← Chapters

အခန်း ၅၄၁

Vol. 55 Ch. 541

အခန်း ၅၄၁

Vol. 55 Ch. 541

အခန်း(၅၄၁)

မျက်စိတစ်မှိတ်အတွင်း အချိန်သုံးရက် ကုန်ဆုံးသွားသည်။

ရှောင်ချန်း ဓားတာအိုကျောင်းတော်မှ အဖွဲ့နောက်သို့ လိုက်ပြီး အနောက်ဘက်ယွဲ့တောင်ထွတ်သို့ လိုက်သွား၏။

ခဏအကြာတွင် သူတို့ အနောက်ဘက်ယွဲ့တောင်သို့ ရောက်လာကြသည်။

အနောက်ဘက်ယွဲ့တောင်ထွတ်တွင် လူများဖြင့်စည်းကားသိုက်မြိုက်နေ၏။ မြင့်မြတ်နယ်မြေဆယ်ခုထဲမှ တစ်ခုဖြစ်သော ဓားတာအိုကျောင်းတော်အနေဖြင့် အနောက်ဘက်ယွဲ့တောင်ထွတ်တွင် ကိုယ်ပိုင်နေရာတစ်ခု ရှိသည်။

ကျောင်းအုပ်ကြီးမုန့်နှင့် ကျန်သူများသည် ကွင်းလယ်တစ်ခုတွင် ရပ်နေ၏။ အနားပတ်လည်တွင် မည်သည့်ကျင့်ကြံသူမျှ မရှိချေ။ ထို့ကြောင့် ၎င်းနေရာက သူတို့ ဓားတာအိုကျောင်းတော်၏ ကိုယ်ပိုင်နေရာ ဖြစ်ရပေမည်။

သူတို့ ရောက်ပြီး မကြာခင် ရွှမ်ထျန်းဓားဂိုဏ်း၊ ဓားကန်ရှေးဟောင်းဘုရားကျောင်း၊ သွေးဓားဂိုဏ်း၊ ငရဲဓားဂိုဏ်း၊ ထိုက်ကျင်းဓားဂိုဏ်း၊ နှလုံးမဲ့ဓားဂိုဏ်း၊ ဆင့်ကဲပြောင်းလဲမှုဓားဂိုဏ်း၊ မြူနှင်းဓားဂိုဏ်းနှင့် ဓားမင်းဆက်မှ ကျင့်ကြံသူများ ရောက်လာကြသည်။

မျက်စိတစ်မှိတ်အတွင်း အနောက်ဘက်ယွဲ့တောင်ထွတ်တစ်ခုလုံး ပို၍ စည်းကားသိုက်မြိုက်လာ၏။

မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် မောက်မာလေ့ရှိပြီး အနောက်ဘက်ယွဲ့တောင်ထွတ်ဓားပြိုင်ပွဲတွင် ပါဝင်မည့် မြင့်မြတ်နယ်မြေအသီးသီးမှ ကောင်းကင်ရွေးချယ်ခံများသည် သူတို့ရောက်လာသည်နှင့် မောက်မာပြတော့၏။

ဆန့်ကျင်ဘက်အားဖြင့် မြင့်မြတ်နယ်မြေမှ အကြီးအကဲများကမူ အချင်းချင်း ဖော်ရွေစွာ နှုတ်ဆက်နေကြသည်။

“လူအိုကြီးမုန့် ထန်ရွှမ်အပြင် မင်းတို့ ဓားတာအိုကျောင်းမှာ နောက်ထပ်ပါရမီရှင်တွေ ရှိသေးလား”

ဓားတာအိုကျောင်းတော်၏ ကျောင်းအုပ်ကြီး ရယ်မောကာ ပြောသည်။

“လူအိုကြီးရွှမ်တောက် ငါတို့ဓားတာအိုကျောင်းတော်ရဲ့ အင်အားအစစ်ကို စကားနှိုက်ဖို့ တွေးမနေနဲ့။ မင်းတို့ ထိုက်ချင်းဓားဂိုဏ်းက ဓားသားတော်ကိုးပါးထဲက တစ်နေရာကို ယူပြီး ဓားဧကရာဇ်ကမ်းပါးကို ဝင်နိုင်မလားဆိုတာသာ စိုးရိမ်နေစမ်းပါ။ ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက မင်းတို့ ထိုက်ချင်းဓားဂိုဏ်းက တပည့်တစ်ယောက်မှ ဓားဧကရာဇ်ချောက်ကမ်းပါးကို မဝင်နိုင်ခဲ့ဘူးလေ”

ရွှမ်တောက် ဒေါသတကြီး ကြည့်၏။

“လူအိုကြီးမုန့် မင်း ငါ့အနာဟောင်းကို ဆွရဲတယ်ပေါ့။ ဒီတစ်ကြိမ် ငါတို့ထိုက်ချင်းဓားဂိုဏ်းက အနောက်ဘက်ယွဲ့တောင်ထွတ်မှာ နာမည်တစ်ခု ရအောင်လုပ်မှာ။ မင်းတို့ မြင့်မြတ်နယ်မြေကိုးခု ငါတို့ထိုက်ချင်းဓားဂိုဏ်းအင်အားကို မြင်တွေ့စေရမယ်”

“အိုး”

ကျောင်းအုပ်ကြီးမုန့် သရော်တော်တော် ဆက်ပြောသည်။

“မင်းတို့ထိုက်ချင်းဓားဂိုဏ်းက ဒီတစ်ကြိမ် ရွှမ်ထျန်းဓားဂိုဏ်းကို အနိုင်ယူတော့မှာလား”

“ဟမ့်”

ရွှမ်တောက် အေးစက်စွာ နှာမှုတ်ပြီး ကျောင်းအုပ်ကြီးမုန့် နှင့် ဆက်ငြင်းမနေတော့ချေ။

အကြီးအကဲခူကျန့်တို့ ထိုမြင်ကွင်းကို ကြည့်ပြီး တိတ်တဆိတ် ပြုံးနေမိသည်။

ရှောင်ချန်း သူတော်စင်များကြားမှ ရန်ငြိုးကို မသိပေ။ သို့သော် သူ သိချင်စိတ်လည်း ရှိမနေ၍ ဆက်မမေးတော့ပေ။

ထိုအဖြစ်အပျက်ငယ်လေးက အနောက်ဘက်ယွဲ့တောင်ဓားပြိုင်ပွဲကို မသက်ရောက်ပေ။

နေ့လည်ခင်းတွင်

ကျောဘက်တွင် ဓားရှည်တစ်ချောင်းလွယ်ထားသည့် အဘိုးကြီးတစ်ဦး ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။

ထိုအဘိုးကြီး အနောက်ဘက်ယွဲ့တောင်ထွတ် ပတ်လည်ကို ကြည့်လိုက်သည့်အခါ မူလက ဆူညံနေသော တောင်ထွတ်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။ ကျောင်းအုပ်ကြီးကဲ့သို့ သူတော်စင်အဆင့်ပင် ထိုသူကို မြင့်သည့်အခါ သူ့မျက်ဝန်းများတွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးသွား၏။

“အားလုံး ကျုပ်က အရှင်ပါ့ကျန်းပါ။ အနောက်ဘက်ယွဲ့တောင်ထွတ်ဓားပြိုင်ပွဲစည်းမျဉ်းအရ ကျုပ်ရွှမ်ထျန်းဓားဂိုဏ်းက နောက်ဆုံးအကြိမ်ပွဲမှာ ပထမရခဲ့လို့ ဒီတစ်ကြိမ် အနောက်ဘက်ယွဲ့တောင်ထွတ်ဓားပြိုင်ပွဲကို အိမ်ရှင်အနေနဲ့ ဦးစီးကျင်းပမှာပါ”

အရှင်ပါ့ကျန်း သူ့နာမည်နှင့် အညီ ဖိအားကို ရည်ရွယ်ချက် ရှိစွာ ထုတ်လွှတ်မနေသော်လည်း သူပြောလိုက်သော စကားလုံးတိုင်းက ပြိုင်ဘက်ကင်းဖိအားများ ထွက်ပေါ်နေ၏။

ခဏအကြာတွင် အရှင်ပါ့ကျန်း ဆက်ပြောသည်။

“အခု ဒီသူတော်စင်က အနောက်ဘက်ယွဲ့တောင်ထွတ်ဓားပြိုင်ပွဲ တရားဝင်စတင်ပြီလို့ ကြေညာပါတယ်”

သူ့စကားအဆုံး အနောက်ဘက်ယွဲ့တောင်ထွတ်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့၏။

သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုများမှ တပည့်များသည် စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေကြတော့သည်။

သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုများမှ ကောင်းကင်ရွေးချယ်ခံတပည့်များအနေဖြင့် ဓားဧကရာဇ်ချောက်ကမ်းပါးသို့ ဝင်ရောက်ရန် မဖြစ်နိုင်သော်လည်း သူတို့ကိုယ်သူတို့ သက်သေပြပြီး မြင့်မြတ်နယ်မြေသို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ကြ၏။

သူတော်စင်တစ်ပိုင်းအင်အားစုများမှ တပည့်အချို့ အနောက်ဘက်ယွဲ့တောင်ဓားပြိုင်ပွဲတွင် ထိပ်ဆုံးသုံးရောက်သို့ ဝင်ရောက်နိုင်သည့် အခါမျိုး ရှိသည်။

သို့သော် ၎င်းသည် အတော်လေး ရှားပါးပြီး နှစ်တစ်သောင်း သို့မဟုတ် နှစ်အတော်ကြာမှ တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိ၏။

အနောက်ဘက်ယွဲ့တောင်ဓားပြိုင်ပွဲသည် မြင့်မြတ်နယ်မြေမှ ကောင်းကင်ရွေးချယ်ခံများအတွက် တောက်ပပြသည့် စင်မြင့်တစ်ခုဖြစ်နေတုန်းပင်။

သိပ်မကြာမီ သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုများမှ ဓားသမားများ ထွက်ပေါ်လာသည်။

အနောက်ဘက်ယွဲ့တောင်ထွတ်ဓားပြိုင်ပွဲတွင် ပြိုင်ပွဲစင်မြင့် မရှိပေ။ ပြိုင်ပွဲဝင် ကျင့်ကြံသူများသည် လေထုအလယ် တောင်ထွတ်တွင် တိုက်ခိုက်ကြ၏။

ပြိုင်ပွဲဝင်ကျင့်ကြံသူများ အနည်းဆုံး တာအိုပေါင်းစည်းခြင်းအဆင့်တွင် ရှိကြသည်။ ထိုအမြင့်မှ တိုက်ခိုက်ရင်း ပြုတ်ကျရင်တောင် သူတို့အတွက် အသက်အန္တာရယ် မရှိပေ။

ရှောင်ချန်း သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုအသီးသီးမှ တပည့်များ၏ တိုက်ခိုက်မှုကို တိတ်ဆိတ်စွာ ကြည့်နေသည်။

တိုက်ပွဲအချို့ ပြီးနောက် ထန်ရွှမ် မေး၏။

“စီနီယာအစ်ကိုရှောင် သူတော်စင်တစ်ပိုင်းအဆင့်အင်အားစုတွေထဲမှာ စီနီယာအစ်ကို မျက်စိကျတဲ့သူ ရှိလား”

ရှောင်ချန်း ပြုံးကာ ပြောသည်။

“သူတို့ဓားဆန္ဒအပေါ် နားလည်မှုက လက်ခံလို့ရတယ်။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်းက အများကြီး လိုသေးတယ်။ ငါ့အမြင်အရဆို ဓားကျင့်ကြံသူ ဓားသမားတစ်ယောက် ထွန်းပေါက်ဖို့ဆိုရင် ထူးခြားတဲ့ နားလည်နိုင်စွမ်းနဲ့ ဇွဲနပန်းကြီးတဲ့ ဓားနှလုံးသားကိုပိုင်ဆိုင်ထားရမယ်။ သူတို့ဓားနှလုံးကိုတော့ စကားထဲ ထည့်ပြောဖို့တောင် မလုံလောက်ဘူး”

ထန်ရွှမ် လက်သီးဆုပ်ကာ ပြော၏။

“ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်။ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”

မျက်စိတစ်မှိတ်အတွင်း ပြိုင်ပွဲနေ့ရက်များ ကုန်ဆုံးသွားသည်။ သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုမှ ကျင့်ကြံသူရာချီ အလျှိုလျှို ပေါ်လာကြ၏။

သို့သော် နောက်ဆုံးတွင် လက်တစ်ဖက်စာမျှသော ကျင့်ကြံသူများသာ မြင့်မြတ်နယ်မြေသို့ ဝင်ခွင့်ရသွားသည်။

နောက်တစ်နေ့တွင် ပြိုင်ပွဲ ဆက်လက်ကျင်းပ၏။ သူတော်စင်တစ်ပိုင်းအင်အားစုများမှ တပည့်များ ဆက်လက်ယှဉ်ပြိုင်နေသေးသည်။ ညနေခင်းရောက်မှသာ သူတော်စင်တစ်ပိုင်းအင်အားစုမှ တပည့်များ ပါဝင်ရန် မရှိတော့ပေ။

ကျင့်ကြံသူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာတော့သည်။

‘ပွဲကောင်းက စပြီ”

မနက်ခင်းတွင်

အနောက်ဘက်ယွဲ့တောင်ထွတ်သို့ နေရောင်ခြည်တန်းများ ကျဆင်းလာပြီး တောင်ထွတ်ကို ရွှေရောင်အလင်းတန်းများ ဆေးခြယ်ထားတော့သည်။

ယခုအချိန်တွင် အင်အားစုအသီးသီးသည် တောင်ထွတ်ပေါ်တွင် ရပ်နေကြ၏။ ယခင်နှစ်ရက်မှ မြင့်မြတ်နယ်မြေအင်အားစုများ၏ တပည့်များ သက်တောင့်သက်သာ ဖြစ်နေသော သူများနှင့် မတူစွာ ယနေ့တွင် တပည့်များသည် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို တိုက်ခိုက်လိုစိတ်များဖြင့် ကြည့်နေသည်။

အရှင်ပါ့ကျန်း လေထုထဲတွင် ပြန်ပေါ်လာပြီး ရွှမ်တောက်ကို ကြည့်၏။

“ရွှမ်တောက် စည်းမျဉ်းတွေအရ မင်းတို့ထိုက်ချင်းဓားဂိုဏ်းက တပည့်တွေ အရင်စိန်ခေါ်ခွင့် ရှိတယ်”

“အင်း”

ရွှမ်တောက် ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။ သူ့နောက်က တပည့်များ စိတ်အားထက်သန်စွာ ရှေ့တက်လာ၏။

လွီယွဲ့အာ ၎င်းကိုမြင်တော့ သိလိုစွာ မေးသည်။

“စီနီယာအစ်ကိုထန် အနောက်ဘက်ယွဲ့တောင်ဓားပြိုင်ပွဲက ဘယ်သူမဆို ဝင်ပြိုင်လို့ရတာလား။ ဘာလို့ ထိုက်ချင်းဓားဂိုဏ်းက အရင်သွားချင်နေတာလဲ”

ဓားပြိုင်ပွဲတစ်ခုတွင် စင်ပေါ်သို့ အရင်တက်သွားသူသည် အားသာချက် မရှိပေ။ ဦးစွာတက်သွားသူသည် အခြားသော ပြိုင်ပွဲဝင်များကို ဖိနှိပ်နိုင်ဖို့ လို၏။

ထန်ရွှမ် ပြုံးကာ ပြန်ဖြေသည်။

“ငါတို့ဓားတာအိုကျောင်းတော်က ဓားဒေသမှာ ထိပ်ဆုံးသုံးနေရာဝင်တယ်။ အဲတော့ ထိုက်ချင်းဓားဂိုဏ်းသာ ဦးနှောက်ရှိရင် ငါတို့ကို စိန်ခေါ်မှာ မဟုတ်ဘူး”

သူ့စကားအဆုံး နှင်းကဲ့သို့စွတ်စွတ်ဖြူသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဓားကျင့်ကြံသူတစ်ဦး ပြည်နှင်ခံအင်မော်တယ်တစ်ပါးအလားနှယ် ထိုက်ချင်းဓားဂိုဏ်းမှ ထွက်လာပြီး ဓားတာအိုကျောင်းတော်ကို ကြည့်ကာ ပြော၏။

“ငါက ထိုက်ချင်းက ယွင်ခဲ့ပဲ။ ထန်ရွှမ် မင်း ငါနဲ့ တိုက်ခိုက်ရဲလား”

ထိုစကားများကြောင့် ထန်ရွှမ်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားသည်။ သူ ယခုလို လျင်မြန်စွာ မျက်နှာဖြတ်ရိုက်ခံရမည်ဟု မထင်ထားချေ။

“ဟမ့် ဘာလို့ မတိုက်ရဲမှာလဲ”

ထန်ရွှမ် အေးစက်စွာ နှာမှုတ်ပြီး ရှေ့သို့ တစ်လှမ်းတက်ကာ လေထုထဲသို့ ပျံတက်သွား၏။

လွီယွဲ့အာ ထိုမြင်ကွင်းကို ကြည့်ရင်း ‌ရေရွတ်သည်။

“စီနီယာအစ်ကိုထန် ကျွန်မကို အပြစ်မတင်လောက်ဘူးနော်”

ရှောင်ချန်း ပြုံးကာ ပြောသည်။

“စိတ်မပူပါနဲ့။ စီနီယာအစ်ကိုက သူ့ဒေါသကို ယွင်ခဲ့ဆိုတဲ့လူအပေါ် ပုံချလိမ့်မယ်”

လွီယွဲ့အာ ယွင်ခဲ့ ဇာစ်မြစ်ကို မေးမြန်ရန် ပြင်လိုက်သော်လည်း အကြီးအကဲခူကျန့် သူ့မုတ်ဆိတ်ကို ပွတ်ကာ ရေရွတ်သည်။

“ထူးဆန်းတယ်။ ငါ ယွင်ခဲ့အကြောင်း တစ်ခါမှ မကြားဖူးဘူး”

All Chapters