← Chapters

ဝမ်မိသားစု၏ သမက်

Vol. 8 Ch. 71

ဝမ်မိသားစု၏ သမက်

Vol. 8 Ch. 71

“ဖက်တီးလေး... ဒီနေ့ ထင်းသွားခွဲလိုက်ဦး”

“ဟုတ်ကဲ့ပါ ဆရာ”

“ဖက်တီးရေ... ထင်းခွဲပြီးတာနဲ့ ဟိုနတ်ဆိုးသားရဲ အသားတွေကို ချက်လို့ရအောင် ကိုင်ထားလိုက်(အသားငါးကိုင်)”

“နားလည်ပါပြီဗျ”

ချူဖုန်းသည် ဝမ်ပေါင်လဲ့ကို တာဝန်ပေးပြီးနောက် ခြံဝင်းသို့ ပြန်လာပြီး စာအုပ်ဖတ်ကာ အချိန်ဖြုန်းတော့၏။

ဖပ်တီးလေး ရောက်လာကတည်းက သောင်းပြောင်းပညာရပ်ဌာနသည် အလုပ်ကြမ်း မှန်သမျှအတွက် အသုံးဝင်သည့် အလုပ်သမားလေးတစ်ဦး ရလာ၏။

စိတ်မကောင်းစရာတစ်ခုမှာတော့ ကောင်လေး၏ ချက်ရည်ပြုတ်ရည်က သာမန်အဆင့်လောက်သာ ရှိသည်။

အစားအသောက်၏ အရသာက ဆိုးနေ၍ မဟုတ်၊ကျင့်ကြံခြင်းအဆင့် နိမ့်လွန်းနေ၍ပင်။ သူ့လက်ထဲသို့ ပါဝင်ပစ္စည်းများ ရောက်သွားသည့်အခိုက် ထူးခြားသည့် ဂုဏ်သတ္တိများ ပျောက်ဆုံးသွားပြီး သာမန် အစားအစာများ ဖြစ်သွားကာ အားအင်မဖြည့်တင်းပေးနိုင်တော့ချေ။

ပြန်စဉ်းစားကြည့်လျှင် ဝတုတ်လေး သောင်းပြောင်းပညာရပ်ဌာနသို့ ရောက်နေသည်မှာ တစ်လပြည့်သွားပြီဖြစ်သည်။

သူသည် ညည်းညူခြင်းမရှိဘဲ ဝီရိယရှိစွာ အလုပ်ကိုလုပ်ပြီး အနည်းဆုံး စားသူလည်း ဖြစ်သည်။

ချူဖုန်းပင်လျှင် အနည်းငယ် ရှက်ရွံ့သလို ခံစားလာရသည်။ ဘာပဲဖြစ်ဖြစ် သူက နှလုံးသားမရှိသည့်ဆရာတစ်ဦးမဟုတ်ပေ။

“ဆရာ... ဂျူနီယာမောင်လေးကို ကျင့်ကြံရမဲ့နည်း မသင်ပေးဘူးလား”

ချင်းချင်းသည် ကျင့်ကြံပြီးစီး၍ ပြန်လာသည့်အခါ သူမ၏ဆရာက စာဖတ်နေစဉ် ဂျူနီယာမောင်လေးက မီးဖိုချောင်တွင် အလုပ်ရှုပ်နေသည်ကို မြင်သဖြင့် သိလိုစွာ မေးလာသည်။

“သူက ကျင့်ကြံချင်တာမှ မဟုတ်တာ၊ ငါက ဘာလို့ သင်ပေးရမှာလဲ”

ချူဖုန်းသည် တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

ချင်းချင်းက အံ့ဩသွားသည်။ သူမသည် သဘာဝအလျောက် အေးစက်သော်လည်း သူတစ်ပါးအပေါ် လုံးဝ စိတ်ခံစားချက် မရှိသူ မဟုတ်ပေ။

ဂျူနီယာမောင်လေးသည် လွန်ခဲ့သော တစ်လအတွင်း အလုပ်ကြမ်း မှန်သမျှကို လုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ ခဲ့ရသည်။

သူသည် အလွန် အလုပ်ကြိုးစား သူတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် သူမက မေးမြန်းလိုက်ခြင်း ဖြစ်သည်။

“ဆရာ... ကျွန်မ သွားချက်လိုက်ပါ့မယ်”

“အင်း”

ချူဖုန်းသည် ပေါ့ပေါ့ပါးပါး ပြန်ထူးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

တစ်နာရီ ကြာပြီးနောက်။

စီနီယာအစ်မနှင့် ဂျူနီယာမောင်လေးတို့သည် ဟင်းပွဲများကို စားပွဲပေါ်သို့ တစ်ပွဲပြီးတစ်ပွဲ သယ်ဆောင်လာကြသည်။

ချူဖုန်းသည် တူကို အရင် ကောက်ကိုင်လိုက်ပြီး တစ်ကိုက် မြည်းစမ်းကာ ချီးကျူးလိုက်သည်။ “ချင်းအာ... မင်းရဲ့ အချက်အပြုတ်က တိုးတက်သထက် တိုးတက်လာပါလား”

ချင်းချင်းသည် ပြန်ပြောလိုက်သည်။ “ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့်ပါ”

ချူဖုန်းသည် ပြုံးလိုက်ပြီး ပြော၏။ “မင်းရဲ့ ဆရာအနေနဲ့ ငါက သာမန်ကာလျှံကာလောက်ပဲ လမ်းညွှန်ပေးခဲ့တာလေ။ မင်းရဲ့ ပါရမီကြောင့်သာ တိုးတက်လာတာ။ ဒါနဲ့ မင်း အခုတလော ကျင့်ကြံခြင်းမှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ရသေးလား”

ချင်းချင်းသည် ခေါင်းအသာ ယမ်းလိုက်သည်။ “တပည့် ကျင့်ကြံခြင်းမှာ အခက်အခဲနဲ့ ကြုံရတာမျိုး မရှိပါဘူး။ ဆရာ့လမ်းညွှန်မှုကို ရပြီးကတည်းက ကျွန်မရဲ့ တိုးတက်မှုက မြန်လာပါတယ်။ နောက်ထပ် တစ်နှစ်ခွဲလောက် အချိန်ရရင် စစ်မှန်ကံကြမ္မာအဆင့်ကို တက်နိုင်မယ်လို့ ယုံကြည်ပါတယ်”

“ကျင့်ကြံခြင်းမှာ ပြဿနာ မရှိဘူးဆိုတာ ‌သေချာလား”

ချူဖုန်းသည် တမင်တကာ ခဏရပ်လိုက်သည်။

ချင်းချင်းနှင့် ဝမ်ပေါင်လဲ့တို့ နှစ်ဦးစလုံး အငိုက်မိသွားပြီး ချူဖုန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

စားသောက်နေရင်း ဝမ်ပေါင်လဲ့သည် တိတ်တဆိတ် တွေးလိုက်သည်။

‘စီနီယာအစ်မက တော်တော် သန်မာနေပြီပဲ။ ငါလာခဲ့တဲ့ နေရာမှာဆိုရင် ထိပ်တန်းအဆင့် ပါရမီရှင်တပည့်တွေတောင် တာအိုတည်ဆောက်ခြင်းအဆင့်ကနေ စစ်မှန်ကံကြမ္မာအဆင့်ကို တက်ဖို့ (၅) နှစ်ကနေ (၁၀) နှစ်လောက်အထိ အချိန်ယူရတယ်’

‘စီနီယာအစ်မက အခုမှ တာအိုတည်ဆောက်ခြင်း အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ တစ်နှစ်ခွဲအတွင်း စစ်မှန်ကံကြမ္မာအဆင့် ရောက်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေတယ်။ သေချာပေါက် ထိပ်တန်းအဆင့် ပါရမီရှင်ပဲ’

‘ဒါဆို ဆရာက ဘာလို့ ပြဿနာ ရှိတယ်လို့ ထင်နေရတာလဲ’

ချင်းချင်းက နက်နက်နဲနဲ မစဉ်းစားဘဲ တိုက်ရိုက် မေးလိုက်သည်။ “ဆရာ့ကို လမ်းညွှန်ပေးဖို့ တောင်းဆိုပါတယ်”

“ကောင်မလေး... မင်းက ငါသတ်မှတ်ပေးထားတဲ့ ရည်မှန်းချက် အသေးစားလေး ပြည့်မီဖို့အတွက် အတင်းအကြပ် ကျင့်ကြံနေတာမလား”

ချူဖုန်းသည် ပြုံးကာ မေးလိုက်သည်။

ချင်းချင်းက ခေါင်းညိတ်လိုက်သည်။ “အဲဒါလည်း အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းပါပဲ။ ဒါပေမဲ့ စီနီယာအစ်ကိုတွေတောင် လုပ်နိုင်ရင် ကျွန်မလည်း လုပ်နိုင်ရမှာပေါ့”

“အဲဒါကြောင့်ပဲ မင်းက အဆင့်တက်ဖို့ကိုပဲ အာရုံစိုက်နေပြီး ဆန္ဒကို နားလည်သဘောပေါက်ဖို့ အာရုံမစိုက်ထားတော့တာမလား”

ချူဖုန်းသည် ပြန်မေးလိုက်သည်။

ချင်းချင်းသည် ကြောင်အသွားသည်။ သူမက ထိုအခိုက် မည်သို့ပြန်ဖြေရမည်ကို မသိတော့ချေ။

သူမက ဆရာ့၏ညွှန်ကြားချက်အတိုင်း ကျင့်ကြံနေသော်လည်း အဘယ်ကြောင့် ဆရာက သူမ၏ နည်းလမ်းက မှားယွင်းနေသည်ဟု ပြောလာရသနည်း။

ချူဖုန်းသည် လက်ဖက်ရည် တစ်ငုံသောက်ပြီး ဆက်ပြောသည်။ “သဘာဝတရားကို နားလည်ဖို့အတွက် မင်းရဲ့ ဇီသာကို အသုံးပြုခိုင်းရတဲ့ အကြောင်းရင်းက ကိုယ်ပိုင် ဆန္ဒကို နားလည်သဘောပေါက်လာစေဖို့ပဲ။ ဇီသာဆန္ဒ ၊ ဓားဆန္ဒ ၊ ဒါမှမဟုတ် တခြား တစ်ခုခုပေါ့”

“လောလောဆယ် မင်းအတွက် ဆန္ဒကို နားလည်သဘောပေါက်ဖို့က အရေးကြီးဆုံးပဲ။ သဘောပေါက်သွားတာနဲ့ မင်းရဲ့ ကျင့်ကြံခြင်းက သဘာဝအတိုင်း တိုးတက်လာလိမ့်မယ်။ တစ်နေ့တည်းနဲ့ မိုင်တစ်ထောင်ခရီးကို ရောက်နိုင်တဲ့ အမြန်နှုန်းမျိုး ဖြစ်သွားလိမ့်မယ်”

ချင်းချင်း၏ မျက်လုံးများသည် နားထောင်နေရင်းပိုမို တောက်ပလာသည်။

သူမသည် ပုံမှန် ကျင့်ကြံရာတွင် ဂီတကို သဘာဝတရားထဲသို့ ပေါင်းစပ်ရန်သာ အာရုံစိုက်ခဲ့ပြီး သဘာဝတရားထံမှ တုံ့ပြန်မှုကို မည်သည့်အခါမျှ လက်မခံခဲ့ပေ။

သူမ၏ရှေ့တည့်တည့်တွင် ရှိနေသော်လည်း ဆန္ဒကို ဆုပ်ကိုင်နိုင်မည့် အခွင့်အရေး အများအပြားကို လက်လွတ်ခဲ့မိသည်။

“လမ်းညွှန်ပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်”

ချူဖုန်းက ပြုံးလိုက်သည်။ “မင်း နားလည်တာ ကောင်းပါတယ်။ ရည်မှန်းချက် အသေးစားလေးအတွက်ကတော့ လုပ်နိုင်ရင် လုပ်ပါ။ မလုပ်န်ိုင်ရင် လည်း ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့။”

“မင်းက စီနီယာအစ်ကိုတွေနဲ့ မတူတဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာ။ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေက မင်းထက် အများကြီး ပိုနက်ရှိုင်းတယ်”

“မှတ်ထားပါ တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံခြင်းဆိုတာ အခြေခံအုတ်မြစ်ကို ချတာပဲ။ အုတ်မြစ်ခိုင်မာမှ မိုးထိအောင်မြင့်တဲ့ မျှော်စင်တွေကို တည်ဆောက်နိုင်မှာ”

“ဟုတ်ကဲ့ပါ”

ချင်းချင်းက ခေါင်းညိတ်လိုက်သည်။

ဝမ်ပေါင်လဲ့မှာမူ လုံးဝ ဇဝေဇဝါ ဖြစ်နေသည်။ ဆရာနှင့် စီနီယာအစ်မကြား ဆွေးနွေးမှုသည် အလွန် နက်နဲလှသည်။

ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသူ တစ်ယောက်အနေဖြင့် သူ တစ်လုံးမှ နားမလည်ပေ။

ထိုအချိန်တွင် သူ၏ပန်းကန်လုံးထဲမှ နံရိုးများပင် အရသာ မရှိတော့သလို ခံစားလိုက်ရသည်။

အကယ်၍ အချိန်ကိုသာ နောက်ပြန်လှည့်နိုင်မည်ဆိုလျှင် ခိုးသင်ခဲ့သည့် ကျင့်ကြံခြင်း သင်ခန်းစာများကို ပိုပြီး နားထောင်ချင်မိသွားသည်။ ထိုသို့ဆို ယခု နည်းနည်းလောက် ပိုနားလည်နိုင်လောက်သည်။

ချင်းချင်းကို လမ်းညွှန်မှု ပေးပြီးနောက် ချူဖုန်းသည် ဝမ်ပေါင်လဲ့ဘက်သို့ အကြည့်လွှဲလိုက်သည်။

“ဖက်တီးလေး... ဒီရက်ပိုင်း သောင်းပြောင်းပညာရပ်ဌာနမှာ နေရတာ ဘယ်လိုလဲ”

ဝမ်ပေါင်လဲ့သည် အစာကောက်နေသော ကြက်ပေါက်လေးကဲ့သို့ စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ “အရမ်း ကောင်းပါတယ်...ကျွန်တော့်ဘဝမှာ ဒီလောက် သက်တောင့်သက်သာ တစ်ခါမှ မနေခဲ့ဖူးဘူး”

၎င်းကို ကြားလိုက်ရသောအခါ ချူဖုန်းက တိတ်ဆိတ်သွားသည်။

သူသည် ရှေ့မှ ဝတုတ်လေးကို ကြည့်ပြီး တီးတိုး ရေရွတ်လိုက်သည်။ “ဒီကလေး အရင်တုန်းက ဒုက္ခတွေ ဘယ်လောက်တောင် ခံစားခဲ့ရတာလဲ”

‘ငါ သူ့ကို အိမ်မှုကိစ္စတွေ အများကြီး ခိုင်းထားတာတောင်မှ သူက ကျေးဇူးတင်တဲ့ ပုံပေါက်နေတုန်းပဲ’

ချူဖုန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လေသံ ပြောင်းလိုက်သည်။ “ဖက်တီးလေး... မင်းဆရာ့ကို မျက်နှာလိုမျက်နှာရ လုပ်ချင်လို့ အဲဒီလို ပြောနေတာလား”

“မင်းရဲ့ ဝဝကစ်ကစ် ပုံစံအရဆို ဒုက္ခအများကြီး ခံစားခဲ့ရတဲ့ သူတစ်ယောက်နဲ့ မတူဘူး”

ဝမ်ပေါင်လဲ့သည် ပန်းကန်လုံးနှင့် တူကို ချလိုက်ပြီး စတင် ရှင်းပြလေသည်။

“ကျွန်တော် အရင်တုန်းက အလုပ်ကြမ်း သိပ်မလုပ်ဖူးပေမဲ့ အစေခံအလုပ်တွေတော့ အများကြီး လုပ်ခဲ့ဖူးတယ်...ခြေဆေးရေ သယ်ပေးတာမျိုး၊ သူများတွေအတွက် ထမင်းချက်ပေးတာမျိုး အဲဒီလို အလုပ်တွေပေါ့”

ချူဖုန်းနှင့် ချင်းချင်း နှစ်ယောက်စလုံးသည် သံသယ မျက်နှာထားများဖြင့် သူ့ကို ကြည့်လိုက်ကြသည်။

“မင်း ပြောလေ ပိုပြီး မယုံနိုင်စရာ ကောင်းလေလေ ဖြစ်နေတယ်”

ဝမ်ပေါင်လဲ့က ၎င်းကို ကြားသောအခါ ရှုပ်ထွေးသွားသည်။

ဟူး...

ခဏအကြာတွင် သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောသည်။ “ဆရာ၊ စီနီယာအစ်မ... အမှန်အတိုင်း ပြောရရင် ကျွန်တော်က တကယ်တော့ ဇနီးသည်အိမ်လိုက်‌နေတဲ့သမက်တစ်ယောက်ပါ၊ ပြီးတော့ ငယ်ငယ်ကတည်းက မွေးစားခံထားရတဲ့ သူတွေထဲက တစ်ယောက်ပါ’

“ငယ်ငယ်တုန်းက သိပ်မသိသာခဲ့ပေမဲ့ ကျွန်တော့်ဇနီးသည်ဘက်က မိသားစုဝင်တွေက ကျွန်တော် ကြီးလာရင် သူ့ရဲ့ ခင်ပွန်း ဖြစ်လာရမယ်လို့ ခဏခဏ ပြောကြတယ်”

“ကျွန်တော် ဘာလုပ်ရမယ် ဘယ်လို ပြုမူရမယ် ဆိုတာ ပြောကြတယ်။ ခြံဝင်းထဲက အဘွားကြီးကတောင် ကျွန်တော့်ကို ကျင့်ကြံခွင့် မပေးဘူး။ အဲဒီအစား လူတွေကို ဘယ်လို ပြုစုရမလဲ ဆိုတဲ့ နည်းလမ်းတွေပဲ သင်ပေးတယ်”

“ကျွန်တော့် မျိုးရိုးနာမည်တောင် ဇနီးသည်ဘက်ကို ယူထားရတာပါ”

“ဝမ်မိသားစုရဲ့ သမက်လား”

ချူဖုန်းက မသိစိတ်ဖြင့် ထုတ်ပြောလိုက်မိသည်။

“ငါ ခန့်မှန်းကြည့်မယ်။ တစ်နေ့ကျတော့ ဝမ်တောက်ကျောင်းတော် တိုကင်ပြားကို ကိုင်ထားတဲ့ လူတစ်ယောက်က ရုတ်တရက် ပေါ်လာပြီး (၁၈) ပြည့်သွားပြီ၊ ကျွန်တော်တို့ သခင်လေး ပြန်လာမှာကို မျှော်နေပါတယ် ဆိုတာမျိုး ပြောလား”

ဝမ်ပေါင်လဲ့သည် ခဏတာ မှင်တက်သွားသည်။ သူ ပြောမည့် စကားလုံးများ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး ဆရာ့ကို ဘယ်လို ပြန်ပြောရမလဲ မသိ ဖြစ်သွားသည်။

သူက ခဏ ရပ်တန့်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။ “အဲဒီလိုကြီးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ကျွန်တော့်အဖိုးက ဝမ်တောက်ကျောင်းတော် တိုကင်ပြားနဲ့အတူ ကျွန်တော့်ဆီ ရောက်လာတယ်”

“ကျွန်တော့်ရဲ့ အခြေအနေကို ပြောင်းလဲချင်လားလို့ မေးတယ်။ ဆုံးဖြတ်ချက်ချဖို့ အချိန်အတော်ကြာ ရုန်းကန်လိုက်ရတယ်... နောက်ဆုံးတော့ တိုကင်ပြားကို ယူပြီး ဒီမှာ ကျင့်ကြံဖို့ ရွေးချယ်ခဲ့တာပါ”

All Chapters