စီနီယာအစ်ကို လုပ်နိုင်ရင် ကျွန်တော် ချောင်ရို့ချန်လည်း လုပ်နိုင်ရမယ်
Vol. 5 Ch. 42
အကြီးအကဲဟုန်က မေးလိုက်သည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ”
ချောင်ရို့ချန် ပြန်မဖြေနိုင်ခင်မှာပင် ဆေးပညာဌာနမှ ချောင်မျိုးနွယ် အကြီးအကဲက ဝင်ပြောလိုက်သည်။ “အကြီးအကဲဟုန် မေးနေစရာ မလိုပါဘူး။ ရို့ချန်က ချောင်မျိုးနွယ်စုဝင်ပါ”
အကြီးအကဲဟုန်က ရပ်တန့်သွားသည်။
“ဆေးပညာဌာနက ဘယ်တုန်းကစပြီး ခန္ဓာကိုယ်ကျင့်ကြံသူတွေ မွေးထုတ်ပေးလိုက်တာလဲ”
ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ အကြီးအကဲကောင်းသည် အခြေအနေ မဟန်တော့သည်ကို သတိပြုမိသဖြင့် ကြားဖြတ် ပြောဆိုလိုက်သည်။ “ချောင်ရို့ချန်မလား။ မင်း ငါ့ဆီမှာ တပည့်ခံချင်လား။ ငါ မင်းအတွက် ချွင်းချက်အနေနဲ့ လက်ခံပေးမယ်။ မင်း စစ်မှန်ကံကြမ္မာအဆင့် ရောက်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း ကိုယ်တိုင် ထောက်ပံ့ပေးမယ်”
“အရှက်မရှိလိုက်တာ”အကြီးအကဲဟုန်နှင့် အကြီးအကဲချောင်တို့က တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
အကြီးအကဲကောင်းသည် သူတို့နှစ်ဦးကို လျစ်လျူရှုပြီး ချောင်ရို့ချန်ကို ဆက်ပြောသည်။ “ငါ ကိုယ့်ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားတယ်။ ငါက ကောင်းကင်စိတ်ဝိညာဉ်ဌာနရဲ့ အကြီးအကဲပါ။ ပြီးတော့ ငါတို့ဌာနရဲ့ တစ်ဦးတည်းသော ခန္ဓာကိုယ်ကျင့်ကြံသူ အကြီးအကဲလည်း ဖြစ်တယ်”
ထိုစကားများ ထွက်ကျလာသည်နှင့် အကြီးအကဲဟုန်နှင့် အကြီးအကဲချောင်တို့သည် ဒေါသကို မထိန်းနိုင်တော့ဘဲ နေရာမှာတင် ထိုးကြိတ်လုနီးပါး ဖြစ်သွားကြသည်။
သို့သော် ချောင်ရို့ချန်သည် ငတုံး မဟုတ်ပေ။ အမှန်တကယ်တော့ သူသည် ယခုလို မြင်ကွင်းမျိုးကို စီနီယာအစ်ကိုနှင့်တုန်းက မြင်ဖူးခဲ့ပြီးသားပေ။
ကွာခြားချက်တစ်ခုက စီနီယာအစ်ကို ရှောင်ချန်းတုန်းက မဟာဌာနကြီးများ၏ ဌာနမှူးများ ကိုယ်တိုင် လုခဲ့ကြခြင်းဖြစ်ပြီး အခု သူ့ကိုတော့ အတွင်းစည်း အကြီးအကဲ သုံးယောက် လုနေခြင်းပင်။
‘ဒါပေမဲ့လည်း မဆိုးပါဘူး။ငါ စီနီယာအစ်ကိုရဲ့ အဆင့်နဲ့ နီးလာပြီပဲ။’
သူက အကြီးအကဲကောင်းကို လေးစားစွာ ပြောလိုက်သည်။”အကြီးအကဲကောင်း၊ အကြီးအကဲဟုန်နဲ့ ဦးလေး... ခင်ဗျားတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီတပည့်မှာ ဆရာ ရှိပြီးသားပါ။ပြီးတော့ ဌာနပြောင်းဖို့ အစီအစဉ်လည်း မရှိပါဘူး”
သူ ထိုသို့ ပြောလိုက်သည့်အခိုက် အကြီးအကဲ သုံးဦးလုံး မှင်တက်သွားကြသည်။
အကြီးအကဲချောင်၏ မျက်နှာက မည်းသည်းသွားသည်။ “ရို့ချန် မင်း ရူးသွားပြီလား၊ သောင်းပြောင်းပညာရပ်ဌာနမှာ သင်ယူစရာ ဘာရှိမှာ မို့လို့လဲ”
“ဟုတ်တယ်၊ ရှောင်ချန်းက အဲဒီကနေ ထွက်လာတာ မှန်တယ် ဒါပေမဲ့ သူက နဂိုကတည်းက ဓားပညာဌာနရဲ့ ပါရမီရှင်လေ”
“မင်း ဘာလို့ ဆေးပညာဌာနကို ပြန်မလာတာလဲ။ တကယ်လို့ မင်း ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံး လိုအပ်ရင် ဦးလေးက မင်းအတွက် ဖော်စပ်ပေးမှာပေါ့”
ကျန်တဲ့ အကြီးအကဲနှစ်ယောက်လည်း သတိပြန်ဝင်လာကြသည်။
သူတို့သည် အကြီးအကဲချောင်နဲ့ မတည့်ကြသော်လည်း သူတို့၏ ရပ်တည်ချက်က အတူတူပါပင်။
အကြီးအကဲဟုန်က ဆိုသည်။ “ဟုတ်တယ် မင်း ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်နှစ်ဆင့် ပြီးသွားပြီ ဆိုပေမဲ့ သောင်းပြောင်းပညာရပ်ဌာနမှာ နောက်ဆက်တွဲ ကျင့်စဉ်တွေ မရှိဘူး။ အဲဒီမှာ ဆက်နေရင် မင်း အနာဂတ် အလဟသ ဖြစ်ကုန်လိမ့်မယ်”
အကြီးအကဲကောင်းက ခေါင်းညိတ်လိုက်သည် “ချောင်ရို့ချန် မင်းကို ပြန်စဉ်းစားစေချင်တယ်”
ချောင်ရို့ချန်က ပြုံးလိုက်သည်။”ပြန်စဉ်းစားစရာ မလိုပါဘူး။ စီနီယာအစ်ကို လုပ်နိုင်ရင် ကျွန်တော် ချောင်ရို့ချန်လည်း လုပ်နိုင်ရမယ်။ပြီးတော့ ကျွန်တော် ဆရာဆီက ရထားတဲ့ အမွေအနှစ်တွေက စီနီယာအစ်ကို ရထားတာတွေထက် နည်းနည်းလေးမှ မနိမ့်ပါဘူး။ ဒါနဲ့ ကျွန်တော့်ကို ခွင့်ပြုပါဦး”
ထိုသို့ပြောပြီးနောက် ချောင်ရို့ချန်သည် အကြီးအကဲသုံးယောက်ကို ကျော်ပြီး တည်ငြိမ်စွာ ထွက်သွားလိုက်သည်။
ထို့နောက် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေသော လူအုပ်ကြီးကို ချန်ထားရစ်ခဲ့သည်။
ဝမ်တောက်ကျောင်းတော်တွင် နှစ်များတစ်လျှောက် လူငယ်ပါရမီရှင် အများအပြားကို တွေ့ဖူးသည်။
သို့သော် ချောင်ရို့ချန်ကဲ့သို့ နာမည်ကြီး သခင်ငယ်လေးတစ်ယောက်ကို အတွင်းစည်းအကြီးအကဲ သုံးဦးက လုနေကြတာမျိုး မည်သူမှ မမြင်ဖူးကြပေ။
‘ပြီးတော့ မယုံကြည်စရာအကောင်းဆုံးအပိုင်းက သူတို့ကို တကယ်ကြီး ငြင်းပယ်လိုက်တာပဲ။’
ထိုသုံးယောက်ထဲက တစ်ယောက်က ကောင်းကင်စိတ်ဝိညာဉ်ဌာန၏ အကြီးအကဲပင်။
၎င်းသတင်းက ဝမ်တောက်ကျောင်းတော် တစ်ခုလုံးကို လျှပ်စီးပမာ ပျံ့နှံ့သွားခဲ့သည်။
ဌာနအသီးသီးမှ ဌာနမှူးများထံသို့ပင် သတင်းရောက်သွားခဲ့သည်။
ဆေးပညာဌာနမှ ဆေးဘုရင်က သူ၏တူလေးဆီက သတင်းကို ကြားရသည့်အခါ ရယ်မောလိုက်သည်။
“ကောင်းတယ် ရို့ချန်၊ မြေးက အဘိုးကို စိတ်မပျက်စေဘူးပဲ။ ကြည့်ရတာ အဲဒီတုန်းက ချူဖုန်းကို အရင်းအမြစ်တွေ ပေးမယ်လို့ ကတိပေးခဲ့တာ မှန်သွားပြီ”
“...” အကြီးအကဲချောင်က ကြောင်အစွာ ကြည့်နေမိသည်။ “ဘိုးဘေး ခင်ဗျား သူ့ကို ကူညီနေတာလား”
ဘုတ်။
ဆေးဘုရင်က သူ၏ခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်သည်။
“ ကူညီတယ်ဆိုတာ ဘာစကားလဲ။ ရို့ချန်က သောင်းပြောင်းပညာရပ်ဌာနကို ဝင်သွားတာနဲ့ သူက ချောင်မျိုးနွယ်စုဝင် မဟုတ်တော့တာမှ မဟုတ်တာ”
“တစ်နေ့ သူ ဘွဲ့ထူးခံ သူကောင်းမျိုး ဖြစ်လာတဲ့အခါ ဘိုးဘေးတွေကို ဂါရဝပြုဖို့ ငါတို့မျိုးနွယ်စုဆီ ပြန်မလာဘဲ နေပါ့မလား”
ထိုစကားကြောင့် အကြီးအကဲချောင်က လုံးဝ ဆွံ့အသွားသည်။
သို့သော် ချက်ချင်းဆိုသလို သူ၏မျက်လုံးများက တောက်ပလာသည်။ “ဟုတ်သားပဲ။ ဘာပဲဖြစ်ဖြစ် ရို့ချန်က ချောင်မျိုးနွယ်စုဝင်ပဲလေ ပြီးတော့ ကျွန်တော်က သူ့ဦးလေးပဲ”
“ဒါဆိုရင် ကျွန်တော်တို့က အတွင်းစည်းတပည့်တစ်ယောက် ဆုံးရှုံးလိုက်ရတာ မဟုတ်ဘဲ အနာဂတ် ဘွဲ့ထူးခံသူကောင်းမျိုးတစ်ယောက်ကို ရလိုက်တာပေါ့”
“မင်း ဦးနှောက်မရှိတာတော့ မဟုတ်ဘူးပဲ”ဆေးဘုရင်က ပြောလိုက်သည် ။”ဒီနေ့ကစပြီး ရို့ချန် ဘာတောင်းတောင်း တွန့်ဆုတ်မနေဘဲ ပေးလိုက်”
“ဟုတ်ကဲ့ပါ”အကြီးအကဲချောင်က ထပ်ပေါင်းဖြည့်ပြောသည်။”အရင်တုန်းက သူ သုံးခဲ့တဲ့ အရင်းအမြစ်တွေကရော ဘယ်လိုလုပ်ရမလဲ”
ဆေးမီးဘုရင်က ပြန်ဖြေသည်။”သူ လိုချင်ရင် ပေးလိုက်။ အမှန်အတိုင်း ပြောရရင် အနာဂတ်မှာ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်လာမဲ့သူက ဒီလို အရာမျိုးတွေကို ဂရုစိုက်နေမှာတောင် မဟုတ်ဘူး”
ဓားပညာဌာနတွင်။
ထိုသတင်းကြားပြီးနောက် ဓားဘုရင်ကျန်းဝူ မှင်တက်သွားခဲ့သည်။
သူ တီးတိုး ရေရွတ်လိုက်သည်။”ချူဖုန်းကို ငါ တကယ် လျှော့တွက်ခဲ့မိတာပဲ”
ဘေးနားမှ အကြီးအကဲတစ်ဦးက နှစ်သိမ့်သည်။ “ဌာနမှူး တကယ်တော့ ကောင်းတဲ့ကိစ္စပါ”
“သေသေချာချာ ရှင်းပြစမ်း”
ကျန်းဝူ၏ မျက်နှာထားမှာ တင်းမာနေသည်။ “သေချာမရှင်းပြနိုင်ရင်တော့ သေပြီသာမှတ်”
အကြီးအကဲက ဆိုသည်။ “ဌာနမှူး မေ့သွားပြီလား ချောင်ရို့ချန်က ချောင်မျိုးနွယ်စုဝင်လေ။ ပြီးတော့ သူက ခန္ဓာကိုယ်ကျင့်ကြံသူ၊ တကယ်လို့ သူ စစ်မှန်ကံကြမ္မာအဆင့် တက်သွားရင် သူ့ကို ခေါ်ဖို့ အနည်းဆုံး အဖွဲ့အစည်း သုံးခုလောက်က ပြိုင်ဆိုင်ကြလိမ့်မယ်”
“တကယ်လို့ သူ အားလုံးကို ထပ်ပြီး ငြင်းပယ်လိုက်ရင် ဝမ်တောက်ကျောင်းတော်မှာရှိတဲ့ အဖွဲ့အစည်း တော်တော်များများက သောင်းပြောင်းပညာရပ်ဌာနကို အငြိုးထားလာကြလိမ့်မယ်”
“အဲဒီကျရင် ချူဖုန်းက နောက်ထပ် တပည့်သစ် လက်ခံချင်ရင် ကောင်းကင်ပေါ် တက်ရတာထက် ပိုခက်ခဲသွားလိမ့်မယ်”
“မင်းပြောတာ ဟုတ်တယ်၊ ဒါပေမဲ့ အဲဒီကောင်လေး နေရာတကာ လျှောက်ကြွားနေတာကို ငါ ကြည့်မရဘူးကွာ”
ချူဖုန်း သူ့ကို ပြန်ပြောခဲ့သည့် နေ့ကို သတိရလိုက်တိုင်း ဓားဘုရင်ကျန်းဝူ၏ မျက်နှာထားမှာ ရှုံ့မဲ့သွားတတ်သည်။
ကောင်းကင်စိတ်ဝိညာဉ်ဌာနတွင်။
သတင်းကြားရသည့်အခါ အကြီးအကဲပင်းသည် အကြီးအကဲကောင်းထံသို့ ချက်ချင်း သွားရောက်ခဲ့သည်။
“အစ်ကိုကြီးကောင်း ချောင်ရို့ချန်ကို တပည့်အဖြစ် လက်ခံချင်သေးလား”
“လိုချင်တာပေါ့ ဒါပေမဲ့ အဲဒီကောင်လေးက နည်းနည်းတော့ ကြောင်တောင်တောင် ဖြစ်နေတယ်။ သူ့ကိုယ်သူ ရှောင်ချန်းနဲ့ သွားယှဉ်နေတယ်လေ၊ ငါ ဘာလုပ်ရမလဲ”
အကြီးအကဲကောင်း၏ စိတ်ပျက်အားငယ်မှုကို အထင်းသား မြင်နေရသည်။ မည်သို့ပင်ဆိုစေ ကောင်းကင်စိတ်ဝိညာဉ်ဌာနဆိုသည်က ဝမ်တောက်ကျောင်းတော်၏ ရွှေဆိုင်းဘုတ်ကြီးဖြစ်သည်။
‘အရင်တုန်းကဆိုရင် သူတို့ တပည့်တစ်ယောက်ကို ကမ်းလှမ်းလိုက်တာနဲ့ ဘယ်တုန်းကမှ အငြင်းမခံခဲ့ရဖူးဘူး။’
သို့သော် ယခုတော့ သူက ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခံလိုက်ရ၏။
အကြီးအကဲပင်းက ရယ်မောလိုက်သည်။ “တကယ်လို့ သောင်းပြောင်းပညာရပ်ဌာနသာ မရှိတော့ရင် ရှင် ချောင်ရို့ချန်ကို တရားဝင် ခေါ်ယူလို့ ရသွားပြီ မဟုတ်ဘူးလား”
“ဟမ်”
အကြီးအကဲကောင်း ခဏလောက် ကြောင်သွားပြီးမှ သဘောပေါက်သွားသည်။ “နင့်ရဲ့ တပည့်မလေးကို ကူညီပေးစေချင်တာလား”
“အတိအကျပဲ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စလေ၊ အစ်ကိုကြီးကောင်း ငြင်းမယ် မထင်ဘူး”
အကြီးအကဲပင်းက ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။
အကြီးအကဲကောင်းက မျက်ခုံးပင့်လိုက်သည်။”အပေးအယူကို ပြော”
အကြီးအကဲပင်းက ဆိုသည်။ “အရင်းအမြစ်တွေ ပေးစရာ မလိုပါဘူး၊ ရှင့်ရဲ့ ထိပ်တန်းကျောင်းသားတွေထဲက တစ်ယောက်ကို ရိုအာနဲ့ ယှဉ်ပြိုင် လေ့ကျင့်ရုံပဲ”
“ကောင်းပြီလေ လက်ခံတယ်”
သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်သောအခါ။
ချူဖုန်းသည် သူ၏ရှေ့မှ လူငယ်ကို စစ်ဆေးကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။”မဆိုးဘူး ဒီတစ်ခေါက် ခန္ဓာကိုယ်သန့်စင်တာက အပြစ်ပြောစရာ မရှိဘူး”
ချောင်ရို့ချန်က ခပ်မဲ့မဲ့ ပြုံးကာ ပြောသည်။ “ဒါပေမဲ့ ဆရာ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ပြန်ပြည့်နေပြီ။ တကယ်လို့ နောက်ထပ် သန့်စင်မှု တစ်ဆင့် ထပ်လုပ်ရင် အဆင့်တက်တာကို ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး”
“စိတ်မပူနဲ့ ငါ့မှာ ‘ဓားတစ်သောင်းတို့အပြန်’ ရှိတယ်”
ချူဖုန်းက အရေးမကြီးသည့် ကိစ္စတစ်ခုအလား ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ထိုအခိုက် ချောင်ရို့ချန်၏ မျက်လုံးများ တောက်ပသွားသည်။ “ဆရာ ‘ဓားတစ်သောင်းတို့အပြန်’ ဆိုတာ သောင်းပြောင်းပညာရပ်ဌာနရဲ့ အဓိက ကျင့်စဉ်ကို ပြောတာလား”
ချူဖုန်းက သူ၏ပခုံးကို ပုတ်လိုက်သည်။”အဲဒီတုန်းက ငါက မကျင့်ကြံနိုင်ဘူးလေ၊ အဲတော့ ကျင့်စဉ်တွေ ဖန်တီးတဲ့အခါ ငါ့ဘာသာငါပဲ စမ်းသပ် လေ့ကျင့်ခဲ့ရတာ အဲဒီလို လုပ်ရင်းနဲ့တတ်သွားရော”
“…”
ချောင်ရို့ချန်သည် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။
‘ထင်ထားတဲ့အတိုင်းပဲ ဆရာက သာမန်လူ မဟုတ်ဘူး၊အခုကစပြီး ငါ့ဆရာကို သာမန်လူလို့ ပြောရဲရင် မျက်ခွက်ကို တည်ထိုးပစ်လိုက်မယ်’
“ ဆရာ ကျေးဇူးပြုပြီး ကူညီပေးပါဦး”
ချူဖုန်းသည် ဓားက မရီထျန်(သွေးကြော)ကိုချိုးဖျက် သိုင်းကွက်ကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး ချောင်ရို့ချန်၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို တစ်ချက်တည်း စုပ်ယူလိုက်သည်။
ခဏအကြာတွင် ချောင်ရို့ချန်သည် ချူဖုန်းကို ကြောက်ရွံ့စွာ စိုက်ကြည့်နေသည်။
‘တူညီတဲ့ သိုင်းကွက်ပဲကို ၊ဒါပေမဲ့ ဆရာ့ဆီက ထွက်လာတာကျတော့ လုံးဝကို ကြောက်စရာ ကောင်းလွန်းသွားပြီ’
သူက နဖူးမှ ချွေးများကို သုတ်ရင်း မေးလိုက်သည်။ “ဆရာက ဘယ်လောက်တောင် သန်မာတာလဲ”
“ငါလည်း မသိဘူး၊ စမ်းကြည့်ရအောင်”
ချူဖုန်းသည် ချောင်ရို့ချန်ကို ဆွဲကာ ဝမ်တောက်ကျောင်းတော်၏ အပြင်ဘက် မိုင်ပေါင်းများစွာ အကွာသို့ ပျံသန်းသွားသည်။ ထို့နောက် သူသည် လက်နှစ်ချောင်း ထောင်လိုက်ပြီး ဓားသင်္ကေတ တစ်ခု ဖွဲ့စည်းကာ စုပ်ယူထားသည့်စိတ်ဝိညာဉ်စွမ်းအင်များကို ဓားချီစွမ်းအင် အဖြစ်သို့ ပြောင်းလဲပြီး ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။
မီတာရာပေါင်းများစွာ ရှည်လျားသည့် ဓားအလင်းတန်း တစ်ခုက တိမ်တိုက်များကို နှစ်ပိုင်းပြတ်သွားစေသည်။
“ဘုရားရေ”
ချောင်ရို့ချန်သည် ကောင်းကင်ပေါ်က နှစ်ခြမ်းကွဲသွားသော တိမ်တိုက်များကို ကြည့်ပြီး အံ့ဩတကြီး အော်ဟစ်လိုက်သည်။”ဆရာက သောက်ရမ်း သန်မာလွန်းတယ်ဟ”
ချူဖုန်းက ချောင်ရို့ချန်ကို သယ်ဆောင်ပြီး ဌာနသို့ ပြန်လာရင်း တည်ငြိမ်စွာ ပြောလိုက်သည်။”သာမန်ပါပဲကွာ။ ဌာနမှူးရှစ်ယောက်နဲ့ လက်ရည်တူလောက်ပဲ ရှိမှာ”
ချောင်ရို့ချန် “...”