အခန်း (၃၅၅-၃၅၆)
Vol. 36 Ch. 355-356
အခန်း (၃၅၅) မြင့်မြတ်သားတော်နှစ်ဦး
“တော်ပြီ”
ကျောင်းအုပ်ကြီး၏ စကားသံက ခန်းမအတွင်းရှိ ထူးဆန်းသော လေထုကို ဖြတ်တောက်လိုက်သည်။
“အဓိကကိစ္စကို ပြန်သွားရအောင်။ ရှောင်ချန်းနဲ့ ချောင်ရို့ချန်တို့က တာအိုပေါင်းစည်းခြင်းအဆင့်မှာတင် တာအိုအနှစ်သာရကို နားလည်သဘောပေါက်ထားကြတာကြောင့် သူတို့နှစ်ဦးလုံးကို ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော် အဖြစ် ပူးတွဲခန့်အပ်ဖို့ ငါအဆိုပြုတယ်။ မင်းတို့ထဲမှာ ကန့်ကွက်မယ့်သူ ရှိသလား”
[T/N ဒီမှာရှုပ်သွားမှာဆိုးလို့။ သူတို့ အရင်က သူတော်စင်သားတော်လောင်းလျာဖြစ်ခဲ့တာပါ။ အခုမှ တကယ့်သူတော်စင်သားတော်ဖြစ်တာပါ။ ပြီးတော့ အခု သူတော်စင်သားတော်ကို မြင့်မြတ်သားတော်လို့ ပြောင်းပါမယ်]
ပင်းယန် သူတော်စင်တစ်ပိုင်းအဆင့်သို့ အဆင့်တက်စဉ်က ကျောင်းအုပ်ကြီး၏ နတ်ဘုရားအာရုံသည် ဌာနမှူးကိုးဦးအပြင် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့အပေါ်၌လည်း ရောက်ရှိနေခဲ့သည်။
ဌာနမှူးကိုးဦးထဲမှ နှစ်ဦး သုံးဦးခန့် တာအိုအနှစ်သာရကို နားလည်နိုင်လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း လင်းမင်တစ်ဦးတည်းသာ အောင်မြင်ခဲ့ပြီး မထင်မှတ်ထားသည့် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့က သူ့ကို အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။
သေချာစဉ်းစားပြီးနောက် သူတို့နှစ်ဦးစလုံးကို ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်များအဖြစ် ခန့်အပ်ရန် ကျောင်းအုပ်ကြီး ဆုံးဖြတ်လိုက်၏။ ဤသည်မှာ သမိုင်းတွင် တစ်ခါမှ မရှိဖူးသည့် ကိစ္စတော့ မဟုတ်ပေ။
“ကျွန်တော်တို့ ကန့်ကွက်စရာမရှိပါဘူး”
စုရုံးနေသော အကြီးအကဲများအားလုံး သဘောတူကြသည်ကို ကြားလိုက်ရသောအခါ ချောင်ရို့ချန်၏ မျက်လုံးများမှာ တောက်ပသွားသည်။
ဤသည်မှာ သူအိမ်မက်ပင် မမက်ရဲခဲ့သော အရာဖြစ်နေ၏။
“ကျောင်းအုပ်ကြီးကို ကျေးဇူးတင်ပါတယ်”
သူတို့နှစ်ဦး ကျောင်းအုပ်ကြီးကို ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
“ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ဒါ မင်းတို့နဲ့ ထိုက်တန်လို့ ရရှိတာပါ။ အခု မင်းတို့ဟာ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်တွေ ဖြစ်လာပြီဆိုတော့ ကျောင်းတော်ရဲ့ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ကြရမယ်”
ကျောင်းအုပ်ကြီးသည် ရှည်လျားသော မိန့်ခွန်းကို စတင်ပြောကြားလေတော့၏။ အတန်ကြာမှ သူ ရပ်လိုက်သည်။
“ငါ ဆုံးဖြတ်ပြီးပြီ။ နောက် ခြောက်လနေရင် မင်းတို့ရဲ မြင့်မြတ်သားတော် ခန့်အပ်ပွဲအခမ်းအနားကို ကျင်းပမယ်။ အဲဒီအချိန်ကျရင် အဓိကအင်အားစု အားလုံးကို သက်သေအဖြစ် ဖိတ်ကြားသွားမယ်”
ထိုစကားကို ကြားသော် ရောက်ရှိနေသူအားလုံး အော်ဟစ်လိုက်ကြသည်။
“ကျောင်းအုပ်ကြီး အမြော်အမျှင်ကြီးပါတယ်”
အစည်းအဝေး ပြီးဆုံးသွားပြီး လူတိုင်း ထွက်ခွာသွားကြတော့သည်။
ချူဖုန်းနှင့် သူ့တပည့်နှစ်ဦး မြောင်တောင်သို့ ပြန်ရောက်သောအခါ နျဲ့ရှို့ယွမ် ရှေ့သို့ထွက်၍ ကြိုဆို၏။
“တပည့်က ဆရာနဲ့ စီနီယာအစ်ကို နှစ်ယောက်ကို ဂါရဝပြုပါတယ်”
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ချူဖုန်းက ပြုံးလျက်မေးလိုက်သည်။
“မင်း နှုတ်ဆက်ဖို့ လာတာလား”
နျဲ့ရှို့ယွမ် ခေါင်းညိတ်ပြပြီး ဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ။ အခု တောင်ပေါ်မှာ အားလုံး အေးအေးချမ်းချမ်း ရှိနေပြီဆိုတော့ ကျွန်တော့်ရဲ့ ရန်ငြိုးဟောင်းတွေကို အမြန်ဆုံး သွားပြီး ဖြေရှင်းချင်ပါတယ်”
ချောင်ရို့ချန် မသိစိတ်ဖြင့် မေးလိုက်သည်။
“ဦးလေး ပြောတာက အဲဒီ ဖောက်ပြန်နေတဲ့ နှစ်ယောက်အကြောင်းလား”
“ဟုတ်တယ်”
နျဲ့ရှို့ယွမ်က တည်ငြိမ်စွာ ပြန်ဖြေလေ၏။
သူ့ကိစ္စမှာ ဝမ်တောက်ကျောင်းတော်တွင် လျှို့ဝှက်ချက် မဟုတ်ပေ။ ယခင်က တစ်စုံတစ်ယောက်က ထိုအကြောင်းကို လူကိုယ်တိုင် လာပြောလျှင် သူ စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ယခုမူ သူ့စိတ်မှာ ငြိမ်းချမ်းနေပြီဖြစ်သည်။
ရှောင်ချန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“အစ်ကိုနျဲ့၊ နောက်ထပ် ခြောက်လလောက် စောင့်ပေးလို့ ရမလား။ ကျွန်တော် အစ်ကိုနဲ့အတူ လိုက်ချင်လို့ပါ”
ချောင်ရို့ချန်ကလည်း ထောက်ခံလိုက်သည်။
“ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေတာ။ ကျွန်တော်တို့ သောင်းပြောင်းပညာရပ်ဌာနက ညီအစ်ကိုစိတ်ဓာတ်နဲ့ သစ္စာတရားမှာ နာမည်ကြီးတယ်လေ။ အတူတူ သွားကြတာပေါ့၊ အဲဒီနှစ်ယောက် နောင်တကောင်းကောင်း ရသွားစေရမယ်”
နျဲ့ရှို့ယွမ် စိတ်ထဲတွင် နွေးထွေးသွားသည်။ သူ့ညီအစ်ကိုများက သူ့ကို စိတ်ရင်းဖြင့် ကူညီချင်ကြသည်ကို သူ ခံစားမိလေ၏။ ငြင်းပယ်လိုက်လျှင် သူ အလိုက်မသိရာ ရောက်ပေလိမ့်မည်။
“ကောင်းပါပြီ၊ ဒါပေမဲ့ စီနီယာအစ်ကို နှစ်ယောက် ဘာဖြစ်လို့ ခြောက်လလောက် စောင့်ရဦးမှာလဲဆိုတာ မေးပါရစေ”
သူတို့နှစ်ဦးမှာ ပြန်မဖြေဘဲ ချူဖုန်းကိုသာ ကြည့်လိုက်ကြသည်။
“ဒီကောင်လေး နှစ်ယောက်ကို ကျောင်းအုပ်ကြီးက မြင့်မြတ်သားတော်တွေအဖြစ် ခန့်အပ်လိုက်ပြီလေ။ သူတို့အတွက် အခမ်းအနားတစ်ခု ကျင်းပဦးမှာမို့လို့ပဲ”
ချူဖုန်း အေးအေးလူလူပင် ပြောလိုက်သည်။
“စီနီယာအစ်ကို နှစ်ယောက်လုံးအတွက် ဂုဏ်ယူပါတယ်ဗျာ”
နျဲ့ရှို့ယွမ် ပြုံးလျက် ဆိုသည်။
[T/N ဘာလို့အချင်းချင်း စီနီယာခေါ်နေလဲသိမှာပါ။ နျဲ့ရှို့ယွမ်က ချူဖုန်းဆီနောက်မှ ရောက်လို့ ဂျူနီယာဖြစ်ပေမဲ့ သူက ရှောင်ချန်း၊ ချောင်ရို့ချန်တို့ထက် ဝါမြင့်တာပါ။ ကျောင်းတော်ကိုလည်း အရင်ဝင်တာပါ။ အဲ့တော့ နှစ်ဖက်က အလျှော့မပေးဘဲ စီနီယာ စီနီယာဖြစ်နေတာပါ]
“မထင်မှတ်ထားတဲ့ ဝမ်းသာစရာ ကိစ္စတစ်ခုပါပဲ။ အစ်ကို့ကိစ္စက ပိုအရေးကြီးပါတယ်။ ဒီခြောက်လအတွင်းမှာ အဲဒီလူနှစ်ယောက်ရဲ့ လက်ရှိအခြေအနေကို စုံစမ်းထားလို့ ရတာပေါ့”
ချောင်ရို့ချန်က စကားလမ်းကြောင်းကို နျဲ့ရှို့ယွမ်ဘက်သို့ ပြန်လှည့်ပေးလိုက်သည်။
နျဲ့ရှို့ယွမ်က ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ”
သုံးရက် မပြည့်မီမှာပင် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်များ ဖြစ်လာသည့် သတင်းမှာ ရွှမ်ထျန်းတိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဤကြေညာချက်က တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေ၏။ မြင့်မြတ်နယ်မြေများမှ မြင့်မြတ်သားတော်များသည် ပုံမှန်အားဖြင့် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများသာ။ ဤနှစ်ယောက်မှာ တိတ်တဆိတ် နီဗားနားရှင်သန်ခြင်းအဆင့်သို့ တက်လှမ်းသွားကြလေပြီလား။
လျန်နိုင်ငံ၏ နံနက်ခင်း ညီလာခံတွင်
လျန်ဘုရင်သည် နဂါးပလ္လင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေပြီး အောက်ခြေရှိ ဝန်ကြီးများ ငြင်းခုံနေကြသည်ကို နားထောင်နေခဲ့သည်။
“သတင်းပို့ပါတယ်”
ကျယ်လောင်သော အော်ဟစ်သံက ငြင်းခုံသံများကို ဖြတ်တောက်သွားပြီး အားလုံး၏ အကြည့်မှာ ခန်းမဝင်ပေါက်သို့ ရောက်ရှိသွားသည်။
သတင်းပို့သူမှာ ခန်းမအပြင်ဘက်တွင် ဒူးထောက်လိုက်ပြီး ရိုသေစွာ ပြောလိုက်၏။
“အရှင်မင်းကြီး၊ အရေးကြီးသတင်းပါ။ မြင့်မြတ်နယ်မြေက အမိန့်တော် ရောက်လာပါတယ်”
ထိုစကားကို ကြားသော် လျန်ဘုရင်သည် သူ၏ ဘေးနားရှိ မိန်းမစိုးချုပ်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။
“မြန်မြန်... အမိန့်တော်ကို လက်ခံဖို့ အမွှေးတိုင်အိုး ပြင်စမ်း”
“မှန်လှပါ အရှင်မင်းကြီး”
မိန်းမစိုးက ပြန်ထူးလိုက်ပြီး ခန်းမအတွင်းသို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“အမွှေးတိုင်အိုး ပြင်ဆင်ကြ၊ အမိန့်တော်ကို ကြိုဆိုကြ”
မြင့်မြတ်နယ်မြေမှ အမိန့်တော် ရောက်လာသည်ဟု ကြားသည်နှင့် လျန်နိုင်ငံ၏ အရာရှိကြီးများသည် သူတို့ ငြင်းခုံနေကြများသည်ကို လုံးဝ မေ့သွားကြတော့၏။ သူတို့၏ အကြည့်များမှာ မင်းသားတင်း ဆီသို့ ရောက်ရှိသွားကြသည်။
ထိုအခိုက်တွင် မင်းသားတင်း၏ စိတ်မှာ မငြိမ်မသက် ဖြစ်နေခဲ့သည်။ ရှောင်ချန်းမှာ သူ့သားဖြစ်သော်လည်း ရှောင်ချန်းနှင့် မင်းသားတင်း အိမ်တော်ကြား ဆက်ဆံရေးမှာ မကောင်းလှပေ။ သူ မြတ်နိုးရသော ကြင်ယာတော်သာ ရှိမနေပါက ရှောင်ချန်းမှာ လျန်နိုင်ငံမှ ထွက်သွားသည်မှာ ကြာပြီဖြစ်သည်။
ကံကောင်းထောက်မစွာ ဆယ်နှစ်ကျော် ကြိုးစားခဲ့ပြီးနောက် သူ့ကြင်ယာတော်မှာ သမီးတော်လေး တစ်ပါးကို ဖွားမြင်ပေးခဲ့၏။
မကြာမီ လျန်ဘုရင် ကိုယ်တိုင် အမိန့်တော်စာကို လက်ခံရယူလိုက်သည်။ သူ့လက်များမှာ တုန်ယင်လျက် အမိန့်တော်စာကို အသံကျယ်ကျယ်ဖြင့် ဖတ်ကြားလေတော့၏။
သူဖတ်ပြီးသွားသောအခါ နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် အောင်ပွဲခံ အော်ဟစ်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။
“လျန်နိုင်ငံကနေ မြင့်မြတ်သားတော်တစ်ပါး ထွက်ပေါ်လာပြီဟေ့”
“လျန်နိုင်ငံကနေ မြင့်မြတ်သားတော်တစ်ပါး ထွက်ပေါ်လာပြီဟေ့”
သတင်းမှာ မင်းသားတင်းအိမ်တော်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ကိုယ်လုပ်တော်ရှောင် ယခုအခါ ကြင်ယာတော်သည် ရှောင်ချန်း ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော် ဖြစ်လာသည်ကို ကြားလိုက်ရသောအခါ ဝမ်းသာလွန်း၍ မျက်ရည်ကျမိလေ၏။
သူမ သားဖြစ်သူကို မတွေ့ရသည်မှာ အနှစ်နှစ်ဆယ်နီးပါး ရှိခဲ့ပြီဖြစ်သည်။ ဤနှစ်များအတွင်း သားဖြစ်သူ၏ သတင်းအစအန အချို့ကို ရရှိခဲ့သော်လည်း ယခုသတင်းလောက် သူမကို ပျော်ရွှင်စေသည့်အရာ မရှိပေ။
သူမ ဘေးတွင်ရှိသော သုံးနှစ်အရွယ် မိန်းမလေးငယ်က ဖောင်းအိနေသော လက်ကလေးများဖြင့် မိခင်ဖြစ်သူ၏ မျက်ရည်များကို သုတ်ပေးကာ ချော့မြှူနေ၏။
“မေမေ မငိုနဲ့နော်၊ ရှီးအာက မှုတ်ပေးမယ်”
ကြင်ယာတော်က ပြုံးကာ ပြောလိုက်သည်။
“မေမေ ငိုတာမဟုတ်ပါဘူး၊ ပျော်လွန်းလို့ပါ။ မကြာခင်မှာ ရှီးအာက ကိုကိုကြီးနဲ့ တွေ့ရတော့မှာလေ”
“တကယ်လားဟင်”
ထိုစကားကို ကြားသော် ကလေးမလေး၏ မျက်နှာမှာ ပျော်ရွှင်မှုကြောင့် ဝင်းပသွားတော့သည်။
တစ်ချိန်တည်းမှာပင် ယွင်လန်ဂိုဏ်း တွင်
ဝမ်တောက်ကျောင်းတော်မှ သတင်းနှင့်အတူ လက်ထပ်ခွင့် တောင်းခံသည့် စာတစ်စောင်လည်း ရောက်ရှိလာလေ၏။
စုန့်မျိုးနွယ်စုမှ အကြီးအကဲသည် စာနှင့် သတင်းကို ဖတ်ပြီးနောက် ကောင်းကင်ယံသို့ မော့ကြည့်ကာ ရယ်မောလိုက်လေတော့သည်။
“ဟားဟားဟား... ငါ့စုန့်မျိုးနွယ်ရဲ့ သမက်လောင်းက ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော် ဖြစ်လာပြီဟေ့”
တစ်ဖက်တွင် စိတ်လှုပ်ရှားနေကြသော်လည်း ဝမ်တောက်ကျောင်းတော်မှာမူ တည်ငြိမ်နေဆဲဖြစ်၏။
မြင့်မြတ်သားတော် အပ်နှင်းပွဲအခမ်းအနားကို အတွင်းရေးရာဌာနမှ အကြီးအကဲများနှင့် ကြီးကြပ်သူများက ပြင်ဆင်နေကြသည်။
ဌာနမှူးကိုးဦးလုံးမှာ တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်လိုက်ကြ၏။
ကျင့်ကြံပြီး ခုနစ်ရက်မြောက်နေ့တွင် လင်းမင်သည် သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ကျောင်းတော်ကို ကြီးကြီးမားမား တုန်လှုပ်စေခြင်း မရှိခဲ့ပေ။
သူ့နောက်တွင် ကျန်ရှိသော ဌာနမှူး ရှစ်ဦးမှာလည်း ခန့်အပ်ပွဲအခမ်းအနား မတိုင်မီ တစ်ဦးပြီးတစ်ဦး အဆင့်တက်လှမ်းနိုင်ခဲ့ကြသည်။
သောင်းပြောင်းပညာရပ်ဌာနတွင်မူ
ဖုန်းမူသည် တာအိုပေါင်းစည်းခြင်းပထမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ဌာန၏ စတုတ္ထမြောက် အကြီးအကဲ ဖြစ်လာသည်။
နျဲ့ရှို့ယွမ်အပြင် ချင်းချင်းနှင့် ဝမ်ပေါင်လဲ့ တို့ကလည်း အကြီးအကဲ အမှတ်အသားတိုကင်များကို ရရှိခဲ့ကြ၏။
ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့မှာ မြင့်မြတ်သားတော်များ ဖြစ်နေကြပြီး ဌာနမှူး (၁၀) ဦးနှင့် အဆင့်အတန်း တန်းတူသဖြင့် အကြီးအကဲရာထူးကို ယူရန် မလိုတော့ပေ။
ဟန်ပင်းသည်လည်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်းတတိယအဆင့် သို့ တက်လှမ်းခဲ့ပြီး သူ့ ဝိညာဉ်ပင်စိုက်ပျိုးရေးလမ်းစဉ်ကို ဆက်လက်၍ လေ့ကျင့်နေသည်။
ခြောက်လတာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့၏ အပ်နှင်းပွဲ အခမ်းအနား ကျင်းပရန် ခုနစ်ရက်ပင် မလိုတော့ချေ။
ဝမ်တောက်မြို့အတွင်းရှိ အဆောင်များနှင့် တည်းခိုခန်းများမှာ အခမ်းအနား တက်ရောက်ရန် ရောက်ရှိလာကြသော အင်အားစုများဖြင့် ပြည့်နှက်နေတော့၏။
နွမ်းလျနေသော ပုံရိပ်နှစ်ခုသည် မြို့လမ်းမများပေါ်တွင် ဝမ်တောက်ကျောင်းတော်သို့ သွားရာလမ်းကို မေးမြန်းနေကြသည်။
ဒေသခံများ၏ လမ်းညွှန်မှုဖြင့် သူတို့သည် နေဝင်ချိန်တွင် ကျောင်းတော်၏ တောင်ဘက် ဂိတ်တံခါးဝသို့ ရောက်ရှိလာကြလေတော့၏။
အခန်း(၃၅၆) တပည့်ခံရန် ရောက်လာသော လူနှစ်ဦး
“ရပ်လိုက်”
အော်သံကျယ်ကြီး တစ်ချက် ထွက်လာသည်။ ဝမ်တောက်ကျောင်းတော်မှ အတွင်းစည်းတပည့် ဆယ်ယောက်ကျော်သည် တောင်တံခါးဝမှ ဆင်းသက်လာ၏။ သူတို့သည် လက်နက်များ ကိုင်ဆောင်ထားလျက် ခရီးဝေးမှလာသော ကျင့်ကြံသူနှစ်ဦးကို တားဆီးလိုက်သည်။
ရောက်လာသူ နှစ်ဦးတွင် အင်အားစုကြီးမှ အမှတ်အသားများ ပါဝင်သော ဝတ်စုံကို မဝတ်ဆင်ထားသည်အား မြင်သောအခါ ထို တပည့်များ၏ အကြည့်တွင် မထီမဲ့မြင်ပြုမှုများ ပေါ်လာသည်။
ခေါင်းဆောင်လုပ်သူက တင်းမာစွာ ပြော၏။ “မင်းတို့ ဘယ်သူတွေလဲ။ ဝမ်တောက်ကျောင်းတော်တောင်တံခါးက မင်းတို့ ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာ မဟုတ်ဘူး”
မြင့်မြတ်သားတော် အခမ်းးအနား မကျင်းပခင် ရက်များအတွင် သူတို့ တင်းကြပ်သည့် အမိန့်များ လက်ခံရထားသည်။ အဖိတ်မခံရသူများကို ဝင်ခွင့်မပြုထားပေ။ မတော်တဆမှုများ ဖြစ်လာပါက တာဝန်ကျတပည့်များသည် အပြစ်ပေးခံရပေလိမ့်မည်။
“ကျုပ်က ရှီမန်ယဲ့ အဆုံးမဲ့ပင်လယ်က တစ်ကိုယ်တော်ကျင့်ကြံသူ”
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လေးစားစွာ ပြောသည်။
နောက်မှ လူငယ်လေးက လိုက်ပြောသည်။
“ဒီဂျူနီယာက ဓားထိန်းမြို့တော်က ချင်ယွမ်ပါ”
သူတို့ နာမည်များကို ကြားသော် ခေါင်းဆောင် မျက်မှောင် အနည်းငယ် ကြုံ့၏။
“မင်းတို့က ဘာကိစ္စရှိလို့ ရောက်လာတာလဲ။ မင်းတို့ ငါ့ကို သင့်တော်တဲ့ အကြောင်းပြချက် မပေးနိုင်ရင်တော့ ငါ့ဓားကို မသနားတတ်ဘူးလို့ အပြစ်မတင်နဲ့”
ထိုကဲ့သို့ မောက်မောက်မာမာ ပြောခံရသော်လည်း ရှီမန်ယဲ့ ဒေါသ မထွက်ချေ။ သူ လေးစားစွာ ပြောသည်။
“စီနီယာအစ်ကိုကို တင်ပြပါတယ်။ ကျုပ် ဝမ်တောက်ကျောင်းတော်ကို တပည့်လာခံတာပါ”
သူ့စကား မဆုံးခင် ခေါင်းဆောင်က စကားဖြတ်တောက်လိုက်သည်။
“လုံလောက်ပြီ။ အခုက တပည့်လက်ခံတဲ့ အချိန်မဟုတ်ဘူး။ မင်းတို့ ကျောင်းတော်ကို ဝင်ချင်ရင် တပည့်လက်ခံတဲ့အချိန်ကို စောင့်ကြ။ အခု ဝမ်တောက်ကျောင်းတော်မှာ အရေးကြီးကိစ္စတွေ ရှိတယ်။ မင်းတို့ကို မဧည့်ခံနိုင်သေးဘူး”
သူ ချင်ယွမ်ကို လှည့်မေးသည်။ “မင်းလည်း သူ့လို တပည့်ခံဖို့ လာတာလား”
“ဟုတ်ပါတယ်။ ဒီတပည့်ကလည်း တပည့်လာခံတာပါ။ ဒီမှာ ကျွန်တော့်ဆရာရဲ့ တံဆိပ်ပြားပါ”
ရှီမန်ယဲ့၏ အဖြစ်အပျက်ကြောင့် ချင်ယွမ် အမြန်ပြောလိုက်ပြီး ယဲ့ပေရွှမ်အမှတ်အသားပြားကို ထုတ်လိုက်သည်။
“ငါ့ကို ပြ”
ခေါင်းဆောင်၏ လေသံက နူးညံ့သွားသည်။ သူ့အတွက်တော့ ထိုနှစ်ယောက်က မြင့်မြတ်သားတော် ခန့်အပ်ပွဲ အခမ်းအနားကို လာရောက်ချောင်းမြောင့်ကြည့်ရှူသူများနှင့် ပို၍ တူသည်။
ချင်ယွမ် တံဆိပ်ပြားကို ပေးလိုက်သည့်အခါ ခေါင်းဆောင် မျက်နှာက ပြောင်းလဲသွားသည်။ သူ့မျက်နှာ သုန်မှုန်သွားသည်။
“ငါ့ကို လာနောက်နေတာလား။ ဒါက တပည့်အသိအမှတ်ပြု အမှတ်အသားပြားကြီးလေ။ ဝမ်တောက်ကျောင်းတော်မှာ အကြီးအကဲတွေပဲ တရားဝင် တပည့်လက်ခံနိုင်တာ။ ကြီးကြပ်သူအဆင့်က အလွန်ဆုံး အစေခံပဲ လက်ခံလို့ရတာ”
“အာ”
ချင်ယွမ် ကြောင်အသွားပြီး ရေရွတ်လိုက်သည်။ “ဒါပေမဲ့ ကျွန်တော့်ဆရာ ယဲ့ပေရွှမ်က ကျွန်တော့်ကို လက်ခံမယ်လို့ ပြောထားတယ်။ ဒါက ဘယ်လိုလုပ်ပြီး အကျုံးမဝင်ဖြစ်သွားတာလဲ”
ယဲ့ပေရွှမ်နာမည် ထွက်လာသည်နှင့် သူတို့မျက်နှာ ပြောင်းလဲသွားသည်။ လူတိုင်းသည် သောင်းပြောင်းပညာရပ်ဌာနမှ တပည့်များကို သိပေ၏။
ခေါင်းဆောင်က တံဆိပ်ပြားကို လျင်မြန်စွာ ယူပြီး စစ်ဆေးသည်။ တံဆိပ်ပြားသည် သောင်းပြောင်းပညာရပ်ဌာနမှ လာခြင်းပင်။ ထိုအပေါ်တွင် လင်ဟူသော အက္ခရာကို ရေးထိုးထားသည်။ ၎င်းက အသစ်စက်စက် အကြီးအကဲအဖြစ် တိုးမြှင့်ခံထားရသည့် တံဆိပ်ပြားပင်။
သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ “ဒါဆို မင်းက အကြီးအကဲယဲ့ တပည့်ပေါ့။ မင်းက တံဆိပ်ပြားကို မှားယူလာတာပဲ။ လာပါ ငါတို့နဲ့ အထဲကို လိုက်ခဲ့”
ချင်ယွမ် သူ တံဆိပ်ပြား မှားယူလာခြင်း မဟုတ်ကြောင်း ခုခံပြောချင်သော်လည်း ယခင်က အဟောက်ခံရသည်များကို သတိရ၍ တိတ်တဆိတ်သာ နေလိုက်သည်။ ဆရာ့လက်အောင်သို့ ဦးစွာ ဝင်ရပေမည်။
သူတို့ သွားရန် ပြင်လိုက်စဉ် ရှီမန်ယဲ့ ပြောလာသည်။ “ကျုပ်မှာလည်း ဆရာ့တံဆိပ်ပြား ရှိတယ်။ ဒီမှာပါ”
လူတိုင်း ရပ်တန့်လိုက်သည်။
“ဘာလို့ စောစောစီးစီး မပြောတာလဲ”
ခေါင်းဆောင်က ကသိကအောက် ဆွဲယူသည်။
ရှီမန်ယဲ့ ရပ်တန့်သွားသည်။ သူ စကားဖြတ်ပြောခံလိုက်ရကြောင်း ပြောချင်သော်လည်း တံဆိပ်ပြားကိုသာ ပေးလိုက်၏။
ခေါင်းဆောင် ယူလိုက်သည့်အချိန် သူ့အမူအရာ ပြောင်းလဲသွားသည်။ ၎င်းက မြင့်မြတ်သားတော် တံဆိပ်ပြားပင်။
သို့သော် ဝမ်တောက်ကျောင်းတော်တွင် မြင့်မြတ်သားတော် နှစ်ယောက်သာ ရှိသည်။
သူ ဂရုတစိုက် လေ့လာပြီးနောက် တစ်ဖက်ကို လှန်ကြည့်လိုက်သည့်အခါ ရှောင်ဟူသော အက္ခရာကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွား၏။
ပတ်ဝန်းကျင်က တပည့်များသည် ထိတ်လန့်ဟန်ဖြင့် ဖြူဖျော့သွားသည်။
ခေါင်းဆောင်တပည့်က ပြောသည်။ “မြန်မြန်...ကြီးကြပ်သူပိုင်ကို အမြန်သတင်းသွားပို့။ ဒီကအခြေအနေကို ရှင်းပြလိုက်”
“ဟုတ်ကဲ့”
တပည့်တစ်ဦး ပြန်ဖြေလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ကိုင်ကာ အလျင်အမြန် ထွက်သွားသည်။
ခေါင်းဆောင်သည် အစောပိုင်းမှ သူ၏ မောက်မာမှုများကို စွန့်ပစ်၍ လေးစားစွာ ပြောသည်။ “စီနီယာအစ်ကိုတို့ ခဏစောင့်ပေးပါဦး။ ဒီကိစ္စက ကျွန်တော်တို့ ဆုံးဖြတ်ပေးလို့ မရပါဘူး”
ရှီမန်ယဲ့ ခေါင်းအသာ ညိတ်သည်။ လူသားများ၏ အေးစက်မှုနှင့် နွေးထွေးမှုကို နှစ်ပေါင်းများစွာ ကြုံတွေ့ပြီးနောက် ယခုလို ကိစ္စရပ်လေးများက သူ့စိတ်အခြေအနေကို မသက်ရောက်တော့ချေ။
သိပ်မကြာခင် ကြီးကြပ်သူပိုင် ကောင်းကင်ယံမှ ဆင်းသက်လာသည်။ သူ့အကြည့်က ရှီမန်ယဲ့အပေါ်သို့ ကျရောက်သွား၏။
“ကောင်လေး မင်းပေးတဲ့ တံဆိပ်ပြားက ဦးလေးရှောင် ပေးတာလား”
ရှီမန်ယဲ့ လေးစားစွာ ဖြေသည်။ “ဟုတ်ပါတယ်”
ကြီးကြပ်သူပိုင် ပြော၏။
“ဒီလိုဆိုရင် မင်းတို့တွေအရင် ပြင်ပရေးရာဌာနမှာ စာရင်းသွင်းဖို့ ငါနဲ့ အရင်လိုက်ခဲ့။ ငါ သောင်းပြောင်းပညာရပ်ဌာနကို သတင်းပို့ထားလိုက်မယ်”
“ဟုတ်ကဲ့”
ဤကဲ့သို့ ကိစ္စရပ်လေးက ဝမ်တောက်ကျောင်းတော်ကို မသက်ရောက်ပေ။
သောင်းပြောင်းပညာရပ်ဌာနအတွင်း၌ ချူဖုန်းသည် သူ့တပည့်များနှင့် အတူသောက်နေစဉ် ခြံဝင်းအပြင်ဘက်မှ လေးစားသည့်အသံတစ်သံ ထွက်လာ၏။
“ပြင်ပရေးရာဌာနမှ တပည့်က ဌာနမှူးချူကို ဂါဝရပြုပါတယ်”
“ဝင်လာခဲ့”
ချူဖုန်း ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
ကြီးကြပ်သူပိုင် အပြုံးတစ်ခုဖြင့် ဝင်လာပြီး လူတိုင်းကို နွေးထွေးစွာ နှုတ်ဆက်လိုက်၏။
ဝမ်ပေါင်လဲ မတ်တပ်ရပ်ပြီး သူ့ပခုံကို ပုတ်လိုက်သည်။
“စီနီယာအစ်ကိုပိုင် သောင်းပြောင်းပညာရပ်ဌာနကို ဘယ်လေတိုက်လို့ရောက်လာတာလဲ။ လာပြီး ကျွန်တော်တို့နဲ့ သောက်ပါဦး”
ကြီးကြပ်သူပိုင် ရယ်မောသည်။ “လူနှစ်ယောက်က ဦးလေးရှောင်နဲ့ ဦးလေးယဲ့တို့ရဲ့ တံဆိပ်ပြားကို ယူလာပြီး တပည့်လာခံတယ်လေ။ အခု ပြင်ပရေးရာဌာနမှာ။ ကျွန်တော့်ဦးလေးနဲ့ ကျွန်တော်က သောင်းပြောင်းပညာရပ်ဌာနနဲ့ ပိုရင်းနှီးတယ်လေ။ အဲ့တော့ ရောက်ချလာတာ”
“အို”
ထိုသည်ကို ကြားသော် ချူဖုန်း သူ့တပည့်နှစ်ဦးကို ကြည့်ပြီး မေးလိုက်၏။
“မင်းတို့နှစ်ယောက် ငါ့နောက်ကွယ်မှာ ခိုးပြီး တပည့်လက်ခံထားတယ်ပေါ့လေ”
ရှောင်ချန်း မျက်နှာပေါ်တွင် စဉ်းစားနေဟန် ပေါ်လာသည်။ ထိုအခါ တိတ်ဆိတ်နေသော လွီယွဲ့အာက ရှေ့ထွက်လာသည်။ “ဆရာ လွန်ခဲ့တဲ့နှစ်တွေတုန်းက အစ်ကိုချန်းက အဆုံးမဲ့ပင်လယ်က ကျင့်ကြံသူတစ်ဦးကို စမ်းသပ်ခဲ့ပါတယ်။ အခု ဆယ်နှစ်ကျော်ကြာပြီဆိုတော့ သူအောင်မြင်သွားပြီထင်တယ်”
“ဒီလို ကိစ္စမျိုး တကယ် ရှိခဲ့တာပဲ”
ရှောင်ချန်း ရေရွတ်လိုက်သည်။ သူ့လို ဓားကျင့်ကြံသူတစ်ဦးအတွက်တော့ ထိုအချိန်တုန်းက သာမန်ကာလျှံကာ စစ်ဆေးခဲ့ခြင်းပင်။
ယဲ့ပေရွှမ် ထပ်လောင်း ပြောသည်။ “ဓားထိန်းမြို့တော်က ကောင်လေးချင်လား။ အရင်တုန်းက ကျွန်တော် သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာလေ။ ကျွန်တော့်ဆရာတူ ညီကိုတွေ ဒီကိစ္စကို မှတ်မိပါတယ်”
“သူတို့က မင်းတို့တပည့်တွေဆိုတော့ မင်းတို့ကိုယ်တိုင်သာ လက်ခံလိုက်တော့”
ချူဖုန်း ပြောပြီး ပြန်သောက်နေလိုက်သည်။ ဝမ်ပေါင်လဲ့ကလည်း သူ ဝမ်တောက်ကျောင်းတော်သို့ လာခဲ့စဉ်က ကိစ္စများကို ပြန်လည်အမှတ်ရသွားပြီး ကြီးကြပ်သူပိုင်ကို အတူသောက်ရန် ဆွဲခေါ်လိုက်၏။
ရှောင်ချန်းနှင့် ယဲ့ပေရွှမ်တို့ ပြင်ပရေးရာဌာနသို့ ပျံသန်းသွားလိုက်သည်။
“မြင့်မြတ်သားတော်နဲ့ အကြီးအကဲယဲ့ကို ဂါဝရပြုလိုက်ပါတယ်”
“အင်း”
ရှောင်ချန်း ပြန်ဖြေပြီး မေးလိုက်သည်။ “သူတို့တွေ ဘယ်မှာလဲ”
ထိုတပည့်က ပြန်ဖြေသည်။ “မြင့်မြတ်သားတော်၊ အကြီးအကဲယဲ့ ကျေးဇူးပြုပြီး ကျွန်တော့်နောက်လိုက်ခဲ့ပါ”
ထို့နောက် ရှောင်ချန်းနှင့် ယဲ့ပေရွှမ်တို့သည် ကျင့်ကြံသူနှစ်ဦး စောင့်နေသည့် ခြံဝင်းငယ်လေးသို့ ပြန်ရောက်လာသည်။