ကျေးဇူးပြုပြီး သူ့ကို တပည့်အဖြစ် လက်ခံပေးပါ
Vol. 7 Ch. 69
“ဓားပညာဌာနက သဘောတူတယ်”
“ဆေးပညာဌာနကလည်း ထောက်ခံပါတယ်”
“…”
ကြီးကြပ်ရေးမှူးပိုင်၏ စကားကို ကြားလိုက်ရသောအခါ အပြင်စည်းအကြီးအကဲများသည် သူတို့၏ သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်ကြသည်။
သူတို့အားလုံးသည် အပြင်စည်းတွင် တပည့်သစ် စုဆောင်းလာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ထိုဝတုတ်လေး၌ မွေးရာပါ ညံ့ဖျင်းသည့် အခြေခံသွေးကြောများရှိကြောင်းနှင့် ပါရမီ ကင်းမဲ့နေသည်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ကြသည်။
သူ၏ နားလည်နိုင်စွမ်းနှင့် ပတ်သက်ပြီး ထည့်ပြောစရာပင် မလိုချေ။
ကောင်လေးသည် အသက် (၁၈) နှစ် ရှိနေပြီ ဖြစ်သော်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း ပဉ္စမအဆင့်တွင်သာ ရှိနေသေးသည်။
အကယ်၍သာ သူ့လက်ထဲတွင် ဝမ်တောက် တိုကင်ပြား မရှိခဲ့ပါက ကျောင်းတော်တံခါးဝကို ဖြတ်ကျော်ဝင်ရောက်ရန်ပင် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။
ကြီးကြပ်ရေးမှူးပိုင်က ခေါင်းအသာ ညိတ်လိုက်သည်။ “ခင်ဗျားတို့အားလုံး သဘောတူကြမှတော့ ကျွန်တော် ဒီကောင်လေးကို သောင်းပြောင်းပညာရပ်ဌာနဆီ ပို့လိုက်ပါ့မယ်”
“အနာဂတ်မှာ သူ တစ်ခုခု ဖြစ်လာခဲ့ရင် ဘယ်သူမှ ကျွန်တော့်ကို လာအပြစ်မတင်ကြဖို့ မျှော်လင့်ပါတယ်”
“စိတ်မပူပါနဲ့ ဂျူနီယာညီလေးပိုင် သူ ဘာပဲ ဖြစ်လာဖြစ်လာ ငါတို့ မင်းဆီ လာမှာ မဟုတ်ပါဘူး”
“ဟုတ်တာပေါ့။ ဟို ချူဖုန်းဆိုတဲ့ကောင်က ကံကောင်းသွားလို့ ရှောင်ချန်းနဲ့ ချောင်ရို့ချန်တို့ကို တပည့်အဖြစ် ရသွားတာပါ”
“မှန်တယ် ဒီကောင်လေးက အဲဒီနှစ်ယောက်နဲ့ ယှဉ်လို့ မရဘူး”
“…”
အကြီးအကဲတစ်သိုက်သည် သူတို့အချင်းချင်း စကားစမြည်ပြောကာ ရယ်မောနေကြသည်။
ကြီးကြပ်ရေးမှူးပိုင်က ထပ်မံ ပြောဆိုခြင်း မပြုတော့ဘဲ ဝတုတ်လေး ဝမ်ပေါင်လဲ့ရှိရာသို့ လှည့်ထွက်လာသည်။
ပူပန်မှုကင်းမဲ့နေသော ကောင်လေးကို ကြည့်ပြီး သူ မေးလိုက်သည်။ “မင်း စားလို့ ပြီးပြီလား”
ဝမ်ပေါင်လဲ့သည် ဝက်လက်ကို ကိုက်နေဆဲဖြစ်ပြီး ဗလုံးဗထွေး ပြောလိုက်သည်။ “နောက်ထပ် တစ်ကိုက်ပါပဲ နောက်ထပ် တစ်ကိုက်ပါပဲဗျာ”
ကြီးကြပ်ရေးမှူးပိုင် “...”
အနားက အပြင်စည်းအကြီးအကဲများသည် ထိုမြင်ကွင်းကြောင့် ရယ်မောမိလုနီးပါး ဖြစ်သွားကြသည်။
ဤသို့သော တပည့်တစ်ဦးကို လက်ခံပြီးနောက် ဌာနမှူးချူ မည်သို့သော မျက်နှာထားမျိုး ဖြစ်နေမလဲ ဆိုတာကို သူတို့ သိချင်သွားကြသည်။
သူတို့အားလုံးက ရွှင်မြူးသွားကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကာ ပြင်ပရေးရာဌာနမှ အတူတကွ ထွက်ခွာသွားကြသည်။
“အကြီးအကဲတို့ ကျုပ် သောင်းပြောင်းပညာရပ်ဌာနက ရည်ရွယ်ချက် တစ်ခုတော့ ရှိတယ်ဆိုတာ သဘောပေါက်စပြုလာပြီ။ ဒီဝတုတ်လေးလို အမှိုက်တွေကို စွန့်ပစ်ဖို့အတွက် ပြီးပြည့်စုံတာပဲ”
“ခင်ဗျားက ဘာကို သဘောပေါက်စပြုလာပြီလို့ ပြောတာလဲ။ သောင်းပြောင်းပညာရပ်ဌာနက လွန်ခဲ့တဲ့ နှစ်တစ်ရာလုံး အမှိုက်ပုံး ဖြစ်လာခဲ့တာ မဟုတ်ဘူးလား”
“အမှန်ပဲ ဒီနေ့ ကျုပ် ပျော်နေတယ်။ တစ်ဝိုင်းလောက် ဝိုင်းလိုက်ကြမလား”
ခဏအကြာတွင်။
ကြီးကြပ်ရေးမှူးပိုင်သည် ဝမ်ပေါင်လဲ့ကို သောင်းပြောင်းပညာရပ်ဌာနသို့ ခေါ်ဆောင်လာခဲ့သည်။
ဝမ်ပေါင်လဲ့သည် သူ့ရှေ့မှ တိတ်ဆိတ်နေသော တောင်ထိပ်ကို ကြည့်လိုက်ပြီး ကြီးကြပ်ရေးမှူးပိုင်ဘက်သို့ မသိစိတ်ဖြင့် လှည့်ကာ မေးလိုက်သည်။ “ဆရာ... ဒီမှာ ဝက်လက်တွေကို အကန့်အသတ်မရှိ ထောက်ပံ့ပေးတယ်ဆိုတာ တကယ်လားဟငါ”
ကြီးကြပ်ရေးမှူးပိုင် “...”
‘ဒီကောင်လေးရဲ့ စိတ်ထဲမှာ အစားအသောက်ကလွဲရင် ဘာမှ မရှိပါလား’
“သေချာတာပေါ့ ဘာပဲဖြစ်ဖြစ် ဒါက ဝမ်တောက်ကျောင်းတော်ရဲ့ မဟာဌာနကြီးဆယ်ခုထဲက တစ်ခုပဲလေ”
“ဒါပေမဲ့ ဘာလို့ လူတစ်ယောက်မှ မတွေ့ရတာလဲ”
ဝမ်ပေါင်လဲ့က သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် သာယာနာပျော်ဖွယ်ကောင်းသော ဇီသာသံတစ်သံ အဝေးမှ ပျံ့လွင့်လာခဲ့သည်။
“မြင်လား လူတစ်ယောက် ရှိတယ်” ကြီးကြပ်ရေးမှူးပိုင်က ပြုံးလျက် ပြောလိုက်သည်။
သူတို့နှစ်ဦးသည် ဂီတသံ လာရာအရပ်ဆီသို့ စတင် သွားလိုက်ကြသည်။
ကြီးကြပ်ရေးမှူးပိုင်သည် အေးချမ်းပြီး ကျက်သရေရှိသည့် တေးသွားကို နားထောင်ရင်း မသိမသာပင် ၎င်းအထဲ၌ နစ်မြုပ်သွားမိသည်။
ခြေလှမ်း တစ်ဒါဇင်ကျော်ခန့် လျှောက်ပြီးနောက် သူ၏မျက်နှာအမူအရာက ရုတ်ခြည်း ပြောင်းလဲသွားသည်။
“ဒုက္ခပဲ၊ ဒီသံစဉ်မှာ တစ်ခုခု ထူးဆန်းနေတယ်”
စိတ်ဝိညာဉ်ပြည့်အင့်ခြင်း တစ်ပိုင်းအဆင့် သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦး အနေဖြင့် ဂီတက ဖန်တီးလိုက်သော စိတ်ကူးယဉ် အိပ်မက်ထဲသို့ ကျရောက်သွားသည်။
ထိုအချက် တစ်ခုတည်းကပင် ဇီသာသံ မည်မျှ ထူးခြားကြောင်း သက်သေပြနေသည်။
အကယ်၍ တီးခတ်သူသာ သူ့အပေါ် သတ်ဖြတ်လိုစိတ် ရှိခဲ့လျှင် သူ လုံးဝ ခုခံကာကွယ်နိုင်စွမ်း မရှိပေ။
‘ဒီနေရာမှာ ဘယ်သူက ဇီသာတီးနေတာလဲ’
‘သောင်းပြောင်းပညာရပ်ဌာနက ဇီသာပညာရှင်တစ်ယောက်ကို ဘယ်တုန်းက ရသွားတာလဲ’
ကြီးကြပ်ရေးမှူးပိုင်သည် ဘေးနားတွင် ကြောင်တောင်တောင် ဖြစ်နေသော ဝမ်ပေါင်လဲ့ကို လျစ်လျူရှုပြီး ရှေ့ဆက် လျှောက်သွားလိုက်သည်။
မကြာမီတွင် ချောက်ကမ်းပါးထိပ်၌ ထိုင်လျက် မျက်လုံးစည်း ဝတ်ဆင်ထားပြီး ကမ္ဘာမြေနှင့်မသက်ဆိုင်သည့် အငွေ့အသက်များ ထုတ်လွှတ်ကာ ဇီသာတီးခတ်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
မဟုတ်သေးပေ။ ပို၍ တိတိကျကျဆိုရသော် သူမက ကျင့်ကြံနေခြင်း ဖြစ်သည်။
သူမသည် ဂီတကို အသုံးပြုပြီး မိုးမြေနှင့် ပေါင်းစပ်ကာ တာအိုကို နားလည်ဆင်ခြင်နေခြင်းဖြစ်သည်။
ကြီးကြပ်ရေးမှူးပိုင်က လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
‘ဒီအမျိုးသမီးက ဘယ်လို ကျင့်ကြံခြင်း နည်းစနစ်မျိုးကို သုံးနေတာလဲ။ ဝမ်တောက်ကျောင်းတော်မှာ ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ’
‘နေပါဦး၊ သူက မွှေးရနံ့စင်မြင့်က မဟုတ်ဘူးလား’
ကြီးကြပ်ရေးမှူးပိုင်က သူမ မည်သူမှန်း သဘောပေါက်သွားသည့်အခိုက် ကြောင်အသွားတော့သည်။
သောင်းပြောင်းပညာရပ်ဌာနမှူးက မွှေးရနံ့စင်မြင့်မှ အပျော်မယ်တစ်ဦးကို တပည့်အဖြစ် လက်ခံလိုက်ခြင်းသည် ဝမ်တောက်ကျောင်းတော်၏ ရယ်စရာတစ်ခု ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်တောက်ကျောင်းတော်၏ တပည့်နေရာများသည် အလွန်တရာ တန်ဖိုးကြီးမားလှသည်။
ချူဖုန်းက အပျော်မယ်တစ်ဦးကို တပည့်အဖြစ်လက်ခံပြီး နေရာတစ်ခုစာကို ဖြုန်းတီးပစ်လိုက်သည်က မိုက်ရူးရဲဆန်လှ၏။
သို့သော် ကြီးကြပ်ရေးမှူးပိုင်က တွေးလိုက်မိသည်။ ‘တကယ်တမ်း ငတုံးတွေက ငါတို့ ဖြစ်နေတာပါလား’
သူက ချင်းချင်း၏ ကျင့်ကြံမှုကို ဝင်မနှောင့်ယှက်ပေ။
ယင်းက ဝမ်တောက်ကျောင်းတော်တွင်သာမက ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင်ပါ တားမြစ်ချက်ကြီးတစ်ခု ဖြစ်သည်။
သူ ရောက်နေပြီဖြစ်၍ ထိုအမျိုးသမီးကို ဘာက ထူးခြားသွားစေရသနည်း ဆိုသည်ကို သိရအောင် သီချင်းတစ်ပုဒ်လုံး နားထောင်လိုက်ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။
တီးခတ်မှု ပြီးဆုံးသွားသောအခါ၌။
ကြီးကြပ်ရေးမှူးပိုင်က သူမကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ “အံ့မခန်းပါပဲ ဂျူနီယာညီမလေးချင်း။ မင်းက ဇီသာတီးတဲ့ နေရာမှာ ဆရာတစ်သခင်တစ်ပါးလို့ ကြားဖူးတဲ့အတိုင်းပဲ။ ဒီတေးသွားက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ကြုံရခဲတဲ့ တေးသွားပါပဲ”
ချင်းချင်းက သူ့ကို မြင်သောအခါ မတ်တပ်ရပ်ပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။ “ဦးလေးပိုင်က မြှောက်ပင့်နေပါပြီ။ ကျွန်မက ဆရာသင်ပေးလို့ ပညာရပ်ရဲ့ အပေါ်ယံလေးကိုပဲ သဘောပေါက်ရုံ ရှိပါသေးတယ်။ ဆရာသခင်လို့ ခေါ်ဖို့ မထိုက်တန်ပါဘူး”
ကြီးကြပ်ရေးမှူးပိုင် “...”
‘ငါ ဘာ ပြန်ပြောပေးရမှာလဲ’
သို့သော်လည်း စကားအရာ၌ လိမ္မာသူပီသစွာ သူက စကားလမ်းကြောင်း အမြန် ပြောင်းလိုက်သည်။
“ဂျူနီယာညီမလေးချင်း... ဌာနမှူးချူ ဘယ်မှာလဲဆိုတာ သိလား”
ချင်းချင်းက ချောက်ကမ်းပါး အောက်ဘက်သို့ ညွှန်ပြပြီး လေးစားစွာ ပြန်ဖြေလိုက်သည်။ “ဆရာ အောက်မှာ ကျင့်ကြံနေပါတယ်”
ငါးမျှားတံ ကိုင်ပြီး ချောက်ကမ်းပါးပေါ်ကနေ ဆင်းသွားခြင်းကို မြင်လိုက်ရလျှင်ပင် သူမ၏အမြင်တွင် ဆရာကဲ့သို့ ပညာရှင်တစ်ဦးက ဘာလုပ်နေနေ ကျင့်ကြံနေခြင်းပင် ဖြစ်သည်။
“ကျင့်ကြံနေတာလား”
ကြီးကြပ်ရေးမှူးပိုင်က အေးခဲသွားသည်။ ‘ဌာနမှူးချူက သာမန်လူသား တစ်ယောက်ပဲ မဟုတ်ဘူးလား’
‘သူက တကယ် ကျင့်ကြံနိုင်တာလား’
“ဂျူနီယာညီမလေးချင်း... လမ်းပြပေးလို့ ရမလား။ ဌာနမှူးချူနဲ့ အရေးကြီးကိစ္စ ပြောစရာ ရှိလို့ လာတာ”
ချင်းချင်းသည် ကျင့်ကြံခြင်းကိုသာ အမြဲ အာရုံစိုက်ထားခဲ့ပြီး ပြင်ပကိစ္စများကို ဂရုစိုက်ခဲသည်။
ဝမ်တောက်ကျောင်းတော် အတွင်း ဖြစ်ပျက်နေသည်များကို သူမ သိပ်မသိပေ။ သို့သော် ယခု ကြီးကြပ်ရေးမှူးတစ်ဦးက သူမဆရာကို လာရှာနေပြီဖြစ်ရာ လျစ်လျူမရှုရဲတော့ချေ။
“ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါရှင်”
ထိုသို့ပြောပြီးနောက် ချင်းချင်းက သူမ၏ ဇီသာကို သိမ်းဆည်းလိုက်သည်။
ကြီးကြပ်ရေးမှူးပိုင်သည် ဝမ်ပေါင်လဲ့ကို ချောက်ကမ်းပါး အစွန်းနားသို့ ခေါ်ဆောင်သွားလိုက်သည်။
ဝမ်ပေါင်လဲ့သည် ဂီတ၏ လွှမ်းမိုးမှုမှ အခုလေးတင် ပြန်လည် ရုန်းထွက်လာခြင်း ဖြစ်ပြီး ဖြစ်ပျက် နေသည်များကို နားမလည်သေးခင်မှာပင်။
တစ်စုံတစ်ယောက်က သူ့ကော်လာကို ဆွဲကိုင်ပြီး ချောက်ကမ်းပါးအောက်သို့ ပစ်ချလိုက်သည်။
“အား... ကျွန်တော် မသေချင်သေးဘူး”
ဝမ်ပေါင်လဲ့သည် စူးရှစွာ အော်ဟစ်လိုက်ရာ တောင်ကြားတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ရေတံခွန်အောက်ခြေက စမ်းချောင်းဘေး၌။
ချူဖုန်းသည် ငါးတစ်ကောင် ငါးစာ လာဟပ်တော့မည့်အခြေအနေကို စောင့်ကြည့်နေရင်း ကျေနပ်စွာ ပြုံးလိုက်သည်။
ထိုအချိန်တွင်ပင် ဝက်သတ်ခံရသကဲ့သို့ စူးရှသော အော်ဟစ်သံကြီးက လေထုထဲ ထိုးဖောက်ထွက်ပေါ်လာပြီး ငါးကို လန့်ပြေးသွားစေသည်။
“သောက်ကျိုးနည်း ဘယ်က ငတုံးက ငါ့ငါးကို လန့်ပြေးအောင် လုပ်လိုက်တာလဲ”
စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည့်အခိုက် ပုံရိပ်သုံးခုက ဘေးနားတွင် ပေါ်လာသည်။
ကြီးကြပ်ရေးမှူးပိုင်သည် အကူအညီမဲ့ဟန်ဖြင့် ပြောလိုက်သည်။ “မင်္ဂလာပါ ဌာနမှူးချူ”
ချင်းချင်းက လေးစားစွာ ပြောလိုက်သည်။ “တပည့် ဆရာ့ကို ဂါရဝပြုပါတယ်”
ဝမ်ပေါင်လဲ့သည် တဒိန်းဒိန်း ခုန်နေဆဲဖြစ်သော ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်သည်။ “ငါ တကယ် အသက်ရှင်နေသေးတာပဲ...”
သူ့ရှေ့မှ မတူညီသည့် မျက်နှာအမူအရာ သုံးခုကို ကြည့်ပြီး ချူဖုန်းက တရားခံကို သိလိုက်၏။
‘ခန့်မှန်းနေစရာကို မလိုဘူး။ အဲဒီ သွေးပျက်စရာ အော်သံကြီးက ဒီဝတုတ်လေးဆီက လာတာပဲဖြစ်ရမယ်’
“မင်းတို့သုံးယောက် ဘာကိစ္စရှိလို့ ငါ့ဆီ ရောက်လာကြတာလဲ”
ကြီးကြပ်ရေးမှူးပိုင်က တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ “ဌာနမှူးချူ... ဒီကောင်လေးက ဝမ်တောက် တိုကင်ပြားကို ကိုင်ပြီး ဆရာတစ်ယောက် ရှာဖို့ ဝမ်တောက်ကျောင်းတော်ကို ရောက်လာတာပါ။ ကျောင်းတော်ရဲ့ စည်းမျဉ်းအရ ကျွန်တော် သူ့ကို ဌာနမှူးဆီ ခေါ်လာခဲ့ပါတယ်။ ကျေးဇူးပြုပြီး သူ့ကို တပည့်အဖြစ် လက်ခံပေးပါ”
ထိုသို့ပြောပြီးနောက် သူက ဝမ်ပေါင်လဲ့ကို တွန်းလိုက်သည်။ “မင်း အဲဒီမှာ ဘာရပ်လုပ်နေတာလဲ ကောင်လေး ဌာနမှူးချူကို မြန်မြန် ဂါရဝပြုလိုက်လေ”
ထိုအခါမှသာ ဝမ်ပေါင်လဲ့က သတိပြန်ဝင်လာပြီး ချူဖုန်းဘက်သို့ ဦးညွှတ်လိုက်သည်။ “ဂျူနီယာ ဝမ်ပေါင်လဲ့က စီနီယာချူကို ဂါရဝပြုပါတယ်”