အခန်း ၅၁၈
Vol. 52 Ch. 518
အခန်း(၅၁၈)
“အင်း”
ယဲ့ပေရွှမ် ခေါင်းအသာညိတ်ပြီး ရေရွတ်သည်။
“ဒီနေရာမှာ နတ်ဆိုးချီတွေ မရှိတဲ့အပြင် ဝိညာဉ်စွမ်းအင်တွေလည်း ပေါကြွယ်တယ်။ မြောင်တောင်ကို မယှဉ်နိုင်ပေမဲ့ ဝမ်တောက်ကျောင်းတော်အပြင်စည်းထက် မနည်းဘူး။ သာမန်လူတစ်ယောက်သာ ဒီထဲရောက်လာရင် မြင့်မြတ်နယ်မြေတစ်ခု ရောက်လာတယ်ဆိုပြီး အထင်မှားသွားလိမ့်မယ်”
ထိုသည်ကို ကြားတော့ ဖုန်းချုံးယွီ မျက်မှောင်အသာကြုတ်သည်။
“ယောကျ်ား ကြည့်ရတာ ဒီဗုဒ္ဓနတ်ဆိုးက အရမ်း ကြောက်ဖို့ကောင်းမယ်ထင်တယ်”
“သတိထားပါ”
ဖုန်းချုံးယွီ သူ့ဘေးမှ ရုတ်တရက်ပျောက်ကွယ်သွားမည်ကို စိုးရိမ်သဖြင့် ယဲ့ပေရွှမ် သူမကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူတော်စင်တစ်ပိုင်းအဆင့်က ဤသို့လုပ်ဆောင်ရန်ကား အလွယ်လေးပေ။
“ဟုတ်ကဲ့”
ဖုန်းချုံးယွီ သူ့နှလုံးသားထဲတွင် ကြည်နူးသွားသလို တစ်ချိန်တည်းတွင် သတိအပြည့်ကပ်လိုက်သည်။
သူတို့နှစ်ယောက် ခြေလှမ်းရာဂဏန်းခန့် လျှောက်သွားပြီးနောက် မက်မွန်တောအုပ်သို့ ရောက်လာ၏။
ယဲ့ပေရွှမ် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဟုန်မင်ကြေးမုံဖြင့် တစ်ချက်ထိုးကြည့်လိုက်သည်။ သာမန်မက်မွန်တောအုပ်သာဖြစ်ကြောင်း အတည်ပြုပြီးနောက် ရှေ့ဆက်သွား၏။
သူတို့နှစ်ယောက် မက်မွန်တောအုပ်သို့ ရောက်လာပြီးနောက် နှာခေါင်းဝသို့ ရိုက်ခတ်လာသော မွှေးရနံတစ်ခုကို သတိပြုမိလိုက်၏။ ၎င်းက သူတို့နှစ်ယောက်ကို စိတ်အေးသွားစေပြီး မသိစိတ်အရ သတိတရားများကို လျှော့ချလိုက်ကြသည်။
ဖုန်းချုံးယွီ လျှောက်နေရင်း သူမ ဘေးကသူသည် ယဲ့ပေရွှမ် မဟုတ်တော့ကြောင်း သတိပြုမိသွားသည်။ ပတ်ဝန်းကျင်က မီးဖီးနစ်တောင်ကြားအဖြစ်သို့ ပြောင်းလဲသွားပြီး ဘေးတွင် သူမ အမေရောက်နေ၏။
‘ဒါ မက်မွန်တောအုပ်က ဖန်တီးလိုက်တဲ့ ပုံရိပ်ယောင်လား။ ဒါပေမဲ့ ငါဘာလို့ အစစ်အမှန်ဆိုတဲ့ ခံစားချက်မျိုးရနေတာလဲ’
သူမ ကြောင်အနေစဉ် ဘေးတွင် အမေဖုန်းက ပြောလာသည်။
“ယွီအာ ဘာစားချင်လဲ။ အမေ ဝယ်ကျွေးမယ်လေ”
“အမေ ပေ့ရွှမ် ဘယ်မှာလဲ”
ဖုန်းချုံးယွီတွင် နောက်ဆုံးကျန်ရစ်သော သတိတရားက ထိုမေးခွန်းကို မေးထွက်သွားစေသည်။
“ဘာပေရွှမ်လဲ”
အမေဖုန်း ရှုပ်ထွေးနေသော မျက်နှာဖြင့် ဖုန်းချုံးယွီကို ကြည့်နေ၏။
“သမီးအရသာ ရှိတာတွေ ထွက်စားမယ်ဆိုပြီး ပူဆာနေတာမဟုတ်ဘူးလား”
ဖုန်းချုံးယွီ သတိပိုဝင်လာစေရန် ခေါင်းခါလိုက်သည်။ သို့သော် ထိုသို့ခါလိုက်သည့်နှင့် နောက်ဆုံးသော သတိတရားလေး ပျောက်ကွယ်သွား၏။
သူမ အကြည့်က လမ်းဘေးက သကြားရုပ်ပေါ်သို့ ကျရောက်သွားသည်။ သူမ ခြေဖျားထောက်ရင်း သကြားရုပ်ရောင်းသူကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“အမေ သမီးသကြားရုပ်စားချင်တယ်”
“ကောင်းပြီ အမေ ဝယ်ကျွေးမယ်”
အမေဖုန်း ဖုန်းချုံးယွီလေး၏ လက်ကို ဆွဲကိုင်ကာ သကြားရုပ်သည်ဆီသို့ သွားသည်။
ခဏအကြာတွင် ဖုန်းချုံးယွီ၏ လက်ထဲသို့ ချစ်စရာကောင်းသော သကြားရုပ်လေး ရောက်လာသည်။ သူမသည် ဖုန်းမိသားစု၏ တရားဝင်သမီးဖြစ်သော်လည်း မိသားစုစည်းမျဉ်းများက သာမန်လူသားများ၏ အရသာရှိသော စားစရာများကို မတပ်မက်ရဟု သတ်မှတ်ထားသည်။
သေမျိုးအစားသောက်များထဲတွင် မသန့်စင်မှုများ များပြားလွန်းကာ များစွာ စားမိပါက ကျင့်ကြံခြင်းကို သက်ရောက်မှု ရှိပေလိမ့်မည်။ ထို့ကြောင်း ဖုန်းချုံးယွီနှင့် သူမ မျိုးဆက်တူ မောင်နှမများသည် ကလေးဘဝကတည်းက မုန့်စားရတာ ရှားပါးသည်။
သူတို့ မုန့်ထွက်သွားစားချင်သည့်အခါတိုင်း မီးဖီးနစ်ချိုင့်ဝှမ်းမှ ထွက်စားကြသည်။ သို့သော် ယနေ့တွင် အဘယ်ကြောင့် မီးဖီးနစ်ချို့င်ဝှမ်းထဲ၌ သကြားရုပ်သည် ရှိနေရသနည်း။
ဖုန်းချုံးယွီ စူးစမ်းချင်မိသော်လည်း သူမ သေချာ မမေးမြန်းလိုက်ချေ။ လမ်းမကို တစ်ပတ်ခန့် လျှောက်ပြီးနောက် သူမ မိခင်ဖြစ်သူနှင့် ဖုန်းမိသားစုသို့ ပြန်လာကာ ကျင့်ကြံခြင်းကို စတင်တော့၏။
သူမ ကျင့်စဉ်အမြန်နှုန်းသည် အတော်လေး မြန်ဆန်ကာ ကျင့်စဉ်များက သူမ စိတ်ထဲတွင် ရေးထိုးသည့်အလား ဖြစ်နေသောကြောင့် ကျင့်ကြံရာတွင် အခက်အခဲ မကြုံခဲ့ရချေ။
နှစ်အနည်းငယ်ကြာပြီးနောက် ဖုန်းချုံးယွီသည် ဖုန်းမိသားစု၏ ကောင်းကင်ရွေးချယ်ခံတစ်ဦး ဖြစ်လာသည်။ ဖီးနစ်သွေးကြောများ နိုးထလာမည့် လက္ခဏာလည်း ပြသလာ၏။ ဖုန်းမိသားစုက ထိုသတင်းကောင်းကို သိပြီးနောက် ဖုန်းချုံးယွီအတွက် လက်ထပ်ပွဲတစ်ခု စီစဉ်ပေးရန် စတင်ပြင်ဆင်တော့သည်။
သို့သော် အိမ်ထောင်ပြုရန် ပြောလာသည့်အခါတိုင်း ဖုန်းချုံးယွီ၏ စိတ်ထဲတွင် စကားလုံးသုံးလုံး ပေါ်လာတတ်သည်။
‘ယဲ့ပေရွှမ်’
သူမ နူးညံ့ငြင်သာသည့် စီနီယာအစ်ကိုကြီးတစ်ဦး အကြောင်း အမြဲ အိပ်မက်မက်တတ်ပြီး ပျော်ရွှင်စရာ အိပ်မက်လေးကို ပိုင်ဆိုင်ရတတ်သည်။ သိပ်မကြာခင် ဖုန်းမိသားစုသည် ဖုန်းချုံးယွီအတွက် ခင်ပွန်းလောင်း ရှာဖွေရန် သိုင်းပြိုင်ပွဲကြီးတစ်ခု ကျင်းပရန် ဆုံးဖြတ်လိုက်ကြ၏။
ဖုန်းချုံးယွီ ထိုသတင်းကို ကြားပြီးနောက် ပထမဆုံးအတွေးမှာ ထွက်ပြေးရန်ပင်။ မီးဖီးနစ်တောင်ကြားမှ ထွက်ပြေးလာပြီးနောက် သူမ မြောက်ဘက်အရပ်သို့ ခရီးနှင်ရင်း နောက်ဆုံးတွင် သူမ နေ့နေ့ညည အိပ်မက်မက်ခဲ့သော စီနီယာအစ်ကိုကြီးယဲ့ တည်ရှိသည့် ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ခဲ့သည်။
သူတို့နှစ်ဦး ပျော်ရွှင်မှုထဲ နစ်မွန်းလာပြီး သူမသည် ယဲ့ပေရွှမ်၏ လက်ကို ဆုပ်ကိုင်ထားရသည်မှာ အစစ်မှန်အလား အရာအားလုံးကို မေ့လျော့သွားတော့၏။
တစ်ချိန်တည်းမှာ ယဲ့ပေရွှမ်သည် အလှလေးကို တင်းကြပ်စွာ ဖက်ထားရင်း ရုတ်တရက် ရင်းနှီးသလိုနှင့် စိမ်းသက်နေသော အသံတစ်သံ ကြားလိုက်ရသည်။
“အကြီးအကဲယဲ့ တံခါးပိတ်ကျင့်ကြံနေတုန်းလား။ မဟာအခမ်းအနားစတင်တော့မယ်လေ”
“ဟမ့်”
ယဲ့ပေရွှမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ကိုယ်ပေါ်မှ ဖိအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သို့သော် သူ အံ့ဩသွားရ၏။ သူ့ကိုယ်ပေါ်မှ ဖိအားသည် တာအိုပေါင်းစည်းခြင်းအဆင့် မဟုတ်ပေ။ သူတော်စင်တစ်ပိုင်းအဆင့် ဖိအား ဖြစ်နေတော့၏။
ရင်းနှီးနေသည့် အရှိန်အဝါက ယဲ့ပေရွှမ်ကို ကြောင်အသွားစေသည်။ သူ့ခန္ဓာကိုယ်အတွင်းက ဝိညာဉ်စွမ်းအားကို စစ်ဆေးမိတော့ ဟုန်မင်စွမ်းအား ဟုတ်မနေပေ။ ယဲ့ပေရွှမ် မတုံ့ပြန်နိုင်ခင် သူ့နားထဲသို့ နှစ်လိုဖွယ်ကောင်းသော အသံလေး ဝင်ရောက်လာသည်။
“ဂိုဏ်းတူအစ်ကို ရှင်ဘာလို့ ဂိုဏ်းသားတွေအပေါ် ဒေါသထွက်နေတာလဲ”
ယဲ့ပေရွှမ် အသံလားရာသို့ ကြည့်လိုက်တော့ ရင်းနှီးနေသည့် မျက်နှာလေးတစ်ခု မဟာခန်းမသို့ ဖြည်းညှင်းစွာ လျှောက်လာသည်ကို တွေ့လိုက်၏။
“ချုံးယွီ ကိုယ်တို့ ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
သူ ပတ်လည်ကို တစ်ချက်ကြည့်သည်။
ဤနေရာသည် သူ ယခင်ဘဝ နေထိုင်ခဲ့သည့် အကြီးအကဲခန်းမ ဖြစ်သော်လည်း သူ ပြန်လည်မွေးဖွားလာခဲ့ ပြီးပြီပင်။
ဖုန်းချုံးယွီ နားမလည်နိုင်စွာ ယဲ့ပေရွှမ်ကို ကြည့်သည်။
“စီနီယာအစ်ကို ရှင်က ဝမ်တောက်ကျောင်းတော်ရဲ့ အကြီးအကဲလေ။ ဒီခန်းမမှာ မရှိလို့ ဘယ်မှာ ရှိရမှာလဲ။ ကျင့်ကြံနေတုန်း ချီသွေးဖယ်ပြီး ကယောင်ကတမ်း ဖြစ်နေတာလား”
ယဲ့ပေရွှမ် ထိုစကားကြောင့် သံသယဝင်သွား၏။
ဖုန်းချုံးယွီ ပြောသည်။
“ကဲပါ စီနီယာအစ်ကိုရယ် ရှင် သူတော်စင်တစ်ပိုင်းတက်တဲ့ ဂုဏ်ပြုပွဲခမ်းအနား စတော့မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပြန်လာမှ ပြောရအောင်”
“မဟုတ်ဘူး။ မင်းက ချုံးယွီ မဟုတ်ဘူး”
ယဲ့ပေရွှမ် အသံက ချက်ချင်းဆိုသလို အေးစက်သွား၏။ သူ့ရှေ့က မြင်ကွင်းနှင့် ယခင်ဘဝက မြင်ကွင်းက မကိုက်ညီပေ။
ဖုန်းချုံးယွီ ထိုစကားကိုကြားတော့ မည်သည့် မကျေနပ်မှုမှ မပြဘဲ ယဲ့ပေရွှမ် အနားသို့ ကပ်ကာ သူမလက်ကို သူ့နဖူးပေါ်သို့ ငြင်သာစွာ တင်ရင်း မေးသည်။
“ စီနီယာအစ်ကို ရှင် မေ့လျော့ခြင်းတာအိုကျင့်စဉ်ကို ကျင့်ပြီး ရှင့်မှတ်ဉာဏ်တွေ ရှုပ်ထွေးကုန်ပြီလား။ အဲဒီကျင့်စဉ်က ရှင့်ကို သူတော်စင်အဆင့်တက်အောင် ကူညီပေးနိုင်ပေမဲ့ အန္တာရာယ်လည်း များတယ်နော်”
“မေ့လျော့ခြင်းတာအိုလား”
ယဲ့ပေရွှမ် မူလကတော့ အတုအယောင်ဖုန်းချုံးယွီကို သတ်ပစ်လိုက်ချင်သော်ငြား မသိနိုင်သည့် အကြောင်းအရင်းတချို့ကြောင့် သူမကို မြင်လိုက်သည့်အခိုက် သူ့စိတ်ထဲတွင် သတ်ဖြတ်ချင်စိတ်များ ပျောက်ကွယ်သွားတော့၏။
“ဟုတ်တယ်လေ”
ဖုန်းချုံးယွီ ပြောသည်။
“စီနီယာ အရင်တုန်းက လျှို့ဝှက်နယ်မြေတစ်ခုထဲ ဝင်ရောက်ပြီး ဧကရာဇ်အဆင့် အင်မော်တယ်ဂိုဏ်းတစ်ခုကနေ မေ့လျော့ခြင်းတာအိုလို့ခေါ်တဲ့ ကျင့်စဉ်တစ်ခုကို ရခဲ့တယ်။ ကျင့်စဉ်ရဲ့ တစ်ခုတည်းသော အားနည်းချက်က ကိုယ့်ကိုယ်ကိုယ် မေ့လျော့သွားစေတဲ့အပြင် ပြန်လည်မွေးဖွားတယ်ထင်ပြီး အစစ်မှန်နဲ့ ပြန်လည်မွေးဖွားတာကို မခွဲတတ်တော့ဘူး”
“ဒါပေမဲ့ မင်းဒီဘဝမှာ သေသွားပြီ မဟုတ်ဘူးလား”
ယဲ့ပေရွှမ် သူ့ရင်ထဲမှ နာကျင်မှုကို ထုတ်ပြောလိုက်သည်။
ဖွီး
ဖုန်းချုံးယွီ ရယ်မောလိုက်ပြီး ယဲ့ပေရွှမ်၏ လက်ကို ကိုင်ကာ သူမ နဖူးပေါ်သို့ တင်ပေးလိုက်သည်။
“စီနီယာအစ်ကို ကျွန်မ ခန္ဓာကိုယ်အပူချိန်ကို ခံစားကြည့်။ ရှင့် မဟာပဏ္ဍိတစွမ်းအားနဲ့ဆို ကျွန်မ သေနေတဲ့လူလား အသက်ရှင်နေတဲ့လူဆိုတာ ခွဲခြားနိုင်မှာပါ”
ယဲ့ပေရွှမ် ဖုန်းချုံးယွီ မျက်နှာလေးကို ညင်သာစွာ တို့ထိလိုက်သည်။ အလွန်အမင်း အစစ်မှန်ဆန်လှ၏။ ဘယ်ဘဝက မှတ်ဉာဏ်ဖြစ်ဖြစ် ယခုလို ခံစားချက်မျိုးသာ ဖြစ်သော်လည်း သူ သတိကို မလျှော့ဘဲ ဆက်ပြောသည်။
“မေ့လျော့ခြင်းတာအိုဆိုတာဘာလဲ။ ကိုယ့်ကို မပြောရသေးဘူးနော်”
ဖုန်းချုံးယွီ နှုတ်ခမ်းဆူကာ ပြောသည်။
“စီနီယာအစ်ကို ရူးနေပြီလား။ နည်းစနစ်က ရှင့်သိုလှောင်လက်စွပ်ထဲမှာလေ။ ရှင် ရှာကြည့်ရင် တွေ့မှာပေါ့”
ယဲ့ပေရွှမ် ထိုစကားကို ကြားတော့ သတိဝင်လာပြီး သိုလှောင်လက်စွပ်ထဲသို့ သူ့နတ်ဘုရားအာရုံကို ထည့်သွင်းလိုက်၏။