်စာရေးဆရာ ရှောင်ရွမ်အကြောင်းကို ကြားဖူးသော်လည်း လီကျန့်ယီက သူ့ကို လျှို့ဝှက်စာရေးဆရာ ရှောင်ရွမ်အဖြစ် အယောင်ဆောင်ခိုင်းထားလိမ့်မည်ဟု အမှန်တကယ် မထင်ထားခဲ့ပေ။
"ဒီသခင်လေးလီကတော့ တကယ်ကို......" ရဲဒင်းကျီသည် စကားမပြောနိုင်အောင် ဖြစ်သွားသည်။
ယခုအခါ သူသည် အမည်ဝှက်အစစ်အမှန်တစ်ခု ရရှိသွားပြီဖြစ်ရာ အခြားသူများက သူ့ကို ရဲဒင်းကျီဟု ထင်ကြတော့မည် မဟုတ်ဘဲ စာရေးဆရာ ရှောင်ရွမ်ဟုသာ မှတ်ယူကြပေလိမ့်မည်။သို့သော်လည်း ကိစ္စမရှိပေ။ ပိုင်လီတုန်းကျွင်းနှင့် လီကျန့်ယီတို့က ထုတ်မပြောသရွေ့ မည်သူမျှ သူ၏ မူလဝိသေသကို သိရှိနိုင်မည် မဟုတ်ပါ။
ဒါကလည်း မဆိုးပါဘူး။ အလွန်ဆုံးရှိလျှင် လျှို့ဝှက်စာရေးဆရာ ရှောင်ရွမ်က သိုင်းပညာ အလွန်ထူးချွန်သည်ဟူသော ကောလာဟလများသာ ပျံ့နှံ့သွားပေလိမ့်မည်။
"ဟုတ်တယ်၊ ဒီသခင်လေးလီက တကယ်ကို အသေးစိတ်ကျတဲ့သူပဲ"
ပိုင်လီတုန်းကျွင်းက ပြုံးလျက် ရဲဒင်းကျီ၏ ပုခုံးကို ဖက်ကာ "လာပါ ညီအစ်ကို... ငါ့ရဲ့ ဇနီးနဲ့ တို့လည်း ဓားနှလုံးဂူဗိမာန်ကို သွားကြပြီဆိုတော့ ငါတို့ ညီအစ်ကိုနှစ်ယောက် အရက်ကောင်းကောင်း အတူတူ သောက်ကြရအောင်"ဟု ဖိတ်ခေါ်လိုက်သည်။
"အစ်ကိုကြီးပိုင်လီ... ကျွန်တော် တကယ်ပဲ ဒီလိုလုပ်လို့ ရပါ့မလား၊ မသိတဲ့သူတွေက လျှို့ဝှက်စာရေးဆရာ ရှောင်ရွမ်က အစ်ကိုကြီးရဲ့ စောင့်ရှောက်မှု့အောက်မှာ ရှိနေတယ်လို့ ထင်ကုန်ကြလိမ့်မယ်နော်" ရဲဒင်းကျီသည် ပိုင်လီတုန်းကျွင်း၏ ဂုဏ်သိက္ခာအတွက် အနည်းငယ် စိုးရိမ်မိသည်။
"ကိစ္စမရှိပါဘူး၊ ငါ့ရဲ့ တုန်းကွေ့အရက်ဆိုင်မှာ သီးသန့်အခန်းတွေ ရှိပါတယ်၊ ပြီးတော့ ညီအစ်ကိုရဲ... မင်းက အမြဲတမ်း လျှို့ဝှက်စာရေးဆရာ ရှောင်ရွမ်ရဲ့ ဝိသေသကိုပဲ ဆုပ်ကိုင်ထားဖို့ မလိုပါဘူး၊ တစ်ခါတလေကျရင် တခြားဝိသေသတစ်ခုကို ပြောင်းလဲပြီး နေထိုင်လို့ ရတာပဲ" ပိုင်လီတုန်းကျွင်းသည် ရဲဒင်းကျီကို တုန်းကွေ့အရက်ဆိုင်သို့ ခေါ်ဆောင်သွားပါတော့သည်။
အခန်း ၁၆၄ အမှန်တရား။
သုံးရက်ကြာပြီးနောက်။
လီကျန့်ယီသည် အေးအေးဆေးဆေးပင် သူ၏ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး လီဟန်ယီနှင့် အခြားသူများကို ဓားနှလုံးဂူဗိမာန်သို့ ခေါ်ဆောင်လာသည်။
စစ်ကုန်းချန်းလျော့နှင့် ကျီရွယ်တို့သည် ငယ်ရွယ်သေးသဖြင့် မြို့ရွာများကို ဖြတ်သန်းသွားသည့်အခါတိုင်း လီကျန့်ယီသည် သူတို့လေးများကို လိုက်လံပြသပေးပြီးမှ ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။
ဤဖြစ်ရပ်များကြောင့် လီကျန့်ယီနှင့် ကလေးနှစ်ဦးကြားမှ ဆက်ဆံရေးမှာ ပိုလို့ပင် ရင်းနှီးသွားကြသည်။ ကလေးနှစ်ယောက်သည် သူ့ကို နေ့တိုင်း "အစ်ကို" ဟု ခေါ်ဝေါ်ကြပြီး သူတို့မှာ စကားအရမ်းပြောတတ်ကြသေးသည်။
"အစ်ကိုယီ... အစ်ကိုက ဒီမှာပဲ ကြီးပြင်းခဲ့တာလား"
ဓားနှလုံးဂူဗိမာန်သို့ ရောက်ရှိချိန်တွင် စစ်ကုန်းချန်းလျော့သည် သူမ၏ အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် လီကျန့်ယီကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်၊ မင်းတို့ရဲ့ အစ်မဟန်ယီလည်း ငယ်ငယ်တုန်းက အရမ်းအဆော့သန်တာ" လီကျန့်ယီသည် ငယ်စဉ်က လီဟန်ယီကို အစားအသောက်မျိုးစုံဖြင့် မြှူဆွယ်ခဲ့သည်ကို ပြန်လည် အမှတ်ရရင်း ပြန်လည်လွမ်းဆွတ် နေမိသည်။ အဲ့ဒါက အခုလို့ လှပစွာကြီးပြင်းလာသော မိန်းကလေး၏ ငယ်ဘဝလေး ဖြစ်သောကြောင့် မေ့ပစ်ဖို့ မဖြစ်နိုင်သော လှပသည့် အမှတ်တရတွေဖြစ်သည်။
ထိုအချိန်က သူ၏ ဇနီးလောင်းလေးသည် အထက်စီးဆန်ကာ လွှမ်းမိုးလိုသော အရှိန်အဝါများ ရှိခဲ့ခြင်း ဖြစ်သည်။အရာအားလုံးကို ဗြောင်ကျကျ ထုတ်ပြပြီး အလွန်အမင်း ရှက်တတ်နေသော အခုအချိန်နှင့် မတူပေ။
အကယ်၍သာ ယခုချိန်တွင် ငယ်စဉ်က လီဟန်ယီ ဖြစ်နေပါက သူမသည် သူ၏အင်္ကျီကို ဆွဲကိုင်ကာ နှုတ်ခမ်းချင်း နမ်းပစ်ပေလိမ့်မည်။သို့မဟုတ်ပါကလည်း နံရံတွင် ကပ်ထားပြီး အတင်းအကြပ် လက်ထပ်ခိုင်းပေလိမ့်မည်။
"ဟူး .. အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီပဲ" လီကျန့်ယီသည် လီဟန်ယီကို အနည်းငယ် နှမြောတသဟန်ဖြင့် ကြည့်လိုက်သည်။
"ပြောင်းလဲသွားတယ်၊ ဘာတွေ ပြောင်းလဲသွားလို့လဲ" လီဟန်ယီသည် စစ်ကုန်းချန်းလျော့နှင့် ကျီရွယ်တို့၏ လက်ကလေးများကို ဆုပ်ကိုင်ထားရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဟန်ယီ... မင်းက ငယ်ငယ်တုန်းကလောက် ချစ်ဖို့မကောင်းတော့ဘူး" လီကျန့်ယီက လွမ်းဆွတ်စွာ ဆိုသည်။
လီဟန်ယီ "..."
ငါ ငယ်ငယ်တုန်းကလား။
လီဟန်ယီသည် ငယ်စဉ်က လီကျန့်ယီကို သူမနှင့်အတူ ဆော့ရန် နေ့တိုင်း မည်သို့ ပူဆာခဲ့သည်ကို မနေနိုင်ဘဲ ပြန်လည် အမှတ်ရမိသည်။ သူမသည် နည်းလမ်းမျိုးစုံကို သုံးခဲ့ဖူးသည်။
အချို့က အစားအစာဖြင့် မြှူဆွယ်ခဲ့သည်၊ အချို့က ချွဲနွဲ့ခဲ့သည်၊ အချို့ကလည်း အာဏာပြကာ အမိန့်ပေးခဲ့သည်။သူမ၏ ငယ်ဘဝမှ များပြားလှသော ပင်ကိုယ်စရိုက်များကို ပြန်လည်အမှတ်ရရင်း လီဟန်ယီသည် သူမကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လျှို့ဝှက်ချက် ထိန်းသိမ်းထားခဲ့သော လီကျန့်ယီကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ဟွန်း.. အဲ့ဒီတုန်းကတည်း နင် ငါ့ကို ကြိုက်နေမှန်းသာ သိခဲ့ရင် ၊ ငါ အဲ့လို ပြုမူခဲ့မှာမဟုတ်ဘူး ၊ဒါပေမဲ့လည်း ငါမှာ နင်ကို နိုင်ဖို့ နည်းလမ်းအများကြီးရှိသေးပါတယ်"
"အများကြီးပေါ့"
"မင်းက ဘယ်လိုပျော်အောင်နေရမလဲဆိုတာ သိတာပဲ"
လီကျန့်ယီက တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေသည်။
"အမှန်တော့ ယီယီကိုယ်တိုင်ကသာ ငါနဲ့မဆော့ရရင် မနေနိုင်တာ ဖြစ်ရမယ်မဟုတ်လား" လီဟန်ယီသည် ထိုသို့သာ ဖြစ်သင့်သည်ဟု ခံစားရသည်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးအကြိမ်က သူမ လီကျန့်ယီကို အနည်းငယ် လှည့်စားလိုက်ရုံဖြင့် လီကျန့်ယီက သူနှစ်သက်သောသူမှာ သူမဖြစ်ကြောင်း ဖွင့်ဟခဲ့သည် မဟုတ်လား။
"မဟုတ်ဘူး "
လီကျန့်ယီက ခေါင်းခါယမ်းလိုက်သည်။ ထိုအချိန်က သူ၏အဆင့်မှာ မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့် သို့မဟုတ် ကျိူးရှောင်အဆင့်ဝန်းကျင်သာ ရှိသေးသည်။ သူသည် မိမိကိုယ်ကိုယ်နှင့် ဓားနှလုံးဂူဗိမာန်ကို ကာကွယ်နိုင်စွမ်းရှိရန် အလွန်ပင် ဝေးကွာနေသေးသည်။ထို့ကြောင့် သူသည် ဓားသိုင်းပညာ တိုးတက်ရန်သာ အာရုံစိုက်နေပေလိမ့်မည်။
တစ်နည်းအားဖြင့် ပြောရလျှင် လီဟန်ယီက သူကို နည်းမျိုးစုံဖြင့် မမြှူဆွယ်ခဲ့ပါက သူသည် အခြားသူတစ်ဦးနှင့် တစ်နှစ်နီးပါး ဆော့ကစားရန် အချိန်ဖြုန်းနေမည် မဟုတ်ပေ။ သို့သော် ထိုသူမှာ လီဟန်ယီ ဖြစ်နေခဲ့သည်။
"ဘာလို့လဲ" လီဟန်ယီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါက မကြိုးစားခဲ့ရင် ဘယ်မှာသေနေမလဲမှမသိတာ၊ ဒါကြောင့် ဓားကျင့်ဖို့ပဲ ငါ အာရုံစိုက်ရမှာ" လီကျန့်ယီက အမှန်အတိုင်း ပြန်ဖြေသည်။
"ဒါဆိုရင်လည်း မင်းရဲ့ ဓားနဲ့ပဲ သွားနေလိုက်တော့" လီဟန်ယီက နှုတ်ခမ်းနီနီလေးကို ဆူကာ အနည်းငယ် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
"မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး" လီကျန့်ယီသည် မရဏဓားကို ပွေ့ပိုက်ကာ ဓားနှလုံးကျောက်ဆောင်သို့ ပြန်ရန် ဟန်ပြင်လိုက်သည်။
ထိုအခြင်းအရာကို မြင်သောအခါ လီဟန်ယီ၏ လှပသော မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။သူမသည် သူ၏အင်္ကျီကို တင်းတင်းဆုပ်ကိုင်ကာ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည် ။
"ယီယီ၊ ငါသွားခိုင်းရုံနဲ့ တကယ်ကြီး သွားတော့မှာလား၊ ငါနဲ့အတူ ရှိနေမယ်ဆိုတာကရော လိမ်ညာတာလား"
လီကျန့်ယီသည် လိုက်လျောပေးသည့်အနေဖြင့် လီဟန်ယီကို ပွေ့ဖက်လိုက်ပြီး "မင်းက ပြန်ပြီး အဆင်ပြေအောင် နေရမယ်ဆိုရင်လည်း နေရမှာပေါ့" ဟု ဆိုသည်။
လီဟန်ယီ၏ လွှမ်းမိုးလိုသော ပုံစံကို နောက်တစ်ကြိမ် ခံစားလိုက်ရသော်လည်း လီကျန့်ယီမှာမူ အလွန်ပင် လိမ္မာရေးခြားရှိဟန် ပေါ်နေဆဲဖြစ်သည်။
"ဟွန့်"
"ငါ အမေနဲ့ လဲ့ဝူကျဲကို သွားတွေ့ဦးမယ်"
လီကျန့်ယီ၏ တုံ့ပြန်မှု့ကို မြင်ပြီးနောက် လီဟန်ယီသည် ရေခဲမြစ်ဓားကို ဆွဲထုတ်ရန် မကြိုးစားတော့ပေ။မဟုတ်ပါက ဤလူဆိုးလေးသည် သူ၏ဓားနှင့်အတူ တကယ်ကြီး ထွက်သွားပေလိမ့်မည်။သူမသည် ဓားကို သတ်ပစ်ချင်စိတ် ပေါက်သွားသည်။
မရဏဓား "..."
ဘာလို့ အေးစိမ့်စိမ့် ဖြစ်သွားတာလဲ၊ ဝိညာဉ်ဓားရဲ့ ဝိညာဉ်တောင် တုန်ယင်သွားရသည်။
........
ဓားခန်းမဆောင်။
လီဟန်ယီသည် စစ်ကုန်းချန်းလျော့နှင့် အခြားသူများကို ဓားခန်းမအတွင်း ခေါ်လာသည်။ ဓားဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် လီဟန်ယီသည် ငါးနှစ်နီးပါးအရွယ် ရှိပြီဖြစ်သော သူမ၏ ထုံအအ မောင်လေး လဲ့ဝူကျဲသည် ဝူဖန်းလက်သီး ကျင့်နေသည်ကို တွေ့လိုက်ရသည်။
"လဲ့ဝူကျဲ... ဒီကိုလာဦး၊ မင်းကို သူငယ်ချင်း နှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်" လီဟန်ယီသည် စစ်ကုန်းချန်းလျော့နှင့် ကျီရွယ်တို့ကို လဲ့ဝူကျဲ၏ ဘေးသို့ ခေါ်ဆောင်သွားသည်။
"အစ်မ" လဲ့ဝူကျဲ၏ ရိုးသားဖြူစင်သော မျက်လုံးဝိုင်းကြီးများသည် သူ၏အစ်မကို မြင်သောအခါ ဝိုင်းစက်သွားသည်။
"အင်း... ဒီချစ်စရာကောင်းတဲ့ ညီမလေးက ချန်းလျော့၊ နောက်ပြီး ဒီဉာဏ်ကောင်းပုံရတဲ့ အစ်မကတော့ ကျီရွယ်ပဲ" ဟု လီဟန်ယီက လဲ့ဝူကျဲကို မိတ်ဆက်ပေးလိုက်သည်။
"ညီမလေး ချန်းလျော့၊ အစ်မ ကျီရွယ်လား" လဲ့ဝူကျဲသည် သူတို့နှစ်ဦးကို ထုံအအ အပြုံးဖြင့် ပတ်ကြည့်လိုက်ပြီးနောက် "အကယ်လို့ ကျွန်တော်က အဲ့ဒီလို ညီမလေး ဒါမှမဟုတ် အစ်မကို တစ်ချက် ထိုးလိုက်မယ်ဆိုရင် သူတို့တွေ အကြာကြီး ငိုနေလောက်လားစ " ဟု ပြောလိုက်သည်။
စစ်ကုန်းချန်းလျော့"...."
ကျီရွယ် "...."
လီဟန်ယီ "..."
"မင်း တော်တော်ဆိုးတာပဲ လဲ့ဝူကျဲ၊ ဘယ်သူက မင်းကို အဲ့ဒီလို ပြောဖို့ သင်ပေးလိုက်တာလဲ" လီဟန်ယီသည် လပေါင်းများစွာ မတွေ့ရသည့် သူမ၏ ထုံအအ မောင်လေးက ထိုသို့ စကားပြောရဲသည်ကို မြင်သောအခါ တရားမျှတမှု့အတွက် သူမ၏ မောင်အရင်းကိုပင် ပြန်လည် တိုက်ခိုက်တော့မည့် ပုံပေါက်နေသည်။
"အစ်မ... အစ်မ၊ စိတ်မဆိုးပါနဲ့၊ လဲ့ဝူကျဲက ဒါကို မိုးကြိုးတံခါးမှာ သင်လာတာ" လဲ့ဝူကျဲသည် သူ၏အစ်မကို ကြောက်သဖြင့် အမှန်အတိုင်း အမြန်ပြောလိုက်သည်။
"မိုးကြိုးတံခါး၊ သူတို့က သေချာ မသင်ပေးဘူးပေါ့လေ၊ ငါ တစ်နေ့ကျရင် မိုးကြိုးတံခါးကို သွားပြီး သူတို့ကို ဆုံးမဦးမှ ဖြစ်တော့မယ်"လီဟန်ယီ၏ လှပသော မျက်လုံးများမှာ အနည်းငယ် မှေးစင်းသွားသည်။
ထို့နောက် သူမ၏ ထုံအအ မောင်လေးကို "မြန်မြန်... ညီမလေး ချန်းလျော့နဲ့ အစ်မကျီရွယ်ကို တောင်းပန်လိုက်စမ်း၊ မဟုတ်ရင် အစ်မက မင်းကို ရိုက်မိတော့မယ်" ဟု ပြောလိုက်သည်။
"ညီမလေး ချန်းလျော့၊ အစ်မကျီရွယ်... ကျွန်တော် တောင်းပန်ပါတယ်" လဲ့ဝူကျဲသည် ခေါင်းငုံ့ကာ ရိုးရိုးသားသား တောင်းပန်လိုက်သည်။
"ရ... ရပါတယ်" ဖုန်းချူးယွီ၏ သွန်သင်မှု့ကြောင့် စစ်ကုန်းချန်းလျော့နှင့် ကျီရွယ်တို့သည် အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပြီး ဗဟုသုတ ကြွယ်ဝကြသူများ ဖြစ်ကြသည်။
"ဒါနဲ့ လဲ့ဝူကျဲ... ဒါက မင်းရဲ့ ဒေါ်ဒေါ် ဖုန်းချူးယွီ၊ ပြီးတော့ ဒါက မင်းရဲ့ ဒေါ်ဒေါ် ရွဲ့ယောင်နဲ့ ဒေါ်ဒေါ် ရွဲ့ရှင်းတို့ပဲ။ သူတို့နဲ့လည်း ရင်းနှီးအောင် လုပ်ထားဦး၊ သူတို့ အားလုံးက အရမ်းလှကြတာ"
"မင်း ကြီးလာတဲ့အခါ သူတို့ကို မင်းအတွက် ဇနီးလောင်း ရှာပေးဖို့ အကူအညီ တောင်းလို့ရတာပေါ့" ထို့နောက် လီဟန်ယီသည် လဲ့ဝူကျဲကို ဖုန်းချူးယွီတို့နှင့် မိတ်ဆက်ပေးရန် ခေါ်သွားသည်။
ဖုန်းချူးယွီနှင့် အခြားသူများသည် လီဟန်ယီ၏ မောင်လေးကို မြင်သောအခါ မျက်နှာကို လက်ဖြင့်အုပ်ကာ မရယ်ဘဲ မနေနိုင်ဖြစ်သွားကြသည်။
"စီနီယာဟန်ယီ... မင်းမောင်လေးရဲ့ စရိုက်က မင်းနဲ့ တကယ့်ကို တခြားစီပဲနော်"
"ကျွန်မမောင်လေးက အဖေနဲ့တူပြီး ကျွန်မက အမေနဲ့တူတာလေ၊ ဒါကြောင့် ကွဲပြားတာပေါ့" ဟု လီဟန်ယီက ဆိုသည်။
"တကယ်ပဲ"
ဖုန်းချူးယွီနှင့် အခြားသူများသည် ဓားခန်းမဆောင်ရှေ့တွင် ထိုင်နေသော သက်လတ်ပိုင်း အလှနတ်သမီးကို လှမ်းကြည့်လိုက်ကြသည်။ သူမသည် အမှန်တကယ်ပင် လီဟန်ယီနှင့် အတော်လေး ဆင်တူပေသည်။
"မိန်းကလေးဖုန်း... မိန်းကလေးရွဲ့၊ အားလုံးက ဧည့်သည်တွေပဲ၊ ကျေးဇူးပြုပြီး ထိုင်ကြပါဦး" လီရှင်းယွဲ့သည် သူမ၏ သမီးက သူငယ်ချင်းများကို အိမ်သို့ ခေါ်လာသည်ကို မြင်သောအခါ နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။
"ဒါနဲ့ ဟန်ယီ... ယီယီရော ဘယ်မှာလဲ၊ သူ မင်းနဲ့အတူ ပြန်မလာဘူးလား" လီကျန့်ယီကို မတွေ့ရသဖြင့် လီရှင်းယွဲ့က လီဟန်ယီကို ကြည့်ကာ မေးလိုက်သည်။
"သူက အဖိုးဆီ သွားတယ် ထင်တယ်" ဟု လီဟန်ယီက ပြန်ဖြေသည်။
"အဖိုးဆီလား၊ ဟုတ်သားပဲ... ယီယီက အဖေရဲ့ တပည့်ပဲဆိုတော့ ပြန်ရောက်ရောက်ချင်း ဆရာကို အရင်သွားနှုတ်ဆက်ရမှာပေါ့" လီရှင်းယွဲ့က ခဏမျှ စဉ်းစားပြီးမှ ဖြစ်သင့်သည်ဟုထင်သည်။
.......
ဓားဆွေးနွေးရာဆောင်အတွင်းတွင် လီဆူးဝမ်သည် ဓားနှလုံးဂူဗိမာန်နှင့် ပတ်သက်သော ကိစ္စရပ်များကို ကိုင်တွယ်နေသည်။
သူသည် အလုပ်များကို ကျွမ်းကျင်စွာဖြင့် လျင်မြန်စွာ အဆုံးသတ်ပြီး ပိုင်ရှောင်တန်ထံမှ ပေးပို့လာသော သတင်းစကားကို ယူဖတ်လိုက်ပြီးနောက် အရာအားလုံးကို နားလည်သွားသည်။
ထိုစဉ်မှာပင် လီကျန့်ယီသည် ဓားဆွေးနွေးရာဆောင်သို့ ရောက်ရှိလာပြီး လီဆူးဝမ်ကို ကြည့်ကာ "ဆရာ... အလုပ်တွေ ပြီးပြီလား" ဟု မေးကာ နှုတ်ဆက်သည်။
"အင်း"
သူ့မြေးမလေးကို အကြာကြီး ပစ်မှားနေခဲ့သော သူ၏ တပည့်ကောင်းလေးကို ကြည့်ရင်း လီဆူးဝမ်မှာ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။
"ယီယီ... မင်း ပြောပြောနေတဲ့ အဖြုန်းတီးဆုံး မိန်းကလေးဆိုတာ ငါ့ရဲ့ ဟန်ယီဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝကို မထင်ထားခဲ့ဘူး"
ဟန်ယီက ကောင်းကင်တက်လှေကားမျှော်စင်ကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့တာကို ဆရာက သိနေပြီပဲ။ လီဆူးဝမ်သည် သံသယ၊ စိတ်သက်သာရာရမှု့နှင့် ပျော်ရွှင်မှု့တို့ ရောပြွမ်းနေသော ရှုပ်ထွေးသည့် အမူအရာဖြင့် လီကျန့်ယီကို ကြည့်လိုက်သည်။
သံသယဖြစ်စရာကောင်းသည်မှာ လီကျန့်ယီက အနာဂတ်ကို မည်သို့ ကြိုမြင်နိုင်သနည်းဟူသော အချက်ကြောင့်ဖြစ်ပြီး၊ စိတ်သက်သာရာရရသည်မှာ လီဟန်ယီ၏ နောက်ဆုံးသံသယ ပျောက်ကွယ်သွားကာ နောင်တွင် လီကျန့်ယီနှင့်အတူ ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်တော့မည်ဟု အသေအချာ သိလိုက်ရသောကြောင့် ဖြစ်သည်။
သူ ပျော်ရွှင်ရသည်မှာ လီဟန်ယီနှင့် လီကျန့်ယီတို့သည် အတူရှိနေကြသဖြင့် သူတို့မှာ မိသားစုဝင်များအဖြစ် ဆက်ရှိနေဦးမည် ဖြစ်သောကြောင့်ပင်။
အခန်း ၁၆၅ နောက်ဆုံးလက်ကျန် ဖုံးကွယ်စရာလေးပေါ်သွားပြီ
"နှမြောစရာပဲ၊ မင်းရဲ့ အနာဂတ်ဇနီးအတွက် ငါစုထားတဲ့ ငွေသောင်းဂဏန်းကို သုံးခွင့်ရတော့မှာ မဟုတ်ဘူး ထင်တယ်"
လီဆူးဝမ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က အမှာစာများကို မနားမနေ လက်ခံပြီး ငွေများကို စုဆောင်းခဲ့သော်လည်း ထိုအဖြုန်းတီးဆုံး မိန်းကလေးမှာ သူ၏မြေးမလေး ဖြစ်နေကြောင်း သိလိုက်ရသောအခါ အလွန်ပင် အံ့သြသွားရသည်။ ဤသည်မှာ တကယ့်ကို ထူးဆန်းလှပေသည်။
"ဆရာ... အဲ့ဒီငွေတွေကို ဘယ်လောက်တောင် ကောင်းကောင်းသုံးလို့ရမလဲဆိုတာ နောက်ကျရင် တွေ့ရမှာပါ" လီကျန့်ယီက လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ပြောလိုက်သည်။
လီဆူးဝမ်"..."
"ကောင်းပြီလေ၊ ကောင်းပြီ၊ ဟန်ယီက မျှော်စင်ကို တစ်ခါ ဖျက်ဆီးပြီးပြီပဲ၊ ဒုတိယအကြိမ် ထပ်ဖြစ်ဦးမယ်လို့ ငါမယုံဘူး"
"ငါ့ရဲ့ ဟန်ယီက အဖြုန်းတီးဆုံး မိန်းကလေး မဟုတ်ပါဘူး"
"ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ရမယ်"
"ယီယီ... မင်းက တကယ်ပဲ ဟန်ယီကို မယုံကြည်တာလား၊ သူမက ငါ့ရဲ့ မြေးမလေးပဲ၊ သူမရဲ့ စရိုက်ကို ငါမသိဘဲ နေမလား" လီဆူးဝမ်သည် လီဟန်ယီက အမှားဟောင်းကို ဒုတိယအကြိမ် ထပ်မံကျူးလွန်လိမ့်မည်ဟု မယုံကြည်ပေ။
"ဒါဆိုရင် ဆရာ... ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့" လီကျန့်ယီက ယုံကြည်မှု့အပြည့်ဖြင့် ပြုံးလိုက်၏။
လီဆူးဝမ် "..."
"မလုပ်ပါနဲ့"
"မင်းရဲ့ ယုံကြည်မှု့တွေက ငါ့ကို ကျောချမ်းစေတယ်"
"မဖြစ်ဘူး၊ ကောင်းကင်တက်လှေကားကို ထပ်ပြီးမဖျက်ဆီးဖို့ ငါ ဟန်ယီကို သွား သတိပေးရမယ်"
သူ လျှို့ဝှက်ပြီးစုထားသော ပိုက်ဆံများသည် အမှန်တကယ်ပင် ကြာရှည်ခံတော့မည် မဟုတ်ပေ။
"ငါ အခုပဲ ဟန်ယီကို သွားသတိပေးလိုက်ဦးမယ်" လီဆူးဝမ်သည် ချက်ချင်းပဲ မတ်တပ်ရပ်ကာ ဓားခန်းမဆီသို့ ဦးတည် သွားပါတော့သည်။ခဏအကြာတွင် လီဆူးဝမ်သည် ဓားခန်းမဆောင်အတွင်းရှိ သူ၏မြေးမလေးကို တွေ့လိုက်ပြီး သူမသည် ပိုမိုရင့်ကျက်ပြီး လှပလာသည်ကို သတိထားမိသည်။
သူမသည် ငယ်စဉ်ကတည်းက အလှလေးတစ်ဦး ဖြစ်ခဲ့သဖြင့် သူမပိုလှလာသည်မှာ မထူးဆန်ပေ။ ထို့ ကြောင့်လည်း သူ၏တပည့် လီကျန့်ယီက သူမကို ငယ်ငယ်ကတည်းက ခိုးကြိုက်သည်မှာ ဖြစ်သင့်လေသည်။
"ဟန်ယီ..." လီဆူးဝမ်က ခေါ်လိုက်သည်။
"အဖိုး" လီဟန်ယီက ဇဝေဇဝါ အမူအရာဖြင့် လီဆူးဝမ်ကို ကြည့်လိုက်သည်။
"အင်း... ဒီကိုလာပါဦး မြေးမလေး။ အဖိုးက မြေးကို ပြောစရာ ရှိလို့" လီဆူးဝမ်က တည်ကြည်စွာ ဆိုသည်။
"ဟုတ်ကဲ့ " လီဟန်ယီသည် အဖိုးဖြစ်သူ ဘာပြောမည်ကို သိလိုသဖြင့် ပျော်ရွှင်သွက်လက်စွာပင် သွားလေသည်။
"ဟန်ယီ... ထိုင်ပါဦး"
လီဆူးဝမ်က သူ၏ဘေးရှိ ကုလားထိုင်ကို ညွှန်ပြလိုက်သဖြင့်
လီဟန်ယီသည် မဆိုင်းမတွဘဲ ထိုင်လိုက်ပြီးနောက် လီဆူးဝမ်ကို သိချက်ပြင်းပြစွာ ကြည့်သည်။
"မျှော်စင်ကိစ္စကို အဖိုးက သိပြီးပြီ။ ဟန်ယီ... မြေးလေးရဲ့ ဓားချက်တစ်ချက်က ငွေပြား သုံးသောင်းတောင် ကုန်သွားတာပဲ၊အဖိုးဆီမှာ ယီယီရဲ့ ဇနီးအတွက် မင်္ဂလာလက်ဆောင် စုထားတာတွေ ရှိနေသေးတယ်ဆိုပေမဲ့ မြေးရဲ့ နောက်ထပ်ဓားချက်ကိုတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး"
"ဒါကြောင့် ဟန်ယီ... နောက်တစ်ခါ တစ်ယောက်ယောက်က မြေးကို လာစိန်ခေါ်ရင် ဓားမထုတ်ပါဘူးလို့ အဖိုးကို ကတိပေးနိုင်မလား" လီဆူးဝမ်က လီဟန်ယီကို တောင်းဆိုသလို ကြည့်ပြီးပြောသည်။
လီဟန်ယီ "..."
လီဟန်ယီ၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် "အဖိုး... အဖိုး၊ စိတ်မပူပါနဲ့၊ ကျွန်မ... ကျွန်မ အဖြုန်းတီး မလုပ်တော့ပါဘူး" ဟု ဆိုသည်။
"သက်သေတွေက မင်းရှေ့မှာပဲ ရှိနေတာပဲ ဟန်ယီ၊ မင်း အဖိုးကိုသာ ကတိပေး ဟုတ်ပြီလား" လီဆူးဝမ်သည် အဖြေတစ်ခုကိုသာ ကြားချင်နေခြင်းဖြစ်ပြီး ဆင်ခြေဆင်လက်များကို ထပ်မံ မကြားလိုတော့ပေ။
"ဟုတ် ...ဟုတ် ဒါဆိုရင်... ဒါဆိုရင် နောက်တစ်ခါ ဓားမထုတ်တော့ပါဘူး" လီဟန်ယီက ရှက်သွေးဖြာလျက် ခေါင်းညိတ်ပြလိုက်သည်။
သူမသည် အဖြုန်းတီးဆုံး မိန်းကလေး မဖြစ်နိုင်ဟု အရင်က ပြောခဲ့ဖူးသည်။သို့သော် အမှန်တကယ်တွင်မူ သူမသည်သာ ထိုအဖြုန်းတီးဆုံး မိန်းကလေး ဖြစ်နေခဲ့သည်။ ဤအရာကို သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"ကောင်းပြီ၊ မင်းကိုယ်တိုင် ကတိပေးတာနော် ဟန်ယီ" လီဆူးဝမ်သည် နောက်ဆုံးတော့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။
ဤထူးဆန်းသော စကားဝိုင်းကို ကြားလိုက်ရသဖြင့် လီရှင်းယွဲ့က ဇဝေဇဝါဖြင့် "အဖေ... ဟန်ယီကို ဘာလို့ အဲ့ဒီလိုတွေ ပြောနေရတာလဲ" ဟု မေးလိုက်သည်။
"ရှင်းယွဲ့... ဒါကို ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့"
လီဆူးဝမ်သည် ပိုင်ရှောင်တန်ထံမှ စာကို လီရှင်းယွဲ့ထံသို့ ပစ်ပေးလိုက်သည်။
လီရှင်းယွဲ့သည် စာကို ဖတ်လိုက်သည်နှင့် ချက်ချင်းပင် အံ့အားသင့်သွားတော့သည်။လီဆူးဝမ် စာကို စတင်ဖတ်စဉ်ကအတိုင်းပင်။
"ထိတ်လန့်ဖွယ်ရာ အတွင်းသတင်း"
"ဓားနှလုံးဂူဗိမာန်ရဲ့ ဆက်ခံသူ လီကျန့်ယီ အဲ့ဒီတုန်းက ပြောခဲ့တဲ့ စကားကို ဘယ်သူ မှတ်မိသေးလဲ၊ သူက အဖြုန်းတီးဆုံး မိန်းကလေးတွေကို နှစ်သက်တယ်လို့ ပြောခဲ့တာလေ"
ဤကိစ္စသည် ထိုစဉ်က ဗိမာန်သခင်လီကို အလွန်ပင် စိုးရိမ်ပူပန်စေခဲ့သည်ဟု ဆိုကြသည်။
သို့သော် ယနေ့တွင် ဝူဆောင်မြို့တော်မှ အကြီးအကဲ ဆုန့်ယန့်ဟွေးက ရွှေလမြို့တော်၏ နတ်ဓားရှင် လီဟန်ယီကို စိန်ခေါ်ခဲ့ရာတွင်၊ဒုတိယ မြို့တော်သခင်မက ကောင်းကင်တက်လှေကားမျှော်စင်ကို ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။မျှော်စင်၏ ပြုပြင်စရိတ်မှာ ငွေပြား သောင်းဂဏန်းအထိ ရှိပေသည်။
ဤသည်မှာ ဓားနှလုံးဂူဗိမာန်မှ သခင်လေးလီ ပြောခဲ့သော "ဓားတစ်ချက်တည်းနဲ့ ရွှေစစ်စစ် သောင်းဂဏန်းအထိ ဖြုန်းတီးနိုင်တဲ့ မိန်းကလေးကို ငါနှစ်သက်တယ်" ဆိုသည့် စကားကို သက်သေပြလိုက်ခြင်းဖြစ်နေသည်။
ပိုင်ရှောင်တန်၏ သတင်းများ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် သိုင်းလောကတစ်ခုလုံး ထိတ်လန့်သွားကြသည်။လီကျန့်ယီ ဤစကားကို ပြောစဉ်က လီဟန်ယီ မျှော်စင်ကို ဖျက်ဆီးခဲ့သည့် နေ့နှင့်တွက်ကြည့်ပါက အနည်းဆုံး ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် ကြိုတင်နေခဲ့ခြင်း ဖြစ်သည်။
● အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေကို ငါးနှစ်၊ ခြောက်နှစ်လောက် ကြိုမြင်နိုင်တဲ့ လီကျန့်ယီဟာ ဘယ်လောက်တောင် ထူးခြားလိုက်သလဲ။ချင်းချန်တောင်ကုန်း၏ အကြီးအကဲ လုစုကျန်းပင်လျှင် ဤမျှ တိကျသော တွက်ချက်မှုမျိုးကို မလုပ်နိုင်ပါပေ။
စာကို ဖတ်ပြီးနောက် လီရှင်းယွဲ့သည် သူမ၏ လိမ္မာသော သမီးလေး လီဟန်ယီကို တစ်ချက် ကြည့်လိုက်ပြီးနောက် လီဆူးဝမ်နောက်မှ ဓားခန်းမဆောင်အတွင်းသို့ ဝင်လာသော လီကျန့်ယီကိုပါ လှမ်းကြည့်လိုက်သည်။
"ကောင်းပြီလေ၊ ကောင်းပြီ"
"သမီးရော၊ တူဖြစ်သူ တပည့်လေးရော... တစ်ယောက်မှ မလွယ်ကြဘူးပဲ"
"ငါ့သမီးကလည်း ဒီလောက်တောင် အဖြုန်းကြီးရသလား"
"ငါ့ရဲ့ တူလေးကလည်း ငယ်ငယ်လေးကတည်းက ငါ့သမီးကို မျက်စိကျနေခဲ့တာကိုး"
ငါ့ကိုတွေ့ရင် "စီနီယာအစ်မ" လို့ မခေါ်ဘဲ "အဒေါ်လီ" လို့ပဲ ဘာလို့ အမြဲခေါ်နေရတာလဲဆိုတာ အခုမှ နားလည်တော့တယ်။
မင်းက အဲ့ဒီတုန်းကတည်းက အားလုံးကို ကြိုတင်စီစဉ်ထားခဲ့တာပေါ့ ဟုတ်လား။အဒေါ်လီတဲ့... မင်း ငယ်ငယ်က အစားကြူးခဲ့တာတွေက ကလေးဆန်တာလို့ ငါထင်ခဲ့ပေမဲ့ တကယ်တော့ ငါ့ရဲ့ ဟန်ယီလေးကို ရဖို့အတွက် တမင်တကာ လုပ်ခဲ့တာပဲ မဟုတ်လား။
"ရှူး..."
ထိတ်လန့်ဖွယ်ရာ အမှန်တရားများကို သိရှိပြီးနောက် လီရှင်းယွဲ့သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ယီယီ... ဟန်ယီ၊ မင်းတို့နှစ်ယောက်ကတော့ အမေ့ကို တကယ့်ကို အံ့သြစေတာပဲ" လီရှင်းယွဲ့သည် လီကျန့်ယီနှင့် လီဟန်ယီတို့ကို ကြည့်ကာ မယုံနိုင်သလို ခံစားနေရသည်။
သူမ၏သမီးသည် ဤမျှ ဖြုန်းတီးတတ်သူ မဟုတ်သင့်သော်လည်း ယခုမူ အလွန်ပင် လွန်ကဲသွားခဲ့ပြီ ဖြစ်သည်။
ကလေးဘဝက အလွန်လိမ္မာသော လီကျန့်ယီသည်လည်း အမှန်တကယ်တွင် အလွန်ပင် ပါးနပ်ကာ အစီအစဉ် ကျနလွန်းလှပေသည်။
သူက လူလည်လေးပဲ၊ ဟန်ယီကို ငယ်ငယ်ကတည်းကကြံ နေတာခဲ့တာပဲ။
"အမေ..." လီဟန်ယီက ရှက်သွေးဖြာလျက် ချွဲလိုက်သည်။
"ရှက်နေတုန်းလား၊ အဖိုးပြောတဲ့ စကားကို မှတ်ထားပါ၊ နောက်ဆို သူများနဲ့ ယှဉ်ပြိုင်တဲ့အခါ ဓားမထုတ်နဲ့တော့"
"လူသတ်ဖို့ဆိုရင်တော့ တစ်မျိုးပေါ့" လီရှင်းယွဲ့က စိတ်မရှည်စွာ ဆုံးမလိုက်သည်။ဓားချက်တစ်ချက်တည်းနဲ့ ရွှေသောင်းဂဏန်းအထိ ကုန်အောင် လုပ်နိုင်တဲ့ သမီးမျိုး ဘယ်မှာရှိလို့လဲ။
"အမေ... သမီး တမင်လုပ်တာ မဟုတ်ပါဘူး၊ နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်" လီဟန်ယီသည် သူမ၏ လှပသော မျက်နှာလေး နီမြန်းလျက် အမြန် ကတိပေးလိုက်သည်။
"ဟမ် ဟန်ယီ... မင်းက နောက်တစ်ခါ ရှိချင်သေးလို့လာ" လီရှင်းယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"ဟင့်အင်း... သမီး မလုပ်ရဲတော့ပါဘူး..." လီဟန်ယီက အားနည်းစွာ ခေါင်းခါလိုက်သည်။
"အဲ့လိုမှပေါ့ ၊ နောက်တစ်ယောက်ကတော့ မင်းပဲ ယီယီ" လီရှင်းယွဲ့သည် ဘေးတွင် ရပ်နေသော လီကျန့်ယီကို လှည့်ကြည့်လိုက်သည်။
"ပြောစမ်းပါ ငယ်ငယ်တုန်းက မင်း ငါ့ကို 'စီနီယာအစ်မ' လို့ မခေါ်ဘဲ 'အဒေါ်လီ' လို့ တမင်တကာ ခေါ်ခဲ့တာ မဟုတ်လား" လီရှင်းယွဲ့က မျက်မှောင်ကြုတ်ကာ မေးသည်။ လီဟန်ယီက မျက်မှောင်ကြုတ်ရတာကို ဘာလို့ ဒီလောက် ကြိုက်နေရသလဲဆိုတာ အခုမှ သိတော့သည်။ သူမ ယောက္ခမဆီက သင်ထားတာကိုး။
"ဟုတ်ကဲ့" လီကျန့်ယီက ငြင်းဖို့စိတ်ကူးမရှိသဖြင့် ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ ယီယီ... မင်းက အဒေါ်လီကို တကယ်ကို အထင်ကြီးစေတာပဲ" လီရှင်းယွဲ့သည် နောက်ဆုံးအဖြေကို ရရှိသွားပြီးနောက် "ကောင်းပြီ" ဟုသာ ထပ်ခါတလဲလဲ ပြောနိုင်ပါတော့သည်။
ကျန်တာတွေကိုတော့ သူမ ဘာပြောနိုင်ဦးမှာလဲ။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ယီယီက သူမရဲ့ သမက် တကယ်ဖြစ်လာတော့မှာပင် မဟုတ်လား။ဆန်က ထမင်းဖြစ်လုနီးပါး ဖြစ်နေပြီဆိုတော့ သူမ ဘာတတ်နိုင်ဦးမှာလဲ။
"အဲ့ဒီတုန်းက အဖေက အမေကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့တဲ့ အစီအစဉ်ထက် ကျွန်တော်ရဲ့ အစီအစဉ်က နည်းနည်းလေး ပိုပြီး အသေးစိတ်ကျသွားရုံပါ" လီကျန့်ယီက ရှက်ပြုံးလေးဖြင့် ပြောလိုက်သည်။
"အဖေ အစီအစဉ်ထက် နည်းနည်းလေး ပိုပြီး ပါးနပ်သွားရုံပါပဲ"
"ယီယီ... မင်းရဲ့ ရိုးသားတဲ့အဖေကို မြှောက်ပင့်မနေပါနဲ့၊ သူကတော့ ဗြောင်ကျကျပဲ ပိုးပန်းခဲ့တာ သူက မင်းရဲ့ ပါးနပ်တဲ့ နည်းလမ်းတွေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး" လီရှင်းယွဲ့က ငယ်စဉ်ကတည်းက သူမ၏သမီးကို မျက်စိကျနေခဲ့သော လီကျန့်ယီကို မျက်စောင်းထိုးပြီး ပြော၏။
"အမေကလည်း မြှောက်ပင့်နေပြန်ပြီ" လီကျန့်ယီသည် အမှန်တရားများ ပေါ်ပေါက်သွားပြီးနောက် ပို၍ပင် ရှက်သွားသည်။
"ဟွန်း..အဲ့ဒီတုန်းကသာ ငါဒါကို သိခဲ့ရင် မင်းကို လဲ့ဝူကျဲကို ရိုက်သလိုမျိုး ကောင်းကောင်း ဆုံးမလိုက်မှာ၊ ဒါပေမဲ့ အခုတော့ ထားလိုက်ပါတော့ နောက်ဆို ဟန်ယီနဲ့ပဲ ကောင်းကောင်းမွန်မွန် နေထိုင်သွားကြပါ" လီရှင်းယွဲ့သည် ကလေးနှစ်ယောက်၏ နီးကပ်လာသော မင်္ဂလာရက်မြတ်ကို စဉ်းစားရင်း အတိတ်က ကိစ္စဟောင်းတွေကို ပြန်မဖော်ချင်တော့ပေ။
"ဟုတ်ကဲ့ပါ" လီကျန့်ယီက နာခံစွာ ခေါင်းညိတ်သည်။