ငါ ပြန်လည်မွေးဖွားလာတာက အတုကြီးလား
Vol. 12 Ch. 120
“ ဒါက ငါ ဝမ်တောက်ကျောင်းတော်ကို လာတုန်းက စီးခဲ့တဲ့ မြင်းလှည်း မဟုတ်ဘူးလား “
“ ဘာလို့ ဒီကို ရောက်နေတာလဲ။ ငါ သူတော်စင်အဆင့်ကို တက်နေတာ မဟုတ်ဘူးလား “
ယဲ့ပေရွှမ်သည် လုံးဝ အံ့အားသင့်နေပြီး သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
“ သူတော်စင် ကပ်ဘေးမှာ မသေဘဲ အတိတ်ကို ပြန်ရောက်လာတာလား “
သူ စိတ်ရှုပ်ထွေးနေစဉ် မြင်းလှည်းထဲမှ ကြမ်းတမ်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ ယဲ့ပေရွှမ်... မြင်းလှည်းထဲမှာ ဘာလုပ်နေတာလဲ။ ဆင်းပြီး ဝင်ခွင့် စမ်းသပ်မှုမှာ သွားပါစမ်း။ မင်းအဖေသာ ငါ့ကို မတောင်းဆိုခဲ့ဘူးဆိုရင် မင်းလို ပါရမီမျိုးနဲ့ ဝမ်တောက်ကျောင်းတော်ရဲ့ ဝင်ခွင့်စမ်းသပ်မှုကို ဖြေရလိမ့်မယ်လို့ ထင်နေလား “
ထို ပြင်းထန်သော အော်ဟစ်သံက ယဲ့ပေရွှမ်ကို လက်တွေ့ကမ္ဘာသို့ ပြန်လည် ဆွဲခေါ်သွားသည်။ သူက မြင်းလှည်းအပြင်ဘက်ရှိ အဘိုးအိုကို ကြည့်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။ “ တောင်းပန်ပါတယ် အကြီးအကဲကျူး။ ကျွန်တော် အခု ဆင်းပါ့မယ် “
ယဲ့ပေရွှမ်သည် မြင်းလှည်းထဲမှ ထွက်လာပြီး ရင်းနှီးနေသော ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းအဆင့် တာအိုတည်ဆောက်ခြင်းအဆင့်ကို ခံစားလိုက်ရပြီး ၎င်းက အတွင်းစိတ်နတ်ဆိုးများကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်ယောင် မဟုတ်ကြောင်း အတည်ပြုနိုင်လိုက်သည်။
သူ တကယ်ကို ပြန်လည် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။ ယခင်ဘဝကလည်း သူ၏ ခရီးစဉ်ကို ဝမ်တောက်ကျောင်းတော်တွင် စတင်ခဲ့ခြင်း ဖြစ်၏။ နှစ်ငါးရာ အတွင်းမှာပင် သူသည် သူတော်စင်တစ်ပိုင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး မဟာသူတော်စင် ပေရွှမ် ဟု လူသိများလာခဲ့သည်။
လူအများက သူ့ကို နှစ်တစ်ထောင်အတွင်း သူတော်စင်အဆင့် ရောက်ရှိရန် အလားအလာအရှိဆုံး ပါရမီရှင်ဟု ခေါ်ခဲ့ကြသည်။
သို့သော် ကမ္ဘာကြီးက သူ၏ ဂုဏ်သရေကိုသာ သိရှိခဲ့ကြပြီး သူ၏ လူငယ်ဘဝတွင် ဖြတ်သန်းခဲ့ရသော အဖြစ်ဆိုးများကို မသိခဲ့ကြချေ။
နီဗားနားအဆင့်သို့ ဝင်ရောက်ပြီးနောက် ရန်သူဟောင်း အားလုံးကို ချေမှုန်းနိုင်ခဲ့သော်လည်း သူချစ်ရသူများနှင့် မိသားစုမှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
၎င်းကို တွေးမိရင်း ယဲ့ပေရွှမ်၏ မျက်လုံးများက တောက်ပလာပြီး သူ၏ အမူအရာမှာ လေးနက်လာသည်။
“ အဖေ၊ အမေ၊ ချင်းဝူ... ကျွန်တော် ပြန်လာပြီ။ ဒီတစ်ကြိမ်တော့ ဘယ်သူ့မှ အဖေတို့အမေတို့ကို ထပ်ပြီး နာကျင်အောင် လုပ်ခွင့်မပေးတော့ဘူး “
အခြားသော လူငယ်လေးများက ယဲ့ပေရွှမ်၏ ထူးခြားမှုကို သတိမထားမိကြပေ။
“ အစ်မ ချင်းအာ... ဘယ်ဌာနကို ဝင်ဖို့ စီစဉ်ထားလဲ “
ယဲ့ပေရွှမ်က အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက အဝါနုရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သော ကိုယ်ဟန်နှင့် ပန်းတစ်ပွင့်ကဲ့သို့ လှပသည့် မိန်းကလေး တစ်ဦးထံသို့ ချက်ချင်း ရောက်သွားသည်။
စုချင်း။
သူ၏ လူငယ်ဘဝက အချစ်ဦး ဖြစ်သည်။ ကံမကောင်းစွာ သူမသည် အာဏာရရန်အတွက် ဝမ်တောက်ကျောင်းတော်မှ ပျက်စီးနေသည့်သခင်လေးတစ်ဦးကို လက်ထပ်ရန် ရွေးချယ်ခဲ့သည်။ ၎င်းက ယဲ့ပေရွှမ်ကို ကြိုးစားအားထုတ်ရန် တွန်းအားပေးခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်လာခဲ့သည်။
သို့သော် ယခု သူ နောက်ထပ် ဘဝတစ်ခုကို ရှင်သန်နေရပြီ ဖြစ်ရာ စုချင်းအပေါ် မည်သည့် ခံစားချက်မျှ မရှိတော့ချေ။
စုချင်းက သူမဘေးရှိ ရွှတ်နောက်နောက်ကောင်မလေးဘက်သို့ လှည့်ကာ ချိုသာစွာ ပြောလိုက်သည်။ “ သေချာပေါက် သောင်းပြောင်းပညာရပ်ဌာနကို ဝင်မှာပေါ့။ အဲဒီမှာရှိတဲ့ တပည့်တွေ အားလုံးက ပါရမီရှင်တွေလေ။ ကောင်းကင်စိတ်ဝိညာဉ်ဌာနက ကျောင်းသားတွေတောင် သူတို့ကို ရှုံးသွားကြတယ်လို့ ကောလာဟလတွေ ထွက်နေတာ “
ထိုစကားများသည် ယဲ့ပေရွှမ်ကို မိုးကြိုးသွားအလား ထိခတ်သွားသည်။ သူ၏ အမူအရာသည် အေးခဲသွားပြီး အလိုအလျောက် ပြောလိုက်မိသည်။ “ စုချင်း... မင်း အခုလေးတင် ဘာပြောလိုက်တာလဲ။ သောင်းပြောင်းပညာရပ်ဌာန ဟုတ်လား “
စုချင်းက သူ၏ အသံကို ကြားသောအခါ လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး အနောက်သို့ပင် လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ “ ဟွန့်... နင်က ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနကြီး ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ သောင်းပြောင်းပညာရပ်ဌာနကိုတောင် မသိဘူးလား။ ဒါတောင် ဝင်ခွင့်စမ်းသပ်မှု ဖြေရဲသေးတယ်ပေါ့ “
သူမဘေးရှိ ကောင်မလေးကလည်း လှည့်လာပြီး ယဲ့ပေရွှမ်ကို လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။ “ တောသား။ နာမည်ကြီး သောင်းပြောင်းပညာရပ်ဌာနကိုတောင် မကြားဖူးဘူးလား။ ဝမ်တောက်ကျောင်းတော်ရဲ့ စမ်းသပ်မှုကို လာဖြေဖို့ ဘယ်သူကများ နင့်ကို မြှောက်ပေးလိုက်တာလဲ “
ယဲ့ပေရွှမ်သည် သူမ၏ စကားများကို ပြန်မဖြေတော့ဘဲ သောင်းပြောင်းပညာရပ်ဌာနနှင့် ပတ်သက်သည့် အကြောင်းအရာ မှန်သမျှကို သူ၏ မှတ်ဉာဏ်များထဲတွင် အသည်းအသန် ရှာတော့သည်။
သူ၏ မှတ်ဉာဏ်ထဲတွင် သောင်းပြောင်းပညာရပ်ဌာနသည် ယခုအချိန်လောက်ဆိုလျှင် ဖျက်သိမ်းခံလိုက်ရပြီ ဖြစ်သည်။
‘ ကောင်းကင်စိတ်ဝိညာဉ်ဌာနကိုတောင် ယှဉ်နိုင်တဲ့ ပါရမီရှင်တွေကို သူတို့က ဘယ်လိုလုပ် မွေးထုတ်ပေးနေနိုင်တာလဲ ‘
‘ သူ့မှတ်ဉာဏ်တွေကများ မှားနေတာလား ‘
ယဲ့ပေရွှမ်က အဖြစ်မှန်ကို သံသယဝင်နေဆဲမှာပင် လူစုသည် ဝမ်တောက်ကျောင်းတော်၏ စမ်းသပ်မှု ဧရိယာသို့ ရောက်ရှိသွားကြသည်။
လူတိုင်းက သူတို့ ဝင်ရောက်လိုသော ဌာန၏ အလံနောက်တွင် စတင် တန်းစီကြသည်။
စုချင်းနှင့် အခြား လူငယ် ခုနစ်ယောက် ရှစ်ယောက်ခန့်သည် ဆိုင်းဘုတ်များကို လိုက်ကြည့်ကာ သောင်းပြောင်းပညာရပ်ဌာန၏ တပည့် စုဆောင်းရေး ဧရိယာဆီသို့ သွားလိုက်ကြသည်။
ယဲ့ပေရွှမ်သည် စိတ်ရှုပ်ထွေးစွာဖြင့် သူတို့နောက်သို့ လိုက်သွားသည်။
စုချင်၏ဘေးက ကောင်မလေးသည် ယဲ့ပေရွှမ် သူတို့နောက်သို့ လိုက်လာသည်ကို မြင်သောအခါ လှောင်လိုက်သည်။ “ ယဲ့ပေရွှမ်... နင် ဘာဖြစ်နေတာလဲ။ စုချင်း သွားတဲ့ နေရာတိုင်းကို လိုက်နေတာလား “
ယဲ့ပေရွှမ်၏ မျက်နှာ မည်းမှောင်သွားသည်။ “ ငါဘာသာငါ သောင်းပြောင်းပညာရပ်ဌာနကို သွားကြည့်မလို့။ နင်နဲ့ ဘာမှမဆိုင်ဘူး “
“ အရှက်မရှိတဲ့ အကောင် “
ကောင်မလေးက သူ့ကို အေးစက်စွာ ပြောလိုက်သည်။
ယဲ့ပေရွှမ်က သူမကို လျစ်လျူရှုကာ ဆက်လျှောက်သွားသည်။
ထိုအချိန်မှာပင် စုချင်းက ရုတ်တရက် သူ၏ ရှေ့သို့ ဝင်ရပ်ကာ လမ်းကို ပိတ်ဆို့လိုက်ပြီး အမိန့်ပေးလိုက်သည်။ “ ခယ်ခယ့်ကို တောင်းပန်လိုက် “
“ ငါ ဘာလို့ တောင်းပန်ရမှာလဲ “
ယဲ့ပေရွှမ်က အေးစက်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။ ယခုမှသာ ဤအမျိုးသမီးက မည်မျှ အကျိုးအကြောင်းမဆီလျော်သည်ကို မြင်လိုက်ရသည်။ သူ၏ ယခင်ဘဝက လောကကြီးအကြောင်း မသိခဲ့ခြင်းကြောင့် သူမ၏ ပြုစားခြင်းကို ခံခဲ့ရသည်။ သို့သော် ဤဘဝ၌ မတူတော့ပေ။ သူမအတွက် သူ၏ ဂုဏ်သိက္ခာကို နောက်တစ်ကြိမ် အဆုံးရှုံးခံမည် မဟုတ်တော့ပေ။
စုချင်းသည် ယနေ့ ယဲ့ပေရွှမ်နှင့် ပတ်သက်ပြီး ထူးဆန်းမှု တစ်ခုခုကို သတိပြုမိသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင်၊ သူက သူမကို တစ်ချက်လေးမှတောင် မကြည့်ဘဲ ဘေးမှ ဖြတ်လျှောက်သွားခဲ့သည်။
သူမ သူ၏ ကျောပြင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “ ဒီလို လုပ်ပြရုံနဲ့ ငါ နင့်ကို သတိထားမိမယ်လို့ ထင်နေလား။ အိပ်မက်သာ မက်နေလိုက် “
လူအုပ်ကြီးက သူတို့ ရောက်လာသည့်အခါ လမ်းဖယ်ပေးလိုက်ကြသည်။ မကြာခင်မှာပင် သောင်းပြောင်းပညာရပ်ဌာန၏ စမ်းသပ်မှုဧရိယာသို့ ရောက်ရှိသွားကြသည်။
ချူဖုန်းက စာအုပ်ကို ဆက်ဖတ်နေဆဲဖြစ်ပြီး သူ၏ တပည့်များက သူတို့၏ ပုံမှန် မေးမြန်းမှုများကို စတင်လိုက်သည်။
ချောင်ရို့ချန် “ နာမည် “
“ စုချင်း “
ချောင်ရို့ချန် “ မိဘတွေ အသက်ရှင်လျက် ရှိသေးလား “
စုချင်း “ အကုန်လုံး အဆင်ပြေပါတယ် “
ချောင်ရို့ချန် “ အရည်အချင်း မပြည့်မီဘူး။ နောက်တစ်ယောက် “
“ … “
ရှောင်ချန်းနှင့် အခြားသူများသည် အကဲဖြတ်မှုများကို လျင်မြန်စွာ ပြုလုပ်သွားကြသည်။ အမွှေးတိုင် တစ်တိုင်စာ မလောင်ကျွမ်းမီ အချိန်လေးအတွင်းမှာပင် စုချင်းနှင့် သူမ၏ အဖွဲ့မှာ ဖယ်ရှားခံလိုက်ရသည်။
ယဲ့ပေရွှမ် စမ်းသပ်မှု ဖြေဆိုတော့မည်ကို မြင်သောအခါ လူအုပ်ကြီးက ထွက်မသွားကြပေ။ ယင်းအစား သူတို့က နေရာမှာပင် ဆက်နေကြပြီး သူ အရှက်ကွဲသည်ကို ကြည့်ရန် စောင့်ဆိုင်းနေကြသည်။
ရှောင်ချန်း “ နာမည် “
“ ယဲ့ပေရွှမ် “
ထိုနာမည်ကို ပြောလိုက်သည့် အခိုက်တွင် ရှောင်ချန်းတို့ ဝမ်းသာသွားသည်။
ချူဖုန်းက သူ၏ လက်ထဲရှိ စာအုပ်ကိုပင် ချလိုက်ပြီး ရှောင်ချန်းကို ပြောလိုက်သည်။ “ ချန်းအာ... ဆက်မေးနေစရာ မလိုတော့ဘူး။ သူဆန္ဒရှိရင် သောင်းပြောင်းပညာရပ်ဌာနကို တိုက်ရိုက် ဝင်နိုင်တယ် “
သူ၏ အသံက မကျယ်လောင်သော်လည်း လူတိုင်း၏ နားတွင် မိုးခြိမ်းသံအလားပင်။
ယဲ့ပေရွှမ် ကိုယ်တိုင်ပင် စကားပြောလာသူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ့ရှေ့ရှိ ချောမောပြီး ယဉ်ကျေးသိမ်မွေ့သော လူငယ်လေးကို စိုက်ကြည့်ရင်း ဤလူ၏ပုံစံနှင့် ကိုက်ညီသည့် ဝမ်တောက်ကျောင်းတော်မှ အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဦးကိုမျှ သူ ပြန်စဉ်းစား၍ မရပေ။
စုချင်းတို့အုပ်စုမှာ ဒေါသနှင့် အရှက်တရားများ ရောကာ မျက်နှာများက ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်သွားကြသည်။ ယဲ့ပေရွှမ်က သောင်းပြောင်းပညာရပ်ဌာန၏ ရွေးချယ်ခြင်းကို ခံလိုက်ရသည်က သူတို့အတွက် သေရတာထက် ပိုဆိုးသွားစေသည်။
ရွှတ်နောက်နောက် ကောင်မလေးက မမေးဘဲ မနေနိုင်တော့ချေ။ “ ဘာလို့လဲ။ ဘာလို့ ဒီ တောသားကို ရွေးရတာလဲ “
“ ဟင် “
ချူဖုန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကောင်မလေးကို စူးစိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “ ငါ ချူဖုန်းက မင်းတို့လို လူတွေကို ရှင်းပြနေစရာ မလိုဘူး “
ရှောင်ချန်း၊ ချောင်ရို့ချန်နှင့် ချင်းချင်းတို့သည် သူတို့၏ အရှိန်အဝါများကို ချက်ချင်း ထုတ်လွှတ်လိုက်သည့်အတွက် လေထုက အေစက်သွားသည်။
စုချင်းတို့သည် ထိုသုံးယောက် ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ထိတ်လန့်သွားကြပြီး တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။
သေချာပေါက် အံ့အားအသင့်ဆုံးသူမှာ ယဲ့ပေရွှမ်သာ ဖြစ်သည်။ သူက ချူဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး တွေးလိုက်မိသည်။ ‘ အဲဒါက အရင်ဘဝတုန်းက ငါ အမြဲတမ်း သုံးခဲ့တဲ့ စကား မဟုတ်ဘူးလား ‘
“ မင်းတို့က ငါတို့ဆရာကို မေးခွန်းထုတ်ရဲတယ်ပေါ့။ သောင်းပြောင်းပညာရပ်ဌာနကို အနိုင်ကျင့်လို့ လွယ်တယ်များ ထင်နေလား။ ဒါမှမဟုတ် ပြင်းထန်တာအိုနတ်ဘုရားလက်သီးရဲ့ စွမ်းအားကို မြည်းကြည့်ချင်နေတာလား “
ချောင်ရို့ချန် စကားပြောရင်း ရှေ့သို့ ခြေလှမ်းလိုက်သည်။ ၎င်းက ခြေလှမ်းငယ်လေး တစ်လှမ်းသာ ဖြစ်သော်လည်း အိပ်မောကျနေသော သားရဲကြီး တစ်ကောင်က ရုတ်တရက် သူ၏ အစွယ်များကို ထုတ်ဖော်ပြသလိုက်သလို ခံစားလိုက်ရသည်။
စုချင်း၏ အဖွဲ့မှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ယဲ့ပေရွှမ်ပင် ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရသော်လည်း မတည်ငြိမ်တော့ပေ။ သူ၏ စိတ်ထဲတွင် မှင်တက်သွားတော့သည်။
‘ချောင်ရို့ချန်က အရင်ဘဝတုန်းက စုချင်း လက်ထပ်ခဲ့တဲ့ ပျက်စီးနေတဲ့ သခင်လေး မဟုတ်ဘူးလား ‘
‘ သူက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းလာရတာလဲ။ ပြီးတော့ နှစ်တစ်ထောင်မှ တစ်ခါတွေ့ရတဲ့ ဒဏ္ဍာရီလာ နတ်ဘုရား ခန္ဓာကိုယ်ကိုတောင် ဘယ်လိုလုပ်ပြီး နိုးထသွားတာလဲ ‘
ယဲ့ပေရွှမ် ကိုယ်တိုင်ပင်လျှင် နီဗားနားအဆင့်ကို ရောက်မှသာ နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင် စစ်မှန်ကံကြမ္မာအဆင့်မှာသာ ရှိနေသေးသော ချောင်ရို့ချန်က အဘယ်ကြောင့် နိုးထလာရသနည်း။
ဖိအားပေးသည်က အလုပ်ဖြစ်သွားသည်ကို မြင်သောအခါ ရှောင်ချန်းက အေးစက်စွာ ပြောလိုက်သည်။ “ မင်းတို့ ဒီမှာ ဘာလို့ ရှိနေသေးတာလဲ။ အခုချက်ချင်း ထွက်သွားလိုက်တော့ “
လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား စုချင်းနှင့် သူမ၏ အဖွဲ့သည် အလျင်အမြန် လှည့်ထွက်သွားကြသည်။
ထိုအခါမှသာ ထိုသုံးဦးက သူတို့၏ ဖိအားများကို ပြန်ရုပ်သိမ်းလိုက်ကြသည်။
ယဲ့ပေရွှမ် နောက်ဆုံးတွင် တုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီး ချူဖုန်း ရှိရာဘက်သို့ ဦးညွှတ်လိုက်သည်။
“ တပည့် ယဲ့ပေရွှမ်က စီနီယာ့ရဲ့ တပည့်ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးချင်တဲ့ မေးခွန်းတစ်ခုတော့ ရှိပါတယ် “
ယဲ့ပေရွှမ်က ဤနေရာသို့ လာခဲ့ခြင်းမှာ ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ပြီး ကျင့်ကြံခြင်း အရင်းအမြစ်များ ရယူရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ သူ၏ဆရာက မည်သူဖြစ်သည် ဆိုသည်ကိုတော့ သိပ်ပြီး ဂရုမစိုက်ချေ။
ဘာပဲဖြစ်ဖြစ် ယခင်ဘဝက သူသည် သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ခဲ့ပြီး သူတော်စင်အဆင့်သို့ ရောက်နိုင်သည့် ကျင့်ကြံခြင်း နည်းစနစ် များစွာကို ပိုင်ဆိုင်ထားခဲ့သည် မဟုတ်ပါလား။
ချူဖုန်းက ပြုံးပြီး ပြောလိုက်သည်။ “ မေးလေ “
ယဲ့ပေရွှမ်က တည်ငြိမ်စွာ မေးလိုက်သည်။ “ ဘာလို့ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်ရတာလဲ “
သူ ဤသို့ ပြောလိုက်သည်နှင့် တပည့်သုံးဦးသည် သူတို့၏ ဆရာချူဖုန်းကို လှည့်ကြည့်လိုက်ကြသည်။