အခန်း (၄၀၄)
Vol. 41 Ch. 404
အခန်း (၄၀၄) နယ်ခြားတောင်တန်းဆီသို့ ဦးတည်ခြင်း
“ဟင့်အင်း... မလုပ်နဲ့”
ကျောက်ဝူကျိ၏ သနားစရာကောင်းလှသော အော်ဟစ်သံနှင့်အတူ ချူဖုန်း၏ လက်ဝါးကြီးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ဆံပင်ဖြူဖြူနှင့် ကလေးသူငယ်ကဲ့သို့ နုပျိုသော မျက်နှာရှိသည့် အဘိုးအိုတစ်ဦးကို ဆွဲထုတ်လိုက်လေတော့၏။
ချူဖုန်းကို အကြီးအကျယ် ပြစ်တင်ဝေဖန်ရန် ပြင်ဆင်နေသည့် မဟာပဏ္ဍိတထျန်ကန်းသည် ချူဖုန်း၏ လက်ထဲမှ ဝိညာဉ်ကို စိုက်ကြည့်ရင်း သူ့မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်မှ တပည့်များသည်လည်း သူတို့ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် ဆွံ့အသွားကြ၏။
ကျောက်ဝူကျိ၏ နုပျိုသော ခန္ဓာကိုယ်ထဲမှ အဘိုးအိုတစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
“ဒါ... ဒါက တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”
ရှုချန်းဂျီ မယုံကြည်နိုင်ဖြစ်ကာ မေးလိုက်သည်။
“ခန္ဓာကိုယ်လုယူပြီး ပြန်လည်မွေးဖွားတာပဲ”
မဟာပဏ္ဍိတထျန်ကန်းသည် ချူဖုန်း၏ လက်ထဲမှ အဘိုးကြီးကို စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်၏။
သူကိုယ်တိုင်လည်း မဟာပဏ္ဍိတတစ်ဦး ဖြစ်သဖြင့် ဗဟုသုတ ကြွယ်ဝလှရာ ဤအခြေအနေကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
“သူရဲ့ ဝိညာဉ်ကနေ ထွက်ပေါ်နေတဲ့ အငွေ့အသက်ကို သေသေချာချာ ကြည့်လိုက်။ အဲဒါကို မှတ်တမ်းတင်ကျောက်တုံးနဲ့လည်း မှတ်ထားလို့ ရတယ်”
ချူဖုန်း၏ စကားလုံးများက ပါးနပ်လှသော်လည်း မဟာပဏ္ဍိတထျန်ကန်းကလည်း လည်ဝယ်သူတစ်ဦး ဖြစ်သည်။ သို့မဟုတ်ပါက တိုက်ပွဲကြီးပြီးဆုံး၍ ဖုန်မှုန့်များ ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းပြီးမှ ကျောက်ဝူကျိ၏ အသက်ကို ကယ်တင်ရန် ရှေ့သို့ ထွက်လာလိမ့်မည် မဟုတ်ချေ။
မဟာပဏ္ဍိတထျန်ကန်းမှာ ထိုဝိညာဉ်ကို စိုက်စိုက်ကြည့်ကာ ခက်ထန်စွာ ပြောလိုက်လေ၏။
“ငရဲကိုးထပ်မြင့်မြတ်နယ်မြေက အဘိုးကြီးပါလား။ ကျုပ်တို့ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ရဲ့ ပါရမီရှင်ရဲ့ ခန္ဒာကိုယ်ကိုဘယ်လိုတောင် လုယူဝံ့ရတာလဲ။ ဒီရန်ကြွေးက ဒီလောက်နဲ့တင် ပြီးသွားမှာ မဟုတ်ဘူး”
ချူဖုန်း ပြုံးလျက် ပြောလိုက်သည်။
“ဒါပဲမဟုတ်သေးဘူး။ သူက ကျွန်တော်တို့ မြင့်မြတ်နယ်မြေ နှစ်ခုအကြား ပြီးတော့ သွေးနတ်ဘုရားဂိုဏ်းနဲ့ နတ်ဘုရားဓားမြင့်မြတ်နယ်မြေ တို့အကြားမှာလည်း ပဋိပက္ခတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့သေးတယ်။ ဒီရန်ကြွေးကို ငရဲကိုးထပ်မြင့်မြတ်နယ်မြေနဲ့ သေသေချာချာ ရှင်းရမယ်”
“မှန်တာပေါ့။ ဒီအဘိုးကြီးသာ မရှိခဲ့ရင် ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့က ပဋိပက္ခဖြစ်မှာ မဟုတ်ဘူး။ မိတ်ဆွေ... ဒီ အဓိကတရားခံရဲ့ ဝိညာဉ် တချို့တစ်ဝက်ကို ကျွန်တော့်ကို ခွဲဝေပေးလို့ ရမလား”
မဟာပဏ္ဍိတထျန်ကန်း ရိုသေစွာ မေးလိုက်သည်။ သူတို့အနေဖြင့် ကံကြမ္မာပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သဖြင့် ဤအပြစ်ကို ခေါင်းခံမည့်သူတစ်ဦး လိုအပ်နေခဲ့၏။
အစောပိုင်းက ထိုအပြစ်ကို မည်သူ့အပေါ် ပုံချရမည်ကို မသိခဲ့သော်လည်း ယခုတွင် တစ်စုံတစ်ယောက်က သူ့တံခါးဝရှေ့သို့ ကိုယ်တိုင်လာရောက် အပ်နှံသကဲ့သို့ ဖြစ်နေသဖြင့် သူကလည်း ငြင်းပယ်ရန် အကြောင်းမရှိပေ။
“သဘာဝကျတာပေါ့။ စိတ်ချပါ မိတ်ဆွေ။ ရှီးရွှမ်က ဝမ်တောက်ကျောင်းတော်က ကျွန်တော့်ရဲ့ တပည့်ဖြစ်လို့ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ရဲ့ ကိစ္စတွေမှာ လုံးဝ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး”
ချူဖုန်းကလည်း သူ့အခြေအနေများကို ပြောပြလိုက်၏။ လူကြီးများ ဖြစ်ကြသည့်အလျောက် တစ်ဦးက မည်သည့်အရာကို လိုချင်သည်ကို တစ်ဦးက သဘောပေါက်ကြပေသည်။
“ကောင်းပါပြီ... မိတ်ဆွေ ပြောတဲ့အတိုင်း ဖြစ်စေရပါမယ်”
မဟာပဏ္ဍိတထျန်ကန်း ယခုအချိန်တွင် ချူဖုန်းနှင့် ရှီးရွှမ်တို့ကို ထိန်းသိမ်းထားနိုင်စွမ်း မရှိချေ။ တစ်ဖက်လူက သူ့အတွက် မျက်နှာပန်းလှအောင် ချန်ထားပေးလိုသဖြင့် သူကလည်း လှိုက်လှိုက်လှဲလှဲ လက်ခံလိုက်သည်။
ထိုနှစ်ဦးသည် နောက်ဆက်တွဲ ကိစ္စရပ်များကို အလွန်ယဉ်ကျေးပျူငှာစွာ ဆွေးနွေးခဲ့ကြသဖြင့် ရောက်ရှိနေကြသူ အားလုံးကို ဆွံ့အသွားစေခဲ့၏။
‘မင်းတို့နှစ်ယောက် အစောပိုင်းတင် တိုက်ခိုက်ကြမလို့ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ဒီလောက်တောင် ရင်းနှီးချစ်ခင်နေကြတာလဲ’
ရှီးရွှမ်ကလည်း သူ၏ ဆရာဖြစ်သူကို ဇဝေဇဝါမျက်န်းထားဖြင့် လှမ်းကြည့်လိုက်သည်။
ချူဖုန်းက အဘိုးကြီး၏ ဝိညာဉ်မှ အစိတ်အပိုင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ဖဲ့ယူလိုက်ပြီး မဟာပဏ္ဍိတထျန်ကန်းထံသို့ ပေးလိုက်၏။
“ကျေးဇူးတင်ပါတယ် မိတ်ဆွေ”
မဟာပဏ္ဍိတထျန်ကန်းသည် ထိုဝိညာဉ်ကို ဖမ်းယူလိုက်ပြီး တပည့်များဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
“ကဲ... ကိစ္စက ပြီးသွားပြီ။ ငါတို့ မြင့်မြတ်မြို့တော်ဆီ ပြန်ကြရအောင်။ ဝူကျိရဲ့ အလောင်းကို သယ်ခဲ့ကြ”
“ဟုတ်ကဲ့ပါ”
မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ တပည့်များမှာ ဤနေရာမှ ထွက်ပြေးချင်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း ချူဖုန်း ပေးထားသော ဖိအားက ပြင်းထန်လွန်းလှ၏။ ခွင့်ပြုချက်မရှိဘဲ သူတို့ ထွက်ပြေးရန်ပင် မဝံ့ရဲကြချေ။
မကြာမီအချိန်အတွင်းမှာပင် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှလူများ ထွက်ခွာသွားခဲ့ကြသည်။
မြောက်ပိုင်းတောရိုင်းမှ အိမ်ရှေ့မင်းသားက မျိုးနွယ်စု ခုနစ်ခုတို့၏ အကြီးအကဲများကို ပြောလိုက်သည်။
“ဒီလက်ထပ်ပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ။ ငါတို့ ရှီးမျိုးနွယ်စုက မင်းတို့ကို အရင်က ပေးထားတဲ့ ရင်းမြစ်အားလုံးကို အပြည့်အဝ ပြန်ပေးရမယ်။ ဒီကိစ္စကို ဒီတင်ပဲ အဆုံးသတ်ကြစို့”
ကြီးမားသော အဖွဲ့အစည်း ခုနစ်ခု၏ အကြီးအကဲများသည် ဤစကားကို ကြားရသောအခါမှသာ သက်ပြင်းချနိုင်ကြတော့သည်။
“အိမ်ရှေ့မင်းသားရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်”
“အားလုံး ဆုတ်ခွာကြတော့”
မြောက်ပိုင်းတောရိုင်းမှ အိမ်ရှေ့မင်းသား လက်ဝှေ့ယမ်းပြလိုက်ပြီး ထိုလူများနှင့် စကားအများကြီး ပြောကာ အချိန်ကုန်မခံချင်တော့ချေ။
အိမ်ရှေ့မင်းသားတစ်ဦး ဖြစ်သည့်အလျောက် သူ၏ နိုင်ငံရေးအမြင်နှင့် အကဲခတ်နိုင်စွမ်းက သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်လှလေ၏။
မဟာပဏ္ဍိတမိုးမြေသည် မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်နှင့် ပြန်လည်သင့်မြတ်သွားခဲ့ပြီ ဖြစ်ရာ မြောက်ပိုင်းတောရိုင်း အနေဖြင့် နယ်မြေချဲ့ထွင်ရန် ဤအခြေအနေကို အသုံးချ၍ မရတော့ပေ။
အကယ်၍ သူတို့ ထိုသို့လုပ်ဆောင်ပါက မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်သည် ဧကန်မုချ လက်တုံ့ပြန်လာမည် ဖြစ်ပြီး ထိုအကျိုးဆက်ကို မြောက်ပိုင်းတောရိုင်းမင်းဆက် အနေဖြင့် တောင့်ခံနိုင်မည်မဟုတ်ချေ။
အခမ်းအနားစင်မြင့်ထက်တွင် ကျောက်ကျိရို့တစ်ယောက်တည်းသာ ကျန်ရှိတော့ပြီး ရှီးရွှမ်ကို မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။
သူမက ပြောချင်နေသောစကားများ ရှိနေ၏။
‘သခင်လေး... ကျွန်မတို့ရဲ့ ပွဲအခမ်းအနားကို ဆက်လုပ်လို့ ရမလားဟင်’
သို့သော် ဤမျှများပြားလှသော အင်အားကြီး ပုဂ္ဂိုလ်များ ရှိနေသဖြင့် သူမ စကားမဟဝံ့ခဲ့ချေ။
ရှီးရွှမ်က ချူဖုန်းကို ဦးညွှတ်လိုက်သည်။
“ဆရာ... တပည့်ရဲ့ စေ့စပ်လက်ထပ်ပွဲ အခမ်းအနားကို သက်သေအဖြစ် စောင့်ကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်”
“ကောင်းပြီလေ။ ငါကလည်း အစကတည်းက ဂုဏ်ပြုဝိုင်သောက်ဖို့ လာခဲ့တာပဲ။ ဆက်လုပ်ကြစို့”
ချူဖုန်းသည် မဆိုင်းမတွ အခမ်းအနားစင်မြင့်ထက်ရှိ ထိုင်ခုံများဆီသို့ လျှောက်လှမ်းသွားလေတော့၏။
ရှီမျိုးနွယ်စုမှာ ချူဖုန်းအတွက် ပင်မထိုင်ခုံတစ်လုံးကို ချက်ချင်းပင် ပြင်ဆင်ပေးလိုက်ပြီး သူ့ကို အိမ်ရှေ့မင်းသား၏ ဘေးတွင် ထိုင်စေသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော ကျင့်ကြံသူများမှာ ဤမြင်ကွင်းကြောင့် ထူးဆန်းသော စိတ်မသက်မသာမှုကို ခံစားလိုက်ရသော်လည်း မည်သည့်အရာက လွဲချော်နေသည်ကိုမူ အတိအကျ မပြောနိုင်ကြချေ။
မည်သည့်စည်းကမ်းက မင်္ဂလာဆောင်တွင် သွေးထွက်သံယိုဖြစ်ခြင်းကို ခွင့်ပြုထားသနည်း။ သို့သော် သူတို့သည် လက်ထက်ပွဲအတွက် လာခဲ့ကြခြင်း ဖြစ်ပြီး အိမ်ရှင်များအနေဖြင့် အခမ်းအနားကို ဆက်လက်ကျင်းပခြင်းကလည်း ကျိုးကြောင်းဆီလျော်လှပေသည်။
ကံကောင်းထောက်မစွာ ပွဲအတွက် နောက်ဆုံးထုံးတမ်းစဉ်လာသာ ကျန်ရှိတော့သည်။
မကြာမီအချိန်အတွင်းမှာပင် အခမ်းအနား ပြီးဆုံးသွားခဲ့ပြီး မင်းသားကျန့်နန်က လူတိုင်းကို ထိုင်ခုံများတွင် နေရာယူရန် စီစဉ်ပေးလိုက်၏။
တည်ခင်းဧည့်ခံပွဲတွင် ကျယ်လောင်သော စကားပြောသံများ သို့မဟုတ် ပျော်ပါးမြူးတူးသံများ မရှိခဲ့ချေ။ လူတိုင်းမှာ ယနေ့ ဖြစ်ပွားခဲ့သော ကမ္ဘာတုန်ဟီးမတတ် တိုက်ပွဲကြီး၏ ထိတ်လန့်မှုထဲတွင် နစ်မြုပ်နေကြဆဲပင်။
ကျင့်ကြံသူ အများအပြားသည် မဟာပဏ္ဍိတမိုးမြေကို နောက်တစ်ကြိမ် လှမ်းကြည့်ခွင့်ရရန် မျှော်လင့်လျက် ဝိုင်သောက်ရန်ပင် မေ့လျော့နေကြ၏။
ဧည့်ခံပွဲ ပြီးဆုံးသွားပြီးနောက်
ရှီးရွှမ်သည် ကျောက်ကျိရို့အား ညွှန်ကြားချက်အချို့ ပေးလိုက်ပြီးနောက် ချူဖုန်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
“ဆရာ”
ချူဖုန်းမှာ တံခါးဝတွင် ရပ်နေသော ရှီးရွှမ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“မင်း ရောက်လာပြီပဲ။ ငါတို့ ဒီအဘိုးကြီးကို သေသေချာချာ စစ်မေးကြတာပေါ့”
ထိုသို့ပြောပြီးနောက် ချူဖုန်း ဝိညာဉ်အကြွင်းအကျန်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။
ဘေးပတ်ပန်းကျင်တွင် မည်သူမျှမရှိသည်ကို မြင်သောအခါ ထိုဝိညာဉ်သည် ချက်ချင်းပင် အသက်ချမ်းသာပေးရန် တောင်းပန်လေတော့၏။
“မဟာပဏ္ဍိတမိုးမြေ ကျုပ်ကို အသက်ချမ်းသာပေးပါ။ ပါရမီရှင်လေး ငါ့ကို အသက်ချမ်းသာပေးပါ။ ဒီအဘိုးကြီးက ငါတို့က ရန်သူတွေ ဖြစ်နေမှန်းမသိလို့ပါ။ မဟုတ်ရင် ငါ့ကို သတ္တိတွေ ဘယ်လောက်ပဲ ပေးပေး မလုပ်ရဲပါဘူးကွာ”
ချူဖုန်းက ပြုံးလိုက်သည်။
“အမှားလုပ်ရင် အပြစ်ပေးခံရရမှာပဲ။ စိတ်ချပါ ကမ္ဘာပျက်မျက်ဝန်းက ညင်သာပါလိမ့်မယ်။ ခင်ဗျား သိပ်ပြီးတော့ နာကျင်မှာ မဟုတ်ပါဘူး”
စကားပြောရင်းနှင့် သူ၏ မျက်လုံးများထဲမှ ယင်နှင့်ယန် ရောယှက်နေသော အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ထိုကြွင်းကျန်သော ဝိညာဉ်အကြွင်းအကျန်ကို လွှမ်းခြုံသွားလေတော့၏။
ခဏချင်းအတွင်းမှာပင် ဝိညာဉ်အကြွင်းအကျန်မှာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချူဖုန်းသည် သူ၏ မှတ်ဉာဏ်များကို ရရှိသွားသည်။
“မထင်မှတ်ဘဲ ဒီအဘိုးကြီးက ရတနာသိုက်တစ်ခု ချန်ထားခဲ့တာပဲ။ ရှောင်ရွှမ် ပြင်ဆင်ထားလိုက်။ မနက်ဖြန် ငါတို့ အဲဒီရတနာရှိတဲ့ နေရာကိုသွားပြီး သွားယူကြမယ်။ ပြီးမှ တခြားလူတွေနဲ့ ဆုံပြီး ဝမ်တောက်ကို ပြန်ကြတာပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
ရှီးရွှမ်က ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ချူဖုန်း၏ အဖွဲ့မှာ စာတစ်စောင် ချန်ထားခဲ့ကာ လသာဆောင်မှ တိတ်တဆိတ် ထွက်ခွာသွား၏။
ချူဖုန်းသည် ရှီးရွှမ်ကို ခေါ်ဆောင်၍ ကျောက်ဝူကျိ၏ ရတနာသိုက်ကို ရှာဖွေရန် ထွက်ခွာသွားခြင်းပင်။
ပင်းယန်၊ မဟာပဏ္ဍိတရွှေတောင်ပံ၊ မဟာပဏ္ဍိတကျန်းယန်နှင့် မဟာပဏ္ဍိတရီရှန်းတို့မှာ မည်သည့်မတော်တဆမှုမျှ မဖြစ်ပွားစေရန်အတွက် ရှောင်ချန်း၏ အဖွဲ့နှင့်လိုက်သွားကြ၏။
နယ်ခြားတောင်တန်းသည် ရွှမ်ထျန်းတိုက်ကြီး၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်နှင့် ငရဲကိုးထပ်မြင့်မြတ်မြေတို့အကြား နယ်နိမိတ်အဖြစ် တည်ရှိနေသည်။
ဤတောင်တန်းသည် မြောက်မှ တောင်သို့ မိုင်ပေါင်းသိန်းချီ၍ ရှည်လျားစွာ သွယ်တန်းနေလေ၏။
တောင်တန်းကြီးသည် ရင်းမြစ်များ ကြွယ်ဝလှပြီး မြင့်မြတ်နယ်မြေနှစ်ခု၏ နယ်စပ်ဖြစ်သည့်အလျောက် မည်သည့်ဥပဒေမျှ စိုးမိုးမှုမရှိသော နယ်မြေတစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် ဤနေရာသည် လေလွင့်ကျင့်ကြံသူများ၊ ဆိုးသွမ်းသော ကျင့်ကြံသူများနှင့် ဂိုဏ်းငယ်လေးများအတွက် နိဗ္ဗာန်တစ်ခု ဖြစ်လာခဲ့သည်။
နယ်ခြားတောင်တန်းတွင် စည်းကမ်းတစ်ခုသာ ရှိသည်။ အင်အားကြီးသူသာမှန်၏။
ဤနေရာတွင် လူသတ်ခြင်းမှာ ပုံမှန်ကိစ္စတစ်ခုပင်။ အသက်ရှင်သန်ရန် တစ်ခုတည်းသော နည်းလမ်းမှာ မိမိကိုယ်ကို အစဉ်မပြတ် ပိုမိုအင်အားကြီးမားအောင် လုပ်ဆောင်ရန်သာ။
နယ်ခြားတောင်တန်း၏ အဝင်ဝ လေနှင်းလျှိုမြောင်တွင် ထူးခြားမှုမရှိသော ကျင့်ကြံသူနှစ်ဦးသည် သာမန် လေပြေမြင်းနှစ်ကောင်ကို စီးနင်းရင်း လျှိုမြောင်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့ကြ၏။
“ဆရာ ကျွန်တော်တို့ လေနှင်းလျှိုမြောင်ကို ဖြတ်ကျော်ပြီးတာနဲ့ နယ်ခြားတောင်တန်းထဲကို ရောက်ပါပြီ”
ငယ်ရွယ်သော ကျင့်ကြံသူက ပြောလိုက်သည်။
သူ့ဘေးတွင်မူ ဇက်ကြိုးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ခေါက်ယပ်တောင်ကို ခတ်နေသော အမျိုးသားက ပြုံးလျက် ပြောလိုက်၏။
“လေနှင်းလျှိုမြောင်ရဲ့ ရှုခင်းက တကယ့်ကို လှတာပဲ။ ငါတို့ လျှိုမြောင်ထဲမှာ ရက်အနည်းငယ်လောက် လှည့်လည်ကြည့်ရှုပြီး သတင်းအချို့ စုံစမ်းကြတာပေါ့၊ ပြီးမှ သွားရမဲ့နေရာကို သွားကြမယ်”
“ဟုတ်ကဲ့ပါ ဆရာ”
ငယ်ရွယ်သော ကျင့်ကြံသူက ပြန်လည်ဖြေကြားလိုက်သည်။
ထိုနှစ်ဦးမှာ ချူဖုန်းနှင့် ရှီးရွှမ်တို့ပင်။
နယ်ခြားသတ်တောင်တန်းတွင် မည်သည့်နေရာပြောင်းအစီအရင်မှ မရှိချေ။
လူအများ၏ အာရုံစိုက်မှုကို မခံချင်သဖြင့် သူတို့သည် အနီးဆုံးမြို့တွင် လေပြေမြင်းနှစ်ကောင်ကို ဝယ်ယူခဲ့ကြပြီးမှ လေနှင်းလျှိုမြောင်ဆီသို့ ဦးတည်လာခဲ့ကြခြင်း ဖြစ်သည်။
လျှိုမြောင်ထဲသို့ ဝင်ရောက်လာသောအခါ ချူဖုန်း၏ အကြည့်များသည် စည်ကားလှသော ဈေးတန်းတစ်ခုဆီသို့ ကျရောက်သွား၏။
ဆိုင်ခန်းများမှာ နေရာအနှံ့တွင် ရှိနေကြပြီး အမျိုးမျိုးသော ပစ္စည်းများကို ရောင်းချနေကြသည်။
ချူဖုန်းသည် မြင်းကို စီးနင်းရင်း လမ်းဘေးရှိ ဆိုင်ခန်းများမှ ပစ္စည်းများကို ရံဖန်ရံခါ လှမ်းကြည့်၏။
ရှီးရွှမ် သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ဆရာ ဒီကျင့်ကြံသူတွေက သာမန်ပစ္စည်းတွေကိုပဲ ရောင်းနေကြတာလေ။ ဘာတွေ ကြည့်စရာ ရှိလို့လဲ”
ချူဖုန်း ပြုံးလိုက်သည်။
“ကျင့်ကြံခြင်းဆိုတာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့တင် မဟုတ်ဘူး။ နှလုံးသားကို ကျင့်ကြံဖို့ကလည်း အလားတူ အရေးကြီးတယ်။ အဆင့်တက်တာ မြန်လွန်းတဲ့ ကျင့်ကြံသူ အများအပြားဟာ ဒီအချက်ကို လျစ်လျူရှုမိလို့ အတွင်းနတ်ဆိုးတွေ ဖြစ်ပေါ်တတ်ကြတယ်။ လူ့လောကကြီးကို ခံစားသိရှိရတာဟာ နှလုံးသားကို ကျင့်ကြံဖို့ နည်းလမ်းတစ်ခုပဲ”
“ဒါ့အပြင် ဒီဆိုင်ခန်းလေးတွေမှာလည်း ရတနာတွေ ရှိနေနိုင်သေးတယ်။ တစ်နေ့ကျရင် ငါလည်း ပုန်းကွယ်နေတဲ့ ရတနာတစ်ခုခုကို ရှာတွေ့နိုင်တာပဲ မဟုတ်လား”
ရှီးရွှမ်မှာ ဤစကားများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူတို့နောက်ကွယ်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“သိပ်မှန်တာပေါ့ ကျင့်ကြံခြင်းဆိုတာ အဆင့်မြှင့်တင်ဖို့တင် မဟုတ်ဘူး။ နှလုံးသားကို ကျင့်ကြံဖို့လည်း လိုအပ်တယ်။ တာအိုမိတ်ဆွေ တကယ့်ကို နက်နဲတဲ့ အမြင်တစ်ခုပါပဲ”
ဤစကားကို ကြားရသောအခါ ဆရာနှင့် တပည့်နှစ်ဦးစလုံးမှာ အလိုလိုပင် လှည့်ကြည့်လိုက်ကြတော့၏။