တစ်ကြိမ်တစ်ခါက ထွန်းတောက်ခဲ့သော ပါရမီရှင် ရှောင်ချန်း
Vol. 1 Ch. 2
ဓားပညာဌာနတွင်။
အပြင်စည်းဂိုဏ်း၏ သီးခြားခြံဝန်းလေးထဲတွင်။
လူငယ်လေးတစ်ဦးက အထီးကျန်ဆန်သည့်အမူအရာဖြင့် ကောင်းကင်ကို မော့ကာ ကြည့်နေ၏။ သူ၏တောက်ပသည့် မျက်လုံးများမှာ ယခုတွင် စိတ်ပျက်မှုများဖြင့် ပြည့်နေသည်။
ထိုလူငယ်လေးက ရှောင်ချန်းမှတစ်ပါး အခြားမဟုတ်ပါချေ။သူသည် ဓားပညာဌာန၏ အကြီးဆုံးစီနီယာအစ်ကို၊ နှစ်တစ်ရာအတွင်းတွင် တစ်ယောက်ပင်တွေ့ရခဲသော ပါရမီရှင်ဖြစ်၏။
နှစ်ဝက်အတွင်းမှာပင် အပြင်စည်းဂိုဏ်း၏ မဟာပြိုင်ပွဲကြီးက စတင်တော့မှာ ဖြစ်သည်။ သူသာ ထိုပွဲတွင် ဝင်ပြိုင်ပြီး အနိုင်ရခဲ့ပါက အတွင်းစည်းဂိုဏ်းသို့ဝင်နိုင်မှာဖြစ်ပြီး ဓားပညာဌာန၏ အဓိကတပည့်တစ်ဦး ဖြစ်လာတော့မှာပေ။
သို့သော် အရာအားလုံးက လဝက်အတွင်းမှာ အိပ်မက်ပမာ ဖြစ်သွားခဲ့ရသည်။
လွန်ခဲ့သည့် တစ်လခန့်က သူသည် ငါးရောင်ခြယ်ရေခဲကြာပန်းကို ရရန် ၎င်းကြာပန်းကို စောင့်ကြပ်နေသော သားရဲဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရ၏။
သူက ရေခဲကြာပန်းကို ရလိုက်သော်လည်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ ထို့အပြင် သူ၏ဒန်တျန်းမှာ ကွဲကြေသွားခဲ့သောကြောင့် ထပ်မံကျင့်ကြံရန်မဖြစ်နိုင်တော့ချေ။ ဤသို့ဖြင့် သူသည် မသန်မစွမ်းတစ်ဦး ဖြစ်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရှောင်ချန်းသည် ကောင်းကင်ယံမှ အသူတရာနက်သောချောက်ထဲသို့ ကျဆင်းသွားတော့သည်။
ယခင်က သူ့နောက်သို့လိုက်ပါခဲ့သော ဂိုဏ်းတူညီငယ်၊ ညီမငယ်တို့မှာလည်း ယခုတွင် တုံ့ဆိုင်းမှုမရှိပါဘဲ စွန့်ခွာသွားကြသည်။
သူ့ကို ဖားယားပြီး မျက်နှာလိုမျက်နှာရ လုပ်ခဲ့သူများက ရေနစ်သူကို ဝါးကူထိုးသည့်ပမာ စကားလုံးများဖြင့် လှောင်ပြောင်ရုံသာမက ကိုယ်ထိလက်ရောက်ပါ တိုက်ခိုက်လာခဲ့၏။
သို့သော် သူ့ကို အနာကျင်စေဆုံးအရာသည် မသန်မစွမ်းတစ်ဦးဖြစ်သွားခြင်း မဟုတ်ပေ။
ဝမ်တောက်ကျောင်းတော်သို့ ပြန်လာပြီးနောက် သူ အခက်အခဲဒုက္ခပေါင်းများစွာကို ဖြတ်ကျော်ပြီး ရယူလာခဲ့ပါသော ထိုငါးရောင်ခြယ်ရေခဲကြာပန်းကို သူ၏ စေ့စပ်ထားသည့် မိန်းကလေး ချင်ရို့ကို ပေးခဲ့မိခြင်းပေ။
ချင်ရို့သည် ၎င်းကို လက်ခံပြီး တစ်လပင် မပြည့်လိုက်ဘဲ သူမ၏ သဘောထားက လုံးဝ ပြောင်းလဲသွားတော့၏။
အကြောင်းအရာကတော့ ဤသို့ပင်ဖြစ်သည်။
သူမကို အတွင်းစည်းဂိုဏ်း၏အကြီးအကဲတစ်ဦးက သတိထားမိသွားခဲ့သည့်အတွက် သိပ်ကြာခင်မှာပင် အတွင်းစည်းတပည့်တစ်ဦး ဖြစ်လာတော့ပေမည်။
သို့သော် ရှောင်ချန်းသည် ယခုတွင် မသန်မစွမ်းတစ်ဦးဖြစ်နေသည့်အတွက် သူမနှင့် မထိုက်တန်တော့ချေ။
သူမက ချင်မိသားစုမှတစ်ဆင့် သူနှင့်စေ့စပ်ထားမှုကို ဖျက်သိမ်းပစ်ခဲ့၏။
ထိုသတင်းကို ရှောင်ချန်းသည် မနေ့ကမှ သိလိုက်ရခြင်းဖြစ်ပြီး ကြားကြားချင်ပင် လုံးဝကို ပြိုလဲသွားတော့သည်။
ယနေ့မနက်တွင်တော့ နောက်ထပ် ရိုက်ချက်တစ်ခုနှင့် ကြုံရပြန်သည်။ ဝမ်တောက်ကျောင်းတော်သည် သူ့ကို ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သူ၏မိခင်မှတစ်ဆင့် အသိပေးလာခဲ့သည်။ သူ၏အမေကလည်း သူ့ကို အိမ်ပြန်ခေါ်ဖို့ ရောက်လာခဲ့ပြီဖြစ်သည်။
ထိုအကြောင်းကို သူ့အမေထံမှ ကြားလိုက်ရသည့် အခိုက်အတန့်မှာတုန်းက သူ၏နှလုံးသားကို ဓားဖြင့်လှီးထုတ်ပစ်နေသည့်ပမာ ခံစားခဲ့ရသည်။
သူသည် တာ့လိန်နိုင်ငံ တတိယမင်းသား၏ အိမ်တော်တွင် မွေးဖွားလာခဲ့သည်။ သူ၏အမေသည် တတိယမင်းသား၏ ကိုယ်လုပ်တော်တစ်ဦးသာဖြစ်သည်။ ရှောင်ချန်းသည် သူမ၏ တစ်ဦးတည်သော ကလေးဖြစ်၏။ သူမသည် ရှောင်ချန်းကို သူမ၏အချစ်နှင့် စွမ်းအင်အားလုံး အသုံးပြုကာ ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။
တစ်နည်းဆိုရလျှင် သူက သူမ၏ကမ္ဘာကြီးဖြစ်သည်။
သူ တာ့လိန်ကထွက်လာခဲ့သည့်အခါက ရှောင်ချန်းသည် သူ၏အမေကို လေးနက်စွာ ကတိပေးခဲ့သည်။ သူက စွမ်းအားကြီးသည့် လူတစ်ဦးဖြစ်အောင်လုပ်ပြီး သူမကို မင်းသား၏အိမ်တော်မှ ခေါ်ထုတ်ပေးမည်ဟူသော ကတိကို ပေးခဲ့သည်။ သို့မှသာ သူမကို ကောင်းမွန်သော ဘဝတစ်ခု ပေးနိုင်မည်ဖြစ်သည်။
သို့သော်် ယခုတော့ ဝမ်တောက်ကျောင်းတော်တွင် နှစ်နှစ်ကြာသွားပြီဖြစ်၏။ သူသည် သူ၏ကတိကို တည်ရန် ကျရှုံးခဲ့ပေသည်။
သူထွက်လာတုန်းက မိခင်၏ မခွဲရက်မခွာရက်ဖြစ်နေသော်လည်း ဂုဏ်ယူနေသည့် အကြည့်ကို ပြန်တွေးကြည့်လေတိုင်း___
ရှောင်ချန်းသည် သူ၏ဘဝကိုအဆုံးသတ်ချင်သည့် စိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
‘သူ ဘယ်လိုများ သူ့အမေနဲ့ရင်ဆိုင်ရတော့မလဲ။’
‘အရှက်ခွဲခံ အနှိမ်ခံပြီး နေထိုင်နေရတာထက် သေပစ်လိုက်တာက ပိုမကောင်းဘူးလား။’
ရှောင်ချန်းက သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး နဖူးကို ရိုက်ချတော့မည်အချိန်မှာပင်။
ခြံဝန်းအပြင်ဘက်မှ ရင်းနှီးနေသည့် အသံတစ်သံ ထွက်ပေါ်လာ၏။
“ချန်အာ အမေ သားကို သတင်းကောင်းပြောပြစရာရှိတယ်။”
ထိုအသံကို ကြားသော် ရှောင်ချန်း၏မြှောက်ထားသောလက်က လေထဲတွင်ပဲ ရပ်တန့်သွားတော့၏။
သူသည် ခြံအဝင်ဝကို လှမ်းကြည့်လိုက်သော် ပင်ပန်းနွမ်းနယ်နေသည့် သူ၏အမေက အပေါက်ဝမှနေ၍ သူ့ကို မျက်ရည်စများ ဝေ့ဝဲလျက် အားတင်းပြုံးကာ ကြည့်နေ၏။
ဘုတ်။
ရှောင်ချန်းသည် ဒူးထောက်ကာ ဆိုလိုက်သည်။ “အမေ ဒီသားမိုက်က အမေ့ကို ဒုက္ခဖြစ်စေခဲ့ပါပြီ။”
ကိုယ်လုပ်တောင်ရှောင်က ရှေ့သို့ တက်လာပြီး သူ့ကို ထူမပေးလာသည်။ “အမေ ဘာမှမဖြစ်ပါဘူး သားရယ်။ သားလေးသာ အသက်ရှင် ကျန်းမာနေသရွေ့ အမေ အဆင်ပြေပါတယ်။”
ရှောင်ချန် မည်မျှပင် သန်မာပါစေ ထိုစကားကို ကြားသည့်အခိုက် သူ၏မျက်လုံးများက ချက်ချင်းကို စိုစွတ်သွားသည်။
ဤရက်များအတွင် သူရရှိခဲ့သော စော်ကားအရှက်ခွဲမှု၊ နာကျင်မှုများကအားလုံးက လက်ရှိအချိန်အတွင် သူ၏ရင်ထဲသို့ ထိုးတက်လာခဲ့ပါ၏။
သူက တတ်နိုင်သမျှ မျက်ရည်များကို ထိန်းထားပါသေးသည်။ သူ၏အမေကို သူ့အတွက် ထပ်မံ မစိုးရိမ်စေချင်တော့ပေ။
“ကျေးဇူးတင်ပါတယ်အမေ။”
ဆိုရိုးစကားလည်းရှိပါ၏။ အမေနှင့်သားသမီးကြားက ဆက်နွယ်မှုနှောင်ကြိုးသည် အနက်ရှိုင်းဆုံးဖြစ်သည်။
ကိုယ်လုပ်တော်ရှောင်က ဘယ်လိုများ သူမ၏သား ရှောင်ချန်း၏ ဝမ်းနည်းမှုများကို မသိဘဲနေမလဲ။
သို့သော် သူမသည် လျင်မြန်စွာဖြင့် ပြောလာသည်။
“ချန်အာ စိတ်ဓာတ်မကျနဲ့။ အမေ ဒီလာတာ သားကို သတင်းကောင်းပြောစရာရှိလို့။ သား ဝမ်တောက်ကျောင်းတော်မှာ ဆက်နေလို့ရတယ်တဲ့။ အဲဒီတော့ သားဆက်ကျင့်ကြံလို့ရပြီပေါ့။”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ အမေရာ။”
ရှောင်ချန်း၏မျက်နှာက ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။
သူ၏အမေက တာ့လိန်တိုင်းပြည်၏ တတိယမင်းသား၏ ကိုယ်လုပ်တော်တစ်ဦးမျှသာ။ တာ့လိန်ဧကရာဇ် ကိုယ်တိုင် ကြိုးစားလျှင်ပင် သူ့ကို ဝမ်တောက်ကျောင်းတော်၌ ဆက်နေ၍ရအောင် မလုပ်ပေးနိုင်ပေ။
ဝမ်တောက်ကျောင်းတော်နှင့်ယှဉ်လျှင် တာ့လိန်တိုင်းပြည်ငယ်လေးသည် ဖော်ပြရန်ပင် မထိုက်တန်ချေ။
ကိုယ်လုပ်တော်ရှောင်က ပြောသည်။ “သား မင်း သောင်းပြောင်းပညာရပ်ဌာနကို ကြားဖူးတယ်မလား။ အဲဒီရဲ့ဌာနမှူးက သားကို သူ့ရဲ့ တပည့်အဖြစ် လက်ခံမယ်တဲ့။ အမေကလည်း သားအတွက် သဘောတူထားတယ်။”
“သောင်းပြောင်းပညာရပ်ဌာန...”
ရှောင်ချန်း၏မျက်နှာပေါ်က ရှုပ်ထွေးမှုများ ပျောက်ဆုံးသွားပြီး သဘောက်ပေါက်ပြီဟူသော အမူအရာများ ဝင်ရောက်လာသည်။
ဝမ်တောက်ကျောင်းတော်၌ သူ့ကိုလက်ခံမည့် တစ်ခုတည်းသော နေရာသည် နာမည်ကြီးဆရာသမားလည်း မရှိ ထင်ရှားသည့် ကျောင်းသားလည်း မရှိသည့် သောင်းပြောင်းပညာရပ်ဌာနပင်။
ထို့အပြင် သူသည် သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏လက်ကျန်ဘဝတစ်လျှောက်လုံး သာမန်လူတစ်ဦးအဖြစ်သာ ကုန်ဆုံးရပေတော့မည်။
သူ၏အသက်သည် အန္တရာယ်မရှိတော့သော်လည် ထပ်မံကျင့်ကြံရန် မျှော်လင့်ချက်လည်း မရှိတော့ချေ။
သူမ၏သား တိတ်ဆိတ်နေသည်ကို တွေ့သော် ကိုယ်လုပ်တော်ရှောင်က တိုက်တွန်းလိုက်သည်။ “ချန်အာ အမေ မင်းကို ယုံတယ်။ သားက ဒီလို အခက်အခဲ နည်းနည်းလောက်နဲ့ ရှုံးနိမ့်သွားမဲ့သူ မဟုတ်ပါဘူးကွယ်။ သားသာ ဝမ်တောက်ကျောင်းတော်မှာ ဆက်နေနိုင်သရွေ့ သားအတွက် အခွင့်အရေးက ရှိပါသေးတယ်။”
သူ့အမေ၏မျှော်လင့်ချက်မျက်လုံးများကို ကြည့်လျှက် ရှောင်ချန်းက သူမကို သဘာဝအတိုင်း စိတ်မပျက်စေချင်တော့ပေ။
“အမေ မှန်ပါတယ်။ သား ထပ်ပြီး ကျင့်ကြံနိုင်ဦးမှာပါ။ သား သောင်းပြောင်းပညာရပ်ဌာနကို ဝင်ဖို့ ဆန္ဒရှိပါတယ်။”
“ကောင်းတယ်။ကောင်းတယ်။ ဒါဆို အမေ အခုပဲ ဌာနမှူးကို သွားခေါ်လိုက်မယ်။”
သူမပြောလို့ပြီးသည်နှင့် ကိုယ်လုပ်တော်ရှောင်က သူမ၏မျက်ခမ်းထောင့်မှ မျက်ရည်စများကို သုတ်လိုက်၏။ သူမ၏နှလုံးသားက ထိုအချိန်ကျမှ တင်းကြပ်နေတာကြီး ပြေလျော့သွားရတော့၏။ သူမ၏သားသည် နောက်ဆုံးတွင် ဆက်လက် တိုက်ခိုက်ရန်ဆန္ဒရှိသွားပြီဖြစ်သည်။
ရှောင်ချန်းကဆိုသည်။ “အမေ... ကျွန်တော်လည်း အမေနဲ့အတူ သောင်းပြောင်းပညာရပ်ဌာနမှူးကို လိုက်ပြီး တွေ့မယ်လေ။”
“ကောင်းပြီ။”
အမေနှင့်သားက ခြံဝန်းငယ်လေးမှ အတူတကွ ထွက်လာကြသည်။
ချူဖုန်းသည် သီးခြားခြံဝန်းငယ်လေး၏အပြင်ဘက်တွင်ရပ်ကာ ကောင်းကင်သို့ လေးဆယ့်ငါးဒီဂရီစောင်းငဲ့ကာ ကြည့်နေသည်။ သူ၏ချောမောသည့်မျက်နှာထက်တွင်တော့ ယုံကြည်မှုရှိသည့်အပြုံးတစ်ခု ဖြစ်တည်နေသည်။
ထိုအခိုက် ခြေသံများထွက်ပေါ်လာခဲ့ပြီး သခင်မရှောင်နှင့် သူမ၏သားရှောင်ချန်းတို့ ပေါ်ပေါက်လာသည်။
ချူဖုန်းသည် သူတို့ကို မြင်သည့်အခါ သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွားရပြန်သည်။ သူက သခင်မရှောင် ထိုမျှမြန်မြန်ရောက်လာမည်ဟု မထင်ထားခဲ့ပေ။
ရှောင်ချန်းက ချူဖုန်း၏ရှေ့သို့ ရောက်လာခဲ့ပြီး ခေါင်းအသာငုံ့ကာ အရိုအသေပြုလိုက်၏။”ကျောင်းသား ရှောင်ချန်းက ဌာနမှူးချန်းကို အရိုအသေပြုပါတယ်။”
“လုပ်ထုံးလုပ်နည်းတွေ လုပ်မနေပါနဲ့ကွာ”
ဌာနမှူးချူ ပြောလို့မပြီးဆုံးခင်၌ပင် ရှောင်ချန်းက ရုတ်တရက် ဒူးထောက်လိုက်၏။
“ဌာနမှူး ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ။”
ရှောင်ချန်းသည် သေချာပေါက်ဆုံးဖြတ်ထားသည့်ဟန်ဖြင့် ပြောနေသည်။
ဌာနမှူးချူသည် ထိုကလေးက ဤကဲ့သို့ ဆုံးဖြတ်ချက်ပြတ်သားမည်ဟု မထင်ထားခဲ့ချေ။ ၎င်းက တကယ့်ကို စစ်မှန်သည့် ဇာတ်လိုက်ကျော်မင်းသားတစ်ပါး၏ ပုံစံခွက်အတိုင်းပင်။
သူသည် ရှောင်ချန်းကို ထူမပေးလျက် စကားဆိုသည်။ “အရမ်းကောင်းတယ်။ ငါ မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံတယ်။ ဒီနေ့ကစပြီး မင်းက သောင်းပြောင်းပညာရပ်ဌာနရဲ့ အကြီးဆုံး စီနီယာအစ်ကိုကြီးပဲ။”
“ဆရာ့ကို ကျေးဇူးတင်ပါတယ်။”
ရှောင်ချန်းသည် သောင်းပြောင်းပညာရပ်ဌာန၏ တပည့်ကြီးဖြစ်လာရသည့်အပေါ် များစွာ မတွေးတောချေ။ သူသည် ဝမ်တောက်ကျောင်းတော်၌ ဆက်လက်နေထိုင်ခွင့်ရရန်နှင့် အသက်ဆက်ရှင်သန်ရန်သာ မျှော်မှန်းပါ၏။
“ဒင်။ ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် တပည့်တစ်ယောက်ကို အောင်မြင်စွာ လက်ခံနိုင်ခဲ့ပါတယ်။ ကျင့်ကြံခြင်းဆယ်နှစ်စာနှင့် ဘဝသက်တမ်းဆယ်နှစ်စာ ရရှိပါတယ်။”
ထိုအသံ၏အဆုံး၌ ဌာနမှူးချူသည် သူ၏ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သည့် စိတ်ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။
တစ်ခဏအတွင်းမှာပင် သူသည် ခေါင်းအစ ခြေအဆုံး နွေးထွေးသည့် ခွန်အားများဖြင့် ပြည့်နှက်သွားသည်ကို ခံစားလိုက်ရသည်။
အတော်လေး အံ့ဩစရာကောင်းပါသည်။
ဌာနမှူးချူ၏အပြုံးသည် ပိုမိုကြီးမားတောက်ပလာပြီး သူသည် ရှောင်ချန်းကို ပိုပို၍ပင် သဘောကျလာသည်။
ရှောင်ချန်းသည် ဌာနမှူးချူ၏အကြည့်ကြောင့် စိတ်လှုပ်ရှားသွားပြီး အလိုလို မေးခွန်းထုတ်လိုက်မိသည်။ “ဆရာ ကျွန်တော်တို့အခု ဘာလုပ်ကြမလဲဗျ။”
ဌာနမှူးချူသည် ချက်ချင်းပင် ရုပ်ပြန်တည်လိုက်ပြီး စကားဆိုသည်။ “အခု ငါတို့ ကျောင်းမှတ်တမ်းအခန်းကို သွားပြီး မင်းရဲ့ဝင်ခွင့်ကို လွှဲပြောင်းယူရမယ်။ ငါ လူတိုင်းကို ရှောင်ချန်းဆိုတဲ့မင်းက ငါ့တပည့်ဆိုတဲ့အကြောင်း သိစေချင်တယ်။”
“ဒီနေ့ကစပြီး ငါက မင်းရဲ့ ကျောထောက်နောက်ခံပဲ။ ဘယ်သူမှ မင်းအပေါ် ထပ်ပြီး မတိုက်ခိုက်စေရဘူး။”
ထိုသည်ကို ကြားသော် ရှောင်ချန်းသည် သူ၏နှလုံးသားထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။ စော်ကားတိုက်ခိုက်မှုများကို ခံစားရပြီးနောက် ဌာနမှူးချူ၏စကားလုံးများသည် သူ့ကို နက်ရှိုင်းစွာ ခံစားသွားရစေသည်။ သူ၏နှလုံးသားထဲတွင် တိတ်တဆိတ်ဟစ်ကြွေးလိုက်သည်။ ‘ဒီနေ့ကစပြီး ငါ့ရဲ့ဆရာ့အပေါ် သစ္စာရှိမယ်။ သူကို တခြားဘယ်သူမှ စကားလုံးနဲ့တောင် မစော်ကားစေရဘူးကွ။’
“ကျေးဇူးတင်ပါတယ် ဆရာ။ ဒီနေ့ကစပြီး ရှောင်ချန်းရဲ့အသက်ကို ဆရာပိုင်သွားပါပြီ။”