အခန်း (၄၅၅)
Vol. 46 Ch. 455
“ဟတ်ချိုး...”
မီးနတ်ဘုရားဂိုဏ်း၏ ဘဏ္ဍာတိုက်အတွင်း၌
ချောင်ရို့ချန် ဘာအကြောင်းပြချက်မှမရှိဘဲ ရုတ်တရက် နှာချေလိုက်မိသည်။
သူ နှာခေါင်းကို ပွတ်သပ်ရင်း တိုးတိုးရေရွတ်လိုက်၏။
“ထူးဆန်းတာပဲ... ဘယ်သူက ငါ့ကွယ်ရာမှာ ဒီမြင့်မြတ်သားတော်ရဲ့ မကောင်းကြောင်းကို ပြောနေတာလဲ”
မဟာပဏ္ဍိတပါပေါင် တဟားဟား ရယ်မောကာ ပြောလိုက်သည်။
“မြင့်မြတ်သားတော် မီးနတ်ဘုရားဂိုဏ်းက အဲဒီနတ်ဆိုးတွေ ဖြစ်ဖို့များပါတယ်။ အချိန်ကို တွက်ကြည့်ရင် သူတို့တွေ အင်အားစု သုံးခုရဲ့ ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တွေ့နေလောက်ပြီ။ ဒီညမကုန်ခင်မှာ မီးနတ်ဘုရားဂိုဏ်းဟာ လူရိုင်းဒေသ ပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။”
“ဦးလေးပါပေါင်... ဦးလေး ဒီလောက်အထိ ထက်မြက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူ”
ချောင်ရို့ချန် စနောက်လိုက်၏။
မဟာပဏ္ဍိတပါပေါင် ချက်ချင်း ဆွံ့အသွားသည်။
သူ၏ အမူအရာကို မြင်လိုက်ရသောအခါ ချောင်ရို့ချန်က သူ့ပခုံးကို ပုတ်ရင်း ဆိုလိုက်၏။
“ဦးလေး စိတ်ထဲမထားပါနဲ့။ ကျွန်တော် စတာပါ”
“ငါကတော့ မင်းစကားတစ်ခွန်းမှ မယုံဘူး”
ပါပေါင်က တိုးတိုးရေရွတ်ရင်း သူ့ကို လျစ်လျူရှုကာ ဘဏ္ဍာတိုက်ထဲမှ ရတနာများကို သူ့ သိုလှောင်လက်စွပ်ထဲသို့ ဆက်လက်သိမ်းဆည်းနေတော့သည်။
ဤရတနာများဖြင့်ပင် သူ့ကျင့်ကြံခြင်းအဆင့်ကို အဆင့်အနည်းငယ်အထိ တိုးတက်လာစေရန် လုံလောက်လှပေသည်။
ရတနာတစ်ခုချင်းစီ သူ့လက်ထဲသို့ ရောက်ရှိလာသည်နှင့် ပါပေါင်၏ရင်ထဲမှ မကျေနပ်မှုများသည်လည်း အစအနမျှပင်မကျန် ပျောက်ကွယ်သွား၏။
အမှန်တကယ်ပင်။ မြင့်မြတ်သားတော်နောက်သို့ လိုက်ပါခြင်းသည် အမြဲတမ်း ရိက္ခာ အလျှံပယ် ရရှိစေသည်။ ညီလေးရွှမ်ကျင်း ပြန်ရောက်လာပြီး သူရရှိခဲ့သည့် အကျိုးအမြတ်များကို သိသွားလျှင် လိုက်မလာခဲ့တာကို သေချာပေါက် နောင်တရလိမ့်မည်။
နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိသောအခါ
မီးနတ်ဘုရားဂိုဏ်းအတွင်း၌ ချောင်ရို့ချန်တို့အဖွဲ့သာလျှင် အသက်ရှင်လျက် ကျန်ရစ်တော့သည်။
သူနှင့်အတူ လိုက်ပါလာခဲ့သော ခုနစ်ဆယ့်နှစ်ဦးစလုံးသည်လည်း စိတ်ဓာတ်များ အလွန်တက်ကြွနေကြ၏။
ချောင်ရို့ချန်က လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြုံးလိုက်သည်။
“အားလုံးပဲ ရလဒ်ကောင်းတွေ တော်တော်လေး ရခဲ့ကြတဲ့ပုံပဲ”
ခြင်္သေ့ရူးမင်းသား စပ်ဖြီးဖြီး ပြုံးပြလိုက်သည်။
“ဒါတွေအားလုံးက မြင့်မြတ်သားတော်ရဲ့ ကျေးဇူးကြောင့် အခုလို အမြတ်အစွန်းအများကြီး ရခဲ့တာပါ”
“မင်းတို့ မီးနတ်ဘုရားဂိုဏ်းတစ်ခုလုံးကို ရှာဖွေပြီးပြီလား”
ချောင်ရို့ချန် မေးမြန်းလိုက်သည်။
ခြင်္သေ့ရူးမင်းသားက ခေါင်းကို ခါယမ်းလိုက်၏။
“မရှာရသေးပါဘူး၊ ကျွန်တော်တို့ ဆယ်ပုံပုံ တစ်ပုံလောက်ပဲ ရှာရသေးတာ။ အချို့ တော်ဝင်စံအိမ်တွေနဲ့ ဂူဗိမာန်တွေကို အခုထိ မရှာဖွေရသေးဘူး”
သူတို့က မရှာဖွေချင်၍ မဟုတ်ဘဲ အင်အား မလုံလောက်ခြင်းကြောင့်ပင်။
သူတို့အနေဖြင့် ချောင်ရို့ချန်နှင့် သူ၏အဖော်များ လှုပ်ရှားလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနိုင်ကြလေ၏။
ခဏမျှ တွေးတောပြီးနောက် ချောင်ရို့ချန်က ပြောလိုက်သည်။
“ဒါဆိုရင် ဒီနေ့တော့ ဒီမြင့်မြတ်သားတော်ကိုယ်တိုင် မင်းတို့အားလုံးကို ဦးဆောင်ပြီး အကုန်ပြောင်တဲ့အထိ ရှာဖွေပေးမယ်”
၎င်းကို ကြားလိုက်ရသောအခါ လူအုပ်ကြီး၏ မျက်နှာများထက်တွင် ဝမ်းသာပီတိဖြစ်မှုများ လင်းလက်သွားခဲ့သည်။ သူတို့က တညီတညွတ်တည်း ပြောလိုက်ကြ၏။
“မြင့်မြတ်သားတော်ကို ကျေးဇူးတင်ပါတယ်”
ချောင်ရို့ချန်မှာ သူ့နောက်လိုက်များကို ဦးဆောင်ကာ မီးနတ်ဘုရားဂိုဏ်းကို ဆက်လက်လုယက်နေစဉ်မှာပင် အခြားသော အင်အားစု နှစ်ခုသည် အကြွင်းအကျန်များကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပြီးနောက် ပင်မယဇ်ပလ္လင် တည်ရှိရာ အရပ်မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေကြပြီ ဖြစ်သည်။
ညနေစောင်းအချိန်သို့ ရောက်သောအခါ အင်အားစု သုံးခုသည် မီးနတ်ဘုရားဂိုဏ်း ဌာနချုပ်၏ အပြင်ဘက်တွင် ဆုံတွေ့မိကြလေ၏။
မဟာပဏ္ဍိတရွှမ်ကျင်းကို မြင်တွေ့လိုက်ရသည်နှင့် မဟာပဏ္ဍိတကွေ့လီ ချက်ချင်းပင် ပြောလိုက်သည်။
“တာအိုမိတ်ဆွေရွှမ်ကျင်း မင်းတို့ ဘီလူးနတ်ဘုရားကျောင်းတော်ရဲ့ ဒီတစ်ကြိမ် လုပ်ရပ်ကတော့ တကယ်ကို သိက္ခာမဲ့လွန်းတယ်”
ရွှမ်ကျင်းသည် ထိုအဘိုးကြီး ဆိုလိုသည့်အရာကို ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။
သူက ပြုံးကာ ဆိုလိုက်သည်။
“တာအိုမိတ်ဆွေ... ငါ့ရဲ့ ဘီလူးနတ်ဘုရားကျောင်းတော်က ဘယ်နေရာမှာ မှားယွင်းသွားလို့လဲဆိုတာ မေးပါရစေဦး။ ကျေးဇူးပြုပြီး ငါ့ကို လမ်းညွှန်ပြသပေးပါ”
ကွေ့လီသည် သူ၏မျက်လုံးများကို မှေးစိုက်လိုက်ပြီး သူ၏ အပြုံးမှာ အေးစက်ကာ ထက်မြက်လှ၏။
“ငါတို့ သုံးဦးစလုံး မီးနတ်ဘုရားဂိုဏ်းရဲ့ ဌာနချုပ်ကို အတူတူ တိုက်ခိုက်ဖို့ သဘောတူထားကြတာ။ ဒါဆို ဘာဖြစ်လို့ မင်းတို့ ဘီလူးနတ်ဘုရားကျောင်းတော်က လူတွေကို ကြိုတင်ပြီး တိတ်တဆိတ် စေလွှတ်ထားရတာလဲ”
ဓားကြီးမြင့်မြတ်နယ်မြေမှ မဟာပဏ္ဍိတ နှစ်ဦးမှာမူ ဘာစကားမှ မဆိုကြပေ။ သူတို့မှာ အခြေအနေကို စောင့်ကြည့်ရင်း ဘေးဘက်တွင်သာ ရပ်နေကြသည်။
သူတို့သည်လည်း ဘီလူးနတ်ဘုရားကျောင်းတော်၏ လုပ်ရပ်အပေါ် ဇဝေဇဝါ ဖြစ်နေကြ၏။ အကယ်၍ သူတို့၏ စစ်တပ်များသာ စတင်ထွက်ခွာခြင်း မရှိခဲ့ပါက မီးနတ်ဘုရားဂိုဏ်း၏ အကြွင်းအကျန်များမှာ လွတ်မြောက်သွားနိုင်ပေသည်။
ထို မဟာပဏ္ဍိတ အနည်းငယ်သာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါက အကျိုးဆက်မှာ အလွန်ပင် ဆိုးရွားလှပေလိမ့်မည်။
ရွှမ်ကျင်း တည်ငြိမ်စွာ မေးလိုက်သည်။
“မင်း ဆိုလိုတာက မြင့်မြတ်သားတော် တစ်ဦးတည်း နတ်ဆိုးချိုင့်ဝှမ်းထဲကို ဝင်ရောက်ပြီး မီးနတ်ဆိုးနတ်ဘုရားကို နှိမ်နင်းလိုက်တဲ့ ကိစ္စကို ပြောတာလား”
“အတိအကျပဲ”
ကွေ့လီက ပြန်ဖြေလိုက်သည်။ ထိုအဘိုးကြီးက ဤမျှအထိ လွယ်လွယ်ကူကူ ဝန်ခံလိမ့်မည်ဟု မထင်ထားသဖြင့် သူ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ရွှမ်ကျင်းက ဆက်လက်၍ ဆိုသည်။
“ရှင်းပြနေစရာ ဘာမှမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက မြင့်မြတ်သားတော်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ငါက မဟာပဏ္ဍိတ အဆင့်အတန်း ရှိတယ်ဆိုပေမဲ့ ရာထူးအရ အရဆိုရင် မြင့်မြတ်သားတော်ကို မမီဘူး။ အင်အားချင်း ယှဉ်ရင်လည်း ငါက သူ့ရဲ့ လက်အောက်ခံ အရှုံးသမားတစ်ယောက်ပဲ။ သူ ဘာလုပ်လုပ် ငါ့အနေနဲ့ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူး”
ထိုစကားများကို ကြားလိုက်ရသောအခါ ရှိနေကြသော မဟာပဏ္ဍိတ လေးဦးစလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
မဟာပဏ္ဍိတရွှမ်ကျဲ့ အေးစက်စွာ ပြောလိုက်၏။
“တာအိုမိတ်ဆွေရွှမ်ကျင်း... မင်းက ဒီလို ဆင်ခြေမျိုးနဲ့ ငါတို့ကို ငတုံးတွေလို့ သတ်မှတ်ပြီး လှည့်စားမလို့လား”
“ငါက အမှန်တရားကိုပဲ ပြောတာပါ”
ရွှမ်ကျင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ခဏမျှ အသာအယာ ရပ်တန့်ပြီးနောက် သူက ဆက်၍ဆိုလိုက်၏။
“တကယ်လို့ တာအိုမိတ်ဆွေတို့က သံသယဝင်နေတယ်ဆိုရင် မိတ်ဆွေ ရွှမ်ကျဲ့ ၊ ဟေးမင်တို့ အနေနဲ့ အချိန်ကျလာတဲ့အခါ မြင့်မြတ်သားတော်ရဲ့ အင်အားကို ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်”
“တာအိုမိတ်ဆွေ မင်း လွန်လွန်းနေပြီ”
မဟာပဏ္ဍိတဝူဖုန်း မကျေမနပ်ဖြင့် စကားဆိုလိုက်၏။
သူက လူရိုင်းဒေသ၏ အဝေးတစ်နေရာတွင် ရှိနေခဲ့သော်လည်း အမျိုးမျိုးသော မြင့်မြတ်နယ်မြေများမှ မြင့်မြတ်သားတော်များသည် ယေဘုယျအားဖြင့် နီဗားနားရှင်သန်ခြင်းအဆင့်မျှသာ ရှိကြောင်း ကောင်းစွာ သိရှိထားလေ၏။
အထွတ်အထိပ် ရတနာများကို အသုံးမပြုဘဲနှင့် သူတို့အနေဖြင့် သူတော်စင်တစ်ပိုင်းတစ်ဦး၏ လက်ထဲမှ လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်ပေ။ ထိုသူကို ဖိနှိပ်ရန်ဆိုသည်မှာ သာ၍ပင် မဖြစ်နိုင်ပေ။
မဟာပဏ္ဍိတရွှမ်ကျင်းက ပြောလိုက်သည်။
“အစ်ကိုကြီးဝူဖုန်း ဒါက အမှန် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာ မြင့်မြတ်သားတော်နဲ့ တွေ့တဲ့အခါ သိရမှာပါ။”
“ကောင်းပြီလေ”
မဟာပဏ္ဍိတကွေ့လီ အေးစက်စွာ ပြောလိုက်သည်။
“ဒါဆိုရင် မင်းလို သူတော်စင်တစ်ပိုင်းတစ်ယောက်တောင်မှ ဒီလောက်အထိ ကြောက်ရွံ့နေရတဲ့ ဝမ်တောက် ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်ဆိုတဲ့သူက ဘယ်လောက်တောင် အင်အားကြီးလဲဆိုတာ ငါတို့ ကြည့်ကြသေးတာပေါ့။ သွားကြစို့”
သူ၏ အမိန့်သံ ဆုံးသည်နှင့် ငရဲကိုးထပ်မြင့်မြတ်နယ်မြေ၏ ကျင့်ကြံသူများသည် ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားကြပြီး ချိုင့်ဝှမ်းကြီးဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်သွားကြလေတော့၏။
မဟာပဏ္ဍိတရွှမ်ကျဲ့က ယဉ်ကျေးပျူငှာစွာ လက်ပြလိုက်သည်။
“တာအိုမိတ်ဆွေ... အရင်ကြွပါ”
“ဒါဆိုရင်တော့ ဒီအဘိုးကြီးက အားနာမနေတော့ဘူး”
သဘာဝကျစွာပင် မဟာပဏ္ဍိတရွှမ်ကျင်းသည် ၎င်းတို့၏ ရည်ရွယ်ချက်ကို ရိပ်မိပေသည်။ ထို မဟာအင်အားစု နှစ်ခုမှာ ဘီလူးနတ်ဘုရားကျောင်းတော်၏ တပည့်များကို ဓားစာခံအဖြစ် အသုံးပြုကာ သူ့ကို ထွက်ပြေးခွင့်မရအောင် တားဆီးရန် ကြိုးစားနေခြင်းပင်။
သို့သော်လည်း သူက လုံးဝ ကြောက်ရွံ့နေခြင်း မရှိပေ။
မီးနတ်ဘုရားဂိုဏ်းချုပ်ပင် ချောင်မျိုးနွယ်ပါရမီရှင်၏ လက်ချက်ဖြင့် နှိမ်နင်းခြင်း ခံလိုက်ရပြီးပြီ ဖြစ်ရာ ဤငါးကလေး၊ ပုစွန်ကလေးများကို သူ မည်သို့ ကြောက်နေရပါမည်နည်း။
ဘီလူးနတ်ဘုရားကျောင်းတော်၏ တပည့်များသည် အခြေအနေတစ်ခုခု မှားယွင်းနေကြောင်း ခံစားမိကြသော်လည်း ကမ္ဘာခြား ကောင်းကင်နတ်ဆိုးပင် သူတို့၏ မြင့်မြတ်သားတော် လက်အောက်တွင် အညံ့ခံခဲ့ရကြောင်း ချက်ချင်း သတိရလိုက်ကြသည်။
၎င်းနှင့် နှိုင်းယှဉ်ပါက ဤအင်အားစု နှစ်ခုမှာ ပြောပလောက်သော အရာမဟုတ်ပေ။
အင်အားစု သုံးခုမှာ ချိုင့်ဝှမ်းထဲသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ရောက်လာကြသည်။ မဟာမိတ်များဟု ဆိုကြသော်လည်း သူတို့အကြားတွင် တင်းမာမှုများ တိတ်တဆိတ် ပေါ်ပေါက်နေခဲ့လေ၏။
မဟာပဏ္ဍိတ အများအပြား ရှိနေသဖြင့် မီးနတ်ဘုရားဂိုဏ်း၏ စစ်ဗျူဟာ ခင်းကျင်းမှုများသည်လည်း သူတို့၏ စစ်တပ်များအတွက် အတားအဆီး မဖြစ်နိုင်တော့ပေ။
မွန်းတည့်အချိန်သို့ ရောက်သောအခါ ထူထပ်လှသော စစ်တပ်ကြီးများသည် မီးနတ်ဘုရားဂိုဏ်း ဌာနချုပ်၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။
ထိုအခိုက်အတန့်တွင် ချောင်ရို့ချန်မှာ သူ၏လူများကို ဦးဆောင်ကာ ဂူဗိမာန်တစ်ခုအတွင်း၌ ရတနာများကို လုယက်နေစဉ် မဟာပဏ္ဍိတပါပေါင်၏ အသံလှိုင်းဖြင့် သတင်းပေးပို့မှုကို ရုတ်တရက် လက်ခံရရှိလိုက်၏။
“မြင့်မြတ်သားတော် မြင့်မြတ်နယ်မြေ နှစ်ခုက ကျင့်ကြံသူတွေ ရောက်လာကြပြီ။ သူတို့အမူအရာကို ကြည့်ရတာတော့ ကောင်းသောလာခြင်းမျိုး မဟုတ်ဘူး”
၎င်းကို ကြားလိုက်ရသောအခါ ချောင်ရို့ချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။ သူက လူအုပ်ကြီးထံသို့ လှည့်ကာ ပြောလိုက်၏။
“ကဲ... ငါတို့ရဲ့ မဟာမိတ်တွေ ရောက်လာကြပြီ။ သွားပြီး နှုတ်ဆက်ကြရအောင်”
“နားလည်ပါပြီ”
လူတိုင်းက စိတ်အနှောင့်အယှက်ဖြစ်မှုကို အနည်းငယ် ခံစားလိုက်ရသော်လည်း ချောင်ရို့ချန်၏ နောက်မှ လိုက်ပါကာ ဗိမာန်အတွင်းမှ ထွက်ခွာလာခဲ့ကြသည်။
မကြာမီပင် သူတို့အဖွဲ့သည် ပင်မတံခါးဝသို့ ရောက်ရှိလာ၏။
ချောင်ရို့ချန် အပြင်ဘက်သို့ ခြေလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဘုရားအာရုံ အများအပြားမှာ သူ့ထံသို့ ထပ်ခါတလဲလဲ ဖြန့်ကြက်လာသည်ကို ခံစားလိုက်ရသည်။
သူက ထိုအာရုံများ မည်သည့်နေရာမှ လာသည်ကိုပင် မစုံစမ်းရသေးမီမှာပင် ဘီလူးနတ်ဘုရားကျောင်းတော် စစ်တပ်အတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာတော့လေ၏။
“မြင့်မြတ်သားတော်ကို ဂါရဝပြုပါတယ်။ မြင့်မြတ်သားတော်ရဲ့ နတ်ဘုရားအရှိန်အဝါဟာ အနှိုင်းမဲ့ပြီး လောကတစ်ခုလုံးကို လွှမ်းမိုးနိုင်ပါတယ်”
“ထကြ”
ချောင်ရို့ချန်မှာ ဤကဲ့သို့သော ခံစားချက်မျိုးကို အတော်လေး သဘောကျသဖြင့် သူ၏ နှုတ်ခမ်းထောင့်များက အထက်သို့ ကွေးညွတ်သွားသည်။
သို့သော်လည်း သူ၏ စိတ်ခံစားချက်များအား ဖျက်ဆီးရသည်ကို သဘောကျသောသူမှာ အမြဲတမ်း ရှိနေစမြဲပင်။
“ဒါဆို မင်းက ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော် ပေါ့လေ”
ဩဇာညောင်းလှသော အသံနက်ကြီးတစ်ခုမှာ ရုတ်တရက် မြည်ဟည်းသွားသည်။
ချောင်ရို့ချန် ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး သွေးကဲ့သို့ နီရဲသော ဆံပင်များရှိသည့် အဘိုးအိုတစ်ဦး သူ့ကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။
ထိုအကြည့်များအတွင်းမှ သူတော်စင်တစ်ပိုင်းအဆင့်၏ ပြင်းထန်သော ဖိအားများမှာ သူ့ထံသို့ အလုံးအရင်းဖြင့် ကျဆင်းလာသည်။
သို့သော်လည်း ချောင်ရို့ချန်မှာ လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ပြုံးကာ ပြောဆိုလိုက်သည်။
“ဟုတ်တယ်။ ကျွန်တော်က ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်ပဲ။ ဘာဖြစ်လို့လဲ... ခင်ဗျားက ဒီမြင့်မြတ်သားတော်ရဲ့ အင်အားကို ကိုယ်တိုင် တွေ့ချင်လို့လား”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် စစ်မြေပြင်တစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။