ချူဖုန်းသည် ကျယ်ပြောလှပြီး ထူးခြားဆန်းကြယ်မှုများ ပြည့်နှက်နေသည့် ရွှမ်ထျန်းတိုက်ကြီးသို့ ကူးပြောင်းလာခဲ့သည်။ ထိုကမ္ဘာကြီးတွင် ခွန်အားသည်သာ အရာအားလုံးကို အဆုံးအဖြတ်ပေး၏။ သို့သော် ကံမကောင်းသည်က သူသည် အခြားသူများကဲ့သို့ မကျင့်ကြံနိုင်ချေ။ ကံကြမ္မာက သူ့ကို အားနည်းပြီး အသုံးမဝင်သည့်သူ တစ်ဦးဖြစ်လာစေရန် စီစဉ်ထားခဲ့ဟန်ရှိသည်။ သို့သော် ရုတ်တရက်ကြီး ထူးဆန်းသည့်စနစ်တစ်ခု နိုးထလာခဲ့ပါ၏။ ထိုစနစ်က သူ့ကို တပည့်လက်ခံခြင်းဖြင့် ပိုမိုသန်မာလာစေပါသည်။ ကျင့်ကြံခြင်းနည်းစနစ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ ကင်းမဲ့သည့် ချူဖုန်းခမျာ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဖြီးဖြန်းခြင်းပေ။ ထို့ကြောင့် သူသည် စနစ်ကို လှည့်စားပြီး ပိုမိုသန်မာလာစေရန် မျှော်လင့်ချက်လေးဖြင့် တပည့်များကို စတင်လက်ခံပြီး သိုင်းပညာများကို ဖန်တီးကာ အဓိပ္ပာယ်မရှိသည့် သင်ကြားမှုများကို စတင်တော့သည်။ သူလုံးဝမမျှော်လင့်ထားခဲ့သည်က ထိုတပည့်များက သူ၏အဓိပ္ပာယ်မရှိသည့် သင်ကြားမှုများကို တတ်မြောက်ပြီး ဆရာသခင်များဖြစ်လာကြလိမ့်မည်ကိုပင်။ ထို့အပြင် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသည်အထိ စွမ်းအားကြီးလာကြပြီး ကမ္ဘာကြီးကိုပင် သူတို့၏ခွန်အားဖြင့် ထိတ်လန့်စေခဲ့သည်။ နှစ်တစ်ရာကြာပြီးနော် သူ၏တပည့်များသည် ကျင့်ကြံခြင်းကမ္ဘာ၏အထွတ်အထိပ်သို့ရောက်လာသည်။ တစ်ယောက်ချင်းစီတိုင်းကလည်း ဒဏ္ဍာရီလာ ဧကရာဇ်များဖြစ်ကြသည်။ ချူဖုန်းသည် မယုံကြည်မှုများစွာဖြင့် ရေရွတ်လိုက်သည်။ "ငါ လျှောက်ဖန်တီးထားတဲ့ကျင့်စဉ်တွေနဲ့ မင်းတို့က ဘယ်လိုလုပ်ပြီး ဧကရာဇ်ဖြစ်လာကြတာလဲကွ"

