← Chapters

ဓားမျှော်စင်၏ သတ္တမအဆင့်

Vol. 30 Ch. 300

ဓားမျှော်စင်၏ သတ္တမအဆင့်

Vol. 30 Ch. 300

ရှောင်ချန်း ဓားမျှော်စင်၏ သတ္တမအဆင့်သို့ ဦးတည်နေသော လှေကားထစ်များပေါ်သို့ ဖြည်းညှင်းစွာ တက်သွားသည်။ သူ့ ခြေလှမ်းများသည် တည်ငြိမ်လှသည်။

ခဏအကြာတွင် သူ မျှော်စင်၏ သတ္တမအဆင့်သို့ တက်လှမ်းသွားသည်။

သူ့ ရှေ့တွင် အကြီးအကဲတစ်ဦး ကျင့်ကြံနေသည့် အခန်းတစ်ခန်း ပေါ်လာ၏။ အကြီးအကဲသည် ရှောင်ချန်း၏ ခြေသံများကို မကြားဟန်ပင်။ သူ့ မျက်လုံးများကို မှိတ်ထားပြီး ငြိမ်သက်နေပါ၏။

ရှောင်ချန်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့ ခြေထောက် ကျဆင်းသွားသည့်အခါ ဓားဆန္ဒတစ်ခု သူ့အပေါ် ဖိကျလာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ အကယ်၍ သူ နောက်ထပ် ခြေတစ်လှမ်း လှမ်းရဲပါက အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရမည် ဟူသော တိတ်တဆိတ်သတိပေးချက် တစ်ခုပင် ဖြစ်သည်။

သို့တိုင်အောင် ရှောင်ချန်း နောက်မဆုတ်ပေ။ သူ ရှေ့သို့ နောက်တစ်ကြိမ် ခိုင်မာစွာ ခြေလှမ်းလိုက်သည်။

ခြေတစ်လှမ်း လှမ်းတိုင်း ပတ်ဝန်းကျင်ရှိ ဓားဆန္ဒက ပိုမို ပြင်းထန်လာသည်။ သတ္တမမြောက်ခြေလှမ်းသို့ ရောက်သောအခါ ၎င်းက ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

ထိုအခိုက်တွင် သူ့ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်။ သူ့ ရှေ့က အကြီးအကဲသည် ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်သော ဓားရှည် တစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရှောင်ချန်း ခဏတာ ရပ်တန့်သွားပြီးနောက် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ဂျူနီယာရှောင်ချန်း စီနီယာ့ကို ဂါရဝပြုပါတယ်”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

နက်ရှိုင်းသော အသံတစ်သံ ဓားအတွင်းမှ ထွက်လာပြီးနောက် မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။ “မင်း ဘာလို့ ဆက်မလာတော့တာလဲ”

ရှောင်ချန်း ပြုံးပြီး ပြန်ဖြေသည်။ “ဒီဂျူနီယာက အရိုအသေ ပေးနေတာပါ။ ဒါက ယဉ်ကျေးမှု တစ်ခုပါ။ စီနီယာ ခွင့်ပြုချက် မရှိဘဲ ဆက်သွားတာက ရိုသေမှု မရှိသလို ဖြစ်သွားပါလိမ့်မယ်”

“ဟားဟားဟား”

ဓား အတွင်းမှ ရယ်မောသံများ ထွက်ပေါ်လာသည်။ “မင်းက တကယ် ကြောက်နေတာလား၊ ဒါမှမဟုတ် ယဉ်ကျေးနေတာလား ဆိုတာ ငါ မခွဲခြားတတ်ဘူး။ မင်း ငါ့ရဲ့ သုံးပေအတွင်းကို ရောက်အောင် လာနိုင်ရင် ငါ့ဓားတာအိုကို မြင်ရမယ်”

ရှောင်ချန်း ဦးညွှတ်လိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ”

ထိုသို့ပြောပြီးနောက် သူ ရှေ့ဆက်တိုးလိုက်သည်။

ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ရှောင်ချန်း ရှေ့က လမ်းကြောင်း တစ်ခုလုံး ပြောင်းလဲသွားသည်။ သူ့ ပတ်လည်တွင် မီးပင်လယ်တစ်ခု ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုသွားသည်။

မီးတောက်အတွင်းတွင် ဓားချီများသည် သူ့ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ ဓားချီများသည် သူ့ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး သူ့ ဝိညာဉ်နှင့် အတွင်းအင်္ဂါများဆီသို့ ဦးတည်သွားကြ၏။

ဓားအရှိန်အဝါတစ်ခု သူ့ နှလုံးသားကို ထိမှန်သွားစဉ် အတွင်းမှ အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး တိုက်ခိုက်မှုကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချူဖုန်း၏ ပုံရိပ်သည် ရှောင်ချန်း စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ မြောင်တောင် ပေါ်ရှိ ရေတံခွန် အောက်တွင် ဓားလေ့ကျင့်ခဲ့သည့် နေ့ရက်များဆီသို့ သူ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ချူဖုန်း ဖြည်းညှင်းစွာ လှည့်လာပြီး စကားပြောသည်ကို သူ မြင်လိုက်ရသည်။ “ ဓား ကျင့်ကြံသူ တစ်ယောက်ရဲ့ ခွန်အားကို ကျင့်ကြံမှု အဆင့်နဲ့ မဆုံးဖြတ်ဘူး။ ဓား နှလုံးသား နဲ့ တာအို နှလုံးသား ရဲ့ ပြတ်သားမှုနဲ့ပဲ ဆုံးဖြတ်တာ။ စစ်မှန်တဲ့ ဓားကျင့်ကြံသူ တစ်ယောက်က ပြိုင်ဘက်ရဲ့ ရှေ့မှာမှ နောက်မတွန့်ရဘူး။ ဓားကို ဆွဲထုတ်လိုက်ရင် သေဆုံးခြင်းပဲ ရှိတယ်။ ဘယ်တော့မှ နောက်မဆုတ်နဲ့ “

ထိုစကားစုက ရှောင်ချန်း၏ စိတ်ထဲတွင် ပေါက်ကွဲသွားသည်။ သူ မြင်ရသမျှ အရာအားလုံးကို လျစ်လျူရှုပြီး မျက်လုံးများကို မှိတ်ကာ ပြိုင်ဘက်ကင်း ဓားဆန္ဒကို ထုတ်လွှတ်လိုက်၏။

သူ့ဝိညာဉ်သည် ဓားချီများဖြင့် ထိုးဖောက်ခံနေရသည့်တိုင် သူ ပြတ်သားသော ခြေလှမ်းများဖြင့် ရှေ့သို့ တစ်လှမ်းချင်း တိုးသွားတော့သည်။

သူ ခြေတစ်လှမ်း လှမ်းတိုင်း သူ့ ပတ်လည်ရှိ မီးပင်လယ်က လျော့နည်းသွားသည်။

ဓားမျှော်စင် အတွင်း၌

သတ္တမအဆင့်ကို စောင့်ကြပ်နေသော ဓားဝိညာဉ်သည် ထိုမြင်ကွင်းကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။ “ဒီလူငယ်လေးဆီမှာ တစ်ခုခု ရှိနေတာပဲ။ မဟုတ်ရင် အဲဒီ ကောင်လေးဆယ့်နှစ်ယောက်က သူ့ကို သတ္တမ အဆင့်ဆီ သွားခွင့်ပြုမှာ မဟုတ်ဘူး။ မင်းက ဓားလမ်းစဉ် မှာ ဘယ်လောက်အထိ ရောက်နိုင်မလဲ၊ ပြီးတော့ ဘယ်လို တာအို မျိုးကို ဖန်တီးမလဲ ဆိုတာကို ငါ သိချင်မိတယ်”

သူ ပြောနေရင်း လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ မီးတောက်များ ပိုမို ပြင်းထန်လာသည်။

သို့သော် ရှောင်ချန်း ဘာကိုမျှ မခံစားရတော့သည့်အလား လောင်ကျွမ်းနေသော မီးတောက်များ သူ့ ခန္ဓာကိုယ်ကို လွတ်လပ်စွာ ဝါးမျိုခွင့် ပြုထားလိုက်သည်။

နေ့ရက်များ ကုန်လွန်သွားသည်။ မီးပင်လယ်အတွင်း သူ မည်မျှ ကြာအောင် လမ်းလျှောက်ခဲ့သလဲ ဆိုသည်ကို ရှောင်ချန်း မသိတော့ပေ။

သို့သော် သူ့ ဓားနှလုံးသားက ပိုမို ခိုင်မာလာပြီး သူ့ အတွင်း၌ ပြိုင်ဘက်ကင်းဓားဆန္ဒများ ပိုမို စုစည်းလာသည်ကို ရှင်းလင်းစွာ ခံစားနိုင်သည်။

မီးတောက်များကို ဖြတ်သန်းပြီးနောက် ရှောင်ချန်း ရှေ့တွင် ဧရာမ ရေခဲတောင်ကြီး တစ်ခုကို မြင်လိုက်ရသည်။ သူ ထိုဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်ရုံ ရှိသေးသော်လည်း သူ့ ခြေထောက်က ချက်ချင်း အေးခဲသွားတော့သည်။

ရှောင်ချန်း နောက်မဆုတ်ပေ။ သူ့ မျက်လုံးထဲတွင် ဤသည်မှာ ပြိုင်ဘက်ကင်း ဓားလမ်းစဉ် သို့ သွားရာ လမ်းပေါ်ရှိ ခြေလှမ်းတစ်လှမ်းသာ ဖြစ်သည်။

သူ ရှေ့သို့ ဆက်သွားလိုက်သည်။

ဂျွတ်... ဂျွတ်...

ရေခဲများ ကွဲအက်သွားသော အသံသည် ရေခဲမြစ် ၏ တိတ်ဆိတ်မှုကြားတွင် ထွက်ပေါ်လာသည်။

ယခုအခါ ရှောင်ချန်း သူ့ နှလုံးသားကို မျက်လုံးအဖြစ် အသုံးပြုပြီး ဓားဆန္ဒကို လမ်းပြအဖြစ် အသုံးပြုလိုက်သည်။ သူ့ နှလုံးသား ညွှန်ပြရာ နေရာတိုင်းသို့ သူ့ ဓားဆန္ဒက လိုက်ပါသွား၏။

ဤလမ်းကြောင်း၏ အဆုံးတွင် ရှိနေသည့်အရာကို သူ မသိခဲ့ပေ။ သူ ဓားဆန္ဒ တစ်ခုတည်းကိုသာ အသုံးပြု၍ ကိုယ်ပိုင်တာအို ကို ဖန်တီးချင်ရုံ သက်သက်သာ ဖြစ်သည်။

ရေခဲမြစ်ကို ဖြတ်ကျော်ပြီးနောက် သူ ဓားတာအို မှ ဖန်တီးထားသော စိမ့်ညွန်တောကြီး တစ်ခုထဲသို့ ဝင်ရောက်သွားသည်။ သူ ရောက်သွားသည့်အခါ ခွန်အားများ ချိတ်ပိတ်ခံလိုက်ရသည့်အလား ထူးဆန်းသောခံစားချက်တစ်ခု ရှောင်ချန်း ကို ရိုက်ခတ်သွား၏။

အံကို တင်းတင်းကြိတ်ရင်း ရွှံ့နွံတောကို ဖြတ်၍ သူ့ ဓားဆန္ဒ အပေါ်တွင်သာ အပြည့်အဝ အားကိုးလိုက်သည်။

အချိန်များ ကုန်လွန်လာပြီး နောက်ဆုံးတွင် သူ စိမ့်ညွန်တောထဲမှ ထွက်လာခဲ့သော်လည်း မိုးထိအောင် မြင့်မားသော ဓားတောင်တစ်တောင်က သူ့ကို ဆီးကြိုနေပြန်သည်။

မရေမတွက်နိုင်သော အဖိုးတန်ဓားများကို တောင်စောင်း တစ်လျှောက် စိုက်ထားပြီး တောင်ထွတ်သို့ ဦးတည်နေသော လှေကားများကို သင်တုန်းဓားကဲ့သို့ ထက်မြက်သော ဓားသွားများဖြင့် ဖန်တီးထားသည်။

ရှောင်ချန်းသည် ပြတ်သားစွာ တောင်ပေါ်သို့ တက်သွားခဲ့သည်။

ခြေတစ်လှမ်း လှမ်းတိုင်း သူ့ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ အသစ်တစ်ခု ထွင်းထုခံလိုက်ရသည်။ သို့သော် ဤဒဏ်ရာများက သူ့ ဆုံးဖြတ်ချက်ကို မတုန်လှုပ်စေပေ။ ယင်းအစား ၎င်းတို့က သူ့ကို ပိုမို ခိုင်မာပြတ်သားစေသည်။

သူ ဓားတောင်ကို ကျော်ဖြတ်ကာ ဓားတောအုပ်ကို ဖြတ်သန်းသွားခဲ့သည်။

ထို့နောက် ရင်းနှီးနေသော အသံတစ်သံ သူ့ နားထဲတွင် ပဲ့တင်ထပ်လာသည်။ “လူငယ်လေး... မင်း ဒီအဘိုးကြီးကို တကယ်ပဲ အံ့အားသင့်စေခဲ့ပြီ”

၎င်းကို ကြားသောအခါ ရှောင်ချန်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ ထိုအခါ သူ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ သူ့ ခန္ဓာကိုယ်တွင် မည်သည့် ဒဏ်ရာမျှ မရှိတော့ပေ။ ယခုအခါ သူ အကြီးအကဲ ၏ ရှေ့တွင် ရပ်နေသည်။

“ထိုင်ပါ”

မျှော်စင်ဝိညာဉ်က စကားပြောလိုက်ပြီး ရှောင်ချန်း၏ ရှေ့တွင် အခင်းတစ်ခု ပေါ်လာစေရန် ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြလိုက်သည်။

ရှောင်ချန်း လေးစားစွာ ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာ”

ရှောင်ချန်း ထိုင်လိုက်သည်ကို မြင်သောအခါ မျှော်စင်ဝိညာဉ်က ဆက်ပြောသည်။ “လူငယ်လေး ငါထင်တာ မမှားဘူး ဆိုရင် မင်း လျှောက်နေတဲ့ လမ်းစဉ်က ပြိုင်ဘက်ကင်းဓားလမ်းစဉ် မဟုတ်လား”

ရှောင်ချန်း ပြန်ဖြေသည်။ “စီနီယာ့ ရဲ့ အမြင်က တိကျပါတယ်”

မျှော်စင်ဝိညာဉ်က သူ့ မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်သည်။ “မင်း ဓားတာအိုကို ငါ ရှင်းရှင်းလင်းလင်း နားလည်တယ်။ ဒါပေမဲ့ မင်း အသုံးပြုနေတဲ့ ကျင့်ကြံခြင်း နည်းစနစ်ကိုတော့ နားမလည်ဘူး။ ပုံမှန်အားဖြင့် မင်းရဲ့ ဓားဆန္ဒက ပြီးပြည့်စုံနေပြီ ဖြစ်သလို ဓားလမ်းစဉ်ကိုလည်း နားလည်ထားတော့ ငါ့ ဒြပ်စင်ငါးပါး ဓားလမ်းမကို ဖြတ်သန်းသွားပြီးရင် မင်း ဓားတာအိုရဲ့ စစ်မှန်အနှစ်သာရဆီ‌ ရောက်သွားသင့်တယ်”

“ဒါပေမဲ့ မင်း အဲဒီကို ရောက်ဖို့ ခြေလှမ်းတစ်ဝက် လိုနေသေးတာ သတိထားမိတယ်။ မင်း ဘယ်လို ကျင့်စဉ်မျိုးကို ကျင့်ကြံနေလဲ ဆိုတာ ပြောပြဖို့ ဆန္ဒရှိလား”

ရွှမ်ထျန်းတိုက်ကြီးတွင် အားနည်းချက်များကို အခွင့်ကောင်းယူခံရမည် စိုးရိမ်သဖြင့် ကျင့်ကြံသူများသည် သူတို့နည်းစနစ်များကို တခြားသူများအား ဖွင့်ဟပြောပြလေ့ မရှိကြချေ။

ရှောင်ချန်း ပြုံးလိုက်သည်။ “ရိုးရိုးသားသား ပြောရရင် ကျွန်တော်က ဓားတစ်သောင်းတို့အပြန် ကို ကျင့်ကြံတာပါ။ ဒီဓားပညာက ပြိုင်ဘက်ကင်း ဓား တစ်လက်ကို ဖန်တီးဖို့ ဂိုဏ်းပေါင်းတစ်ရာရဲ့ အနှစ်သာရကိုယူဖို့ အလေးပေးပါတယ်”

မျှော်စင်ဝိညာဉ်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ “လူငယ်လေး... မင်းရဲ့ ဓား လမ်းစဉ် က တကယ်ကို လူနည်းနည်းပဲ လျှောက်လှမ်းနိုင်တဲ့ လမ်းစဉ်ပဲ။ ဓား တာအို ရဲ့ အနှစ်သာရဆီ ရောက်ဖို့ မင်းကို လမ်းညွှန်ပေးဖို့ဆိုတာ ငါ့အတွက်တောင် ခက်ခဲတယ်။ ငါ လုပ်ပေးနိုင်တာက ငါ ကျင့်ကြံထားတဲ့အရာကို မင်းနဲ့ မျှဝေပေးဖို့ပဲ။ အဲဒါက ဒြပ်စင်ငါးပါး ဓားနည်းစနစ်ပဲ”

“လမ်းညွှန်ပေးဖို့ တောင်းဆိုပါတယ်”

မျှော်စင်ဝိညာဉ် ဖြည်းညှင်းစွာ စတင် ပြောကြားလာသည်။ “ဒြပ်စင်ငါးပါး မှာ သတ္တု၊ သစ်သား၊ ရေ၊ မီး နဲ့ မြေ တို့ ပါဝင်တယ်”

ရှောင်ချန်း၏ စမ်းသပ်မှု ပြီးဆုံးသွားသည့် အချိန်မှာပင် ချောင်ရို့ချန်သည် ငရဲမြစ် အတွင်းရှိ သူ့ လမ်းကြောင်း အဆုံးသတ်သို့ နီးကပ်လာနေပြီ ဖြစ်သည်။ နီဗားနားရှင်သန်ခြင်းအဆင့် ဝိညာဉ်တစ်စုက သူ့ လမ်းကို ပိတ်ဆို့ထားသည်။

ချောင်ရို့ချန်သည် နီဗားနားရှင်သန်ခြင်းအဆင့် ဝိညာဉ် အုပ်ကို ကြည့်လိုက်ပြီး သူ့ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ သူတို့ကို လက်ညှိုးဖြင့် ကွေးကာ ခေါ်လိုက်သည်။ “အားလုံး တစ်ပြိုင်တည်း လာခဲ့ကြ။ ငါအချိန် သိပ်မရဘူး”

All Chapters