အခန်း (၁၈၆-၁၉၀)
Vol. 19 Ch. 186-190
အခန်း ၁၈၆ ငါကတော့ ပျော်နေခဲ့တာပဲ
ကျီရူဖန်ထံမှ ဧကရာဇ် မိန်တယ်၏ သတင်းများကို ကြားသိရပြီးနောက် လီကျန့်ယီသည် ရွှေလမြို့တော်ရှိ မြို့စားအိမ်တော်သို့ အေးအေးလူလူပင် ပြန်ရောက်လာခဲ့သည်။
ဧကရာဇ် မိန်တယ် လုပ်ဆောင်သမျှကို သူက ထွင်းဖောက်မြင်နေသဖြင့် ဧကရာဇ်မိန်တယ်က ပြဿနာတစ်စုံတစ်ရာ ဖန်တီးနိုင်မည်ကို သူ မစိုးရိမ်ပေ။ အပြန်အလှန်အားဖြင့် ဤအခွင့်အရေးကို အသုံးချကာ လန်ယာဝမ်မင်းသားကို ဧကရာဇ် မိန်တယ်၏ စစ်မှန်သော မျက်နှာဖုံးကို မြင်စေလိုခြင်းသာ ဖြစ်သည်။
ဧကရာဇ် မိန်တယ်၏ ရက်စက်ကြမ်းကြုတ်မှုကို လန်ယာဝမ်မင်းသားအား ကိုယ်တိုင် မြင်တွေ့စေချင်သည်။ လန်ယာဝမ်မင်းသားက မိမိဆန္ဒအလျောက် ထီးနန်းကို စွန့်လွှတ်ခဲ့ခြင်းက ဧကရာဇ် မိန်တယ်၏ လက်ချက်ဖြင့် လူမည်မျှ သေကြေပျက်စီးရမည်ကို သူကိုယ်တိုင် မြင်စေချင်သည်။
“ယီယီ... ရှင်က ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ"
မြို့စားအိမ်တော်ရှိ ထမင်းစားပွဲတွင် ထမင်းစားနေသော လီဟန်ယီသည် လီကျန့်ယီ ယခုမှ ရောက်လာသည်ကို မြင်သောအခါ အနည်းငယ် နားမလည် ဖြစ်သွားရသည်။
"ကိုယ် နည်းနည်း လမ်းလျှောက်ခဲ့လို့ပါ" လီကျန့်ယီက ပြုံး၍ ပြောကာ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်၏။
ပိုင်လီတုန်းကျွင်းသည်လည်း စောစောထကာ ထမင်းစားပွဲတွင် ရောက်နေပြီ ဖြစ်သည်။ သူက လီကျန့်ယီကို မြင်သောအခါ ဝိုင်တစ်ခွက် အပြည့် ငှဲ့ပေးလိုက်၏။
"ညီလေးယီ... လာစမ်းပါ၊ ငါတို့ရဲ့ တူညီတဲ့ ရည်မှန်းချက်အတွက် သောက်ကြရအောင်" ပိုင်လီတုန်းကျွင်းက စိတ်လှုပ်ရှားစွာဖြင့် လီကျန့်ယီ၏ ခွက်ကို တိုက်လိုက်သည်။လီကျန့်ယီကလည်း သဘောတူညီစွာ ခေါင်းညိတ်ပြ၏။ရွှေလမြို့တော်ရဲ့ စီနီယာအစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က တတိယညီငယ်ထက် နောက်ကျလို့ ဘယ်ဖြစ်ပါ့မလဲ။
"ဟမ်... တူညီတဲ့ ရည်မှန်းချက် ဟုတ်လား။ ကံကြမ္မာက ကျွန်တော်ဘက်မှာ ရှိနေတာလို့ပဲ ပြောနိုင်တော့တယ်” စစ်ကုန်းချန်ဖုန်းက တစ်ယောက်တည်း ဝိုင်သောက်ရင်း မာန်တက်နေသော မျက်နှာဖြင့် အလွန်အမင်း ဝင့်ကြွားနေလေသည်။သူ၏ အစွမ်းအစမှာ ပိုင်လီတုန်းကျွင်းနှင့် လီဟန်ယီတို့ထက် နိမ့်ကျသဖြင့် သမီးလေးကိစ္စတွင်သာ သူတို့နှင့် ယှဉ်ပြိုင်နိုင်ပေတော့မည်။
"တတိယညီလေး... မင်း စောင့်နေလိုက်ဦး" ပိုင်လီတုန်းကျွင်းနှင့် လီကျန့်ယီတို့က ခြိမ်းခြောက်သလို ပြောလိုက်ကြသည်။
"ထပ် စောင့်ရဦးမလား" စစ်ကုန်းချန်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ဆို၏။
"ကဲပါ... ချန်ဖုန်း၊ ကြွားမနေနဲ့တော့၊ အေးအေးဆေးဆေး စားစမ်းပါ" ဖုန်းချူးယွီက စစ်ကုန်းချန်ဖုန်း၏ အမြီးမှာ ကောင်းကင်သို့ ထောင်တက်နေသည်ကို မြင်သဖြင့် မနေနိုင်ဘဲ မျက်စောင်းထိုး၍ တားလိုက်ရသည်။
"ကောင်းပါပြီ... မိန်းမ ပြောသမျှ နားထောင်ပါ့မယ်" စစ်ကုန်းချန်ဖုန်းက လိမ္မာစွာ ခေါင်းညိတ်နာခံသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ၏ ဇနီးမှာ လှပနူးညံ့သည့်အပြင် သမီးလေးတစ်ယောက်ပင် မွေးပေးထားသည် မဟုတ်လား။
အားလုံးက ထမင်းစားပြီးနောက် လီကျန့်ယီနှင့် အခြားသူများသည် မိမိတို့ အခန်းအသီးသီးသို့ ပြန်သွားကြသည်။
"ဟန်ယီ... ကိုယ် မနက်ဖြန်ကျရင် အဖိုးဆီ ခဏသွားဦးမယ်၊ အဖိုးကို နားခိုင်းပြီး အဲ့ဒီက ကိစ္စတွေကို သွားကူအုန်းမယ်"
အိပ်ရာပေါ်တွင် လီကျန့်ယီက လီဟန်ယီကို ပွေ့ဖက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အင်း..." လီဟန်ယီက ခေါင်းညိတ်ပြီးမှ "ကျွန်မရော ကူညီဖို့ လိုလား၊ လိုရင်ကျွန်မလည်းလိုက်မယ်လေ ရွှေလမြို့တော်မှာ နေနေ ဓားနှလုံးဂူဗိမာန်မှာ နေနေ ကျွန်မအတွက် အတူတူပါပဲ" ဟု မေးလိုက်၏။
"မလိုပါဘူး... ဟန်ယီ၊ အခု မင်းကြိုးစားဖို့လိုတာတစ်ခုပဲရှိတယ်" လီကျန့်ယီက အလေးအနက် ပြော၏။
လီဟန်ယီ မျက်နှာနီသွားပြီး "ရှင့်ကို ဆန်ပြုတ်သောက်ဖို့ လာခေါ်မယ့် သမီးလေး မွေးပေးဖို့ မဟုတ်လား" ဟု ပြန်မေးသည်။
"ဟုတ်တာပေါ့... အဲ့ဒီလို ဖြစ်ဖို့ဆိုရင် မင်းရဲ့ ခင်ပွန်းနဲ့ သေချာ ပူးပေါင်းပေးရမယ်နော်"
ထိုသို့ပြောရင်း လီကျန့်ယီသည် လီဟန်ယီကို အိပ်ရာပေါ်သို့ လှဲချလိုက်တော့သည်။ထို့နာက် သူတို့ဆီမှာ ဘာစကားမှ ထပ်မကြားရတော့ပေ။
တစ်ညလုံး အညှဉ်းဆဲခံလိုက်ရသဖြင့် မနက်ခင်းတွင် လီဟန်ယီက လီကျန့်ယီကို ပျင်းရိသော အမူအရာဖြင့် ကြည့်ကာ "ဒါ ရှင့်ကြောင့်ပဲ ယီယီ... ကျွန်မ နေ့ခင်းဘက်မှာ အိပ်ရေးပြန်ဆက်ရတော့မယ်" ဟု ဆို၏။
"ဒါဆိုရင်လည်း အိပ်လိုက်ဦးလေ" လီကျန့်ယီက ထလိုက်ပြီး လီဟန်ယီ၏ နဖူးကို နမ်းလိုက်သည်။
လီဟန်ယီသည် မျက်လုံးများ တစ်ဝက်မှိတ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။ အိပ်မက်ထဲတွင် သူမသည် သမီးလေး မွေးဖွားလာသည့် အချိန်ကို မြင်မက်နေ၏။ ထို့အပြင် သူမ၏ သမီးလေးမှာ သူမနှင့်လည်း တူသလို လီကျန့်ယီနှင့်လည်း တူလှသည်။သူမကသာ ယောကျ်ားလေးလို ဝတ်ဆင်လျှင် အလွန် ခန့်ညားမည်ဖြစ်ပြီး၊ မိန်းကလေးလို ဝတ်ဆင်လျှင်မူ အားလုံးက အံ့ဩရလောက်အောင် လှပပေလိမ့်မည်။
.........
မြို့စားအိမ်တော် ဝင်းအတွင်း၌ လီကျန့်ယီသည် တစ်ယောက်တည်းထလာကာ ချန်လော့နှင့် ကျီရွယ်တို့ဆီ သွားလိုက်သည်။ ဖုန်းချူးယွီတို့၏ သေချာစွာ လမ်းညွှန်ဆုံမမှု့ကြောင့် ထိုမိန်းကလေးငယ် နှစ်ဦးမှာ အကျင့်ကောင်းများ ရရှိနေကြပြီ ဖြစ်သည်။
"အစ်ကိုယီ... မမဟန်ယီက ဘယ်မှာလဲ" ချန်လော့လေးက ကန်စွန်းဥပြုတ်ကို ဝါးရင်း ပါးစပ်တွင် အစအနများ ပေကျံလျက် မေးလိုက်သည်။
"မမဟန်ယီက အိပ်နေတယ်လေ၊ မမဟန်ယီက ဝက်ကလေးမို့ တစ်နေကုန် အိပ်နေတာပေါ့" လီကျန့်ယီက ပြုံး၍ ပြန်ဖြေ၏။
"ဟုတ်ပြီ...ဟုတ်ပြီ"
"ဒုတိယညီမကို ပဝက်ကြီးပါလို့ ပြောတဲ့စကားကို သူမ နိုးလာတဲ့အခါ ငါ သေချာပေါက် ပြန်ပြောပေးမယ်" ပိုင်လီတုန်းကျွင်းက လမ်းလျှောက်လာရင်း တည်ကြည်သော မျက်နှာဖြင့် ဆိုသည်။
"မဆိုးဘူးပဲ၊သခင်လေးလီက အရမ်း ဝင့်ကြွားနေတာပဲ၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်တွေက ဒုတိယအစ်မက အစ်ကိုရဲ့ လည်ပင်းကို ဓားနဲ့ ချိန်ခဲ့တဲ့ အကြောက်တရားတွေကို မေ့သွားတာလား" စစ်ကုန်းချန်ဖုန်းက အတိတ်က လီဟန်ယီအကြောင်း ပြန်တွေးမိကာ ကျောချမ်းသွားရသည်။
"ဒါက အရင်တုန်းကလေ အခု ဟန်ယီက ငါ့ရဲ့ ဇနီးပဲ၊ ငါက ဘာလို့ ကြောက်ရမှာလဲ" လီကျန့်ယီက ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်၏။
"တောက်... တောက်... အခုက မင်းရဲ့ ဇနီးဖြစ်သွားပြီဆိုတော့ အရင်က ကြောက်ခဲ့တာတွေကို မေ့သွားပြီပေါ့လေ" စစ်ကုန်းချန်ဖုန်းနှင့် ပိုင်လီတုန်းကျွင်းတို့က လီကျန့်ယီသည် ဆင်ခြေပေးနေခြင်းသာ ဖြစ်သည်ဟု ယူဆလိုက်ကြသည်။
"ကြောက်တယ် ဟုတ်လား၊ အစ်ကိုကြီးပိုင်လီ၊ ညီလေးစစ်ကုန်း ကျွန်တော် အဲ့လို အလုပ်ခံရတုန်းက ပျော်နေတာဆိုတာ ခင်ဗျားတို့ မသိပါဘူး"
"ဟန်ယီရဲ့ ပုံစံအမျိုးမျိုးကို ကျွန်တော် ချစ်တာပါ၊ ဗိုလ်ကျတတ်တဲ့ ပုံစံပဲဖြစ်ဖြစ်၊ နုနုရွရွ ပုံစံပဲဖြစ်ဖြစ်ပေါ့"
"ဒါကြောင့် ကျွန်တော် ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး၊ ကျွန်တော်က ပျော်နေခဲ့တာပါ" လီကျန့်ယီက သူ ဆင်ခြေပေးနေခြင်း မဟုတ်ကြောင်း သက်သေပြသလို ခိုင်ခိုင်မာမာ ရှင်းပြသည်။
"တော်လိုက်တာ၊ ဒီအကြောင်းပြချက်ကတော့ တကယ်ကို ပြောင်မြောက်တယ်" ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့ စကားမဲ့သွားကြရသည်။ လီကျန့်ယီ၏ အကြောင်းပြချက်က အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းနေသောကြောင့် ဖြစ်၏။
"မှားတယ်၊ အစ်ကိုကြီးပိုင်လီ၊ ညီလေးစစ်ကုန်း... ဒါက အကြောင်းပြချက် မဟုတ်ဘူး၊ ဖြစ်ရပ်မှန်ကို ပြောပြတာ" လီကျန့်ယီက အလေးအနက် ပြင်ပေးလိုက်သည်။
ထို့နောက် သူက ကန်စွန်းဥဆန်ပြုတ် တစ်ပန်းကန် ခပ်ယူလိုက်ပြီး "ကျွန်တော် အခု ဟန်ယီကို ဆန်ပြုတ်သွားတိုက်တော့မယ်၊ ခင်ဗျားတို့ နှစ်ယောက်နဲ့ ထပ်ပြီး ငြင်းမနေတော့ဘူး" ဟု ဆိုကာ လီဟန်ယီ၏ အခန်းသို့ ဦးတည်သွားသည်။
ပထမဦးစွာ သူသည် တဘက်ကို ရေဖြင့်စွက်ကာ လီဟန်ယီ၏ မျက်နှာကို ဂရုတစိုက် သစ်ပေးလိုက်သည်။ ထို့နောက် ကိုယ်တိုင်လုပ်ထားသော သွားတိုက်တံဖြင့် လီဟန်ယီကို သွားတိုက်ခိုင်းလိုက်၏။ ပြီးနောက် အိပ်ချင်မူးတူး ဖြစ်နေသော လီဟန်ယီကို အိပ်ရာဘေးတွင် ထိုင်စေကာ ဆန်ပြုတ်တိုက်လိုက်သည်။
"ယီယီ... မနေ့ညက ကျွန်မ အိပ်မက်တစ်ခု မက်တယ်" လီဟန်ယီက သူမ၏ နှုတ်ခမ်းနီနီလေးကို ကိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် လီကျန့်ယီကို ကြည့်လိုက်၏။
"အင်း..."
"ဒါက နေ့ခင်းဘက် အိပ်မက်မက်တာ မဟုတ်ဘူးလား" လီကျန့်ယီက မနေနိုင်ဘဲ ပြင်ပေးလိုက်သည်။
လီဟန်ယီက လီကျန့်ယီကို မျက်စောင်းထိုးလိုက်ပြီး "နေ့လား ညလားက ဘာကွာလို့လဲ။ အဓိကက ကျွန်မတို့ရဲ့ သမီးလေးအကြောင်း အိပ်မက်မက်တာလေ" ဟု ဆိုသည်။
"သမီးလေးလား၊ ဟန်ယီ... မင်း တကယ်ကြီး ကိုယ်ဝန်ရှိနေတာတော့ မဟုတ်ဘူးမလား" လီကျန့်ယီက သံသယဖြင့် ကြည့်လိုက်၏။
"ကျွန်မ... ကျွန်မလည်း မသိဘူး" လီဟန်ယီက မျက်နှာနီမြန်းကာ ခေါင်းခါပြသည်။
"ဒါဆို ဆန်ပြုတ်သောက်ပြီးရင် တတိယညီငယ်ကို ခေါ်ပြီး စမ်းသပ်ခိုင်းကြည့်မလား" လီကျန့်ယီက မေးလိုက်သည်။
"ဟင့်အင်း... မလုပ်ပါနဲ့၊ တကယ်လို့ မဟုတ်ခဲ့ရင်ရော" လီဟန်ယီက ခေါင်းခါကာ ငြင်း၏။
"သွေးစစ်ရုံတင်ပဲလေ၊ ဘာဖြစ်လို့လဲ" လီကျန့်ယီက ရှက်နေသော လီဟန်ယီကို ကြည့်ကာ ပြုံးလိုက်မိသည်။
"မရဘူး... မရှိခဲ့ရင်ရော တတိယညီငယ်က ငါတို့ သမီးလေးကို ဒီလောက်တောင် လိုချင်နေတာလားဆိုပြီး လှောင်နေဦးမှာပေါ့" လီဟန်ယီက စိုးရိမ်တကြီး ပြော၏။
"သူက ရဲမလား၊ ဟန်ယီ... မင်းက သူ့ရဲ့ စီနီယာအစ်မဆိုတာ မမေ့နဲ့လေ၊ မင်းက လက်ထပ်လိုက်လို့ မင်းရဲ့ ဓားက မထက် တော့တာမှမဟုတ်တာ"
"သူသာ လှောင်ရဲရင် ငါတို့ သူ့ကို သွားစိန်ခေါ်ပြီး ရိုက်ကြတာပေါ့၊ သူ့ကို သိုင်းပညာ ပိုကြိုးစားအောင် လုပ်ရမယ်၊ သူက ငါတို့ထဲမှာ ကျင့်ကြံခြင်း အနိမ့်ဆုံး ဖြစ်နေလို့ မဖြစ်ဘူးလေ" လီကျန့်ယီက ယုံကြည်မှု့အပြည့်ဖြင့် ပြောကာ အားပေးနေသည်။
"ဟုတ်တယ်... ဟုတ်တယ်" လီဟန်ယီ၏ မျက်ဝန်းများ တောက်ပသွားသည်။
လီကျန့်ယီ၏ ဂရုစိုက်မှု့အောက်တွင် လီဟန်ယီသည် ဆန်ပြုတ်အားလုံးကို ကုန်အောင် သောက်လိုက်၏။ ထို့နောက် အဝတ်အစားလဲကာ လီကျန့်ယီနှင့်အတူ ဝင်းအတွင်းသို့ ထွက်လာကြသည်။အိပ်ရေးဆက်ဖို့ထက် အရင်ဆုံး သွေးစစ်ဖို့က ပိုအရေးကြီးသည်။
အခန်း ၁၈၇ ဘယ်စားသောက်ဆိုင်က ဟင်းချက်တာအကောင်းဆုံးလဲ
"ဒုတိယအစ်မက... အိပ်မနေဘူးလား" လီဟန်ယီကို မြင်သောအခါ စစ်ကုန်းချန်ဖုန်းသည် သိသိသာသာပင် အံ့အားသင့်သွား၏။
"မင်းရဲ့ ဒုတိယအစ်ကိုမကြီးက သမီးလေးမွေးတဲ့အကြောင်း အိပ်မက်မက်လို့လေ၊ ဒါကြောင့် ငါ့ရဲ့ဟန်ယီမှာ ကိုယ်ဝန်ရှိနေပြီလားဆိုတာ သိရအောင် မင်းကို သွေးစစ်ခိုင်းဖို့ ခေါ်လာတာ" လီကျန့်ယီက တိုက်ရိုက်ပင် အလိုရှိရာကို ပြောလိုက်သည်။
"သမီးအကြောင်း အိပ်မက်မက်တယ် ဟုတ်လား" စစ်ကုန်းချန်ဖုန်းက အနည်းငယ် နားမလည်ဘဲ မေးလိုက်၏။
သို့သော် တစ်ခါတစ်ရံ အိပ်မက်မက်သောအရာမှာ လက်တွေ့တွင် ဖြစ်ပျက်လာမည့် အတိတ်နိမိတ် ဖြစ်နိုင်ပေသည်။ သို့သော် ထိုသို့သော အခြေအနေမှာ အလွန်ပင် ရှားပါးလှ၏။ ထို့ကြောင့် စစ်ကုန်းချန်ဖုန်းက ဒုတိယအစ်မကသမီးလေးကို အလွန်အမင်း လိုချင်နေသဖြင့် အိပ်မက်မက်ခြင်းသာ ဖြစ်မည်ဟု တွေးလိုက်သည်။
"ဟုတ်တယ်...ညီလေးစစ်ကုန်း၊ မြန်မြန်လာပြီး သွေးစစ်ပေးစမ်းပါ" လီကျန့်ယီက တိုက်တွန်း၏။
"ဟုတ်ပြီ"
စစ်ကုန်းချန်ဖုန်းသည် လီဟန်ယီ၏ အနားသို့ လာကာ သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။ အစပိုင်းတွင် သူသည် လီဟန်ယီ သမီးလေးကို အလွန်ရနေခြင်းသာ ဖြစ်မည်ဟု ထင်မှတ်ထားသော်လည်း၊ ဤသွေးခုန်နှုန်းမှာ အမှန်တကယ်ပင် ကိုယ်ဝန်ဆောင်နေသည့် လက္ခဏာ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော် ကိုယ်ဝန်မှာ အစောပိုင်းကာလသာ ရှိသေးသဖြင့် သားလေးလား၊ သမီးလေးလား ဆိုသည်ကိုမူ ချက်ချင်း မဆုံးဖြတ်နိုင်သေးပေ။ဒါပေမဲ့ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီဖြစ်သည်။
"ဘာဖြစ်လို့ မျက်နှာက အဲ့ဒီလို ဖြစ်နေတာလဲ တတိယညီလေး" စစ်ကုန်းချန်ဖုန်း၏ မျက်နှာထား အမျိုးမျိုး ပြောင်းလဲနေသည်ကို မြင်သောအခါ လီကျန့်ယီက နားမလည်ဘဲ မေးလိုက်၏။
"မဖြစ်နိုင်တာ၊ ဒုတိယအစ်မကြီးမှာ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီ၊ နှစ်ပတ်လောက်တောင် ရှိနေပြီ" စစ်ကုန်းချန်ဖုန်းသည် အံ့ဩလွန်းသဖြင့် စကားများပင် ထစ်ကုန်၏။
"တကယ်... တကယ်ကြီး ရှိနေတာလား" ပိုင်လီတုန်းကျွင်းသည် သူကိုင်ထားသော ပန်းကန်ကိုပင် လွတ်ကျလုနီးပါး ဖြစ်သွားရသည်။
"တကယ်ပါ" စစ်ကုန်းချန်ဖုန်းက လေးနက်စွာ ခေါင်းညိတ်ပြ၏။
"သားလေးလား၊ သမီးလေးလား" လီကျန့်ယီက အလောတကြီးပင် မေးလိုက်သည်။
"ကိုယ်ဝန်က နှစ်ပတ်ပဲ ရှိသေးတာလေ၊ ကျွန်တော်က ချင်းပိုင်ချောင်ရဲ့ တပည့်မို့လို့သာ သိတာ၊ တခြား သမားတော်တွေဆိုရင် သွေးစစ်ရုံနဲ့ ကိုယ်ဝန်ရှိမှန်းတောင် သိမှာ မဟုတ်ဘူး။ အဲ့ဒီတော့ နှစ်ပတ်ပဲ ရှိသေးတာကို သားလား သမီးလားဆိုတာ ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ" စစ်ကုန်းချန်ဖုန်းက ခေါင်းခါရင်း ဆို၏။
"ဟုတ်သားပဲ... ငါ နည်းနည်း လောသွားတယ်" လီကျန့်ယီက စစ်ကုန်းချန်ဖုန်း ပြောသည်မှာ ယုတ္တိရှိသည်ဟု တွေးလိုက်သည်။
"သိရင် ပြီးတာပါပဲ ဒုတိယစီနီယာအစ်ကို" စစ်ကုန်းချန်ဖုန်းက အေးအေးဆေးဆေးပင် ပြန်တုံ့ပြန်၏။
"ကဲပါ... ညီလေးစစ်ကုန်း၊ ကိုယ်ဝန်ရှိနေတဲ့ ငါ့ရဲ့ဟန်ယီကို အိပ်ရေးပြန်ဆက်ဖို့ လိုက်ပို့ဦးမယ်။ နောက်မှ စကားပြောကြတာပေါ့"
လီကျန့်ယီသည် လီဟန်ယီ၏ လက်ကလေးကို ဆွဲကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။ ယခုအခါ လီဟန်ယီတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သူသိသွားပြီ ဖြစ်ရာ သူမအတွက် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ ထိုအစား သူသည် လီဟန်ယီ ကလေးမွေးဖွားသည့်တိုင်အောင် သူမအနားတွင် အမြဲရှိနေရန် ဆုံးဖြတ်လိုက်သည်။
အခန်းအတွင်းတွင် လီဟန်ယီသည် အိပ်ရာတွင် ပျင်းရိစွာ မှီထားရင်း သူမ၏ လှပသော မျက်ဝန်းများဖြင့် လီကျန့်ယီကို အပေါ်အောက် ကြည့်ကာ "ယီယီ... ကျွန်မမှာ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီပေါ့၊ တကယ်လို့ သားလေး ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်၏။
"သားလေး ဖြစ်ရင်လည်း မဆိုးပါဘူး" လီကျန့်ယီက ရယ်မောလိုက်ပြီး "ကိုယ်က ချန်လော့ကို ကိုယ်တိုရဲ့ ချွေးမဖြစ်အောင် အပိုင်ချုပ်လိုက်မှာပေါ့" ဟု ဆိုသည်။
"ဟဲဟဲ... ရှင်က ချန်လော့ကို တကယ်ပဲ ချွေးမ တော်ချင်နေတာလား"
"ဒါကို ရှင်ရဲ့ တတိယညီလေး မကြားမိပါစေနဲ့၊ မဟုတ်ရင် သူ တကယ် ဒေါသထွက်လိမ့်မယ်" လီဟန်ယီက မနေနိုင်ဘဲ တခစ်ခစ် ရယ်မောမိ၏။
"ချန်လော့က အရမ်း လိမ္မာတယ်လေ၊ ယောက္ခမ ဖြစ်မဲ့ ကိုယ်ကသာ သေချာ ပြုမူနေထိုင်ပြီး ကိုယ်တို့ရဲ့သားကလည်း မဆိုးဘူးဆိုရင် ချန်လော့ကို ချွေးမအဖြစ် ခေါ်လာနိုင်မှာ အသေအချာပဲ" လီကျန့်ယီသည် သားလေး မွေးလာခဲ့လျှင် စစ်ကုန်းချန်ဖုန်း၏ သမီးကို မည်သို့ စည်းရုံးရမည်ဆိုသည်ကို ကြိုတင် ကြံစည်ထားပြီးသား ဖြစ်သည်။
"ရှင်က တကယ်ကို စိတ်ကူးယဉ်ဆန်တာပဲ" လီဟန်ယီသည် အနာဂတ်အကြောင်း ဂုဏ်ယူစွာ ပြောနေသော လီကျန့်ယီကို ကြည့်ကာ ပျော်ရွှင်စွာ လိုက်ပြီးပြုံးမိသည်။
"ဒါပေါ့"လီကျန့်ယီက ဝင့်ကြွားစွာ ဆိုလိုက်၏။
ထို့နောက် လီကျန့်ယီသည် လီဟန်ယီနှင့် အကြာကြီး စကားပြောနေခဲ့ပြီး လီဟန်ယီ အိပ်ချင်လာသည့် အချိန်ကျမှ စောင်သေချာ ခြုံပေးကာ အခန်းထဲမှ ထွက်လာခဲ့သည်။
ဝင်းအတွင်းသို့ ပြန်ရောက်သောအခါ ပိုင်လီတုန်းကျွင်းက သက်ပြင်းချနေသည်ကို လီကျန့်ယီ ကြားလိုက်ရသည်။
"ဒုက္ခပါပဲ... တတိယညီလေးမှာ သမီးလေး ရှိနေပြီ၊ အခု ဒုတိယအညီမမှာလည်း ကိုယ်ဝန်ရှိနေပြီ၊ ငါ တစ်ယောက်တည်းပဲ ကျန်တော့တာပဲ..."
"ဒါက ဖြစ်သင့်ပါတယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် စီနီယာအစ်ကိုကြီးက ဒုတိယအစ်မနဲ့ သခင်လေးလီတို့ထက် နောက်ကျပြီးမှ လက်ထပ်တာဆိုတော့ ကလေးက နောက်ကျမှ ရတာက ယုတ္တိရှိပါတယ်" စစ်ကုန်းချန်ဖုန်းက အကျိုးအကြောင်းနှင့် ပြန်ပြောလိုက်၏။
"ဟူး... ငါကတော့ ရွှေလမြို့တော်ရဲ့ မြို့တော်သခင် သုံးယောက်ထဲမှာ ကလေးမရှိတဲ့ တစ်ယောက်တည်းသော လူ အဖြစ်မနေချင်တော့ဘူး၊ ဒါကြောင့် ငါကတော့ ဒီနေ့ကစပြီး ပိုပြီးတော့ကို ကြိုးစားတော့မယ်" ပိုင်လီတုန်းကျွင်းကလည်း ရွဲ့ယောင်နှင့် အမြန်ဆုံး ကလေးရရန် ဆုံးဖြတ်ချက်ချထားလိုက်သည်။
"တကယ်ပဲ ပိုပြီး ကြိုးစားသင့်ပါတယ်" ပိုင်လီတုန်းကျွင်း၏ သက်ပြင်းချသံကို ကြားသောအခါ လီကျန့်ယီက ပြုံး၍ ဝင်ပြော၏။
"ဟမ်...သခင်လေးလီ... မလှောင်ပါနဲ့ဦး။ အကယ်၍ ငါ့ရဲ့အာယောင်မှာ သားလေး ကိုယ်ဝန်ရှိလာရင်တော့ တတိယညီလေးနဲ့ သခင်လေးလီတို့ရဲ့ သမီးတွေကို တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူးနော်" ပိုင်လီတုန်းကျွင်းက တည်ကြည်သော မျက်နှာဖြင့် တေးထားသည်။
"အစ်ကိုကြီးပိုင်လီ... ဘာတွေ ပြောနေတာလဲ၊ တကယ်လို့ အစ်ကိုရဲ့ သားက ကျွန်တော်သမီးနဲ့ ညီလေးစစ်ကုန်းရဲ့ သမီးကို တစ်ပြိုင်တည်း လိုက်ရဲရင်တော့ အစ်ကိုရဲ့ ခြေထောက်ရော၊ အစ်ကိုရဲ့ သားကိုပါ ခြေထောက်တွေကိုပါ ရိုက်ကျိုးပစ်မှာ"
"နှစ်ယောက်စလုံးကို ယူဖို့ ကြံတယ် ဟုတ်လား၊ ဒါက တကယ့်ကို ဥပဒေမဲ့တာပဲ" လီကျန့်ယီနှင့် စစ်ကုန်းချန်ဖုန်းတို့သည် ပိုင်လီတုန်းကျွင်းကို တစ်ပြိုင်တည်း တင်းမာစွာ လှည့်ကြည့်နေတော့သည်။
သူတို့ဆီကသမီး တစ်ယောက်ယောက်ကို ခိုးပြေးလျှင် တစ်မျိုး၊ အခုက နှစ်ယောက်စလုံးကို ကြံစည်နေသည်မှာ ပြဿနာ ရှာနေခြင်းပင် ဖြစ်မည်။
"ဟားဟား... ငါက ပြောကြည့်တာပါ၊ ဘယ်လိုလုပ် တကယ်လုပ်ရဲမလဲ" ပိုင်လီတုန်းကျွင်းသည် ပြင်းထန်သော လူသတ်ငွေ့များကို ခံစားလိုက်ရသဖြင့် အမြန်ပင် နောက်ဆုတ်လိုက်ရတော့သည်။
"ဟမ်..အလျော့ပေးတတ်တာ တစ်ခုတော့ ကောင်းသားပဲ"
ထိုအခါမှသာ လီကျန့်ယီနှင့် စစ်ကုန်းချန်ဖုန်းတို့က လူသတ်ငွေ့များကို ပြန်ရုပ်သိမ်းလိုက်၏။
"ဒါနဲ့ ညီလေးစစ်ကုန်း... ဟန်ယီက ကိုယ်ဝန်ရှိနေပြီဆိုတော့ စားသောက်တဲ့နေရာမှာ ဘာတွေ သတိထားရမလဲ"
"ငါက အပြင်သွားပြီး ဟင်းချက်ပညာ သင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ သင်ပြီးရင် ငါ့မိန်းမအတွက် အာဟာရဖြစ်မယ့် အစားအစာတွေကို ကိုယ်တိုင် ချက်ကျွေးမလို့" အဓိက အချက်သို့ ပြန်ရောက်လာသောအခါ လီကျန့်ယီသည် သူ၏ ဇနီးအပေါ် အလွန်ပင် ဂရုစိုက်ကြောင်း တွေ့ရသည်။
"ကောက်ပဲသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကတော့ အဆင်ပြေပါတယ်၊ ကြက်စွပ်ပြုတ်နဲ့ မှိုတွေကိုလည်း ချက်ကျွေးလို့ ရတာပဲ။ အဲ့ဒါ တွေကတော့ သခင်လေးလီ အပေါ်မှာပဲ မူတည်တာပေါ့" စစ်ကုန်းချန်ဖုန်းက ခေတ္တ စဉ်းစားပြီးနောက် ပြောသည်ကိုယ်ဝန်အစောပိုင်းတွင် အစားအသောက်အတွက် သိပ်ပြီးဆင်ခြင်စရာမလိုသေးပေ။
"နားလည်ပြီ၊ ဒါဆို ငါ အခုပဲ ဟင်းချက်သွားသင်တော့မယ်၊ သွားပြီနော် အစ်ကိုကြီးပိုင်လီနဲ့ ညီလေးစစ်ကုန်း"
လီကျန့်ယီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ရွှေလမြို့တော်မှ တိုက်ရိုက် ထွက်ခွာသွားတော့သည်။ ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့မှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကြ၏။
"စီနီယာအစ်ကိုကြီး... တခြားဟာတွေ ဖယ်ထားဦး၊ သခင်လေးလီကတော့ ငါတို့ရဲ့ ဒုတိယအစ်မကို တကယ် ဂရုစိုက်တာပဲ" စစ်ကုန်းချန်ဖုန်းက လီကျန့်ယီ ပျောက်ကွယ်သွားသော နေရာကို ကြည့်ကာ လက်မထောင်ပြလိုက်သည်။
"အမှန်ပဲ... ငါလည်း ကြိုတင် ပြင်ဆင်ထားသင့်တယ် ထင်တယ်" ပိုင်လီတုန်းကျွင်းတွင်လည်း ဟင်းချက်ပညာ တိုးတက်အောင် လုပ်လိုသော စိတ်ကူး ပေါ်လာသည်။
"သွားကြ... အားလုံး သွားကြစမ်းပါ။ အစ်ကိုတို့က ငယ်သေးတာကိုး၊ ကျွန်တော်ကတော့ ဒါတွေအားလုံးကို ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ ဟင်းချက်ပညာကို သိပ်ပြီး အရေးတကြီး မလိုအပ်တော့ဘူး" စစ်ကုန်းချန်ဖုန်းက အတွေ့အကြုံရှိသူတစ်ယောက်ကဲ့သို့ ဆိုလိုက်၏။
ပိုင်လီတုန်းကျွင်းက သူ့ကို မျက်စောင်းထိုးပြီးမှ ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားတော့သည်။
.....
ဟင်းချက်ပညာနှင့် ပတ်သက်လာလျှင် အကောင်းဆုံးမှာ ထျန်ချီမြို့ရှိ ရွှေတစ်ထောင်ခန်းမပင် ဖြစ်ပေသည်။လီကျန့်ယီ ထျန်ချီမြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ရွှေတစ်ထောင်ခန်းမမှ ဆရာတုနှင့် ရေစက်အချို့ ရှိခဲ့ဖူးသည်ကို သတိရမိသည်။
သူ မှတ်မိသည့် ဇာတ်ကြောင်းအရဆိုလျှင် ဆရာတုသည် မကြာမှီမှာ သေဆုံးရတော့မည့်လူဖြစ်သည်။အရာအားလုံးမှာ အကျိုးစီးပွားကြောင့်သာ ဖြစ်၏။ သို့သော် သူနှင့် ဆရာတုမှာ ပတ်သက်မှု့ တစ်ချိူ့ရှိခဲ့ဖူးရာ၊ ဆရာတုကို ဆက်လက် အသက်ရှင်နိုင်စေရန် ကူညီပေးဖို့အတွက် သူ ဝန်မလေးပေ။သူသည်လည်း ဆရာတုကို လိုအပ်နေသေးသည်။ဒါက အပြန်အလှန်ကူညီခြင်းတစ်ခုသာ ဖြစ်ပေမည်။
အခန်း ၁၈၈ ထျန်ချီတွင် ဟင်းချက်သင်ယူခြင်း
ရွှေတစ်ထောင်ခန်းမ။
ဆရာတုသည် မှီထိုင်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ရှေ့တိုးနောက်ငင် လှုပ်ခါနေသည်။ သူသည် စင်အောက်မှ ကချေသည်များ၏ ကကွက်များကို ကြည့်ကာ တစ်ဖက်မှလည်း လောင်းကစားသမားများ အပန်းဖြေနေကြသည်ကို ကြည့်ရှုနေ၏။ လှပသော အမျိုးသမီးများကိုလည်း ကြည့်ရှု့ခံစားနိုင်သလို လုပ်ငန်းခွင်ကိုလည်း တစ်ပြိုင်တည်း စီမံခန့်ခွဲနိုင်သည့် သဘောပင် ဖြစ်သည်။
"ရှဲ့ရှီ... မင်းသိလား၊ မိန်းကလေးဖုန်းရဲ့ စောင်းသံမပါဘဲနဲ့တော့ ဒီကချေသည်တွေရဲ့ အကကို ငါတကယ် ခံစားလို့မရနေဘူး" ဆရာတုက လွမ်းဆွတ်တမ်းတသော မျက်နှာထားဖြင့် ပြောလိုက်ပေသည်။ သူသည် တွေးလေဒေါသထွက်လာကာ စားပွဲကို အားပြင်းပြင်းဖြင့် တစ်ချက် ထုလိုက်၏။
"အဲ့ဒီ ဖီနစ်စောင့်ရှောက်သူသံတမန်ကတော့ သေသင့်တာပဲ၊ အရင်က မိန်းကလေးဖုန်းက ငါတို့အားလုံးအတွက် တီဆိုပေးနေတာလေ၊ အခုတော့ သူက သူမက လှည့်ဖြားပြီး ရွှေလမြို့တော်မှာ သူ့မိန်းမအဖြစ် သိမ်းပိုက်သွားပြီ" ဆရာတု တွေးလေ ဒေါသထွက်လေ ဖြစ်နေရသည်။ ထိုသူမမှာ တစ်ပြည်လုံးက ဝိုင်းချစ်ရသော ဖုန်းချူးယွီ ဖြစ်သည်။
မြောက်ပိုင်းလီ တစ်ပြည်လုံးတွင် နိုင်ငံအဆင့် ဂီတပညာရှင်ဟု ခေါ်ဆိုနိုင်သူမှာ လက်ချိုးရေတွက်လို့ရသည်။ လော့မိသားစုမှ လော့ယန်လုသည်လည်း နိုင်ငံအဆင့် ဖြစ်သော်လည်း သူမမှာ လော့ရွမ်း၏ ညီမဖြစ်ရာ လော့မိသားစုက သူတို့သမီးကို တစ်ခြားလူအတွက် တေးဆိုတီးမှုတ်ရန် ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် ဖုန်းချူးယွီမှာ တစ်ပြည်လုံး၏ နတ်ဘုရားမသဖွယ် ဖြစ်နေခြင်းပင်။
"ဆရာကြီး ပြောတာ မှန်တယ်၊ ဖီနစ်စောင့်ရှောက်သူသံတမန်က တကယ်ပဲ သေသင့်ပါတယ်" ရှဲ့ရှီသည်လည်း ဖုန်းချူးယွီ ရှိစဉ်က အချိန်များကို သတိရနေမိသည်။ဖုန်းချူးယွီသည် ပိုင်ဟွာလော့တွင် အမြဲရှိနေသော်လည်း၊ သူတို့ကသာ ဖိတ်ကြားလျှင် သူမက မျက်နှာသာပေးကာ လာရောက် တီးမှုတ်ပေးလေ့ ရှိပေသည်။
"အော်... ဆရာတုနဲ့ ရှဲ့ရှီတို့က ကျွန်တော်ရဲ့ တတိယညီငယ်အပေါ် ဒီလောက်တောင် အငြိုးအတေး ရှိနေကြတာလား။ ကျွန် တော်က သူ့ကို ဒီကိုခေါ်ပြီး ဆရာတုတို့နဲ့ သိုင်းပြိုင်ခိုင်းရမလား"
ထျန်ချီမြို့သို့ ရောက်ရှိလာသော လီကျန့်ယီသည် ရွှေတစ်ထောင်ခန်းမသို့ ရောက်လာကာ ပြုံးလျက် ဆိုလိုက်၏။
"ဘယ်သူလဲ... ဘယ်သူက ငါတို့နဲ့ ဖီနစ်စောင့်ရှောက်သူ သံတမန်ကြားမှာ ရန်တိုက်ပေးရဲတာလဲ" ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ဆရာတုမှာ လန့်ဖြတ်ကာ ထရပ်လိုက်၏။စစ်ကုန်းချန်ဖုန်းမှာ မကြာသေးမီကပင် နာမည်ကျော်ကြားလာသော သိုင်းပညာရှင်ဖြစ်ရာ ဆရာတုအနေဖြင့် ထိုကဲ့သို့သော လူကို မည်သို့ ရန်စရဲပါ့မည်နည်း။ ထို့ပြင် ထိုသူမှာ လန်ယာဝမ်မင်းသား၏ လက်အောက်ငယ်သားလည်း ဖြစ်ပေသည်။
"တောက် တောက်.. ဆရာတုကလည်း နည်းနည်းတော့ ဆက်ဟန်ဆောင်ပါအုန်း"
လီကျန့်ယီသည် ဆရာတုအနားသို့ အေးအေးလူလူပင် လမ်းလျှောက်လာသည်။ ဆရာတုသည် ရှေ့မှလူကို သေချာကြည့်ပြီးနောက် ထူးဆန်းသော ရင်းနှီးမှုကို ခံစားလိုက်ရ၏။
"ဓားပုံစံနဲ့ ဖြောင့်တန်းတဲ့မျက်ခုံးနဲ့ တောက်ပတဲ့ မျက်ဝန်းတွေ ငါ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ" ဆရာတုသည် မေးစေ့ကို လက်ဖြင့်ပွတ်ကာ စဉ်းစားနေပေသည်။အတော်ကြာမှ ဆရာတုသည် မယုံကြည်နိုင်ဟန်ဖြင့် "ဓားနှလုံးဂူဗိမာန်က သခင်လေးလီလား" ဟု စမ်းတဝါးဝါး မေးလိုက်၏။
"မှတ်ဉာဏ် မဆိုးဘူးပဲ" လီကျန့်ယီက ပြုံးလိုက်သည်။
"ဝိုး...တကယ်ပဲ သခင်လေးလီပါလား၊ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးပဲ၊ တကယ်ကို ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ" ဆရာတုသည် လီကျန့်ယီ ဖြစ်နေမှန်း သိသွားသောအခါ အသားများ တုန်ခါနေသည်အထိ စိတ်လှုပ်ရှားသွားတော့သည်။
လီကျန့်ယီမှာ ကျီးရှားကျောင်းတော်မှ အကြီးအကဲလီ ပြီးလျှင် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိသွားသော ဒုတိယမြောက် ပုဂ္ဂိုလ်ဖြစ်ကြောင်း သူသိထားသည်။ ပေလီပြည်တွင် အကြီးအကဲလီ၏ အဆင့်အတန်းသည် လီကျန့်ယီ၏ အဆင့်အတန်းနှင့် အတူတူပင် ဖြစ်၏။
"ရှုး...စိတ်အရမ်းမလှုပ်ရှားပါနဲ့ ဆရာတု၊ကျွန်တော်က ထျန်ချီမြို့မှာ ရှိနေတာကို ဘယ်သူမှ မသိသေးဘူး၊ ဒါကြောင့် တခြားသူတွေကိုလည်း မသိစေချင်ဘူး" လီကျန့်ယီက တိုးတိုးလေး သတိပေးလိုက်သည်။
"နားလည်ပါပြီ... နားလည်ပါပြီ" ဆရာတုသည် လီကျန့်ယီကို ပျူငှာစွာ နှုတ်ဆက်ကာ သီးသန့်ခန်းသို့ ခေါ်ဆောင်သွားတော့သည်။ ရှဲ့ရှီကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။
သီးသန့်ခန်းတွင် အိမ်ရှင်အဖြစ် ဆရာတုသည် လီကျန့်ယီကို လက်ဖက်ရည်ကောင်းတစ်ခွက် တည်ခင်းပေးကာ "သခင်လေးလီ... ကျွန်တော့်ရဲ့ ရွှေတစ်ထောင်ခန်းမကို ဘာကိစ္စနဲ့ ကြွလာတာလဲ" ဟု ပြုံး၍ မေးသည်။
" လောင်းကစားချင်လို့လား၊ ဒါမှမဟုတ် တခြားကိစ္စများလား"
"မဟုတ်ပါဘူး... ကျွန်တော်ရဲ့ မိန်းမမှာ ကိုယ်ဝန်ရှိနေလို့ပါ။ ဒါကြောင့် ရွှေတစ်ထောင်ခန်းမမှာ ဟင်းချက်ပညာ လာသင်တာပါ၊ ဒီက စားဖိုမှူးတွေက ထိပ်တန်းလို့ ကြားထားလို့လေ၊ အဲ့ကြောင့် ဒီကိုလာပြီး ဟင်းချက်ပညာကို သေသေချာချာ သင်ယူပြီး အိမ်ပြန်ရင် မိန်းမကို ကောင်းကောင်း ဂရုစိုက်ပေးမလို့ပါ" လီကျန့်ယီက ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်၏။
"မိန်းမ ဟုတ်လား... စစ်သူကြီးလဲ့ရဲ့ သမီး လီဟန်ယီလား" ဆရာတုသည် လီကျန့်ယီနှင့် လီဟန်ယီတို့ လက်ထပ်သည့် သတင်းကို ကြားထားဖူးပေသည်။
"ဟုတ်ပါတယ်... ဆရာတုနဲ့လည်း တွေ့ဖူးတယ် မဟုတ်လား" လီကျန့်ယီက ပြုံးလျက်မေးသည်။သူ၏ ဇနီးအကြောင်းကို ပြောသည့်အချိန်တွင် သူအလွန်ပျော်ရွှင်နေမိသည်။
"တွေ့ဖူးတာပေါ့၊ မိန်းကလေးလီက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး အရမ်းလှတဲ့ ကလေးမလေးလို့ ကျွန်တော် ထင်ခဲ့တာ ကြီးလာတော့ ပိုတောင် လှလာသေးတယ်။ နာမည်ကျော် ရွှေလနတ်ဓားရှင်တောင် ဖြစ်လာခဲ့တာပဲ၊ သခင်လေးလီနဲ့ဆိုရင် တကယ်ကို လိုက်ဖက်တဲ့ စုံတွဲပါပဲ" ဆရာတုက မြှောက်ပင့်၍ ချီးမွှမ်းလိုက်၏။
"ဒါဆို သခင်လေးလီက ဟင်းချက်သင်ချင်တာဆိုတော့ ရွှေတစ်ထောင်ခန်းမရဲ့ အတော်ဆုံး စားဖိုမှူးကို အနီးကပ် သင်ပေးခိုင်းလိုက်ပါ့မယ်" ဆရာတုသည် စီးပွားရေးကိစ္စကို မေ့မထားပေ။
"ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ် ဆရာတု" လီကျန့်ယီကအရိုအသေပေးကာ ကျေးဇူးတင်စကားပြောသည်။
"ကိစ္စမရှိပါဘူး။ ကျွန်တော်က သခင်လေးလီနဲ့ တွေ့ရတာ ချင်းချန်တောင်က ဝမ်သခင်နဲ့ တွေ့ရသလိုပဲ ရေစက်ရှိတယ်လို့ ခံစားရလို့ပါ" ဆရာတုက ပြုံး၍ ပြောပြီးနောက် လီကျန့်ယီကို မီးဖိုချောင်သို့ ခေါ်သွားလေတော့သည်။
သူတို့သည် ရွှေတစ်ထောင်ခန်းမ၌ အတော်ဆုံး စားဖိုမှူးကို ရှာဖွေကာ လီကျန့်ယီကို ဟင်းချက်နည်းများ သင်ကြားစေသည်။ လီကျန့်ယီမှာ ဉာဏ်ရည်ထက်မြက်သူဖြစ်ရာ တစ်ရက်အတွင်းမှာပင် စားဖိုမှူးများ၏ ပညာကို အကုန်နီးပါး တတ်မြောက်သွားတော့၏။ ၎င်းမှာ ဆယ်စုနှစ်ချီ လုပ်ကိုင်လာသော စားဖိုမှူးကြီးများကိုပင် အံ့အားသင့်စေခဲ့သည်။
ညနက်ပိုင်းတွင် ဟင်းချက်ပညာ သင်ယူပြီးနောက် လီကျန့်ယီသည် ရှေးဟောင်း ဟင်းချက်နည်းများမှာ ယနေ့ခေတ်နှင့် သိပ်မကွာသော်လည်း၊ အသေးစိတ်ကျမှု့နှင့် အနုစိတ်မှု့ကို ပို၍ ဦးစားပေးကြောင်း သဘောပေါက်လိုက်သည်။
ထို့ကြောင့်ပင် ကောင်းမွန်သော ဟင်းခတ်အမွှေးအကြိုင်များ မရှိသော်လည်း ရှေးလူကြီးများသည် အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်နိုင်ခြင်း ဖြစ်ပေသည်။အကယ်၍ လီကျန့်ယီသာ ခေတ်မီဟင်းခတ်မှုန့်များနှင့် ရွှေတစ်ထောင်ခန်းမ၏ ပညာကို ပေါင်းစပ်လိုက်လျှင် သူသည် ပေလီပြည်တွင် နံပါတ်တစ် စားဖိုမှူး ဖြစ်လာပေလိမ့်မည်။
"အကူအညီပေးတာ ကျေးဇူးတင်ပါတယ် ဆရာတု" ပညာစုံသွားသောအခါ လီကျန့်ယီက နှုတ်ဆက်လိုက်၏။
"ကိစ္စမရှိပါဘူး သခင်လေးလီ၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ ဒီမှာပဲ တစ်ည နားသွားပါဦးလား" ဆရာတုက ဖော်ရွှေစွာဖိတ်ခေါ်သည်။
"ငြင်းပါရစေဗျာ...ကျွန်တော် မိန်းမအနားကို ပြန်မှဖြစ်မှာမို့လို့ပါ" လီကျန့်ယီက ခေါင်းခါ၍ ယဉ်ကျေးစွာ ချက်ချင်းငြင်းပယ်၏။
"နှမြောစရာပဲ၊ ကျွန်တော်က သခင်လေးလီနဲ့ အတူတူ ဝိုင်သောက်ရင်း အတိတ်နဲ့ ပစ္စုပ္ပန်အကြောင်းတွေ ပြောချင်နေတာ" ဆရာတုက နှမြောတသစွာ ဆိုပေသည်။
"နောက်မှ သောက်ဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်၊ အခုက မိန်းမမှာ ကိုယ်ဝန်ရှိနေတော့ သူမအနားမှာပဲ နေချင်လို့ပါ၊ ဒါကြောင့် ဝိုင်ကိုတော့ နောက်မှ သောက်ကြတာပေါ့"
"နောက်မှ ညီလေးစစ်ကုန်းကိုပါ ခေါ်လာခဲ့မယ်၊ ဆရာတုနဲ့ ရှဲ့ရှီတို့ သေသေချာချာ ဆုံးမပေးလို့ရအောင်ပေါ့၊" လီကျန့်ယီက နောက်ပြောင် နေ၏။
"သခင်လေးလီ... မလုပ်ပါနဲ့၊ အဲ့ဒီလိုလုပ်တာ မကောင်းပါဘူး" ဆရာတုက အမြန်ပင် ခေါင်းခါတော့သည်။
"ဟားဟား...နောက်တာပါ" ဆရာတု လန့်သွားသည်ကို မြင်သောအခါ လီကျန့်ယီ မရယ်ဘဲ မနေနိုင်တော့ပေ။
"ကဲ... ဆရာတု၊ ကျွန်တော် သွားတော့မယ်" လီကျန့်ယီသည် ဆရာတုကို တစ်ချက်ကြည့်ကာ မထွက်ခွာမီ အထုပ်ကလေးတစ်ထုပ် ပေးလိုက်ပြီး "တကယ်လို ဆရာတုက အသက်အန္တရာယ်နဲ့ ကြုံလာရရင် ဒီအထုပ်ကို ဖွင့်ကြည့်ပါ၊ ဒါက ဆရာတုအသက်ကို ကယ်နိုင်လိမ့်မယ်၊ ဒါက သင်တန်းကြေးလို့ပဲ သဘောထားလိုက်ပါ" ဟု ပြောလိုက်၏။
ထို့နောက် လီကျန့်ယီသည် ရွှေတစ်ထောင်ခန်းမမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ မိမိ၏လက်ထဲရှိ အသက်ကယ်အိတ်ကို ကြည့်ကာ ဆရာတုသည် လီကျန့်ယီ ထွက်ခွာသွားသော ဘက်သို့ ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် အရိုအသေပေးလိုက်တော့သည်။
"အိတ်အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးလီ"
"ဆရာကြီး... သခင်လေးလီက ထွက်သွားပြီလေ" ရှဲ့ရှီက သတိပေးသည်။
"ထွက်သွားမှန်း ငါသိတာပေါ့၊ ဒါပေမဲ့ လောကနံပါတ်တစ် လူသားကို ငါက အရိုအသေ ပေးသင့်တယ် မဟုတ်လား"
'အဲဒီတုန်းက သခင်လေးလီနဲ့ ရေစက်ရှိခဲ့တာ တကယ်ကို တန်တာပဲ' ဟု ဆရာတု တွေးနေမိသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု့တွင် ဆရာတုမှာ အလွန်ပင် အမြင်စူးရှသည်ဟု ဆိုရပေမည်။
"ရှဲ့ရှီ... မင်းလည်း ဒါကို သင်ယူထားသင့်တယ်နော်" ဆရာတုက လေးနက်စွာ မှာကြား၏။
"ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော်က ဒီကိစ္စမှာ ဆရာကြီး လောက် မထူးချွန်ပေမဲ့လည်းပေါ့" ရှဲ့ရှီက အမှန်အတိုင်း ဝန်ခံကာ သူလည်း ဆက်ကြိုးစားဖို့ ဆုံးဖြတ်ချက်ချထားသည်။
အခန်း ၁၈၉ ဟန်ယီလေး၏ လက်ရာ ဆယ်ပုံတစ်ပုံခန့်
ရွှေလမြို့တော်။
မြို့စားအိမ်တော်တွင် ဖယောင်းတိုင်မီးနှင့် မီးအိမ်များအောက်တွင် အနီရောင်အလင်းတန်းများဖြင့် လင်းထိန်နေသည်။ ချန်လော့နှင့် ကျီရွယ်တို့သည် ပင်လယ်ပြာရောင် နဂါးနှင့်အတူ ပုန်းတမ်းကစားနေကြ၏။
နဂါးပြာလေးမှာလည်း သူတို့နှစ်ဦးနှင့် ကစားရသည်ကို နှစ်သက်ပုံရသည်။အားလုံးကိုအလွယ်တကူရှာတွေ့နိုင်သော်လည်း နဂါးလေးသည် သူတို့ကို ရှာတွေ့ရန် အချိန်အတော်ကြာ အောင် ဟန်ဆောင်ပေးထားတတ်သည်။
"ချန်လော့... ကျီရွယ်၊ ပြေးတဲ့အခါ ဖြည်းဖြည်းပြေးကြဦး၊ ချော်မလဲစေနဲ့နော်" လီဟန်ယီသည် ဝင်းအတွင်း၌ ထိုင်ကာ ချစ်စရာကောင်းသော ကလေးငယ်နှစ်ဦးကို ပြုံး၍ ကြည့်နေ၏။
"ဟုတ်ကဲ့" ချန်လော့နှင့် ကျီရွယ်တို့က လိမ္မာစွာ ခေါင်းညိတ်ကာ နာခံကြသည်။
"ကလေးတွေက ချစ်ဖို့ကောင်းတယ်မလား။ စီနီယာဟန်ယီလည်း ကိုယ်ဝန်ရှိနေပြီဆိုတော့ ညီမက ကလေးမွေးတဲ့ အတွေ့အကြုံတွေ ပြောပြမယ်လေ"
ဝတ်စုံဖြူ ဝတ်ဆင်ထားသော ဖုန်းချူးယွီသည် လီဟန်ယီ၏ အနားတွင် ဝင်ထိုင်လိုက်သည်။
"ညီမဖုန်း... မြန်မြန်ပြောပြပါဦး" လီဟန်ယီ၏ လှပသော မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွား၏။
"ကလေးမွေးရတာကတော့..."
ဖုန်းချူးယွီသည် နာကျင်စရာကောင်းသော အတိတ်အချို့ကို ပြန်လည်အမှတ်ရသွားသည်။
"ကလေးမွေးရတာ အရမ်းနာတာပဲ အစ်မဟန်ယီ... ညီမက ချန်လော့ကို မွေးတုန်းက စစ်ကုန်းချန်ဖုန်းကလည်း အနားမှာ မရှိဘူး၊ တစ်ယောက်တည်း ဘယ်လောက်တောင် နာကျင်ခဲ့ရသလဲဆိုတာ အစ်မက ခန့်မှန်းနိုင်မှာ မဟုတ်ဘူး" အတိတ်ကို ပြန်ပြောရင်း ဖုန်းချူးယွီ၏ စိတ်အခြေအနေမှာ အနည်းငယ် ညှိုးငယ်သွားရ၏။
"တတိယမောင်လေးကတော့ သေသင့်တာပဲ" လီဟန်ယီက ဖုန်းချူးယွီအတွက် မခံမရပ်နိုင်ဖြစ်ကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ သူက တကယ်ကို သေသင့်တာ" ဖုန်းချူးယွီက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး "ဒါပေမဲ့ အစ်မဟန်ယီကတော့ စိုးရိမ်စရာမလိုပါဘူး။ သခင်လေးလီက အစ်မအနားမှာ သေချာပေါက် ရှိနေပေးမှာပါ" ဟု ဆို၏။
ကလေးမွေးခြင်းမှာ အမှန်တကယ် နာကျင်ပေမဲ့ မိမိချစ်ရသူ အနားတွင် ရှိနေပေးခြင်းကပင် အနာကို သက်သာစေမှာဖြစ်သည်။
"ဟုတ်တယ်... ယီယီက ကျွန်မအပေါ် အရမ်းကောင်းတာပဲ" လီဟန်ယီက လီကျန့်ယီ၏ ကြင်နာမှု့များကို ပြန်တွေးကာ စိတ်ရင်းဖြင့် ပြုံးရွှင်သွားရသည်။
"ဟုတ်တာပေါ့...သခင်လေးလီက ဟင်းချက်သွားသင်တာ မဟုတ်လား၊ သူ ပြန်ရောက်လာရင်တော့ အစ်မကတော့ ကောင်းကောင်း စားရတော့မှာပဲ" ဖုန်းချူးယွီက ပြုံး၍ ဝမ်းသာကူပေးနေ၏။
"ဟုတ်ပါရဲ့... ယီယီ ဘယ်တော့ပြန်လာမလဲ မသိဘူး၊ ကျွန်မ သူ့ကို နည်းနည်း သတိရနေပြီ"
လီဟန်ယီသည် ကောင်းကင်ယံရှိ ကြယ်ပွင့်များကို မော့ကြည့်လိုက်သည်။ သူမ၏ နှလုံးသားထဲမှ အတောက်ပဆုံး ကြယ်ပွင့်လေးကို ရှာဖွေနေသကဲ့သို့ပင်။
"တစ်ယောက်ယောက်က ငါ့ကို သတိရနေတယ်လို့ ကြားလိုက်သလားလို့"
လီဟန်ယီ မော့ကြည့်လိုက်သည့် ခဏမှာပင် လီကျန့်ယီသည် သူမ၏ရှေ့တွင် ရုတ်တရက် ပေါ်လာတော့၏။
"ယီ... ယီယီ"
လီဟန်ယီသည် ကြယ်ကြည့်ခြင်းကို ရပ်တန့်ကာ လီကျန့်ယီကို စိတ်လှုပ်ရှားစွာ ရှာဖွေလိုက်သည်။ သူမ ထရပ်လိုက်သည်နှင့် လီကျန့်ယီက သူမကို ရင်ခွင်ထဲသို့ ချက်ချင်းပင် ဆွဲဖက်သည်။
"အိပ်ရေးဝရဲ့လား" လီကျန့်ယီက ချစ်မဝသော မျက်ဝန်းများဖြင့် နူးညံ့သောလေသံဖြင့်မေးသည်။
"အင်း... နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ၊ အရမ်း သက်သောင့်သက်သာ ရှိတာပဲ" လီကျန့်ယီ၏ ပွေ့ဖက်မှု့ကို ခံရသဖြင့် လီဟန်ယီမှာ နွေးထွေးမှု့ကို ခံစားမိပြီး လီကျန့်ယီ၏ ရက်ခွင်ထဲတွင် ငြိမ်သက်စွာပင် အဖက်ခံနေသည်။
ဖုန်းချူးယွီမှာတော့ ဘာစကားမှ မပြောနိုင်တော့ပေ။ ရုတ်တရက် ထွက်ပေါ်လာသော အချစ်ပြခန်းကြောင့် သူမမှာ အငိုက်မိသွားရ၏။ သူတို့နှစ်ဦး ချစ်ကြည်နူးနေသည်ကို ကြည့်ပြီး ကြားလူအဖြစ် မနေချင်သဖြင့် သူမသည် ချန်လော့နှင့် ကျီရွယ်တို့ကို စောင့်ရှောက်ရန် တိတ်တဆိတ် ထွက်ခွာသွားတော့သည်
။
"ဒါနဲ့... ရှင် ဟင်းချက်သွားသင်တယ်လို့ ကြားတယ်၊ ဘယ်လိုလဲ တတ်ခဲ့ရဲ့လား" လီဟန်ယီက လှည့်ကြည့်ကာ အံ့ဩတကြီး မေးနေမိ၏။သူမ၏ ခင်ပွန်းမှာ အလွန်ဂရုစိုက်တတ်သောကြောင့် သူမမှာ တစ်လောကလုံးတွင် ကံအကောင်းဆုံးမိန်ကလေးသဖွယ် အတွေးပင်ဝင်နေတော့သည်။
"အင်း... သိပ်တော့ မထူးခြားပါဘူး၊ ဟန်ယီလေးရဲ့ လက်ရာနဲ့ ယှဉ်ရင် ဆယ်ပုံတစ်ပုံလောက်ပေါ့" လီကျန့်ယီက အလေးအနက်ပုံစံဖြင့် စနောက်လိုက်သည်။
"ဆယ်ပုံတစ်ပုံ... ကျွန်မရဲ့ လက်ရာ..."
လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားရ၏။ သူမ ငယ်ငယ်က စားဖိုချောင်ထဲတွင် အမှားအယွင်းများ လုပ်ခဲ့ဖူးသည်ကို ပြန်သတိရသွား သောကြောင့်ပင်။ ထိုစဉ်က သူမချက်ကျွေးသော အစားအစာများကြောင့် လီကျန့်ယီမှာ ထွက်ပြေးခဲ့ရဖူးသည်။
"ဒါဆိုရင်... အဆင်မပြေရင် ဟင်းချက်မသင်ဘဲ နေကြမလား"
"တကယ်လို့ သင်ရမယ်ဆိုရင်လည်း ကျွန်မကပဲ ညီမဖုန်းဆီမှာ သွားသင်ပါ့မယ်၊ နောက်ကျရင် ရှင်ရဲ့ခံတွင်းတွေ့အောင် ကျွန်မက အကောင်းဆုံး ကြိုးစားချက်ကျွေးပါ့မယ်" လီဟန်ယီသည် သူမ၏ ဟင်းချက်စွမ်းရည်မှာ ညံ့ဖျင်းကြောင်း သိထားပေသည်။သူမ၏ လက်ရာ ဆယ်ပုံတစ်ပုံလောက်ဆိုလျှင် စားလို့ဖြစ်ပါ့မလား။ အဲ့ဒါက လူကို ငရဲဘုံကို ပို့လိုက်သလို ဖြစ်နေမှာ အသေအချာပင်။
"ဖူးးး"
လီဟန်ယီ၏ တုန်လှုပ်နေသော မျက်နှာပေးကို မြင်သောအခါ လီကျန့်ယီ မရယ်ဘဲ မနေနိုင်တော့ပေ။
"ကိုယ့်ရဲ့ ဇနီးလေး...ကိုယ်က ရွှေတစ်ထောင်ခန်းမမှာ သွားသင်လာတာလေ၊ ကိုယ်ရဲ့လက်ရာက ဟန်ယီလေးရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိမယ်လို့ တကယ်ယုံနေတာလား ..မဖြစ်နိုင်တာတွေ"
"ဘယ်သူကမှ ကိုယ့်ရဲ့ ဇနီးလောက် မဆိုးနိုင်လောက်တော့ဘူး" လီကျန့်ယီသည် ရှေ့မှ အလှလေးကို အားမနာတမ်း စနောက်ရင်း ပို၍ပင် ဆက်စချင်နေတော့၏။
လီဟန်ယီသည် စနောက်ခံနေရမှန်း သိသွားသောအခါ သူမ၏ မျက်ဝန်းလေးများ ဝိုင်းစက်သွားပြီး "အော်... ယီယီ၊ ရှင်က ကျွန်မကို အရူးလုပ်နေတာပေါ့လေ" ဟု အော်လိုက်သည်။
"မစရရင် မပျော်ဘူးလေ" လီကျန့်ယီက ဝင့်ကြွားစွာ ပြော၏။
"ဟွန်း... ဂရုမစိုက်ဘူး၊ ဒီည ရှင်ရဲ့ ဟင်းချက်လက်ရာ ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်ရသေးတာပေါ့၊ တကယ်လို့ ကျွန်မကို စိတ်တိုင်းမကျအောင် လုပ်ရင်တော့..."
"ဟွန်း.. ဒီည ရှင်က အိမ်ခေါင်မိုးပေါ်မှာ သွားအိပ်ရမယ်" လီဟန်ယီက ခါးထောက်ကာ အမိန့်ပေးနေသည်။
"ဒါဆိုရင်... အကယ်လို့ စိတ်တိုင်းကျသွားရင်ရော ဟန်ယီက ဘာပြန်ပေးမှာလဲ" လီကျန့်ယီက ပြုံး၍ မေး၏။သူ၏ လက်ရာကို သူအလွန်ယုံကြည်လေသည်။
"ဘာ... ဘာမှမပေးဘူး" လီဟန်ယီက နှုတ်ခမ်းစူကာ စကားများ ထစ်ငေါ့ကုန်သည်။
"အဲ့ဒီလိုဆိုရင်တော့ ဟင်းမချက်ပေးနိုင်ဘူး" လီကျန့်ယီက အလျှော့မပေးဘဲ ဆို၏။
"ခင်ပွန်း... ခင်ပွန်းလေး..." လီဟန်ယီက မျက်နှာလေး နီမြန်းကာ တိုးတိုးလေး ခေါ်လိုက်ပေသည်။ မိန်းကလေးဆန်သော အမူအရာလေးမှာ အလွန်ပင် ချစ်စရာကောင်းလှ၏။
"'ခင်ပွန်းလေး' ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ကိုယ့်ကို လာချော့လို့ ရမယ် ထင်နေတာလား။ အဲ့ဒါက..."
"ကျွန်မရဲ့ ခင်ပွန်းလေး" လီဟန်ယီက ထပ်မံ ခေါ်လိုက်ပြန်သည်။
"ကောင်းပြီ၊ အရမ်းကောင်းတယ် ဟန်ယီ... ခဏစောင့်နေဦး။ ကိုယ် မီးဖိုချောင်ထဲသွားပြီး ဘာစားစရာတွေ ရှိလဲ ကြည့်လိုက်ဦးမယ်၊ကိုယ်ရဲ့ဇနီးအတွက် ထူးထူးခြားခြား တစ်ခုခု ချက်ပေးမယ်" လီကျန့်ယီသည် တက်ကြွစွာဖြင့် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားတော့၏။
လီကျန့်ယီ ထွက်သွားပြီးနောက် ဖုန်းချူးယွီသည် ချန်လော့နှင့် ကျီရွယ်တို့ကို လီဟန်ယီအနားသို့ ခေါ်လာသည်။
"ချန်လော့နဲ့ ကျီရွယ်တို့လည်း အစားကောင်းစားရတော့မယ်၊ အစ်ကိုယီက အစ်မဟန်ယီအတွက် အရသာရှိတာတွေ ချက်ပေးတော့မှာ" ဖုန်းချူးယွီက ပြုံး၍ ကလေးနှစ်ယောက်ကိုပြောပြသည်။
"ချန်လော့... ကျီရွယ်၊ အစ်ကိုယီရဲ့ ဟင်းချက်လက်ရာက ဘယ်လိုလဲဆိုတာ အစ်မလည်း မသိသေးဘူး။ နောက်မှ အတူတူ မြည်းကြည့်ကြမလား" လီဟန်ယီက ကလေးငယ်နှစ်ဦးကို ဝမ်းသာစွာပင် ဖိတ်ခေါ်သည်။
"ဟုတ်ကဲ့" ချန်လော့နှင့် ကျီရွယ်တို့က အလေးအနက် ခေါင်းညိတ်ကြ၏။သူတို့၏ အစ်ကိုယီလက်ရာကို အတော်ပင် မြည်းစမ်းကြည့်ချင်မိသည်။
"ဒါနဲ့ မမဟန်ယီ... မေမေက ပြောတယ်၊ မမမှာ ကလေးရှိတော့မယ်ဆို ကလေးက ဘယ်မှာလဲဟင်။ ချန်လော့က ကြည့်လို့ရမလား" ချန်လော့လေးသည် မောင်လေး သို့မဟုတ် ညီမလေးကို အလွန် လိုချင်နေသဖြင့် လီဟန်ယီကို မျှော်လင့်တကြီး ကြည့်ကာမေးသည်။
" မင်းရဲ့ မောင်လေး ဒါမှမဟုတ် ညီမလေးက အစ်မဟန်ယီရဲ့ ဗိုက်ထဲမှာ ရှိသေးတာ နောက်နှစ်မှ မွေးမှာပေါ့" ဖုန်းချူးယွီက ချန်လော့၏ ခေါင်းလေးကို ပွတ်သပ်ပေးပြီး ရှင်းပြသည်။
"အော်... နောက်နှစ်မှလား၊ ဒါဆိုလည်း... နောက်နှစ်မှပဲ ကြည့်တော့မယ်" ချန်လော့သည် ဆုံးဖြတ်ချက်ကာ နောက်နှစ်ကို မျှော်လင့်နေမိတော့သည်။
....
ထိုအချိန်တွင် လီကျန့်ယီသည် မီးဖိုချောင်ရှိ ပါဝင်ပစ္စည်းများကို ကြည့်လိုက်ရာ ဝက်သား၊ ဘဲတစ်ကောင်၊ အာလူးအချို့၊ ငါးတစ်ကောင်နှင့် ဥအချို့ကို တွေ့လိုက်ရသည်။
ထိုပစ္စည်းများကို မြင်သောအခါ လီကျန့်ယီ၏ ခေါင်းထဲတွင် ဟင်းလျာအချို့ ပေါ်လာတော့၏။
"ဝက်သားနီချက်၊ ဘဲကင်၊ အာလူးချောင်းကြော်၊ ငါးပေါင်းနဲ့ ကြက်ဥကြော်"
"စလိုက်ကြရအောင်"
စိတ်ကူးရသည်နှင့် လီကျန့်ယီသည် ချက်ချင်းပင် လက်တွေ့အကောင်အထည် ဖော်တော့သည်။ သူသည် မီးဖိုနှစ်လုံးကို တစ်ပြိုင်တည်း အသုံးပြုကာ ရွှေတစ်ထောင်ခန်းမမှ သင်ယူလာသော ဟင်းချက်အတတ်ပညာကို လက်တွေ့အသုံးချနေသည်။
တစ်နာရီကျော် ကြာပြီးနောက် လီကျန့်ယီသည် ဟင်းခတ်အမွှေးအကြိုင် အချို့ကို တိတ်တဆိတ် ထုတ်ယူလာ၏။ ၎င်းတို့မှာ ဓားနတ်ဘုရားစနစ်မှ ဆုလာဘ်အဖြစ် ရရှိထားခြင်း ဖြစ်သည်။ထိုဟင်းခတ်မှုန့်များမှာ အနည်းငယ်သာ ရှိသော်လည်း၊ ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံအဆင့်ဆင့် ပါရှိသဖြင့် လီကျန့်ယီအနေဖြင့် ရှေးခေတ်တွင် ခေတ်မီဟင်းခတ်မှုန့်များကို အလွယ်တကူ ပြန်လည် ထုတ်လုပ်နိုင်ပေလိမ့်မည်။ဤနည်းဖြင့် လောကတွင် မည်သူက ဟင်းချက်အတော်ဆုံး ဖြစ်ကြောင်းကို လူအများ သိစေရမည်။
အခန်း ၁၉၀ ဇနီးသည်ကို စနောက်ခြင်းသည်လည်း ပျော်ရွှင်မှု့တစ်ခု
ခေတ်မီဆန်းသစ်ပြီး အနံ့အရသာနှင့် ပြည့်စုံသော ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်ထားသည့် ဟင်းလျာများထဲသို့ ထည့်သွင်းလိုက်ရာ မွှေးပျံ့သော ရနံ့များမှာ လေထုထဲတွင် ပျံ့လွင့်သွားပြီး မိုင်ပေါင်းများစွာအထိ ရောက်ရှိသွားတော့မည့်အတိုင်းပင် ဖြစ်၏။
"ဝိုး... ဒီဟင်းတွေက ကြည့်ရတာ တကယ်ကို အရသာရှိပုံရတယ်၊ သွားရည်ယိုစရာလေးတွေပဲ"
လီကျန့်ယီသည် သူကိုယ်တိုင် ပြင်ဆင်ထားသည့် ဟင်းလျာများကို ကြည့်ရှုရင်း ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။ မြောက်ပိုင်းလီဒေသ၏ အကောင်းဆုံးသော ချက်ပြုတ်မှု့ အတတ်ပညာနှင့် ခေတ်မီဆန်းသစ်သည့် ဟင်းခတ်အမွှေးအကြိုင်များပါ ပေါင်းစပ်လိုက်ပါက မည်သူကများ ခုခံနိုင်ပါမည်နည်း။
ခြံဝင်းတွင် ချန်လော့နှင့် ကျီရွယ်တို့သည် အပြာရောင်နဂါးလေး 'ဖက်တီးလေး' နှင့်အတူ ကစားနေကြသည်။ သို့သော် မီးဖိုချောင်မှ ဟင်းနံ့များ စတင်ထွက်ပေါ်လာချိန်တွင်မူ သူတို့အားလုံးမှာ ထိုရနံ့နောက်သို့ စိတ်ပါသွားကြတော့သည်။
"အမေ... အစ်မဟန်ယီ၊ အနံ့က တကယ်ကို မွှေးနေတာပဲ" ချန်လော့သည် အနံ့ကို အဝရှူရှိုက်ရင်း ဖုန်းချူးယွီနှင့် လီဟန်ယီတို့ကို ကြည့်ပြီး စိတ်လောနေသည်။
"တကယ်ကို မွှေးတာပဲ၊ မင်းရဲ့ အစ်ကိုယီမှာ ဒီလို လက်ရာရှိလိမ့်မယ်လို့ မထင်ထားမိဘူး" လီဟန်ယီ၏ လှပသော မျက်ဝန်းများထဲတွင်လည်း အံ့သြရိပ်များ ယှက်သန်းနေ၏။တစ်ရက်အတွင်းမှာပဲ ချက်ပြုတ်မှု့စွမ်းရည်က ဘယ်လိုလုပ် ဒီလောက်တိုးတက်လာရတာလဲ။
လီဟန်ယီသည် လီကျန့်ယီက ခုနကက ပြောခဲ့သည့် "ဟန်ယီလက်ရာရဲ့ဆယ်ပုံတစ်ပုံ" ဆိုသည့် စကားကို ပြန်လည်သတိရမိကာ မျက်နှာလေးမှာရှက်ရွံမှု့ကြောင့် မသိမသာ နီမြန်းလာသည်။
"လူဆိုးလေး" လီဟန်ယီသည် တိုးတက်လာသော သူမ ခင်ပွန်း၏အရည်အချင်းကို ကြည့်ကာ စိတ်ထဲမှ ခပ်ဖွဖွလေး ရေရွတ်လိုက်မိသည်။ ထို့နောက် သူမသည် မီးဖိုချောင်ဘက်သို့ လျှောက်လှမ်းသွား၏။
လီကျန့်ယီသည် ဟင်းပွဲများကို ကိုယ်တိုင်သယ်ယူရန် မလိုအပ်ဘဲ ထိုဟင်းပွဲများကို လေထဲတွင် ပျံသန်းစေကာ ခြံဝင်းရှိ စားပွဲပေါ်သို့ ချက်ချင်းပင် ရောက်သွာစေသည်။ ထိပ်တန်းဟင်းလျာ (၅) မျိုး ပေါ်လာသည်နှင့် လူတိုင်းမှာ ဗိုက်ဆာလွန်း၍ မနေနိုင်တော့ပေ။
"အစ်ကိုယီ... ဒီအနီရောင်တောက်တောက် အသားဟင်းက ဘာလဲဟင်၊ ကြည့်ရတာ အရမ်းစားချင်စရာကောင်းတယ်" ကျီရွယ်သည် သွားရည်များကျမတတ် ဖြစ်နေရင်း မေးလိုက်သည်။
"ဒါကို ဝက်သားနီချက်လို့ ခေါ်တယ်၊ အိုးထဲမှာ အကြာကြီး အချိန်ပေးပြီး ချက်ထားတာမို့ အသားက အရမ်းနူးညံ့ပြီး ပါးစပ်ထဲထည့်လိုက်တာနဲ့ အရည်ပျော်သွားမှာ ကလေးတွေနဲ့ အရမ်းကို သင့်တော်တာပေါ့" လီကျန့်ယီက ရှင်းပြ၏။
"အိုး... ဒီဘဲကင်ကလည်း စားချင်စရာပဲ" ကျီရွှယ်သည် မွှေးပျံ့လွန်သောအနံ့ကြောင့် မအောင့်နိုင်တော့ပေ။
ထိုသည်ကို မြင်သောအခါ လီကျန့်ယီက သဘောကောင်းစွာဖြင့် "စားကြပါ... ငါ့လက်ရာကို မြည်းစမ်းကြည့်ကြစမ်း" ဟု စားခွင့်ပြုလိုက်သည်။စကားပြောရင်း လီကျန့်ယီသည် အရသာရှိသော ဟင်းလျာများကို ပန်းကန်လုံးအပြည့် ထည့်ပေးကာ လီဟန်ယီအား ကမ်းပေးလိုက်ပြီး "မင်းရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်နော်၊ မင်းရဲ့ ခင်ပွန်းရှိနေသရွေ့ အစားအသောက်နဲ့ ပတ်သက်ရင်တော့ မင်းကို ဘယ်တော့မှ အခက်အခဲ မဖြစ်စေရဘူး။" ဟု ဆို၏။
"အင်း" လီဟန်ယီသည်လည်း လီကျန့်ယီ၏ လက်ရာကို မြည်းစမ်းရန် စိတ်လှုပ်ရှားနေမိသည်။
လီဟန်ယီသည် ဝက်သားတစ်ဖဲ့ကို သူမ၏ နီမြန်းသော နှုတ်ခမ်းလေးထဲ ထည့်ကာ မြည်းစမ်းလိုက်သည်နှင့် အသားမှာ အလွန်နူးညံ့ပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းမှာ အလွန်ပင် အရသာရှိလှပေသည်။ တစ်ဖဲ့စားပြီးသော်လည်း အဆီများလွန်း၍ အီသွားခြင်းမျိုး မရှိဘဲ စားလေစားလေ ပို၍ပင် နှစ်သက်မိလေ ဖြစ်၏။
"ကောင်းလိုက်တာ”
လီဟန်ယီ၏ မျက်ဝန်းလေးများမှာ တောက်ပလာပြီး ကျန်သည့် ဟင်းလျာများကိုလည်း မျှော်လင့်တကြီးဖြင့် ဆက်လက်မြည်းစမ်းတော့သည်။ ခေတ်မီဟင်းခတ်အမွှေးအကြိုင်များနှင့် မြောက်ပိုင်းလီ၏ အနှိုင်းမဲ့ချက်ပြုတ်နည်း ပေါင်းစပ်ထားမှု့ကို မည်သူမျှ ခုခံနိုင်စွမ်းမရှိပေ။
"ကြိုက်ရင် အများကြီးစားနော်" လီကျန့်ယီသည် လီဟန်ယီကို ကြည့်ကာ သူ၏ ချက်ပြုတ်အားထုတ်မှု့များမှာ အချည်းနှီးမဖြစ်ဟု တွေးနေမိ၏။အားလုံး စားသောက်နေကြစဉ် ကင်းလှည့်နေသည့် စစ်ကုန်းချန်ဖုန်းနှင့် အရက်ချက်နေသည့် ပိုင်လီတုန်းကျွင်းတို့သည် မြို့စားအိမ် တော်သို့ ပြန်ရောက်လာကြသည်။ မိုးချုပ်လာပြီဖြစ်ရာ သူတို့မှာ အနားယူရန် ပြန်လာခြင်းဖြစ်သည်။
ပြန်ရောက်လာချိန်တွင် သူနှစ်ဦးသည်လည်း မွှေးကြိုင်လှသော ရနံ့ကြောင့် စိတ်အာရုံဖမ်းစားခြင်း ခံလိုက်ရပြီး ထမင်းစားပွဲဆီသို့ အပြေးအလွှား လာခဲ့ကြသည်။
"ညီမလေးဖုန်း... ဒီနေ့ ဟင်းတွေက ထူးထူးခြားခြားကို မွှေးနေတာပဲ" ပိုင်လီတုန်းကျွင်းက ချက်ချင်းချီးကျူးစကားဆို၏။
"အစ်ကိုကြီး... ဒီနေ့ဟင်းတွေကို ကျွန်မချက်တာ မဟုတ်ဘူး၊ ဒုတိယ အစ်ကိုက ချက်ထားတာပါ" ဖုန်းချူးယွီက မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လီကျန့်ယီကို ညွှန်ပြလိုက်သည်။
"သခင်လေးလီက ချက်တာလား။"
"ဝိုး... သခင်လေးလီ၊ ခင်ဗျားက ဒီလောက်တောင် လက်ရာကောင်းတာလား"
"ချက်ပြုတ်နည်း သွားသင်တာ ခဏလေးပဲရှိသေးတာတောင်၊ ဒီအဆင့်ထိ ရောက်သွားတာလား" ပိုင်လီတုန်းကျွင်းက အလွန်အံ့သြ နေသည်။သူ၏ မူလအတွေးမှာ သူတို့သည် ယောင်္ကျားလေးဖြစ်သဖြင့် သင်ယူတတ်မြှောက်ရန် အခက်အခဲရှိမည်ဟု ယူဆထားသည်။
"ဒါပေါ့... ကျွန်တော်ရဲ့ ဇနီးကို အကောင်းဆုံး ဂရုစိုက်ရမှာလေ" လီကျန့်ယီက ပျော်ရွှင်စွာ ခေါင်းညိတ်ပြသည်။
"ကောင်းလိုက်တာ၊ ဒီကိစ္စမှာတော့ ငါလည်း မင်းဆီက သင်ယူရဦးမယ်၊ ပြီးတော့ မင်းက ငါ့ရဲ့ ဒုတိယညီမလေးရဲ့ခင်ပွန်း ဖြစ်နေပြီဆိုတော့ မင်းကို 'ယီယီ' လို့ပဲ ခေါ် တော့မယ်နော်" ဟု ပိုင်လီတုန်းကျွင်းက ပြောသည်။ 'သခင်လေးလီ' ဟု ခေါ်နေရသည်မှာ သူ့အတွက် အနည်းငယ် စိမ်းသက်နေသောကြောင့် ဖြစ်၏။
"ရပါတယ်ဗျာ" လီကျန့်ယီက သဘောတူလိုက်သည်။
"ဒါဆို ကျွန်တော်လည်း ယီယီလို့ ခေါ်မှာပေါ့၊ ဘာလို့ ကျွန်တော်ကိုကျ ခက်ခက်ခဲခဲခေါ််ခိုင်းရတာလဲ။" စစ်ကုန်းချန်ဖုန်းက မကျေမနပ်ဖြင့် ဝင်ပြောသည်။
"ဒါဆို ညီလေးစစ်ကုန်းက ချန်လော့ကို ကျွန်တော်ရဲ့ ချွေးမအဖြစ် ပေးပါလား" လီကျန့်ယီက စစ်ကုန်းချန်ဖုန်းကို ပြန်ပက်၏။
"ကောင်းပြီလေ... ဒီလို ကစားချင်တာပေါ့။ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်မယ် ၊ ချန်လော့ကိုတော့ ကျွန်တော်လုံးဝမပေးနိုင်ဘူး လုံးဝပဲ" စစ်ကုန်းချန်ဖုန်းက ပြတ်သားစွာ ပြောသည်။
"ဟူး... ဒီအသားဟင်းကို စားကြည့်ပါဦး။ ဒီဝက်သားက တကယ်ကို အရသာရှိတာ၊ အရက်ကောင်းနဲ့ ဒီဟင်းက အလိုက်ဖက်ဆုံးပဲ"
"လာပါ... တတိယညီလေး၊ အစ်ကိုကြီးက မင်းအတွက်တစ်ခွက် ငှဲ့ပေးမယ်" ပိုင်လီတုန်းကျွင်းက ဟင်းကို မြည်းစမ်းပြီးနောက် ကြားဖြတ်ကာ ဝင်ထိန်းပေးလိုက်၏။
"တကယ်ပဲ အဲ့ဒီလောက် စားကောင်းလို့လား" စစ်ကုန်းချန်ဖုန်းသည် သံသယဖြင့် အသားတစ်ဖဲ့ကို ပါးစပ်ထဲထည့်ကာ အရသာခံကြည့်သည်။ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် စစ်ကုန်းချန်ဖုန်းမှာ အရသာ၏ ကောင်းမွန်မှု့ကြောင့် ဆက်တိုက်စားချင်သွားသည်။
"တကယ်ကို လက်ရာမြောက်တာပဲ၊ ရွှေတစ်ထောင်ခန်းမက စားဖိုမှူးတွေထက်တောင် ကောင်းသေးတယ်" ဟင်းကို မြည်းစမ်းပြီးနောက် စစ်ကုန်းချန်ဖုန်းမှာ လီကျန့်ယီနှင့် ငြင်းခုံနေသည်ကိုပင် မေ့သွားတော့သည်။
"ဟုတ်တယ်မလား၊ အစ်ကိုကြီးလည်း အဲ့ဒီလိုပဲ ထင်တယ်" ပိုင်လီတုန်းကျွင်းက ထောက်ခံသည်။
"ဒါနဲ့ မင်း ဒါတွေကို ဘယ်မှာ သွားသင်လာတာလဲ၊ ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်လာတာလဲ" ပိုင်လီတုန်းကျွင်းက စိတ်ဝင်တစား မေးလိုက်၏။နောက်တစ်ချိန်တွင် သူလည်းသွားသင်ထားရမည်ဟု ခံစားမိသောကြောင့်ပင်။
"ထျန်ချီမြို့က ရွှေတစ်ထောင်ခန်းမမှာပါ" လီကျန့်ယီက စိတ်ကျေနပ်စွာပင် ဖြေလိုက်၏။အားလုံးက သူ၏ လက်ရာကိုကြိုက်နေကြသဖြင့် သူအလွန်ပင် ဝမ်းသာနေမိသည်။
"ဟုတ်သားပဲ၊ မင်းက ဆန်းကြယ်နတ်ခရီးအဆင့်ဆိုတော့ ထျန်ချီမြို့ကို သွားရတာ မျက်စိတစ်မှိတ်စာပဲရှိမှာပေါ့။ ဒါဆို ချက်ပြုတ်တဲ့ အရည်အချင်းကလည်း မင်းရဲ့ ကျင့်စဉ်အဆင့်ကြောင့် တိုးတက်လာတာလား"
"မဟုတ်ပါဘူး"
"မဟုတ်ဘူးလား၊ ဒါဆို မင်းက ချက်ပြုတ်တဲ့နေရာမှာလည်း ပါရမီပါတာပေါ့" ပိုင်လီတုန်းကျွင်းက မနာလိုသလို လေသံဖြင့် မေး၏။
"အစ်ကို ပိုင်လီရဲ့ အရက်ချက်တဲ့ ပညာနဲ့ ညီလေးစစ်ကုန်းရဲ့ ဆေးပညာလိုမျိုးပေါ့၊ ကျွန်တော်တို့မှာ ကိုယ်စီ အားသာချက်တွေ ရှိကြတာပါပဲ" လီကျန့်ယီက နှိမ့်ချစွာ ပြောလိုက်သည်။
"မှန်တယ်" လီဟန်ယီက ဘဲကင်ကို မြိန်ရည်ယှက်ရည် စားရင်း ခေါင်းညိတ်ထောက်ခံသည်။ထိုအခါ လီကျန့်ယီက စနောက်လိုက်၏။
"ကျွန်တော်ရဲ့ ဟန်ယီကတော့ သူများနဲ့မတူဘူး၊ သူက အရာအားလုံးကို တစ်ခုတည်းမှာပဲ စုစည်းထားတာ"
"ဘယ်မှာ စုထားတာလဲ"ဖုန်းချူးယွီနှင့် အခြားသူများက စူးစမ်းစွာ မေးကြသည်။
"ဓားပညာအတွက်ပေါ့" လီကျန့်ယီက တည်ငြိမ်စွာပင် ပြောပြလိုက်သည်။
"ဖူး... ဟားဟား"
စစ်ကုန်းချန်ဖုန်းနှင့် ပိုင်လီတုန်းကျွင်းတို့မှာ မအောင့်နိုင်ဘဲ ရယ်မောမိကြတော့သည်။လီဟန်ယီ၏ မျက်ဝန်းလေးများမှာ ကျဉ်းမြောင်းသွားပြီး လီကျန့်ယီအား ဒေါသတကြီးဖြင့် လက်သီးဖြင့် ခပ်ဖွဖွလေး ထိုးလိုက်ကာ "မင်းက မွေးရာပါ ဓားသမားဖြစ်ပြီးတော့ မင်းရဲ့ စွမ်းရည်တွေက မွေးရာပါလေ၊ဒါပေမဲ့ ကျွန်မက ကြိုးစားရတာလေ မတူဘူး"
"ဟားဟား... ဟုတ်ပါပြီ" လီကျန့်ယီက ရယ်မောရင်း လီဟန်ယီ၏ ပါးပြင်လေးကို အသည်းယားစွာဆွဲညစ်သည်။
"ဟွန်း... ရှင်ရဲ့ လက်ရာကိုတော့ ကျွန်မအသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့...ရှင်ရဲ့ ဓားပညာ ပါရမီမှာတော့ ကျွန်မတို့က တန်းတူပဲ"လီဟန်ယီက မလျှော့သော လေသံဖြင့် ပြန်ပြော၏။
"ဟုတ်ပါပြီ၊ ဒါဆို မင်းကရော ဘယ်တော့မှ စောင်းတီးတတ်မလဲ ဟန်ယီ" လီကျန့်ယီက ပြုံးပြီး မေးပြန်သည်။
လီဟန်ယီ ခဏတာ တွေဝေသွားပြီးမှ နှုတ်ခမ်းကို စူကာ
"မကြာခင်... တကယ်ကို မကြာခင်မှာ တတ်မှာပါ" ဟု အာမခံသည်။
"အဲ့ဒီ မကြာခင်ဆိုတာက အတိအကျကဘယ်လောက်လဲ" လီကျန့်ယီက အတိအကျသိလိုနေသည်။
"မကြာခင်ပါဆိုမှ၊ တကယ်ကို မကြာခင်ပါပဲ" လီဟန်ယီသည် သူမကိုယ်တိုင်လည်း ဘယ်တော့ တီးတတ်မည်ကို မသိသဖြင့် ဝက်သားတစ်ဖဲ့ကို ယူကာ လီကျန့်ယီ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်ကာ သူ၏ ပါးစပ်ကိုပိတ်ပေးပစ်တော့သည်။