အခန်း ၅၃၀
Vol. 53 Ch. 530
အခန်း (၅၃၀)
“ယို့ နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ”
မဟာပဏ္ဍိတရွှေတောင်ပံ အသံကို ကြားတော့ ချူဖုန်း တောက်ပသော အပြုံးဖြင့် ငှက်မွေးယပ်တောင်ကို ခပ်ကာ သူ့အခန်းထဲမှ ထွက်လာ၏။ သူ အမျိူးသားတစ်ဦးနှင့် အမျိူးသမီးတစ်ဦးကို မြင်လိုက်သည်။
အမျိုးသားသည် မဟာပဏ္ဍိတရွှေတောင်ပံ ဖြစ်ပြီး အမျိုးသမီးမှာ မနေ့က အဖြူဝတ်အမျိုးသမီး ဖြစ်၏။
သို့သော် မနေ့က ခြိမ်းခြောက်သည့် အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက အဖြူဝတ်အမျိုးသမီးသည် ယခုအခါ မဟာပဏ္ဍိတရွှေတောင်ပံ၏ ဘေးတွင် နူးညံ့ပြီး ကျက်သရေရှိသော အမူအရာဖြင့် ရပ်နေသည်။
“ပိုင်ယွီ ဒါက ငါ့အစ်ကိုကြီး၊ ဝမ်တောက်ကျောင်းတော်က မဟာပဏ္ဍိတမိုးမြေပဲ။ အစ်ကိုကြီး သူက ငှက်မွေးဖြူဒေါင်းမျိုးနွယ် တော်ဝင်မိသားစုက မင်းသမီးပိုင်ယွီပါ”
မဟာပဏ္ဍိတရွှေတောင်ပံ သူတို့နှစ်ဦးကို အချင်းချင်း မိတ်ဆက်ပေးလိုက်သည်။
“ပိုင်ယွီ မဟာပဏ္ဍိတမိုးမြေကို ဂါရဝပြုပါတယ်”
မင်းသမီးပိုင်ယွီ ချူဖုန်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ချူဖုန်း ဖြည်းညှင်းစွာ ပြုံးလိုက်ပြီး သူ့ရှေ့က မင်းသမီးပိုင်ယွီကို အကဲခတ်လိုက်၏။ ထို့နောက် သူ့အကြည့်က မဟာပဏ္ဍိတရွှေတောင်ပံအပေါ်သို့ ကျရောက်သွားသည်။
“မင်း မဆိုးဘူး။ ဒီခရီးစဉ်က အချည်းနှီး မဖြစ်ခဲ့ဘူးပဲ။ ကျောင်းအုပ်ကြီးအတွက် ချွေးမတစ်ယောက် ပြန်ခေါ်သွားပေးနိုင်ပြီ”
မဟာပဏ္ဍိတရွှေတောင်ပံ ပြုံးကာ ပြောလိုက်သည်။
“ဒါပေါ့ မွေးစားအဖေက ကျွန်တော် လက်ထပ်ပြီး ကလေးတွေရဖို့ စောင့်နေတာ ကြာပြီလေ”
ချူဖုန်း ပြောလိုက်သည်။ “ဒါဆိုရင် ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲ ပြီးသွားတဲ့အခါ ဝမ်တောက်ကျောင်းတော်ကို ပြန်ကြတာပေါ့”
“ကောင်းပါပြီ”
မဟာပဏ္ဍိတရွှေတောင်ပံ ပျော်ပွဲကြည့်ရသည်ကို သဘောကျသည်။ သူတို့ သည်ကို ရောက်နေကြပြီဖြစ်၍ ပွဲကို အဆုံးထိ မကြည့်ဘဲ အိမ်ပြန်သွားစရာ အကြောင်းမရှိပေ။
လူသစ်တစ်ဦး ရောက်လာသဖြင့် ချူဖုန်း နှမြောတွန့်တိုခြင်း မရှိပေ။ သူ ဧည့်သည်ကို ဧည့်ခံရန် သူတော်စင်ဝိုင်ကို ထုတ်ယူကာ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးသည်။
တစ်နာရီအကြာတွင် စားသောက်ပွဲ တရားဝင် စတင်၏။
ပွဲတော်အတွင်း လူတိုင်း ဝိုင်ခွက်များ မြှောက်ကာ တက်ညီလက်ညီ ပျော်ရွှင်ကြသည်။
ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ မဟာပဏ္ဍိတရွှေတောင်ပံနှင့် မင်းသမီးပိုင်ယွီတို့ နောက်ဆုံးတွင် မည်သို့ ပေါင်းဖက်သွားကြသည်ကို အတင်း မေးနေကြ၏။
မင်းသမီးပိုင်ယွီ တစ်ချိန်လုံး မျက်နှာရဲနေပြီး မဟာပဏ္ဍိတရွှေတောင်ပံက တက်ကြွမှုနှင့် ယုံကြည်မှုတို့ဖြင့် ဖြေကြားနေသည်။
စားသောက်ပွဲ ပြီးဆုံးသွားပြီးနောက် လူတိုင်း သက်ဆိုင်ရာ အခန်းများဆီသို့ အနားယူရန် ပြန်သွားကြ၏။
ရက်အနည်းငယ် အကြာတွင် ခင်ပွန်းရွေးချယ်သည့် သိုင်းပြိုင်ပွဲနေ့ စီစဉ်ထားသည့်အတိုင်း ရောက်ရှိလာသည်။
ပြိုင်ပွဲနေရာသည် ရွှေငှက်မွေးမြို့တော် အပြင်ဘက် ကွမ်ဟိုင်တောင်ထွတ်တွင် ဖြစ်၏။
ယနေ့ ကွမ်ဟိုင်တောင်ထွတ် အထူးတလည် စည်ကားနေသည်။ ထိုနေရာတွင် လူပင်လယ်ကြီး ရှိနေပြီး ယွင်လော်ကျွန်းပေါ်ရှိ ကျင့်ကြံသူအားလုံးနီးပါး ကွမ်ဟိုင်တောင်ထွတ်သို့ ရောက်ရှိနေကြ၏။
တော်ဝင်ဒေါင်းမျိုးနွယ်၏ တပည့်တစ်ဦးဖြစ်သော မင်းသမီးပိုင်ယွီ ရှိနေသဖြင့် ချူဖုန်းတို့အဖွဲ့ သာမန် ရပ်ခြားကျင့်ကြံသူများနှင့်အတူ တိုးဝှေ့နေစရာ မလိုပေ။
ကွမ်ဟိုင်တောင်ထွတ်သို့ ရောက်ရှိပြီးနောက် သူတို့ ငှက်မွေးဖြူမျိုးနွယ်စု၏ ပရိသတ်ထိုင်ခုံတွင် တိုက်ရိုက် ဝင်ထိုင်လိုက်ကြသည်။
ချူဖုန်းတို့အဖွဲ့ ဝင်ထိုင်လိုက်သည်နှင့် သူ မနှစ်မြို့ဖွယ် အကြည့်အချို့ကို ခံစားလိုက်ရ၏။
သူ နတ်ဘုရားအာရုံဖြင့် အခြေအနေကို လေ့လာလိုက်သည်။ ငှက်မွေးဖြူမျိုးနွယ်စုမှ သူတော်စင်တစ်ပိုင်းအဆင့် သူတို့ကို မဖော်ရွေသော အမူအရာဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။
ပိုင်ယွီ ထိုသူတော်စင်တစ်ပိုင်းအဆင့်နှင့် အကြည့်ဖလှယ်ပြီးနောက် သူမ ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်သည်။
ထိုလုပ်ရပ်လေးသည် မဟာပဏ္ဍိတရွှေတောင်ပံ မျက်လုံးများမှ လွတ်မြောက်မသွားခဲ့ပေ။
သူ ပိုင်ယွီ၏ လက်လေးကို ကိုင်ကာ မေးလိုက်သည်။ “ညီမလေးယွီ ဘာဖြစ်လို့လဲ”
မင်းသမီးပိုင်ယွီ ပြောလိုက်၏။
“ကျွန်မရဲ့ တော်ဝင်ခမည်းတော်က ဒေါသထွက်နေတဲ့ပုံပဲ”
“မုတ်ဆိတ်မွေးကို တဖူးဖူးမှုတ်ထုတ်ပြီး စိုက်ကြည့်နေတဲ့ အဘိုးကြီးက မင်း တော်ဝင်ခမည်းတော်လား။ ကိုယ်က အချစ်ပြိုင်ဘက်များလားလို့”
မဟာပဏ္ဍိတရွှေတောင်ပံ ဂရုမစိုက်စွာ စကားတစ်ခွန်း ပြောလိုက်သည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ခါး ရက်စက်စွာ အလိမ်ခံလိုက်ရ၏။
မနာကျင်သော်လည်း မဟာပဏ္ဍိတရွှေတောင်ပံ အနာကြီးနာသွားသည့်အလား လုပ်ပြလိုက်၏။
ချူဖုန်း ဘေးတွင် တိတ်တဆိတ် ထိုင်ကာ ပြုံးနေပြီး ခင်ပွန်းရွေးချယ်သည့် သိုင်းပြိုင်ပွဲ စတင်ရန်သာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
ခဏအကြာတွင် ကောင်းကင်ယံ၌ တိမ်များနှင့် မြူနှင်းများကို စီးနင်းထားသည့် လူများ ရုတ်တရက် ရောက်လာကြ၏။
ချူဖုန်းတို့အဖွဲ့ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည့်အခါ မိုးကုတ်စက်ဝိုင်းမှ နဂါးတစ်အုပ် ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။
“မြန်မြန်ကြည့် အဲဒါ အရှေ့ပင်လယ် နဂါးနန်းတော်က သတ္တမမင်းသားပဲ”
“တောင်ပင်လယ်နဂါးနန်းတော်က အဋ္ဌမမင်းသားလည်း ရောက်လာပြီ။ နဂါးမျိုးနွယ်စုက ဒီတစ်ကြိမ် မင်းသမီးမြောင်ယွီကို လက်ထပ်ဖို့ စီစဉ်ထားတဲ့ပုံပဲ”
“…”
ထိုစကားများကိုကြားတော့ မဟာပဏ္ဍိတရွှေတောင်ပံ တီးတိုးရေရွတ်လိုက်သည်။
“နဂါးမျိုးနွယ်ကောင်တွေ အလှလေးတွေ ဘယ်မှာရှိရှိ တစ်ခါမှ မမြင်ဖူးသလို ဝင်တိုးတတ်ကြတာပဲ”
မင်းသမီးပိုင်ယွီ ပြောလိုက်သည်။
“အဲဒီလို မဟုတ်ဘူး။ အဒေါ်မြောင်ယွီက တခြား ဒေါင်းမျိုးနွယ်ဝင်တွေနဲ့ မတူဘူး။ သူ ဖီးနစ်သွေးမျိုးဆက်ကို နိုးထထားတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ ဖီးနစ်အဆီအနှစ်လည်း ရှိနေသေးတယ်။ အပျက်အစီးဒေသကို မသွားချင်လို့သာ။ မဟုတ်ရင် နီဗားနားရှင်သန်ခြင်းကို ဖြတ်သန်းဖို့ အပျက်အစီးဒေသဆီ သွားတာ ကြာလောက်ပြီ”
“ဖီးနစ်အဆီအနှစ်လား။ လူတွေကို သူတော်စင် ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ ပစ္စည်းကောင်းပဲ။ အဲဒီကောင်တွေ အုံလိုက်ကျင်းလိုက် လာကြတာ အံ့သြစရာ မရှိတော့ပါဘူး”
မဟာပဏ္ဍိတရွှေတောင်ပံ ပြောနေစဉ် ကောင်းကင်ယံက ရုတ်တရက် မှေးမှိန်သွားသည်။
လူတိုင်း မော့ကြည့်လိုက်ရာ ကောင်းကင်နှင့် နေမင်းကြီးကို ဖုံးလွှမ်းသွားစေသော ကျင်းချီငှက်ကြီးတစ်ကောင် ကောင်းကင်ယံမှ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရ၏။ ၎င်း မြေပြင်ပေါ်သို့ ဆင်းသက်တော့မည့် အချိန် ရုတ်တရက် သူရဲကောင်းဆန်သော အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ထိုင်ခုံတစ်ခုပေါ်သို့ ဝင်ထိုင်လိုက်သည်။
“ကျွတ်”
သူ့ကိုမြင်တော့ မဟာပဏ္ဍိတရွှေတောင်ပံ အထင်အမြင်သေးစွာ ပြောလိုက်သည်။
“သူ့နောက်ခံက နည်းနည်း ပိုကောင်းရုံသက်သက် မဟုတ်ဘူးလား။ ဒီလိုမျိုး ကြွားလုံးထုတ်ပြနေဖို့ လိုလို့လား”
“စကားတွေက မှားနေတယ်”
ချူဖုန်း မဟာပဏ္ဍိတရွှေတောင်ပံ၏ စကားကို ဖြတ်ပြောလိုက်သည်။
မဟာပဏ္ဍိတရွှေတောင်ပံ ပြောလိုက်၏။
“အစ်ကိုကြီး ကျွန်တော် ဘယ်နေရာမှာ မှားပြောလိုက်လို့လဲ။ သူ့နောက်ခံက ကျွန်တော့်ထက် ပိုကောင်းရုံသက်သက် မဟုတ်လို့လား”
“မင်း မွေးစားအဖေက သူတော်စင်တစ်ပါးလေ။ ပြီးတော့ မင်းကို ငယ်ငယ်ကတည်းက သူတော်စင်တစ်ပါးက ပြုစုပျိုးထောင်ပေးခဲ့တာ။ မင်းနောက်ခံ မကောင်းဘူးလို့ ပြောဖို့ မရှက်ဘူးလား”
ချူဖုန်း လေးနက်စွာ ပြောလိုက်သည်။
မဟာပဏ္ဍိတရွှေတောင်ပံ တစ်ခဏတာမျှ ရပ်တန့်သွား၏။
“အစ်ကိုကြီး စကားတွေက ကျွန်တော်ကို ပြန်မငြင်းနိုင်အောင် လုပ်လိုက်တာပဲ”
ထိုနှစ်ဦးကြားမှ စကားဝိုင်းက မင်းသမီးပိုင်ယွီကို မအောင့်နိုင်စွာ ရယ်မောသွားစေ၏။ သူတို့နှစ်ယောက် တကယ်ကို ရယ်စရာကောင်းလွန်းသည်။
အထူးသဖြင့် သူမမိသားစုဝင်၏ အစ်ကိုကြီး သူမ ခဲအိုပင်။ သူက ကောလာဟလများနှင့် လုံးဝ ကွာခြား၏။
ထိုအခိုက် သူတို့ဘေးနားမှ ပိုင်ကျင်း ရုတ်တရက် စကားပြောလာသည်။ “ဘာလို့ တူကြီးလည်း ရောက်လာတာလဲ”
ထိုစကားများကြောင့် လူတိုင်း၏ အကြည့်များ ပိုင်ကျင်းအပေါ်သို့ ကျရောက်သွားကြ၏။
ချန်ကျင်းကျင်း မေးလိုက်သည်။
“နင့်တူကြီးက ဘယ်မှာလဲ”
ပိုင်ကျင်း ကောင်းကင်ယံမှ နတ်ဆိုးမြူခိုးများဆီသို့ ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြလိုက်၏။ နောက်ကျောတွင် အမြီးကိုးချောင်းပါရှိသော ရုပ်ဖြောင့်သည့် အမျိုးသားတစ်ဦး ကောင်းကင်မှ ဆင်းသက်လာ၏။ လူတစ်အုပ်က သူ့ကို ဝန်းရံထားသည်။
သူတို့ မြေပြင်ပေါ်သို့ မဆင်းခင် အော်ဟစ်သံများ လူအုပ်ကြားမှ ပေါက်ကွဲထွက်ပေါ်လာ၏။
“ချင်းကျိုးရဲ့ မြေခွေးမျိုးနွယ်စုလည်း လာလိမ့်မယ်လို့ မထင်ထားဘူး”
“အမြီးကိုးချောင်းပဲ။ သူတော်စင်တစ်ပါးရဲ့ မျိုးဆက်ထင်တယ်”
“…”
ချန်ကျင်းကျင်း ထိုမြေခွေးနတ်ဆိုးကို အကဲခတ်လိုက်သည်။
“ဂျူနီယာညီမလေးပိုင် နင့်တူကြီးက တကယ်ကို ချောတာပဲ”
ပိုင်ကျင်း ပြောလိုက်၏။
“ဟုတ်တယ်။ သူက ကျွန်မတူတွေထဲမှာ ရုပ်အချောဆုံးလေ။ ဒါပေမဲ့ သူ အိမ်ထောင်ကျနေပြီဆိုတော့ ဒီကို ဘာလာလုပ်တာလဲ”
လူတိုင်း ဆွေးနွေးနေကြစဉ် ကောင်းကင်ယံမှ ပန်းမိုးများ ရုတ်တရက် ရွာသွန်းလာသည်။
ပန်းမိုးနှင့်အတူ အံ့ဩဖွယ် တေးဂီတသံတစ်ခုလည်း ထွက်ပေါ်လာ၏။
မူလက ဆူညံနေသော ကွမ်ဟိုင်တောင်ထွတ်သည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူအများ တေးဂီတတွင် နစ်မြောသွားကြ၏။
ချူဖုန်း အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ မင်္ဂလာတိမ်တိုက်များကို နင်းပြီး ယူနီကွန်းငါးကောင် ဆွဲသော ရထားလုံးတစ်စီး မိုးကုတ်စက်ဝိုင်းမှ လာနေသည်ကို သူ မြင်တွေ့လိုက်ရ၏။
ရထားလုံး အရှေ့တွင် ခမ်းနားထည်ဝါသော အစောင့်တပ်ဖွဲ့တစ်ခု ရှိနေသည်။
“အဒေါ်မြောင်ယွီ ရောက်လာပြီ”
ပိုင်ယွီ ပျော်ရွှင်စွာ ပြောလိုက်၏။
တေးဂီတသံတွင် နစ်မြောနေကြသော ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သတိပြန်ဝင်လာကြပြီး ထိုရထားလုံးဆီသို့ ကြည့်လိုက်ကြသည်။
ရထားလုံး မြေပြင်ပေါ်သို့ ဆင်းသက်တော့မည်ကို မြင်တော့ တပ်ဖွဲ့ကို ဦးဆောင်လာသော အမျိုးသမီး ပြောလိုက်၏။ “မင်းသမီးမြောင်ယွီ ရောက်ရှိလာပါပြီ”
“မင်းသမီးမြောင်ယွီကို လေးစားစွာ ကြိုဆိုပါတယ်”
လေးစားသည့် အသံတစ်သံ ကွမ်ဟိုင်တောင်ထွတ်တွင် ထွက်ပေါ်လာသည်။
ရထားလုံးအတွင်းမှ မြင့်မြတ်ပြီး ကျက်သရေရှိသော အသံတစ်သံ ထွက်ပေါ်လာ၏။ “နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
“ကျေးဇူးတင်ပါတယ် မင်းသမီး”
လူတိုင်း ပြောပြီးနောက် ချက်ချင်း တိတ်ဆိတ်သွားကြ၏။ မည်သူကမျှ ရထားလုံးကို အချိန်ကြာကြာ မကြည့်ရဲကြပေ။
ရထားလုံး ဖြည်းညှင်းစွာ ဆင်းသက်လာပြီး အစောင့်တပ်ဖွဲ့ အလျင်အမြန် နှစ်တန်းစီလိုက်ကြသည်။ ခေါင်းဆောင်ကျင့်ကြံသူ ရထားလုံးဘေးသို့ လျှောက်သွားပြီး လေးစားစွာ ပြောလိုက်သည်။ “မင်းသမီး ကျွန်မတို့ ရောက်ပါပြီ”
စကားများအဆုံးတွင် ရထားလုံး တံခါး ဖြည်းညှင်းစွာ ပွင့်လာပြီး ရထားလုံးအတွင်းမှ လှပသော ပုံရိပ်တစ်ခု လျှောက်ထွက်လာသည်။