တိုက်ပွဲ စတင်ခြင်း
Vol. 25 Ch. 246
“ ထကြ “
ဩဇာအပြည့်ပါသော အသံတစ်သံ ထမ်းစင် အတွင်းမှ ပဲ့တင်ထပ်လာသည်။
“ ကျေးဇူးတင်ပါတယ် မဟာဆရာတော် “
သောင်းနှင့်ချီသော စစ်သည်များ မတ်တပ်ရပ်လိုက်ကြသည်။
လေပြင်းတစ်ချက်က ထမ်းစင် ကုလားကာကို လွင့်ဟသွားစေသည်။ ချူဖုန်းနှင့် သူ့ အဖော်များ ထိုဘက်သို့ လှမ်းကြည့်လိုက်ရာ အဝါရောင်ဖျော့ဖျော့ သင်္ကန်း ရုံထားပြီး အဖြူရောင် ဗုဒ္ဓ ဦးဆောင်းကို ဆောင်းထာ၏။ သူတို့ ကြင်နာပြီး အေးချမ်းသော မျက်နှာထားရှိသည့် ဘုန်းကြီးတစ်ပါးကို မြင်လိုက်ရသည်။
သူ့ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ လေငြိမ်သွား၏။ ဘုန်းကြီး ထမ်းစင်ထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။ ထိုနေရာရှိ သက်ရှိအားလုံးအပေါ် နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ ဒီ မဟာဆရာတော် က နန်းဝူကျောင်းတော် နဲ့ ရှိနေတဲ့ ရန်ငြိုးဟောင်း တစ်ခုကို ဖြေရှင်းဖို့ ဒီနေ့ ရောက်လာတာပါ။ မသက်ဆိုင်တဲ့သူတွေ အားလုံး ချက်ချင်း ထွက်သွားကြပါ။ မဟုတ်ရင် မင်းတို့ကို နန်းဝူကျောင်းတော် ရဲ့ မဟာမိတ်တွေ အဖြစ် သတ်မှတ်ရလိမ့်မယ် “
သူ့ စကားသံ ဆုံးသွားသည်နှင့် ခန္ဓာကိုယ်မှ တောက်ပသော ဗုဒ္ဓအလင်းတန်း တစ်ခု ဖြာထွက်လာပြီး ကျမ်းစာ တစ်ပုဒ်ကို စတင် ရွတ်ဆိုတော့သည်။
သူ့ ရွတ်ဆိုသံက အရပ်မျက်နှာအနှံ့ လီတစ်ရာ အကွာအဝေးအထိ ပဲ့တင်ထပ်သွား၏။
ပရမ်းပတာ အခြေအနေမှ အကျိုးအမြတ် ရယူရန် လာခဲ့ကြသူများသည် ကင်းခြေများဘုရင် သူတို့ကို အရင်ဆုံး ပစ်မှတ်ထားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။
လျင်မြန်သည့်သူများ အရိပ်အယောင်ပင် မကျန်အောင် ထွက်ပြေးသွားကြပြီး နှေးကွေးသူများမှာ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ကျင့်ကြံမှု အားနည်းသူများကနေရာမှာပင် လဲကျသွားကြပြီး သန်မာသူများက သူတို့ အသွင်စစ်ကို ဖော်ပြကာ နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေကြသည်။
ချူဖုန်းတို့ ကင်းခြေများဘုရင် ရွတ်ဆိုသံကို လုံးဝ သက်ရောက်မှု မရှိသည့်အလား မတ်တပ်ရပ်နေကြသည်။
ရွှေတောင်ပံလင်းယုန်ဘုရင် သူ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး တည်ရှိမှုကို ဖုံးကွယ်ရန် တိမ်တိုက် တစ်ခုကို ခေါ်ယူလိုက်သည်။
ပင်းယန် မျက်မှောင်ကြုတ်လိုက်သည်။ “ အဲဒါ ကင်းခြေများဘုရင် ပေါ့။ တစ်ခုခု လွဲနေသလို ခံစားရတယ်။ သာမန် နတ်ဆိုး ကျင့်ကြံသူ တစ်ယောက်နဲ့ လုံးဝ မတူဘူး “
ချူဖုန်း ပြုံးလိုက်သည်။ “ သူက ဗုဒ္ဓ နဲ့ နတ်ဆိုး လမ်းစဉ် နှစ်ခုစလုံးကို ကျင့်ကြံတာ။ ဗုဒ္ဓ ခန္ဓာကိုယ်၊ နတ်ဆိုး နှလုံးသား ပေါ့။ နတ်ဆိုး မျိုးနွယ်တွေ ကြားမှာ ထူးခြားတဲ့ သတ္တဝါ တစ်ကောင်ပဲ။ သူ့ ခွန်အားက ကြောက်မက်ဖွယ် ကောင်းတယ်။ မြင့်မြတ်နယ်မြေ တစ်ခုက နီဗားနားရှင်သန်ခြင်းအဆင့် ပညာရှင်တွေကလွဲရင် အဆင့်တူမှာ သူ့ကို ယှဉ်နိုင်တဲ့သူ ရှားတယ် “
ရွှေတောင်ပံလင်းယုန်ဘုရင် သရော်လိုက်သည်။ “ သူက အကောင်ရှည်ရှည် တီကောင် တစ်ကောင် သက်သက်ပါ။ ငါသာ လိုချင်ရင် သူ့ကို တစ်ကိုက်တည်းနဲ့ မျိုချပစ်လို့ ရတယ် “
ခဏအကြာတွင် ရွတ်ဆိုသံများ ရပ်တန့်သွားသည်။
လီတစ်ရာ ပတ်လည် အတွင်းတွင် အခွင့်အရေး ယူလိုသူ အနည်းငယ်သာ ကျန်ရှိတော့သည်။
ထိုအချိန်တွင် ပုံရိပ် ငါးခုသည် ကင်းခြေများ ဘုရင် ၏ ဘေးသို့ ဆင်းသက်လာကြ၏။
တုတ်ရှည် တစ်ချောင်းကို ကိုင်ဆောင်ထားသော မျောက် နတ်ဆိုး တစ်ကောင်က ပြောလိုက်သည်။ “ အစ်ကိုကြီး... အစ်ကိုကြီးရဲ့ ကျင့်ကြံမှုက ပိုပြီးတော့တောင် ခန့်မှန်းရ ခက်လာပါလား။ ဒီတစ်ကြိမ်တော့ နန်းဝူကျောင်းတော် က ကျွန်တော်တို့ လက်ထဲ ရောက်ပြီ “
ကင်းခြေများဘုရင် ပြုံးလိုက်သည်။ “ ကျား နှစ်ကောင် တိုက်ခိုက်တဲ့အခါ ပွဲကြည့်နေတဲ့ မျောက်တွေကို အရင်ဆုံး စားပစ်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ငါတို့ရဲ့ တိုက်ပွဲကနေ သူတို့ကို အကျိုးအမြတ် ရသွားမှာကို လက်မခံနိုင်ဘူး “
“ အစ်ကိုကြီးက ပညာရှိပါတယ် “ လူခန္ဓာကိုယ်နှင့် မြွေအမြီး ရှိပြီး အစွယ်နှစ်ချောင်းကို ထုတ်ပြသနေသည့် ဆွဲဆောင်မှုရှိသော နတ်ဆိုးမတစ်ကောင် ပြောလိုက်သည်။
ကင်းခြေများဘုရင် မေးလိုက်သည်။ “ ငါ့အတွက် ရန်သူကို သွားစိန်ခေါ်မဲ့သူ ဘယ်သူလုပ်မလဲ”
မျောက်နတ်ဆိုး ပြောလိုက်သည်။ “ အစ်ကိုကြီး... ကျွန်တော်က နန်းဝူကျောင်းတော် နဲ့ အမြဲတမ်း ရန်ငြိုး ရှိခဲ့တာ။ အဲဒီ ထိပ်ပြောင် ဘုန်းကြီးတွေကို ပုန်းအောင်းနေတဲ့ နေရာကနေ ထွက်လာအောင် လုပ်ခွင့်ပေးပါ “
ကင်းခြေများဘုရင် ခေါင်းညိတ်လိုက်သည်။” ကောင်းပြီ။ မင်း သွားလိုက်”
“ ကျွန်တော် သွားမယ် “
မျောက်နတ်ဆိုး နတ်ဆိုးတိမ်တိုက် တစ်ခုပေါ်သို့ တက်လှမ်းကာ တောင်ထွတ်ဆီသို့ ပျံသန်းသွား၏။ သူ ပျံသန်းသွားစဉ် သူ့ ခန္ဓာကိုယ်က အဆပေါင်း ရာချီ ကြီးထွားလာပြီး ဧရာမမျောက်ဝံကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ ဟိန်းဟောက်သံတစ်ခုနှင့်အတူ သူ တုတ်ရှည်ကို နန်းဝူကျောင်းတော်ဆီသို့ ရိုက်ချလိုက်သည်။
“ ထိပ်ပြောင်ဘုန်းကြီးတွေ မင်းတို့ ဒီဘုရင် ရဲ့ တိုက်ခိုက်မှုကို ယူလိုက်စမ်း “
ထိုတိုက်ခိုက်မှုတွင် တောင်တန်းများကို တုန်လှုပ်စေပြီး ပင်လယ်များကို မှောက်လှန်ပစ်နိုင်သော စွမ်းအား ပါဝင်သည်။ ၎င်း မကျရောက်မီမှာ နတ်ဆိုးလေပြင်းက ကျောရိုး တစ်လျှောက် စိမ့်တက်သွားစေ၏။
တုတ်က ကျရောက်တော့မည့် ဆဲဆဲတွင် နန်းဝူကျောင်းတော်အတွင်းမှ ဧရာမ ဗုဒ္ဓလက်ဝါးကြီး တစ်ခု ထွက်ပေါ်လာပြီး ထိုရိုက်ချက်ကို ကာကွယ်လိုက်သည်။
ဘုန်း...
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးက အရပ်မျက်နှာ အားလုံးသို့ ထွက်ပေါ်လာသည်။
အစောပိုင်းက ကြောက်ရွံ့စွာ ထွက်ပြေးသွားခဲ့ကြသော ကျင့်ကြံသူများသည် ယခုအခါ တိုက်ပွဲကို အဝေးမှ စောင့်ကြည့်ရန် တိတ်တဆိတ် ပြန်လည် ရောက်ရှိလာကြသည်။
“ အော်မီထောဖော “
နန်းဝူကျောင်းတော် အတွင်းမှ နက်ရှိုင်းပြီး အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ ဘုရင်ထုံပိ၊ ပြင်းထန်လိုက်တဲ့ ရန်ငြိုးပါလား။ နန်းဝူကျောင်းတော်က ဂုဏ်သရေရှိ နတ်ဆိုးဘုရင်တွေကို ဘယ်လို နာကြည်းမှုမျိုးများ ဖြစ်စေခဲ့လဲ ဆိုတာ မေးခွင့်ပြုပါ “
“ အဘိုးကြီးရွှမ်ချန်... မင်း အသက်ရှင်နေသေးလိမ့်မယ်လို့ မထင်ထားဘူး။ မင်းက စကားစလာမှတော့ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ မင်းတို့ ဂိုဏ်းရဲ့ မဟာသူတော်စင်ဓာတ်တော်ကို ပေးစမ်းပါ။ အဲဒီလို ပေးရင် မင်းတို့ အသက်ကို ချမ်းသာပေးမယ်။ ပြီးတော့ ငါ့ရဲ့ အစ်ကိုကြီးက နန်းဝူကျောင်းတော်ကို အကာအကွယ်တောင် ပေးပြီး ဒီနေရာမှာ မင်းတို့ရဲ့ သာသနာကို ဆက်လက် ဖြန့်ဝေခွင့် ပြုလိမ့်မယ် “
နတ်ဆိုးဘုရင်ထုံပိ အသံက ကျယ်လောင်ပြီး ရှင်းလင်းပြတ်သားကာ အရပ်မျက်နှာ အနှံ့ ပျံ့နှံ့သွား၏။
ပုန်းအောင်း စောင့်ကြည့်နေသူများ သူတို့အချင်းချင်း တီးတိုး စကားပြောဆိုလာကြသည်။
“ ကင်းခြေများဘုရင်က ဗုဒ္ဓဘာသာကနေ တစ်ဆင့် သူတော်စင်အဆင့်ထဲကို ဝင်ရောက်ဖို့ ရည်ရွယ်ထားပုံပဲ။ နန်းဝူကျောင်းတော် ရဲ့ ဓာတ်တော် ကို အသုံးပြုပြီး နတ်ဆိုး ပညာရှိ တစ်ပါး ဖြစ်လာဖို့ပေါ့ “
“ တကယ်လို့ သူသာ သူတော်စင် တစ်ပါး ဖြစ်လာရင် နတ်ဆိုးတစ်သောင်းတောင်တန်းကတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့မှာပဲ “
“ … “
၎င်းကို ကြားသောအခါ ရွှမ်ချန် ခံစားချက် ကင်းမဲ့စွာဖြင့် ပြန်ဖြေသည်။ “ အော်မီထောဖော်။ ဘိုးဘေး ကျုံးမင် က နန်းဝူကျောင်းတော် ရဲ့ တည်ထောင်သူပါ။ အရှင့် တောင်းဆိုမှုက ကျုပ်တို့ ကျောင်းတော် အနေနဲ့ ဖြည့်ဆည်းပေးနိုင်တဲ့ အရာ မဟုတ်ပါဘူး “
“တကယ်လို့ အရှင်က အတင်းအကျပ် ယူဖို့ ရည်ရွယ်ထားတယ် ဆိုရင်တော့ နန်းဝူကျောင်းတော် အနေနဲ့ အရှင်တို့နဲ့အတူ ပျက်စီးခံဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိပါဘူး “
သူ့ အသံက မကျယ်လောင်သော်လည်း စကားလုံးတိုင်းက ခွန်အားများဖြင့် ပဲ့တင်ထပ်နေသည်။
“ ဟားဟားဟား... “
ဘုရင်ထုံပိ ကျယ်လောင်စွာ အသံထွက် ရယ်မောလိုက်သည်။ “ ငါတို့နဲ့အတူ ပျက်စီးခံမယ် ဟုတ်လား။ မင်းတို့လို အဆင့်နိမ့် နန်းဝူ ဘုန်းကြီးတွေက ထိုက်တန်လို့လား “
“ မင်းတို့က ဓာတ်တော်ကို ပေးဖို့ ငြင်းဆန်နေမှတော့ ငါတို့ ရက်စက်တယ်လို့ အပြစ်မတင်နဲ့ “
“ သဘောရှိသလို လုပ်နိုင်ပါတယ် “
ရွှမ်ချန် စကားပြောပြီးသည်နှင့် နန်းဝူကျောင်းတော် အတွင်းမှ ခေါင်းလောင်း ထိုးသံ ကိုးချက် ပဲ့တင်ထပ်လာ၏။
နောက်တစ်ခဏတွင် တောက်ပသော ဗုဒ္ဓဘာသာ အလင်းတန်းတစ်ခု တောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
၎င်းကို မြင်သောအခါ ဘုရင်ထုံပိ တုံ့ဆိုင်းမနေခဲ့ပေ။ သူ ဧရာမ တုတ်ကြီးကို မြှောက်ကာ ကာကွယ်ရေး အစီအရင်ဆီသို့ ရိုက်ချလိုက်၏။
ဘုန်း...
နားပင်းလောက်သည့် ရိုက်ခတ်သံကြီး ထွက်ပေါ်လာသော်လည်း ဗုဒ္ဓအလင်းတန်းက မယိမ်းယိုင်ပေ။ ယင်းအစား ဘုရင်ထုံပိ ဧရာမ ခန္ဓာကိုယ်ကြီးမှာ အနောက်သို့ လွင့်စင်သွားပြီး လေထဲတွင် ချက်ချင်း ကျုံ့ဝင်သွားကာ မြေပြင်ပေါ်သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ပြုတ်ကျသွားတော့၏။
ထိုမြင်ကွင်းကို ကြည့်နေသော စစ်တပ်အင်အားတစ်သိန်းလုံး အလိုလို အသက်ရှူမှားသွားကြ၏။
ကင်းခြေများဘုရင် မျက်စိကို မှေးကျဉ်းလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ “ သူတော်စင်တစ်ပိုင်း ရဲ့ အမွေအနှစ် ဆိုတဲ့အတိုင်းပဲ။ သူတော်စင်တစ်ပိုင်း မရှိရင်တောင်မှ ကျန်ခဲ့တဲ့ အကာအကွယ်က နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတွေ ဖျက်ဆီးနိုင်တဲ့ အရာမျိုး မဟုတ်ဘူး “
“ အော်မီထောဖော “
ရွှမ်ချန် တည်ငြိမ်စွာ ပြောလိုက်သည်။ “ တာအိုရောင်းရင်း ကင်းခြေများမှာ ထက်မြက်တဲ့ မျက်လုံး ရှိတာပဲ။ နန်းဝူကျောင်းတော် ရဲ့ တောင်စောင့် ကာကွယ်ရေး အစီအရင် က သူတော်စင်တစ်ပိုင်း ကလွဲပြီး ဘယ်သူမှ ဖျက်ဆီးလို့ မရပါဘူး။ အားလုံးပဲ ကျေးဇူးပြုပြီး ပြန်သွားကြပါ “
“မင်း”
၎င်းကို ကြားသောအခါ ဘုရင်ထုံပိ နာကျင်မှုကို အံကြိတ်ခံကာ နောက်တစ်ကြိမ် ခုန်ထလိုက်ပြီး တိုက်ပွဲကို ဆက်လက် ဆင်နွှဲရန် ရည်ရွယ်ချက်ဖြင့် သူ့တုတ်ကို ဆုပ်ကိုင်လိုက်သည်။
“ နောက်ဆုတ်နေစမ်း “
ကင်းခြေများဘုရင် သူ့ကို တားလိုက်သည်။ “ခွန်အား တစ်ခုတည်းကိုပဲ အားမကိုးဖို့ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ မင်းရဲ့ ဦးနှောက်ကို သုံးစမ်း”
နတ်ဆိုးဘုရင်ထုံပိ ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ “ အစ်ကိုကြီး... ကျွန်တော် မှားသွားပါတယ် “
ကင်းခြေများဘုရင် ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး။ အမိန့်ပေးလိုက်။ တပ်ဖွဲ့တွေကို နတ်ဆိုး တစ်သောင်း မဟာ အစီအရင် ကို ခင်းကျင်းခိုင်းလိုက်”
“ဟုတ်ကဲ့ပါ “
၎င်းကို ကြားသောအခါ ဘုရင်ထုံပိမျက်နှာ စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားသည်။ နန်းဝူကျောင်းတော် ထံသို့ ကြည့်သော သူ့ အကြည့်များက ပိုမို ကြမ်းတမ်းလာသည်။
‘အဲဒီ ထိပ်ပြောင် ဘုန်းကြီးတွေက သူ့ကို အရှက်ခွဲရဲတယ်ပေါ့’
သူတို့ လိပ်ခွံကို ချိုးဖျက်ပြီးသည်နှင့် အားလုံးကို သူ့ သွေးအစေခံများ ဖြစ်လာအောင် သေချာပေါက် လုပ်ပစ်မည်။
“ ငါ့အမိန့်ကို ဖြန့်လိုက်။ နတ်ဆိုးတစ်သောင်းမဟာအစီအရင် ကို အသက်သွင်းလိုက် “
“ နားလည်ပါပြီ “
နတ်ဆိုး စစ်သူကြီးများ တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြပြီး သူတို့နတ်ဆိုး စစ်သားများကို ချက်ချင်း လမ်းညွှန်ကြတော့သည်။
“ အစီအရင်ကို စတင်ကြ “
အမိန့် လျင်မြန်စွာ ထွက်ပေါ်လာသည်။” အစီအရင်ကို စတင်ကြ “
မျက်စိတစ်မှိတ်အတွင်း သောင်းနှင့်ချီသော နတ်ဆိုး စစ်သားများ နေရာယူလိုက်ကြသည်။
အချိန်တိုအတွင်းမှာပင် အစီအရင်က ပြီးစီးသွားသည်။
ထိုအခိုက်အတန့်တွင် နတ်ဆိုး စွမ်းအင်များ မြင့်တက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်က ကြည်လင်ပြီး တိမ်ကင်းစင်နေခဲ့သော ကောင်းကင်ကြီးသည် မုန်တိုင်း တိမ်တိုက်များဖြင့် အုံ့ဆိုင်းမည်းနက်သွားတော့သည်။
နန်းဝူကျောင်းတော် အတွင်းရှိ စုဝေးနေသော ဘုန်းကြီးများ၏ အမူအရာများမှာ ထိုမြင်ကွင်းကြောင့် ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။
ရွှမ်ချန် အချိန်တစ်လျှောက်လုံး ရွတ်ဖတ်နေခဲ့သော ဘုန်းကြီးအိုကြီးတစ်ပါးထံသို့ လှည့်ကာ မေးလိုက်သည်။ “ ကျောင်းထိုင်ဆရာတော်... အခု ကျွန်တော်တို့ ဘာလုပ်သင့်သလဲ “
ကျောင်းထိုင်ဆရာတော်ရွှမ်ပေ ပြန်ဖြေသည်။ “ ကျင့်စဉ်အဆင့်ရှိတဲ့ ဘုန်းကြီးတွေ အားလုံးကို တိုက်ပွဲဝင်အစီအရင် ဖွဲ့ဖို့ အမိန့်ပေးလိုက်ပါ။ တုခုန်း ကို ဓာတ်တော် နဲ့ လူဝင်စားကလေးကို ခေါ်ပြီး နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ တစ်ဆင့် ထွက်သွားနိုင်ဖို့ အဆင်သင့်ပြင်ခိုင်းထား”