← Chapters

အခန်း (၁၆၆-၁၇၀)

Vol. 17 Ch. 166-170

အခန်း (၁၆၆-၁၇၀)

Vol. 17 Ch. 166-170

အခန်း ၁၆၆ အတိတ်က ဖြစ်ရပ်များ

"လဲ့ဝူကျဲ... ဒီကိုလာပါဦး၊ မိန်းက‌လေးကို ဘယ်လိုပိုးပန်းရမလဲဆိုတာ မင် ယောက်ဖဆီက သင်ယူလိုက်ဦး။ ဒါဆိုရင် မင်းလည်း မိန်းမရမှာကို စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့"

လီကျန့်ယီအကြောင်း ပြောဆိုပြီးနောက် လီရှင်းယွဲ့သည် လဲ့ဝူကျဲကို လှမ်းခေါ်လိုက်သည်။

"မေမေ... သားက ဘာလို့ပိုးပန်းတဲ့နည်းတွေကို သင်ရမှာလဲ" လဲ့ဝူကျဲက ရိုးသားစွာ မေးလိုက်သည်။

"လူအ‌လေး ၊ မင်းရဲ့ ယောက်ဖက တကယ်ကို ပါးနပ်တဲ့သူပဲ၊ ဓားနှလုံးဂူဗိမာန်ထဲက ခွေးတွေတောင် သူ့ရဲ့ အကြံအစည်ထဲမှာ ပါဝင်နေမယ်လို့ ငါလောင်းရဲတယ်" လီရှင်းယွဲ့က လဲ့ဝူကျဲအား လီကျန့်ယီ၏ ပညာများထဲမှ ဆယ်ပုံတစ်ပုံ၊ အပုံနှစ်ဆယ်ပုံတစ်ပုံခန့်လောက်ပင် ဖြစ်စေ သင်ယူနိုင်စေရန် မျှော်လင့်ချက်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။လီကျန့်ယီ၏ အကွက်ကျကျလှုပ်ရှားမှု့များမှာ အလွန်ပင်နည်းစနစ်ကျသည်ဟု သူမတွေးမိသည်။

သူမ၏ခင်ပွန်း လဲ့မုန့်ရှား ထိုစဉ်က သူမကို ပိုးပန်းခဲ့သလိုမျိုးတော့ မလုပ်စေချင်ပေ။ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများ ပြောင်းလဲသွားပြီဖြစ်ရာ အလှနတ်သမီးများကို ပိုးပန်းရန်မှာ ထိုမျှ မလွယ်ကူတော့သောကြောင့်ပင်။

"ယောက်ဖက အဲ့ဒီလောက်တောင် ဆိုးတာလား၊ သူက ခွေးကိုတောင် အကြံအစည်ထဲ ဆွဲထည့်တာလား" လဲ့ဝူကျဲသည် ကြည်လင်ဝိုင်းစက်သော မျက်လုံးများဖြင့် လီကျန့်ယီကို စိုက်ကြည့်လိုက်သည်။

"လဲ့ဝူကျဲ... မင်းက အနာဂတ်ယောက်ဖကို ဘယ်လိုပြောလိုက်တာလဲမင်း တကယ်ပဲ မိန်းမ မလိုချင်တော့ဘူးလား" လီကျန့်ယီသည် လဲ့ဝူကျဲထံသို့ လျှောက်သွားပြီး သူ၏ခေါင်းကို အသာအယာ ထုလိုက်သည်။

သို့သော် ထိုသို့ ထုခြင်းမှာ အလွန်ပင် ပေါ့ပါးလှသဖြင့် ယားကျိကျိဖြစ်ရုံမျှသာ ရှိပေသည်။

"ဟမ်…လဲ့ဝူကျဲက မိန်းမမလိုချင်ဘူး"

"မိန်းမတွေက တစ်ချက်လောက် ထိုးလိုက်ရင် အကြာကြီး ငိုနေမှာ မဟုတ်လား" လဲ့ဝူကျဲက အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။

လီဟန်ယီ ”...."

ဖုန်းချူးယွီ "...."

ရွဲ့ယောင် "...."

လီရှင်းယွဲ့ "...."

"အဲ့လိုလား ဒါဆို အမေဆီက လက်ဝါးတစ်ချက်လောက် အရင်လက်ခံလိုက်ပါအုန်း "

လီရှင်းယွဲ့သည် အလွန်အမင်း ဒေါသထွက်သွားသဖြင့် လဲ့ဝူကျဲ၏ တင်ပါးကို ဆွဲကိုင်ကာ စတင်ရိုက်နှက်ပါတော့သည်။

လဲ့ဝူကျဲအား အော်ဟစ်ကာ အသနားခံလာသည်အထိ ရိုက်နှက်ပြီးနောက် လီရှင်းယွဲ့သည် မျက်မှောင်ကြုတ်ကာ အေးစက်စွာ ဆိုလိုက်သည် ။

"ဒီမိုးကြိုးတံခါးကတော့ ကောင်းတာ တစ်ခုမှ မသင်ပေးဘူး၊ ငါ့ရဲ့ လဲ့ဝူကျဲလေးကို ဖျက်ဆီးကုန်ပြီ"

"လဲ့မုန့်ရှားကသာ လဲ့ဝူကျဲကို ကောင်းကင်ဖျက်ဆီးဓားနဲ့အတူ ဟိုဘက်ကို ပို့ဖို့ အတင်းမပြောခဲ့ရင် ငါ့သားလေး ဒီလို အခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး"

"ဝါး... မေမေ ပြောတာမှန်တယ်၊ ဒါတွေအားလုံး မိုးကြိုးတံခါးကြောင့်ပဲ" လဲ့ဝူကျဲသည် နောက်ထပ် အရိုက်ခံရမည်ကို ကြောက်သဖြင့် အူကြောင်ကြောင် ပုံစံဖြင့် ထပ်ဆင့်ပြောလိုက်သည်။

"အဲ့ဒါကို သိရင် ပြီးတာပဲ၊ ချန်းလျော့နဲ့ ကျီရွယ်တို့နဲ့ အဆင်ပြေအောင် နေပါ။ မင်းအမေ နောက်တစ်ခါ အဲ့ဒီလိုစကား ထပ်ကြားရင်တော့ မင်းကို ထိုးမှာပဲ၊ ငါ တကယ် ထိုးမှာနော်" လီရှင်းယွဲ့က လဲ့ဝူကျဲကို မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။

"မေမေ... မေမေ၊ လဲ့ဝူကျဲ နောက်တစ်ခါ မလုပ်တော့ပါဘူး" ရိုးသားလှသော လဲ့ဝူကျဲလေးသည် သူ၏ပါးစပ်ကို အမြန်ပင် လက်ဖြင့် ပိတ်လိုက်သည်။

"ကဲ... နောက်ကျနေပြီ။ ငါ မင်းတို့အတွက် စားကောင်းသောက်ဖွယ်တွေ သွားပြင်ဆင်ပေးဦးမယ်" အပြင်ဘက်တွင် နေရောင်ခြည် တောက်ပနေပြီး နေ့လယ်စာစားချိန် ရောက်နေပြီဖြစ်သဖြင့် လီရှင်းယွဲ့သည် မီးဖိုချောင်သို့ ဝင်သွားပါတော့သည်။

သူမ ထွက်သွားပြီးနောက် ဗိမာန်သခင် လီဆူးဝမ်သည် ဓားနှလုံးဂူဗိမာန်ရှိ ကလေးများနှင့် ဧည့်သည်များကို ကြည့်ကာ ကျေနပ်ပီတိ ဖြစ်နေသည်။ဤမျှ စည်ကားသော ဓားနှလုံးဂူဗိမာန်မှာ တွေ့ရခဲလှပေရာ လီဆူးဝမ်သည် စည်ကားမှု့ကို အလွန်နှစ်သက်ပေသည်။

"ယီယီ... ခုနက အမေပြောတဲ့ စကားတွေထဲမှာ အံ့သြစရာတွေ အများကြီး ပါနေတယ်"

လီရှင်းယွဲ့ ထွက်သွားပြီးနောက် လီဟန်ယီသည် လီကျန့်ယီကို ကြည့်လိုက်ရာ သူမ၏ လှပသော မျက်လုံးများမှာ ထူးခြားသော အလင်းရောင်များ တောက်ပနေသည်။လီကျန့်ယီသည် သူမကို ငယ်စဉ်ကတည်းက စောင့်ကြည့်နေခဲ့သည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။ယခု သိလိုက်ရသည့်အခါတွင် သူမသည် စိတ်အနှောင့်အယှက်ဖြစ်ရမည့်အစား အလွန်ပင် ပျော်ရွှင်မိပါသည်။

"ဟန်ယီ... မင်း သိတာတွေ အရမ်းများနေပြီ၊ ဒါကြောင့် ငါက အရင် လက်ဦးမှု ယူရတော့မှာပေါ့" လီကျန့်ယီသည် လီဟန်ယီကို ပွေ့ကာ ဓားနှလုံးဂူဗိမာန်၏ အပြင်ဘက်သို့ တန်းတန်းမတ်မတ် ထွက်လာပြီး လီဟန်ယီ၏ နှုတ်ခမ်းနီနီလေးကို နမ်းလိုက်ပါတော့ည်။ ပတ်ဝန်းကျင်တွင် လူသူမရှိသဖြင့် လီဟန်ယီသည်လည်း စိတ်လက်ပေါ့ပါးစွာပင် ပြန်လည်တုန့်ပြန်သည်။ မဟုတ်ပါက သူမသည် လီကျန့်ယီကို ရှက်ရွံ့စွာဖြင့် တွန်းထုတ်မိပေလိမ့်မည်။

အချိန်အတော်ကြာနမ်းပြီး‌နောက် လီကျန့်ယီသည် ရှေ့မှ အလှလေးကို လွှတ်ပေးလိုက်ပြီး မေးလိုက်သည် ။

"ဟန်ယီ... မင်္ဂလာဖိတ်စာတွေကို ဘယ်သူတွေဆီ ပို့မလဲဆိုတာ စဉ်းစားပြီးပြီလား"

"စဉ်းစားပြီးပြီ" လီဟန်ယီသည် သူမနှင့် လီကျန့်ယီတို့ လက်ထပ်မည့်နေ့တွင် ဆွေမျိုး မိတ်သင်္ဂဟများဖြင့် ပြည့်နှက်ကာ စည်ကားသိုက်မြိုက်နေမည့် မြင်ကွင်းကို မျှော်လင့်နေမိသည်။

"ကောင်းပြီ၊ မင်းက ဖိတ်စာတွေ ရေးလိုက်ပါ၊ ငါက လိုက်ပို့ပေးမယ်" လီကျန့်ယီက ပြုံးလျက် ပြော၏။

"အင်း" လီဟန်ယီသည် လီကျန့်ယီ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းဖက်ကာ အနမ်းတစ်ချက် အသာအယာ ပေးလိုက်ပြီးမှ ဓားခန်းမသို့ မခွဲချင်ခွဲချင်ဖြင့် ပြန်သွားပါတော့သည်။

"ညီမလေး ချန်းလျော့၊ အစ်မကျီရွယ်... ယောက်ဖရဲ့ ဓားနှလုံးကျောက်ဆောင်ကို သွားကြည့်ချင်ကြလား၊ အဲ့ဒီမှာ ဆော့လို့ အရမ်းကောင်းတယ်"

ထိုနေရာတွင် သစ်သားဓားများစွာနှင့် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ကျောက်တုံးများစွာ ရှိသဖြင့် တကယ်ကို ပျော်စရာကောင်းလှပေသည်။

ဓားခန်းမသို့ ပြန်ရောက်သောအခါ လီကျန့်ယီသည် သူ၏ ယောက်ဖလေးမှာ သူ၏‌နေရာတွင် ကစားချင်နေမှန်း ကြားလိုက်သည်။

"တကယ်လား" စစ်ကုန်းချန်းလျော့မှာ အံ့သြသွားရသည်။

ကျီရွယ်သည်လည်း အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။သူမ ငယ်စဉ်ကလေးဘဝက ထိုနေရာသို့ ရောက်ဖူးသော်လည်း ထိုစဉ်က သူမမှာ နို့စို့ကလေးအရွယ်သာ ရှိသေးသဖြင့် မမှတ်မိသည်မှာ သဘာဝပင် ဖြစ်သည်။

"ငါ့နောက် လိုက်ခဲ့ကြ"

လဲ့ဝူကျဲသည် စစ်ကုန်းချန်းလျော့နှင့် အခြားသူများကို ခေါ်ဆောင်ကာ ဓားနှလုံးကျောက်ဆောင်ဆီသို့ ခပ်သွက်သွက် ပြေးသွားကြသည်။

ဖုန်းချူးယွီသည် ချန်းလျော့အတွက် အနည်းငယ် စိုးရိမ်သဖြင့် လီဟန်ယီနှင့် လီကျန့်ယီကို ကြည့်ကာ မေးလိုက်သည် ။

"ကလေးတွေ မင်းတို့ ကျင့်ကြံတဲ့ နေရာကို သွားကြတာ အဆင်ပြေပါ့မလား"

"ရပါတယ်၊ ကျွန်တော် သွားကြည့်လိုက်ပါ့မယ်"လီကျန့်ယီက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ ဓားနှလုံးကျောက်ဆောင်တွင် အရေးကြီးသည့်အရာ ဘာမှမရှိသောကြောင့် ဖြစ်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် အားလုံး အတူတူ သွားကြမလား" ဖုန်းချူးယွီသည် ရွဲ့ယောင်တို့နှင့် လီဟန်ယီကို လှမ်းကြည့်လိုက်သည်။

"ကောင်းတာပေါ့၊ ဆန်းကြယ်နတ်ခရီးအဆင့် ပညာရှင်က ဘယ်လို ပတ်ဝန်းကျင်မျိုးမှာ ကျင့်ကြံခဲ့တာလဲဆိုတာ ကျွန်မလည်း သိချင်မိတယ်" ရွဲ့ရှင်းသည် လဲ့ဝူကျဲတို့နောက်သို့ စိတ်ဝင်တစား လိုက်ပါသွားသည်။

မကြာမီတွင် သူတို့အုပ်စုသည် ဓားနှလုံးကျောက်ဆောင်သို့ ရောက်ရှိလာကြသည်။ဓားနှလုံးကျောက်ဆောင်ပေါ်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ကျောက်တုံးများစွာ ရှိနေသည်ကို အားလုံး တွေ့လိုက်ရသော်လည်း ထိုကျောက်တုံးများအားလုံးမှာ လေတိုက်ခတ်မှု့ကြောင့် ပြတ်တောက်နေသကဲ့သို့ ထင်ရပေသည်။

မျက်နှာပြင်ပေါ်တွင် ဖြတ်တောက်ခံထားရသော ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ဖုန်းချူးယွီသည် လီကျန့်ယီနှင့် လီဟန်ယီကို စပ်စုလိုသော အမူအရာဖြင့် ကြည့်လိုက်သည် ။

"ဒီကျောက်တုံးက ဘာလို့ လေနဲ့ ဖြတ်တောက်ခံထားရသလို ခံစားချက်မျိုး ပေးနေရတာလဲ"

"အဲ့ဒါကတော့ ကျွန်မ ပြောပြမယ်၊ ယီယီက ငယ်ငယ်ကဆို ဓားကို လျှပ်စစ်လိုပဲ အရမ်းမြန်တဲ့ ဓားချက်တွေကိုဝှေ့ယမ်းခဲ့တာ သူက ဓားနှလုံးကျောက်ဆောင်ပေါ်မှာ လေဆင်နှာမောင်းများကို မကြာခဏ ထုတ်လွှတ်လေ့ရှိတယ်"

"ဒီကျောက်တုံးတွေက ယီယီ ဝှေ့ယမ်းလိုက်တဲ့ လေပြင်းတွေရဲ့ ဒဏ်ကို ခံခဲ့ရလို့ အခုလို ဖြစ်သွားတာပဲ" လီဟန်ယီသည် လီကျန့်ယီ ငယ်စဉ်က လေကဲ့သို့ လျင်မြန်စွာ ဓားကို ဝှေ့ယမ်းခဲ့သည့် မြင်ကွင်းကို ပြန်လည် အမှတ်ရမိသည်။ သူမသည် အလွန်ပင် ကြောက်လန့်သဖြင့် ဂူထဲတွင် ပုန်းနေကာ အပြင်သို့ မထွက်ရဲခဲ့သည်ကိုလည်း မှတ်မိနေပါသေးသည်။

"အဲ့ဒီလိုလား၊ လေပြင်းတွေကို အံတုပြီး ရှေ့ဆက်တိုးမယ်၊ လေက ပိုပြင်းလေလေ၊ ဓားကို ပိုမြန်မြန် ဝှေ့ယမ်းလေလေပေါ့"

လီဟန်ယီ၏ စကားများကို နားထောင်ပြီးနောက် ဖုန်းချူးယွီနှင့် အခြားသူများသည် ထိုစဉ်က မြင်ကွင်းကို စိတ်ကူးကြည့်နိုင်ကြပြီဖြစ်သည်။

လီဟန်ယီက နားထောင်ပြီး မှန်ကန်သည်ဟု ယူဆလိုက်သည် ။

"ဟုတ်တယ်၊ ကျွန်မဆို ငယ်ငယ်က သူဝှေ့ယမ်းလိုက်တဲ့ လေထဲကို ပါသွားမှာစိုးလို့ ကျွန်မက သူ့နားကို မကပ်ရဲခဲ့ဘူး"

"ဒါကြောင့်လည်း မင်း ငယ်ငယ်တုန်းက ဆရာလီဆီမှာ ဓားသိုင်းပညာ သင်ယူဖို့ အတင်းအကျပ် လုပ်ခဲ့တာပေါ့ ဟန်ယီ" လီဆူးဝမ်သည် ပြုံးလျက် ဓားနှလုံးကျောက်ဆောင်သို့ ရောက်ရှိလာသည်။

"အဖိုး... သမီး အဲ့ဒီလို မလုပ်ပါဘူး" လီဟန်ယီက ရှက်သွေးဖြာလျက် ပြန်ပြောလိုက်သည်။

"ဟဲ့... ဟဲ့... ဆရာလီက အဲ့ဒီတုန်းက ဒီစကားတွေကို ပြောခဲ့တာပဲ၊ ဆရာလီကို သက်သေအဖြစ် ငါ ခေါ်မေးလို့ ရတယ်နော်" လီဆူးဝမ်သည် လီချန်းရှန်၏ အကြောင်းကို ဖော်ထုတ်လိုက်သည်။

"ဘာတွေ ပြောခဲ့တာလဲ၊ ဆရာလီ ပြောခဲ့တာကို ပြန်ပြောပြလို့ ရမလား၊ အစ်မဟန်ယီ အဲ့ဒီတုန်းက ဘာတွေ ပြောခဲ့လဲဆိုတာ ကျွန်မတို့ တကယ်ကို သိချင်တယ်" ဖုန်းချူးယွီနှင့် အခြားသူများက စပ်စုလိုသော အပြုံးများဖြင့် မေးကြသည်။

"အဲ့ဒါကတော့ ယီယီဓားဝှေ့ယမ်းတာ အရမ်းမြန်လို့ ဟန်ယီက သူ့နားကို မကပ်ရဲခဲ့တာကြောင့်ပေါ့။ အဲ့ဒီတော့ ဆရာလီက ဟန်ယီကို မြှူဆွယ်ခဲ့တာပေါ့ 'မင်း ယီယီရဲ့ အနား ဆယ်လှမ်းအတွင်း ရောက်အောင် မသွားချင်ဘူးလား၊ မင်းရဲ့ ဓားကို ယီယီရဲ့ လည်ပင်းမှာ တေ့ထားပြီး ယီယီကို လိမ္မာအောင် လုပ်ပြီး မင်းကို လက်ထပ်ခိုင်းချင်တာ မဟုတ်ဘူးလား၊ ယီယီကို အားရပါးရ ကိုက်ပစ်ချင်တာ မဟုတ်ဘူးလား၊ မင်း... မလုပ်ချင်ဘူးလား' လို့ပေါ့..." အတိတ်ကို ပြန်လည် အမှတ်ရရင်း လီဆူးဝမ်သည် ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်နေသည်။ထိုနည်းဖြင့် သူ၏ မြေးမလေးမှာ အကြီးအကဲလီ၏ တပည့်ရင်းဖြစ်သွား‌ခဲ့သည်။

လီဟန်ယီသည် ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး သူမ၏ ရှက်ဖွယ်ရာ အတိတ်များကို ပြန်ပြောနေသော လီဆူးဝမ်ကို အမြန်ပင် တားဆီးလိုက်သည် ။

"အဖိုး... တော်ပါတော့၊ အဖိုးသာ ဆက်ပြောနေဦးမယ်ဆိုရင် သမီး က အဖိုးဆီ နောက်တစ်ခါ ဘယ်တော့မှ ပြန်မလာတော့ဘူးနော်"

"ကဲပါ... ကဲပါ၊ အဖိုး ဆက်မပြောတော့ပါဘူး၊ ဟားဟား" ထိုစဉ်ကကဲ့သို့ ရှက်တတ်နေဆဲဖြစ်သော သူ၏မြေးမလေးကို ကြည့်ကာ လီဆူးဝမ်သည် ကလေးလေးမှာ အမြဲတမ်း ချစ်ဖို့ကောင်းနေဆဲဟု တွေးနေမိသည်။

အခန်း ၁၆၇ အတူတကွ လုပ်ဆောင်ခြင်းက အလုပ်ကို အပြီးမြန်စေတယ်

လီဟန်ယီက ရှက်သွေးဖြာနေသည်ကို မြင်သောအခါ ဖုန်းချူးယွီနှင့် အခြားသူများသည် လီဟန်ယီ၏ ငယ်စဉ်မှာ မည်သို့သော ကလေးမလေးဖြစ်ခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားကြတော့သည်။

"အစ်မဟန်ယီ...ငယ်ငယ်တုန်းက အရမ်းချစ်ဖို့ကောင်းတာပဲ" ဖုန်းချူးယွီနှင့် အခြားသူများသည် ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို ဓားဖြင့်ချိန်ထားသည့် မြင်ကွင်းကို စိတ်ကူးကြည့်ရင်း အလွန်ပင် သဘောကျနေကြသည်။

"ကျွန်မကို... ကျွန်မကို မရယ်ကြပါနဲ့၊ ဒါတွေအားလုံးက ယီယီကြောင့်ပဲဆိုတာ အသိအသာကြီး" လီဟန်ယီသည် သူမကို လိုက်ရယ်နေသော လီကျန့်ယီကို ရှက်ကိုးရှက်ကန်းဖြင့် လှမ်းကြည့်လိုက်သည်။

"ဘာက အသိသာကြီးလဲ" လီကျန့်ယီက ပြုံးလျက် ပြန်မေး၏။

"ထပ်ရယ်ရင် တကယ်ကိုက်ပစ်မှာနော်" လီကျန့်ယီက ရယ်နေဆဲဖြစ်သည်ကို မြင်သောအခါ လီဟန်ယီသည် သူမ၏ သွားဖြူဖြူလေးများကို ဖော်ထုတ်က ခြိမ်းခြောက်သည်။

လီကျန့်ယီက လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။

"ဟန်ယီ... မင်းရဲ့ သွားလေးတွေက တော်တော်လေး အားကောင်းမှန်း ငါသိပါတယ်၊ ဒါပေမဲ့ မင်းက အမာစာတွေစားဖို့ မသင့်တော်ပါဘူး၊ အပျော့စာတွေပဲ စားဖို့ သင့်တော်ပါတယ်"

"ဟွန့်..ငါက အမာရော အပျော့ရော အကုန်ရတယ်" လီဟန်ယီသည် လီကျန့်ယီကို ကိုက်မရသဖြင့် မျက်မှောင်ကြုတ်သွားသည်။

"တကယ်ပါပဲ" စရိုက်မျိုးစုံရှိသော လီဟန်ယီသည် အလွန်ပင် စိတ်ဝင်စားစရာကောင်းသည်ဟု လီကျန့်ယီက တွေးနေသည်။

အကယ်၍ သူတို့ နောင်တွင် အတူတကွ နေထိုင်သွားကြမည် ဆိုပါက ပိုမိုကောင်းမွန်သော အဖြစ်အပျက်များစွာ ကျိန်းသေပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။

"ဟမ်... မင်းကပါးနပ်နေသေးတာပဲ" လီကျန့်ယီ၏ အဖြေကို ကြားသောအခါ သူသည် သူမ၏ လွှမ်းမိုးလိုသော စရိုက်ကို မနှစ်သက်ခြင်းဖြစ်မည်ဟု လီဟန်ယီက ထင်လိုက်သည်။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ ငါ ဘာလုပ်သင့်သလဲဆိုတာ ငါသိပါတယ်၊ ငါတို့ လက်ထပ်ပြီးတဲ့အခါမှာလည်း မင်းက အခုလိုပဲ လိမ္မာပါစေဦးမယ်လို့ ငါမျှော်လင့်ပါတယ် ဟန်ယီ" လီကျန့်ယီက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

လီဟန်ယီသည် သူပြောလိုသည့် အဓိပ္ပာယ်ကို နားမလည်သော်လည်း ဓားနှလုံးကျောက်ဆောင်အောက်ရှိ မီးဖိုချောင်မှ အငွေ့များ ထွက်နေသည်ကို မြင်သောအခါ ပြောလိုက်သည် ။

"မင်းကို ဂရုမစိုက်တော့ဘူး၊ အမေ ဘာဟင်းတွေ ချက်ထားလဲဆိုတာ သွားကြည့်ဦးမယ်"

ထိုသို့ပြောပြီးနောက် လီဟန်ယီသည် ဓားနှလုံးကျောက်ဆောင်ပေါ်မှ ဆင်းသွားပါတော့သည်။

ထိုအချိန်တွင် လဲ့ဝူကျဲ၊ စစ်ကုန်းချန်းလျော့နှင့် ကျီရွယ်တို့သည် လီကျန့်ယီ၏ ဂူအတွင်း၌ သစ်သားဓားများဖြင့် အလွန်ပင် ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ကလေးသုံးယောက် ဆော့ကစားပြီးချိန်တွင် လီရှင်းယွဲ့သည် ထမင်းဟင်းများကို ပြင်ဆင်ပြီးစီးနေပြီ ဖြစ်သည်။

လီဟန်ယီသည် ဟင်းလျာအားလုံးကို ဓားခန်းမအတွင်းသို့ သယ်ယူကူညီပေးပြီးနောက် လီကျန့်ယီနှင့် အခြားသူများကို ထမင်းစားဖို့ လာခေါ်သည်။

"ညီမဖုန်း.. ချန်းလျော့၊ ကျီရွယ်၊ ထမင်းစားလို့ ရပြီနော်" လီဟန်ယီက အားလုံးကို ပြုံးပြပြီး ဧည့်သည်ကို ပျူငှာစွာဖိတ်ခေါ်လေသည်။

"အင်း... လာခေါ်ပေးတဲ့အတွက် ကျေးဇူးပါ ဟန်ယီ" ဖုန်းချူးယွီက ခေါင်းအသာညိတ်လိုက်သည်။အစက သူမအနေနဖြင့် သူမထက် ငယ်ရွယ်နေသော လီဟန်ယီကို အစ်မခေါ်ဖို့ စိတ်မသက်သာဖြစ်ခဲ့သည်။သို့ပေမဲ့ အခုချိန်တွင် စိတ်မသက်သာမှု့များက မရှိတော့ပေ။

"ကျေးဇူးတင်ပါတယ် အစ်မဟန်ယီ" စစ်ကုန်းချန်းလျော့နှင့် ကျီရွယ်တို့ကလည်း အလွန်ပင် ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုကြသည်။

"လဲ့ဝူကျဲ... ချန်းလျော့နဲ့ ကျီရွယ်တို့ ဘယ်လောက် ယဉ်ကျေးလဲဆိုတာ ကြည့်ဦး၊ မင်းကိုလည်း ပြန်ကြည့်ဦး သွားရည်တွေတောင် ကျနေပြီ" သူမ၏ ထုံအအ မောင်လေး၏ ပါးစပ်မှ သွားရည်များ ကျနေသည်ကို မြင်သောအခါ လီဟန်ယီသည် မချိပြုံးဖြင့် ခေါင်းခါယမ်းမိသည်။

"ဟီးဟီး... အစ်မ၊ ကျွန်တော် ဘဲစွပ်ပြုတ်နံ့ ရနေတယ်၊ အမေက ဘဲစွပ်ပြုတ် ချက်ထားတာပဲ" လဲ့ဝူကျဲသည် သူ၏နှုတ်ခမ်းကို လျက်ကာ ဓားခန်းမဘက်သို့ စိတ်အားထက်သန်စွာ ပြေးသွားပါတော့သည်။

"ဒီကောင်လေးကတော့လေ"

လီဟန်ယီသည် နောက်တစ်ကြိမ် မချိပြုံးဖြင့် ခေါင်းခါလိုက်ပြန်သည်။

"ဒါက သဘာဝပါပဲ၊ ဟန်ယီ... မင်း အဲ့ဒါကို အရမ်းကြီး စဉ်းစားမနေပါနဲ့၊ သူ ကြီးလာရင် အားလုံးကို နားလည်သွားမှာပါ" လီကျန့်ယီက ပြုံးလျက် လီဟန်ယီ၏ နူးညံ့ချောမွေ့သော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

"ဟုတ်ပြီ" သူမသည် လီကျန့်ယီကို အဘယ်ကြောင့် ဤမျှ ယုံကြည်ရသနည်းဆိုသော် လီကျန့်ယီသည် သူမက အဖြုန်းတီးဆုံး မိန်းကလေးဖြစ်ကြောင်း အားလုံးကို ကြိုတင်တွက်ချက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ဤဖြစ်ရပ်ကြောင့်ပင် လီကျန့်ယီသည် တစ်စုံတစ်ရာသော မှော်ဆန်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်ဟု လီဟန်ယီ ခံစားမိစေပြီး လီကျန့်ယီပြောသမျှကို အကြွင်းမဲ့ ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ အချစ်စိတ်ကြောင့် ဖြစ်နိုင်သလို၊ လီကျန့်ယီက သူမအပေါ် တစ်ခါမျှ လိမ်ညာခဲ့ခြင်း မရှိသဖြင့် လှည့်စားခံရလျှင်ပင် လိုလိုလားလား လက်ခံလိုသည့် စိတ်ကြောင့်လည်း ဖြစ်နိုင်ပေသည်။

.......

ဓားခန်းမဆောင်။

လဲ့ဝူကျဲသည် ပါးစပ်တွင် ဆီများ ပေကျံနေအောင် စားသောက်နေပြီး လုံးဝ သပ်သပ်ရပ်ရပ်မရှိနေပဲ စည်းကမ်းမဲ့စွာပင် စားနေ‌သည်။အခြားတစ်ဖက်တွင်မူ စစ်ကုန်းချန်းလျော့နှင့် ကျီရွယ်တို့ကို ကြည့်လိုက်လျှင် အလွန်ပင် ယဉ်ကျေးကာ ဖြည်းဖြည်းချင်း စားသောက်နေကြသည်။

ဤအလွန်ကွာခြား‌သော အခြေအနေကြောင့် လီရှင်းယွဲ့သည် သူမ၏မျက်နှာတွင် အပူရှိန်တက်လာသလို ခံစားလိုက်ရသည်။

သေချာမသိသူများက သူမသည် လဲ့ဝူကျဲကို သေချာမဆုံးမထားဟု ထင်ကြပေလိမ့်မည်။

"လဲ့ဝူကျဲ... မိုးကြိုးတံခါးမှာ ထမင်းစားရင် တူနဲ့ ဖြည်းဖြည်းချင်း စားရမယ်လို့ မင်းကို ဘယ်သူမှ မသင်ပေးဘူးလား" လီရှင်းယွဲ့က လဲ့ဝူကျဲကို မေးလိုက်သည်။

"သင်ပေးတာပေါ့၊ ဒါပေမဲ့ အဲ့ဒီလိုစားရင် ဗိုက်မဝဘူးလေ၊ ဒါကြောင့် သားက လက်နဲ့နှိုက်ပြီး အားရပါးရ စားတာ၊ အဲ့ဒါမှ ပိုပြီးတော့ အားရဖို့ကောင်းတာ" လဲ့ဝူကျဲက သူ၏အတွေ့အကြုံများကို ပြောကြားရင်း အားပါးတရ စားသောက်နေပြန်သည်။သူသည် တစ်ခြားလူ၏ ထင်မြင်ချက်တွေကို လုံးဝလျစ်လျူရှုထား၏။

"ကောင်းပြီလေ... ဒါဆိုရင် လဲ့ဝူကျဲ၊ ဆီတွေ ပေနေတဲ့ မင်းရဲ့အင်္ကျီတွေကို မင်းဘာသာမင်း လျှော်ဖို့ မှတ်ထားပါ။ မင်းရဲ့ အမေကတော့ အဲ့ဒါတွေကို ပြောင်အောင် လျှော်ပေးနိုင်မှာ မဟုတ်ဘူး" လီရှင်းယွဲ့က လဲ့ဝူကျဲကို မျက်လုံးလန်ကာ‌ စိတ်ပျက်စွာ‌ပြောသည်။

လဲ့ဝူကျဲမှာ အံ့အားသင့်သွားတော့သည်။

"မေမေ... မေမေ၊ သားက အင်္ကျီမလျှော်တတ်ဘူးလေ"

"အင်္ကျီမှာပေနေတဲ့ ဆီကွက်တွေကို လျှော်ရတာ ဘယ်လောက်ခက်တယ်ဆိုတာ မင်းသိရဲ့လား၊ မဝတ်တွေ မလျှော်တတ်မှတော့ ချန်လျော့နဲ့ကျီရွှယ်တို့လို့မျိူး သပ်သပ်ရပ်ရပ်စားဖို့ အမေက အကြံပေးတယ် မဟုတ်ရင် ဆီပေနေတဲ့အဝတ်ကိုပဲ တစ်သက်လုံး ဝတ်ထားလိုက်"လီရှင်းယွဲ့က စိတ်တိုတိုဖြင့် ဆုံးမပေး၏။

"ဟုတ်ကဲ့ပါ" လဲ့ဝူကျဲသည် သူ၏တူကို ပြန်လည်ကောက်ယူကာ လိမ္မာစွာ စားသောက်ပါတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ လီကျန့်ယီနှင့် လီဟန်ယီတို့သည် လီရှင်းယွဲ့ကို တိတ်တဆိတ် လက်မထောင်ပြလိုက်ကြသည် ။

"အမေကတော့ လဲ့ဝူကျဲကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တကယ် သိတာပဲ"

"ဒါပေါ့ ငါက သူရဲ့အမေ ပဲလေ" လီရှင်းယွဲ့က ဂုဏ်ယူစွာ ပြောသည်။အခြားအရာများကို သူမက အာမမခံနိုင်သော်လည်း ကလေးများကို ဆုံးမသွန်သင်ခြင်းနှင့် ပတ်သက်လျှင်မူ လီရှင်းယွဲ့သည် အလွန်ပင် ဗဟုသုတ ကြွယ်ဝပေသည်။

အကယ်၍ လဲ့မုန့်ရှားကသာ လဲ့ဝူကျဲကို မိုးကြိုးတံခါးသို့ ပို့ရန် အတင်းအကျပ် မလုပ်ခဲ့ပါက လီရှင်းယွဲ့သည် သူ၏သားကို ယဉ်ကျေးသိမ်မွေ့စေရုံသာမက အလွန်ပင် ပါးနပ်သော သူတစ်ယောက် ဖြစ်အောင် လုပ်ပေးနိုင်ပေလိမ့်မည်။

အနည်းဆုံးတော့ လဲ့မုန့်ရှားထက် ပိုပြီးတော့ ထက်မြက်ရမှာပေါ့။

မဟုတ်ရင် အဖေက လဲ့အကြီးစား၊ သားက လဲ့အငယ်စား ဖြစ်နေမှာပေါ့။တစ်ယောက်လောက်ကတော့ အူကြောင်ကြောင် ပုံစံကနေ ရုန်းထွက်နိုင်ရမှာ မဟုတ်လား။

"ဒါနဲ့ ဟန်ယီနဲ့ ယီယီ... မင်းတို့လည်း အများကြီး စားကြဦး။ မင်းတို့ လက်ထပ်ပြီးရင် အမေက မြေးလေးတွေကို ချီချင်လှပြီ"လဲ့ဝူကျဲကို ဆုံးမပြီးနောက် လီရှင်းယွဲ့သည် လီကျန့်ယီနှင့် လီဟန်ယီကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

သူမက အမေတစ်ဦးရဲ့ အခန်းကဏ္ဍကို လုပ်ဆောင်ပြီးခဲ့ပြီဖြစ်သဖြင့် ၊ အဖွား အခန်းကဏ္ဍကိုတော့ သူမက မလုပ်ရသေးပေ။

"ဟုတ်ကဲ့ပါ အမေ" လီကျန့်ယီက ဝမ်းသာအားရ ခေါင်းညိတ်ပြ၏။

လီဟန်ယီသည် မျက်နှာနီမြန်းသွားကာ လီကျန့်ယီကို မျက်စောင်းထိုးလိုက်သည် ။

"မင်းက အတော်ပျော်နေတာပဲ"

"ပျော်တာပေါ့" လီကျန့်ယီက အရှက်မရှိစွာ ပြန်ပြုံးပြသေးသည်။

"ဟွန့် ..ဒါဆိုရင်လည်း အများကြီးစား ဗိုက်ကားနေအောင်စား၊ အဲ့ဒါမှ မင်းကဘာမှမလုပ်နိုင်မှာ" လီဟန်ယီသည် လီကျန့်ယီ၏ ပန်းကန်ထဲသို့ ဟင်းများကို တောင်ပုံရာပုံ ထည့်ပေးလိုက်ရာ လီကျန့်ယီ၏ ထမင်းပန်းကန်မှာ တောင်ကလေးတစ်ခုအလား ဖြစ်သွားတော့သည်။ဒါပေမဲ့ နှမြောစရာကောင်းတာက ကျင့်ကြံသူတွေအတွက်တော့ ဒီလောက် ထမင်းတစ်ပန်းကန်က ဘာမှ မဟုတ်ဘူးလေ။

လီဟန်ယီ၏ ရွဲ့ပြီးထည့်‌ ပေးလိုက်သောအစားအစာများကို သိပ်ပင်မကြာလိုက်ပဲ လီကျန့်ယီက အကုန်စားလိုက်ပြီးနောက် လီဟန်ယီကို ဓားခန်းမဆောင်၏ ဧည့်ခန်းသို့ ခေါ်ဆောင်သွားကာ ဖုန်းချူးယွီနှင့် အခြားသူများအတွက် အခန်းများကို ရှင်းလင်းပြင်ဆင်ကြသည်။

"ယီယီ... မင်းဘာသာမင်း အခန်းရှင်းလို့ ရတာပဲကို၊ ဘာလို့ ငါ့ကိုပါ ခေါ်ရတာလဲ" လီဟန်ယီသည် လီကျန့်ယီကို သတိထားသောအကြည့်ဖြင့် ကြည်နေ၏။

နောက်ဆုံးအကြိမ်ကတည်းက လီဟန်ယီသည် လီကျန့်ယီနှင့် နှစ်ယောက်တည်း ရှိနေသည့်အခါတိုင်း သူသည် သူမအပေါ် တစ်ခုခု မကောင်းတာ လုပ်ရန် ကြိုးစားနေသည်ကို အာရုံခံမိနေသည်။အခုလည်း သူမက လီကျန့်ယီကို ဟင်းတွေ အများကြီး ကျွေးထားတာတောင်မှ ဒီအတ္တကြီးတဲ့ လူက အားမရသေးဘူးလား။သူက ဘယ်လိုလုပ်ပြီး မကောင်းတာလုပ်ဖို့ စိတ်ကူးရှိနေနိုင်သေးတာလဲ။

"ဟန်ယီ... မင်း နားမလည်ပါဘူး။ ယောက်ျားနဲ့ မိန်းမ အတူတူ အလုပ်လုပ်ရင် အလုပ်က ပိုပြီးတော့ အပြီးမြန်တယ်ဆိုတဲ့ စကားရှိတယ်လေ" လီကျန့်ယီက အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေသည်။

"အခန်းရှင်းတဲ့နေရာမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မှု့တွေ ပါဝင်နေလို့လဲ" လီဟန်ယီ၏ လှပသော မျက်လုံးများတွင် သံသယများ ဖြစ်ပေါ်လာသည်။

"ဒါက‌တော့၊ မင်းက ငါ့ကို အခန်းရှင်းဖို့အတွက် အားပေးတယ်လေ၊ အဲ့တော့ ငါက အားအများကြီးရှိသွားပြီး အခန်းကိုမြန်မြန်ရှင်းနိုင်တာပေါ့ "

"ဘယ်လိုပေးရမှာလဲ..." လီဟန်ယီက မေးမည်အပြုတွင် လီကျန့်ယီသည် သူမ၏အနားသို့ တိုးကပ်လာကာ သူမ၏ နှုတ်ခမ်းနီနီလေးကို အနမ်းခြွေလေသည်။

လီဟန်ယီသည် လီကျန့်ယီက သူမကို ရုတ်တရက် နမ်းနေသည်ကို မျက်လုံးဝိုင်းလေးဖြင့်သာ စိုက်ကြည့်နေမိ၏။

အချိန်အတော်ကြာပြီးနောက် လီကျန့်ယီသည် ကျေနပ်စွာဖြင့် "ဟန်ယီဆီက အားပေးမှု့တွေ ရပြီ။ အခု အခန်းစရှင်းကြရအောင်" ဟု ဆိုသည်။

လီဟန်ယီ "..."

ကောင်းပြီလေ။ဒါက မင်းပြောတဲ့ ယောက်ျားနဲ့ မိန်းမ အတူတူ အလုပ်လုပ်ရင် အပြီးမြန်တယ်ဆိုတဲ့ဟာလား။လီဟန်ယီမှာ သူမအပေါ် အမြတ်ထုတ်သွားသော လီကျန့်ယီကို စိတ်ထဲမေတ္တာပို့ချင်စိတ်ပေါက်နေသည်။

အခန်း ၁၆၈ မြင်ရသည်မှာ လှပသော်လည်း ကြားရသည်မှာ မကောင်းပေ

ဖုန်းချူးယွီနှင့် အခြားသူများအတွက် ဧည့်ခန်းများကို သန့်ရှင်းရေးလုပ်ပြီးနောက်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ရောက်ရန် တစ်လပင် မရှိ တော့ပေ။ သတို့သားနှင့် သတို့သမီးတို့အတွက် အထူးမှာယူထားသော "လမင်းပုံရိပ် ပန်းအလှ" မင်္ဂလာဝတ်စုံများကို သွားရောက်ထုတ်ယူရန် အချိန်တန်ပြီ ဖြစ်သည်။

ထို့အပြင် ဆွေမျိုးမိတ်သင်္ဂဟများထံသို့ မင်္ဂလာဖိတ်စာများကိုလည်း ပေးပို့ရပေမည်။မဟုတ်ပါက အကြောင်းကြားရန် အချိန်နောက်ကျသွားလျှင် တစ်ခြားလူများ၏ အချိန်များတိုက်တတ်သည့် ပြဿနာများရှိလာလိမ့်မည်။ ကြိုတင်အကြောင်းကြားထားခြင်းဖြင့် အခြားသူများအနေဖြင့် မိမိတို့၏ အလုပ်များကို ကြိုတင်အပြီးသတ်နိုင်မည်ဖြစ်ကာ မင်္ဂလာပွဲသို့ တက်ရောက်ရန် အချိန်ရနိုင်မည် ဖြစ်သည်။

"ဟန်ယီ... မင်း မကြာခင် လက်ထပ်တော့မယ်နော်၊ ဘာတွေ တွေးနေလဲ" လီကျန့်ယီသည် ငေးနေသေယ လီဟန်ယီကို ဖက်လိုက်ပြီး သူမ၏ ပုခုံးပေါ်တွင် သူ၏ မေးစေ့ကိုတင်လိုက်သည်။

"ငါက ငယ်ကအကြောင်းကိုပြန်တွေးနေတာ ၊ မင်းက ခွေးတွေကိုတောင် အကြံထုတ်တဲ့ လူဆိုးပဲ" လီဟန်ယီသည် ငယ်စဉ်ကတည်းက လီကျန့်ယီ၏ ဟန်ဆောင်မှု့များအောက်တွင် မည်သို့လှည့်စားခံခဲ့ရပုံကို ပြန်လည်စဉ်းစားမိပြီး‌ နောက်သူမ၏ ငယ်ဘဝပုံရိပ်များမှာ သူကြောင့် ပျက်စီးခဲ့ရသည်ဟု ခံစားနေရသည်။ ထိုအဖြစ်အပျက်များက အဖိုးဖြစ်သူနှင့် မိသားစုဝင်များအတွက် ရယ်စရာ အကြောင်းအရာများ ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။

"မဟုတ်တာ၊ ငါက ခွေးတွေကို အကြံထုတ်တာ မဟုတ်ပါဘူး၊ ငါက မင်းကိုပဲ အကြံထုတ်တာပါ ဟန်ယီ" လီကျန့်ယီက လီဟန်ယီ၏ သွယ်လျသော ခါးလေးကို အသာအယာ ဖက်လိုက်ပြီး ခပ်ဖွဖွလေးဖြင့် ခါးသားလေးကို ဆိ‌တ်လိုက်သည်။

လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားကာ ချွဲနွဲ့သောလေသံဖြင့် "ယားတယ်... မဆိတ်နဲ့တော့" ဟု တား‌လိုက်သည်။

"ဒါဆို တကယ်ယားအောင် လုပ်ပေးမယ်" လီကျန့်ယီက ပြုံးလျက် လီဟန်ယီ၏ ခါးသွယ်သွယ်လေးကို ကလိထိုးလိုက်ပါတော့သည်။

"မင်းက ယားအောင်လုပ်ပြီးတော့ အခုကျတော့ ကလိထိုးနေတာလား ဟမ်.." လီဟန်ယီသည် မျက်နှာနီမြန်းလျက် လီကျန့်ယီကို မျက်စောင်းထိုးလိုက်၏။

"ဟန်ယီ... မင်း နားမလည်ပါဘူး၊ ဒါကို အချစ်စမ်းတယ်လို့ ခေါ်တာ" လီကျန့်ယီက ပြုံးလျက် လီဟန်ယီ၏ နားသီးလေးကို နမ်းလိုက်သည်။

ထို့နောက် သူက လေတစ်ချက် မှုတ်လိုက်ရာ လီဟန်ယီ၏ နားသီးလေးမှာ နီရဲသွားတော့သည်။

"ဟွန့် " လီဟန်ယီသည် လီကျန့်ယီ၏ အပြုအမူများကို လုံးဝ မတွန်းလှန်ဘဲ ခဏမျှ မာန်တင်းလိုက်သော်လည်း နောက်ဆုံးတွင် အလျှော့ပေးလိုက်ရပေသည်။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ ငါ့ရဲ့ ဟန်ယီလေးက အချစ်တတ်ဆုံးပါပဲ" လီကျန့်ယီက ပြုံးလျက် ပြောဆိုရင်း လီဟန်ယီကို ရုတ်တရက် ပွေ့ချီသည်။

"အခုတော့ အရှိန်ရနေပြီဆိုတော့... အလုပ်စကြစို့" လီကျန့်ယီက ပြုံးလျက် နောက်ပြောင်လိုက်သည်။

"မ... မလုပ်ပါနဲ့ဦး၊ အရင်ဆုံး လက်ထပ်ဖို့ကိစ္စကို အရင်ပြောကြရအောင်" လီဟန်ယီသည် မျက်နှာနီမြန်းလျက် သူမကို ပွေ့ချီထားသော လီကျန့်ယီကို အသာအယာ ထုလိုက်သည်။

"ဟားဟား...နောက်တာပါ" လီကျန့်ယီသည် လီဟန်ယီကို ဧည့်ခန်းအပြင်ဘက်သို့ ပွေ့ချီသွားသည်။

"ငါ့ကို... ငါ့ကို အမြန်ချပေး" လီဟန်ယီသည် ဖုန်းချူးယွီနှင့် အခြားသူများက သူမကို လီကျန့်ယီက စိတ်ကြိုက် ပွေ့ချီထားသည်ကို မြင်သွားမည်စိုးသဖြင့် ရှက်နေမိသည်။

"ငါ့ကို 'အရှင်' ဒါမှမဟုတ် 'ခင်ပွန်း' လို့ ခေါ်လိုက်၊ ဒါဆိုရင် မင်းကို ချပေးမယ်" လီကျန့်ယီ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားလေတော့သည်။

"အိပ်မက်မက်နေလိုက်" လီဟန်ယီက မျက်မှောင်ကြုတ်ကာ ငြင်း၏။

"အိပ်မက်မက်နေလိုက်ဟုတ်လား၊ ဒါဆိုရင် ငါက မင်းကို ပွေ့ချီပြီး နမ်းရင်းနဲ့ ချန်းလျော့တို့ဆီ သွားရှာမှာနော်" လီကျန့်ယီသည် လီဟန်ယီကို ပွေ့ချီထားလျက် သူမ၏ နီမြန်းနေသော ပါးပြင်လေးကို နမ်းပြကာ ခြေလမ်းကျဲများဖြင့် တကယ်သွာမည့်ပုံ ပြင်လိုက်သည်။

သူမသည် သူကို မျက်စောင်းထိုးသည်။သူမမှာ လီကျန့်ယီကို မျက်စောင်းထိုးလွန်းရသဖြင့် မျက်စိများပင် စွေသွားမည်ကို စိုးရိမ်နေမိတော့သည်။သူမက အရှုံးပေးပြီး သူ၏အလိုတိုင်းခေါ်လိုက်သည်။

"ခင်ပွန်း... အရှင်၊ ကျေးဇူးပြုပြီး ကျွန်မကို ချပေးပါတော့"

"ထပ်ခေါ်ပါဦး၊ ငါ သေချာမကြားလိုက်လို့" လီကျန့်ယီသည် အလွန်ပင် ကျေနပ်နေပြီး ထပ်မံ ကြားလိုနေသည်။

လီဟန်ယီက ချက်ချင်းသိလိုက်ပြီ သူသည် အမှန်တကယ်ပင် ကတိမတည်ပေ။သူမသည် လီကျန့်ယီ၏ လက်ကို အားရပါးရ ကိုက်လိုက်သဖြင့် သူသည် သူမကိုလွှတ်ပေးလိုက်ရပါ တော့သည်။

"ဟွန့် မင်းက ကတိမတည်ဘူး၊ ယီယီက လူဆိုးကြီးပဲ" လီဟန်ယီသည် လီကျန့်ယီ၏ လက်ထဲမှ လွတ်မြောက်သွားပြီးနောက် ထပ်မံဖမ်းဆီးခြင်း ခံရမည်စိုးသဖြင့် အမြန်ပင် အဝေးသို့ ပြေးသွားသည်။

"မင်းကသာ ဆိုးတာပါ ဟန်ယီ၊ ငါက မင်းကို ပြန်ကိုက်မှာနော်၊ ငါက ဒီလိုမျိုး အရှုံးပေးတတ်တဲ့သူ မဟုတ်ဘူး" လီကျန့်ယီသည် သွားရာများ ထင်ကျန်နေသော သူ၏လက်မောင်းကို ကြည့်ကာ လီဟန်ယီ၏ ကိုယ်လုံးလေးကို စိုက်ကြည့်လိုက်သည်။

လီဟန်ယီသည် အနည်းငယ် တုန်လှုပ်သွားကာ သူမသည် ကြောက်လန့်တကြားဖြင့် "ယီယီ... မင်း ဘယ်ကို ကြည့်နေတာလဲ" ဟု မေးလိုက်သည်။

" ဒီနေ့ အကိုက်ခံရတဲ့အတွက် ငါတို့ လက်ထပ်ပြီးရင် မင်းကို အဆပေါင်း ရာနဲ့ချီပြီး ပြန်ပေးဆပ်ခိုင်းမှာ" လီကျန့်ယီက သူ၏နှုတ်ခမ်း‌ ကွေးသွားသည့်အထိ ပြုံးနေ၏။

လီဟန်ယီ "..."

"စိတ်ကူးတောင် မယဉ်နဲ့၊ ငါ ညီမဖုန်းတို့ဆီ သွားတော့မယ်၊ မင်းကို အခွင့်အရေး မပေးနိုင်ဘူး" အကိုက်ခံရမည်ကို ကြောက်သဖြင့် လီဟန်ယီသည် ဓားခန်းမဆီသို့ အမြန် ပြေးသွားပါတော့သည်။

ထိုအချိန်တွင် ဖုန်းချူးယွီ၊ ရွဲ့ယောင်နှင့် အခြားသူများသည် လီရှင်းယွဲ့နှင့် စကားလက်ဆုံ ကျနေကြသည်။ ကလေးသုံးယောက်ဖြစ်သော ကျီရွယ်၊ လဲ့ဝူကျဲနှင့် စစ်ကုန်းချန်းလျော့တို့သည် အလွန်ပင် ပျော်ရွှင်စွာကစား နေကြ သည်။ ကလေးသုံးယောက်မျာ ကစားဖော်များ ရှိနေသဖြင့် သူတို့ လုံးဝ ပျင်းရိခြင်း မရှိကြပေ။

"အိပ်ခန်းတွေ ပြင်ဆင်ပြီးပါပြီ၊ သွားကြည့်ချင်ကြလား" လီဟန်ယီသည် ဓားခန်းမသို့ ဝင်လာပြီး ဖုန်းချူးယွီနှင့် ရွဲ့ယောင်တို့ကို ကြည့်ကာ မေးလိုက်၏။ သူတို့မကြိုက်သည်များကို ပြန်ပြင်ဆင်နိုင်ရန် မေးနေခြင်းရဖြစ်၏။

"မလိုပါဘူး ဟန်ယီ၊ မင်း လုပ်ထားတာဆိုရင် ငါတို့ ယုံကြည်ပြီးသားပါ" ဖုန်းချူးယွီက ပြုံးလျက် ခေါင်းခါပြသည်။

"ဒါဆိုရင် ညီမဖုန်း.. ကျွန်မကို စောင်းတီးတာကို ဆက်သင်ပေးမလား" လီဟန်ယီသည် သူမတွင် အခြားလုပ်စရာ မရှိတော့သဖြင့် စောင်းတီးခြင်းကို သင်ယူလိုနေသည်။ သို့မှသာ လီကျန့်ယီ နားထောင်ချင်သည့်အခါ တီးပြနိုင်မည် မဟုတ်ပါလား။

သူမသာ စောင်းတီးတတ်ပြီးသွားလျှင် လီကျန့်ယီ ဓားကျင့်နေစဉ်တွင် သူမက စောင်းတီးပေးခြင်းဖြင့် စိတ်ကို တည်ငြိမ်အောင် ထိန်းညှိနိုင်ပေလိမ့်မည်။မဟုတ်ပါက ဓားသိုင်းကျင့်ခြင်းသည် အလွန်ပင် ငြီးငွေ့စရာ ကောင်းလိမ့်မည်။

"ကောင်းပြီလေ၊ ဓားနှလုံးဂူဗိမာန်မှာ စောင်းရှိရဲ့လား" လီဟန်ယီက ဆက်လက်သင်ယူလိုသည်ကို မြင်သောအခါ ဖုန်းချူးယွီသည် စေတနာအပြည့်ဖြင့် သင်ကြားပေးရန် သဘောတူလိုက်သည်။သို့သော် သူမအနေဖြင့် လီဟန်ယီကို တတ်မြောက်အောင် သင်ပေးနိုင်ပါ့မလားဆိုသည်ကိုတော့ လုံးဝ အာမမခံနိုင်ပေ။

"ရှိပါတယ်၊ အခုပဲ သွားယူလိုက်မယ်" လီဟန်ယီသည် စောင်းကို ထုတ်ယူရန် ဓားနှလုံးဂူဗိမာန်ရှိ စောင်းများထားရှိရာ နေရာသို့ အမြန်သွားလေသည်။

လီကျန့်ယီသည်လည်း အငြိမ်မနေခဲ့ပေ။သူသည် မြို့ထဲရှိ ယွန်းရှာ အထည်ဆိုင်သို့ တစ်ကိုယ်တည်း သွားရောက်ကာ သတို့သားနှင့် သတို့သမီးအတွက် ကြိုတင်မှာယူထားသော ဝတ်စုံများကို သွားရောက်ထုတ်ယူခဲ့ပြီး လမ်းဘေးမှ မင်္ဂလာဖိတ်စာ အချို့ကိုပါ ဝယ်ယူခဲ့သည်။

ဓားခန်းမသို့ ပြန်ရောက်သောအခါ သူသည် သာယာငြိမ့်ညောင်းသော တေးသံကို ကြားလိုက်ရသည်။ ထိုတေးသံမှာ လီဟန်ယီ တီးခတ်နေခြင်း မဟုတ်ဘဲ သူမ၏ဆရာ ဖုန်းချူးယွီ တီးခတ်နေခြင်း ဖြစ်ပေသည်။သူမသည် ပိုင်ဟွာလော့၏ အရှင်သခင်ပီပီ သူမ၏ စောင်းတီးခတ်မှု့မှာ အလွန်ပင် စွဲမက်ဖွယ်ကောင်းလှရာ စစ်ကုန်းချန်ဖုန်းကဲ့သို့ လူမျိုးအတွက်ပင် ဆွဲဆောင်နိုင်ခဲ့သည်။

"ကဲ..ကျွန်မ တစ်ခါ တီးပြပြီးပြီ၊ အခု 'တောင်မြင့်ရေစီး' ဆိုတဲ့ ဒီတေးသံစဉ်ကို အစ်မက တီးခတ်ရမယ့်အလှည့်ပဲ" ဖုန်းချူးယွီသည် တီးခတ်ပြပြီးနောက် လီဟန်ယီအား စောင်းကို လွှဲပေးလိုက်သည်။

လီဟန်ယီသည် အလွန်ပင် ကျွမ်းကျင်သော ပုံစံဖြင့် ထိုင်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများကို မှိတ်လိုက်သည်။သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ကြိုးများပေါ်တွင် တင်ထားလိုက်သည်။ပထမဆုံး မြင်လိုက်ရသည့် မြင်ကွင်းမှာ တူရိယာတစ်ခုကို စတင်တီးခတ်တော့မည့် အလွန်လှပသော အမျိုးသမီးတစ်ဦးက အားလုံးကို ဆွဲဆောင်ထားသည့်အလားပင်။

ဒါပေမဲ့ စောင်းသံ စတင်ထွက်ပေါ်လာချိန်တွင်မူ ဖုန်းချူးယွီ တီးခတ်ခဲ့သော အသံနှင့် လုံးဝ ကွာခြားလှသော အသံတစ်ခုသည် ဓားခန်းမတစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။

ပျော်ရွှင်စွာ ဆော့ကစားနေကြသော လဲ့ဝူကျဲ၊ စစ်ကုန်းချန်းလျော့နှင့် ကျီရွယ်တို့မှာ အံ့အားသင့်ကာ မှင်သက်သွားကြသည်။

"လဲ့... လဲ့ဝူကျဲ၊ မင်းအစ်မ စောင်းတီးနေတာ ကြည့်ရတာ အရမ်းလှတာပဲ" ရှောင်ချန်းလျော့က စောင်းတီးနေသော အလှလေးကို ကြည့်ကာ ချစ်စဖွယ် အမူအရာဖြင့် ချီးကျူး၏။

"အင်း အစ်မက အရမ်းလှတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ အစ်မ စောင်းတီးတာက ငါ့ခြေထောက်နဲ့ တီးတာလောက်တောင် မကောင်းဘူးလို့ ခံစားရတယ်" လဲ့ဝူကျဲက သူ၏နားကို ပိတ်ထားလျက် အလွန်ပင် ရိုးသားသော ဝေဖန်ချက်ကို ပေးလိုက်သည်။

ဤသည်ကို ကြားလိုက်ရသောအခါ လီကျန့်ယီသည် မရယ်ဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည် ။

"လဲ့ဝူကျဲ... မင်းအစ်မသာ ဒီစကားကို ကြားသွားရင် မင်းကတော့ အသက်မရှိလောက်တော့ဘူးနော်"

"အမ်...ယောက်ဖ... ယောက်ဖ အစ်မကို သွားမပြောရဘူးနော်" လဲ့ဝူကျဲသည် သူ၏ယောက်ဖက ရုတ်တရက် ပြန်ရောက်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားပြီး မျက်လုံးဝိုင်းလေးဖြင့် ပြောလိုက်သည်။

"ငါက မင်းအစ်မကို သွားမပြောပါဘူး၊ ဒါပေမဲ့ မင်းက ယောက်ဖရဲ့ပုခုံးလေး ဘာလေး နှိပ်ပေးမလား လဲ့ဝူကျဲ" လီကျန့်ယီသည် လီဟန်ယီ၏ "ဆွဲဆောင်မှု့ရှိသော" စောင်းသံကို နားထောင်ရင်း အနှိပ်ပညာကို ခံစားရန် ပြင်ဆင်လိုက်သည်။

"ဟုတ်ကဲ့"

ဘာမှ ထပ်မစဉ်းစားတော့ဘဲ လဲ့ဝူကျဲသည် လီကျန့်ယီ၏ ပုခုံးများကိုစတင်နှိပ်ပေးပါတော့သည်။အံ့သြစရာကောင်းသည်မှာ လဲဝူကျဲ၏ ပခုံးကို နှိပ်ပေးသည့် ကျွမ်းကျင်မှု့မှာ တော်တော်လေး ကောင်းမွန်ပေသည်။ လဲ့ဝူကျဲသည် သူ၏အားကို အပြည့်သုံး၍ နှိပ်ပေးသော်လည်း နာကျင်ခြင်း မရှိဘဲ အနေတော် ဖြစ်နေသည်။

အခန်း ၁၆၉ အဖေကို လွမ်းနေလို့လား

"ယောက်ဖ နေလို့ကောင်းရဲ့လား"

လီကျန့်ယီ၏ ပခုံးကို အားသွန်ခွန်စိုက် နှိပ်ပေးနေသော လဲ့ဝူကျဲသည် သူ၏ ဝိုင်းစက်သော ခေါင်းလေးကို လီကျန့်ယီ၏ ပုခုံးပေါ်မှ ငုံ့ကြည့်ကာ မေးလိုက်သည်။

"နေလို့ကောင်းတာပေါ့ သာယာငြိမ့်ညောင်းတဲ့ စောင်းသံနဲ့ဆိုတော့ တကယ်ကို နေလို့ကောင်းတယ်"

လီကျန့်ယီက လက်မထောင်ပြလိုက်သည်။

ဤသည်ကို ကြားလိုက်ရသောအခါ ဖုန်းချူးယွီသည် သူမ၏မျက်နှာကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်ပြီး "အရင်ကနဲ့ နှိုင်းယှဉ်ရင် ညီမလေး ဟန်ယီက အများကြီး တိုးတက်လာတာပဲ" ဟု ဆိုသည်။

"ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ်" လီကျန့်ယီက စောင်းတီးနေသော လီဟန်ယီကို အားပေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် လူတိုင်းသည် နယ်ပယ်တိုင်းတွင် တော်နေကြသည်မဟုတ်ပေ။လီဟန်ယီသည် ဓားတွင် ကျွမ်းကျင်သော်လည်း စောင်းတီးခြင်းတွင် အဆင့်တစ်ခုထိ အောင်မြင်မှု့ရရန်မှာ အချိန်များစွာ ပေးရပေလိမ့်မည်။

ထို့ကြောင့် အချို့သော နယ်ပယ်များတွင် တိုးတက်မှု့ရှိလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။ နိုင်ငံတော်အဆင့် သမားများနှင့် မိမိကိုယ်ကိုယ် နှိုင်းယှဉ်နေရန် မလိုပေ။

"ဒါဆိုရင်... ကျွန်မတို့ လက်ထပ်တဲ့အခါ မင်္ဂလာပွဲကို လာကြတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေအတွက် သီချင်းတစ်ပုဒ် တီးပြရမလား" လီဟန်ယီသည် မျှော်လင့်ချက်များဖြင့် လီကျန့်ယီကို ကြည့်လိုက်သည်။

လီကျန့်ယီ "..."

ဖုန်းချူးယွီ "..."

ရွဲ့ယောင် "..."

အားလုံးမှာ တိတ်ဆိတ်သွားကြတော့သည်။

ဤသည်ကို မြင်သောအခါ လီဟန်ယီသည် သူမ၏ နှုတ်ခမ်းနီနီလေးကို အနည်းငယ် စူလိုက်ကာ သနားစဖွယ် အမူအရာဖြင့် ခေါင်းငုံ့ထားလိုက်သည်။

လီကျန့်ယီသည် သူမကို မြင်လိုက်ရသည့်အခါ သူ၏ယောက်ဖ လဲ့ဝူကျဲကို အမြန်ပင် လွှတ်လိုက်ပြီး လီဟန်ယီ၏ အနားသို့သွားကာ နှစ်သိမ့်ပေးလိုက်သည် ။

"ဟန်ယီ... မင်း နားမလည်ပါဘူး၊ မင်္ဂလာပွဲမှာ မင်း စောင်းကိုပေးမတီးတာက မင်း တီးတာမကောင်းလို့ မဟုတ်ပါဘူး၊ မင်းတီးတဲ့ စောင်းသံက ငါတစ်ယောက်တည်းအတွက်ပဲ ဖြစ်သင့်လို့ပါ"

"ဒါကြောင့် နောက်ဆိုရင် ဟန်ယီ... မင်းက ငါ့အတွက်ပဲ စောင်းတီးပေးပါ၊ ငါ တကယ်ပဲ နားထောင်လို့ရတာကြိုက်တယ်"

"အင်း"

လီကျန့်ယီကို မော့ကြည့်ရင်း လီဟန်ယီသည် သူ၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ လီကျန့်ယီသည်သာ သူမအပေါ် အကောင်းဆုံး ဆက်ဆံသူဖြစ်ပြီး လီကျန့်ယီ တစ်ယောက်တည်းကသာ သူမဘက်တွင်အမြဲရှိနေသော ဖြစ်သည်။သူမ၏ စောင်းတီးခြင်း ပညာမှာ မည်မျှပင် ဆိုးရွားပါစေ လီကျန့်ယီသည် သူမကို အထင်သေးမည် မဟုတ်ပေ။

"ဪ... ဒါနဲ့ ဟန်ယီ၊ အရင်က မှာထားတဲ့ မင်္ဂလာဝတ်စုံတွေကို သွားယူရင်းနဲ့ ဖိတ်စာတွေပါ ဝယ်ခဲ့တယ်၊ ခဏနေရင် ငါတို့ ဆွေမျိုးမိတ်သင်္ဂဟတွေဆီ ပို့ဖို့ ဖိတ်စာတွေကို အတူတူ ရေးကြတာပေါ့" လီကျန့်ယီက နှစ်သိမ့်ပေးလိုက်ခြင်းက လီဟန်ယီအား စိတ်သက်သာရာ ရစေမည်ကို သိရှိသည်။ နှစ်သိမ့်မှု့ပေးပြီးလျှင် စကားလမ်းကြောင်း ပြောင်းလဲခြင်း နည်းဗျူဟာကို အသုံးပြုခြင်းက သူမ၏ စိတ်ဓာတ်ကို ပြန်လည် တက်ကြွလာစေပေလိမ့်မည်။

ဤစကားကို ကြားလိုက်ရသောအခါ လီဟန်ယီ၏ လှပသော မျက်လုံးများမှာ တောက်ပသွားကာ စစ်မှန်သော ခံစားချက်များဖြင့် ပြည့်နှက်နေသည့် ချိုမြိန်သော အပြုံးတစ်ခုကို ပြုံးပြ‌၏။

"ကောင်းပြီလေ၊ အခုပဲ သွားရေးကြရအောင် ၊ အဖေ ပြန်လာမလားဆိုတာ သိရအောင် အဖေဆီကိုလည်း ဖိတ်စာတစ်စောင် ရေးကြစို့"

"ကောင်းပြီ၊ တကယ်လို့ အဖေ ပြန်မလာဘူးဆိုရင် တောင်ပိုင်းစစ်မြေပြင်ကနေ အဖေကို ပြန်ပါလာအောင် ငါကူညီပေးမယ်" လီကျန့်ယီသည် လီဟန်ယီ၏ လက်ကို ဆုပ်ကိုင်ထားရင်း ကတိပေးသည်။

"အင်း" လီဟန်ယီသည် ရှက်သွေးဖြာလျက် ခေါင်းညိတ်ပြ၏။

ထို့နောက် သူတို့နှစ်ဦးသည် အခန်းထဲသို့ ဝင်သွားကာ ဖိတ်စာရေးသည့် အလုပ်တွင် အာရုံစိုက်လိုက်ကြတော့သည်။

ဤသည်ကို မြင်သောအခါ ယောက်ဖဖြစ်သူက အပစ်ပယ်ခံလိုက်ရသော လဲ့ဝူကျဲသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဆိုးလိုက်တဲ့ ယောက်ဖ ၊ယောက်ဖရဲ့ စိတ်ထဲမှာ အစ်မပဲ ရှိတယ်၊ လဲ့ဝူကျဲက ယောက်ဖအတွက် အစ်မ‌လောက် အရေးမပါဘူးလား"

"ခစ် ..ခစ်"ထို မကျေမနပ်စကားကို ကြားရသောအခါ ရွဲ့ယောင်နှင့် ရွဲ့ရှင်းတို့မှာ မရယ်ဘဲ မနေနိုင်တော့ပေ။

"လဲ့ဝူကျဲ... အဲ့ဒါကတော့ ဖြစ်သင့်တာပဲလေ။ မင်းအစ်မက မင်းရဲ့ယောက်ဖရဲ့ သတို့သမီးလေ ကွားခြားချက်တော့ရှိမှာပေါ့၊ နောက်ဆို သူတို့နှစ်‌ယောက်က မင်းရဲ့ အဖေနဲ့ အမေတို့လို ဖြစ်သွားမှာပေါ့"

"မင်းက မင်းရဲ့အစ်မနဲ့ ဘယ်လို နှိုင်းယှဉ်လို့ ရမှာလဲ" ရွဲ့ယောင်က ပြုံးလျက် ရှင်းပြသည်။

"ဟမ်..ကျွန်တော် ဂရုမစိုက်ဘူး၊ ယောက်ဖက အစ်မအတွက် သတို့သမီး ဝတ်စုံတွေ သွားယူဖို့ မြို့ထဲကို သွားနိုင်ပြီး‌တော့ လဲ့ဝူကျဲကိုရော ဘာလို့ မြို့ထဲ လိုက်ပို့ဖို့ကြမဖြစ်နိုင်ရတာလဲ"

လီကျန့်ယီ မြို့ထဲသို့ သွားခဲ့သည်ကို လဲ့ဝူကျဲ ကြားလိုက်ရခြင်း ဖြစ်သည်။ သူသည် မနာလိုဖြစ်ရုံသာမက သူ၏ယောက်ဖကို သေချာ စောင့်မကြည့်မိသည့်အတွက်လည်း နောင်တရနေမိသည်။သူမသိလိုက်ခင်မှာပင် သူ၏ယောက်ဖမှာ မြို့ထဲသို့ တစ်ကိုယ်တည်း သွားခဲ့လေပြီ။

"ဟားဟားဟား..."

"အာ..တကယ်တော့ လဲ့ဝူကျဲက မြို့ထဲသွားဆော့ချင်လို့ကိုး ဟုတ်လား" ရွဲ့ယောင်နှင့် အခြားသူများသည် လဲ့ဝူကျဲ၏ ရည်ရွယ်ချက်အမှန်ကို သိလိုက်ရသောအခါ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

"မြို့ထဲသွားဆော့ဖို့သာ မဟုတ်ရင် ကျွန်တော် အစ်မနဲ့ အပြိုင်အဆိုင် လုပ်မနေပါဘူး" လဲ့ဝူကျဲက လက်ပိုက်ကာ ခေါင်း‌မော့ပြီး ချေမိုးမှု့အပြည့်ဖြင့် ဆိုသည်။

"အစ်မက မင်းကို မြို့ထဲ လိုက်ပို့ရင်ရော ဘယ်လိုလဲ" ရွဲ့ယောင်သည် သူမ၏ လှပသော မျက်လုံးများဖြင့် ရှေ့မှ ဝဝကစ်ကစ် ကောင်လေးကို ကြည့်လိုက်သည်။

"တကယ်လား" လဲ့ဝူကျဲသည် သူ၏ ကြည်လင်တောက်ပသော မျက်လုံးများဖြင့် ရွဲ့ယောင်ကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

"အစ်မက လိမ်မပြောတတ်ဘူး" ရွဲ့ယောင်က ခေါင်းအသာ ညိတ်ပြကာ အတည်ပြုပေး၏။

"အစ်မက အရမ်းသဘောကောင်းတာပဲ၊ အခုပဲ သွားကြမလား" လဲ့ဝူကျဲသည် စိတ်လှုပ်ရှားစွာဖြင့် ရွဲ့ယောင်၏ လက်ကို ချက်ချင်းလှမ်းကိုင်သည်။

"မသွားသေးပါဘူး၊ အရင်ဆုံး မင်းရဲ့ အမေကို မေးရဦးမယ်"

ရွဲ့ယောင်သည် သူမ၏အနားတွင် မျက်မှောင်ကြုတ်နေသော လီရှင်းယွဲ့ကို ပြုံးလျက် ကြည့်လိုက်၏။အမှန်တကယ်တွင် လီရှင်းယွဲ့သည် သူမ၏ မလိမ္မာသော သားဖြစ်သူကို တကယ်ပင် ရိုက်နှက်ချင်နေမိသည်။

သို့သော် ထိုကောင်လေးသည် မိုးကြိုးတံခါးတွင်သာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရပြီး သူမအနေဖြင့် သေချာ မပြုစုနိုင်ခဲ့သည်ကို ထည့်သွင်းစဉ်းစားကာ သက်ပြင်းချမိသည်။

"အတူတူ သွားကြမယ်"

"မေမေ... အစ်မနဲ့ ယောက်ဖကိုရော ခေါ်သွားကြမလား" လဲ့ဝူကျဲက သဘောထားကောင်းသော သူ၏ အမေကို မေးလိုက်သည်။

" သူတို့နှစ်ယောက်ထဲ အတူတူရှိနေတာက ပိုပြီး ပျော်ဖို့ကောင်းလိမ့်မယ်" လီရှင်းယွဲ့သည် လီကျန့်ယီနှင့် လီဟန်ယီတို့၏ ဆက်ဆံရေး တိုးတက်မှု့ကို မနှောင့်ယှက်လိုပေ။

"ဟုတ်ကဲ့"

လဲ့ဝူကျဲသည် ခေါင်းငုံ့ကာ ခေါင်းညိတ်လိုက်ပြီးနောက် လီရှင်းယွဲ့၏ လက်ကို ဆွဲကာ သူတို့သည် ဓားနှလုံးဂူဗိမာန် အပြင်ဘက်ရှိ မြို့သို့ ဦးတည်သွားကြပါတော့သည်။

........

လီကျန့်ယီနှင့် လီဟန်ယီတို့မှာ အခန်းထဲတွင် ဖိတ်စာများအားလုံးကို ရေးသားပြီးစီးသွားပြီဖြစ်ရာ ယခုအခါ ပေးပို့ရန်သာ ကျန်တော့သည်။

"ဟန်ယီ... မူလကတော့ ဖိတ်စာတွေကို ပို့ပေးဖို့ ပိုင်ရှောင်တန်က လူတွေကို အကူအညီတောင်းဖို့ စဉ်းစားထားတာ၊ ဒါပေမဲ့ သူတို့က အရမ်းနှေးပြီး ငါ့လောက် မမြန်ဘူးလေ၊ ဒါကြောင့် ငါကိုယ်တိုင်ပဲ သွားပို့လိုက်တော့မယ်" လီကျန့်ယီက စားပွဲပေါ်ရှိ ဖိတ်စာများကို ကြည့်ကာ သူ၏ အကြံကိုထုတ်ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်" လီဟန်ယီသည် လီကျန့်ယီ၏ လက်မောင်းကို ချိတ်လိုက်ကာ ချိုမြိန်စွာ ပြုံး နေ၏။

"ကောင်းပါပြီ"

လီကျန့်ယီက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူနှင့် လီဟန်ယီတို့သည် ပျံသန်းကာ မြောက်ပိုင်း လီဒေသ တစ်ခုလုံးသို့ လှည့်လည်သွားကြသည်။

အနောက်ပိုင်းအစွန်းတွင်ရှိ‌သော တီယမ်ဝူတွမ်ကိုတောင် လီကျန့်ယီနှင့် လီဟန်ယီတို့က သွားရောက်ခဲ့ကြသည်။ ထိုနေရာတွင် မိုရှီရွန်နှင့် ဇီယူကျီတို့ ရှိနေကြသဖြင့် လီကျန့်ယီသည် သူတို့ကို မေ့ထားမည် မဟုတ်ပေ။ သူတို့တွင်ရှိသော ဖိတ်စာများအားလုံး ပေးပို့ပြီးနောက် လီကျန့်ယီနှင့် လီဟန်ယီတို့၏ နောက်ဆုံးမှတ်တိုင်မှာ မြောက်ပိုင်း နယ်စပ်ဒေသ ဖြစ်သည်။

ထိုနေရာမှာ လဲ့မုန့်ရှား တပ်စွဲထားသော စစ်တပ်ရှိရာ နေရာပင် ဖြစ်သည်။အပေါ်စီးမှ ကြည့်လိုက်သောအခါ မြောက်ပိုင်းနယ်စပ်၏ အခြေအနေမှာ လောလောဆယ်တွင် တင်းမာမှု့ မရှိကြောင်း လီဟန်ယီ တွေ့ရှိလိုက်ရသည်။ အမှန်တကယ်တွင် တောင်ပိုင်းကျူး စစ်တပ်ရော မြောက်ပိုင်းကျူး‌ကျော်သူရော သူတို့၏ သက်ဆိုင်ရာ နယ်မြေများထက် ကျော်လွန်၍ လာရောက်ခြင်း မရှိကြတော့ပေ။

"ဟမ်..အခု မြောက်ပိုင်းနယ်စပ်မှာ ဘာမှမဖြစ်နေဘူးဆိုရင် အဖေက ဘာလို့ ဓားနှလုံးဂူဗိမာန်ကို ပြန်မလာတာလဲ၊အဖေက ဒီနယ်စပ်မှာ ဘာလုပ်နေတာလဲ၊ " လီဟန်ယီသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ မင်္ဂလာပွဲကို သူမ၏အဖေက ဂရုမစိုက်သကဲ့သို့ ဖြစ်နေသည့်အတွက် သူမ တကယ်ပင် ဒေါသထွက်နေမိသည်။

"ဟုတ်ပါ့ အဖေက ဘာလုပ်နေပါလိမ့်"

လီကျန့်ယီနှင့် လီဟန်ယီတို့သည် စစ်တပ်တစ်ခုလုံးကို ရှာဖွေလိုက်ကြပြီး နောက်ဆုံးတွင် စစ်သူကြီး၏ စင်မြင့်ထက်တွင် လဲ့မုန့်ရှားကို တွေ့သွားသည်။လဲ့မုန့်ရှားသည် ရဲ့ရှောင်ယင်းနှင့်အတူ သောက်စားကာ စကားစမြည် ပြောဆိုနေကြပြီး အလွန်ပင် ပျော်ရွှင်နေကြသည်ကို တွေ့ရပေမည်။

"သွားရအောင် ယီယီ၊ ငါတို့ ဖိတ်စာ သွားပေးကြမယ်"

"ကောင်းပါပြီ'

လီကျန့်ယီသည် လဲ့မုန့်ရှားနှင့် ရဲ့ရှောင်ယင်းတို့၏ ရှေ့သို့ တိုက်ရိုက်ပင် ဆင်းသက်သည်။

"ယီယီနဲ့ သမီး လက်ထပ်တဲ့အခါ အဖေ လာဖို့ မမေ့ပါနဲ့ဦး" လီဟန်ယီသည် မျက်မှောင်ကြုတ်လျက် ရေးသားထားသော ဖိတ်စာကို လဲ့မုန့်ရှားထံသို့ ကမ်းပေးလိုက်သည်။

လဲ့မုန့်ရှားသည် သူ၏သမီးကို မြင်လိုက်ရသည့်အခါမှ သူ၏သမီးသည် လီကျန့်ယီနှင့် လက်ထပ်တော့မည်ကို သတိရသွားကာ သူ၏နဖူးကို လက်ဖြင့် ရိုက်လိုက်သည်။

"အော်... ဒုက္ခပါပဲ၊ ငါက မကြာခင်ကတင် တောင်ပိုင်းကျူး စစ်တပ်ကို အနိုင်ယူခဲ့တာဆိုတော့ ညီအစ်ကိုတွေကို ဆုချပြီး အောင်ပွဲခံ သောက်စားဖို့ပဲ တွေးနေတာ"

"သမီးနဲ့ ယီယီကိုတောင် မေ့တော့မလို့ပဲ၊ ဒါပေမဲ့ ဟန်ယီနဲ့ ယီယီ... မင်းတို့ မင်္ဂလာဆောင်ဖို့က အချိန်လိုသေးတယ် မဟုတ်လား၊ ဘာလို့ အဖေ့ကို အသည်းအသန် လာရှာနေကြတာလဲ၊မင်းတို့က အဖေကို လွမ်းနေလို့လား"

လဲ့မုန့်ရှားသည် လီကျန့်ယီနှင့် လီဟန်ယီကို ကြည့်ကာ သူက ဘဝင်မြင့်သွားရသည်။သူ၏ သမီးနှင့်သားမက်မှာ ယခုချိန်တွင် နတ်ဓားရှင်များဖြစ်ကြသည်။

အခန်း ၁၇၀ ယီယီအား ကုသပေးခြင်း

မိမိကိုယ်ကို အနည်းငယ် အထင်ကြီးနေသည့် ဖခင်ဖြစ်သူကို ကြည့်ပြီး လီဟန်ယီမှာ စိတ်တိုင်းမကျသလို ဖြစ်သွားသော်လည်း လဲ့မုန့်ရှားကို အမှန်တကယ်ပင် အလွန်လွမ်းနေခဲ့မိသည်။ သူမသည် ရွှေလမြို့တော်တွင် ဓားသိုင်းလေ့ကျင့်နေခဲ့ပြီး တစ်နှစ်လျှင် လဲ့မုန့်ရှားနှင့် အနည်းငယ်သာ ဆုံတွေ့ခွင့်ရခဲ့သည်။ ထို့ကြောင့် လဲ့မုန့်ရှားကို ပြန်တွေ့ရသည့်အခါတွင် ဖခင်ဖြစ်သူကို ကန့်လန့်ပြီး မလုပ်စေချင်တော့ပေ။

'စစ်တပ်ထဲဝင်တာထက် ကိုယ့်သားမယားနဲ့ အတူရှိနေတာက ဘာနဲ့မှမလဲနိုင်တဲ့ အရာပဲလေ၊ ဒါ့အပြင် မြောက်ပိုင်းလီဒေသက အင်မတန် အစွမ်းထက်တာမို့ ဖေဖေလို ဗိုလ်ချုပ်တစ်ယောက် ထပ်မလိုတော့ဘူး'ဟု သူမက တွေးတောနေမိသည်။

"ဟုတ်ပါတယ်၊ ဟန်ယီက ဖေဖေကို အရမ်းလွမ်းနေတာပါ၊ ဒါပေမဲ့ အဖေကရော သမီးကို လုံးဝမလွမ်းဘူးလား"

"အဖေက သမီးရဲ့ မင်္ဂလာပွဲကိုတောင် ဂရုမစိုက်ဘူး၊ အဖိုးနဲ့ အမေတို့ဆိုရင် စိုးရိမ်လွန်းလို့ ဖျားတောင် ဖျားချင်နေကြပြီ"

"ဒါ့အပြင် ဘယ်လိုဖခင်မျိုးကများ သမီးရဲ့ အိမ်ထောင်ရေးကို စိတ်မပူဘဲ နေနိုင်တာလဲ" လီဟန်ယီသည် လဲ့မုန့်ရှားကို ဝမ်းနည်းရိပ်များဖြင့် ကြည့်‌နေမိသည်။

သားအဖနှစ်ဦးမှာ တွေ့ရခဲလှသည့်အပြင် ယခုကဲ့သို့ အရေးကြီးသည့်နေ့တွင် ဖခင်ဖြစ်သူက ဓားနှလုံးဂူဗိမာန်သို့ ချက်ချင်းမပြန်ဘဲ ဤနေရာတွင် အေးအေးလူလူ အရက်သောက်နေသည်ကို သူမ စိတ်မကောင်းဖြစ်မိသည်။ အရက်သောက်ခြင်းက သူမ၏ မင်္ဂလာပွဲနေ့ထက် ပိုအရေးကြီးနေသည်လော။

"ဟန်... ဟန်ယီ၊ ဒါတွေအားလုံးက အဖေရဲ့အပြစ်တွေပါ၊ အဖေက မေ့တတ်လွန်းလို့ပါ။၊ သမီးကို စိတ်ဆိုးအောင်လုပ်မိပြီ အဖေက တကယ်ကို မကောင်းတဲ့လူပဲ" အရွယ်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မျက်ရည်ဝဲနေသည့် သမီးဖြစ်သူကို ကြည့်ပြီး လဲ့မုန့်ရှားမှာ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားရသည်။

"သမီး စိတ်မဆိုးပါဘူး၊ သမီးက အဖေကို လွမ်းရုံတင်ပါ၊ သမီးတို့က တွေ့ရခဲတာဆိုတော့ မင်္ဂလာမဆောင်ခင် အ‌ဖေကို ပိုပြီး မြင်ချင်မိတာပါ" လီဟန်ယီက မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။

"ဟေ့ သမီးလေး၊ မငိုပါနဲ့တော့ အဖေက မေ့သွားတာ ဒါက အဖေရဲ့အမှားက အဖေလည်းသမီးကို လွမ်းတာပေါ့" လဲ့မုန့်ရှားသည် လီကျန့်ယီကို မျက်စိမှိတ်ပြကာ လီဟန်ယီအား နှစ်သိမ့်ပေးရန် အချက်ပြ‌သည်။

အမှန်အတိုင်းပြောရလျှင် သူ စစ်တပ်ထဲဝင်ပြီးနောက် အဖေနှင့်သမီးကြားနှစ်ဦး အတူရှိချိန်မှာ အလွန်နည်းပါးခဲ့ပြီး ဖခင်တစ်ယောက်၏ တာဝန်ကို သူ ကောင်းစွာ မကျေပွန်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

"ကောင်းပါပြီ"

ယောက္ခထီးဖြစ်သူ၏ အချက်ပြမှု့ကို မြင်သည့်အခါ လီကျန့်ယီက လိမ္မာပါးနပ်စွာ ရှေ့သို့တိုးကာ "ဟန်ယီ၊ ကြည့်ပါဦး၊ အဖေက အသက်ကြီးလာပြီဆိုတော့ မှတ်ဉာဏ်က အရင်လို မကောင်းတော့ဘူးလေ။ သူက မင်းကို အမြဲတမ်း လွမ်းနေတာပါ" ဟု ပြောကာ နှစ်သိမ့်ပေး၏။

"ဒါကြောင့် အဖေကို အိမ်ပြန်ခေါ်သွားကြစို့နော်၊ မငိုပါနဲ့တော့ ဟုတ်ပြီလား"

"အင်း" လီဟန်ယီက မျက်ရည်များကို သုတ်ကာ သူမ၏ဖခင်ကို လွမ်းရိပ်မပြယ်သေးစွာကြည့်နေမိသည်။

သမီးဖြစ်သူက ငိုယိုခြင်း ရပ်သွားသည်ကို မြင်သောအခါ လဲ့မုန့်ရှားမှာ သက်ပြင်းချနိုင်တော့သည်။

"သွားကြစို့၊ အဖေ အခုပဲ အိမ်ပြန်မယ်။သမီးနဲ့အတူရှိပေးပြီး မင်္ဂလာပွဲပြီးတဲ့အထိ စောင့်ရှောက်ပေးမယ်"

ထို့နောက် လဲ့မုန့်ရှားသည် စားပွဲတွင်ရှိနေသော ရဲ့ရှောင်ယင်းကို ကြည့်ကာ "ညီအစ်ကို၊ မင်းမြင်တဲ့အတိုင်းပဲ၊ ငါ့သမီးက ငါ့ကိုလွမ်းနေတာ၊ ငါ သူမနဲ့အတူ ပြန်တော့မယ်" ဟု ဆိုသည်။

"သမီးအကြောင်း ပြောရမယ်ဆိုရင်... ငါလည်း ငါ့ရဲ့ ယီယီလေးကို လွမ်းမိတယ်" ဖခင်နှင့် သမီးကြားမှ သံယောဇဉ်ကို မြင်တွေ့ရသည့်အခါ ငယ်စဉ်ကတည်းက ကျန်းမာရေးချို့တဲ့ပြီး အားနည်းလှသည့် သမီးဖြစ်သူ ရဲ့‌ရော့ယီကို သတိရသွားသည်။

သူသည် တတ်နိုင်သမျှ ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီး ဆရာသမားများကို ရှာဖွေခဲ့သော်လည်း ဆေးဘုရင်တောင်ကြားမှ သမားတော် ချင်းပိုင်ချောင်ပင်လျှင် သမီးဖြစ်သူ၏ ရောဂါကို မကုသနိုင်ခဲ့ပေ။

ထို့ကြောင့် သူသည် ဖြူဖျော့ပြီး နာကျင်နေသည့် သမီးဖြစ်သူကို မကြည့်ရက်သဖြင့် ရှောင်ဖယ်နေမိသည်အထိ ဖြစ်လာခဲ့သည်။ကြည့်နေရလျှင် သူ၏နှလုံးသားမှာ ခံရခက်လောက်အောင် နာကျင်ရပြီး ဘာမှမတတ်နိုင် သည့်အတွက် အားကိုးရာမဲ့သလို ခံစားရသည်။

"ဟူး.. အမှန်အတိုင်းပြောရရင် ညီအစ်ကိုလဲ့၊ ငါ မင်းကို တကယ်အားကျတယ်။ မင်းရဲ့ ဟန်ယီက အနည်းဆုံးတော့ ကျင့်ကြံသူလောကမှာ နာမည်ကျော် နတ်ဓားရှင်တစ်ယောက် ဖြစ်နေပြီ။ ငါ့သမီးကတော့ အပြင်ထွက်ရင်တောင် ခဏခဏ ချောင်းဆိုးနေတတ်တယ်၊ အဖေတစ်ယောက်အနေနဲ့ တမူထူးခြားပြီး မထူးချွန်ရင်တောင် သူဘာသာသူ ကောင်းကောင်းလေးနေနိုင်ရင်ကောင်းမှာပဲ" ရူဖန်က လဲ့မုန့်ရှားကို အားကျစွာ ကြည့်ကာ ဆက်လက်ပြီး သူကပြောသည်။

"ဒီလို ထူးချွန်တဲ့ သမီးလေးရှိတာ ညီအစ်ကိုအနေနဲ့ သူမနဲ့ အချိန်ပိုပေးသင့်တာပေါ့။ အထူးသဖြင့် မင်္ဂလာဆောင်တော့မဲ့ အချိန်ဆိုတော့ သူမရဲ့ အရင်က နောင်တရစရာတွေကို အစားထိုးပေးသင့်တယ်လေ"

"ဒါပေါ့၊ ငါပြန်ရောက်ရင် အားလုံးကို အစားထိုးပေးမှာပါ" လဲ့မုန့်ရှားသည် ရဲ့ရှောင်ယင်း၏ သမီးအခြေအနေကို သိရှိထားသဖြင့် စိတ်မကောင်းဖြစ်မိသည်။ ရဲ့ရော့ယီလေးသည် သူ့ကို ဦးလေးလဲ့ဟု အမြဲခေါ်လေ့ရှိသည်ကို သူ မှတ်မိနေသည်။

"ဒါနဲ့ ဟန်ယီ၊ ရွှေလမြို့တော်ရဲ့ တတိယမြို့တော်သခင် စစ်ကုန်းချန်ဖုန်းက ဆေးဘုရင်တောင်ကြားက ဆရာကြီးရဲ့ တပည့်မဟုတ်လား။ ညီအစ်ကို‌ရှောင်ယင်းရဲ့ သမီးကို စစ်ကုန်းချန်ဖုန်းဆီ ပို့ပြီး ကုသခိုင်းကြည့်ရင် ဘယ်လိုလဲ။" လဲ့မုန့်ရှားက လီဟန်ယီကို ကြည့်ပြီး မေးလိုက်သည်။

"ရပါတယ်၊ ကျွန်မ တတိယ‌ မောင်လေးကို အကူအညီတောင်းပေးပါ့မယ်"ထို မိန်းကလေး၏ အခြေအနေကို ကြားရသည့်အခါ လီဟန်ယီကလည်း တတ်နိုင်သမျှ ကူညီပေးလိုစိတ် ပေါ်လာသည်။

"ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ် တူမလေးဟန်ယီ" ရဲ့ရှောင်ယင်းမှာ လီဟန်ယီက ကူညီမည်ဟု ပြောသဖြင့် အလွန်စိတ်လှုပ်ရှားသွားသည်။ရွှေလမြို့တော်၏ တတိယသခင်မှာ ယခုဆိုရင် အလွန်အစွမ်းထက်နေမည်ဖြစ်သောကြောင့် သူ၏စိတ်ထဲတွင် နောက်တစ်ဖန် မျှော်လင့်ချက်များ တိုးပွားလာပြန်သည်။

ထိုစဉ် လီကျန့်ယီက"ဗိုလ်ချုပ်‌ရဲ့၊ ခင်ဗျားရဲ့သမီးက မွေးရာပါ နှလုံးသွေးကြော ထိခိုက်နေတာ မဟုတ်လား၊ သာမန်ဆေးဝါးတွေနဲ့တော့ မပျောက်နိုင်ပါဘူး၊ အဲ့ဆေးတွေက ရောဂါလက္ခဏာကို ခဏတာ သက်သာစေရုံပဲ ရှိမှာပါ" ဟု ဝင်ပြောလိုက်သည်။

"ခဏတာ သက်သာရင်တောင် တော်ပါပြီ၊ အနည်းဆုံးတော့ ယီယီက နာကျင်တာ သက်သာတာပေါ့" ရဲ့ရှောင်ယင်းက သက်ပြင်းချရင်း ဆိုသည်။

"အဲ့ဒါက မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်မှာ ဗိုလ်ချုပ်ရဲ့သမီးကို ကုသဖို့ ပိုကောင်းတဲ့နည်းလမ်း ရှိပါတယ်" လီကျန့်ယီက တည်ငြိမ်သော အမူအရာဖြင့် ရဲ့ရှောင်ယင်းကို ကြည့်ကာ ပြောသည်။

ဗိုလ်ချုပ်ရဲ့သည် စိတ်လှုပ်ရှားစွာဖြင့် လီကျန့်ယီ၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး သူ၏ သိက္ခာကိုပင်မငဲ့ပဲ တောင်းဆိုလေသည်။ သူ၏ သမီးဖြစ်သူအတွက် သူဘယ်အရာမဆို ဂရုမစိုက်ပေ။

"ငါ့ရဲ့ ယီယီကို လုံးဝကောင်းအောင် ကုသပေးနိုင်မဲ့ နည်းလမ်းသာ ရှိမယ်ဆိုရင် ငါ ဘယ်လိုအဖိုးအခမျိုးကိုမဆို ပေးဖို့ အသင့်ပါပဲ"

"လုံးဝပျောက်ကင်းအောင်တော့ မကုနိုင်ပါဘူး၊ မွေးရာပါ နှလုံးသွေးကြော ထိခိုက်မှု့ဆိုတာ မွေးရာပါ ပြဿနာမို့ ဘယ်သူမှ လုံးဝပျောက်အောင် မကုနိုင်ပါဘူး။" လီကျန့်ယီက ခေါင်းယမ်းလိုက်သည်။

"ဒါဆို သခင်လေးလီ ပြောတဲ့ ပိုကောင်းတဲ့နည်းလမ်းဆိုတာက.." ရဲ့ ရှောင်ယင်းမှာ မျှော်လင့်ချက်ပျက်သလိုဖြင့် ဇဝေဇဝါ မေးလိုက်သည်။

"ဒါကတော့ ဆန်းကြယ်နတ်ခရီးအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ရှာပြီး သူရဲ့ အတွင်းအားနဲ့ ဗိုလ်ချုပ်ရဲ့ သမီးရဲ့ နှလုံးသွေးကြောကို ကာကွယ်ပေးထားဖို့ လိုတယ်၊ အဲ့ဒီလိုဆိုရင် ဗိုလ်ချုပ်ရဲ့ သမီးက ပြင်းထန်တဲ့ လှုပ်ရှားမှု့တွေ မလုပ်သရွေ့ သူမက သာမန်လူတစ်ယောက်လို နေထိုင်သွားနိုင်မှာပါ"

"ဒါ့အပြင် ဗိုလ်ချုပ်ရဲ့ သမီးက အနာဂတ်မှာ ဆန်းကြယ်နတ်ခရီးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် အဲ့ဒီပြဿနာတွေအားလုံးက အလိုလို ပျောက်ကွယ်သွားမှာ " ဟု လီကျန့်ယီက ရှင်းပြပေးသည်။

"ဆန်းကြယ်နတ်ခရီးအဆင့်ရှိတဲ့ ကျင့်ကြံသူလား၊ ဒါပေမဲ့ မြောက်ပိုင်းလီ တစ်ခုလုံးမှာ ဆန်းကြယ်နတ်ခရီးအဆင့်ရှိတဲ့ လူ တစ်ယောက်မှ မရှိတော့ဘူးလေ။"

"ကျီးရှားကျောင်းတော်က အကြီးအကဲလီ ကလည်း မြောက်ပိုင်းလီမှာ မရှိတော့ဘူး..." ရဲ့ရှောင်ယင်းမှာ ပိုလို့ပင်စိုးရိမ်ပူပန်သွားသည်။ယခုတွင် ကုသရမဲ့နည်းရှိနေကြောင့် သူသိသွားပြီဖြစ်သဖြင့် သမီးဖြစ်သူအတွက် အစွမ်းကုန် ကြိုးစားကုပေးချင်နေသည်။အရင်တုန်းက သူသည် ကုသဖို့နည်းရှာမရခဲ့ပေ။

ထိုစဉ် လဲ့မုန့်ရှားက ပြုံးလိုက်ပြီး ရဲ့ရှောင်ယင်း၏ ပုခုံးကို ပုတ်ကာ "ညီအစ်ကို၊ ဆန်းကြယ်နတ်ခရီးအဆင့်ဆိုတာ ခက်ခဲတဲ့အရာလား၊ ငါ့ရဲ့ အနာဂတ် သမက်လေးက မကြာသေးခင်ကမှ ဆန်းကြယ်နတ်ခရီးအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်ဆိုတာ မသိဘူးလား" ဟု ကြွားဝါလိုက်သည်။

"ဒါကြောင့် ငါ့ရဲ့သမက်က ယီယီလေးရဲ့ ရောဂါကို သေချာပေါက် ကုပေးနိုင်မှာပါ"

"ဆန်းကြယ်... ဆန်းကြယ်နတ်ခရီးအဆင့်က ကျင့်ကြီသူတစ်ယောက်လား" လဲ့မုန့်ရှား သတိပေးလိုက်မှသာ ရဲ့ရှောင်ယင်းမှာ ဆန်းကြယ်နတ်ခရီးအဆင့် ကျင့်ကြံသူမှာ မိမိ၏ ရှေ့တည့်တည့်တွင် ရှိနေကြောင်း သတိပြုမိတော့သည်။

"သခင်လေးလီ၊ ကျွန်တော်ကို ကြည့်ပါဦး။ သမီးရဲ့ရောဂါကြောင့် အရာရာကို မေ့လျော့နေမိတယ်။ စောစောက ညီအစ်ကိုလဲ့နဲ့ စကားပြောတုန်းက သူမှာ ပါရမီရှင် သမက်တစ်ယောက် ရှိတယ်လို့ ပြောခဲ့တာပဲ။ အခုမှ သတိမထားမိဘဲ ဖြစ်နေရတယ်..." ရဲ့ရှောင်ယင်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။

"ကျွန်တော် နားလည်ပါတယ်" လီကျန့်ယီက ပြုံး၍ ပြောလိုက်သည်။

"ဒါဆို သခင်လေးလီ၊ ကျွန်တော်ရဲ့ သမီးကို ကုသပေးနိုင်မလား" ရဲ့ရှောင်ယင်းသည် လီကျန့်ယီ၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

"ဘာမှ စိတ်မပူပါနဲ့၊ ဗိုလ်ချုပ်ရဲ့ သမီးကိုသာ ဓားနှလုံးဂူဗိမာန်ကို ခေါ်လာခဲ့ပါ။ ကျွန်တော် ကုသပေးပါ့မယ်။" လီကျန့်ယီက စိတ်ရင်းဖြင့် ကုသပေးချင်သောကြောင့် ချက်ချင်းပင် သဘောတူသည်။ ။

"ကောင်းပါပြီ၊ ဒါဆိုရင် ယီယီလေးကိုယ်စား သခင်လေးလီကို ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ သခင်လေးလီရဲ့ မင်္ဂလာပွဲက ဘယ်တော့လဲ။ကျွန်တော် ယီယီလေးကို ခေါ်ပြီး မင်္ဂလာဦးဆွမ်းကျွေး လာစားချင်ပါတယ်" ဗိုလ်ချုပ်ရဲ့က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဖေဖော်ဝါရီ ၂၆ ရက်နေ့ပါ" လီကျန့်ယီက ပြုံးလျက် ပြန်ဖြေပြီး ဖိတ်စာတစ်စောင်ကို ကမ်းပေးလိုက်၏။

ရဲ့ရှောင်ယင်းသည် ဖိတ်စာကို လှမ်းယူလိုက်ပြီး သမီးဖြစ်သူအတွက် ကယ်တင်ရှင်ကို တွေ့ရသည့်အလား မျက်လုံးများတွင် အရောင်တောက်လျက် "သခင်လေးလီနဲ့ သမီးလေးဟန်ယီအတွက် ကျွန်တော် ကြီးကျယ်တဲ့ လက်ဆောင်တစ်ခု ပြင်ဆင်လာခဲ့ပါ့မယ်" ဟု ဆိုသည်။

"မလိုပါဘူး၊ ခင်ဗျားတို့ လာရောက်ပေးတာနဲ့တင် လုံလောက်ပါပြီ။" လီကျန့်ယီနှင့် လီဟန်ယီတို့က ပြုံးလျက် ခေါင်းယမ်းပြသည်။လက်ဆောင်ထက်အရေးကြီးသည့်အရာက စိတ်ရင်းဖြစ်သည်ဟု သူတို့ ယူဆထား၏။

All Chapters