← Chapters

အခန်း ၅၃၈

Vol. 54 Ch. 538

အခန်း ၅၃၈

Vol. 54 Ch. 538

အခန်း (၅၃၈)

ချင်းချင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်း ပင့်သက်ရှိုက်မိကြသည်။

မဟာပဏ္ဍိတရွှေတောင်ပံပင် မနေနိုင်ဘဲ ရေရွတ်မိသည်။ “တူမလေးချင်း မင်း နားလည်သဘောပေါက်တဲ့ နည်းလမ်းက အရမ်း အန္တရာယ်များတယ်။ ငါတို့တောင်မှ မင်းလိုမျိုး မစမ်းသပ်ရဲဘူး”

အခြားသူများ စကားမပြောကြသော်လည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။ မည်သူကမျှ တာအိုနှလုံးသား ပျက်စီးမည့်အန္တရာယ်ကို စွန့်စားကာ ဉာဏ်အလင်းပွင်း‌စေရန် ချင်းချင်း လုပ်ဆောင်ခဲ့သောအရာကို မလုပ်နိုင်ပေ။

ချင်းချင်း ပြုံးကာ ပြောလိုက်၏။

“တာအိုနှလုံးသား ပျက်စီးသွားတာက ကျွန်မ ငယ်ငယ်က ကြုံတွေ့ခဲ့ရတာတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး”

၎င်းကိုကြားတော့ လူတိုင်း တိတ်ဆိတ်သွားကြသည်။ မည်သူမျှ ဘာပြောရမှန်း မသိကြချေ။

မဟာပဏ္ဍိတရွှေတောင်ပံ အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။

“ကောင်းပြီ ဒီအကြောင်း ဆက်မပြောကြတော့ဘူး။ အစ်ကိုကြီး ဒီတစ်ကြိမ် ဘယ်လို ဗုဒ္ဓကျမ်းစာမျိုး ရေးမလဲဆိုတာကို အရင် ခန့်မှန်းကြည့်ကြရအောင်”

၎င်းကိုကြားတော့ ချူဖုန်း ဘယ်လို ကျင့်စဉ်မျိုး ရေးမလဲဆိုတာ လူတိုင်း သိချင်စိတ် ပြင်းပြသွားကြ၏။

ထိုအချိန်တွင် ချူဖုန်း ပြင်ပကိစ္စရပ်အားလုံးကို လုံးဝ သတိမထားမိဘဲ ဗုဒ္ဓကျမ်းစာရေးသားခြင်းတွင်သာ နစ်မြုပ်နေသည်။

နေ့ရက်များ ကုန်လွန်သွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်း တံခါးပိတ်ပြီး ကျမ်းစာရေးနေသည်မှာ လဝက်ခန့် ကုန်လွန်သွားသည်။

ချူဖုန်း ယခင်က ကျင့်စဉ်တစ်ခုရေးရန် ဤမျှ အချိန်အကြာကြီး မယူဖူးသဖြင့် မဟာပဏ္ဍိတရွှေတောင်ပံ အံ့အားသင့်နေ၏။

ချင်းချင်းတို့ပင် တွေးနေကြသည်။ သူတို့ဆရာ ဤတစ်ကြိမ်တွင် မည်သို့သော ဗုဒ္ဓကျမ်းစာကို ရေးသားနေသနည်း။

နံနက်ခင်းတွင်

နေထွက်လာ၏။

ကောင်းကင်ယံတွင် အနီရောင်အလင်းတန်းများ ပေါ်ထွက်နေကာ တိမ်တိုက်များကို အနီရောင်အဖြစ် ဆေးခြယ်ထားသည်။

ယွင်လော်ကျွန်းပေါ်တွင် ကျင့်ကြံသူတစ်စု သူတို့နံနက်ခင်းလေ့ကျင့်မှုကို ယခုလေးတင် စတင်ကြ၏။ သူတို့ ကျင့်ကြံခြင်းတွင် အပြည့်အဝ မနစ်မြောခင် ယွင်လော်ကျွန်းပေါ်၌ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ဗုဒ္ဓအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ယွင်လော်ကျွန်းအထက်ရှိ ကောင်းကင်တစ်ခုလုံးကို ရွှေရောင်အဖြစ် ပြောင်းလဲသွားစေ၏။

ဗုဒ္ဓအလင်းတန်း အပြင်ဘက်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ကောင်းကင်ယံရှိ နံနက်ခင်း အလင်းရောင်သည် ရွှေရောင်တိမ်တိုက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ယွင်လော်ကျွန်းပေါ်ရှိ ကျင့်ကြံသူများ ရုတ်တရက် ထူးခြားဖြစ်စဉ်ကြောင့် မှင်တက်သွားကြ၏။

“ဘာတွေဖြစ်နေတာလဲ”

“ဘာလို့ ဒီလို ဗုဒ္ဓအလင်းတန်းတွေ ရှိနေတာလဲ”

“…”

ကျင့်ကြံသူများ ထိတ်လန့်နေကြစဉ် ဒေါင်းမျိုးနွယ်၏ ဘိုးဘေးနယ်မြေရှိ မဟာပဏ္ဍိတများ မျက်လုံးပွင့်လာကြသည်။

ဆံဖြူအဘွားအိုတစ်ဦး ဗုဒ္ဓအလင်းတန်းကို ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“ဒါ... ဒါက ငါတို့ ယွင်လော်ကျွန်းပေါ်မှာ ပေါ်လာတဲ့ ဗုဒ္ဓနတ်ဘုရားစွမ်းရည်ပဲ။ မြန်မြန် ဒီနတ်ဘုရားစွမ်းရည်ကို ရှာဖို့ ငါ့နောက်ကို မြန်မြန်လိုက်ခဲ့ကြ။ ငါတို့ ယွင်လော်ကျွန်းကသာ ဒီနတ်ဘုရားစွမ်းရည်ကို ရခဲ့ရင် နောက်ထပ် သူတော်စင်တစ်ပါးကို သေချာပေါက် မွေးထုတ်ပေးနိုင်လိမ့်မယ်”

၎င်းကိုကြားတော့ အခြားမဟာပဏ္ဍိတများ၏ မျက်နှာများပေါ်တွင်လည်း စိတ်လှုပ်ရှားမှုများ ပေါ်လာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်း ဗုဒ္ဓအလင်းတန်း ထွက်ပေါ်လာရာ အရပ်သို့ ပျံသန်းသွားကြ၏။

မင်းသမီးမြောင်ယွီအိမ်တော် အတွင်း၌

မင်းသမီးမြောင်ယွီတို့ ဗုဒ္ဓအလင်းတန်းကို မြင်ပြီးနောက် စာကြည့်ခန်းတံခါးဝသို့ ချက်ချင်း ရောက်ရှိလာကြ၏။

“ယောက်ျား ဦးလေးက တကယ်ကြီး ဗုဒ္ဓကျမ်းစာ တွေ ရေးနေတာလား။ အရမ်းကို ပွက်လောရိုက်သွားတယ်”

မင်းသမီးပိုင်ယွီ အံ့အားသင့်သည့် အမူအရာဖြင့် ပြောလိုက်သည်။

မဟာပဏ္ဍိတရွှေတောင်ပံ ပြုံးကာ ပြောလိုက်၏။

“ဘာမှမဟုတ်ပါဘူး။ နောက်ကျရင် မင်း ကျင့်သားရသွားပါလိမ့်မယ်”

၎င်းကိုကြားတော့ မင်းသမီးပိုင်ယွီ ချင်းချင်းတို့ကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။ ကောင်မလေးများ၏ တည်ငြိမ်သော အမူအရာများကို မြင်လိုက်ရသဖြင့် သူမခင်ပွန်း ကြွားလုံးထုတ်နေခြင်း မဟုတ်ကြောင်း သူမ သိလိုက်၏။

အခြားတစ်ဖက်တွင် မင်းသမီးမြောင်ယွီ စာကြည့်ခန်းတံခါးကို မျှော်လင့်ချက်များဖြင့် ကြည့်ကာ သူမခင်ပွန်း ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

ကျွိ

စာကြည့်ခန်းတံခါး ပွင့်လာပြီး ချူဖုန်း ဗုဒ္ဓအလင်းတန်းများ ဝန်းရံနေသော တာအိုကျောက်စိမ်းတစ်ခုကို ကိုင်ဆောင်ကာ ဖြည်းညှင်းစွာ ထွက်လာ၏။

“ယောက်ျား နောက်ဆုံးတော့ ထွက်လာပြီပဲ”

မင်းသမီးမြောင်ယွီ ပြောလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ချူဖုန်း ရင်ခွင်ထဲသို့ လှမ်းဝင်လိုက်သည်။ ပတ်ဝန်းကျင်တွင် လူများ ရှိနေသည်ကို သူမ ဂရုမစိုက်တော့ပေ။

ချူဖုန်း ပြုံးကာ မင်းသမီးမြောင်ယွီ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးရင်း နောက်ပြောင်လိုက်သည်။ “ချစ်ဇနီးလေး လူတွေ အများကြီး ကြည့်နေတယ်”

၎င်းကိုကြားတော့ လူတိုင်း သူတို့မျက်လုံးများကို လက်ဖြင့် အလိုအလျောက် ဖုံးအုပ်လိုက်ကြ၏။

ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့သာ သူတို့ လက်ချောင်းများကြားမှ ချောင်းကြည့်နေ၏။

ချူဖုန်း၏ စကားများကို ကြားတော့ မင်းသမီးမြောင်ယွီ၏ လှပသော မျက်နှာလေး နီရဲသွားပြီး ချူဖုန်း၏ ရင်ခွင်ထဲမှ အလျင်အမြန် ရုန်းထွက်လိုက်၏။

သူမ စကားပြောရန် ပြင်လိုက်ချိန်မှာပင် ပုံရိပ်အချို့ ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာသည်။

ရောက်လာသူများကို မြင်တော့ မင်းသမီးမြောင်ယွီ အလျင်အမြန် ဦးညွှတ်ပြီး ပြောဆိုလိုက်၏။ “မြောင်ယွီ ဘိုးဘေးကြီးတို့အားလုံးကို ဂါရဝပြုပါတယ်”

“စီနီယာတို့ကို ဂါရဝပြုပါတယ်”

ချူဖုန်း အနည်းငယ် ဦးညွှတ်လိုက်သည်။

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ဆံဖြူအဘွားအို ပြောလိုက်၏။

မင်းသမီးမြောင်ယွီ ဘိုးဘေးကြီးများ ရောက်လာသည်ကို မြင်တော့ မေးမြန်းလိုက်သည်။

“ဘိုးဘေးကြီးတို့ အားလုံး ကျွန်မယောက်ျား ရေးပေးတဲ့ ဗုဒ္ဓကျမ်းစာ အတွက် ရောက်လာကြတာလား”

၎င်းကိုကြားတော့ ဘိုးဘေးကြီးများ ပထမတော့ မှင်တက်သွားကြပြီးနောက် အံ့ဩသွားကြ၏။

“တာအိုရောင်းရင်းမိုးမြေ ဗုဒ္ဓကျမ်းစာ ရေးထားတာလား”

မင်းသမီးမြောင်ယွီ ပြုံးကာ ပြောလိုက်သည်။ “တိတိကျကျ ပြောရရင် ကျွန်မယောက်ျား ကျွန်မအတွက် ဗုဒ္ဓနတ်ဘုရားစွမ်းရည် တစ်ခုကို ရေးပေးခဲ့တာပါ”

ဘိုးဘေးကြီးများ တိတ်ဆိတ်သွားကြပြီး သူတို့မျက်လုံးထဲတွင် မင်းသမီးမြောင်ယွီအပေါ် မနာလိုမှု အရိပ်အယောင်တစ်ခု ပြလာကြ၏။

သူတို့ထဲမှ အချို့က ဗုဒ္ဓနတ်ဘုရားစွမ်းရည်များကို နားလည်သဘောပေါက်ရန် မဟာမိုးကြိုးကျောင်းတော် သို့ သွားရောက်ဖူးသော်လည်း အပေါ်ယံ အသိပညာအချို့ကိုသာ နားလည်နိုင်ခဲ့ကြသည်။

ယခု သူတို့ ဂျူနီယာက နတ်ဘုရားစွမ်းရည်တစ်ခုကို လွယ်ကူစွာ ရရှိသွား၏။ ၎င်းက လူတွေ ကိုယ့်ကိုယ်ကိုယ် တခြားသူနှင့် နှိုင်းယှဉ်သည့်အခါ ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းလဲဆိုတာ ပြသနေသည်။

အကယ်၍ နတ်ဘုရားစွမ်းရည်ကသာ အခြားတစ်ယောက်ယောက်၏ လက်ထဲတွင် ရှိနေပါက သူတို့ ၎င်းကို လုယူရန် ကြိုးစားကောင်း ကြိုးစားကြမည် ဖြစ်၏။

သို့သော် နတ်ဘုရားစွမ်းရည်က မဟာပဏ္ဍိတမိုးမြေနှင့် မင်းသမီးမြောင်ယွီတို့ လက်ထဲတွင် ရှိနေသဖြင့် သူတို့ မလုယူရဲကြသလို ၎င်းကို တောင်းရမ်းရန် ရှက်ရွံ့နေကြသည်။

မင်းသမီးမြောင်ယွီ ဘိုးဘေးကြီးများ၏ အတွေးများကို သိသွားပြီး သူမ နှုတ်ခမ်းများကို နူးညံ့စွာဖွင့်ဟကာ ပြောလိုက်၏။ “ယောက်ျား ဘိုးဘေးကြီးတွေကို ဒီဗုဒ္ဓနတ်ဘုရားစွမ်းရည် ကြည့်ခွင့်ပေးနိုင်မလား”

“ရတာပေါ့”

ချူဖုန်း တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။

“တကယ်လား”

ဘိုးဘေးကြီးများ မဟာပဏ္ဍိတမိုးမြေ ဤမျှ သဘောထားကြီးလိမ့်မည်ဟု မမျှော်လင့်ထားကြသဖြင့် သူတို့ စကားပြောချိန်တွင် အသံများ အနည်းငယ် တုန်ယင်နေ၏။

မဟာပဏ္ဍိတရွှေတောင်ပံ အဘိုးကြီးများ ဤမျှ အံ့အားသင့်နေကြသည်ကို မြင်တော့ သူ့စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။

‘ဒီလူတွေ တကယ်ကို အတွေ့အကြုံမရှိတဲ့ အကောင်တွေပဲ။ နတ်ဘုရားစွမ်းရည်တစ်ခုကတင် သူတို့အားလုံးကို ဒီလောက်တောင် စိတ်လှုပ်ရှားသွားစေတာပဲ’

ချူဖုန်း ပြောဆိုလိုက်၏။

“ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီကျင့်စဉ်က မြောင်ယွီ အတွက် ကျွန်တော့်မင်္ဂလာလက်ဆောင်ပဲ။ သူ့မိသားစုက အဲဒါကို ကြည့်တာ ကိစ္စမရှိပါဘူး”

အဘွားအို ပြောလိုက်သည်။

“မဟာပဏ္ဍိတ အခုလို အချိန်ကောင်းမျိုး ထပ်မရှိနိုင်တော့ဘူး။ ဒီနေ့ ဒီအိမ်တော်မှာတင် ကျင့်စဉ်ကို ကျွန်မတို့ လေ့လာကြည့်ကြရင် ဘယ်လိုလဲ”

“ကောင်းပြီ”

ချူဖုန်းက ပြောလိုက်ပြီး တာအိုကျောက်စိမ်းထဲသို့ သူ့စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်၏။

ဗုဒ္ဓမယ်တော်တောက်ပဒေါင်းဘုရင်ကျမ်းစာ ရေးသားထားသော ဗုဒ္ဓအလင်းတန်းများ ထုတ်လွှတ်နေသည့် တာအိုကျောက်စိမ်း ကောင်းကင်ယံဆီသို့ ပျံသန်းသွားသည်။

၎င်းကိုမြင်တော့ အဘွားအို သူမလက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ပြီး မင်းသမီးမြောင်ယွီအိမ်တော် တစ်ခုလုံးကို အလင်းတန်းအတားအဆီးတစ်ခုဖြင့် ဖုံးအုပ်လိုက်၏။

အိမ်တော်အပြင်ဘက်ရှိ ကျင့်ကြံသူများ ၎င်းကို မြင်တော့ မယုံနိုင်လောက်အောင် စိတ်ပျက်သွားကြသည်။

ဗုဒ္ဓအလင်းတန်းများ မင်းသမီးမြောင်ယွီအိမ်တော်မှ ထွက်ပေါ်လာကြောင်း သူတို့ သိရှိသည်နှင့် ချက်ချင်း ပျံသန်းလာကြ၏။ သို့သော် ဘိုးဘေးကြီးများ ရောက်လာသည်ကို မြင်တော့ သူတို့ကို မနှောင့်ယှက်ရဲကြဘဲ သတင်းရရန် အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေကြသည်။ ယခု သူတို့ထို‌အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။

မင်းသမီးအိမ်တော် အတွင်း၌

ဒေါင်းမျိုးနွယ်မှ လူတိုင်း ရွှေရောင်ဗုဒ္ဓကျမ်းစာ မင်းသမီးမြောင်ယွီဆီ မလာခင် လေထဲတွင် လက်ဖက်ရည်တစ်ခွက်စာ အချိန်ထက်မနည်း ဝဲပျံနေသည်ကို မြင်တွေ့လိုက်ကြ၏။ သူတို့အံ့အားသင့်မှုကို လျစ်လျူရှုကာ အားလုံး တင်ပျဉ်ခွေထိုင်လိုက်ကြပြီး ကျမ်းစာ၏ အကြောင်းအရာကို သဘောပေါက်ရန် ကြိုးစားကြတော့သည်။

သူတို့ဘေးရှိ မဟာပဏ္ဍိတရွှေတောင်ပံပင် ၎င်းကို လေးလေးနက်နက် နားလည်သဘောပေါက်ရန် ကြိုးစားနေ၏။

အချိန်အတန်ကြာသည်အထိ မင်းသမီးမြောင်ယွီအိမ်တော် အတွင်းရှိ ကျင့်ကြံသူများ သူတို့ လုပ်ဆောင်နေသောအရာများကို ချထားလိုက်ကြပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။

All Chapters