← Chapters

အခန်း (၁၇၁-၁၇၅)

Vol. 18 Ch. 171-175

အခန်း (၁၇၁-၁၇၅)

Vol. 18 Ch. 171-175

အခန်း ၁၇၁ မင်္ဂလာပစ္စည်းများ ပြင်ဆင်ခြင်း

ဓားနှလုံးဂူဗိမာန်။

လီကျန့်ယီသည် လျင်မြန်စွာပျံသန်းကာ ပြန်လည်ရောက်ရှိလာပြီး သူ၏ယောက္ခထီးဖြစ်သူ လဲ့မုန့်ရှားကို ဓားနှလုံးဂူဗိမာန်သို့ ခေါ်ဆောင်လာခဲ့သည်။ အပြန်လမ်းတွင် လဲ့မုန့်ရှားသည် လီဟန်ယီ ငယ်စဉ်က နှစ်သက်ခဲ့သော မုန့်အချို့နှင့် သူမသဘောကျမည့် အဝတ်အစား အနည်းငယ်ကို ဝယ်ယူပေးခဲ့သည်။ ထို့ပြင် သူသည် လဲ့ဝူကျဲနှင့် လီရှင်းယွဲ့တို့အတွက်လည်း လက်ဆောင်ပစ္စည်းအချို့ကို ဝယ်ယူရန် မမေ့လျော့ခဲ့ပေ။

ထိုအချိန်တွင် လီရှင်းယွဲ့၊ ရွဲ့ယောင်နှင့် အခြားသူများသည် ရှောင်ချန်းလျော့နှင့် လဲ့ဝူကျဲတို့ကို ခေါ်ဆောင်ကာ မြို့ထဲတွင် လည်ပတ်နေဆဲဖြစ်သဖြင့် ဓားနှလုံးဂူဗိမာန်တွင် မရှိကြသေးပေ။

"ဟန်ယီ၊ ယီယီ၊ ဝူကျဲ... မင်းတို့အမေ ဘယ်မှာလဲဟင်၊ အဖေ သူတို့ကို အရမ်းလွမ်းနေတာ" လဲ့မုန့်ရှားသည် ရိုးသားလှသော သားဖြစ်သူနှင့် လှပသော ဇနီးသည်တို့ကို သတိရကာ လွမ်းဆွတ်တမ်းတမှု့များ ဖြစ်ပေါ်လာသည်။

"အမေက ဝူကျဲကိုခေါ်ပြီး မြို့ထဲကို ခေါ် သွားတယ်ထင်တယ်၊ မကြာခင် ပြန်ရောက်လာမှာပါ" ဟု လီဟန်ယီက ခန့်မှန်းပြီးပြန်ဖြေ၏။

"သူတို့ ဈေးဝယ်သွားကြတာလား၊ ဒါဆိုရင် သူတို့ပြန်လာတဲ့အခါ အံ့အားသင့်သွားအောင် ငါ အိမ်မှာပဲ စောင့်နေမယ်" ဟု လဲ့မုန့်ရှားက ပြုံးရွှင်စွာ ပြောသည်။

"ဟုတ်ကဲ့ပါ" လဲ့မုန့်ရှား ပြန်ရောက်လာသည်ကို မြင်လျှင် မိခင်ဖြစ်သူ အလွန်ဝမ်းသာသွားမည်ဟု လီဟန်ယီ ယုံကြည်နေသည်။

"ဒါနဲ့ ဟန်ယီ၊ လောကထဲမှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေအရ ငါတို့ရဲ့ ယီယီက ခွေးကိုတောင် အမြတ်ထုတ်တတ်တဲ့ 'နံပါတ် ၆ အစ်ကို' ဆိုတာ ဘာအဓိပ္ပာယ်လဲ"

လဲ့မုန့်ရှားသည် စစ်တပ်ထဲတွင် ရှိနေသော်လည်း ကျင့်ကြံ‌ရေးလောကတွင် ဖြစ်ပျက်နေသည်များကို အနည်းငယ် သိရှိနားလည်ထားပေသည်။

"ဒါက... ဒါကတော့လေ အဖေ၊ သူ့ကိုပဲ တိုက်ရိုက်မေးကြည့်ပါလား" လီဟန်ယီ၏ လှပသောမျက်နှာလေးမှာ ချက်ချင်းပင် အနည်းငယ် နီမြန်းသွားသည်။

"ယီယီ... ဘာတွေဖြစ်နေတာလဲ" လဲ့မုန့်ရှားက နားမလည်နိုင်သော အမူအရာဖြင့် လီကျန့်ယီဘက်ကို လှည့်မေး၏။

"အဟမ်း" လီကျန့်ယီက အသာအယာ ချောင်းဟန့်လိုက်ပြီး "ကောလာဟလတွေက အလကားပါ အဖေ၊ ကျွန်တော်က ခွေးကို ဘယ်လိုလုပ်ပြီး အမြတ်ထုတ်မလဲ" ဟု ဆိုသည်။သူ၏ ဂုဏ်ကို တင်စားထားသည့် လူကို စကားထပ်မပြောနိုင်အောင် ထုရိုက်ချင်စိတ်ပေါက်နေ၏။

"ဟုတ်သားပဲ၊ ငါ ယီယီကို ငယ်ငယ်ကတည်းက ကြည့်လာတာ၊ သူက ခွေးကို အမြတ်ထုတ်မဲ့သူမျိူး မဟုတ်ပါဘူး" လဲ့မုန့်ရှားက ထိုကောလာဟလများကို မယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

"ကဲ... ငါ့ကို မင်းရဲ့ အဖိုးဆီ ခေါ်သွားဦး။ မင်းနဲ့ ဟန်ယီရဲ့ မင်္ဂလာပွဲအတွက် နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ပဲ လိုတော့တာ။ ဓားနှလုံးဂူဗိမာန်ကို ပြင်ဆင်ဖို့ အချိန်တန်ပြီ"

"အဖေက မင်းတို့အတွက် မင်္ဂလာပွဲကို အခမ်းနားဆုံးနဲ့ အစည်ကားဆုံးဖြစ်အောင် လုပ်ပေးမယ်" လဲ့မုန့်ရှားက လီကျန့်ယီအား လမ်းပြရန် ခိုင်းလိုက်၏။

ထိုအချိန်တွင် လီဆူးဝမ်သည် ဓားဆွေးနွေးရာဆောင်၌ ဓားနှလုံးဂူဗိမာန်၏ ကိစ္စရပ်များကို စီမံခန့်ခွဲနေသည်။ သူသည် နောက်လာမည့် ရက်သတ္တပတ် နှစ်ပတ်စာ အလုပ်များကို ကြိုတင်လက်စသတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုမှသာ လီကျန့်ယီနှင့် လီဟန်ယီတို့၏ မင်္ဂလာပွဲအတွက် အပြည့်အဝ အာရုံစိုက်နိုင်မည်။

"အဖေ"

ဓားဆွေးနွေးရာဆောင်သို့ ရောက်သောအခါ လဲ့မုန့်ရှားသည် လီဆူးဝမ်အတွက် ဝယ်ယူလာသော အဆင့်မြင့်အရက်ကို ရိုသေစွာဖြင့် ချက်ချင်း ကမ်းပေး‌၏။

"မင်း ပြန်လာဖို့‌တော့ သတိရသေးတာပဲ" လီဆူးဝမ်က သူ၏သမက်ကို မကျေနပ်သော မျက်လုံးများဖြင့် စိုက်ကြည့် နေစဲပင်။

"ဟဲဟဲ... အဖေ၊ ဟန်ယီနဲ့ ယီယီတို့ရဲ့ မင်္ဂလာပွဲလေ ကျွန်တော် သေချာပေါက် ပြန်လာရမှာပေါ့"

"ဒါကြောင့် အဖေ၊ အကူအညီလိုတာ ရှိရင် ခိုင်းပါ၊ အဖေခိုင်းတာမှန်သမျှ ဒီသမက်က လုပ်ပေးဖို့ အသင့်ပါပဲ" ဟု လဲ့မုန့်ရှားက သူ၏ အပြစ်ကိုသိသဖြင့် ဘာမှကန့်လန့်မလုပ်ရဲတော့ပေ။

"ကောင်းပြီ... ဒါဆို မင်္ဂလာ 'သုခနှစ်ဆ' စာလုံးတွေကို ညှပ်ဖို့ အလုပ်ကို မင်းကိုပဲ လွှဲပေးမယ် မုန့်ရှား။ ကျန်တာတွေကိုတော့ ငါပဲ ပြင်ဆင်လိုက်မယ်" လီဆူးဝမ်က အလုပ်တစ်ခုကိုချက်ချင်း ပေးအပ်သည်။

"အဖေ၊ 'သုခနှစ်ဆ' စာလုံးကို ရှင်းယွဲ့က ပိုတော်တာပါ။ ကျွန်တော် ညှပ်ရင် အချိန်ကြာသွားလိမ့်မယ်... ဒါကြောင့် အဖေ၊ ကျွန်တော် တခြားအလုပ်တစ်ခုခု လုပ်ပေးလို့ ရမလား။" လဲ့မုန့်ရှားက မျက်တောင်လေး ခတ်ကာ မျှော်လင့်ချက်အပြည့်ဖြင့် လီဆူးဝမ်ကို ကြည့်လိုက်သည်။

"ဒါဆို မင်းက မင်္ဂလာပွဲမှာ ထိုင်စားဖို့ပဲ တာဝန်ယူချင်တာလား။" လီဆူးဝမ်က လဲ့မုန့်ရှားကို စိတ်ပျက်စွာသာစိုက်ကြည့်တော့၏။

"အဲဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့" လဲ့မုန့်ရှားက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ပြသည်။

"မင်းက ဘယ်မှာ အသုံးကျတာလဲ ဆိုတာ ငါ့ကို ပြပါအုန်း" လီဆူးဝမ်မှာ အတော်လေး စိတ်တိုသွားပြီး သူ၏သမက်ကို ရိုက်နှက်ချင်စိတ်ပင် ပေါက်သွား‌လေ၏။

“ငါကသာ မင်းကို မင်္ဂလာပွဲမှာ ထိုင်စားဖို့ပဲ ခိုင်းမယ်ဆိုရင် မင်း တကယ်ပဲ အားမနာတမ်း ထိုင်စားနေတော့မှာလား”

" အဖေ... အဖေကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား" လဲ့မုန့်ရှားက စိတ်ပျက်လက်ပျက် အမူအရာဖြင့် လီဆူးဝမ်ကို ပြန်ကြည့်‌သေးသည်။

"ကဲပါ၊ မင်းက 'သုခနှစ်ဆ' စာလုံးကို မညှပ်ချင်ဘူးဆိုရင် လတ်ဆတ်တဲ့ ပန်းတွေ၊ မင်္ဂလာခုတင်ကြီးတစ်လုံး၊ အနီရောင်မီးအိမ်တွေ၊ အနီရောင်ကော်ဇောတွေနဲ့ တခြားလိုအပ်တာတွေကို သွားဝယ်ချေ” လီဆူးဝမ်က ဝယ်ယူရန် ပစ္စည်းများလွန်းသဖြင့် သူ၏သမက်က အားလုံးကို မှတ်မိနိုင်ပါ့မလားဟု တွေးမိပြန်၏။

"တော်ပြီ တော်ပြီ... မင်းနဲ့ ရှင်းယွဲ့က 'သုခနှစ်ဆ' စာလုံးတွေကိုပဲ ညှပ်ပြီး ပြတင်းပေါက်တွေမှာ ကပ်လိုက်ကြတော့။ ဒီပစ္စည်းတွေကိုတော့ ငါပဲ သွားဝယ်လိုက်မယ်" လီဆူးဝမ်က အကူအညီမဲ့စွာဖြင့် ခေါင်းယမ်းကာ စိတ်ထဲတွေးမိနေသည်။ ယခင်က သမီးဖြစ်သူ၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ပေးခဲ့ရပြီး ယခုအခါ မြေးမဖြစ်သူ၏ မင်္ဂလာပွဲအတွက် ထပ်မံပြင်ဆင် ပေးနေရခြင်း ဖြစ်သည်။

"ဟဲဟဲ... ကျေးဇူးတင်ပါတယ် အဖေ" လဲ့မုန့်ရှားက တဟဲဟဲ ရယ် နေသည်။

"မင်းညှပ်တဲ့ 'သုခနှစ်ဆ' စာလုံးတွေက ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ပဲ မျှော်လင့်ပါတယ်" လီဆူးဝမ်က လဲ့မုန့်ရှားကို စူးစိုက်ကြည့်ပြီး မှာလိုက်၏။

"လုံးဝ မဖြစ်စေရပါဘူး၊ ကျွန်တော် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါမယ်လို့ အာမခံပါတယ်" လဲ့မုန့်ရှားက ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည်။

"သွားကြစို့၊ ဒီပစ္စည်းတွေကို သွားဝယ်ကြမယ်" လီဆူးဝမ်က ဘေးတွင်ရှိသော လီကျန့်ယီကို ကြည့်ကာ ပြောသည်။

"အဖိုး... သမီးကရော ဘာလုပ်ရမလဲ" လီဟန်ယီမှာ သူမအတွက် လုပ်စရာအလုပ် မရှိသဖြင့် ဇဝေဇဝါ ဖြစ်နေသည်။

"မင်းအတွက် အဝတ်အစားတွေ အများကြီး ပြင်ဆင်ရဦးမယ်၊ အဖိုးက အဲ့ဘက်တွေသိပ်နားမလည်ဘူး။ ဒါကြောင့် မင်းအမေ ပြန်လာတဲ့အထိ စောင့်ပြီးမှ သူနဲ့အတူ သွားဝယ်ကြတာပေါ့"

မင်္ဂလာပွဲနေ့မှာ ငါ့မြေးလေး ဟန်ယီက သေချာပေါက် အလှဆုံး ဖြစ်နေရယ်” လီဆူးဝမ်သည် လီဟန်ယီက အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားမည့် အချိန်ကို မြင်ရဖို့ မျှော်လင့်တမ်းတနေမိသည်။

"အဖိုးကလည်း.." လီဟန်ယီသည် လီဆူးဝမ်၏ ချီးကျူးမှုကြောင့် မျက်နှာလေး နီမြန်းကာ ခေါင်းငုံ့သွားသည်။

"ဟန်ယီလေးရာ... အခုကတည်းက ရှက်နေလို့ ဖြစ်မလား၊မင်္ဂလာဆောင်တဲ့နေ့ကျရင် ဘယ်လိုလုပ်မလဲ၊ အခုကတည်းက ကျင့်ထားဦး" လီဆူးဝမ်က စနောက်လိုက်၏။

"အင်း" လီဟန်ယီက အသာအယာ ခေါင်းငြိမ့်ပြသည်။

ထို့နောက် သူမသည် လုပ်စရာမရှိသဖြင့် ဖခင်ဖြစ်သူနှင့်အတူ 'သုခနှစ်ဆ' စာလုံးများ ညှပ်ရန် ဆုံးဖြတ်လိုက်သည်။ ဤအရာသည် သားအဖ သံယောဇဉ်ကို ပိုမိုခိုင်မြဲစေမည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေမည်။

....

မြို့ထဲတွင်။

လီဆူးဝမ်နှင့် လီကျန့်ယီတို့သည် ဓားနှလုံးဂူဗိမာန်သို့ ပြန်ရန် ပြင်ဆင်နေသော လီရှင်းယွဲ့၊ ရွဲ့ယောင်နှင့် အခြားသူများကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံသည်။

"ယောက်ဖ၊ အဖိုးတို့လည်း မြို့ထဲမှာ လာနေတာလား" လဲ့ဝူကျဲက လီကျန့်ယီနှင့် လီဆူးဝမ်တို့ကို မြင်သောအခါ ဝမ်းသာစွာပင် မေးလိုက်၏။

"ဟုတ်တယ်၊ မင်္ဂလာပွဲအတွက် လိုအပ်တာတွေကို ဝယ်ဖို့ လာခဲ့တာ" လီကျန့်ယီက ပြုံး၍ ပြန်ဖြေပေးသည်။

"ငါတို့ ကူညီပေးဖို့ လိုမလား၊ ပစ္စည်းတွေ သယ်ပေးဖို့ ငါတို့ လုပ်ပေးနိုင်ပါတယ်" ဟု လီရှင်းယွဲ့က ပြုံးလျက် မေး၏။

"မလိုပါဘူး အမေ။ အမေက ကျွန်တော်ရဲ့ အနာဂတ် ယောက္ခမပဲ၊ အမေကို ဘယ်လိုလုပ် ခိုင်းရဲမှာလဲ" ဟု လီကျန့်ယီက အလျင်အမြန် ခေါင်းယမ်းကာ ငြင်းဆိုသည်။

"ဘာပဲဖြစ်ဖြစ် ငါတို့က အိမ်မှာ ဘာမှမလုပ်ဘဲ ပျင်းနေတာပဲလေ၊ ဒါကြောင့် ဝူကျဲကိုလည်း ပစ္စည်းသယ်ခိုင်းပြီး အတွေ့အကြုံ ရအောင် လုပ်ပေးတာပေါ့" ဟု လီရှင်းယွဲ့က ဆိုသည်။

"ဟုတ်တယ် ယောက်ဖ၊ ဝူကျဲက အရမ်းတော်တာ၊ ကျွန်တော်က ကျွန်တော်ကိုယ်ရဲ့ အလေးချိန်လောက်ရှိတဲ့ ကျောက်တုံးကြီးကိုတောင် မ,နိုင်တယ်" လဲ့ဝူကျဲက ကျောက်တုံးကြီးကို မ,နေသည့် ပုံစံဖြင့် ယုံကြည်မှု့အပြည့်လက်တွေ့ပြသသည်။

"ဟုတ်လား ... ဝူကျဲက ကိုယ့်အလေးချိန်လောက်ရှိတဲ့ ကျောက်တုံးကို မ,နိုင်တယ်ဆိုရင်၊ ကိုယ့်ကိုယ်ကိုယ်ရော မ,နိုင်လား" လီကျန့်ယီက ပြုံးစစဖြင့် မေးလိုက်သည်။

"ဟွန့်...ဒါပေါ့၊ မ,နိုင်တာပေါ့"

လဲ့ဝူကျဲသည် ချက်ချင်းပင် သူ့ကိုယ်သူ ပြန်ဖက်ပြီး မ,ရန် ကြိုးစားသော်လည်း မည်သို့ပင် ကြိုးစားစေကာမူ သူ့ကိုယ်သူ မ မ,နိုင်သည်ကို တွေ့ရှိသွားသည်။

ထိုအခြင်းအရာကို မြင်သောအခါ လီရှင်းယွဲ့၊ ရွဲ့ယောင်နှင့် အခြားသူများမှာ လက်ဝါးနှင့် မျက်နှာကိုအုပ်ကာ ရယ်မောကြပြီး "မိုက်မဲတဲ့ ကောင်လေး၊ လူတစ်ယောက်က ကိုယ့်ကိုယ်ကို ဘယ်လိုလုပ် မ,နိုင်မှာလဲ။ မင်းရဲ့ ယောက်ဖက မင်းကို စနေတာ" ဟု ပြောကြသည်။

"ဟမ် ယောက်ဖက လူလိမ်ကြီးပဲ" လဲ့ဝူကျဲက လီကျန့်ယီကို လက်ညှိုးထိုးကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်ကာ အရူးလုပ်ခံရသည့်အပေါ် အလွန်မကျေမနပ်ဖြစ်‌နေ၏။

လီကျန့်ယီက ခေါင်းယမ်းကာ ရယ်မောလိုက်ပြီး "တခြားသူတွေ မလုပ်နိုင်ပေမဲ့ ယောက်ဖကတော့ လုပ်နိုင်တယ် ဝူကျဲ" ဟု ဆိုသည်။

"တက်စေ"

လီကျန့်ယီက လက်ညှိုးတစ်ချောင်းကို အပေါ်သို့ အနည်းငယ် မြှောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ ပျံတက်သွားသည်။ရွဲ့ယောင်၊ လီရှင်းယွဲ့နှင့် အခြားသူများမှာ ထိုမြင်ကွင်းကို မြင်ပြီးနောက် စကားပင် မပြောနိုင်တော့ပေ။သူတို့‌ မေ့နေသည်မှာ လီကျန့်ယီက ဆန်းကြယ်နတ်ခရီးအဆင့် ကျင့်ကြံသူဖြစ်နေသည့် အချက်ပင်။

ယုတ္တိဗေဒအရ လူတစ်ယောက်သည် မိမိကိုယ်ကို မမ,နိုင်သော်လည်း လီကျန့်ယီသည် သူ၏ ဆန်းကြယ်နတ်ခရီးအဆင့် စွမ်းအားကို အသုံးပြုကာ သူ့ကိုယ်သူ လေထဲသို့ မြှောက်တင်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဘယ်လိုလဲ ဝူကျဲ။ ယောက်ဖက တော်တယ် မဟုတ်လား" လီကျန့်ယီက မြေပြင်သို့ ပြန်ဆင်းလာပြီး လဲ့ဝူကျဲကို ကြည့်ကာ မေး၏။

"အရမ်းတော်တာပဲ၊ ကျွန်တော်လည်း နောင်ကျရင် ယောက်ဖလိုမျိုး ကိုယ့်ကိုယ်ကိုယ် မ,နိုင်တဲ့လူ ဖြစ်ချင်တယ်" လဲ့ဝူကျဲက အလေးအနက် ပြောလိုက်ကာ စိတ်ကူးယဉ်ကြည့်နေမိသည်။

အခန်း ၁၇၂ ကဗျာများဖြင့် မင်္ဂလာစုံတွဲစာသား ရေးထိုးခြင်း

ညနေခင်းအချိန်တွင် လီကျန့်ယီ၊ လီဆူးဝမ်နှင့် အခြားသူများသည် မင်္ဂလာပွဲအတွက် လိုအပ်သည်များကို မြို့ထဲတွင် နာရီပေါင်းများစွာ အချိန်ပေးကာ ဝယ်ယူကြသည်။ သို့သော် မှာယူထားရမည့် ပစ္စည်းများစွာ ကျန်ရှိနေသေးသဖြင့် မင်္ဂလာပွဲမတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်အလိုတွင် သွားရောက်ယူရန် လိုအပ်သေးပေသည်။

ကံကောင်းထောက်မစွာဖြင့် အရာအားလုံးကို ကြိုတင်စီစဉ်ထားပြီးဖြစ်သဖြင့် ပစ္စည်းသွားထုတ်ရသည်မှာ ပို၍လွယ်ကူပါလိမ့်မည်။ ယခုအခါ ဓားနှလုံးဂူဗိမာန်ကို ပြင်ဆင်ရန်နှင့် မင်္ဂလာပွဲအတွက် ချက်ပြုတ်ပေးမည့် စားဖိုမှူးတစ်ဦးကို ဖိတ်ကြားရန်သာ လိုအပ်တော့သည်။

ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်သည့်အခါတွင် လီဟန်ယီနှင့် လဲ့မုန့်ရှားတို့သည် 'သုခနှစ်ဆ' စာလုံး အတော်များများကို ညှပ်ထားပြီးဖြစ်သည်ကို တွေ့ရသည်။

"ဟန်ယီ မညှပ်နဲ့တော့။ မနက်ဖြန်ကျမှ အမေက မင်းအတွက် ညှပ်ပေးမယ်။ အခု လာပြီး တစ်ခုခုစားလိုက်ဦး"

"အမေက မင်းအတွက် ကြက်သားကြော် ဝယ်လာတယ်။ ပြီးတော့ မင်း ငယ်ငယ်က ကြိုက်တတ်တဲ့ အသားပေါက်စီတွေလည်း ပါသေးတယ်" ဟု လီရှင်းယွဲ့က ပြောကာ ကြက်သားကြော်နှင့် အသားပေါက်စီများကို စားပွဲပေါ်တွင် တင်လိုက်သည်။

"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် အမေ"

လီဟန်ယီသည် သူမညှပ်လက်စ 'သုခနှစ်ဆ' စာလုံးကို ဂရုတစိုက် ချထားလိုက်ပြီး လီရှင်းယွဲ့ ဝယ်လာသော အစားအစာများကို စားရန် ထမင်းစားပွဲတွင် ထိုင်လိုက်သည်။

"ဒါနဲ့ အမေ၊ ယီယီနဲ့ အစ်မ ရွဲ့ယောင်တို့ရော မစားကြဘူးလားဟင်" ဟု လီကျန့်ယီနှင့် အခြားသူများ ပစ္စည်းများ စီစဉ်နေသည်ကို မြင်သောအခါ လီဟန်ယီက မေးလိုက်သည်။

"ငါတို့က မြို့ထဲမှာ စားခဲ့ပြီးပြီလေ၊ မင်း ဗိုက်ဆာနေမှာ စိုးလို့ အစားအစာတွေ ဝယ်လာပေးတာပါ" ဟု လီရှင်းယွဲ့က ပြုံးလျက် ဆို၏။

"အမေက အကောင်းဆုံးပဲ" လီဟန်ယီက ချိုသာစွာပြောကာ အစားအစာကို စတင်စားသောက်လေတော့သည်။သမီးဖြစ်သူက အားရပါးတရ စားသောက်နေသည်ကို မြင်သောအခါ လဲ့မုန့်ရှားသည်လည်း သူ၏ဗိုက်ကို ပုတ်ကာ စားပွဲတွင် ဝင်ထိုင်လိုက်၏။

ထိုမြင်ကွင်းကို မြင်သောအခါ လီရှင်းယွဲ့က ပြုံး၍ ခေါင်းယမ်းလိုက်ပြီး "မုန့်ရှား၊ သမီးနဲ့ လုမနေနဲ၊ ရှင်အတွက်လည်း ပါပါတယ်။ ယီယီက မင်းပြန်ရောက်နေပြီလို့ ပြောကတည်းက ရှင်အတွက် ဝယ်လာဖို့ ကျွန်မ မမေ့ပါဘူး" ဟု ဆိုသည်။

ထို့နောက် လီရှင်းယွဲ့သည် မြေပဲဆားလှော်ထုပ်နှင့် အမြည်းဟင်းလျာများ၊ အသားများကို ထုတ်ပေးလိုက်ရာ လဲ့မုန့်ရှားအတွက် အရက်သောက်ရင်း မြိန်ယှက်စွာ စားသောက်နိုင်ရန် စီစဉ်ပေးလိုက်ခြင်း ဖြစ်သည်။

"ဟဲဟဲ... ငါ့မိန်းမက အတော်ဆုံးပဲ" ဇနီးသည်က သူ့ကို မမေ့ဘဲ ဝယ်လာပေးသည်ကို မြင်ရသဖြင့် လဲ့မုန့်ရှားမှာ ပျော်ရွှင်စွာ ပြုံးဖြီးနေတော့သည်။

"ငါ ဘယ်လောက်ကောင်းလဲဆိုတာ သိရင်ပြိးတာပဲ၊ မိသားစုက ဘယ်လောက်ကောင်းလဲဆိုတာ သိရက်နဲ့ စစ်တပ်ထဲကို ဝင်သေးတယ်၊ တကယ်ဆို ရှင်ကို အမာဆုံး ပြောင်းဖူးမုန့်နဲ့ အငန်ဆုံး ချဉ်ဖတ်တွေပဲ ကျွေးသင့်တာ" လီရှင်းယွဲ့က လဲ့မုန့်ရှားကို မျက်စောင်းထိုးကာ ပြောသည်။

"မဟုတ်ပါဘူး ရှင်းယွဲ့ရယ်၊ ငါ အနားယူပြီးရင် စစ်တပ်ထဲ ထပ်မဝင်တော့ပါဘူး" လဲ့မုန့်ရှားသည် နောက်နှစ်နှစ်အတွင်း အာဏာကို စွန့်လွှတ်ပြီး စစ်ရေးကိစ္စများကို ရပ်တန့်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် သူ၏ ရည်မှန်းချက်မှာ ပြည့်ဝလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အတွေ့အကြုံများ ရရှိပြီးနောက်တွင် မိသားစုဘဝသို့ ပြန်လည်အခြေချရန်မှာ ဖြစ်သင့်ပေသည်။နောင်တွင် သူ၏သမီးဖြစ်သူက မြေးလေးတစ်ယောက် မွေးပေးခဲ့လျှင် သူက မြေးထိန်းရင်း အချိန်ကုန်ဆုံးနိုင်သေးသည်။

"နောက်ထပ် မစောင့်သင့်တော့ဘူးလို့ ငါထင်တယ်၊ မင်းရဲ့ ညီအစ်ကိုကောင်းဖြစ်တဲ့ လန်ယာဝမ် ကိုသာ ပြောလိုက်ပါတော့" ဟု လီရှင်းယွဲ့က လေးနက်သော အမူအရာဖြင့် ပြော၏။

အကြောင်းရင်းကို မသိရသော်လည်း မကြာသေးမီက သူမသည် လဲ့မုန့်ရှား စစ်မြေပြင်တွင် သေဆုံးသွားသည့် အိပ်မက်ဆိုးများကို မကြာခဏ မြင်မက်နေမိသည်။ ရှောင်ရူဖန်၏ စရိုက်မှာ ယုံကြည်ထိုက်ပြီး သူသည် မြောက်ပိုင်းလီ၏ ဧကရာဇ်ဖြစ်သဖြင့် လဲ့မုန့်ရှားကို မည်သူက သတ်ရဲမည်နည်းဟု အကြိမ်ကြိမ် ဖြည့်တွေးခဲ့သော်လည်း သူမ၏ ရိုးသားလွန်းသော ခင်ပွန်းဖြစ်သူအတွက် စိုးရိမ်နေမိဆဲ ဖြစ်သည်။

"အခုတော့မရသေးဘူး။ မြောက်ပိုင်းလီရဲ့ အခြေအနေက မတည်ငြိမ်သေးဘူး။ အရာအားလုံး လုံးဝ တည်ငြိမ်သွားပြီဆိုမှ ငါ အနားယူမယ်" ဟု လဲ့မုန့်ရှားက ဆိုသည်။

"ကောင်းပါပြီ" လီရှင်းယွဲ့က အကူအညီမဲ့သကဲ့သို့ ခံစားနေရသည်။

ထိုအတောအတွင်း လီဟန်ယီမှာမူ လီရှင်းယွဲ့ ဝယ်လာပေးသော ကြက်သားကြော်နှင့် အသားပေါက်စီများကို ပျော်ရွှင်စွာ စားနေသည်။

"ယီယီ... ဒီမှာ၊ မင်းအတွက် ကြက်ပေါင်တစ်ခု" လီဟန်ယီက ကြက်ပေါင်တစ်ဖက်ကို ဆွဲဖဲ့ကာ လီကျန့်ယီကို ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဇနီးလေး" လီကျန့်ယီက လီဟန်ယီ၏လက်ထဲမှ ကြက်ပေါင်ကို ယူရင်း ပိုပိုလိုလို‌ ဟန်ဆောင်သော မြင်ကွင်းကြောင့် လီဟန်ယီမှာ လုံးဝကို ကြောင်အသွားတော့သည်။

သူမသည် ခဏမျှ တန့်သွားပြီးနောက် မျက်နှာလေး နီမြန်းလာကာ "ဘယ်သူက နင်ရဲ့ ဇနီးလဲ။ ပြီးတော့ နင်က ဘာလို့ ငါ့ကို ဒီလောက် ယဉ်ကျေးပြနေရတာလဲ။ အရင်က ဒီလိုမဟုတ်ပါဘူး" ဟု ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်၏။

"ပျော်စရာကောင်းလို့လေ" လီကျန့်ယီက လီဟန်ယီကို ကြည့်ပြီး ပြုံးလျက် ဆိုသည်။

"ပျော်စရာကောင်းလို့ ဟုတ်လား" လီဟန်ယီက ဇဝေဇဝါဖြင့် ပြန်မေးသည်။

"ဟန်ယီ မင်းရဲ့ ကြောင်တောင်တောင် ဖြစ်နေတဲ့ ပုံစံလေးက ကြည့်လို့ အရမ်းကောင်းလို့ပါ" လီကျန့်ယီက တဟားဟား ရယ်မောကာပြော၏။

"ဟွန့် ယီယီ ..နင်က ငါ့ကို စနေတာပဲ" လီဟန်ယီက နှာခေါင်းရှုံ့လိုက်သော်လည်း စိတ်ထဲတွင်မူ တိတ်တဆိတ် ပျော်ရွှင်နေမိ၏။

"မြန်မြန်စားလိုက်ဦး။ စားပြီးရင် မင်္ဂလာစုံတွဲစာသားတွေ ရေးဖို့ မင်းကို ခေါ်သွားမယ်" လီကျန့်ယီသည် သူ၏ မင်္ဂလာပွဲအတွက် စုံတွဲစာသားများ သွားဝယ်ခဲ့သော်လည်း ထိုစာသားများကို သူ သိပ်သဘောမကျပေ။ ထို့ကြောင့် စက္ကူအလွတ်များကိုသာ ဝယ်ယူခဲ့ပြီး ကိုယ်တိုင်ရေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ကိုယ်တိုင်ရေးမှာလား" လီဟန်ယီသည် သူမ၏ ပညာအရည်အချင်းမှာ အနည်းငယ် လိုအပ်နေသေးသည်ဟု ခံစားမိကာ စိုးရိမ်သွားရသည်။

"ဟုတ်တယ်။ မြန်မြန်စား၊ ခဏနေရင် မင်းရဲ့ အနာဂတ်ခင်ပွန်းက ဓားသိုင်းတင်မကဘူး၊ ကဗျာစပ်တဲ့နေရာမှာလည်း ဘယ်လောက်တော်လဲဆိုတာ ပြပေးမယ်" လီကျန့်ယီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလျက်ပြောသည်။

"ယီယီ... မင်းက ကဗျာတွေနဲ့ စုံတွဲစာသားတောင် ရေးနိုင်တာလား" ဟု လီဟန်ယီက မယုံကြည်နိုင်သလို မေးရင်း အစားအစာများကို အမြန်ပင် စားလိုက်ပြီး လက်ကို ဆေးကြောကာ လီကျန့်ယီကို သူမ အခန်းသို့ ခေါ်ဆောင်သွား၏။

အခန်းထဲတွင် လီဟန်ယီက လီကျန့်ယီအတွက် မှင်သွေးပေးနေပြီး လီကျန့်ယီက စုံတွဲစာသားရေးမည့် စက္ကူကို စားပွဲပေါ်တွင် တင်ထားသည်။

"ရော့... ရပြီ"

လီဟန်ယီက မှင်ရည်များ စိုစွတ်နေသည့် စုတ်တံကို လီကျန့်ယီထံ ကမ်းပေးလိုက်ပြီး သူ ကဗျာစပ်နိုင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်နေသည်။

" ယီယီ... မင်းရဲ့ ကဗျာတွေက တခြား လမ်းကြောင်းကနေ လာတာမျိုး မဖြစ်ဖို့ ငါ အကြံပေးချင်တယ်နော်" လီဟန်ယီသည် ရုပ်ပြစာအုပ်များထဲမှ ကဗျာများကို သတိရကာ မျက်နှာလေး နီမြန်းလျက် လီကျန့်ယီကို ကြည့်ကာ ပြော‌နေမိသည်။

"ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်မှာလဲ၊ ငါ့ကဗျာတွေက ရှောင်ရွမ်ရဲ့ ကဗျာတွေနဲ့ သေချာပေါက် ကွာခြားပါတယ်" လီကျန့်ယီသည် စုတ်တံကိုယူကာ လှပသော စာလုံးများကို စတင်ရေးသား၏။

လီဟန်ယီသည် လီကျန့်ယီ ရေးသားနေသည့် စာလုံးတစ်လုံးချင်းစီကို ကြည့်ရင်း "လမင်းရဲ့ အလှတရားကို အတူတူ ခံစားရင်း၊ မိုင်ပေါင်းထောင်ချီ ဝေးကွာနေပါစေ... တို့တွေအားလုံး အသက်ရှည်ရှည် နေနိုင်ကြပါစေ" ဟုလိုက်ပြီး ရွတ်ဆိုမိသည်။

လီကျန့်ယီ၏ လှပသော လက်ရေးကို မြင်သောအခါ လီဟန်ယီ၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး မေးသည်။

"ယီယီ... မင်း တကယ်ပဲ ကဗျာရေးတတ်တာလား"

"ဒါပေါ့၊ ဒါက ပထမစာကြောင်းပဲ ရှိသေးတယ်၊ ဒုတိယစာကြောင်းလည်း ရှိသေးတယ်"

စာကြောင်းနှစ်ကြောင်း ပေါင်းလိုက်သောအခါ ပထမစာကြောင်းမှာ "လမင်း၏ အလှတရားကို အတူတူ ခံစားရင်း၊ မိုင်ပေါင်းထောင်ချီ ဝေးကွာနေပါစေ တို့‌တွေအားလုံး အသက်ရှည်ရှည် နေနိုင်ကြပါစေ"

ဒုတိယစာကြောင်းမှာ "ပန်းအလှနှင့် လရောင်အောက်တွင် နှစ်ပေါင်းတစ်ရာတိုင် အေးချမ်းစွာ အတူနေထိုင်လျက်၊ တစ်ကိုယ်တည်းဖြစ်ခြင်းကို အတူတူ ဝေမျှခံစားစို့"

စာသားကို ရေးပြီးနောက် လီကျန့်ယီသည် ကျေနပ်အားရစွာဖြင့် လီဟန်ယီကို ကြည့်လိုက်၏။လီဟန်ယီမှာမူ ထိုစာသားများကို ကြည့်ရင်း စိတ်ထဲတွင် တစ်တွတ်တွတ် ရွတ်ဆိုနေမိပြီး အလွန် ကောင်းသည့် ကဗျာဟု ခံစားနေရသည်။

"ကောင်းလိုက်တာ ယီယီ၊ နင်ရဲ့ စုံတွဲစာသားက တကယ်ကို အကောင်းဆုံးပဲ၊ ဒီနေ့ကစပြီး နင့်ကို 'စုံတွဲစာသား ဆရာကြီး' လို့ ငါ ဘွဲ့ပေးလိုက်မယ်" လီဟန်ယီသည် မိန်းမောနေရာမှ သတိဝင်လာပြီး ချိုမြိန်သော အပြုံးဖြင့် လီကျန့်ယီကို ကြည့်ကာ ပြောလိုက်သည်။

"ဟွန့်... မင်းဆီက ဘွဲ့ရဖို့ လိုလို့လား။ ငါက မင်းကို 'ဓားပြဗိုလ်ကတော်'ဆိုပြီး ဘွဲ့ပေးပြီနေပြီလေ" လီကျန့်ယီက ပြုံး၍ နောက်လိုက်၏။

"ဂိုဏ်းချုပ်ကတော်ဆိုရင် ရပါပြီ၊ ဘာလို့ ဓားပြဗိုလ်ကတော်ဆိုတဲ့ ဘွဲ့ကို ထည့်ပေးရတာလဲ" ဟု လီဟန်ယီက မျက်စောင်းထိုးကာ မေးသည်။

"အဲ့ဒါမှ ငါက ပိုပြီး အာဏာရှိပုံပေါက်မှာပေါ့၊ ငါက ဆရာရဲ့ မြေးမလေးကို ငါ့ မိန်းမအဖြစ် ဓားပြတိုက်လိုက်တာလေ" လီကျန့်ယီက ရှင်းပြသည်။

"မဟုတ်ဘူး၊ မင်းကို 'ဓားပြဗိုလ်က‌တော်' ဆိုတဲ့ ဘွဲ့ပေးရမှာ ငါပဲ ဖြစ်သင့်တယ်။ အဲ့ဒါမှ ငါက ပိုပြီး အာဏာရှိပုံ ပေါက်မှာ"

"ကျင့်ကြံသူ'လောက'မှာ လူတွေက ငါ့ရဲ့ ရုပ်ရည်ကို ကြည့်ပြီး ငါ့ကို အားနည်းတယ်လို့ ထင်နေကြတာ။ ဒါကြောင့် အခုကစပြီး ငါဆုံးဖြတ်လိုက်ပြီ၊ မင်းက ငါ့ရဲ့' ဓားပြဗိုလ်ခင်ပွန်း'ပဲ ၊ ငါ့ကို ပိုပြီး အာဏာရှိတဲ့ အငွေ့အသက်တွေ ပေးသင့်တယ်"

"ဒါမှလည်း ကျင့်ကြံသူ'လောက'က လူတွေ ငါ လီဟန်ယီဟာ လုံးဝ အားနည်းတဲ့သူ မဟုတ်ဘူးဆိုတာ သိကြမှာ" လီဟန်ယီက ချက်ချင်းအာဏာရှိသည့်ပုံစံဖြင့် ငြင်းချက်ထုတ်သည်။သို့သော် သူမ၏ ထူးကဲလှပသော မျက်နှာလေးကြောင့် မည်သို့ပင် ကြည့်စေကာမူ သူမ၏ အာဏာရှိဟန်မှာ ပို၍ပင် ချစ်စရာကောင်းနေတော့သည်။

"ကောင်းပါပြီ၊ သခင်မ" လီကျန့်ယီက ပြုံး၍ ခေါင်းညိတ်ကာ သဘောတူပေးသည်။

"ယီယီက အရမ်းဆိုးတာပဲ၊ ဓားပြဗိုလ်လို့ ခေါ်ရမှာလေ၊ ယီယီက ဓားပြဗိုလ်ရဲ့ ခင်ပွန်းပဲ" လီဟန်ယီက စိတ်ဆိုးမာန်ဆိုး ပြန်ပြင် ပေး၏။

"ကောင်းပါပြီ... သခင်မ " လီကျန့်ယီ၏ အပြုံးမှာ ပြောင်းလဲခြင်း မရှိပေ။

"အား..."

"လူယုတ်မာကြီး၊ ငါ နင်ကို အသေသတ်မယ်"

လီကျန့်ယီ၏ မျက်နှာပေါ်မှ အပြုံးကို မြင်သောအခါ လီဟန်ယီမှာ စိတ်တိုလွန်းသဖြင့် သူ့အပေါ်သို့ ခုန်အုပ်လိုက်တော့သည်။

"ဟန်ယီ... ခြင်္သေ့တွင်းထဲကို ကိုယ်တိုင်ဝင်မလာဖို့ ငါ သတိပေးထားတယ်နော်" လီကျန့်ယီက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လီဟန်ယီကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ထို့နောက်တွင်တော့ သူတို့နှစ်ဦးသည် အလိုလိုပင် အနမ်းများ နှီးနှောမိကြတော့သည်။သူတို့၏ ခံစားချက်များ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါမှသာ နှစ်ဦးသား အသာအယာ လွှတ်ပေးလိုက်ကြသကာ မင်္ဂလာမဆောင်ခင်မှာ စောင့်ထိန်းရန် ဆုံးဖြတ်ထားကြ၏။

အခန်း ၁၇၃ တောင်းရမ်းသူနှစ်ဦး

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လီကျန့်ယီနှင့် လီဟန်ယီတို့၏ မင်္ဂလာပွဲကျင်းပရန် နှစ်ရက်သာ လိုတော့ပေသည်။ တိတိကျကျဆိုရလျှင် သန်ဘက်ခါသည် သူတို့၏ မင်္ဂလာနေ့ရက် ဖြစ်လိမ့်မည်။

ယခုအချိန်တွင် ဓားနှလုံးဂူဗိမာန်တစ်ခုလုံးတွင် အနီရောင်ကော်ဇောများ ခင်းကျင်းထားပြီး လတ်ဆတ်သော နှင်းဆီနီများနှင့် လှပမွှေးပျံ့သော ပန်းပွင့်ဖတ်များကို နေ့စဉ် ကြဲထားသည်။ တံခါးဝတွင် ကပ်ထားသော မင်္ဂလာဦး စုံတွဲစာသားများ၊ အနီရောင်မီးအိမ်များနှင့် သစ်ပင်များတွင် ချိတ်ဆွဲထားသော အနီရောင် ပိုးဖဲကြိုးများကြောင့် ဓားနှလုံးဂူဗိမာန် တစ်ခုလုံးမှာ ပျော်ရွှင်စရာ အငွေ့အသက်များဖြင့် စည်ကားသိုက်မြိုက်နေတော့၏။

"ရှောင်လန်၊ ငါတို့ရဲ့ သခင်နဲ့ သခင်မလေးတို့က နောက်ဆုံးတော့ မင်္ဂလာဆောင်ကြတော့မယ်နော်။ မင်းရော စိတ်မလှုပ်ရှားဘူးလား" ရှောင်ပိုင်က အသစ်စက်စက် ပြင်ဆင်ထားသော အနီရောင်လွှမ်းထားသကဲ့သို့ ဖြစ်နေသည့် ဓားနှလုံးဂူဗိမာန်ကို ကြည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

"မဟုတ်သေးပါဘူး ရှောင်လန်ရာ၊ သခင်မလေးနဲ့ သခင်လေးတို့ မင်္ဂလာဆောင်တာကို မင်းက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ" ရှောင်ပိုင်က အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ သူသည် သခင်မလေးနှင့် သခင်လေးတို့၏ မင်္ဂလာပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ပေးနိုင်သော်လည်း ယခုကဲ့သို့ အလွန်အမင်း စိတ်လှုပ်ရှားနေရန် လိုအပ်သလားဟု တွေးမိခြင်း ဖြစ်သည်။

"ရှောင်ပိုင်၊ မင်းက ငယ်သေးလို့ပါ။ သခင်မလေးနဲ့ သခင်လေးတို့ မင်္ဂလာဆောင်တာကို မင်းအနေနဲ့ ဘာမှမခံစားရဘူးလား။ ငါတို့က ဓားနှလုံးဂူဗိမာန်ရဲ့ တပည့်ဟောင်းတွေလေ။ သခင်မလေးနဲ့ သခင်လေး ကြီးပြင်းလာတာကို ငါတို့မျက်စိရှေ့တင် မြင်ခဲ့ရတာဆိုတော့ ငါတို့မှာလည်း တာဝန်ရှိတယ်လို့ ခံစားရတာပေါ့..." ရှောင်လန်က ဆက်ပြောရန် ကြိုးစားလိုက်သည်။

ရှောင်ပိုင်က သူ့ကို စိုက်ကြည့်ကာ ပါးစပ်ကို ပိတ်လိုက်ပြီး "တော်စမ်း၊ အကြီးအကဲလီနဲ့ သခင်လဲ့တို့တောင် ဒီမှာ ရှိနေတာပဲ။ မင်းနဲ့ ဘာဆိုင်လို့ တာဝန်ယူခြင်နေတာလဲ" ဟု သူများ ကြားသွားမှာစိုးသည့် လေသံဖြင့် ပြန်မေး၏။

"ဖူး..ငါက အဲ့ဒီလို စိတ်ဓာတ်မျိုးရှိတယ်လို့ ပြောတာပါ။ ဗိမာန်သခင် ဒါမှမဟုတ် လဲ့ရဲ့သမက်နေရာကို အစားထိုးချင်တယ်လို့ မပြောပါဘူး"

"မင်းက အလကား အပိုတွေ လျှောက်တွေးနေတာပဲ။ သခင်မလေးနဲ့ သခင်လေး အတူရှိနေတာကို မြင်ရတော့ ငါက တစ်ခုခု အောင်မြင်သွားသလို ခံစားရလို့ပါ။ မင်း နားမလည်ပါဘူးလေ" ဟု ရှောင်လန်က ရှောင်ပိုင်ကို မျက်စောင်းထိုးကာ လျှောက်တွေးတတ်လွန်းသည့် ထိုလူကိုစိတ်ပျက်စွာ မျက်နှာလွဲပစ်တော့သည်။

ထိုအချိန်တွင် ဓားနှလုံးဂူဗိမာန်၏ အပြင်ဘက်၌ တောင်းရမ်းသူနှစ်ဦး ရုတ်တရက် ပေါ်လာသည်။ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးဖြစ်ပြီး သူတို့၏ အဝတ်အစားများမှာ ညစ်ပေနေကာ မျက်နှာတွင်လည်း ဖုန်မှုန့်များ ပေကျံနေသည်။ သူတို့၏ ဘောင်းဘီအောက် နားတွင်လည်း အပေါက်ငယ်လေးများကို တွေ့ရပေသည်။

"ဓားနှလုံးဂူဗိမာန်က သူရဲကောင်းတွေ ရှိကြပါသလား။ ဓားနှလုံးဂူဗိမာန်ရဲ့ သခင်လေးက နောက်နှစ်ရက်နေရင် မင်္ဂလာဆောင်မယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့လည်း မင်္ဂလာပွဲမှာ အရက်တစ်ခွက်လောက် သောက်ချင်လို့ပါ။ ပြီးတော့ သခင်လေးနဲ့ သခင်မလေးတို့ ရာသက်ပန် ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးချင်ပါတယ်" တောင်းရမ်းသူ အမျိုးသားသည် တံခါးဝတွင် ရပ်နေသော ရှောင်လန်နှင့် ရှောင်ပိုင်တို့ကို စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ ဆုတောင်းစကား‌ပြော၏။

ထိုစကားကို ကြားသောအခါ ရှောင်လန်နှင့် ရှောင်ပိုင်တို့သည် အကြွေစေ့အချို့ပေးကာ သူတို့ကို နှင်ထုတ်ရန် ကြံရွယ်လိုက်ကြသည်။ သို့သော် ဓားဆွေးနွေးရာဆောင်အတွင်းရှိ လီကျန့်ယီသည် သူနှင့် အဆင့်တူညီသော အရှိန်အဝါတစ်ခုကို အာရုံခံမိသွားသည်။

ယခုကျင့်ကြံသူလောကတွင် လီချန်းရှန်မှလွဲ၍ ဤကဲ့သို့သော အရှိန်အဝါမျိုး ပိုင်ဆိုင်သူ မည်သူမျှ မရှိနိုင်ပေ။ မိုယီ ပင်လျှင် အနည်းငယ် လိုအပ်နေသေးသည်။ အကြောင်းမှာ လီကျန့်ယီသည် ဆန်းကြယ်နတ်ခရီးအဆင့်နယ်ပယ်သို့ ရောက်ရှိပြီး နောက်တွင်လည်း ဓားကို ဆက်လက်ဝှေ့ယမ်းနေသဖြင့် သူ၏ ခွန်အားမှာ အစဉ်အမြဲ တိုးတက်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်မှာ ဆန်းကြယ်နတ်ခရီးအဆင့်၏ အထွတ်အထိပ်ဖြစ်သော မဟာနတ်ခရီးအဆင့်သို့ အလွန် နီးကပ်နေပြီ ဖြစ်သည်။

"ဧည့်သည် ရောက်နေပြီ"

ဓားဆွေးနွေးရာဆောင်အတွင်း၌ လီကျန့်ယီသည် လဲ့မုန့်ရှား၊ လီရှင်းယွဲ့နှင့် အခြားသူများကို ပြုံး၍ ပြောပြီးနောက် ဧည့်သည်ကို ကြိုဆိုရန် အပြင်သို့ လျင်မြန်စွာထွက်လာသည်။ သူသည် တောင်းရမ်းသူနှစ်ဦးကို မြင်လိုက်ရသည့်အခါတွင် လုံးဝကို အံ့အားသင့်သွား၏။

'မဟုတ်မှလွဲရော... အကြီးအကဲလီနဲ့ ဆရာက‌တော်တို့၊ ငါ့ရဲ့ မင်္ဂလာပွဲကို ဒီလိုပုံစံနဲ့ လာကြတာလား၊အကြီးအကဲလီတို့က မြောက်ပိုင်းလီကနေ ထွက်သွားပြီလို့ ကောလာဟလတွေ ထွက်နေပေမဲ့ တောင်းရမ်းသူတွေလို ဝတ်ဆင်လာဖို့တော့ မလိုပါဘူး'ဟု လီကျန့်ယီက စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိ၏။

လီကျန့်ယီက ဘာမှမပြောဘဲ စဉ်းစားနေသည်ကို မြင်သောအခါ တောင်းရမ်းသူနှစ်ဦးက "ဓားနှလုံးဂူဗိမာန်ရဲ့ သခင်လေး၊ ကျွန်တော်တို့က မင်္ဂလာဦးဆွမ်းကျွေး လာတောင်းတာပါ။ သခင်လေးအတွက် ဆုတောင်းမေတ္တာတွေ ပေးပြီးရင် ကျွန်တော်တို့ တကယ်ပဲ ထွက်ခွာသွားပါတော့မယ်" ဟု အရိပ်အမြွက်ထည့်ကာ ပြောသည်။

"သူတို့ကို ဒီမှာပဲ ဆက်နေခိုင်းရမလား" ရှောင်လန်နှင့် ရှောင်ပိုင်တို့မှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိကြသည်။

သို့သော် လီကျန့်ယီက သူတို့ဆိုလိုသည်ကို နားလည်သွားသည့်အခါ "ကျွန်တော် နားလည်ပါပြီ။ အဝေးက ကြွလာတဲ့ ဧည့်သည်နှစ်ဦး... ကျေးဇူးပြုပြီး အထဲကို ကြွပါ" ဟု ဖိတ်ခေါ်သည်။

"ကျေးဇူးအများကြီး တင်ပါတယ် သခင်းလေး" တောင်းရမ်းသူနှစ်ဦးသည် လက်အုပ်ချီကာ ပြုံးလိုက်ကြပြီး လီကျန့်ယီ၏ နောက်မှ ဓားနှလုံးဂူဗိမာန်ထဲသို့ ဝမ်းမြောက်ဝမ်းသာ လိုက်ပါသွားကြသည်။

ဘေးလူများ မရှိတော့သည့်အခါမှ လီကျန့်ယီက "အကြီးအကဲတို့ ရေချိုးချင်ကြလား။" ဟု မေးလိုက်သည်။

"ကောင်းသားပဲ"အမျိုးသမီး တောင်းရမ်းသူ၏ မျက်လုံးများမှာ အရောင်တောက်သွားပြီးနောက် စက်ဆုပ်ရွံရှာသော အမူအရာဖြင့်

"ဒီလီချန်းရှန်ကတော့ တကယ်ပါပဲ။ တောင်းရမ်းသူလို ဟန်မဆောင်ပါနဲ့လို့ ငါပြောသားပဲ၊ သူက ဇွတ်လုပ်တာ။ ငါ့မှာ ရွှံ့တွေနဲ့ ညစ်ပတ်ကုန်ပြီ၊ နေရတာ တကယ်ကို သက်သောင့်သက်သာ မရှိဘူး" ဟု ညည်းညူစကားဆို‌လေသည်။

"ကောင်းပါပြီ၊ ကျွန်တာ် ခေါ်သွားပေးပါ့မယ်။ ဝတ်စုံ နှစ်စုံလည်း ပြင်ပေးထားပါ့မယ်။" လီကျန့်ယီက ပြုံး၍ ဝမ်းသာစွာပြော၏။

"ရေချိုးပြီးရင် အကြီးအကဲတို့နှစ်ယောက်ကို ဓားနှလုံးကျောက်ဆောင်က ဂူထဲမှာ နေဖို့ စီစဉ်ပေးပါ့မယ်။ အဲ့ဒီနေရာကို ကျွန်တော်နဲ့ ဟန်ယီကလွဲရင် ဘယ်သူမှ လာလေ့မရှိပါဘူး။"

"ကောင်းပြီ၊ ငါတို့ ဓားနှလုံးဂူဗိမာန်မှာ ရက်အနည်းငယ်လောက် နားနားနေနေ နေသွားတာပေါ့။ အဲ့ဒီနေရာက အဆင်ပြေတယ်" ဟု လီချန်းရှန်ကခေါင်းညိတ်ကာ သ‌ဘောတူ၏။

ထို့နောက် သူတို့သည် ရေချိုးဖို့ သွားကြလေသည်။ လီကျန့်ယီမှာ သူတို့နှစ်ဦးအတွက် အဝတ်အစားများ ပြင်ဆင်ပေးရန် ထွက်လာခဲ့သည်။ အားလုံး အဆင်သင့်ဖြစ်သောအခါ လီကျန့်ယီသည် လီချန်းရှန်တို့ ရေချိုးပြီးသည်အထိ အပြင်မှ စောင့်ဆိုင်းပေးပြီးနောက် သူတို့ကို ဓားနှလုံးကျောက်ဆောင်ဆီသို့ လိုက်လံပို့ဆောင်ပေးသည်။

"ကဲ... ယီယီ၊ မင်း ငါတို့နဲ့ ဆက်နေဖို့ မလိုတော့ဘူး။ မဟုတ်ရင် တခြားသူတွေက သံသယဝင်ကုန်လိမ့်မယ်။ ဘယ်ဂိုဏ်းချုပ်ကများ တောင်းရမ်းသူနှစ်ယောက်ကို လူကြီးမိဘတွေလို ဒီလောက် ဂရုတစိုက် ပြုစုနေမှာလဲ" ဟု အဝတ်အစားသစ်များ လဲလှယ်ထားသော လော့ရွှေက ရယ်မောကာ ပြောလိုက်သည်။

"ကောင်းပါပြီ၊ ဒါဆိုရင် ဆရာကတော်ရဲ့ စကားကို နားထောင်ပါ့မယ်" လီကျန့်ယီက အသာအယာ ခေါင်းညိတ်ကာ ဓားဆွေးနွေးဆောင်သို့ ပြန်သွားတော့၏။

.......

ဓားဆွေးနွေးရာဆောင်သို့ ပြန်ရောက်သောအခါ လီကျန့်ယီသည် မေးခွန်းများ မေးခံနေရသည်။

"နေဦး၊ ဧည့်သည်တွေ ရောက်နေတယ်ဆို သူတို့က ဘယ်မှာလဲ" လဲ့မုန့်ရှားက လီကျန့်ယီကို ဇဝေဇဝါဖြင့် ကြည့်ကာ မေး၏။

"ကျွန်တော် ဧည့်သည်တွေကို စီစဉ်ပေးခဲ့ပါပြီ၊ သူတို့ အခု နားနေကြပြီ" ဟု လီကျန့်ယီက ပြုံး၍ ပြန်ဖြေသည်။

"ဘယ်လို ဧည့်သည်မျိုးလဲ၊ နာမည်က ဘယ်သူလဲ၊တို့ရော သွားပြီး နှုတ်ဆက်ဖို့ လိုမလား" လီရှင်းယွဲ့က နားမလည်နိုင်ဘဲဖြစ်နေတုန်းပင်။

"တောင်းရမ်းသူ နှစ်ယောက်ပါ၊ သူတို့က မင်္ဂလာပွဲမှာ အရက်သောက်ဖို့ လာတာဆိုတော့ ဓားနှလုံးဂူဗိမာန်မှာ ရက်အနည်းငယ်လောက် တည်းခိုဖို့ ကျွန်တော် ခွင့်ပြုလိုက်တာပါ" ဟု လီကျန့်ယီက ပြုံး၍ ဆိုသည်။

"တောင်းရမ်းသူတွေလား။ သူတို့က ဆုတောင်းပေးဖို့ သီးသန့်လာတာဆိုတော့ တည်းခိုဖို့ နေရာပေးသင့်တာ မှန်ပါတယ်" လီကျန့်ယီသည် တောင်းရမ်းသူနှစ်ဦးအတွက် နေရာစီစဉ်ပေးလောက်အောင် ကြင်နာတတ်သည်ကို မြင်ရသဖြင့် လီရှင်းယွဲ့မှာ အံ့အားသင့်သွားသည်။

အမှန်တကယ်ပင် ဤတောင်းရမ်းသူနှစ်ဦးမှာ အနည်းငယ် ထူးခြားပုံရပေသည်။ ယေဘုယျအားဖြင့် လီကျန့်ယီသည် သူတို့ကို ငွေအချို့ပေးကာ လွှတ်လိုက်မည်သာ ဖြစ်သည်။ သို့သော် နောက်နှစ်ရက်ဆိုလျှင် လီဟန်ယီနှင့် သူ၏ မင်္ဂလာပွဲဖြစ်သဖြင့် ဆုတောင်းပေးရန် လာသူများကို တမင်တကာ နှင်ထုတ်ခြင်းမှာ မသင့်တော်လှပေ။

"အင်း" လီကျန့်ယီ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ရှိနေဆဲ ပင်။

အကြောင်းမှာ ထိုတောင်းရမ်းသူနှစ်ဦးသည် သာမန်လူများ မဟုတ်သောကြောင့် ဖြစ်သည်။ သူတို့မှာ သူ၏ယောက္ခမဖြစ်သူ လဲ့မုန့်ရှား အမြဲတစေ လွမ်းဆွတ်နေရသောအကြီးအကဲလီနှင့် ဆရာကတော်တို့ ဖြစ်သည်။ ထို့ပြင် သူတို့သည် လီဟန်ယီအနေဖြင့် သူမ၏ မင်္ဂလာပွဲတွင် မြင်တွေ့လိုသော သူမအတွက် အရေးပါသည့် ဆရာသမားများလည်း ဖြစ်ကြသည်။

ထို့ကြောင့် ဤတောင်းရမ်းသူနှစ်ဦးမှာ အလွန်အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ကျင့်ကြံသူလောကမှ တခြားသူများ မလာလျှင်ပင် ကိစ္စမရှိသော်လည်း ဤနှစ်ဦးမှာမူ သေချာပေါက် လာရောက်ရမည် ဖြစ်သည်။ အကြောင်းမှာ "တစ်ရက် ဆရာ၊ တစ်သက် ဖခင်" မဟုတ်ပါလား။လီချန်းရှန်သည် လီဟန်ယီကို လဲ့မုန့်ရှားတို့ထက်ပင် အချိန်ပိုမိုကုန်ဆုံးခဲ့သူဖြစ်သဖြင့် လီဟန်ယီအတွက် ဖခင်နှင့် မိခင်သဖွယ် အားကိုးရသူလည်း ဖြစ်ပေသည်။

"ကဲ... ယီယီ၊ ဒီမှာ ကြောင်အပြီး မတ်တတ်ရပ်မနေနဲ့ တော့၊ သတို့သား ဝတ်စုံကို သွားဝတ်ကြည့်လိုက်ဦး။ ဟန်ယီကတော့ သတို့သမီး ဝတ်စုံကို သွားယူနေပြီ။ မင်္ဂလာဆောင်တဲ့နေ့ကျမှ တစ်ခုခု လွဲချော်တာမျိုး မဖြစ်စေနဲ့။ မင်းတို့နှစ်ယောက် အရင်ဆုံး ကျင့်ထားကြဦး" ဟု လီရှင်းယွဲ့က တိုက်တွန်းလိုက်သည်။

"ဟုတ်ကဲ့ပါ အမေ" လီကျန့်ယီက နာခံစွာ ခေါင်းငြိမ့်ပြပြီး အခန်းထဲသို့ သွားကာ ပြင်ဆင်ထားသော သတို့သားဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ မှန်ထဲတွင် မြင်တွေ့ရသော အမျိုးသားမှာ ခန့်ညားထည်ဝါပြီး ရုပ်ရည်ချောမောလှသည်။ နီရဲတောက်ပသော သတို့သားဝတ်စုံနှင့် စူးရှသော မျက်လုံးများကြောင့် သူသည် အလွန်ဆွဲဆောင်နိုင်စွမ်း ပေးနေသည်။

"မဆိုးပါဘူး။ သတို့သားဝတ်စုံမှာ လမင်းပုံစံ ပါရှိပြီး လီဟန်ယီရဲ့ သတို့သမီးဝတ်စုံမှာတော့ ပန်းပုံစံ ပါရှိရမယ်။ အဲ့ဒါမှ ငါရေးခဲ့တဲ့ စုံတွဲစာသားနဲ့ လိုက်ဖက်မှာ"

မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော သတို့သားနှင့် သတို့သမီး၊ လတ်ဆတ်သော ပန်းများကြားတွင် ထင်ဟပ်နေသော လမင်း။

စုံတွဲစာသားများတွင်လည်း လမင်းနှင့် ပန်းများ ပါဝင်နေသည်။

နောက်နှစ်ရက်ဆိုလျှင် ကျင်းပမည့် မင်္ဂလာပွဲမှာ အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းတော့မည် ဖြစ်သည်။ လီဟန်ယီ မင်္ဂလာဝတ်စုံ ဝတ်ဆင်လိုက်သည့်အခါတွင် မည်မျှအထိ လှပနေမည်ကို တွေးတောရင်း လီကျန့်ယီမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

အခန်း ၁၇၄ အတွင်းအား တစ်မျှင်

နှစ်ရက်ကြာပြီးနောက်။

ဓားနှလုံးဂူဗိမာန်သည် နောက်ဆုံးတွင် သခင်လေးနှင့် သခင်မလေးတို့ လက်ထပ်မည့် မင်္ဂလာနေ့ရက်မြတ်သို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။

ယ‌နေ့တွင် ပန်းမန်များနှင့် အနီရောင်ကော်ဇောများက နေရာအနှံ့လမ်း နေရာယူထား၏။မင်္ဂလာဦး ဗြောက်အိုးသံများနှင့် ခေါင်းလောင်းသံများက မပြတ်တမ်း မြည်ဟည်းနေ၏။

မိတ်ဆွေသင်္ဂဟများနှင့် ဆွေမျိုးသားချင်းများသည်လည်း မပြတ်မကွက် ရောက်ရှိလာကြသည်။

"မိုးကြိုးတံခါးမှ လဲ့ကျင်က သခင်လေးလီနဲ့ ဟန်ယီတို့ရဲ့ အသစ်စက်စက် အိမ်ထောင်ရေး သုခအဖြာဖြာအတွက် လာရောက်ဂုဏ်ပြုပါတယ်။ ရာသက်ပန် ပျော်ရွှင်တဲ့ အိမ်ထောင်မှု့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ"

"ချင်းချန်တောင်မှ ဝမ်ရိရှင်းနဲ့ အဖွဲ့က အစ်ကိုလီနဲ့ မိန်းကလေးလီတို့ရဲ့ မင်္ဂလာပွဲအတွက် လာရောက်ဂုဏ်ပြုပါတယ်။ မကြာခင်မှာ သားရတနာ ထွန်းကားပါစေ"

"ပိုင်ရှောင်တန်မှ ကျီရူဖန်က သခင်လေးလီနဲ့ မိန်းကလေးလီတို့ရဲ့ မင်္ဂလာပွဲအတွက် လာရောက်ဂုဏ်ပြုပါတယ်။ ပွင့်လန်းနေတဲ့ ပန်းမန်တွေလို လှပပြီး ခိုင်မြဲတဲ့ အချစ်တွေနဲ့ ပေါင်းဖက်နိုင်ပါစေ"

"ရွှေလမြို့တော်မှ စစ်ကုန်းချန်ဖုန်းနဲ့ ပိုင်လီတုန်းကျွင်းတို့က သခင်လေးလီနဲ့ ဒုတိယညီမလေးတို့ရဲ့ မင်္ဂလာပွဲအတွက် လာရောက်ဂုဏ်ပြုပါတယ်"

"ဝမ်မိသားစုမှ ဝမ်ဟူကျူးက သခင်လေးလီနဲ့ မိန်းကလေးလီတို့ရဲ့ မင်္ဂလာပွဲအတွက် လာရောက်ဂုဏ်ပြုပါတယ်"

...

ဂုဏ်ပြုစကားသံများ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာပြီးနောက် ဓားနှလုံးဂူဗိမာန်တစ်ခုလုံးသည် ဆွေမျိုးမိတ်သင်္ဂဟများဖြင့် ပြည့်နှက်သွားတော့သည်။ သို့သော် အဓိကဇာတ်ဆောင်မှာ ပေါ်မလာသေးသဖြင့် အချို့သောသူများက ပျင်းရိလာဟန်ဖြင့် နောက်ပြောင်ကြလေသည်။

"ဗိမာန်သခင်လီ... သတို့သမီးက ဒီအချိန်မှာ ပေါ်မလာသေးတာကို ကျွန်တော်တို့ နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သတို့သားကပါ ကျွန်တော်တို့နဲ့ အရက်သောက်ဖို့ ထွက်မလာတာက ဘာသဘောလဲဗျ"

"အားလုံးပဲ စိတ်မလောကြပါနဲ့ဦး။ သတို့သားက နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ။ သူက စိတ်အေးအေးထားပြီး မကြာခင် ထွက်လာပါလိမ့်မယ်" ဟု လီဆူးဝမ်က ပြုံး၍ ပြန်ဖြေပေး၏။

"ဟား..ဟား..သခင်လေးလီက စိတ်လှုပ်ရှားနေတယ် ဟုတ်လား။ သူ ကကျွန်တော်တို့ကို မတွေ့ရဲလောက်အောင် စိတ်လှုပ်ရှားနေတာမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး" ဟု ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့က ရယ်မောကြသည်။

"အရင်တုန်းကနဲ့ ဘယ်လိုလုပ် တူမှာလဲ။ အဲ့ဒီတုန်းက ကျွန်တော်တို့ မင်္ဂလာဆောင်နေတာမှ မဟုတ်တာ။ ကျွန်တော်အထင်တော့ အစ်ကိုပိုင်လီနဲ့ အစ်မရွဲ့ယောင်တို့ မင်္ဂလာဆောင်တဲ့နေ့ကျရင် အစ်ကိုက ကျွန်တော်လောက်တောင် မတည်ငြိမ်နိုင်မှာစိုးတယ်”

မင်္ဂလာဝတ်စုံကို ခန့်ညားစွာ ဝတ်ဆင်ထားသော လီကျန့်ယီသည် ပြုံးရွှင်သော မျက်နှာဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး သူ၏ မိတ်ဆွေများကို ကြည့်ကာ ပြောလိုက်သည်။

"မဟုတ်တာ... မဟုတ်တာ" ပိုင်လီတုန်းကျွင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ငြင်းသည်။

"ကြည့်စမ်း... အစ်ကိုပိုင်းလီက စကားတွေတောင် ထစ်နေပြီ။ အစ်ကိုပိုင်လီနဲ့ အစ်မရွဲ့ယောင်တို့ မင်္ဂလာဆောင်မယ့်အကြောင်း ပြောလိုက်တာလေးကိုတောင် အစ်ကိုက ရှက်ပြနေပြီ"

"အစ်ကိုပိုင်လီက တကယ် မင်္ဂလာဆောင်တဲ့နေ့ကျရင် စိတ်လှုပ်ရှားလွန်းလို့ မူးလဲမသွားစေနဲ့နော်" ဟု လီကျန့်ယီက နောက်ပြောင်‌နေမိ၏။

"မ... မဖြစ်နိုင်တာ" ပိုင်လီတုန်းကျွင်းက ရှက်ကိုးရှက်ကန်းဖြင့် လီရှင်းယွဲ့၏ ဘေးတွင်ရှိသော ရွဲ့ယောင်ကို လှမ်းကြည့်လိုက်သည်။

ရွဲ့ယောင်မှာမူ ပိုင်လီတုန်းကျွင်း၏ ကလေးဆန်သော ပုံစံကို ကြည့်ပြီး မျက်နှာလေးကို အုပ်ကာ ရယ်မောနေတော့သည်။ အတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူသည် မိန်းကလေးတစ်ဦးနှင့် တစ်ခါမျှ မဆုံဖူးသည့် ကောင်လေးတစ်ယောက်ကဲ့သို့ ရှက်တတ်နေဆဲပင်။

"ကဲ... စကားတွေ အသာထားဦး၊ သခင်လေးလီ... လာဗျာ၊ ကျွန်တော်တို့နဲ့ အရက် တစ်ခွက်နှစ်ခွက်လောက် အရင်သောက်လိုက်ဦး။ သတို့သမီး ထွက်လာရင် ကောင်းကင်နဲ့ မြေကြီးကို ကန်တော့ရဦးမှာ။ အဲ့ဒီမတိုင်ခင် မင်းကို အရင်မူးအောင် တိုက်ပြီး အရှက်ခွဲရမယ်" ပိုင်လီတုန်းကျွင်းက လီကျန့်ယီ၏ နောက်ပြောင်မှုကို အငြိုးဖြင့် ပြန်လည် တုံ့ပြန်သည်။

သို့သော် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိနေသူတစ်ဦးအဖို့ အရက်မူးရန်မှာ မလွယ်ကူလှပေ။ သို့ဖြင့် လီဟန်ယီ ပြင်ဆင်နေစဉ်အတွင်း လီကျန့်ယီသည် ဧည့်သည်များကို လိုက်လံ ဧည့်ခံနေခဲ့သည်။သတို့သမီး ထွက်လာခါနီးအချိန်တွင် ဓားဆွေးနွေးရာဆောင် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ရဲ့မိသားစုမှ ရဲ့ရှောင်ယင်းက သခင်လေးလီနဲ့ မိန်းကလေးလီတို့ရဲ့ မင်္ဂလာပွဲအတွက် လာရောက် ဆုတောင်းပေးပါတယ်" ရဲ့ရှောင်ယင်းသည် စစ်သားပီပီ ပွင့်လင်းရိုးသားသူဖြစ်ရာ သူ၏ ဆုတောင်းစကားမှာလည်း ရိုးရှင်းလှသည်။

သို့သော် ထိုဆုတောင်းစကားမှာ နည်းနည်း ရိုးရှင်းနိုင်သည်ဟု ခံစားရသဖြင့် သူ၏ လက်ကိုကိုင်ထားသော ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို ကြည့်ကာ အကူအညီတောင်းလိုက်သည်။

"ယီယီ... သမီးက အဖေထက် ပညာတတ်တာပဲ။ သခင်လေးလီနဲ့ မိန်းကလေးလီတို့အတွက် ဆုတောင်းစကားလေး နည်းနည်းလောက် ပြောပေးလိုက်ပါဦး"

ရှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်လေးမှာ ဖြူစင်နုနယ်သော အသားအရေရှိသော်လည်း အနည်းငယ် ဖျော့တော့နေသည်။ သူမသည် အစိမ်းရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး အားနည်းသော်လည်း လှပသော ပုံစံလေး ရှိပေသည်။

သူမက အသာအယာ ခေါင်းညိတ်ကာ အရိုအသေပေးလိုက်ပြီး "သခင်လေးလီနဲ့ မိန်းကလေးလီတို့က ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး ကောင်းကင်က ဖန်တီးပေးလိုက်တဲ့ အဖော်မွန်တွေလို့ ကြားဖူးပါတယ်"

"ကြီးပြင်းလာတဲ့အခါမှာလည်း တစ်ဦးကိုတစ်ဦး သံယောဇဉ်တွေ ထားရှိခဲ့ကြပြီး နှစ်ပေါင်းတစ်ရာတိုင် မခွဲမခွာရတဲ့ ငန်းငှက်စုံတွဲလို့ ဖြစ်ဖို့ သစ္စာပြုခဲ့ကြတယ်"

"မင်္ဂလာမဆောင်ခင်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့တဲ့ အချစ်တွေ ရှိခဲ့ပြီး ယခုချိန်မှာ တစ်ဦးတည်းသော ချစ်သူအဖြစ် သတ်မှတ်ပြီး အိုမင်းတဲ့အထိ အတူတူ နေထိုင်သွားကြဖို့ ဆုတောင်းပါတယ်"

"မင်္ဂလာဆောင်ပြီးနောက်မှာလည်း သခင်လေးလီနဲ့ မိန်းကလေးလီတို့ဟာ တစ်သက်လုံး သစ္စာရှိပြီး ချစ်ခင်မြတ်နိုးကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်"

ရှစ်နှစ်ကျော်ရွယ် မိန်းကလေးငယ်လေးသည် လီကျန့်ယီနှင့် လီဟန်ယီတို့၏ အတွေ့အကြုံများကို အခြေခံကာ စနစ်တကျနှင့် ဂရုတစိုက် ဆုတောင်းပေးခဲ့ခြင်း ဖြစ်သည်။ သူမ၏ တွေးခေါ်မြော်မြင်မှု့နှင့် ဉာဏ်ရည်ထက်မြက်မှု့မှာ အလွန်ပင် ချီးကျူးစရာ ကောင်းလှပေသည်။ထိုစကားများကို ကြားသောအခါ ရောက်ရှိနေသော ဆွေမျိုးမိတ်သင်္ဂဟများအားလုံးက အထင်ကြီးသွားကြသည်။

"ဗိုလ်ချုပ်ရဲ့ ရဲ့ သမီးလေးက တကယ့်ကို ပါရမီရှင်လေးပဲ၊ ကျွန်တော်ရဲ့ သားနဲ့တော့ ကွာပါ့။ သူကတော့ နွားတွေ သိုးတွေလို အစားပဲ သိပြီး ဝက်တွေ မြင်းတွေလို အိပ်ဖို့ပဲ သိတာ"

"ဟားဟား... တိုက်ဆိုင်လိုက်တာဗျာ၊ ကျွန်တော်ရဲ့ သားကလည်း ရွှံ့ထဲမှာ ဆော့ဖို့ပဲ သိတာ" တခြားသူများကလည်း သူတို့သားများ အသုံးမကျပုံကို ရယ်မောကာ ဝိုင်းဝန်း ပြောဆိုကြသည်။

ရဲ့ရှာင်ယင်းတို့ကို မြင်သောအခါ လီကျန့်ယီသည် အစိမ်းရောင်ဝတ်စုံနှင့် နုနယ်လှပသော မိန်းကလေးငယ်ထံသို့ လျှောက်သွားလိုက်၏။

"တကယ်ကို ကောင်းမွန်တဲ့ ဆုတောင်းစကားလေးပဲ၊ မင်းရဲ့ ဒီဆုတောင်းစကားလေးအတွက်ကြောင့်ပဲ ငါက မင်းရဲ့ ရောဂါကို သေချာပေါက် ပျောက်ကင်းအောင် ကုသပေးရမယ်"

ထိုသို့ ပြောပြီးနောက် လီကျန့်ယီသည် သူ၏ လက်ဖဝါးထဲတွင် အတွင်းအား တစ်မျှင်ကို စုစည်းလိုက်ပြီး ရဲ့ရော့ယီ၏ နုနယ်သော ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်သည်။ ထိုအတွင်းအားကို နှလုံးသွေးကြောဆီသို့ ပို့ဆောင်ကာ တိတ်ဆိတ်စွာပင် ကာကွယ်ပေးထား၏။

အလုပ်ပြီးမြောက်သွားသောအခါ လီကျန့်ယီက လက်ကို ပြန်ရုတ်လိုက်သည်။ထိုအခါ ဖျော့တော့နေသော မိန်းကလေး၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းစိုပြည်လာသည်ကို တွေ့ရသည်။ သာမန် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကဲ့သို့ သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းကာ မျက်လုံးများမှာလည်း ပိုမို ကြည်လင် တောက်ပလာပြီး အင်အား ပြည့်ဝလာသယောင် ရှိလာသည်။

"အဖေ... အဖေ၊ သမီး... သမီး နေလို့ အရမ်းကောင်းပြီး ပေါ့ပါးသွားသလိုပဲ၊ အရင်လို မောပန်းနွမ်းနယ်တာမျိုး မရှိတော့ဘူး" သူမ၏ ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ခံစားမိသောအခါ ရဲ့‌ရော့ယီသည် အံ့အားသင့်စွာဖြင့် ရဲ့ရှောင်ယင်းကို မော့ကြည့်နေသည်။

"ကောင်းပြီ၊ တကယ်ကို ကောင်းတာပဲ၊ သမီး... သခင်လေးလီကို ကျေးဇူးတင်စကား ပြောလိုက်ဦးလေ" ရဲ့ရှောင်ယင်းက စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ကာ လီကျန့်ယီကို ကျေးဇူးတင်စွာကြည့်နေသည်။

ရဲ့ရော့ယီက အလျင်အမြန် အရိုအသေပေးကာ "ကျွန်မကို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် သခင်လေးလီ၊ သခင်လေးရဲ့ ကျေးဇူးကို အမြဲ မှတ်ထားပါ့မယ်" ဟု ဆိုသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက မင်းရဲ့ လေးနက်လှတဲ့ ဆုတောင်းစကားအတွက် ငါ့ဘက်က ကျေးဇူးတုံ့ပြန်တာလို့ပဲ မှတ်ယူလိုက်ပါ" ဟု လီကျန့်ယီက ပြုံး၍ ထိုမိန်းကလေးငယ်၏ ခေါင်းကို အသာအယာ ပုတ်လိုက်၏။

ရဲ့‌ရော့ယီသည် ခေါင်းကို အပုတ်ခံရသဖြင့် မျက်နှာလေး အနည်းငယ် နီမြန်းသွားကာ "ဒါပေမဲ့လည်း သခင်လေးလီကို ကျေးဇူးတင်ရမှာပါပဲ" ဟု ခေါင်းမာစွာ ပြောပြန်သည်။

"ဟုတ်ပါပြီ... ဒါဆိုရင်လည်း ငါ မင်းရဲ့ ကျေးဇူးတင်စကားကို လက်ခံလိုက်မယ်၊ အခုတော့ သွားထိုင်ကြတော့လေ" ထိုမိန်းကလေးငယ်မှာ အနည်းငယ် ခေါင်းမာသည်ကို တွေ့ရသဖြင့် လီကျန့်ယီက ပြုံး၍ လက်ခံလိုက်သည်။

"ဟုတ်ကဲ့ပါ" ရဲ့ ရော့ယီက ခေါင်းညိမ့်ပြပြီးနောက် ရဲ့ရှောင်ယင်းနှင့်အတူ လူအုပ်ကြားတွင် လွှတ်နေသည့်ခုံတွင် ဝက်ထိုင်လိုက်၏။

လူအုပ်ထဲတွင် ဆေးပညာ ကျွမ်းကျင်သူများလည်း ပါဝင်ပေသည်။ သူတို့သည်လည်း ရဲ့ရှောင်ယင်း၏ သမီးတွင် ရှိနေသော ရောဂါအကြောင်းကို ကြားဖူးနားဝ ရှိကြပြီး ရဲ့ရော့ယီက ယနေ့အထိ အသက်ရှင်နေနိုင်ခြင်းမှာပင် ထူးဆန်းသည်ဟု ထင်နေကြသည်။ သို့သော် ရဲ့‌ရော့ယီ၏ ရောဂါမှာ သူတို့မျက်စိရှေ့တွင်ပင် ပျောက်ကင်းသွားသည်ကို မြင်ရသောအခါ သူတို့ အလွန် ထိတ်လန့်သွားသည်။

လီကျန့်ယီ ထုတ်လွှတ်လိုက်သော အတွင်းအား တစ်မျှင်တည်းကိုပင် လူတိုင်းက ကြီးမားသော ဖိအားတစ်ခုအဖြစ် ခံစားမိကြသည်။ ထိုအတွင်းအား တစ်မျှင်တည်းမှာပင် သူတို့အတွက်မူ ချုပ်နှောင်မဲ့အဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှု့ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေတော့သည်။ဤသည်မှာ အတွင်းအား "တစ်မျှင်" သာ ဖြစ်သော်လည်း အတွင်းအား တစ်မျှင်က ရဲ့ရော့ယီ၏ နှလုံးသွေးကြောကို ကာကွယ်ပေးနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

"ဗိုလ်ချုပ်ရဲ့... သခင်လေးလီရဲ့ အတွင်းအားက ခင်ဗျားရဲ့ သမီးလေးကို ကာကွယ်ပေးထားတဲ့အတွက် နောက်ပိုင်း ကျင့်ကြံတဲ့အခါမှာ အဆပေါင်းများစွာ ပိုမို ထိရောက်ပါလိမ့်မယ်၊ သူမရဲ့ အနာဂတ်က အကန့်အသတ်မရှိတော့ဘူး" ဆေးပညာ ကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦးက ရဲ့‌ရော့ယီ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် အားကျစွာဖြင့် ပြောသည်။

"သခင်လေးလီက အဲ့ဒီလောက်တောင် အစွမ်းထက်တာလား။ အတွင်းအား တစ်မျှင်တည်းနဲ့တင် ငါ့သမီးလေးကို ဒီလောက်အထိ အပြောင်းအလဲ ဖြစ်စေနိုင်တာလား" ဟု ရဲ့ရှောင်ယင်းက နားမလည်နိုင်ဘဲ မေး၏။

"ဒါက ဒဏ္ဍာရီလာ ဆန်းကြယ်နတ်ခရီးအဆင့်ရဲ့ စွမ်းအားလေ ဗိုလ်ချုပ်ရဲ့က ဘယ်လိုထင်လဲ" ဆေးပညာရှင်မှာ လူအုပ်ကြားတွင် ဧည့်ခံနေသော လီကျန့်ယီကို ထိတ်လန့် အံ့သြစွာဖြင့် လှမ်းကြည့်မိ၏။ ကုသ၍မရသော ရောဂါကို အတွင်းအား တစ်မျှင်တည်းဖြင့် ကုသပေးနိုင်ခြင်း၊ ဒါဆို လီကျန့်ယီမှာ ရောဂါတွေကို ကုသပေးနိုင်သည့်အစွမ်းလည်းရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

အခန်း ၁၇၅ အရက်သောက်နည်း

မင်္ဂလာဦးအခန်း၏ အပြင်ဘက်တံခါးတစ်ခုလုံးကို တောက်ပသော အနီရောင် မင်္ဂလာစက္ကူများဖြင့် လွှမ်းခြုံထားသည်။ တံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း မင်္ဂလာဦး စုံတွဲစာသားများကို ကပ်ထားရှိ၏။

အခန်းအတွင်းရှိ အပြင်အဆင်များမှာ အပြင်ဘက်ထက်ပင် ပိုမိုလက်ရာမြောက်‌နေ၏။ အနီရောင် ကုတင်ထက်တွင် အနီရောင် ခေါင်းအုံးနှစ်လုံးနှင့် ပန်းရောင်ဖျော့ဖျော့ စောင်ကြီးတစ်ထည် ရှိနေသည်။ ထို့ပြင် ကုတင်ပေါ်တွင် အရောင်အသွေး စုံလင်လှသော ပန်းပွင့်ဖတ်များကိုလည်း ကြဲထားသည်။

ကုတင်၏ အထက်တွင်မူ မရေမတွက်နိုင်သော အနီရောင် ပိုးဖဲကြိုးများ ချိတ်ဆွဲထားရာ လေထဲတွင် ဝေ့ဝဲယိမ်းနွဲ့နေသည့် ပုံစံမှာ အလွန်ပင် လှပလွန်းသည်။ စားပွဲတစ်ဖက်တွင် အနီရောင် စားပွဲခင်း ခင်းထားပြီး အသီးအနှံများ တင်ထားသည့် လင်ဗန်းတစ်ခု ရှိနေ၏။

ထိုအသီးလင်ဗန်းထဲတွင် ဆီးသီးနီများ၊ မြေပဲများ၊ စံပယ်စေ့များနှင့် အခြားသော အရာများ ပါဝင်ပြီး ကျောက်စိမ်းရောင် လရောင်ခွက် နှစ်ခွက်နှင့် အရည်အသွေးမြင့် အရက်တစ်အိုးလည်း ရှိနေပေသည်။ စားပွဲ၏ ဘေးတစ်ဖက်တွင်မူ မှန်တင်ခုံတစ်ခု ရှိနေ၏။

ယခုအချိန်တွင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော လီဟန်ယီသည် မှန်တင်ခုံရှေ့တွင် ထိုင်နေပြီး သူမ၏ နောက်တွင်မူ ဖုန်းချူးယွီ ရှိနေသည်။ ယခုအကြိမ်တွင် လီဟန်ယီကို ပြင်ဆင်ပေးသူမှာ ဖုန်းချူးယွီ ဖြစ်ပေသည်။သူမသည် မှန်ထဲမှ အလှတရားကို ကြည့်ကာ အားကျစွာဖြင့် "စီနီယာဟန်ယီရယ် ... အစ်မက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် လှနေရတာလဲ" ဟု မေးလိုက်ရသည်။

လီဟန်ယီ၏ နှုတ်ခမ်းများမှာ နှုတ်ခမ်းနီ ဆိုးရန်မလိုဘဲ သဘာဝအတိုင်း နီမြန်းနေသဖြင့် နှုတ်ခမ်းနီမှာ အပိုတစ်ခု ဖြစ်နေပေသည်။ မျက်ခုံးများသည်လည်း မိတ်ကပ်လိမ်းရန်မလိုဘဲ သဘာဝအတိုင်း စိမ်းလဲ့နေသဖြင့် မျက်ခုံးဆွဲတံမှာလည်း အသုံးမဝင်တော့ပေ။

"ဒီလောက်လှနေတာကို ညီမက ဘယ်လိုလုပ် ပြင်ပေးရမှာလဲ"

ထိုစကားကို ကြားသောအခါ လီဟန်ယီ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး "ညီမဖုန်း..အဲ့ဒီလို မပြောပါနဲ့။ အစ်မ ရှက်လာပြီ" ဟု ဆိုလိုက်သည်။

"ညီမက ချဲ့ကားပြောနေတာ မဟုတ်ပါဘူး၊ အမှန်အတိုင်း ပြောတာပါ။ ဒီနှုတ်ခမ်းနီနဲ့ မျက်ခုံးဆွဲတံတွေကတော့ လိုမယ်မထင်ဘူး" ဟု ဆိုကာ ဖုန်းချူးယွီသည် ထိုပစ္စည်းများကို ဘေးသို့ ဖယ်ထုတ်လိုက်သည်။ ထို့နောက် သူမသည် သတို့သမီးအတွက် အလှဆင်မည့် အခြားသော အရာများကို သာ သုံးရပေတော့မည်။

"စီနီယာ... တို့တွေ ပိုလှတဲ့ ဆံပင်ပုံစံလေး လုပ်ကြမလား" ဖုန်းချူးယွီသည် အပြစ်ပြောစရာမရှိအောင် လှပလွန်းသော လီဟန်ယီကို ကြည့်ကာ ဆံပင်ပုံစံမှသာတင်ပြင်ဆင်နိုင်တော့မည်။ အကြောင်းမှာ အခြားသော နေရာများကို ပြင်ဆင်လိုက်လျှင် သဘာဝအလှတရားကို ပျက်စီးသွားစေနိုင်သောကြောင့် ဖြစ်သည်။

"စိတ်ကြိုက်သာ လုပ်လိုက်ပါ" လီဟန်ယီက ရှက်ကိုးရှက်ကန်း ပြောလိုက်၏။

"ဆံပင်ကို ကျစ်ဆံမြီးပုံစံလေး လုပ်ကြတာပေါ့။ ဆံပင်ကို အပေါ်မှာ စည်းနှောင်ပြီး ပန်းလေးတွေနဲ့ အလှဆင်ပေးမယ်။ အဲ့ဒါက သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေး မဖြစ်စေဘူး"

"ဒါ့အပြင် စီနီယာအစ်မရဲ့ မင်္ဂလာဝတ်စုံပေါ်က ပန်းပုံစံလေးတွေနဲ့ အစ်မရဲ့ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်က အားလုံးကို ငေးမောသွားစေမှာ အမှန်ပဲ၊ ဧည့်သည်တွေအားလုံးက အစ်မကို ကြည့်ပြီး မှင်သက်သွားကြလိမ့်မယ်" ဟု ဖုန်းချူးယွီက ခေတ္တမျှ စဉ်းစားပြီးနောက် ချီးမွှမ်းစကားပြော‌နေမိသည်။သူမ၏ ဒုတိယ စီနီယာ အစ်မ၏ အလှအပမှာ အလွန်းလှပသောကြောင့် သူမမှာ မနေနိုင်စွာ ချီးကျူးနေရခြင်းဖြစ်သည်။

"ဟုတ်ပါပြီ" ဖုန်းချူးယွီ ပြောလိုက်သည့်အခါ လီဟန်ယီသည် ကျစ်ဆံမြီး ကျစ်ကာ ပန်းလေးများ ပန်ဆင်ထားသည့် ပုံစံကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်လိုက်ရာ အလွန်ပင် သဘောကျသွားသည်။

“ စီနီယာအစ်မ ၊ ငြိမ်ငြိမ်လေး နေနော်" ဖုန်းချူးယွီ၏ သွယ်လျသော လက်ချောင်းလေးများသည် အဝတ်အစားနှင့် ဆံပင်များကို ခေတ္တမျှ ပြင်ဆင်ပေးလိုက်ပြီးနောက် လူတိုင်းကို မှင်သက်သွားစေမည့် လှပသော သတို့သမီးလေးအဖြစ် ပေါ်ထွက်လာတော့သည်။

သို့သော် သူမ၏ အလှတရားမှာ လူတိုင်းအတွက် မဟုတ်ပေ။ သတို့သမီးသည် အနီရောင် ပုဝါကို ဆောင်းထားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သတို့သမီး၏ အလှပဆုံးသော အခြမ်းကို သတို့သားတစ်ဦးတည်းသာ မြင်တွေ့ခွင့်ရှိပြီး သူတစ်ဦးတည်းသာ ခံစားခွင့်ရှိသောကြောင့် ဖြစ်သည်။

"အစ်မဟန်ယီ... မင်္ဂလာအခမ်းအနားဆီ သွားဖို့ ညီမက ကူညီပေးမယ်နော်" ဖုန်းချူးယွီက လှပသော သတို့သမီးလေးကို ကြည့်ကာ ပြုံး၍ ကြည့်မဝစွာကြည့်နေမိသည်။

"အင်း" လီဟန်ယီသည် သူမ၏ နုနယ်သွယ်လျသော လက်ချောင်းလေးများကို ဖုန်းချူးယွီ၏ လက်ထဲသို့ ထည့်လိုက်ပြီး ဓားခန်းမဆောင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွား၏။

သိပ်ပင်မကြာလိုက်ပဲ ဖုန်းချူးယွီသည် ဓားခန်းမဆောင်သို့ ရောက်ရှိလာပြီး "သတို့သမီး ရောက်ပါပြီ" ဟု ကျယ်လောင်စွာ ကြေညာလိုက်၏။

"သတို့သမီး ရောက်လာပြီလား"

လူတိုင်း၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး တစ်ပြိုင်နက်တည်း လှမ်းကြည့်ကြသည်။ သတို့သမီးသည် အနီရောင် ပုဝါအောက်တွင် ရှိနေသဖြင့် သူမ၏ မျက်နှာကို မမြင်ရသော်လည်း သူမ၏ ပြည့်စုံလှပသော ကိုယ်လုံးကိုယ်ပေါက်မှာပင် လူတိုင်းကို အံ့အားသင့်စေရန် လုံလောက်လှပေသည်။

"အမေ... ဘာလို့ အစ်မက ခေါင်းမှာ အဝတ်ကြီး အုပ်ထားတာလဲဟင်။သားတို့က ကြည့်လို့မရဘူးလား" ဟု လီရှင်းယွဲ့၏ ဘေးတွင် ထိုင်နေသော ရှောင်ကျဲက အားမရစွာ မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ လဲ့မုန့်ရှားက ရှောင်ကျဲ၏ ခေါင်းကို ခပ်ဖွဖွပုတ်ကာ "ဘာအဝတ်လဲကွ။ အဲ့ဒါက အနီရောင် ခေါင်းမြှောက်ပုဝါလေ၊ အဲ့ဒါကို မင်းရဲ့ ယောက်ဖဖြစ်တဲ့ သတို့သားကပဲ ဖွင့်ခွင့်ရှိတာ" ဟု ရှင်းပြပေးနေ၏။

"ဩော်..." ရှောင်ကျဲသည် သူ၏ခေါင်းကို ကုတ်လိုက်ပြီးနောက် ချိုချဉ်နှစ်လုံးကို ယူကာ ပါးစပ်ထဲသို့ ထည့်ကာ ဘာမှထပ်မမေးတော့ပေ။

"မမရွဲ့ယောင်…မမဟန်ယီက ဒီနေ့ တကယ်လှတာပဲနော်" ရှောင်ကျဲ၏ ကလေးဆန်သော စကားများနှင့် ယှဉ်လျှင် ချန်းလျော့နှင့် ကျီရွယ်တို့မှာ ပို၍ လူကြီးဆန်ပေသည်။

"ဒါပေါ့... ဒီနေ့က မင်းတို့ရဲ့ မမဟန်ယီအတွက် အလှဆုံးနေ့ပဲလေ" ဟု ရွဲ့ယောင်က ပြုံး၍ ဆိုသည်။

"သတို့သား... အရက်လိုက်တိုက်နေတာ ရပ်လိုက်ပါဦး၊ သခင်လေးလီရဲ့ သတို့သမီး ရောက်နေပြီလေ၊ ဘာလို့ လာပြီး လက်မတွဲဘဲ လူကြီးမိဘတွေကို လက်ဖက်ရည် မကပ်သေးတာလဲ"

ဖုန်းချူးယွီက အရက်လိုက်တိုက်နေသော လီကျန့်ယီကို လှမ်းပြောသည်။ လီကျန့်ယီသည် သူ၏ လက်ထဲမှ အရက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် လီဟန်ယီကို တွဲပေးရန် ဖုန်းချူးယွီ၏ အနားသို့ အလျင်အမြန် သွားလိုက်၏။

လီကျန့်ယီသည် လီဟန်ယီ၏ နုနယ်သော လက်ကလေးကို ဆုပ်ကိုင်လိုက်သည့်အခါ နွေးထွေးမှု့ကို ခံစားမိသည်။

"လက်ဖက်ရည် ကပ်ပါ"

ဖုန်းချူးယွီက မင်္ဂလာအခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးကာ အဆင့်တစ်ခုချင်းစီကို သတိပေးနေသည်။ ထိုအခါ လီဆူးဝမ်သည် ကိုယ်တိုင် ရှေ့သို့ထွက်လာပြီး လက်ဖက်ရည် နှစ်ခွက်ကို ယူဆောင်လာကာ လီကျန့်ယီနှင့် လီဟန်ယီတို့ထံသို့ တစ်ခွက်စီ ကမ်းပေးလိုက်သည်။

ထို့နောက် လီကျန့်ယီနှင့် လီဟန်ယီတို့သည် လဲ့မုန့်ရှားနှင့် လီရှင်းယွဲ့တို့အား လက်နှစ်ဖက်ဖြင့် ရိုသေစွာ လက်ဖက်ရည်ကို ကပ်ကြ၏။

လဲ့မုန့်ရှားနှင့် လီရှင်းယွဲ့တို့က ပြုံးရွှင်စွာဖြင့် လက်ဖက်ရည်ကို လက်ခံကြသည်။ သူတို့သည် လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးနောက် "ဟန်ယီ၊ ယီယီ... မင်းတို့နှစ်ယောက် လက်ထပ်ပြီးရင် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းမွန်မွန် ဆက်ဆံကြနော်၊ ရန်မဖြစ်ကြနဲ့!တစ်ယောက်ကိုတစ်ယောက် စာနာစိတ်ထားပြီးဖေးမကြ"ဟု ဆုံးမသည်။

"ဟုတ်ကဲ့ပါ၊ အဖေနဲ့ အမေ" လီကျန့်ယီနှင့် လီဟန်ယီတို့က တပြိုင်နက်တည်း ပြန်ဖြေ၏။

"ကောင်းပြီ၊ နောက်ထပ် အဆင့်တွေကို ဆက်သွားကြတာပေါ့"

လီရှင်းယွဲ့က ဖုန်းချူးယွီကို ကြည့်ကာ ပြုံးပြကာ သတိပေးသည်။

"သတို့သားနဲ့ သတို့သမီး လက်ဖက်ရည်ကပ်တာ ပြီးပါပြီ၊ အခု ကောင်းကင်နဲ့ မြေကြီးကို ကန်တော့ဖို့ အချိန်တန်ပါပြီ" ဟု ဖုန်းချူးယွီက ဆက်လက် ညွှန်ကြားသည်။

မီးပုံကျော်ခြင်းကဲ့သို့သော အခြားသော အဆင့်များ အဘယ်ကြောင့် မရှိသနည်းဆိုသော် အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ လီကျန့်ယီနှင့် လီဟန်ယီတို့သည် ဓားနှလုံးဂူဗိမာန်မှ လူချင်း လက်ထပ်ကြခြင်းဖြစ်သဖြင့် သတို့သမီးဘက်က အနှိမ်ခံရခြင်း သို့မဟုတ် အနိုင်ကျင့်ခံရခြင်းမျိုး မရှိနိုင်သောကြောင့် မီးပုံကျော်ခြင်းနှင့် မင်္ဂလာဝေါယာဉ်ကို ကန်ခြင်းစသည့် အဆင့်များကို ဖယ်ထုတ်ထားခြင်း ဖြစ်ပေသည်။

အရာအားလုံးကို ရိုးရိုးရှင်းရှင်းသာ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"ကောင်းကင်နဲ့ မြေကြီးကို တစ်ကြိမ် ကန်တော့ပါ"

လီကျန့်ယီနှင့် လီဟန်ယီတို့သည် ကောင်းကင်နှင့် မြေကြီးဆီသို့ အသာအယာ ဦးညွှတ်ကြသည်။

"မိဘတွေကို နှစ်ကြိမ် ကန်တော့ပါ"

သူတို့နှစ်ဦးသည် လီရှင်းယွဲ့နှင့် လဲ့မုန့်ရှားတို့အား ရိုသေသေ ဦးညွှတ်လိုက်ကြပြန်သည်။

"ဇနီးမောင်နှံ အပြန်အလှန် အရိုအသေပေးပါ"

နောက်ဆုံးတွင် လီကျန့်ယီနှင့် လီဟန်ယီတို့သည် တစ်ဦးကိုတစ်ဦး အလေးအနက်ထားကာ ဦးညွှတ်လိုက်ကြ၏။

"မင်္ဂလာဦးအခန်းထဲကို ပို့ဆောင်ပါ"

ဖုန်းချူးယွီက စကားဆုံးသည်နှင့် လီကျန့်ယီနှင့် လီဟန်ယီတို့ကို ကြင်နာသော အပြုံးဖြင့် ကြည့်နေတော့သည်။

လီကျန့်ယီသည် လီဟန်ယီ၏ နွေးထွေးသော လက်ကလေးကို ဆုပ်ကိုင်ကာ သူတို့၏ မင်္ဂလာဦးအခန်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။

သူတို့ ထွက်ခွာသွားပြီးနောက် လီဆူးဝမ်နှင့် အခြားသူများသည် ရောက်ရှိလာသော ဧည့်သည်များကို နှုတ်ဆက်ကြသည်။ "အားလုံးပဲ စိတ်ကြိုက် သုံးဆောင်ကြပါဗျာ၊ ဒီအရက်က ရွှေလမြို့တော်က ပထမမြို့တော်သခင်ပိုင်လီတုန်းကျွင်း ကိုယ်တိုင် ချက်ထားတဲ့ အကောင်းဆုံးအရက်ပါ၊ သာမန်လူတွေ သောက်ခွင့်ရဖို့ မလွယ်ပါဘူး"

"ဟုတ်လား၊ ဒါဆိုရင်တော့ ကျွန်တော်တို့ အားမနာတော့ဘူးနော်" ဟု လူအုပ်ကြီးက စိတ်လှုပ်ရှားစွာပြောကြ၏။

လူတိုင်း စကားပြောရင်း ရယ်မောပျော်ရွှင်နေကြစဉ် လီကျန့်ယီသည် သတို့သမီးကို မင်္ဂလာဦးကုတင်ဆီသို့ ခေါ်ဆောင်သွားသည်။ လီဟန်ယီမှာမူ အနီရောင် ပုဝါအောက်တွင် ဘာလုပ်ရမှန်းမသိဘဲ ရှက်ကိုးရှက်ကန်း ဖြစ်နေကာ ပုဝါအောက်မှ လီကျန့်ယီကို ခိုးကြည့်နေမိသည်။

"ကျွန်မ... ကျွန်မ ဗိုက်ဆာတယ်၊ မဟုတ်ဘူး... ရေငတ်တယ်..."

“ရေငတ်တယ် ဟုတ်လား။ ပြဿနာမရှိဘူး”

လီကျန့်ယီသည် စားပွဲပေါ်မှ အကောင်းဆုံးအရက်ကို သောက်လိုက်ပြီးအနီရောင် ပုဝါကို လှန်လိုက်၏။

သူ၏ ရှေ့တွင်ရှိသော လှပလွန်းသော နတ်သမီးလေးတစ်ပါးကဲ့သို့ ထူးကဲလှပသော အမျိုးသမီးကို မြင်လိုက်ရသည့်အခါ သူ ရင်သက်ရှုမော ဖြစ်သွားရသည်။ အကြောင်းမှာ လီဟန်ယီသည် မည်သည့် မိတ်ကပ်မှ လိမ်းခြယ်မထားသော်လည်း လောကရှိ သာမန်အလှတရားအားလုံးကို ကျော်လွန်နေသောကြောင့် ဖြစ်သည်။

"လာပါ ဟန်ယီ... ပါးစပ်လေး ဟလိုက်၊ ကိုယ် တိုက်ကျွေးပါ့မယ်" လီကျန့်ယီသည် သူမ၏ ဆွဲဆောင်မှု့ရှိသော နှုတ်ခမ်းနီနီလေးများကို ကြည့်ကာ ခေါင်းကို မော့လိုက်ပြီး သူမကို တိုက်ရိုက် နမ်းလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် အကောင်းဆုံးသော အရက် များကိုလည်း သူမထံသို့ ပို့ဆောင်လိုက်၏။လီဟန်ယီမှာမူ မျက်လုံးလေးများ ပြူးသွားကာ "ရှင်... ကျွန်မက လက်ဖက်ရည် တစ်ခွက်လောက်ပဲ တောင်းတာကို၊ ဘာလို့ ပါးစပ်ချင်းတေ့ပြီး တိုက်နေရတာလဲ" ဟု ပြောချင်နေသည့်အလား ကြောင်အနေတော့သည်။

All Chapters