ရေခဲကန်မှာ နောက်ထပ် သောက်ကြမ်းကြီးပေါ်လာပြီ
Vol. 4 Ch. 38
နောက်တစ်နေ့ မနက်ခင်းတွင်။
ချောင်ရို့ချန်သည် သူ၏ခန္ဓာကိုယ်ထဲက ဇီဝနာရီကြောင့် စောစီးစွာ နိုးလာခဲ့သည်။ ယခုဆိုလျှင် သူက သုံးနာရီ အနားယူပြီး ကိုးနာရီ ကျင့်ကြံသည့် အလေ့အကျင့်ဖြင့် အသားကျ၍နေပါပြီ။
အပြင်ထွက်လိုက်သည့်အခါ ရှောင်ချန်းနှင့် တန်းတိုးတော့သည်။
“စီနီယာအစ်ကို မင်္ဂလာနံနက်ခင်းပါ”
“မင်္ဂလာနံနက်ခင်းပါ ဂျူနီယာ ညီလေး”
နှုတ်ဆက်ပြီးနောက် ရှောင်ချန်းက မေးလိုက်သည်။ “ကျင့်ကြံဖို့ သွားပြီလား”
ချောင်ရို့ချန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ။အခုတလော ကျင့်ကြံရတဲ့ စည်းချက်ကို တော်တော်လေး အသားကျနေပြီ”
ရှောင်ချန်းက ပြုံးလိုက်သည်။ “ထင်တဲ့အတိုင်းပဲ။ ဆရာ့ရဲ့ လမ်းညွှန်မှုကို ရပြီးတဲ့ ဘယ်သူမဆို ကျင့်ကြံရတာ ကြိုက်သွားကြတာပဲ”
“…”
ချောင်ရို့ချန်သည် ခဏမျှ မှင်တက်သွားသော်လည်း ချက်ချင်း သဘောပေါက်သွားသည်။
‘စီနီယာအစ်ကို ပြောတာ တစ်စက်ကလေးမှ မမှားဘူး။ အရင်တုန်းကဆိုရင် သူရဲ့အချိန်တွေကို ပိုက်ဆံနောက်လိုက်တာရယ် အပျော်အပါး လိုက်စားတာရယ်နဲ့ပဲ ကုန်ဆုံးခဲ့တာ’
အပျော်အပါးကိစ္စပြီးမှသာ ဟန်ပြသဘောမျိုး နည်းနည်းပါးပါး ကျင့်ကြံတက်သည်။
သို့သော် ယခုတွင် သူ၏ခေါင်း၌ ပိုမို၍ သန်မာလာရန်ဟူသော အတွေးသာရှိတော့သည်။
“စီနီယာအစ်ကို ပြောတာ မှန်တယ်။ ကျွန်တော် အရင်က စည်းကမ်းမရှိဘူး။ ဒါပေမဲ့ အခုလို ဆရာကောင်းတစ်ယောက် ရှိနေမှတော့ ကျင့်ကြံဖို့ အချိန်တစ်စက္ကန့်လေးတောင် အလဟသ အဖြစ်ခံမှာ မဟုတ်တော့ဘူး”
ရှောင်ချန်းက သူ၏ပခုံးကို ပုတ်လိုက်သည်။ “ဆက်ပြီး ကြိုးစားပါ ဂျူနီယာညီလေး။ ငါ မင်း ဆရာ့ကို စိတ်မပျက်စေဘူးဆိုတာ ယုံတယ်”
“ဟုတ်ကဲ့”
ချောင်ရို့ချန်သည် ခေါင်းအစ ခြေအဆုံး အားအင်များပြည့်ဖြိုးနေသည်ကို ခံစားရင်း ခေါင်းညိတ်ပြလိုက်သည်။
‘နှစ်တစ်ထောင် ရေခဲကန်ရေ... ငါ လာပြီကွ’
“ဂျူနီယာညီလေးချောင်... ခဏလောက် နေပါဦး”
ချောင်ရို့ချန် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရှောင်ချန်းက လှမ်းခေါ်လိုက်ပြီး အင်္ကျီလက်ကြားထဲမှ သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်သည်။
“ဒီအိတ်ထဲမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း ရှိတယ်။ ငါ မကြာခင် သောင်းပြောင်းပညာရပ်ဌာနကနေ သွားစရာရှိတယ်...”
“အဲဒီအချိန်ကျရင် အရင်တစ်ခါကလို မင်းကို ကျင့်ကြံနေတုန်း စောင့်ပေးနိုင်တော့မှာ မဟုတ်ဘူး။ ဒီကျောက်တုံးတွေကို ယူသွားလိုက်။ စီနီယာအစ်ကိုရဲ့ ထောက်ပံ့ပေးတာလို့ပဲ သဘောထားလိုက်”
ချောင်ရို့ချန်သည် ကြောင်အသွားသည်။
‘အိတ်ကို ရင်းနှီးနေတယ်။ သူလောင်းကစားပွဲ ကိုင်ထားတုန်းက စီနီယာအစ်ကို့ဆီမှာ ရှုံးခဲ့တဲ့ အိတ်ပဲ။’
သူက အမြန် ခေါင်းယမ်းလိုက်သည်။ “စီနီယာအစ်ကို... ကျွန်တော် ဒါကို လက်မခံနိုင်ပါဘူး”
ရှောင်ချန်း၏ မျက်နှာသည် ချက်ချင်း တည်သွားသည်။ “ဘာလဲ... မင်းက ဓာတ်ကြီးငါးပါးခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့အဆင့် နှစ်ဆင့် ပြီးသွားတာနဲ့ ငါ့စကားကို နားမထောင်တော့ဘူးလား”
ချောင်ရို့ချန်၏ ရင်ထဲတွင် နွေးထွေးမှုလှိုင်းလုံးတစ်ခု ပျံ့နှံ့သွားသည်။ သူသည် အိတ်ကို လက်ခံလိုက်ပြီး စိတ်ရင်းဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
ရှောင်ချန်းသည် ချောင်ရို့ချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။ “ဂျူနီယာညီလေးကတော့ အဆင်ပြေသွားပြီ။ ဂျူနီယာညီမလေး လွီရော ဘယ်လိုနေလဲ မသိဘူး...”
“သူသာ စစ်မှန်ကံကြမ္မာအဆင့်ကို မရောက်သေးရင် ငါ ခရီးထွက်ရတာ စိတ်မဖြောင့်ဘူး။ နောက်မှ သူ့ကို သွားတွေ့လိုက်ဦးမယ်”
ချောင်ရို့ချန်သည် အလျင်အမြန်သွားနေသည့်အတွက် မကြာမီ ကုသိုလ်ခန်းမ သို့ ရောက်ရှိလာခဲ့သည်။
စောသေးသည့်အတွက် ခန်းမထဲတွင် လူရှင်းနေခဲ့သည်။
သူက ဝင်သွားလိုက်ပြီး ကျင့်ကြံခြင်းရင်းမြစ်များကို စီမံပေးသည့် ကြီးကြပ်ရေးမှူးထံသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
“ကြီးကြပ်ရေးမှူးဟန်... ကျွန်တော် နှစ်တစ်ထောင် ရေခဲကန်မှာ သုံးလလောက် လေ့ကျင့်ချင်လို့ပါ။ နေရာလွတ် ရှိသေးလား”
ရွှမ်ထျန်းတိုက်ကြီး၏ ထိပ်တန်း ကျောင်းတော်ကြီး တစ်ခုအနေနှင့် ဝမ်တောက်ကျောင်းတော်တွင် ထူးချွန်သည့် ဆရာသမားများအပြင် ထိပ်တန်းအဆင့် ကျင့်ကြံခြင်း နယ်မြေများကိုပါ ပိုင်ဆိုင်ထား၏။
ကြီးကြပ်ရေးမှူးဟန်က အနှစ်တစ်ထောင် ရေခဲကန် ကို ကြားလိုက်ရသည့်အခါ ချောင်ရို့ချန်ကို ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနကဟု အလိုလို ထင်လိုက်မိသည်။
ထိုဌာနကသာ ရေခဲကန်ကို ပုံမှန် သုံးကြသည်။ တခြား ဌာနများက သိပ်မလိုအပ်ပေ။
“မင်းက အတွင်းစည်းကလား၊ အပြင်စည်းကလား။ ပြီးတော့ ဘယ်လောက်ကျယ်တဲ့ ကန်ကို လိုချင်တာလဲ”
ဝမ်တောက်ကျောင်းတော်တွင်၊ ရာထူးမတူလျှင် ဆက်ဆံခံရသည်လည်း မတူပေ။
“ကျွန်တော်က အပြင်စည်းတပည့်ပါ။ ဆယ်ပေပတ်လည် ကန်တစ်ခု လိုချင်ပါတယ်” ချောင်ရို့ချန်က ဆိုသည်။
“ဆယ်ပေကန်လား။ အဲဒါက တစ်ရက်ကို ကုသိုလ်အမှတ် (၁၀)မှတ် ကျတယ်။ သုံးလဆိုရင် အမှတ် (၉၀၀)ပေါ့။ မင်းရဲ့ တပည့်အထောက်အထားတိုကင်ကို ပေး။ အမှတ်လောက်လားဆိုတာ စစ်ကြည့်လိုက်ဦးမယ်”
ကြီးကြပ်ရေးမှူးဟန်က စီးပွားဆန်သည့်လေသံဖြင့် ပြောလိုက်သည်။
အပြင်စည်းတပည့်များက တာဝန်များယူကာ လစဉ် ကုသိုလ်အမှတ်များ ရှာဖွေ၍ရပြီး ၎င်းတို့ကို ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် လဲလှယ်၍ ရသည်။
ချောင်ရို့ချန်၏ပိုက်ဆံ အများစုက အသိမ်းခံလိုက်ရသော်လည်း သူ့တွင် ကုသိုလ်အမှတ်များ ကျန်နေပါသေးသည်။
သူသည် တပည့်အထောက်အထားကို စားပွဲပေါ် တင်ပေးလိုက်သည်။
ကြီးကြပ်ရေးမှူးဟန်သည် ထိုအပေါ်က နာမည်ကို မြင်လိုက်ရသည့် အခိုက် မျက်လုံး ပြူးသွားသည်။
သူက ရှေ့က အရပ်ရှည်ရှည် အကောင်ထွားထွားနှင့် လူ့ဗလံကြီးကို မယုံကြည်နိုင်သလို စိုက်ကြည့်နေသည်။ “မင်း တကယ်ပဲ ချောင်ရို့ချန်လား”
သူ၏မှတ်ဉာဏ်ထဲတွင််တော့ ချောင်ရို့ချန်သည် ပျင်းရိပြီး အလိုလိုက်ခံထားရသော ကောင်ငယ်လေးသာဖြစ်၏။ ကုသိုလ်ခန်းမကို လာသည့်အခါတိုင်း အမြဲတမ်း အမှတ်များကို ရောင်းရန်နှင့် လဲလှယ်ရန်အတွက်လောက်သာ လာတက်သည်။
‘အဲဒါကို အခု သူက နှစ်တစ်ထောင်ရေခဲကန်မှာကျင့်ကြံချင်တယ်ဆိုလား’
‘ဘယ်သူက ယုံမှာလဲ’
ချောင်ရို့ချန်က သူ၏ရုပ်ရည် အကြီးအကျယ် ပြောင်းလဲသွားမှန်း သိနေပါသည်။ သူစိမ်းမဆိုထားနှင့်။ သူ၏မိတ်ဆွေဟောင်းများပင် မှတ်မိဖို့ ခက်ခဲပါလိမ့်မည်။
သူ ပြုံးကာ ဆိုသည်။ “ကြီးကြပ်ရေးမှူးဟန် ဘယ်သူက ကျွန်တော့်နာမည်ကိုသုံးပြီး အယောင်ဆောင်ရဲမှာလဲ”
ထိုစကားဆုံးသည်နှင့် ကြီးကြပ်ရေးမှူးဟန်က သိလိုက်၏။
‘ဟုတ်တယ်။ အဲဒီ မောက်မာတဲ့လေသံ၊ ဒါက ချောင်ရို့ချန်ရဲ့ မူပိုင်ဟန်ပဲ’
‘စောစောက ယဉ်ကျေးလွန်းနေလို့ လူမှားနေတယ်လို့ ထင်လိုက်မိတာ။’
“တူလေးချောင် မင်း ဘယ်လိုဖြစ်ပြီး ဒီလို ပုံစံ ဖြစ်သွားတာလဲ”
“ကျွန်တော့်ကိစ္စက ခင်ဗျားနဲ့ ဘာဆိုင်လဲ။ မြန်မြန်သာ ကိုယ့် ကိစ္စကိုယ်လုပ်စမ်းပါ”
ချောင်ရို့ချန် ကောင်းစွာ သိပါ၏။ ထိုသူများကို ယဉ်ကျေးနေ၍ အကျိုးမရှိပေ။ ရိုင်းရိုင်းစိုင်းစိုင်း မောက်မောက်မာမာ ပြောမှသာ အလေးထာပေလိမ့်မည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ”
ကြီးကြပ်ရေးမှူးဟန်က ချောင်ရို့ချန်၏အကြောင်းကိုကောလာဟလများ ကြားထားသော်လည်း ၎င်းက သူနှင့်မဆိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ဆေးဘုရင် ရွှမ်ဟော့က သူ၏မြေးကို သတိရသွားပြီး လက်အောက်သို့ ပြန်ခေါ်သွားလျှင် ကြီးကြပ်ရေးမှူးဟန်သာ ဒုက္ခရောက်သွားပေလိမ့်မည်။
သူသည် ချောင်ရို့ချန်ကို တိုကင်ပြားတစ်ခု ပေးလိုက်သည်။
“တူလေးချောင်... ရော့၊ ဒါက ရေခဲကန် တိုကင်ပြားပဲ။ ကြာချိန်က သုံးလ”
“အေး... ပြီးတာပဲ”
ချောင်ရို့ချန်သည် တိုကင်ပြားကို ယူပြီး ချက်ချင်း ထွက်ခွာသွားသည်။ထို့နောက် လမ်းတွင် အစာခံဆေးလုံး အနည်းငယ် ဝယ်လိုက်ပြီး နှစ်တစ်ထောင် ရေခဲကန်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။
ဝမ်တောက်ကျောင်းတော်၏ နှစ်တစ်ထောင် ရေခဲကန်ကို ပထမတန်းစား ယင်သွေးကြောပေါ်တွင် တည်ဆောက်ထားသည်။
တောင်တစ်ခုလုံးက အအေးဓာတ်များကို တစ်နှစ်ပတ်လုံး ထုတ်လွှတ်နေပါ၏။
ရေခဲကန်အပြင် ရေခဲအခန်းနှင့် ရေခဲဓာတ်၊ ယင်ဓာတ် လေ့ကျင့်သူများနှင့် သင့်တော်သည့်နေရာများလည်း အများကြီး ရှိပါသေး၏။
ချောင်ရို့ချန်က သူ၏တိုကင်ပြားကို ကြည့်လိုက်သည်။ သူ၏ ရေခဲကန်နံပါတ်က (၉၉) ဖြစ်သည်။
ထိုကဲ့သို့ ကန်အသေးစားလေးများက အမိုးနှင့် အကာအရံများ မရှိဘဲ ဟာလာဟင်းလင်းဖြစ်သည်။
ဝါးစည်းရိုးလေး တစ်ခုသာ ကာရံထားပြီး အနားလာရပ်သည့် မည်သူမဆို ကျင့်ကြံနေသည့်သူကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ကံကောင်းသည်မှာ ယခု သူ အဝတ်အစား အကုန်ချွတ်ပြီး ကျင့်ကြံစရာ မလိုတော့ပေ။
သူ ရောက်သွားသည့်အခိုက် အနားက ဆယ်ပေပတ်လည် ရေခဲကန်များတွင် ခန္ဓာကိုယ်ကျင့်ကြံသူ နှစ်ယောက် ရှိနေပါ၏။
သူက နှုတ်ဆက်မနေတော့ပေ။ ထိုအစား သူ၏ ရေခဲကန်ထဲသို့ ချက်ချင်းဆင်းလိုက်တော့သည်။
သူ ဝင်သွားသည့်အခိုက် အရိုးထဲထိတိုင် စိမ့်ဝင်နိုင်သည့် အအေးဓာတ်က တစ်ကိုယ်လုံးကို စီးဝင်လာသည်။ အကယ်၍ ယခင်က ခန္ဓာကိုယ်ကို မီးနှင့်သစ်သားဓာတ်ဖြင့်သာ မသန့်စင်ထားခဲ့လျှင် ကိုးနာရီ ကြာနေဖို့ မဆိုထားနှင့်။ နှစ်နာရီပင် ခံနိုင်မည်မဟုတ်ပေ။
သို့သော် ယခု အတွေ့အကြုံရှိသွားသည့်အတွက် သူသည် ခန္ဓာကိုယ်ကို သန့်စင်ရန် အအေးဓာတ်ကို အသုံးပြုပြီး စိတ်ဝိညာဉ်စွမ်းအားတို့ကို လည်ပတ်လိုက်သည်။
…
မျက်စိတစ်မှိတ်အတွင်းမှာ လဝက် ကုန်သွားသည်။
ချောင်ရို့ချန်၏ ကျင့်ကြံခြင်းအလေ့အကျင့်က ယခင်အတိုင်း တင်းကျပ်နေဆဲပင်။ သောင်းပြောင်းပညာရပ်ဌာနတွင် ကျင့်ကြံသည့်အခါနှင့် မကွာခြားပေ။
သို့သော် အခြားသူ၏အမြင်တွင် ၎င်းက လုံးဝကို ကြောက်စရာ ကောင်းပေသည်။
ရက်အနည်းငယ်အတွင်းမှာ။
ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာန၏ အပြင်စည်းဂိုဏ်းတစ်ခွင် ကောလာဟလတစ်ခု ပျံ့နှံ့သွားသည်။
“မင်းတို့ ကြားပြီးကြပြီလား။ နှစ်တစ်ထောင် ရေခဲကန်မှာ ကျင့်ကြံရတာကို ရူးသွပ်နေတဲ့ ကောင်တစ်ကောင် ရောက်နေတယ်”
“ဘာများ အံ့ဩစရာ ရှိလို့လဲ။ ငါတို့ ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနက လူတွေ အကုန်လုံးက ကျင့်ကြံရတာ ရူးသွပ်နေကြတဲ့ကောင်တွေချည်းပဲ မဟုတ်ဘူးလား”
“ဒါပေမဲ့ အဲဒီကောင်က ရေခဲကန်ထဲမှာ ၁၅ ရက် ဆက်တိုက် စိမ်နေတာကွ”
“...မင်း နောက်နေတာလား”
အစပိုင်း၌ လူတိုင်းက ထိုအရူးကောင်သည် အတွင်းစည်းက စီနီယာ တစ်ယောက်ယောက် ဖြစ်မည်ဟု ထင်ခဲ့သည်။
သို့သော် သိပ်မကြာခင်မှာ လူတစ်ယောက်က ထုတ်ပြောလာသည်။
‘အဲဒီသူ အတွင်းစည်း ဝတ်ရုံတောင် ဝတ်မထားဘူး’
လူတိုင်းက အံ့အားသင့်သွားကြသည်။
အပြင်စည်းဂိုဏ်းပြိုင်ပွဲ ပြီးဆုံးသည်မှာ တစ်နှစ်ပင် မပြည့်သေးချေ။
‘အဲဒါကို တစ်ယောက်ယောက်က သေလောက်အောင် ကျင့်ကြံနေပြီလား’
တပည့် အများစုသည် စပ်စုချင်စိတ်ဖြင့် မနက်တိုင်း ရေခဲကန်သို့ သွားပြီး ထူးခြားဖြစ်စဉ်ကို သွားကြည့်ကြသည်။
သူတို့တွေ့ရသည်မှာ ရှစ်ရက်ဆက်တိုက် ရေခဲကန်ပေါ်၌ ငြိမ်သက်စွာ ထိုင်နေသည့် ခေါင်းပြောင်ပြောင်နှင့်သူကိုပင်။
အရူးသွပ်ဆုံးအပိုင်းက။
သူ၏ တစ်ကိုယ်လုံးတွင် ရေခဲမှုန်များ ကပ်ညှိနေသော်လည်း မျက်နှာထားက တည်ငြိမ်နေသည်မှာ နာကျင်မှု၊ ပင်ပန်းမှုဗလာနတ္ထိမရှိသည့်အလားပင်။
‘အရင်တုန်းက သူတို့မှာ စီနီယာအစ်ကို ဂျင်ချန် ရှိတယ်၊ အခု ရေခဲကန်ကို နောက်တစ်ယောက် ထပ်ရောက်လာတာလား’
သတင်းက ဝမ်တောက်ကျောင်းတော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနမှစ၍ မဟာဌာနကြီး ခုနစ်ခုစလုံးသို့ ပျံ့နှံ့သွားတော့သည်။
အပြင်စည်းတပည့်များအပြင် အခြားဌာနတို့က မျိုးဆက်သစ် ပါရမီရှင်များပင် ရေခဲကန်မှ ပါရမီရှင်အသစ်ကို အာရုံစိုက်လာကြသည်။
နောက်ဆုံး၌ ထိုကောလာဟလများက ရှောင်ချန်းနှင့် ချူဖုန်းတို့ထံပါ ရောက်သွားကြ၏။
ချူဖုန်းက ရယ်မောပြီး ရယ်စရာ အတင်းအဖျင်း တစ်ခုဟုသာ သဘောထားလိုက်သည်။
သို့သော် ရှောင်ချန်းကတော့ သူ၏ဂျူနီယာညီလေးအတွက် တိတ်တဆိတ် ဝမ်းသာနေသည်။
ထိုနေ့မှာပင် သူသည် ချူဖုန်းထံသို့ လေးစားစွာ ရောက်လာပြီး ပြောလိုက်သည်။”ဆရာ... ဒီတပည့်က တောင်အောက်ဆင်းပြီး လေ့ကျင့်ဖို့အတွက် အဆင်သင့် ဖြစ်ပါပြီ”