← Chapters

ထွက်ခွာခြင်း

Vol. 13 Ch. 125

ထွက်ခွာခြင်း

Vol. 13 Ch. 125

မဟာခန်းမကြီး အတွင်း၌

ဝမ်တောက်ကျောင်းတော်မှ အဆင့်မြင့် ပုဂ္ဂိုလ်များသည် ထိုက်ရွှီလျှို့ဝှက်နယ်မြေ၏ ဝင်ခွင့်နေရာကို မည်သို့ ခွဲဝေသင့်ကြောင်း အရေးတယူ ဆွေးနွေးနေကြသည်။

ထိုအချိန်တွင် ချူဖုန်းက ထောင့်တစ်နေရာ၌ တိတ်ဆိတ်စွာ ဝင်ထိုင်ပြီး လက်ဖက်ရည် သောက်နေ၏။ သူကတော့ ဆွေးနွေးပွဲထဲ ဝင်ရောက် စွက်ဖက်မည့်ပုံစံ မရှိပေ။

တစ်နာရီ ကြာပြီးနောက် လူတိုင်း သဘောတူညီမှု ရသွားကြသည်။

ထိုအခါ ကျောင်းအုပ်ကြီးသည် ကြေညာလိုက်၏။ “ မင်းတို့ အားလုံး သဘောတူပြီဆိုတော့ ထိုက်ရွှီလျှို့ဝှက်နယ်မြေအတွက် နေရာ ခွဲဝေမှုကို ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့ ... “

“ အဓိကတပည့်တွေအတွက် နေရာ ခြောက်ဆယ် ရှိမယ်။ အဓိကတပည့်ပြိုင်ပွဲက ထိပ်ဆုံး အယောက်နှစ်ဆယ်က နေရာနှစ်ဆယ်စာ တန်းရမယ်။ ကျန်တဲ့ နေရာတွေကိုတော့ ဌာန ကိုးခုကနေ ရွေးချယ်မယ် “

“ အတွင်းစည်း တပည့်တွေအတွက် နေရာ လေးဆယ် ရှိမယ်။ အတွင်းစည်းနဲ့ အပြင်စည်းပြိုင်ပွဲနှစ်ခုရဲ့ ထိပ်ဆုံး ဆယ်ယောက်ကို နေရာဆယ်ခုစီ တန်းပေးမယ်။ ကျန်တဲ့သူတွေကိုတော့ ဌာန ကိုးခုကနေပဲ ရွေးချယ်ရမယ် “

“ အကြီးအကဲဆယ်‌ယောက်က အဖွဲ့နဲ့အတူ လိုက်သွားရမယ်။ ဒီကိစ္စကတော့ တစ်ဌာနကို တစ်ယောက်ပါပဲ။ သောင်းပြောင်းပညာရပ်ဌာနကလွဲပြီး ကျန်တဲ့ ဌာနတွေက နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို စေလွှတ်ရမယ် “

“ ကန့်ကွက်ချင်တဲ့သူ ရှိလား “

ထိုနေရာရှိ လူအားလုံးက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။ “ ကန့်ကွက်စရာ မရှိပါဘူးခင်ဗျာ “

အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ချူဖုန်းသည် ဆေးဘုရင်ရွှမ်ဟော့နှင့်အတူ ခန်းမထဲမှ ထွက်လာသည်။

ဆေးဘုရင်ရွှမ်ဟော့ ပြောလိုက်သည်။ “ ရှောင်ဖုန်း... ဒီတစ်ကြိမ် ဆေးပညာဌာနရဲ့ အကြီးအကဲချင်းလျန်ကို အဖွဲ့ရဲ့ ခေါင်းဆောင်ရာထူး ပေးထားတယ်။ မင်းတို့မသွားခင် နှစ်ယောက်လုံးအတွက် စားသောက်ပွဲ တစ်ခု ကျင်းပေးမယ်။ အဲဒါဆို လမ်းခရီးမှာ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ပေးနိုင်မှာ “

“ စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကပဲ ဧည့်ခံပေးရမှာပေါ့ “ ချူဖုန်း တောက်ပစွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

ဆေးဘုရင်ရွှမ်ဟော့ ရယ်မောလိုက်သည်။ “ ကောင်းပြီလေ။ ငါ မင်းကို အခွင့်အရေး ပေးလိုက်မယ်။ မင်းရဲ့ လက်ရာက တကယ့်ကို ကောင်းတယ်လို့ ချန်အာက ပြောဖူးတယ်။ ဒီတစ်ကြိမ်တော့ သေချာပေါက် မြည်းစမ်းကြည့်ရမယ်ဟေ့ “

ချူဖုန်းက ပြန်ဖြေလိုက်သည်။ “ ဟုတ်ကဲ့ပါဗျာ “

ထိုက်ရွှီလျှို့ဝှက်နယ်မြေနှင့် ပတ်သက်သော သတင်းသည် ဝမ်တောက်ကျောင်းတော် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။

တပည့်များသည် ကျန်ရှိနေသော နေရာ ခြောက်ဆယ်အတွက် အစွမ်းကုန် ကြိုးစားနေကြတော့သည်။

သောင်းပြောင်းပညာရပ်ဌာနတွင် အသစ်ဝင်လာသော တပည့်နှစ်ယောက်မှလွဲ၍ ကျန်လေးယောက်မှာ လျှို့ဝှက်နယ်မြေခရီးအတွက် အရည်အချင်း ပြည့်မီပြီးသားဖြစ်၏။ လူတိုင်း ပုံမှန်အတိုင်း ဆက်လက် ကျင့်ကြံနေကြပါသည်။

ဤညတွင် ချူဖုန်းသည် ခြေထောက်စိမ်ရင်း အကြီးအကဲပင်းထံမှ အနှိပ်ခံနေလေသည်။

သူ ဇိမ်ခံနေစဉ်မှာပင် အကြီးအကဲပင်း၏ အေးစက်စက်အသံ ရုတ်တရက် ထွက်ပေါ်လာ၏။

“ ဌာနမှူးချူ... ကျွန်မ ရှင့်ကို ပြောစရာ ရှိတယ် “

“ ပြောလေ “

ချူဖုန်း မျက်လုံးပင် မဖွင့်ချေ။

“ ကျွန်မ တံခါးပိတ် ကျင့်ကြံမလို့။ နီဗားနားရှင်သန်ခြင်းအဆင့် တက်တော့မယ်။ အဲဒါကြောင့် ကောင်းကင်စိတ်ဝိညာဉ်ဌာနကို ပြန်ဖို့ စီစဉ်ထားတယ် “အကြီးအကဲပင်းသည် ပြောရင်း နှိပ်နယ်နေခြင်းကို ရပ်လိုက်၏။

၎င်းကို ကြားသောအခါ ချူဖုန်း၏မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ အကြီးအကဲပင်း၏ အေးစက်၍ ကျက်သရေရှိသော မျက်နှာပင်။ သူက အလိုလို ထုတ်ပြောလိုက်မိသည်။ “ သတင်းကောင်းပဲ။ ခင်ဗျားရဲ့ ထိုက်ချီဓားသိုင်းရော ဘယ်လောက်ထိ တိုးတက်လာလဲ “

အကြီးအကဲပင်းသည် ချူဖုန်း၏ အကြည့်ကို ရှောင်ဖယ်လိုက်ပြီး ညင်သာစွာ ပြန်ဖြေသည်။ “ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်တော့မှာ။ အဲဒီ အရှိန်နဲ့ တံခါးပိတ် ကျင့်ကြံပြီး ကျွန်မရဲ့ ဓားဆန္ဒကို ပြီးပြည့်စုံအောင် လုပ်မယ်။ ကျွန်မ ဓားတာအိုရဲ့ အနှစ်သာရကို နားလည်သဘောပေါက်ချင်တယ် “

ချူဖုန်း၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ “ ဂုဏ်ပြုပါတယ် “

“ ဌာနမှူးချူရဲ့ လမ်းညွှန်မှုကြောင့်သာ ကျွန်မ အချိန်တိုအတွင်းမှာ အဆင့်တက်နိုင်တာပါ “ အကြီးအကဲပင်း ပြန်ပြောလိုက်သည်။

“ … “

ခဏအကြာတွင် ချူဖုန်းသည် အကြီးအကဲပင်းကို သောင်းပြောင်းပညာရပ်ဌာနမှ ကိုယ်တိုင် လိုက်ပို့ပေးလိုက်၏။ သူမ၏ ပုံရိပ် အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သိပ်ပြီး စဉ်စားမနေတော့ချေ။ သူ၏ အခန်းသို့ တန်းပြန်ကာ ဝတ္ထုစာအုပ် တစ်အုပ်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်၏။ ထို့‌ နောက် စာအုပ်ကမ္ဘာထဲသို့ နစ်ဝင်သားတော့သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ခန့် ကုန်လွန်သွားသည်။

မနက်ခင်းတွင် ချူဖုန်းသည် ပုံမှန်ထက် အစောကြီး နိုးလာသည်။ ထို့နောက် သူ၏ အရည်အချင်းပြ ဇယားကို တစ်ချက် ကြည့်လိုက်ပါသည်။

“ နှစ်ရှစ်ရာကျင့်ကြံခြင်းရှိသွားပြီပဲ။ လုံလောက်မယ်လို့ မျှော်လင့်တယ် “

သူ သောင်းပြောင်းပညာရပ်ဌာန၏ ရတနာတိုက်သို့ သွားပြီး ယခင်တုန်းက သူ၏ ဈေးပေါပေါဆရာ အလွန်အကျွံ အမွှမ်းတင်ဖူးသော မြင့်မြတ်ဓား တစ်လက်ကို ရွေးချယ်လိုက်သည်။ ၎င်းကို ခါးတွင် ချိတ်ဆွဲလိုက်ပြီး လက်ထဲတွင် ခေါက်ယပ်တောင် တစ်ချောင်းကို ကိုင်ကာ ညင်သာစွာ ခတ်ရင်း ပင်မတံခါးဆီသို့ လျှောက်သွား၏။

“ ဆရာ့ကို ဂါရဝပြုပါတယ် “

ရှောင်ချန်းသည် ဂျူနီယာမောင်နှမများကို စုထားပြီး တံခါးဝတွင် စောင့်ဆိုင်းနေသည်။

“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ “

ချူဖုန်း စကားပြောနေရင်း သူ၏ အကြည့်များက ရွှီချိုက်ချန်ထံသို့ ကျရောက်သွားသည်။

“ ချိုက်ချန်... ငါမရှိတဲ့ အချိန်အတွင်း မင်းကိုယ်မင်း ဂရုစိုက်တတ်ဖို့ သင်ယူရမယ်။ တကယ်လို့ ပြဿနာ တစ်ခုခုနဲ့ ကြုံလာရင် စာပေချီကို သုံးပြီး ကျောက်စိမ်းဆွဲပြားထဲမှာ ချိတ်ပိတ်ထားတဲ့ ဓားအရှိန်အဝါကို အသက်သွင်းလိုက်။ ပြီးရင် ဆေးပညာဌာနဆီ သွားပြီး စီနီယာရွှမ်ဟော့ကို သတင်းပို့ထား “

ရွှီချိုက်ချန်သည် ကျောက်စိမ်းပြားကို လေးစားစွာ လက်ခံယူပြီး ပြောသည်။ “ တပည့်က ဆရာ့ရဲ့ ညွှန်ကြားချက်တွေကို နာခံပါ့မယ် “

ထို့နောက် ချူဖုန်းက လက်ဝှေ့ယမ်းပြလိုက်သည်။ “ သွားကြစို့ “

“ နားလည်ပါပြီ “

ရှောင်ချန်းတို့ တစ်ပြိုင်နက် ပြန်ဖြေပြီး ချူဖုန်းနောက်သို့ လိုက်၍ သူတို့၏ လက်နက်များကို စီးနင်းကာ ဝမ်တောက်ကျောင်းတော်၏ ကွင်းပြင်ဆီသို့ ပျံသန်းသွားကြသည်။

ဤတစ်နှစ်အတွင်း ချူဖုန်း၏ အဓိကတပည့် လေးယောက်လုံးသည် တိုးတက်လာကြသည်။ ရှောင်ချန်းသည် ကောင်းကင်ဇာစ်မြစ်အဆင့်၏ တတိယအဆင့်သို့ ရောက်သွားပြီး ချောင်ရို့ချန်မှာ စစ်မှန်ကံကြမ္မာအဆင့်၏ နဝမအဆင့်သို့ တက်သွားသည်။ ကောင်းကင်ဇာစ်မြစ်အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာတော့သည်။

ချင်းချင်းသည် စစ်မှန်ကံကြမ္မာအဆင့်၏ ဆဋ္ဌမအဆင့်သို့ တက်သွားပြီး ဖက်တီးလေးမှာမူ ယန်မန် ရွှံ့နွံတောနှင့် ဝမ်တောက်ကျောင်းတော် ကြားတွင် သွားလာနေခဲ့ကာ တာအိုတည်ဆောက်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်လာပြီး စစ်မှန်ကံကြမ္မာအဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်။

သူတို့ ရင်ပြင်သို့ ရောက်သွားချိန်တွင် ထိုက်ရွှီ လျှို့ဝှက်နယ်မြေ လေ့ကျင့်ရေး၌ ပါဝင်မည့် တပည့်များ စုဝေးနေကြသည်။

ယခုတစ်ကြိမ် အဖွဲ့ကို ဦးဆောင်မည့်သူမှာ ပြင်ပရေးရာဌာန၏ ဌာနမှူး ဟန်ကျန်း ဖြစ်သည်။

ဂျူနီယာ တစ်ယောက်အနေဖြင့် ချူဖုန်းက ပထမဆုံး ရှေ့သို့ ထွက်လာပြီး သူ့ကို နှုတ်ဆက်လိုက်သည်။ “ စီနီယာဟန်ကျန်း “

ဟန်ကျန်းက သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ ရှောင်ဖုန်း... မတွေ့ရတာ ကြာပြီ။ မင်းက အရင်ကလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ အေးအေးဆေးဆေး ရှိနေတုန်းပဲ “

ချူဖုန်း ပြုံးလျက် ပြန်ဖြေလိုက်သည်။ “ အဲဒီလောက်လည်း မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်က စီနီယာ့ကို အားကျနေတာပါ။ စီနီယာက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ လူတစ်သိန်းကို အမိန့်ပေးနိုင်ပြီး နယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်တယ်လေ “

“ ဟားဟားဟား... “

ဟန်ကျန်းက အားရပါးရ ရယ်မောလိုက်သည်။ “ ငါ မင်းကို ဒီလောက် အနောက်သန်မှန်း အခုမှ သိတော့တယ်။ ငါတို့ ပျံသန်းရေးယာဉ်ပေါ် ရောက်မှ အေးအေးဆေးဆေး ထိုင်ပြီး သောက်ကြတာပေါ့။ တခြားဌာနတွေက အကြီးအကဲတွေလည်း မကြာခင် ရောက်လာကြတော့မယ် “

သူ စကားဆုံးသည်နှင့် မိုးကုပ်စက်ဝိုင်းဆီမှ ပုံရိပ်အချို့ ပျံသန်းလာကြသည်။

၎င်းတို့ထဲမှ တစ်ယောက်မှာ ချူဖုန်းနှင့် ရင်းနှီးနေသူ ဖြစ်သည်။ ကျက်သရေရှိသော ပုံရိပ်ကို မြင်သောအခါ သူ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး အံ့အားသင့်မှုဖြင့် ရှေ့သို့ လှမ်းသွားလိုက်သည်။ “ အကြီးအကဲပင်း... ခင်ဗျားလည်း ထိုက်ရွှီ လျှို့ဝှက်နယ်မြေကို အဖွဲ့နဲ့အတူ လိုက်မှာလား “

သူ ဤသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူများက ချူဖုန်းနှင့် အကြီးအကဲပင်းကို အတင်းအဖျင်းပြောလိုဟန်ဖြင့် ကြည့်လိုက်ကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်အကြောင်း ကောလာဟလများက ဝမ်တောက်ကျောင်းတော် တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့သည်မှာ ကြာပါပြီ။ ‘ ညသန်းခေါင်ကြီး အမျိုးသမီး တစ်ယောက်က အမျိုးသား တစ်ယောက်ကို ခြေထောက်ဆေးပေးနေတယ်တဲ့လေ။ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလုပ် ပုံမှန် ဖြစ်နိုင်ပါ့မလဲ ‘ သူတို့ တွေးနေကြသည်။

အကြီးအကဲပင်း နီဗားနားရှင်သန်ခြင်းအဆင့်သို့ တက်ရန် ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူရလိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ချူဖုန်းနှင့် တွေ့ပြီးနောက် နှစ်နှစ် အတွင်းမှာပင် အောင်မြင်သွားခဲ့သည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

အကယ်၍ ခြေထောက်ဆေးပေးနေစဉ်အတွင်း အကြီးအကဲပင်းက ချူဖုန်းထံမှ ဘာမှ မသင်ယူခဲ့ရဘူးဟု ဆိုလာလျှင် မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ပေ။

အကြီးအကဲပင်း ခေါင်းအသာညိတ်လိုက်သည်။ “ အင်း “

ထိုအခါမှသာ သူမ တကယ်ပင် နီဗားနားရှင်သန်ခြင်းအဆင့်သို့ တက်သွားကြောင်း ချူဖုန်း သတိပြုမိသွားသည်။ “ အကြီးအကဲပင်း အဆင့်တက်သွားတာ ဂုဏ်ပြုပါတယ် “

ဟန်ကျန်းက ရယ်မောရင်း ပြောလိုက်သည်။ “ ရှောင်ဖုန်း... မင်းတို့ နှစ်ယောက် နောက်မှ ဆက်ပြောကြ။ ငါတို့ ပျံသန်းရေးယာဉ်ပေါ် အရင်တက်ရအောင်။ အချိန်တွေအများကြီး ကျန်ပါသေးတယ်။ သွားကြစို့၊ တပည့်တွေ အားလုံး ငါတို့ကို စောင့်နေကြတယ်”

“ ကောင်းပါပြီ “

ဌာနမှူးဟန်ကျန်း၏ စကားများတွင် လျှို့ဝှက်အဓိပ္ပာယ် တစ်ခုခု ပါဝင်နေသည်ဟု ချူဖုန်း ခံစားလိုက်ရသော်လည်း ဘာကိုဆိုလိုသည်ကိုတော့ သူ သေချာ မသိပေ။

ခဏအကြာတွင် ဝမ်တောက်ကျောင်းတော်မှ လူတစ်ရာကျော်သည် ပျံသန်းရေးယာဉ်ပေါ်သို့ တက်သွားကြသည်။

သောင်းပြောင်းပညာရပ်ဌာနတွင် လူအများအပြား မပါဝင်သောကြောင့် ဟန်ကျန်းက သူတို့အတွက် အခန်း ခြောက်ခန်း စီစဉ်ပေးခဲ့သည်။

ချူဖုန်းနှင့် သူ၏ တပည့်လေးယောက် အပြင် ရှောင်ချန်း၏ တာအိုစောင့်ရှောက်သူ နယ်စားရီရှန်းလည်း သူတို့ထဲတွင် ပါဝင်သည်။

ထိုက်ရွှီ လျှို့ဝှက်နယ်မြေသည် ဝမ်တောက်ကျောင်းတော်မှ မိုင်တစ်သန်းကျော် ကွာဝေးသော နေရာတွင် တည်ရှိပြီး ကျောင်းတော်၏ လက်အောက်ခံအင်အားစုများ၏ နယ်ပယ်အတွင်း၌ပင် မရှိချေ။

ပျံသန်းရေးယာဉ်နှင့် ဆိုလျှင်တောင် ရောက်ရှိရန် အချိန်သုံးလခန့် ယူရမည် ဖြစ်သည်။

သို့သော် ကျင့်ကြံသူများအတွက် သုံးလ ဆိုသည်မှာ တံခါးပိတ် ကျင့်ကြံခြင်း တစ်ကြိမ်စာမျှသာ ဖြစ်သည်။

ချူဖုန်းသည် သူ၏ နေ့ရက်များကို ဌာနမှူးဟန်ကျန်း၊ အကြီးအကဲချင်းလျန်တို့နှင့်အတူ အရက်သောက်ရင်း ကုန်ဆုံးခဲ့ပြီး နောက်ဆုံးတွင် နယ်စားရီရှန်းကိုပါ သူတို့နှင့်အတူ ပါဝင်ရန် ဆွဲသွင်းလိုက်သည်။

သုံးလဆိုသည့် အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

ထိုနေ့ နံနက်တွင် ချူဖုန်း အိပ်မောကျနေဆဲမှာကျယ်လောင်သော တံခါးခေါက်သံများက သူ့ကို လန့်နိုးသွားစေသည်။

“ ဘာကိစ္စလဲ “

All Chapters