ကောင်းကင်မီးတောက်အတွင်းမှ ဝိညာဉ်
Vol. 23 Ch. 226
ဖုန်းမူ စာလိပ်နှစ်ခုကို လက်နှစ်ဖက်ဖြင့် လေးစားစွာ လက်ခံလိုက်သည်။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင်တော့ လှုပ်ရှားနေပြီး ထိုနေရာမှာပင် ချက်ချင်း ဖွင့်ကြည့်ချင်စိတ်များ ဖြစ်ပေါ်နေ၏။
ဖုန်းမူ တွေးနေသည်များကို ချူဖုန်း သိ၍ ပြုံးပြီး ပြောလိုက်သည်။ “ဖွင့်ကြည့်လိုက်ပါ။ တကယ်လို့ မေးစရာရှိရင် အားမနာဘဲ မေးလို့ရတယ်။ နောက်ထပ် လိုချင်တာ ရှိရင်လည်း ပြောလို့ရတယ်”
“ဟုတ်ကဲ့ပါ ခင်ဗျာ”
ဖုန်းမူ ပြန်ဖြေလိုက်ပြီး စာလိပ်တစ်ခုကို ဖြန့်ချလိုက်၏။ အတွင်းမှ အလင်းတန်းများ စတင် ထွက်ပေါ်လာသည်။ ထို့နောက် တာအို အက္ခရာများ တစ်ခုပြီးတစ်ခု စာလိပ်ထဲမှ လွင့်မျော ထွက်ပေါ်လာတော့၏။
လူတိုင်း ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြ၏။ သူတို့ သတိပြန်ဝင်လာသောအခါ တာအိုအက္ခရာများကို သေချာစွာ လေ့လာကြည့်ရှုတော့သည်။
အချိန်အတန်ကြာပြီးနောက် တာအို အက္ခရာများသည် ဖုန်းမူကို ဝန်းရံသွားပြီး သင်္ကေတများသည် သူ့အသိစိတ်ပင်လယ်အတွင်းသို့ တစ်ခုပြီးတစ်ခု ပျံသန်းဝင်ရောက်သွားကြ၏။
အကြီးအကဲပင်းနှင့် ရွှေတောင်ပံလင်းယုန်ဘုရင်တို့၏ မျက်နှာပေါ်တွင် နောင်တရသည့် အမူအရာများ ပေါ်လာသည်။ သူတို့က သင်္ကေတ လက်တစ်ဆုပ်စာလောက်ကိုသာ မှတ်မိလိုက်ကြသည်။
ချူဖုန်းက သူတို့၏ အမူအရာများကို မြင်သောအခါ ရယ်မောလိုက်သည်။ “ ဒါတွေက အခြေခံ တာအို အက္ခရာ တချို့ သက်သက်ပါ။ မင်းတို့ နှစ်ယောက်က ဘာလို့ ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးတဲ့သူတွေလို ပြုမူနေကြတာလဲ “
ရွှေတောင်ပံလင်းယုန်ဘုရင် ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေသည်။” ညီအစ်ကိုဖုန်း... ခင်ဗျားက ဘယ်တော့မှ ဗိုက်မဆာဖူးတဲ့ သူတစ်ယောက်လို ပြောနေတာပဲ။ ဝမ်တောက်ကျောင်းတော် တစ်ခုလုံးမှာ တာအို အက္ခရာတွေကို ရေးဆွဲနိုင်တဲ့သူ လက်တစ်ဆုပ်စာလောက်ပဲ ရှိတာပါ။ ကျုပ်တို့လို ဘုရင်အဆင့် ပညာရှင်တွေ ကြားမှာတောင် တာအို အက္ခရာတွေကို မြင်ရဖို့က ရှားပါးတယ် “
သူ့လေသံတွင် နာကြည်းမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသော်လည်း ဖုန်းမူ၏ နားထဲတွင်တော့ ၎င်းက အလွန် တုန်လှုပ်စရာ ကောင်းနေသည်။ သူ့ဆရာသည် အစွမ်းထက်မှန်း သိထားသော်လည်း လင်းယုန်က မဟာယွမ်ဘုရင်နှင့် တန်းတူ ဖြစ်နေလိမ့်မည်ဟု သူ မတွေးထားခဲ့ဖူးပေ။
ထို့ပြင် သူ့ဆရာက ထိုလူကို မြင်းလှည်းဆွဲဖို့ အမိန့်ပေးနိုင်သည်ဖြစ်၍ မဟာသူတော်စင်တစ်ပါး ဖြစ်နေမည်လား သူ တွေးမိသည်။
ချူဖုန်းက ရယ်မောလိုက်သည်။ “ မင်းတို့ သင်ချင်တယ်ဆိုရင် ငါ သင်ပေးမယ်လေ “
“ တကယ်လား မွေးစားအဖေ “
ရွှေတောင်ပံလင်းယုန်ဘုရင်၏ မျက်နှာသည် မျှော်လင့်ချက်များဖြင့် တောက်ပသွားပြီး ထိုအခိုက် ချူဖုန်း၏ ခြေထောက်ကို ဖက်တွယ်ထားရန် မစောင့်နိုင်တော့သည့်အလား ဖြစ်သွားသည်။
“ ဟမ့် “
ချူဖုန်းက စကားတစ်ခွန်းကိုသာ ဖြည်းညှင်းစွာ ထုတ်ပြောလိုက်ပြီး သူ့အကြည့်များတွင် မကျေနပ်မှုများ ရှင်းလင်းစွာ ပေါ်လွင်နေသည်။
“ နောက်နေတာပါ၊ အတည်မယူပါနဲ့ “ ရွှေတောင်ပံလင်းယုန်ဘုရင်က ခပ်တုံးတုံးအပြုံးဖြင့် ပြောလိုက်သည်။
“ မင်းတို့ နှစ်ယောက် သင်ချင်တယ်ဆိုရင် နောက်မှ သင်ပေးမယ် “ ချူဖုန်းက ထပ်ပြောလိုက်ရာ ရွှေတောင်ပံ လင်းယုန်ဘုရင် စိတ်သက်သာရာ ရသွားသည်။
အကြီးအကဲပင်းကလည်း စိတ်မပူပေ။ အဆိုးဆုံး အခြေအနေတွင် သူမက သူ့ခြေထောက်များကို လက်များဖြင့် ဆေးကြောပေးလိုက်မည်။ သူက သေချာပေါက် ငြင်းဆန်မည် မဟုတ်ပေ။
တာအို အက္ခရာများကို လက်ခံရရှိပြီးနောက် ဖုန်းမူသည် စိတ်ရှုပ်ထွေးသွားသည်။ သူ အားအင်မရှိသလို ခံစားလိုက်ရ၏။ ၎င်းက ရတနာတောင်ကြီးပေါ်တွင် ထိုင်နေသော်လည်း မည်သည့်အရာကိုမျှ မယူနိုင်သကဲ့သို့ ဖြစ်နေသည်။
“ ဆရာ ကျွန်တော်က သာမန် ခန္ဓာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။ ဆရာ ပေးထားတဲ့ အရာတွေနဲ့ဆိုရင် နှစ်တစ်ရာလောက် အချိန်ရရင်တောင်မှ နားမလည်လောက်ဘူး “
ချူဖုန်းက ပြုံးပြီး ပြောလိုက်သည်။ “ ငါ တွေးထားပြီးသား။ အခြား စာလိပ် တစ်ခုထဲမှာ ငါကိုယ်တိုင် ရေးသားထားတဲ့ တောက်တဲ့ကျင်း မိတ္တူ တစ်စောင် ပါတယ်။ မင်းက အဲဒီထဲက အကြောင်းအရာတွေကို နားလည်သဘောပေါက်နိုင်ရင် တာအို အက္ခရာတွေကိုပါ နားလည်လာနိုင်လိမ့်မယ် “
“ ဆရာက ကြိုတွေးထားတာပဲ “
ဖုန်းမူက ဒုတိယစာလိပ်ကို ချက်ချင်း ဖွင့်လိုက်သည်။ တောက်ပသော အလင်းရောင်များ မရှိသလို၊ တာအို အက္ခရာများလည်း မရှိပေ။ သာမန်ဟု ထင်ရသော စာသားများသာ ရှိနေသည်။
လူတိုင်းက ၎င်းကို တစ်ချက် ကြည့်လိုက်ကြပြီး မသိလိုက်ခင်မှာ စာလိပ်ထဲသို့ နစ်မြောသွားကြတော့၏။
ထိုစကားလုံးများထဲမှ ရုန်းထွက်နိုင်ရန် အချိန်အတော်ကြာ ယူရပါမည်။
ချူဖုန်းက ဖုန်းမူကို ကြည့်လိုက်သည်။ “ ရှောင်မူ မင်းမှာ မေးစရာ ရှိသေးလား “
“ ဆရာ... ကျွန်တော့်မှာ မေးစရာ မရှိတော့ပါဘူး “ ဖုန်းမူက ပြန်ဖြေလိုက်သည်။ “ ဒါပေမဲ့ တောင်းဆိုချက်လေးတစ်ခုတော့ ရှိပါတယ် “
“ ပြောကြည့်ပါဦး “ ချူဖုန်းက ညင်သာစွာ ပြန်ဖြေလိုက်သည်။
ဖုန်းမူက ဦးညွှတ်ကာ ပြောလိုက်သည်။ “ ကျွန်တော် ဆေးဖော်စပ်တဲ့ ပညာကို သင်ယူချင်ပါတယ် “
ချူဖုန်းက ပြန်ဖြေသည်။ “ ကြီးကြီးမားမား တစ်ခုခုများလားလို့ ငါ ထင်နေတာ။ ဆေးဖော်စပ်တာများ။ အခုကစပြီး နေ့လယ်တိုင်း ငါ့ဆီ လာခဲ့။ ငါ ကိုယ်တိုင် သင်ပေးမယ် “
“ တပည့်က ဆရာ့ကို ကျေးဇူးတင်ပါတယ် “
ဖုန်းမူက ချူဖုန်းကို အရိုအသေပေးလိုက်သည်။ “ ဒါဆိုရင် ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး “
“ အင်း “
ချူဖုန်းက အေးအေးဆေးဆေး တုံ့ပြန်လိုက်ပြီး ခြံဝင်းထဲမှ ဖုန်းမူ၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။
“ညီအစ်ကိုဖုန်း... ခင်ဗျားက ဆေးလုံးတွေကိုလည်း ဖော်စပ်နိုင်တာလား” ရွှေတောင်ပံလင်းယုန်ဘုရင် က စိတ်ဝင်တစား မေးလိုက်သည်။
ချူဖုန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။ “ ဘာလဲ၊ ကျုပ်က တစ်ချိန်တုန်းက ဝမ်တောက်ကျောင်းတော်ရဲ့ ဆေးပညာ သီအိုရီပိုင်းမှာ အသန်မာဆုံးသူ ဖြစ်ခဲ့တယ် ဆိုတာကို သတိပေးရဦးမှာလား “
“ အဲဒါက ကောလဟာလ မဟုတ်ဘူးလား “ ရွှေတောင်ပံ လင်းယုန်ဘုရင် အလိုလို ပြောလိုက်မိသော်လည်း သူ့အမှားကို ချက်ချင်း သိလိုက်သည်။ ထိုသို့ ပြောလိုက်ခြင်းက သူ့ကို သေချာပေါက် အရိုက်ခံရပေလိမ့်မည်။
“ကျုပ်ရဲ့ ဆေးဖော်စပ်တဲ့ စွမ်းရည်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုတာ မကြာခင် သိလာမှာပါ” ချူဖုန်းက ပြောလိုက်ပြီး လှည့်ကာ သူ့အခန်းထဲသို့ ပြန်ဝင်သွားသည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ လိပ်ဝိညာဉ်မြေကမ္ဘာမီးတောက် ပါဝင်သော ရတနာ သေတ္တာ တစ်လုံးကို ထုတ်ယူပြီး ညင်သာစွာ ဖွင့်လိုက်သည်။
ဝုန်း
မီးတောက်တစ်ခုက ခေါင်မိုးဆီသို့ စောင့်တက်သွားပြီး အခန်းတစ်ခုလုံးကို မီးလောင်လုနီးပါး ဖြစ်သွားစေ၏။ ချူဖုန်းက သူတော်စင်တစ်ပိုင်း ဖိအားကို ထုတ်လွှတ်လိုက်ပြီး လိပ်ဝိညာဉ်မြေကမ္ဘာမီးတောက်ကို ဖိနှိပ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် မီးတောက် မှေးမှိန်သွားပြီး မီးတောက်ဝိညာဉ်သည် ချူဖုန်း၏ အရှေ့တွင် ကြောက်ရွံ့မှုကြောင့် တုန်ရီနေတော့သည်။
၎င်းကို မြင်သောအခါ ချူဖုန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “ ဘာလဲ၊ အရင်လို မရိုင်းစိုင်းတော့ဘူးလား “
“သခင် ကျွန်တော် မှားသွားပါတယ်”
ကြောက်ရွံ့နေသော အသံတစ်ခုက ချူဖုန်း၏ အသိစိတ်ပင်လယ် အတွင်းတွင် ပဲ့တင်ထပ်လာသည်။ ၎င်းကို ကြားသောအခါ သူ့မျက်လုံးများ အရောင်လက်သွားပြီး နတ်ဘုရားအာရုံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။ “ မင်းမှာ အသိစိတ် ရှိနေမှတော့ ဘာလို့ အရင်က ငါ့ကို စကားမပြောခဲ့တာလဲ “
“ သခင်က ကျွန်တော့်ကို အခွင့်အရေးမှ မပေးခဲ့တာ “ လိပ်ဝိညာဉ်မြေကမ္ဘာမီးတောက်က နာကြည်းမှုများဖြင့် ပြန်ဖြေသည်။ လွန်ခဲ့သော နှစ်များစွာက သူ အဘိုးအို တစ်ဦး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သေတ္တာငယ်လေးထဲတွင် သော့ခတ် ပိတ်လှောင်ခံထားခဲ့ရသည်။
အစပိုင်းတွင် ထိုအဘိုးအိုက သူ၏ ကောင်းကင်မီးတောက်အဖြစ် ခံယူရန် ဆန္ဒရှိမရှိ နေ့စဉ် မေးမြန်းလေ့ရှိ၏။ ဂုဏ်သိက္ခာရှိသော ကောင်းကင်မီးတောက် တစ်ခုအနေဖြင့် သူသည် အလွယ်တကူ အညံ့မခံနိုင်ပေ။ သို့ဖြစ်၍ အဘိုးအိုကို စမ်းသပ်မှုအချို့ ပြန်လည် ပေးအပ်ခဲ့၏။
သို့သော် ထိုသူက သဘောတူညီချက်ကို မဖြည့်ဆည်းနိုင်မီမှာ သေတ္တာ၏ ပိုင်ရှင်က ပြောင်းလဲသွားသည်။ ဤလူသစ်က သူ့ကို အနည်းငယ်မျှ အာရုံမစိုက်ခဲ့ချေ။ သူသည် မှောင်မိုက်သောနေရာတွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး ယခုမှသာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
သူက ဒေါသအနည်းငယ် ထွက်ပြပြီး စွမ်းအားကို ပြသရန် ရည်ရွယ်ထားခဲ့သော်ငြား မလှုပ်ရှားနိုင်ခင် ရက်စက်စွာ ဖိနှိပ်ခံလိုက်ရသည်။
“ ကောင်းပြီ။ ငါက နတ်ဆိုး တစ်ကောင် မဟုတ်ပါဘူး “ ချူဖုန်းက ရှင်းလင်းစွာ ပြောလိုက်သည် “တကယ်လို့ မင်းက ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် မင်း နေလို့ရတယ်။ မရှိဘူး ဆိုရင်တော့ မင်းကို မီးတောက်သေတစ်ခုအဖြစ် ပြောင်းပစ်ရုံကလွဲပြီး ငါ့မှာ တခြား ရွေးချယ်စရာ မရှိဘူး “
သူ့လေသံက အရေးမပါသည့်အရာကို ပြောနေသည့်အလား တည်ငြိမ်နေ၏။
သို့သော် မီးဝိညာဉ်၏ နားထဲတွင်တော့ ၎င်းက နတ်ဆိုး တစ်ကောင်၏ တီးတိုးစကားနှင့် တူနေတော့သည်။ သူ မဆိုင်းမတွပင် အော်ပြောလိုက်၏။ “ကျွန်တော် အစေခံဖို့ ဆန္ဒရှိပါတယ် သခင်။ သခင်က ကျွန်တော့်ကို အရှေ့သွားဖို့ အမိန့်ပေးရင် အနောက်ကို မသွားရဲပါဘူး။ သခင်နဲ့ အခုချက်ချင်း စာချုပ်၊ ချုပ်ဆိုနိုင်ပါတယ် “
ချူဖုန်း အေးတိအေးစက် ပြန်ဖြေလိုက်သည်။ “မလိုဘူး”
“ ဟင် “
မီးဝိညာဉ် အေးခဲသွားသည်။
‘ဒီလူက ဘာလိုချင်နေတာလဲ။ ဘာလို့ သူ လုပ်သမျှ အရာအားလုံးကို ငြင်းနေရတာလဲ’
“သခင် အနည်းဆုံးတော့ ကျွန်တော့်ကို ဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးနိုင်မလား “
“ ငါက မင်းကို သတ်မယ်လို့ ဘယ်တုန်းက ပြောလို့လဲ။ စာချုပ် ချုပ်စရာ မလိုဘူးလို့ ပြောတာပါ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ အဆင့်က ငါ့ရဲ့ အဆင့်အတန်းနဲ့မှ မတန်တာ “
ချူဖုန်း လုံးဝ လေးနက်စွာ ပြောလိုက်သည်။
“…”
မီးဝိညာဉ် ပြောစရာ စကား ပျောက်ဆုံးသွားသော်လည်း ပြန်လည်ချေပရန် မည်သည့်အရာကိုမျှ မရှာတွေ့ပေ။ တစ်ခဏမျှ သခင်ဖြစ်သူကို မည်သို့ ပြန်ပြောရမှန်းကိုပင် မသိတော့ချေ။ သူ လုပ်နိုင်သမျှမှာ မြှောက်ပင့်ရန် အနည်းငယ် ကြိုးစားကြည့်ခြင်းသာ ဖြစ်သည်။
“သခင် တကယ်ကို ပညာရှိပြီး အစွမ်းထက်တာပါပဲ။ သခင့် အပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ လေးစားမှုက... “
“တော်ပြီ”
ချူဖုန်းသည် ဖြတ်ပြောလိုက်၏။ “ ငါ့ရဲ့ ခွန်အားကို ငါ သေချာ သိတယ်။ ထပ်ခါတလဲလဲ ပြောနေစရာ မလိုဘူး။ ငါ သိချင်တာက မင်း ဘာလုပ်နိုင်လဲ ဆိုတာပဲ “