← Chapters

အခန်း (၁၈၁-၁၈၅)

Vol. 19 Ch. 181-185

အခန်း (၁၈၁-၁၈၅)

Vol. 19 Ch. 181-185

အခန်း ၁၈၁ ငါ့သမီးလေးက ငါ့ကို ဆန်ပြုတ်သောက်ဖို့ လာခေါ်တာကို လိုချင်မိတယ်

နောက်တစ်နေ့ နံနက်ခင်းတွင် လီဟန်ယီက အလွန်စောစီးစွာ နိုးလာ၏။ သူမကို ရင်ခွင်ထဲထည့်၍ အိပ်ပျော်နေသော လီကျန့်ယီကို ကြည့်ရင်း သူမ၏လက်ချောင်းလေးဖြင့် သူ၏ပါးကို အသာအယာ တို့ထိလိုက်သည်။ လီကျန့်ယီ တကယ်ပင် အိပ်ပျော်နေသည်ကို သိလိုက်ရသောအခါ သူမ အိပ်ရာမှ မထချင်တော့ပေ။ သူမ၏ ဦးခေါင်းလေးကို လီကျန့်ယီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သေးငယ်သော လက်မောင်းလေးများဖြင့် သူ၏ကိုယ်ကို အတတ်နိုင်ဆုံး တင်းကျပ်စွာ ဖက်ထားမိသည်။

လီဟန်ယီသည် ခေတ္တမျှ ထပ်မံမှေးစက်နေပြီးနောက် လီကျန့်ယီ နိုးလာသည့်အချိန်ကျမှသာ သူကို မော့ကြည့်၏။

"လူဆိုးလေး... ရှင် အကြာကြီး မလုပ်ပါနဲ့လို့ ကျွန်မ ပြောသားပဲ၊ အခုတော့ ရှင်ကိုယ်တိုင်လည်း ပင်ပန်းနေပြီ မဟုတ်လား" လီကျန့်ယီ အကြာကြီး အိပ်ပျော်နေသည်ကို မြင်သောအခါ လီဟန်ယီက ပြစ်တင်ပြောဆိုသည်။

"တောင်းပန်ပါတယ် ဟန်ယီရာ... ကိုယ်က တကယ်တော့ အိပ်လည်းရတယ်၊ မအိပ်လည်းရတယ် အဲ့တာက အရေးမကြီးပါဘူး။ ကိုယ်က မင်းကို ဖက်ထားချင်လို့ အိပ်လိုက်တာပါ" လီကျန့်ယီသည် လီဟန်ယီကို တင်းကျပ်စွာ ပြန်လည်ဖက်ထားပြီး သူမ၏ နုနယ်သော ကိုယ်လုံးလေးကို သူ့ရင်ခွင်ကို မှီစေသည်။

"တကယ်... တကယ်ကြီးလား" လီဟန်ယီသည် သူမ၏ ရင်ဘတ်ကို လီကျန့်ယီ၏ ရင်ဘတ်နှင့် ဖိကပ်ထားရင်း လှပသော မျက်ဝန်းလေးများမှာ အနည်းငယ် ဝေဝါးနေလေသည်။

"တကယ်ပေါ့... မင်းကို ဖက်ပြီး အိပ်ရတာ တကယ်ကို သက်သောင့်သက်သာ ရှိလွန်းတယ်" လီကျန့်ယီသည် လက်လှမ်းလိုက်ပြီး လီဟန်ယီ၏ တင်းအိနေသော တင်ပါးကို တစ်ချက် ပုတ်လိုက်သည်။

လီဟန်ယီ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး "ဘာလို့ ကျွန်မကို လာရိုက်တာလဲ" ဟု ရှက်ရွံစွာမေး၏။

"ချစ်လို့ စတာပါ" ဟု လီကျန့်ယီက ယုံကြည်မှု့အပြည့်ဖြင့် အဖြေ‌ပေးသည်။

"ဒါဆို ကျွန်မက ရှင်ကို သေအောင် ကိုက်ပစ်ရင်ရော ဘယ်လိုလဲ၊ ကျွန်မကလည်း ရှင်ကို ချစ်လွန်းလို့လေ" လီဟန်ယီက မျက်မှောင်ကြုတ်၍ ဆိုသည်။

"ကိုယ် ခုနက ပြောတာကို ပြန်ရုပ်သိမ်းပါတယ်" လီကျန့်ယီက သူ၏ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်သည်။

"ဟွန်း... ထတော့၊ ရှင်ကို မဖက်တော့ဘူး လူဆိုးကြီး" လီဟန်ယီသည် အဝတ်အစားလဲကာ မှန်တင်ခုံရှေ့တွင် အနည်းငယ် ပြင်ဆင်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားလေသည်။ လီကျန့်ယီသည်လည်း ထိုနည်းအတိုင်းပင် သူနောက် လိုက်ပါသွားသည်။

သူတို့နှစ်ဦးသည် မြို့စားအိမ်တော်၏ အိမ်ရှေ့ဝင်းအတွင်းသို့ ရောက်လာကြ၏။ ချန်လော့နှင့် ကျီရွှယ်တို့သည် အသားဆန်ပြုတ် သောက်နေကြသည်ကို လီကျန့်ယီ မြင်တွေ့ရသည်။ ဝတုတ်တုတ်နှင့် ပင်လယ်ပြာရောင် နဂါးလေး ဖက်တီးလေးမှာလည်း ထိုနေရာ၌ပင် ပျော်ရွှင်စွာ ဆန်ပြုတ်သောက်နေလေသည်။

"ဖက်တီးလေး... အကိုကြီးယီနဲ့ အမကြီးဟန်ယီ နိုးလာပြီဟ" လီဟန်ယီနှင့် လီကျန့်ယီတို့ကို မြင်သောအခါ ချန်လော့က အံ့အားသင့်စွာ အော်ပြော၏။ လီကျန့်ယီနှင့် လီဟန်ယီတို့သည် မနေ့ညက ညစာ မစားခဲ့ကြပေ။ ချန်လော့၏ မိခင်က တစ်နေ့လျှင် ထမင်းသုံးနပ် မှန်မှန်စားရန် သင်ကြား ပေးထားသဖြင့် လီဟန်ယီတို့၏ တစ်နေ့ နှစ်နပ်သာ စားသည့် အလေ့အထကို သူမက အံ့ဩနေခြင်း ဖြစ်သည်။

"ဖက်တီး... ဖက်တီး"

ဖက်တီးလေးသည် ပန်းကန်လုံးကို လက်ဖြင့်ကိုင်ကာ ဆန်ပြုတ်သောက်ရင်း လီကျန့်ယီတို့ထံသို့ ပြေးလာသည်။

"ကဲ... များများစားစမ်းပါ။ မင်း ဝလာတာ ငါသိတယ်၊ တခြားနေရာမှာ သွားဆော့တော့" လီကျန့်ယီသည် စိတ်အားထက်သန်နေသော ပင်လယ်ပြာရောင် နဂါးဝတုတ်လေးကို ဘေးသို့ ဖယ်ခိုင်းလိုက်၏။

ထိုအချိန်တွင် ချန်လော့နှင့် ကျီရွယ်တို့ ရောက်လာပြီး "အစ်မဟန်ယီ၊ အစ်ကိုယီ... အမေတို့က ဆန်ပြုတ်ချက်ထားတယ်၊ အစ်မတို့လည် ဆန်ပြုတ် လာသောက်ကြပါဦး" ဟု ဆိုကြသည်။

"ကောင်းပြီ... ချန်လော့နဲ့ ကျီရွယ်တို့က တကယ် ကလေးလိမ္မာလေးတွေပဲ" လီဟန်ယီက ပြုံးရွှင်စွာဖြင့် ကလေးမလေးများကို ခေါင်းအသာအယာ ပုတ်ပေးလိုက်သည်။

လီကျန့်ယီက အားကျစွာဖြင့် "နောက်ကျရင် ငါ့သမီးလေးက ငါ့ကို ဆန်ပြုတ်သောက်ဖို့ အစောကြီး လာခေါ်တာကို လိုချင်မိတယ်" ဟု တမ်းတမ်းတတ‌ပြောနေ၏။

ထိုစကားကို ကြားသောအခါ လီဟန်ယီသည် အနည်းငယ် ရှက်သွေးဖြာသွားပြီး လီကျန့်ယီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်မိသည်။ သူတို့မှာ လက်ထပ်ပြီးကာစပင် ရှိသေးသော်လည်း သူက သမီးလေးကို လိုချင်နေပြီ ဖြစ်သည်။

သူမက သူ့အတွက် ဘယ်မှာ သမီး သွားရှာပေးရမည်နည်း။ အခု ချက်ချင်း ကိုယ်ဝန်ရလျှင်ပင် နောက်နှစ်အထိ စောင့်ရမည် ဖြစ်သည်။ ထို့နောက် ချန်လော့တို့ အရွယ်ရောက်ရန် နောက်ထပ် နှစ်အနည်းငယ် ထပ်စောင့်ရဦးမည်။

"ဘာလို့ ကိုယ့်ကို အဲ့ဒီလို ကြည့်နေတာလဲ၊ ဘာလို့ မျက်နှာနီနေတာလဲ။ ဟန်ယီ... မင်းက ပိုကြိုးစားရမယ်နော်" လီကျန့်ယီက ချန်လော့ကို ချီမကာ ခေတ္တမျှ အတူဆော့ကစာပေးသည်။

၎င်းကို မြင်သောအခါ လီဟန်ယီက "ရှင်က ရုတ်တရက်ကြီး သမီးအကြောင်း ပြောလာလို့လေ" ဟု ဆိုလိုက်၏။လီဟန်ယီသည် မကျေနပ်ချက်များကို ဖွင့်ဟပြီးနောက် မီးဖိုချောင်သို့ ချက်ချင်းသွားလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူမလည်း အတော်ပင် ဗိုက်ဆာနေပြီ ဖြစ်သဖြင့် ဆန်ပြုတ်တစ်ပန်းကန်ကို ခပ်လိုက်ပြီး လီကျန့်ယီအတွက်လည်း တစ်ပန်းကန် ခပ်ပေးခဲ့သည်။

လီဟန်ယီသည် ဆန်ပြုတ်ကို အိမ်ရှေ့ဝင်းထဲသို့ ယူဆောင်လာပြီး လီကျန့်ယီထံ ကမ်းပေးရင်း "အခုတော့ ရှင့်ကို ခေါ်ဖို့ သမီးလေး မရှိသေးတော့ ကျွန်မကပဲ ဆန်ပြုတ်ခပ်ပြီး လာပေးရတာပေါ့" ဟု ရှက်ကိုးရှက်ကန်းပင် ပြောသည်။

"အင်း..."

လီကျန့်ယီသည် လီဟန်ယီ၏ လက်ထဲမှ ဆန်ပြုတ်ကို ဝမ်းသာအားရ လက်ခံသည်။ ဇနီးဖြစ်သူ ခပ်ပေးသော ဆန်ပြုတ်ကို သောက်လိုက်ရသဖြင့် တစ်မနက်လုံး စိတ်နှလုံး နွေးထွေးသွားသည်။

ဆန်ပြုတ်သောက်ပြီးနောက် လီကျန့်ယီနှင့် လီဟန်ယီတို့၏ ဘဝသည် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာသည်။ ဓား လေ့ကျင့်ရမည့်သူက လေ့ကျင့်ပြီး၊ ဓားဝှေ့ယမ်းရမည့်သူက ဝှေ့ယမ်းနေကြသည်။ ဓားနှလုံးဂူဗိမာန်နှင့် ပတ်သက်၍မူ ဆရာဖြစ်သူက လိုအပ်လာပါက လီကျန့်ယီသည် အချိန်မရွေး စိတ်ဖြင့် ပြန်သွားနိုင်ပေသည်။

ချန်းစန်းတောင်ပေါ်တွင်။

လီကျန့်ယီသည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဓားကို ဝှေ့ယမ်းနေသည်။ လီဟန်ယီ၏ ဓားမှာမူ အလွန်လှပစွာ ကျင့်နေသည်။သူမ၏ ဓားသဘောတရားကမူ လှပပြီး ကြမ်းတမ်းသည့် သဘောရှိနေသောကြောင့်ပင်။လှပပေမဲ့ ကြောက်စရာကောင်းသော ဓားချက်များဖြစ်၏။ ပင်လယ်ပြာရောင် နဂါးလေး ဖက်တီးလေးမှာလည်း အချိန်မဖြုန်းနေပဲ သူ၏ သခင်အတိုင်း ကြိုးစားကျင့်နေသည်။

ခေတ္တမျှ ဓားကျင့်ပြီးနောက် လီကျန့်ယီသည် အလုပ်နှင့် အနားယူခြင်းကို မျှတစေရန် အနားယူရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိပြီးဖြစ်သဖြင့် ကျင့်စဉ်အဆင့် တိုးတက်ရန် အလွန်အမင်း လောနေစရာ မလိုတော့ပေ။

"သခင်လေးလီ... ထျန်ချီမြို့က စာတစ်စောင် ရောက်နေပါတယ်"

လီကျန့်ယီက လီဟန်ယီ၏ ဓားကျင့်တာကို ကြည့်ရှုရင်း အနားယူနေစဉ် ပိုင်ရှောင်တန်မှ တပည့်များက သူ့ကို လာရောက် ရှာဖွေသည်။

"ဟုတ်လား ၊ ကြည့်ရအောင်"

ယခုလို အချိန်မျိုးတွင် ကျီရူဖန်က မည်သည့်အကြောင်းအရာများ ပေးပို့လိုက်သည်ကို လီကျန့်ယီ သိချင်မိသည်။ ပိုင်ရှောင်တန် တပည့်များသည်လည်း စာကိုရိုသေစွာဖြင့် ကမ်းပေးလိုက်၏။

လီကျန့်ယီ စာကို ဖွင့်ဖတ်လိုက်ရာ "ထျန်ချီတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေပြီ၊ နဂါးသည် နန်းတွင်းသို့ ပြန်မလာတော့ပေ" ဟု ရေးသားထားသည်ကို တွေ့လိုက်ရ၏။

"ထျန်ချီမှာ တစ်ခုခု ထူးခြားနေတာလား၊ နဂါးက နန်းတွင်းကို ပြန်မလာဘူးဆိုတာ ဘာကို ဆိုလိုတာလဲ"

"ဒါက ရှောင်ရူဖန်က ထီးနန်းကို ကျင်းကျူးဝမ်မင်းသားဆီ ပြန်ပေးတော့မယ်လို့ ဆိုလိုတာလား" လီကျန့်ယီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါမှမဟုတ်ရင်လည်း..." လီကျန့်ယီတွင် အခြားသော ခန့်မှန်းချက်တစ်ခု ရှိနေသည်။ သူသည် ရှောင်ရူဖန်ရှိရာ စစ်တပ်ထံ တိုက်ရိုက်သွားနိုင်သော်လည်း သူနှင့် ရှောင်ရူဖန်မှာ ထိုမျှအထိ ရင်းနှီးကျွမ်းဝင်မှု မရှိသည်ကို သတိရသွားသည်။

အဓိက အကြောင်းရင်းမှာ ရှောင်ရူဖန်သည် လဲ့မုန့်ရှား၏ ညီအစ်ကိုရင်းချာသဖွယ် ဖြစ်နေခြင်းကြောင့်ပင်။ ထို့ကြောင့်သာ မဟုတ်လျှင် သူသည် ထျန်ချီမြို့၏ အပြောင်းအလဲများနှင့် နဂါး နန်းတွင်းမပြန်သည့် ကိစ္စများကို ဂရုစိုက်နေမည် မဟုတ်ပေ။

"ထားလိုက်ပါတော့... ဓားနှလုံးဂူဗိမာန်ကို အရင်ပြန်ကြစို့။ အဖေတို့ ထွက်မသွားသေးဖို့ မျှော်လင့်ရတာပဲ"

လီကျန့်ယီသည် ဓားကျင့်နေသော လီဟန်ယီကို ကြည့်ကာ အခြေအနေကို ရှင်းပြလိုက်ပြီးနောက် ချက်ချင်းပင် စိတ်အာရုံဖြင့် ဓားနှလုံးဂူဗိမာန်သို့ ပြန်သွားသည်။

....

ဓားနှလုံးဂူဗိမာန်အတွင်းတွင် လဲ့မုန့်ရှားသည် သူ၏သမီးဖြစ်သူမှာ ရွှေလမြို့တော်သို့ ပြန်သွားပြီဖြစ်ရာ သူသည်လည်း စစ်တပ်သို့ ပြန်သွားပြီး အနားမယူခင်အထိ စစ်သူကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လိုကြောင်း စဉ်းစားနေသည်။ သို့သော် ထိုအရေးကြီးသော အချိန်တွင် လီကျန့်ယီ ပြန်ရောက်လာ၏။

လဲ့မုန့်ရှားက စစ်တပ်သို့ ပြန်သွားချင်နေသည်ကို မြင်သောအခါ လီကျန့်ယီသည် ပိုင်ရှောင်တန်မှ ပေးပို့လိုက်သော စာကို သူ့ထံသို့ ကမ်းပေးလိုက်သည်။

"ထျန်ချီမှာ အပြောင်းအလဲရှိတယ်၊ နဂါးက နန်းတွင်းပြန်မလာဘူး ဟုတ်လား။ ဒါက ဘာကို ဆိုလိုတာလဲ" လဲ့မုန့်ရှားသည် စာကို ဖတ်ပြီးနောက် လီကျန့်ယီကို ကြောင်တောင်တောင်ဖြင့် ကြည့်၍ မေးသည်။

လီကျန့်ယီသည် လွန်ခဲ့သောတစ်ခေါက်က လီဟန်ယီနှင့်အတူ စစ်တပ်သို့ သွားစဉ်က လဲ့မုန့်ရှားနှင့် ရဲ့ရှောင်ယင်းတို့ကိုသာ တွေ့ခဲ့ရပြီး ဧကရာဇ်ဖြစ်သူ ရှောင်ရူဖန်ကို မတွေ့ခဲ့ရသည်ကို ယခုမှ သတိရလိုက်သည်။ပုံမှန်ဆိုလျှင် သူတို့သုံးဦးသည် အတူတူ သောက်စားကာ စကားပြောနေကြရမည် ဖြစ်သော်လည်း ထိုစဉ်က လဲ့မုန့်ရှားနှင့် ရဲ့ရှောင်ယင်း နှစ်ဦးတည်းသာ ရှိနေခဲ့ခြင်း ဖြစ်သည်။

"အဲ့ဒါကို အဖေပဲ သိမှာပေါ့။ ဧကရာဇ်က အဖေတို့နဲ့အတူ စစ်တပ်ထဲမှာ အမြဲရှိနေတာ မဟုတ်လား။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်နဲ့ ဟန်ယီရဲ့ မင်္ဂလာဆောင်အတွက် အဖေတို့ကို လာခေါ်တုန်းက သူ ဘာလို့ မပါလာတာလဲ" ဟု လီကျန့်ယီက မေးလိုက်သည်။

"ဖုန်းချီ က သူ နေမကောင်းလို့ အနားယူဖို့ လိုတယ်လို့ ပြောတယ်လေ။ အဲ့ဒီအချိန်တုန်းက ညီအစ်ကို ရဲ့နဲ့ ငါနဲ့က သောက်နေကြတာဆိုတော့ သူ့ကို သွားမခေါ်တော့တာ" ဟု လဲ့မုန့်ရှားက ပြန်လည် စဉ်းစားကာ ပြောပြသည်။

“ ဧကရာဇ်ကိုယ်တိုင်က နေမကောင်းဘူးလို့ ပြောတာလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က သူ့ကိုယ်စား ပြောတာလား" လီကျန့်ယီက လဲ့မုန့်ရှားကို စိုက်ကြည့်ရင်း သေချာအောင်မေးပြီး တိကျသည့်အဖြေကို သူတို့က လိုအပ်နေသည်။

"ဖုန်းချီရဲ့ အနားမှာ ခစားနေတဲ့ သေမင်းမြစ်ရဲ့ ကျင့်ကြံသူကပြောတာ" ဟု လဲ့မုန့်ရှားက တုံ့ဆိုင်းခြင်းမရှိ ဖြေကြားသည်။

"သေမင်းမြစ် ဟုတ်လား"

"သေမင်းမြစ်က အခုအချိန်မှာ ငြိမ်သက်နေသင့်တာ မဟုတ်လား၊ ကျင်းကျူးဝမ်မင်းသားက သေမင်းမြစ်ကို လွတ်လပ်ခွင့် ပေးမယ်လို့ ကတိပေးထားတာဆိုတော့ သူတို့က နန်းတွင်းနဲ့ ပတ်သက်မှု့ မရှိသင့် တော့ဘူးလေ"

"ဒါဆို ဘာလို့ သေမင်းမြစ်ရဲ့ ကျင့်ကြံသူတွေက ဧကရာဇ်ရဲ့ အနားမှာ ရှိနေရတာလဲ" လီကျန့်ယီ၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ပေါက်လာသည်။

အခန်း ၁၈၂ ငါ့သမီးက ငါ့ရဲ့ ညီမလေး မဟုတ်ဘူး

"ဒါက မဖြစ်နိုင်တာ... မင်း တစ်ခုခု မှားနေတာလား၊ သေမင်းမြစ်က ဧကရာဇ်ရဲ့ လက်အောက်မှာ ရှိတာလေ၊ ပြီးတော့ ဧကရာဇ်မင်းမြတ်ရဲ့ တိုက်ရိုက် ကွပ်ကဲမှု့အောက်မှာပဲ ရှိရမှာ"

"ဘယ်လိုလုပ်ပြီး ကျင်းကျူးဝမ်မင်းသားက ဖုန်းချီကိုယ်စား သေမင်းမြစ်ကို လွတ်လပ်ခွင့် ပေးနိုင်ရတာလဲ"

လီကျန့်ယီ၏ မေးခွန်းကို ကြားသောအခါ လဲ့မုန့်ရှားသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင် ရဲတင်းသော ခန့်မှန်းချက်တစ်ခုပင် ပေါ်ပေါက်လာခဲ့၏။

"ဒါဆို ကျင်းကျူးဝမ်မင်းသားက သူကိုယ်တိုင် ဧကရာဇ်ဖြစ်ချင်လို့ သေမင်းမြစ် လူတွေကို သုံးပြီး ဖုန်းချီကို ထိန်းချုပ်ထား တာများလား" လဲ့မုန့်ရှားသည် ရိုးအေးပုံရသော်လည်း တစ်ခါတစ်ရံတွင် အလွန်ပင် ထက်မြက်သူ ဖြစ်သည်။

"မှန်တယ်... ဧကရာဇ်တစ်ကလွဲရင် သေမင်းမြစ်ကို အမိန့်ပေးနိုင်တာ။ အရင်တုန်းက ပိုင်လီတုန်းကျွင်းနဲ့ ရဲဒင်းကျီတို့ကို လိုက်လံလုပ်ကြံတုန်းကလည်း သေမင်းမြစ်က ကျင်းကျူးဝမ်မင်းသားရဲ့ အမိန့်ကို နာခံခဲ့ကြတာပဲ။ သူတို့ကြားမှာ လျှို့ဝှက် သဘောတူညီချက် တစ်ခုခု ရှိခဲ့ပုံရတယ်"

"အဲ့ဒီတုန်းက သဘောတူညီချက်က ရဲဒင်းကျီနဲ့ ပိုင်လီတုန်းကျွင်းတို့ကို သတ်ဖို့လို့ပဲ ကျွန်တော် ထင်ခဲ့တာ၊ ဒါပေမဲ့ အကြီးမားဆုံး သဘောတူညီချက်က လန်ယာဧကရာဇ်ကို ထိန်းချုပ်ထားဖို့ ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ဧကရာဇ်ကို ထျန်ချီမြို့ဆီ ပြန်မလာနိုင်အောင် တားဆီးထားတာပေါ့" လီကျန့်ယီသည် သေမင်းမြစ်နှင့် တွေ့ဆုံခဲ့စဉ်က အခြေအနေကို ပြန်လည် စဉ်းစားမိပြီး တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်လိုက်သည်။

"ဒါဆို ဒီစာထဲမှာပါတဲ့ ထျန်ချီမြို့ရဲ့ အပြောင်းအလဲနဲ့ နဂါး နန်းတွင်းမပြန်ဘူး ဆိုတာက တကယ်ဖြစ်လာတော့မှာပေါ့"

ထျန်ချီမြို့တွင် ယခုအချိန်၌ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပျက်နေပြီမှာ သေချာသည်။ လဲ့မုန့်ရှား၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး စစ်တပ်ထံသို့ အပြေးအလွှား ပြန်သွားချင်နေ၏။သူ၏ ညီအစ်ကိုတွင် တစ်ခုခုဖြစ်မှာကို အလွန်စိုးရိမ်နေမိသည်။

"မြန်မြန်... မြောက်ပိုင်းနယ်စပ်ကို ပြန်ကြစို့၊ ဖုန်းချီက ဘယ်လိုနေလဲဆိုတာ ငါ သွားကြည့်ရမယ်" လဲ့မုန့်ရှား၏ ဘဝတွင် ညီအစ်ကိုများစွာ ရှိသော်လည်း သူ အလေးအနက်ထားဆုံးနှင့် အလေးစားဆုံး ညီအစ်ကိုမှာ ရှောင်ရူဖန်သာ ဖြစ်သည်။

"ကောင်းပါပြီ"

လီကျန့်ယီသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး လဲ့မုန့်ရှားကို ခေါ်ဆောင်ကာ ပျံသန်း၍ စစ်တပ်ရှိရာသို့ ချက်ချင်းပင် ရောက်သွားသည်။ သူတို့သည် ရှောင်ရူဖန်၏ စခန်းသို့ တိုက်ရိုက် ဦးတည်သွားကြ၏။စစ်စခန်းတဲအတွင်းသို့ ဝင်လိုက်သောအခါ လီကျန့်ယီနှင့် လဲ့မုန့်ရှားတို့သည် ရှောင်ရူဖန်က သေမင်းမြစ်မှ လူများနှင့် အေးအေးလူလူ လက်ဖက်ရည်သောက်ရင်း စကားပြောနေသည်ကို မြင်သောကြောင့် သူတို့အနည်းငယ် ကြောင်အသွားရသည်။

"ဧကရာဇ်... အဆင်ပြေရဲ့လား"

လဲ့မုန့်ရှားသည် ရှောင်ရူဖန်၏ အနားသို့ ချက်ချင်း သွားလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သေမင်းမြစ် လုပ်ကြံသတ်ဖြတ်သူကို သတိထား၍ ကြည့်လိုက်၏။

ရှောင်ရူဖန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ အခြားသူမဟုတ်ဘဲ စုမိသားစုမှ စုမု့ယု ဖြစ်သည်။ သူသည် ချုပ်နှောင်မဲ့အဆင့်တွင် ရှိနေပြီး သူ၏ 'မရဏလက်ဝါး' ပညာရပ်မှာလည်း အလွန်ကြောက်စရာကောင်းပေသည်။

"လဲ့အာ... ငါ အဆင်ပြေပါတယ်။ ဒါက မင်းဆက်တစ်ခု ပြောင်းလဲတာနဲ့ ထီးနန်းလွှဲပြောင်းတာပဲ၊ ငါ သိပ်ပြီး ဂရုမစိုက်ပါဘူး"

"ငါ့အစ်ကိုကြီးက ထီးနန်းကို လိုချင်နေမှတော့ ငါ ပေးလိုက်မှာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် လဲ့အာ... မင်းလည်း ငါ့အကြောင်းကို သိတာပဲ၊ ငါက ထီးနန်းကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူးလေ" ရှောင်ရူဖန်က လဲ့မုန့်ရှားကို ဂရုမစိုက်ဟန်ဖြင့် ကြည့်၍ ပြောသည်။

"ဒါကတော့ ဟုတ်ပါတယ်လေ... မင်းက ဧကရာဇ်လုပ်ရတာ ပင်ပန်းလို့ မလုပ်ချင်ဘူးလို့ ပြောတာ ငါ အမြဲကြားနေကျပဲ။ ဒါဆို ဖုန်းချီ... မင်းက အခု ထျန်ချီမြို့မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ သေမင်းမြစ်အရေးမှာ ပါဝင်နေတာလား" လဲ့မုန့်ရှားက သံသယဖြင့် မေးလိုက်၏။

"မူလကတော့ မပါဝင်ပါဘူး၊ ဒါပေမဲ့ သေမင်းမြစ် လုပ်ကြံသတ်ဖြတ်သူတွေ စစ်တပ်ထဲ ရောက်လာမှပဲ ပါဝင်ရတာပါ" ရှောင်ရူဖန်က စုမု့ယုကို မကျေမနပ် ကြည့်လိုက်သည်။

စုမု့ယုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဧကရာဇ် အလိုရှိတဲ့အတိုင်းပါပဲ၊ လန်ယာဝမ်မင်းသားက ဧကရာဇ် မလုပ်ချင်ဘူးဆိုမှတော့ ကျင်းကျူးဝမ်မင်းသားဆီကို လွှဲပေးလိုက်တာက ပိုကောင်းပါတယ်" ဟု ရိုသေစွာ‌ပင် ပြောကြားသည်။

ထိုသို့ဆိုလျှင် သေမင်းမြစ်နှင့် ကျင်းကျူးဝမ်မင်းသားတို့ကြားရှိ သဘောတူညီချက်မှာ ပြီးမြောက်သွားပြီဟု ယူဆနိုင်ပြီဖြစ်သည်။ သူတို့လည်း လွတ်လပ်ခွင့် ရသွားပြီး၊ ကျင်းကျူးဝမ် မင်းသားလည်း ကို ထီးနန်းတက်နိုင်အောင် ကူညီပေးခဲ့သည်။

"ဟမ်.... ငါ့ရဲ့ နောင်တော်ကြောင့်သာ မဟုတ်ရင် မင်းတို့ သေမင်းမြစ်က ငါ့ကို ထိန်းချုပ်ထားနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"

"ဒါကြောင့် ငါက မင်းတို့ရဲ့ ထိန်းချုပ်မှု့ကို ခံနေရတာ မဟုတ်ဘဲ ငါ့ရဲ့ နောင်‌တော်အတွက် ငါ့သဘောနဲ့ငါ ထီးနန်းက ဆင်းပေးတာပဲ" ရှောင်ရူဖန်သည် လီချန်းရှန်၏ တပည့်တစ်ဦး ဖြစ်ရာ လီချန်းရှန်၏ တပည့်များထဲတွင် အရည်အချင်း အနည်းဆုံးသူကပင် ချုပ်နှောင်မဲ့အဆင့်သို့ ရောက်ရှိနိုင်သည်။ ထို့ကြောင့် ရှောင်ရူဖန်၏ လက်ရှိ ကျင့်စဉ်အဆင့်မှာ စုမု့ယုထက် များစွာ နိမ့်ကျနေမည် မဟုတ်ပေ။သူသာ ဤစခန်းမှ ထွက်ခွာချင်လျှင် စုမု့ယုပင် တားဆီးနိုင်မည် မဟုတ်ပါ။

"အဲ့ဒါကြောင့်လည်း ကျွန်တော်က တစ်ယောက်တည်း ဒီကို လာခဲ့တာပေါ့" ဟု စုမု့ယုက တည်ငြိမ်စွာ ပြုံး၍ ဆိုလိုက်၏။

"အဲ့ဒါလည်း ကောင်းတာပဲ... ဖုန်းချီ၊ မင်း ထျန်ချီမြို့ကို ပြန်မသွားချင်လည်း ရပါတယ်။ ငါတို့ ညီအစ်ကိုတွေ စစ်မြေပြင်မှာပဲ ဆက်တိုက်ကြတာပေါ့" လဲ့မုန့်ရှားက ဤအကြံမှာ ကောင်းမွန်သည်ဟု ယူဆသည်။ ဖုန်းချီလည်း သူလိုချင်တာ ရသည်၊ ကျင်းကျူးဝမ်လည်း သူလိုချင်တာ ရသည်။ အားလုံး၏ ဆန္ဒများ ပြည့်ဝသွားသဖြင့် ဆိုးရွားသော ရလဒ်ဟု မဆိုနိုင်ပေ။

"စစ်သူကြီးလဲ့ ပြောတာ မှန်ပါတယ်။ ထျန်ချီမြို့ရဲ့ နန်းလွှဲပွဲကတော့ အခု ပြောင်းလဲလို့ မရတော့တဲ့ အဆုံးအဖြတ် ဖြစ်သွားပါပြီ၊ ကျွန်တော် စုမု့ယုလည်း အနှောင့်အယှက် မပေးတော့ပါဘူး" စုမုယုသည် ထရပ်ကာ လက်အုပ်ချီ နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။လီကျန့်ယီကလည်း မတားဆီးခဲ့ပေ။ ၎င်းမှာ ဧကရာဇ်၏ မိသားစုရေးရာသာ ဖြစ်သည်။ ဧကရာဇ်ကိုယ်တိုင်က မစိုးရိမ်လျှင် သူက ဘာကြောင့် စိုးရိမ်နေရမည်နည်း။

"သခင်လေးလီ၊ ညီအစ်ကိုလဲ့... ရယ်စရာ ဖြစ်သွားတဲ့အတွက် အားနာမိပါတယ်။ ငါ့အစ်ကိုကြီးက အာဏာအပေါ်မှာ အစွဲအလမ်း အရမ်းကြီးလွန်းလို့ပါ" စုမု့ယု ထွက်သွားပြီးနောက် ရှောင်ရူဖန်က သက်ပြင်းချရင်း ပြော၏။

"ရယ်စရာဖြစ်တာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ အဓိကက နောက်ပိုင်းမှာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာမှာပဲ၊ လန်ယာဧကရာဇ်... မဟုတ်ဘူး၊ လန်ယာဝမ်မင်းသားအနေနဲ့ နောက်ကျရင် နောင်တမရဖို့ပဲ မျှော်လင့်ပါတယ်" လီကျန့်ယီက ရှောင်ရူဖန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။

"သခင်လေးလီ... ဒါက ဘာကို ဆိုလိုတာလဲ" လီကျန့်ယီ၏ စကားထဲတွင် လျှို့ဝှက်ချက်တစ်ခုခု ပါဝင်နေကြောင်း ရှောင်ရူဖန် ခံစားမိ‌နေ၏။

"လူတွေရဲ့ လောဘက အဆုံးမရှိဘူး၊ လူတွေရဲ့ အလိုဆန္ဒကလည်း အတိုင်းအဆ မရှိဘူး၊ အခု သူက အရှင့်သားကို ထီးနန်းစွန့်ခိုင်းနိုင်တယ်ဆိုမှ‌တော့ နောင်ကျရင် အရှင်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သူငယ်ချင်းတွေကို ထိခိုက်အောင် လုပ်လာနိုင်တယ် မလား"

"အဲ့ဒီအချိန်ကျမှ လန်ယာဝမ်မင်းသားအနေနဲ့ နောင်တရနေမလား" လီကျန့်ယီ၏ မျက်ဝန်းများမှာ အေးစက်မြဲ အေးစက်နေဆဲ ဖြစ်သည်။

"ဒါကတော့ မဖြစ်နိုင်ပါဘူး... အနည်းဆုံးတော့ ငါက သူ့ရဲ့ ညီအရင်းပဲလေ၊ ပြီးတော့ သူလိုချင်တာလည်း ရသွားပြီ မဟုတ်လား၊ ငါ့ရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီမှာ သူလိုချင်စရာ ဘာရှိဦးမှာလဲ" ရှောင်ရူဖန်က နားမလည်နိုင် ဖြစ်နေပြီး ဇဝေဇဝါ ဖြစ်နေလေသည်။

"မကြာခင် အရှင်သားက သိလာလိမ့်မယ်"

"ဒါပေမဲ့... သူ ဘာလုပ်လုပ် ကျွန်တော် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကျွန်တော်ရဲ့ ချစ်ရသူတွေ ဒါမှမဟုတ် မိသားစုကို ရန်မူဖို့ ကြိုးစားလာရင်တော့ အရင်က ဧကရာဇ် ထိုက်အန်ကို လုပ်ခဲ့သလိုမျိုး သူ့ကိုပါ ပို့ပေးဖို့ ဝန်မလေးဘူး" လီကျန့်ယီက အေးစက်စွာ ပြောဆိုပြီးနောက် ဝတ်ရုံစကို ဝှေ့ယမ်းကာ ပျောက်ကွယ်သွားသည်။

လန်ယာဝမ်မင်းသား၏ တည်ရှိနေခြင်းသည် ကျင်းကျူးဝမ်မင်းသားအတွက် ခြိမ်းခြောက်စရာတစ်ခုဖြစ်နေမှန်း သူသိနေ၏။တကယ်လို့သာ ကျင်းကျူးဝမ်မင်းသားကသာ အာဏာရသွားလျှင် သူဘာဆက်လုပ်မည်ကို ခန့်မှန်းရန် မခက်နေပေ။လဲ့မုန့်ရှားက စစ်တပ်သို့ ပြန်လာ နေခြင်းဖြစ်ရာ သူကို ခေါ်မသွားတော့ပေ။ ထို့အပြင် လီကျန့်ယီ ရှိနေသရွေ့ လဲ့မုန့်ရှားသည် မည်သည့်နေရာတွင်မဆို ဘေးကင်းနိုင်ပါသည်။

လီကျန့်ယီ ပျောက်ကွယ်သွားပြီးနောက် ရှောင်ရူဖန်သည် တဲအတွင်း၌ မျက်မှောင်ကြုတ်ကာ လီကျန့်ယီ ပြောသွားသော စကားများကို ပြန်လည် စဉ်းစားနေမိသည်။သို့သော်... သူသည် သတင်းအချက်အလက်များကို တစ်ပြိုင်နက်တည်း အများအပြား လက်ခံရရှိထားသဖြင့် သူ၏နောင်တော် ကျင်းကျူးဝမ်မင်းသားက သူ့ထံမှ မည်သည့်အရာကို ထပ်မံ လိုချင်တပ်မက်နေသနည်း ဆိုသည်ကို စဉ်းစားမရနိုင် ဖြစ်နေသည်။

သူ့ကို မိသားစုနှင့် သူငယ်ချင်းများကိုပါ သတ်ဖြတ်ချင်စိတ် ပေါက်အောင်အထိ လိုချင်တပ်မက်နေသော နေရာမျိုး ရှိပါသေးသလား။

"လဲ့အာ... ငါ့ရဲ့ နောင်တော်က အဲ့ဒီလိုမျိုး လုပ်လိမ့်မယ်လို့ မင်း ထင်လား" ရှောင်ရူဖန်က လဲ့မုန့်ရှားကို ကြည့်၍ မေးလိုက်သည်။

"ကျင်းကျူးဝမ်အကြောင်းတော့ ငါ မသိဘူး၊ သူနဲ့ အတူရှိနေတာလည်း သိပ်မကြာသေးဘူးလေ၊ ဒါပေမဲ့ ငါ့ရဲ့ ယီယီ ပြောတာကတော့ မှန်လိမ့်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ် သူက ဓားနှလုံးဂူဗိမာန်က ခွေးတွေကိုတောင်မချန်ပဲ ဗျူဟာစွဲတတ်တဲ့လူပဲ" လဲ့မုန့်ရှားက သူ၏ သမက်ဖြစ်သူကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။

"သခင်လေးလီက ကျင့်ကြံသူလောကမှာ ကောလာဟလ ထွက်နေသလို တစ်ခုခုကြံနေရင် ခွေးကိုတောင် အလွှတ်မထားတတ်ဘူးဆိုတာ တကယ်ကြီးလား" ရှောင်ရူဖန်က မမေးဘဲ မနေနိုင် ဖြစ်သွားသည်။ထိုသို့ အမှန်တကယ်ဖြစ်နေပါက လီကျန့်ယီသည် အလွန်ပင် အသေးစိတ်ကျသူဟု ဆိုရပေမည်။

လဲ့မုန့်ရှားက ပြုံးပြီး လက်ဝှေ့ယမ်းလိုက်ကာ "ဒါက တင်စားပြောတာပါ၊ ငါ့သမက်က ငါ့သမီးကို ဘယ်လောက်တောင် ပါးနပ်တဲ့ နည်းလမ်းတွေနဲ့ သိမ်းပိုက်ခဲ့လဲဆိုတာကို ပြောတာပါ" ဟု ဆိုသည်။

"ငါ ထင်သားပဲ... သခင်လေးလီက ဘာအကြောင်းမှမရှိဘဲ ဓားနှလုံးဂူဗိမာန်က ခွေးတွေကို အကြံထုတ်နေမှာ မဟုတ်ပါဘူး" ရှောင်ရူဖန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက "ဟန်ယီနဲ့ သခင်လေးလီရဲ့ မင်္ဂလာဆောင်ကို မတက်နိုင်ခဲ့တာကတော့ တကယ်ကို နှမြောဖို့ ကောင်းတာပဲ" ဟု ထပ်လောင်း ပြောကြားသည်။

"ဒါ့အပြင် ဟန်ယီက ငါ့ရဲ့ ဂျူနီယာညီမလေးလည်း ဖြစ်နေသေးတယ်လေ"

"ဘာတွေ လာပြောနေတာလဲ... ငါ့ရဲ့ ဟန်ယီက နန်းကုန်းချွမ်းရွှေရဲ့ တပည့်ဟ၊ ငါတို့ဆရာနဲ့ ဘာဆိုင်လို့လဲ"

သမီးဖြစ်သူက ဂျူနီယာညီမလေး ဖြစ်သွားသည်ဟု ကြားလိုက်ရသောအခါ လဲ့မုန့်ရှား၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။

အခန်း ၁၈၃ သေမင်းမြစ်၏ လွတ်လပ်မှု့

"နန်းကုန်းချွမ်းရွှေဆိုတာ ငါတို့ဆရာရဲ့ အမည်ပွားတစ်ခုပဲ မဟုတ်လား"

"ဒါဆို ဟန်ယီက ငါ့ရဲ့ ညီမလေး ဖြစ်နေတုန်းပဲပေါ့"

လဲ့အာ တုန်လှုပ်ချောက်ချားသွားသည်ကို မြင်သောအခါ ရှောင်ရူဖန်က ဆက်လက်၍ စနောက်ချင်နေမိသည်။

"ဟွန်း... ဖုန်းချီ၊ မင်းက ဧကရာဇ် မဟုတ်တော့ဘူးနော်၊ မင်းက မင်းသားတစ်ပါး ဖြစ်နေပေမဲ့လည်း နိုင်ငံတော်ရဲ့ မဏ္ဍိုင်စစ်သူကြီးဖြစ်တဲ့ ငါက မင်းကို ပညာပေးဖို့ အင်အားမရှိဘူးလို့ မထင်နဲ့ဦး"

ထိုသို့ပြောရင်း လဲ့အာသည် ဒုတိယမြောက် စီနီယာအစ်ကိုကြီးအဖြစ် ရှောင်ရူဖန်ကို သင်ခန်းစာ ပေးချင်နေတော့သည်။ အရင်တုန်းကမူ ရှောင်ရူဖန်မှာ ဧကရာဇ် ဖြစ်နေသဖြင့် သူက အထက်လူကြီးအဖြစ် မဆော်ကားဝံ့ သော်လည်း ယခုမူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်၏။

လဲ့မုန့်ရှားက ဒုတိယမြောက် စီနီယာအစ်ကိုကြီး ဖြစ်ပြီး ရှောင်ရူဖန်မှာမူ ဂျူနီယာညီငယ်လေးသာ ဖြစ်သည်။ ဂျူနီယာညီလေးက ဒုတိယအစ်ကိုကြီးကို မည်သို့ ပြန်ပြောရဲသနည်း။

"ဒါဆိုလည်း ယှဉ်ပြိုင်ကြတာပေါ့။ ဒုတိယအစ်ကိုကြီးရဲ့ သိုင်းပညာတွေ တိုးတက်လာလားဆိုတာ ကျွန်တော် ကြည့်ရသေးတာပေါ့"

ရှောင်ရူဖန်၏ စိတ်ထဲတွင် သံသယများစွာ ရှိနေသဖြင့် သူ၏ ဦးနှောက်ထဲမှ ရှုပ်ထွေးမှု့များကို ရှင်းထုတ်ရန် အားရပါးရ ယှဉ်ပြိုင်ချင်နေမိသည်။ လီကျန့်ယီ ပြောခဲ့သော စကားများကိုမူ သူ စိတ်အေးသွားသည့် အချိန်ကျမှသာ စဉ်းစားလျှင်လည်း နောက်မကျသေးပေ။

......

ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်လာသောအခါ လီကျန့်ယီသည် သူ၏ ယောက္ခမဖြစ်သူအား အခြေအနေများကို ရှင်းပြလိုက်၏။ သို့မဟုတ်လျှင် သူမမှာ အလွန် စိုးရိမ်နေမည် ဖြစ်သည်။

"လန်ယာဝမ်က အဆင်ပြေတယ်ဆိုရင်တော့ ကောင်းတာပေါ့၊ မဟုတ်ရင် မင်းအဖေက ကျင်းကျူးဝမ်မင်းသားဆီကနေ တရားမျှတမှု့အတွက် သေချာပေါက် တောင်းဆိုမှာပဲ"

ထီးနန်းအရေးနှင့် ပတ်သက်၍မူ လန်ယာဝမ်မင်းသားက ကျင်းကျူးဝမ်မင်းသားကို ပေးအပ်လိုပါက ၎င်းမှာ သူတို့ တော်ဝင်မိသားစု၏ ကိစ္စသာ ဖြစ်ပြီး သူတို့လိုအပြင်လူတို့နှင့် မသက်ဆိုင်ပေ။ အခြေအနေများကို ကြားသိပြီးနောက် မည်သူမျှ ဒဏ်ရာရခြင်း သို့မဟုတ် ဆိုးရွားသော ကိစ္စများ မဖြစ်ပွားခဲ့သည်ကို မြင်ရသဖြင့် လီရှင်းယွဲ့သည်လည်း ပေလီပြည်၏ ဧကရာဇ်က မည်သူဖြစ်လာမည်ကို ဂရုမစိုက်တော့ပေ။

ဤအချက်တွင် သူမသည် လီကျန့်ယီနှင့် တူညီလှသည်။ ကျင်းကျူးဝမ်ဧကရာဇ် ဖြစ်လာပြီးနောက် ပြဿနာများ မဖန်တီးသရွေ့ လီကျန့်ယီကလည်း ကျင်းကျူးဝမ်ဧကရာဇ် ဖြစ်လာသည်ကို ဂရုမစိုက်ပေ။ သို့မဟုတ်ပါက သူ၏ ကံကြမ္မာမှာ ဧကရာဇ် ထိုက်အန်နှင့် တူညီသွားပေမည်။

"အင်း... အမေ၊ အမေနဲ့ ရှောင်ကျဲက ထျန်ချီမြို့ကို ပြန်မလား ဒါမှမဟုတ် မိုးကြိုးတံခါးကို သွားမလား" လီကျန့်ယီက လီရှင်းယွဲ့နှင့် ရှောင်ကျဲတို့ကို ကြည့်၍ မေးလိုက်၏။

"ရှောင်ကျဲကိုတော့ မိုးကြိုးတံခါးကို ခေါ်သွားပေးပါဦး၊ အမေက မင်းအဖေကို ကတိပေးထားလို့ပါ"

"အမေကတော့ ဘယ်နေရာဖြစ်ဖြစ် သွားလို့ရပါတယ်" လန်ယာဧကရာဇ်သည် လန်ယာဝမ်မင်းသား ပြန်ဖြစ်သွားပြီဖြစ်ရာ ထျန်ချီမြို့၏ စောင့်ရှောက်သူ လေးဦးမှာလည်း ထိုမျှအထိ အရေးမပါတော့ဟု လီရှင်းယွဲ့ ခံစား‌နေမိ၏။

"ကောင်းပါပြီ... ဒါဆိုရင်တော့ အမေသဘောပါပဲ" လီကျန့်ယီက ပြုံး၍ ခေါင်းညိတ်ကာ ဘာမှဝင်မပြောတော့ပေ။

"သွားကြစို့ ရှောင်ကျဲ... ယောက်ဖက မင်းကို မိုးကြိုးတံခါးဆီ ပြန်ပို့ပေးမယ်" လီကျန့်ယီသည် ပျံသန်းနိုင်သူ ဖြစ်သဖြင့် လူများကို ပို့ဆောင်ရာတွင် အကျွမ်းကျင်ဆုံးနှင့် အမြန်ဆုံး ဖြစ်သည်ဟု သူကိုယ်သူ ယူဆထားသည်။

"ဟုတ်ကဲ့... ရှောင်ကျဲလည်း သူငယ်ချင်းကို သတိရနေတာ" ရှောင်ကျဲသည် မိုးကြိုးတံခါးမှ သူငယ်ချင်းများကို သတိရကာ လွမ်းဆွတ်နေမိသည်။

"ကဲ... သွားကြစို့"

လီကျန့်ယီသည် ရှောင်ကျဲကို ခေါ်ဆောင်ကာ တိမ်တိုက်များကြားသို့ ရုတ်တရက် ပျံတက်သွားပြီး မကြာမီမှာပင် မိုးကြိုးတံခါးသို့ ရောက်ရှိလာသည်။ ရှောင်ကျဲကို မိုးကြိုးတံခါးသို့ ဘေးကင်းစွာ ပို့ဆောင်ပေးပြီးနောက် လီကျန့်ယီသည် ရွှေလမြို့တော်သို့ တိုက်ရိုက်ပြန်လာခဲ့၏။

မိခင်ဖြစ်သူထံ သတင်းပို့ပြီးပြီ ဖြစ်သဖြင့် ဇနီးဖြစ်သူထံသို့လည်း သတင်းပို့ရန် လိုအပ်သည် မဟုတ်ပါလား။ ဘယ်လိုပဲဖြစ်ဖြစ် မိခင်နှင့် သမီးမှာ စိတ်နေစိတ်ထား တူညီကြသည်။ မိခင်ဖြစ်သူမှာ ခင်ပွန်း၏ ညီအစ်ကိုအတွက် တိုက်ပွဲဝင်ပေးကာ နာမည်ဂုဏ်သတင်း ပြန်လည်ရရှိစေရန် ဓားတစ်လက်ဖြင့် ထျန်ချီမြို့သို့ သွားရဲသော အမျိုးသမီး ဖြစ်သည်။ သမီးဖြစ်သူမှာလည်း မိခင်ကို ကယ်တင်ရန်အတွက် ကျင်းကျူးဝမ်မင်းသားကိုပင် ဓားဖြင့် ချိန်ရဲသည့် ပြိုင်ဘက်ကင်း အမျိုးသမီး ဓားသမားတစ်ဦးဖြစ်ဖူး ခဲ့သည်။

မြို့စား အိမ်တော်၌ ဖြစ်သည်။

လီဟန်ယီသည် အဖေဖြစ်သူက သူ၏ ညီအစ်ကိုရင်းချာဖြစ်သော ဧကရာဇ်အတွက် မိုက်မဲသော ကိစ္စတစ်ခုခု လုပ်မိမည်ကို စိုးရိမ်နေမိသည်။ သူမ၏ ရိုးအေးလှသော ဖခင်အတွက် စိုးရိမ်သဖြင့် မြို့စားအိမ်တော်တွင် နေထိုင်ကာ လီကျန့်ယီ သတင်းယူဆောင်လာမည်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

"ဟန်ယီ... ဘယ်သူ့ကို မျှော်နေတာလဲ"

လီကျန့်ယီသည် လီဟန်ယီ မသိလိုက်ခင်မှာပင် သူမ၏ နောက်ကွယ်၌ ပေါ်လာပြီး သေးသွယ်သော ခါးလေးကို ဖက်လိုက်၏။

"ဘယ်သူကို မျှော်နေရမှာလဲ... ရှင်ကလွဲရင်" လီဟန်ယီက နူးညံ့သော မျက်ဝန်းများဖြင့် လီကျန့်ယီကို လှည့်ကြည့်သည်။

"ယီယီ... အဖေရော၊ စီနီယာအစ်ကို ရှောင်တို့ရော ဘယ်လိုနေလဲ" လီဟန်ယီက စိုးရိမ်တကြီး မေးလိုက်၏။

"ဘာမှ မစိုးရိမ်ပါနဲ့... တော်ဝင်မျိုးနွယ်တွေ ထီးနန်းလုတဲ့ ကလေးကလား ကိစ္စတွေပါပဲ" လီကျန့်ယီသည် လေကြောင့် ဖရိုဖရဲ ဖြစ်နေသော လီဟန်ယီ၏ ဆံနွယ်လေးများကို သပ်တင်ပေးကာ စိတ်မပူရန်ပြောသည်။

"ရှင်က အဆင်ပြေတယ်ပြောမှတော့ ကျွန်မလည်း စိတ်အေးရပြီ၊ ထီးနန်းတို့ ဘာတို့ဆိုတာ ကျွန်မတို့အတွက်တော့ တိမ်တိုက်တွေလိုပါပဲ၊ တကယ်ကို အရေးမပါတဲ့ ကိစ္စတွေပါ" အားလုံးက အဆင်ပြေသည်ဟု ကြားရသဖြင့် လီဟန်ယီ သက်ပြင်းချနိုင်သွားသည်။

"ဟုတ်တယ်... ကိုယ်အတွက်တော့ ဟန်ယီက အရေးကြီးဆုံးပဲ၊ ပြီးတော့ ကိုယ့်ကို ဆန်ပြုတ်သောက်ဖို့ လာခေါ်မယ့် သမီးလေးတစ်ယောက် ဘယ်တော့လောက်မှ ပေးမှာလဲ" လီကျန့်ယီက နွေးထွေးသော အပြုံးဖြင့် လီဟန်ယီကို ငေးကြည့်၏။

"ဒါက... ရှင့်အပေါ်မှာပဲ မူတည်တာ မဟုတ်လား" ချန်လော့နှင့် ကျီရွယ်တို့၏ လိမ္မာသော ပုံစံကို တွေးမိကာ လီဟန်ယီမှာ မျက်နှာနီမြန်းသွားသည်။ သူမသည်လည်း ချစ်စဖွယ်ကောင်းသော သမီးလေးကို လိုချင်မိပေသည်။

"ကိုယ့်အပေါ်မှာ မူတည်တယ် ဟုတ်လား၊ ဒါဆိုရင်တော့ ကိုယ်က အချိန်မရွေး စွမ်းဆောင်နိုင်ပါတယ်" လီကျန့်ယီသည် လီဟန်ယီကို တင်းကျပ်စွာ ဖက်လိုက်ပြီး သူမ၏ ဆွဲဆောင်မှု့ရှိသော နှုတ်ခမ်းနီနီလေးကို နမ်းရှိုက်လိုက်သည်။

နှုတ်ခမ်းထက်မှ ချိုမြိန်သော အရသာကို ခံစားရင်း လီကျန့်ယီ၏ စိတ်ဆန္ဒမျာ ပိုမို ပြင်းပြလာသည်။လီဟန်ယီသည်လည်း လီကျန့်ယီ တစ်ခုခု ထူးခြားနေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် သူ့ကို အမြန်ပင် တွန်းထုတ်လိုက်ပြီး "မရဘူး... နေ့ခင်းကြောင်တောင်ကြီး ဒီလိုမျိုး မလုပ်သင့်ဘူးလေ... ညကျမှ... ညကျမှ " ဟု တားဆီးနေမိ၏။

"ဟန်ယီ... မင်းပဲ ကိုယ်အပေါ် မူတည်တယ်ဆို" လီကျန့်ယီက ရှေ့မှ အလှပန်းလေးကို လိုချင်တပ်မက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"ရှင်ပြောတာကို ကျွန်မ နားထောင်ပါတယ်၊ ဒါပေမဲ့ ရှင်ကလည်း ကျွန်မကို ပြန်ကြည့်ပေးရမယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် နေ့ခင်းဘက်မှာတော့ ရှင်ကို မလိုက်လျောနိုင်ဘူး၊ ကျွန်မ ဓား ကျင့်ရဦးမယ်လေ" လီဟန်ယီ၏ မျက်နှာလေးမှာ နီမြန်းနေပြီး နှုတ်ခမ်းလေးကို စူကာ လီကျန့်ယီကို သတိထား၍ ကြည့်နေမိသည်။

"ဟုတ်သားပဲ... ကိုယ်က မိန်းမချောလေးကို တွေ့တော့ နည်းနည်း စိတ်လွတ်သွားတာပါ" လီကျန့်ယီသည် မိမိ၏ လုပ်ရပ်ကို ပြန်လည် ဆင်ခြင်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိသွားသဖြင့် ဤကမ္ဘာတွင် ရှင်သန်ရန်အတွက် အခြေခံမှာ အစွမ်းအစသာ ဖြစ်သည်ကို မေ့လျော့မထားသင့်ပေ။

"ဟန်ယီ... ချန်းစန်းတောင်ကို သွားပြီး ဓားကျင့်ကြမလား"

"နေ့ဘက်မှာ ဓားကျင့်မယ်၊ ညဘက်မှာတော့ ကလေးရဖို့ ကြိုးစားကြမယ်" လီကျန့်ယီက လီဟန်ယီ၏ သေးသွယ်နုနယ်သော လက်ကလေးကို ကိုင်လိုက်သည်။လီကျန့်ယီ၏ တဲ့တိုးဆန်လွန်းသော စကားကြောင့် လီဟန်ယီမှာ ပို၍ပင် ရှက်သွားရ၏။

"ရှင် ဘာတွေ ပြော နေတာလဲ " လီဟန်ယီက ရှက်ကိုးရှက်ကန်းဖြင့် လီကျန့်ယီကို မျက်စောင်းထိုးကာ ချန်းစန်းတောင်ဆီသို့ ဦးဆောင်၍ ထွက်ခွာသွား တော့သည်။ရှက်ရွှံ့စွာ ထွက်ခွာသွားသော လီဟန်ယီကို ကြည့်ပြီး လီကျန့်ယီက ပြုံးကာ "ညကျရင်တော့ မင်းသဘော မဟုတ်တော့ဘူးနော်" ဟု ရေရွတ်လိုက်၏။ထို့နောက် လီကျန့်ယီသည် လီဟန်ယီ၏ နောက်သို့ လိုက်ပါကာ ချန်းစန်းတောင်ပေါ်သို့ တက်သွား တော့သည်။

........

ထိုအချိန်တွင် ထျန်ချီမြို့၏ နန်းတော်အတွင်း၌ ဖြစ်သည်။

ကျင်းကျူးဝမ်မင်းသားသည် လန်ယာဧကရာဇ်က သူ၏ဆန္ဒအလျောက် ကျင်းကျူးဝမ်မင်းသားထံ ထီးနန်းလွှဲပြောင်းပေးအပ်ကြောင်း ဖော်ပြထားသည့် ဧကရာဇ်အမိန့်စာအတုကို ဖန်တီးခဲ့သည်။ ထို့ကြောင့် ရှစ်နှစ်ကြာ အုပ်ချုပ်ခဲ့သော လန်ယာဧကရာဇ်၏ ခေတ်မှာ ကုန်ဆုံးသွားပြီး မိန်တယ် ပထမနှစ်သို့ တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မိန်တယ် ခန်းမအတွင်းတွင် စုမု့ယုသည် ဧကရာဇ် မိန်တယ်ကို စိုက်ကြည့်နေ၏။

"အရှင်မင်းမြတ်... သဘောတူညီချက်က ပြီးမြောက်သွားပါပြီ၊ ဒီနေ့ကစပြီး သေမင်းမြစ်ဟာ လွတ်လပ်သွားခွင့်ပေးသင့်ပါပြီ"

"စိတ်ချပါ... ငါကိုယ်တော်က ကတိတည်ပါတယ်" ဧကရာဇ် မိန်တယ်က လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

ချက်ချင်းပင် မျိုးဆက်သစ် စောင့်ရှောက်သူ ငါးဦးသည် သူ၏ နောက်ကွယ်မှ ပေါ်ထွက်လာကြသည်။ ၎င်းတို့မှာ ကျင်းရွမ်၊ ကျင်းရှန်း၊ ကျင်းဝေ၊ ကျင်းယန်နှင့် ကျင်းယွီတို့ ဖြစ်ကြ၏။ သူတို့ ငါးဦးစလုံးမှာ အလွန် အစွမ်းထက်ကြပြီး အားအနည်းဆုံးသူကပင် ကောင်းကင်ဖြတ်သန်းခြင်းအဆင့်တွင် ရောက်နေကြသည်။

သူတို့ကို မြင်သောအခါ စုမုယု မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ပူပန်စွာမေးခွန်းထုတ်မိသည်။

"အရှင်မင်းမြတ်... ကျွန်တော်တို့ကို အသုံးချပြီးတာနဲ့ ဖယ်ရှားဖို့ ကြံနေတာလား"

"နားမလည်မှု့မလွဲပါနဲ့၊ ငါတို့ရဲ့ သဘောတူညီချက်က မင်းတို့က ငါ့ကိုယ်တော်အတွက် ရဲဒင်းကျီကို သတ်ပေးပြီး ထီးနန်းတက်နိုင်အောင် ကူညီပေးရင် သေမင်းမြစ်ကို လွတ်လပ်ခွင့် ပေးမယ်ဆိုတာပဲ"

"ဒါကြောင့် သဘောတူညီချက် ပြီးမြောက်တဲ့အချိန်မှာ သေမင်းမြစ်က လွတ်လပ်သွားပါပြီ"

"ဒါပေမဲ့... မင်းကို လွှတ်ပေးမယ်လို့တော့ ငါ့ကိုယ်တော်က မပြောခဲ့ဘူး"

"ဘာလို့လဲဆိုတော့ သေမင်းမြစ်က သိထားတာတွေ များလွန်းလို့ပဲ" ဧကရာဇ် မိန်တယ်က စုမု့ယုကို အေးစက်စွာ ကြည့်လိုက်သည်။ရှေးလူကြီးများ ပြောသကဲ့သို့ "ဘုရင်ကို ခစားရခြင်းမှာ ကျားကို ခစားရသကဲ့သို့ပင်" ဆိုသည်မှာ တကယ်ပင် မှန်ကန်လှသည်။

"နှမြောစရာပဲ... သူတို့ ငါးယောက်တည်းနဲ့တော့ ကျွန်တော်ကို တားဆီးထားနိုင်ဖို့ ခက်ခဲလိမ့်မယ်" စုမု့ယု လက်ခုပ်တစ်ချက် တီးလိုက်သောအခါ သေမင်းမြစ်မှ လူများသည် မိန်တယ်ခန်းမတံခါးကို တွန်းဖွင့်ကာ စုမု့ယုထံသို့ လာရောက် ပူးပေါင်းကြသည်။

ဧကရာဇ် မိန်တယ်သည် ထီးနန်းရရှိရန်အတွက် သူ၏ ညီအရင်းဖြစ်သူ ရှောင်ရူဖန်ကိုပင် ထိန်းချုပ်ရန် လူလွှတ်ခဲ့သူ ဖြစ်ရာ၊ လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပါဝင်ခဲ့သော သေမင်းမြစ်ကို ထားခဲ့မည် မဟုတ်သည်ကို သူတို့ခန့်မှန်းထားပြီးသားပင်။ ထို့ကြောင့် သေမင်းမြစ်သည်လည်း ဧကရာဇ် မိန်တယ်၏ နောက်ကျောကိုဓားနှင့်ထိုးမည့် ကိစ္စကို ကြိုတင် ကာကွယ်ထားခဲ့ခြင်း ဖြစ်သည်။

"အရှင်မင်းမြတ်... ကျွန်တော်တို့က နှုတ်ဆက်ပါတယ်"

သေမင်းမြစ်မှ အဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် စုမု့ယုသည် ဧကရာဇ် မိန်တယ်ကို အရိုအသေပေးကာ ထွက်ခွာသွားတော့သည်။

၎င်းကို မြင်သောအခါ ဧကရာဇ် မိန်တယ်သည် စောင့်ရှောက်သူ ငါးဦးကို တားဆီးရန် အမိန့်မပေးခဲ့ပေ။ အကြောင်းမှာ သူသည် ထီးနန်းတက်ကာစသာ ရှိသေးပြီး ပေလီပြည်တစ်ခုလုံးမှာ သူ၏ လက်အောက်သို့ လုံးဝ မရောက်သေးသဖြင့် ဤအချိန်တွင် သေမင်းမြစ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မသင့်တော် သေးသောကြောင့် ဖြစ်ပေသည်။အကယ်၍ စုမု့ယုသာ ဤသို့ ကြိုတင်ပြင်ဆင်မှု့ မပြုလုပ်ခဲ့လျှင် သေမင်းမြစ်၏ စစ်သူကြီးတစ်ဦးကို ဖယ်ရှားပစ်ရန် သူ ဝန်လေးနေမည် မဟုတ်ပေ။

အခန်း ၁၈၄ ဖိအားပေးခံရသော အိမ်ရှင်မ

"ကျင်းရွမ်... အခု ပေလီပြည်မှာ ငါကိုယ်တော်အတွက် ဘယ်သူတွေက ခြိမ်းခြောက်မှု့ ဖြစ်နေနိုင်မလဲ"

မိန်တယ်ခန်းမအတွင်း၌ ဧကရာဇ် မိန်တယ်သည် သူ၏အနားရှိ ကျင်းရွမ်ကို တည်ငြိမ်စွာ ကြည့်၍ မေးလိုက်၏။

"ခြိမ်းခြောက်မှု့ကတော့... အမတ်ကြီး ရဲ့ရှောင်ယင်း၊ လန်ယာဝမ်မင်းသားနဲ့ စစ်သူကြီး လဲ့မုန့်ရှားတို့ပါပဲ..."

"တပ်မတော် သုံးခုကို ကွပ်ကဲပြီး စစ်အာဏာကို ဆုပ်ကိုင်ထားတဲ့သူတွေက ခြိမ်းခြောက်မှု့တွေ ပေးလာနိုင်ပါတယ် အရှင်" ကျင်းရွမ်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ လျှောက်တင်လိုက်သည်။

"ဒါကို ငါကိုယ်တော်လည်း သိပါတယ်။ ဒါပေမဲ့ သူတို့မရှိရင် တောင်ပိုင်းကျူးနဲ့ မြောက်ပိုင်းကျူး‌ကျော်သူတွေရဲ့ ရန်ကနေ ငါ့ရဲ့ မြောက်ပိုင်းနယ်စပ်ကို ဘယ်သူက ကာကွယ်ပေးမှာလဲ" ဧကရာဇ် မိန်တယ်က ပြန်လည် မေးခွန်းထုတ်၏။

"အဲ့ဒါကတော့ အရှင်မင်းမြတ်ရဲ့ အကြံအစည်အတိုင်းပါပဲ" ကျင်းရွမ်သည် ဧကရာဇ်အတွက် ဆုံးဖြတ်ချက် မချရဲပေ။ သူသည် ဧကရာဇ်၏ အမိန့်ကိုသာ နာခံရန် လိုအပ်သည်။

"ငါ့ရဲ့ ညီငယ် ရှောင်ရူဖန်က လွတ်လပ်ပေါ့ပါးစွာ နေထိုင်ချင်တဲ့သူပဲ။ တပ်မတော် သုံးခုကို အုပ်ချုပ်နေပေမဲ့ သူက နိုင်ငံရေးကို စိတ်မဝင်စားဘူး"

"ဒါကြောင့် ငါ့ညီက ခြိမ်းခြောက်မှု့ မဟုတ်ဘူးလို့ ငါယုံကြည်တယ်၊ စစ်သူကြီး လဲ့မုန့်ရှားကတော့ ငါ့ညီရဲ့ ညီအစ်ကိုရင်းလို ဖြစ်နေတာ၊ ဒါကြောင့် ငါ့ညီကို ငါတို့ ဘာမှမလုပ်သရွေ့ စစ်သူကြီးလဲ့က ငါ့ရဲ့ မြောက်ပိုင်းလီအတွက် အကြီးမားဆုံး အထောက်အပံ့ပဲ ဖြစ်လိမ့်မယ်"

"ဗိုလ်ချုပ်ရဲ့ရှောင်ယင်းနဲ့ ….အမတ်ကြီးကတော့..."

"ငါကိုယ်တော်က ခမည်းတော် ဧကရာဇ်လိုမျိုး ရဲ့စစ်တပ်ကို အကုန်အစင် သုတ်သင်ပစ်ချင်လိုက်တာ။ ဒါပေမဲ့ ငါ့မှာ အဲ့ဒီလိုလုပ်ဖို့ အင်အားမရှိမှာကို စိုးရိမ်မိတယ်" ဧကရာဇ် မိန်တယ်သည် စိုးရိမ်ပူပန်နေဟန် ရှိ၏။

အထူးသဖြင့် သူသည် ပိုင်လီတုန်းကျွင်း၏ အရိုက်ခံခဲ့ရဖူးရာ လူအများရှေ့တွင် သူ၏ ဂုဏ်သိက္ခာကို မည်သို့ ပြန်လည် အဖတ်ဆယ်ရမည်နည်း။ သို့သော် သူက ပိုင်လီတုန်းကျွင်းကို ဘာလုပ်နိုင်မည်နည်း။ ထို့ကြောင့် ခြိမ်းခြောက်မှု့များစွာ ရှိနေသော်လည်း သူက မတားဆီးနိုင်ဘဲ ဖြစ်နေရသည်။

"အရှင်မင်းမြတ်... ကျွန်တော်တို့က မာရ်နတ်ဂိုဏ်းရဲ့ အရှေ့ပိုင်းစစ်ချီမှု့ကို အကြောင်းပြချက်အဖြစ် သုံးလို့ရပါတယ်၊ မြောက်ပိုင်းလီ တစ်ခုလုံးက အမတ်ကြီးကို ဝိုင်းတိုက်တဲ့အခါ အမတ်ကြီးလည်း ဒီလိုကြီးမားတဲ့ အင်အားကို ခုခံနိုင်မှာ မဟုတ်တော့ပါဘူး"

"ဒါ့အပြင် ပိုင်လီတုန်းကျွင်းက မာရ်နတ်ဂိုဏ်းက စုန်းမနဲ့ လက်ထပ်ဖို့ ကြံနေတယ်လို့ သတင်းကြားပါတယ်။ အရှင်မင်းမြတ်က ဒါကို အကြောင်းပြချက်အဖြစ် သုံးနိုင်ပါတယ်" ဟု ကျင်းရွမ်က အကြံပြုကာ တင်ပြသည်။

"ဒါက ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့... ဓားနှလုံးဂူဗိမာန်က အဲ့ဒီလူကရော အရင်တုန်းက သူတစ်ယောက်တည်းနဲ့ အရာအားလုံးကို တားဆီးခဲ့လို့ မာရ်နတ်ဂိုဏ်းရဲ့ အရှေ့ပိုင်းစစ်ချီမှု့က ပေလီပြည်ကို ဘာထိခိုက်မှု့မှ မရှိ‌အောင်လုပ်ပေးနိုင်ခဲ့တာလေ" ဧကရာဇ် မိန်တယ်သည် ထျန်ချီမြို့တွင် သူ၏ခမည်းတော်ကို သေကြောင်းကြံအောင် ဖိအားပေးခဲ့သည့် လီကျန့်ယီကို မတွေးဘဲ မနေနိုင် ဖြစ်နေသည်။

"ကျွန်တော့်ဆရာသာ ရှိနေရင်..." ကျင်းရွမ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်၏ အထွက်အထိပ်သို့ ရောက်ခဲ့သော သူ၏ဆရာအကြောင်း တွေးလိုက်မိသည်။

"မင်းရဲ့ဆရာအကြောင်း လာမပြောနဲ့တော့ ၊ အဲ့ဒီတုန်းက လီကျန့်ယီက နတ်ဓားရှင် အဆင့်မှာပဲ ရှိသေးတာ။ သူက မင်းဆရာထက် အများကြီး အဆင့်နိမ့်တာတောင် မင်းရဲ့ဆရာက သေခဲ့ရတာပဲ မဟုတ်လား"

"ဒါကြောင့် ငါ့မှာ အစီအစဉ်တွေ အများကြီးရှိပေမဲ့ တခြားသူတွေရဲ့ ထိန်းချုပ်မှု့ကို ခံနေရတာပဲ" ဧကရာဇ် မိန်တယ်သည် သူ၏ခမည်းတော် ဧကရာဇ် ထိုက်အန် ခံစားခဲ့ရသော စိတ်ပျက်မှု့ကို ယခုမှ နားလည်လာသည်။

ထိုစဉ်က ဧကရာဇ် ထိုက်အန်သည် အထက်တွင် လီချန်းရှန်၏ ဖိနှိပ်မှု့ကို ခံရပြီး အောက်တွင်လည်း ယခုကဲ့သို့ ခြိမ်းခြောက်မှု့များနှင့် ရင်ဆိုင်ခဲ့ရသည်။ ကံဆိုးသည်မှာ သူသည် ခြိမ်းခြောက်မှု့များကို ဖယ်ရှားချင်သော်လည်း စွမ်းဆောင်နိုင်စွမ်း မရှိကြခြင်း ဖြစ်ပေသည်။

"အရှင်မင်းမြတ်... တခြားနည်းလမ်းမရှိရင် ဒီခြိမ်းခြောက်မှု့တွေကို တဖြည်းဖြည်း တိုက်စားသွားမယ့် အစီအစဉ်တစ်ခု ဆွဲလို့ရပါတယ်"

"ဒီအစီအစဉ်ရဲ့ တစ်ခုတည်းသော အားနည်းချက်က ဓားနှလုံးဂူဗိမာန်က အဲ့ဒီလူသာ သိသွားရင်... သူက ဘယ်တော့မှ ညှာတာမှာ မဟုတ်ဘူး၊ အရင်ကလိုမျိုး..." ကျင်းရွမ်သည် ဤနေရာတွင် စကားကို ရပ်လိုက်၏။

ဧကရာဇ် မိန်တယ်ကလည်း သဘာဝကျစွာပင် နားလည်လိုက်သည်။

"ငါ စဉ်းစားပါဦးမယ်" ဧကရာဇ် မိန်တယ်က သက်ပြင်းချရင်း ဆို၏။

ရဲဒင်းကျီသည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ မရောက်ခင်ကပင် ထျန်ချီမြို့တွင် လွတ်လပ်စွာ သွားလာနိုင်ခဲ့လျှင် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်နှင့်ပြီးသော လီကျန့်ယီအတွက်မူ အလွန်လွယ်ကူသော အချက်ဖြစ်နေပေမည်။ထို့ကြောင့် လီကျန့်ယီကို ရှောင်ကွင်းပြီး သူ၏ အစီအစဉ်ကို မည်သို့ အကောင်အထည်ဖော်ရမည်နည်း။

"ဒီအစီအစဉ်ကို လုပ်ဖို့ဆိုရင် လီကျန့်ယီရဲ့ အာရုံကို လွှဲဖို့ နည်းလမ်းရှာရမယ်"

"ဓားနှလုံးဂူဗိမာန်နဲ့..." အကြာကြီး စဉ်းစားပြီးနောက် ဧကရာဇ် မိန်တယ်၏ စိတ်ထဲတွင် ရဲတင်းသော အစီအစဉ်တစ်ခု ပေါ်လာခဲ့သည်။

"ငါ့ရဲ့ အကြံအစည်တွေမှာ အမှားအယွင်း မရှိသရွေ့ မင်းက လောကမှာ နံပါတ်တစ် ဖြစ်နေပါစေဦး၊ ငါ့ကို ဘာပြန်လုပ်နိုင်မှာလဲ" ဧကရာဇ် မိန်တယ်၏ မျက်နှာမှာ တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ခိုင်မာသွားပုံရသည်။

သူသာ ကိစ္စအရပ်ရပ်ကို သေသပ်အောင်လုပ်နိုင်ပါက ဤကိစ္စများကို လုပ်ဆောင်သူမှာ ဧကရာဇ် မိန်တယ်ဖြစ်ကြောင်း လီကျန့်ယီ ဘယ်တော့မှ သံသယဝင်မည်မဟုတ်ဟု သူယုံကြည်နေသည်။ သို့သော် လီကျန့်ယီသည် ဧကရာဇ် မိန်တယ်၏ စိတ်နေစိတ်ထားကို သူကိုယ်တိုင်ထက်ပင် ပိုမို သိရှိနေသည်ကိုမူ သူ မသိပေ။

ထို့ကြောင့် ထူးဆန်းသော ကိစ္စများနှင့် ကြုံတွေ့ရတိုင်း ဧကရာဇ် မိန်တယ်ကို တိုက်ရိုက် အရေးယူခြင်းမှာ လီကျန့်ယီ၏ လုပ်ထုံးလုပ်နည်း ဖြစ်သည်။ အကြောင်းမှာ မကြာသေးမီကမှ လှုပ်ရှားမှု့အရှိဆုံးနှင့် ရက်စက်တတ်သူမှာ ဧကရာဇ် မိန်တယ်တစ်ဦးတည်းသာ ကျန်ရှိနေသောကြောင့် ဖြစ်သည်။ သေမင်းမြစ် အနေဖြင့်မူ... နောင်တွင် ဧကရာဇ် မိန်တယ်နှင့် ထပ်မံ ပူးပေါင်းနိုင်လိမ့်မည် မဟုတ်ပေ။

......

တစ်ရက်ကြာပြီးနောက်။

ရွှေလမြို့တော်သည် စည်ကားမြဲ စည်ကားနေဆဲ ဖြစ်သည်။

လီကျန့်ယီသည် ဓားကျင့်ပြီးနောက် လက်တစ်ဖက်တွင် ကျီရွယ်၊ ကျန်လက်တစ်ဖက်တွင် ချန်လော့တို့ကို ကိုင်ကာ လီဟန်ယီ၏ ရှေ့တွင် ဟိုဟိုဒီဒီ လျှောက်သွားနေသည်။

ထို့နောက် သူက တမင်တကာပင် "သမီးလေးတစ်ယောက် ရှိရင် ဘယ်လောက် ကောင်းမလဲ။ ချန်လော့လို နုနုနယ်နယ် ချစ်စရာလေး၊ ကျီရွယ်လို လိမ္မာပါးနပ်တဲ့ သမီးလေးမျိုးပေါ့" ဟု ခဏခဏ ပြောနေသည်။

"အစ်ကိုယီ... အစ်ကိုက သမီးလိုချင်ရင် မမဟန်ယီကို မွေးခိုင်းလိုက်လေ"

"ချန်လော့က အမေရဲ့ သမီးအရင်းလေ၊ အစ်ကိုယီရဲ့ သမီးတော့ဖြစ်ပေးလို့မရဘူး"

ချန်လော့က ခေါင်းလေးမော့ကာ လီကျန့်ယီကို တည်တည်တံ့တံ့ ကြည့်၍ ပြောလိုက်သည်။

"ချန်လော့ ပြောတာ မှန်တယ်၊ ဒါကြောင့် ဟန်ယီ... မင်း ကိုယ့်အတွက် သမီးလေးတစ်ယောက်လောက် မွေးပေးပါလား။ ချန်လော့နဲ့ ကျီရွယ်တို့အတွက်လည်း ညီမလေးတစ်ယောက် ရတာပေါ့" လီကျန့်ယီသည် ကလေးများကို အသုံးချကာ ဖိအားပေးလိုက်သည်။

သူတို့နောက်တွင် ဖက်တီးလေးလည်း ပါလာ၏။ "ဖက်တီး... ဖက်တီး"ဖက်တီးလေးသည် ထိုင်ခုံလေးတစ်လုံးနှင့် ကလေးကစားစရာများ ဖြစ်သော သစ်သားလှည်းနှင့် အရုပ်များကို ယူဆောင်လာသည်။ ထို့နောက် သူသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ကာ ထိုကစားစရာများကို စောင့်ရှောက်နေသော အစောင့်တစ်ယောက်ကဲ့သို့ ရပ်နေလေသည်။ ယခုအခါ သူအတွက် သခင်လေး တစ်ယောက်သာ လိုအပ်တော့သည်။ သခင်လေး ရောက်လာသည်နှင့် ဖက်တီးလေးတွင် ထမ်းဆောင်ရမည့် တာဝန်တစ်ခု ရှိလာပေမည်။

၎င်းကို မြင်သောအခါ လီဟန်ယီသည် စိတ်လည်းတို၊ ရယ်လည်းရယ်ချင်နေပြီး "ယီယီ... ရှင် ဘာတွေ လုပ်နေတာလဲ၊ ကျွန်မက ရှင်ကို မလိုက်လျောတာလည်း မဟုတ်ဘူး၊ ရှင်ကိုယ်တိုင် မလုပ်နိုင်တာကို ကျွန်မကို လာအပြစ်မတင်နဲ့လေ" ဟု ဆိုသည်။

"မဟုတ်တာ... မင်းသာ မနက်တိုင်း အဝတ်အစားတွေ အမြန်လဲပြီး ထွက်မပြေးရင် ငါ ဒီလို အခြေအနေမျိုး ရောက်ပါ့မလား"

"ကျွန်မလည်း လိုချင်တာပေါ့၊ ဒါပေမဲ့ ရှင်က တကယ်ရော စွမ်းဆောင်နိုင်လို့လား" လီဟန်ယီသည် သူမက ကိုယ်ဝန်မရခြင်းမှာ လီကျန့်ယီ၏ အမှားကြောင့်ဟု ထင်နေသည်။ သို့သော် မနက်တိုင်း သူမက သူ့ကို ရက်ရက်စက်စက် တွန်းထုတ်ကာ ထွက်ပြေးသွားသဖြင့် ကလေးရနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်ကိုမူ သူမ မထင်မိပေ။

"နောက်ထပ် ထပ်ကြိုးစားရင် ရချင်မှ ရမှာပါ" လီဟန်ယီသည် မျက်နှာနီမြန်းကာ နှာခေါင်းရှုံ့လိုက်သည်။

"ထပ်မကြိုးစားဘဲနဲ့ ဖြစ်နိုင်ခြေက ဘယ်လိုတိုးလာမှာလဲ" လီကျန့်ယီက တည်တည်တံ့တံ့ မေးလိုက်၏။

"ကောင်းပြီလေ... ဒါဆို နောက်တစ်ခါကျရင် ရှင်ကို အချိန်ပိုပေးမယ်။ အဲ့ဒါတောင် မရသေးရင်တော့ လာပြီး ဆင်ခြေမပေးနဲ့တော့‌၊ ရှင်က အရည်အချင်း မရှိလို့ပဲ" လီဟန်ယီက ရင်ဘတ်ကို ကော့ကာ ခေါင်းလေးမော့ပြီး ရှက်ရှက်ဖြင့် ပြောလိုက်သည်။

လီကျန့်ယီ "..."

'မဟုတ်ပါဘူး... တကယ်သာ မရခဲ့ရင် ငါ့မှာ အရည်အချင်း မရှိဘူးလို့ အပြောခံရတော့မှာလား' လီဟန်ယီ၏ စကားကြောင့် လီကျန့်ယီ ရုတ်တရက် တွေဝေသွားသည်။

ထိုစဉ် သမီးဖြစ်သူကို လာရှာသော ဖုန်းချူးယွီသည် ၎င်းတို့၏ စကားကို ကြားသွားသဖြင့် ပါးစပ်ကို ပိတ်ကာ ရယ်မောရင်း

"ဒုတိယစီနီယာတို့ သမီးလေးရဖို့ဆိုတာ တဖြည်းဖြည်း လုပ်ယူရမှာပါ၊ လောလို့ မရဘူးလေ" ဟု ဆိုသည်။

"ရှေးလူကြီးများ ပြောသလို "ရဖို့ ကံပါလာရင် ရလိမ့်မည်၊ ကံမပါလျှင် အတင်းအကျပ် မလုပ်နိုင်" မဟုတ်ပါလား၊ တကယ်လို့ ကြိုးစားပြီးမှ သားလေး ရလာလျှင်ရော စီနီယာတို့က ဘယ်လိုလုပ်ကြမလဲ"

လီဟန်ယီ "..."

လီကျန့်ယီ "...."

"ဒါဆိုရင်တော့ ညီမဖုန်းရဲ့ ချန်လော့လေးကို ခိုးပြေးပြီး ကျွန်တော်ရဲ့ ချွေးမ လုပ်ခိုင်းရမှာပဲ" လီကျန့်ယီက မနေနိုင်ဘဲ ပြောလိုက်မိသည်။သမီးတစ်ယောက်ရဖို့အတွက် ရှိသမျှနည်းကို သူလုပ်မည်ဖြစ်သည်။

"ဟဲဟဲ... ကျွန်မရဲ့ ချန်လော့လေးကို ချွေးမတော်ဖို့ ခိုးသွားမယ် ဟုတ်လား၊ ရပါတယ်... ကျွန်မကတော့ ဒီမင်္ဂလာကို သဘောတူပါတယ်၊ ပြီးတော့ စီနီယာအစ်ကိုကြီးကလည်း အစ်မရွဲ့ယောင်ထက် အများကြီး ငယ်တာပဲ မဟုတ်လား"

"ကျွန်မကတော့ လုံးဝ သဘောတူတယ်" ဟု ဖုန်းချူးယွီက ပြုံး၍ ဆို၏။

"ဖုန်းချူးယွီ... သွားစမ်းပါ။ ချန်လော့က မင်းတစ်ယောက်တည်းရဲ့ သမီး မဟုတ်ဘူးနော်၊ ငါကတော့ သဘောမတူဘူး"

"ငါ့သမီးက ငါးနှစ်တောင် မပြည့်သေးဘူး၊ သူများရဲ့ ချွေးမ ဖြစ်ရတော့မယ် ဟုတ်လား။ ဒါက ငါ့အပေါ်ထားတဲ့ သမီးရဲ့အချစ်ကို လာလုခိုင်းနေတာပဲ " စစ်ကုန်းချန်ဖုန်းသည် မကျေမနပ် ဖြစ်နေသော ပုံစံဖြင့် ထွက်လာသည်။

"အသုံးမကျတဲ့ လူတစ်ယောက်ရဲ့ စကားကို ဘာလို့ ဂရုစိုက်နေမှာလဲ၊ ဒါက ချန်လော့ရဲ့ သဘောအပေါ်မှာပဲ မူတည်တာပါ" စစ်ကုန်းချန်ဖုန်း ပေါ်လာသည်နှင့်အတူ ပိုင်လီတုန်းကျွင်းသည်လည်း မြို့စားအိမ်တော် ဝင်းအတွင်းသို့ အေးအေးလူလူ လမ်းလျှောက် ဝင်လာသည်။

အခန်း ၁၈၅ ဧကရာဇ် မိန်တယ်က ကိုယ့်သေတွင်းကိုယ်တူးခြင်း

"ဖယ်စမ်းပါ... ဒါတွေက စီနီယာအစ်ကိုနဲ့ ဘာဆိုင်လို့လဲ၊ အဲ့ဒါတွေ ကိုပဲ ပြောမနေနဲ့ အစ်မရွဲ့ယောင်နဲ့ မြန်မြန်လက်ထပ်ပြီး ဒုတိယစီနီယာ အစ်မတို့ရဲ့ အနာဂတ်သားလေးနဲ့ တွဲပေးဖို့ သမီးလေးတစ်ယောက်သာ မြန်မြန်မွေးပေးစမ်းပါ"

မင်္ဂလာတောင် မဆောင်ရသေးသည့် ပိုင်လီတုန်းကျွင်းကပါ လာရောက်စနောက်နေသည်ကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းသည် သူ၏ရန်စမှု့ကို ပိုင်လီတုန်းကျွင်းဘက်သို့ လှည့်လိုက်တော့၏။

"ဟဲဟဲ... ငါနဲ့ အာယောင်က သားလေးမွေးလာရင်ရော ဘယ်လိုလုပ်မလဲ၊ အဲ့ဒါကြောင့် တတိယညီလေး... မင်းရဲ့ သမီးလေးကိုသာ သေချာစောင့်ရှောက်ထားပေတော့" ပိုင်လီတုန်းကျွင်းသည် ချန်လော့အနားသို့ သွားကာ သူမ၏ နှာခေါင်းလေးကို အသာအယာ ဆွဲညှစ်လိုက်သည်။

"ဟမ်.. စီနီယာအစ်ကိုသာ သားမွေးလာရင် ကျွန်တော်ရဲ့ ချန်လော့ကို ဆေးဘုရင်ချိုင့်ဝှမ်းဆီ ပို့ပစ်မယ်၊ အဲ့ကျမှ စီနီယာအစ်ကို့ရဲ့သားက ကျွန်တော်ရဲ့ သမီးကို ဘယ်လိုလိုက်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ပိုင်လီတုန်းကျွင်းနှင့် လီကျန့်ယီ နှစ်ယောက်စလုံးက သူ၏သမီးလေးအပေါ် မကောင်းကြံနေကြသည်ကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းသည် အစွမ်းကုန် ခုခံရန် ဆုံးဖြတ်လိုက်ပေသည်။

သူသည် တစ်ချိန်က ဆေးဘုရင်ချိုင့်ဝှမ်းမှ ချင်းပိုင်ချောင်၏ တပည့်တစ်ဝက် ဖြစ်ခဲ့ဖူးရာ ချင်းပိုင်ချောင်က ထိုအချက်ကို နောင်တရနေခဲ့သည်။ ထို့ကြောင့် နောင်တွင် သူ၏သမီးလေးကို ချင်းပိုင်ချောင်၏ တပည့်အဖြစ် အပ်နှံရန် သူဆုံးဖြတ်လိုက်၏။ ထိုသို့ဆိုလျှင် ချင်းပိုင်ချောင်၏ နောင်တကိုလည်း ဖြေဖျောက်ပေးနိုင်သလို သမီးလေးကိုလည်း ဘယ်သူမှ လာပြီးပြိုင်မလုနိုင်တော့ပေ။

"ကဲပါ... စီနီယာအစ်ကိုကြီး၊ ချန်ဖုန်းကို ဆက်မစပါနဲ့တော့ မဟုတ်ရင် သူကတကယ်ပဲ ချန်လော့ကို ဆေးဘုရင်ချိုင့်ဝှမ်းဆီ ခိုးပို့ပါဦးမယ်" စစ်ကုန်းချန်ဖုန်း အမှန်တကယ် စိုးရိမ်နေသည်ကို မြင်သဖြင့် ဖုန်းချူးယွီက လီကျန့်ယီနှင့် ပိုင်လီတုန်းကျွင်းတို့ကို ပြုံး၍ တားလိုက်ရ၏။

"ကောင်းပါပြီ... ညီမဖုန်း ပြောတဲ့အတိုင်း နားထောင်ပါ့မယ်၊ တတိယညီလေးက စရတာ တကယ်လွယ်တာပဲ" လီကျန့်ယီက အနည်းငယ် ခေါင်းညိတ်ပြကာ ဆက်မစတော့ပေ။

"သွားကြစမ်းပါ...ကျွန်တော်နဲ့ ချူးယွီက နောက်ထပ် သားလေးတစ်ယောက် ထပ်မွေးလို့ အစ်ကိုတို့ရဲ့ သမီးကို ခိုးပြေးသွားရင်တော့ အစ်ကိုတို့ ဘယ်လောက်တောင် စိုးရိမ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့" စစ်ကုန်းချန်ဖုန်းက လီကျန့်ယီကို မျက်စောင်းထိုး၍ ပြောလိုက်သည်။

"အစ်ကိုကတော့ မစိုးရိမ်ပါဘူး၊ တတိယညီလေးရဲ့ သားကသာ အဲ့ဒီလောက် အစွမ်းအစ ရှိမယ်ဆိုရင်ပေါ့" လီကျန့်ယီက သဘောထားကြီးစွာ ဆို၏။

"ကောင်းပြီလေ ကျွန်တော်က ဒီစကားတွေကိုမှတ်ထားလိုက်ပြီ၊ ဒုတိယအစ်ကို...စောင့်နေလိုက်ပါ" စစ်ကုန်းချန်ဖုန်းသည် လီကျန့်ယီ ယနေ့ပြောခဲ့သော စကားများအတွက် နောင်တရစေရန် နောက်ထပ်ကလေးတစ်ယောက် ချက်ချင်းယူရန်ပင် ပြင်ဆင်နေတော့သည်။

"ညီလေးစစ်ကုန်း... သဘောရှိသလိုသာ လုပ်ပါဗျာ" လီကျန့်ယီက တည်ငြိမ်စွာ ပြုံးလိုက်သည်။

......

တစ်လကြာပြီးနောက်။

ရွဲ့ယောင်နှင့် ပိုင်လီတုန်းကျွင်းတို့သည် နောက်ဆုံးတွင် ရွှေလမြို့တော်၌ လက်ထပ်လိုက်ကြသည်။ လီကျန့်ယီနှင့် လီဟန်ယီတို့သည်လည်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးကြ၏။

"စီနီယာအစ်ကိုကြီး... အရှိန်မြှင့်မှ ဖြစ်မယ်နော်၊ အခုက စီနီယာအစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုမတို့က ဘယ်သူ အရင်ကလေးရမလဲဆိုတာ ပြိုင်နေကြတာ"

ပိုင်လီတုန်းကျွင်းက ရွဲ့ယောင်ကို လက်ဆွဲကာ မင်္ဂလာခန်းဆောင်သို့ ဝင်သွားသည်ကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းက အသံကျယ်ကြီးဖြင့် အော်၍ စနောက်လိုက်သည်။

"အဲ့ဒါကတော့ ငါပဲ ဖြစ်ရမှာပေါ့" ပိုင်လီတုန်းကျွင်းသည် ရွဲ့ယောင်၏ လက်ကို ကိုင်ကာ သူ၏ သတို့သမီးကို စိတ်လှုပ်ရှားစွာ ကြည့်၍ ပြန်ပြောလိုက်၏။

........

တစ်ညတာ ကုန်ဆုံးသွားသည်။ ရွှေလမြို့တော်၏ မြို့တော်သခင် သုံးဦးစလုံးမှာ ယခုအခါ ကိုယ်စီ မိသားစုများ ရှိသွားကြပြီ ဖြစ်သည်။ သို့သော် အစည်ကားဆုံး မိသားစုမှာ စစ်ကုန်းချန်ဖုန်း၏ မိသားစု ဖြစ်ပေသည်။ အကြောင်းမှာ သူနှင့် ဖုန်းချူးယွီတို့တွင် ချန်လော့ ရှိနေသောကြောင့် ဖြစ်၏။

မြို့စား အိမ်တော် ဝင်းအတွင်း၌ ချန်လော့နှင့် ကျီရွယ်တို့သည် ဖက်တီးလေးနှင့်အတူ မနက်စာ စားနေကြသည်။ လီကျန့်ယီနှင့် လီဟန်ယီတို့လည်း အတူရှိနေ၏။ ပိုင်လီတုန်းကျွင်းနှင့် ရွဲ့ယောင်တို့ကသာ အိပ်ရာမှ ထမလာကြသေးပေ။

"အဖေ... ဦးလေးတုန်းကျွင်းနဲ့ ဒေါ်ဒေါ်ရွဲ့ယောင်တို့က မနက်စာစားဖို့ ဘာလို့ အိပ်ရာမထကြသေးတာလဲ" ငါးနှစ်အရွယ် ချန်လော့လေးက သူမ အမြဲမြင်နေကျ လူနှစ်ယောက်ကို မမြင်ရသဖြင့် အပြစ်ကင်းစင်စွာ မေးလိုက်သည်။

"အဲ့ဒါကတော့ သမီးအတွက် ကစားဖော်ရအောင် ညီမလေးတစ်ယောက် လုပ်ပေးနေလို့ပေါ့" စစ်ကုန်းချန်ဖုန်းက ချန်လော့၏ ခေါင်းလေးကို အသာအယာ ပွတ်ပေးလိုက်၏။

"အော်... ဒါဆိုရင် အမဟန်ယီနဲ့ အစ်ကိုယီတို့ကရော ချန်လော့အတွက် မောင်လေး ဒါမှမဟုတ် ညီမလေး ဘာလို့ မလုပ်ပေးကြသေးတာလဲ"

"ချန်လော့က အမကြီး လုပ်ချင်ပြီ" ချန်လော့လေးက ကျီရွယ်ကို ကြည့်လိုက်၏။ သူမတွင် အစ်မတစ်ယောက် ရှိနေပြီဖြစ်ရာ ညီမလေး သို့မဟုတ် မောင်လေးတစ်ယောက်သာ လိုတော့သည်ဟု တွေးနေမိသည်။

"ဟင်..." လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားရသည်။

လီကျန့်ယီက လီဟန်ယီ၏ နီမြန်းနေသော ပါးပြင်လေးကို အသည်းယားစွာ ညစ်လိုက်၏။

"ဒါက... ဒါက လောလို့ မရပါဘူး၊ အချိန်တန်ရင် ရလာမှာပါပဲ..." လီဟန်ယီက ခေါင်းလေးကို သူမ၏ အဝတ်အစားများကြားထဲ ဝှက်နိုင်သလောက်ဝှက်ကာ တိုးတိုးလေး ပြောသည်။

"အနာဂတ်က အရှည်ကြီးပါ၊ အခုလက်ရှိကိုပဲ ဆုပ်ကိုင်ကြစို့" လီကျန့်ယီက ရဲရဲဝံ့ဝံ့ ပြောသည်။

"အစ်ကိုယီ ပြောတာ မှန်တယ်၊ လက်ရှိကို ဆုပ်ကိုင်စို့၊ အားတင်းထားနော် မမဟန်ယီ" ချန်လော့က လီဟန်ယီကို အားပေးလိုက်သည်။

လီဟန်ယီ "..."

" ငါ သွားပြီး ဓားကျင့်တော့မယ်"

လီဟန်ယီက လီကျန့်ယီကို တစ်ချက် ကြည့်လိုက်ရာ လီကျန့်ယီက နားလည်လိုက်ပြီး ချန်းစန်းတောင်သို့ ထွက်လာခဲ့ကြသည်။

ချန်းစန်းတောင်ပေါ်တွင် လီဟန်ယီသည် ဓားကျင့်နေပြီး လီကျန့်ယီကလည်း ဓားဝှေ့ယမ်းနေသည်။ သူတို့နှစ်ဦးမှာ အချိန်ကုန်မှန်း မသိဘဲ တစ်ယောက်က ဓားကျင့်၊ တစ်ယောက်က ဓားဝှေ့ယမ်းနေကြ၏။ညမှောင်လာပြီး ကောင်းကင်တွင် ကြယ်များ ပေါ်လာသည့် အချိန်ကျမှသာ သူတို့နှစ်ဦး သတိဝင်လာကြတော့သည်။

"ဗိုက်ဆာနေပြီလား ယီယီ" လီဟန်ယီက ရေခဲမြစ်ဓားကို ချန်းစန်းတောင်၏ နှင်းများကြားထဲသို့ ထိုးစိုက်ထား၏။

"ဗိုက်မဆာပါဘူး... ဒါပေမဲ့ သမီးလေးကိုတော့ နည်းနည်း သတိရတယ်..." လီကျန့်ယီက အတည်အပေါက်ဖြင့် ပြောသည်။

"ရှင်ကတော့ တကယ်ပဲ... ဘာလို့ချန်လော့တို့လို ဖြစ်နေရတာလဲ" လီဟန်ယီက လီကျန့်ယီကို မျက်စောင်းထိုးလိုက်မိသည်။ ထို့နောက် သူမသည် လီကျန့်ယီ၏ မေးခွန်းကို မဖြေလိုတော့ဟန်ဖြင့် ချန်းစန်းတောင်ပေါ်မှ အမြန် ပြေးဆင်းသွားတော့၏။

သူမ ထွက်သွားပြီးနောက် လီကျန့်ယီသည် ချက်ချင်းပင် ထျန်ချီမြို့သို့ ခရီးနှင်သည်။ထျန်ချီမြို့ရှိ ကျီရူဖန် နေထိုင်ရာ အိမ်တော်သို့ ရောက်သောအခါ ကျီရူဖန်နှင့် တန်းပင်တိုးသည်။

"သခင်လေးလီက တကယ်ကို ထက်မြက်ပါတယ်၊ လွန်ခဲ့တဲ့ တစ်လအတွင်းမှာ ဧကရာဇ် မိန်တယ်ဟာ စစ်သည်တွေကို လျှို့ဝှက် စုဆောင်းနေပြီး တောင်ပိုင်းကျူးနဲ့ မြောက်ပိုင်းကျူးကျော်သူတွေဆီကိုတောင် စေ့စပ်ညှိနှိုင်းဖို့ လူလွှတ်နေပါတယ်"

လီကျန့်ယီ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ကျီရူဖန်သည် အမြန်ပင် ရှေ့သို့ တိုးလာပြီး လွန်ခဲ့သည့် တစ်လအတွင်း ထျန်ချီမြို့၏ လှုပ်ရှားမှု့များကို ထိတ်လန့်တုန်လှုပ်ဖွယ် မျက်နှာထားဖြင့် သတင်းပို့လိုက်၏။

"ဧကရာဇ် မိန်တယ်ကတော့ ကိုယ့်သေတွင်းကိုယ်တူးမယ့် လမ်းကို ရွေးလိုက်ပြီ ထင်တယ်" လီကျန့်ယီ သက်ပြင်းချလိုက်သည်။ ရွှေလမြို့တော်တွင် သူ ရှိနေသရွေ့ ဧကရာဇ် မိန်တယ်သည် မကောင်းမှု့တစ်ခုခုကို လုပ်ရန် စွန့်စားလိမ့်မည် မဟုတ်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မျှော်လင့်မထားဘဲ သူသည် အကျိုးဆက်ကို ဂရုမစိုက်ဘဲ လုပ်ဆောင်ခဲ့သည်။

"ဒါက ဘာလို့လဲ သခင်လေးလီ" ကျီရူဖန်က နားမလည်ဘဲ မေးလိုက်၏။

"ပေလီပြည်က မာရ်နတ်ဂိုဏ်းရဲ့ အရှေ့ပိုင်းစစ်ချီမှု့နဲ့ ထီးနန်းအပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရပြီးပြီ၊ အခုချိန်မှာ ပေလီပြည်က အင်အားတောင့်တင်းနေပြီး တောင်ပိုင်းကျူးနဲ့ မြောက်ပိုင်းကျူး‌ကျော်သူတွေက စိုးရိမ်စရာ မဟုတ်ဘူး"

"ဒါပေမဲ့ မြောက်ပိုင်းလီက တကယ်ပဲ အင်အားကြီးပေမဲ့ စစ်အာဏာကိုတော့ ပိုင်လီချန်ဖုန်း၊ လန်ယာဝမ်မင်းသားနဲ့ စစ်သူကြီးလဲ့တို့ကပဲ ဆုပ်ကိုင်ထားကြတာ"

"ကျီးရှားကျောင်းတော်က အကြီးအကဲလီကို ဗဟိုပြုပြီး ပိုင်လီချန်ဖုန်း၊ စစ်သူကြီးလဲ့နဲ့ လန်ယာဝမ်တို့အားလုံးက တစ်ဖွဲ့တည်း ဖြစ်နေကြတာလေ"

"ဒါကြောင့် ဧကရာဇ် မိန်တယ်က ကြောက်နေတာ၊ သူ မဟုတ်တဲ့ တခြားသူတစ်ယောက်က ပေလီပြည်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေမှာကို သူ ကြောက်နေတာ၊ တစ်နေ့ကျရင် ပိုင်လီချန်ဖုန်းနဲ့ လန်ယာဝမ်မင်းသားတို့က ထီးနန်းကို ပြန်သိမ်းသွားမှာကို သူ ပိုပြီး ကြောက်နေတာပေါ့"

"ဒါကြောင့် ဂိုဏ်းချုပ်ကျီကသာ ပေလီပြည်ရဲ့ ဧကရာဇ် ဆိုရင် ပေလီပြည်မှာ ဒီလောက်များတဲ့လူတွေက စစ်အာဏာကို ထိန်းချုပ်ထားတာကို ခွင့်ပြုမလား" လီကျန့်ယီက အေးဆေးစွာ ရှင်းပြ၏။

"သခင်လေးလီ ဆိုလိုတာက ဧကရာဇ် မိန်တယ်က စစ်သူကြီး လဲ့မုန့်ရှားနဲ့ လန်ယာဝမ်မင်းသားတို့ကို ဖယ်ရှားဖို့အတွက် မြောက်ပိုင်းကျူး ကျော်သူနဲ့ တောင်ပိုင်းကျူးတွေကို ဆက်သွယ်နေတာလား" ကျီရူဖန်သည် ရုတ်တရက် သဘောပေါက်သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် လီကျန့်ယီကို ကြည့်မိတော့သည်။။

"ဒါက ဖြစ်နိုင်ခြေ ရှိတယ်၊ ဒီတစ်ခါတော့ သူက သူ့ရဲ့ ညီအရင်းကိုပါ ဆွဲချဖို့ ကြံစည်နေတာပဲ"

"ပြီးရင် သူကပဲ အရင်ဆုံး ထွက်လာပြီး လန်ယာဝမ်မင်းသားအတွက် ဝမ်းနည်းကြောင်း ပြလိမ့်မယ်၊ အဲ့ကြရင် ငါတို့က သူကို သံသယဝင်လို့ မရတော့ဘူးပေါ့" လီကျန့်ယီသည် အရာအားလုံးကို ထွင်းဖောက်မြင်နေပြီး ဧကရာဇ် မိန်တယ်၏ နည်းလမ်းများကို ကြိုတင် ခန့်မှန်းထားသည်။

"ဒါ... ဒါဆိုရင် ဧကရာဇ် မိန်တယ်က တကယ်ကို သွေးအေးပြီး ရက်စက်တာပဲ၊ လန်ယာဝမ်မင်းသားက သူ့ရဲ့ ညီအရင်းပဲကို " ကျီရူဖန်က ကြောက်စိတ်ဝင်သွားရသည်။

"ဒါကြောင့် ထျန်ချီမြို့က ကိစ္စတွေကို ဂိုဏ်းချုပ်ကျီပဲ အားစိုက်ပြီး စောင့်ကြည့်ပေးပါ၊ ကျန်တာတွေကိုတော့ ကျွန်တော်က သေချာပေါက် ကိုင်တွယ်သွားပါ့မယ်" လီကျန့်ယီသည် မျက်မှောင်ကြုတ်လိုက်ပြီး လူသတ်ချင်သည့်အရှိန်အဝါများက ခဏတာ ထျန်ချီမြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။

All Chapters