← Chapters

စီနီယာအစ်ကိုကြီး... ဆက်ပြီး မစုပ်ပါနဲ့တော့၊ ကျွန်တော်တော့ ခြောက်ကပ်သွားတောမယ်

Vol. 4 Ch. 33

စီနီယာအစ်ကိုကြီး... ဆက်ပြီး မစုပ်ပါနဲ့တော့၊ ကျွန်တော်တော့ ခြောက်ကပ်သွားတောမယ်

Vol. 4 Ch. 33

“ဟမ်”

ရှောင်ချန်းသည် ချောင်ရို့ချန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ “အဲဒါ ကောင်းတာပဲမဟုတ်ဘူးလား”

ထိုအခါမှ ချောင်ရို့ချန်က ဖရိုဖရဲခန္ဓာကျမ်း၏ ဓာတ်ကြီးငါးပါး အခန်းတွင် ပါသောအကြောင်းအရာများကို ရှင်းပြလိုက်သည်။

“အော်... အဲဒီလိုကိုး။ လာ ငါတို့ ဆရာ့ဆီ အတူတူ သွားကြစို့”

ရှောင်ချန်းသည် လက်တွေ့သမားဖြစ်သည်။ အချိန်မဆွဲတော့ဘဲ သူသည် ချောင်ရို့ချန်ကို ချူဖုန်းထံသို့ ခေါ်ဆောင်သွားသည်။

သူတို့နှစ်ဦး ချူဖုန်း၏ ကိုယ်ပိုင်ခြံဝင်းသို့ ရောက်သည့်အခါ အတွင်း၌ လင်းနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

“ဆရာက တကယ်ကို ကြိုးစားတာပဲ။ ဒီလောက် ညဉ့်နက်နေတာတောင် အနားမယူသေးဘူး”

ချောင်ရို့ချန်သည် အံ့ဩစွာ ရေရွတ်လိုက်မိသည်။

ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။ “ဆရာက တကယ့်ကို ဝီရိယရှိတယ်”

ချူဖုန်းသည် ကုတင်ပေါ်၌ လှဲကာ စာဖတ်နေသည့်အခိုက်် အပြင်ဘက်မှ တပည့်နှစ်ဦး၏ အသံကို ကြားလိုက်ရသဖြင့် အနည်းငယ် ကြောင်အသွားသော်လည်း မေးလိုက်သည်။

“မင်းတို့တွေ ကျင့်ကြံမနေဘဲ ဒီအချိန်ကြီး ငါ့ဆီ ဘာလာလုပ်ကြတာလဲ”

ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့က တပြိုင်နက် ပြန်ဖြေကြသည်။ “ဆရာ ကျွန်တော်တို့ ကျင့်ကြံတဲ့နေရာမှာ ပြဿနာလေး တစ်ခုတွေ့နေလို့ပါ”

ချူဖုန်းသည် ခဏမျှရပ်တန့်သွားပြီးနောက် အဝတ်အစားများကို ဝတ်ကာ တံခါးဖွင့်ပြီး အပြင်သို့ ထွက်လာလိုက်သည်။

ထို့နောက် မေးလိုက်သည်။ “ဘယ်လိုဖြစ်တာလဲ”

“ဆရာ ကိစ္စက ဒီလိုပါ”

ချောင်ရို့ချန်သည် သူ၏ အခြေအနေကို အမှန်အတိုင်း ပြောပြလိုက်သည်။

“ဒါပဲလား”

ချူဖုန်း၏ အကြည့်က ရှောင်ချန်းထံသို့ ရောက်သွားသည်။ “ဓားတစ်သောင်းတို့အပြန် ထဲက ဓားက မရီထျန်း(သွေးကြော)တွေကိုချိုးဖျက် ကိုမေ့သွားပြီလား”

ထိုစကားကို ကြားလိုက်ရသည်အခိုက် ရှောင်ချန်း၏ မျက်လုံးများသည် တောက်ပသွားသည်။ သူက ပြုံးကာ ဆိုသည်။ “အခုမှပဲ ဆရာက ဘာလို့ ကျွန်တော့်ကို ဂျူနီယာညီလေးချောင်နဲ့ အတူတူ လေ့ကျင့်ခိုင်းလဲဆိုတာ နားလည်တော့တယ်”

ချောင်ရို့ချန်က ကြောင်‌နေသည်။ သူသည် ရှောင်ချန်းကို တစ်လှည့် ဆရာ့ကို တစ်လှည့် ကြည့်နေမိသည်။

ချူဖုန်းက ပြောလိုက်သည်။ “ဘာလုပ်ရမလဲဆိုတာ နားလည်သွားပြီဆိုရင်လည်း ပြန်ပြီးတော့ ကျင့်ကြံကြတော့”

“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”

ရှောင်ချန်းက ကြောင်အနေသည့် ချောင်ရို့ချန်၏ ဝတ်ရုံစကို ဆွဲကာ ထွက်သွားတော့သည်။

ထိုအခါ ချောင်ရို့ချန်က သတိပြန်ဝင်လာသည်။ ထို့နောက် ချူဖုန်းကို အရိုအသေပြုလိုက်ပြီး သူ၏ စီနီယာအစ်ကိုနှင့်အတူ ထွက်သွားတော့သည်။

တောင်အနောက်ဘက်သို့ ပြန်ရောက်သည့်အခါ ချောင်ရို့ချန်က မေးလိုက်သည်။ “စီနီယာအစ်ကိုမှာ တကယ်ပဲ ကျွန်တော့်ရဲ့ အဆင့်တက်မဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်း ရှိတာလား”

“ဂျူနီယာညီလေး အဲဒီမှာပဲ ငြိမ်ငြိမ်လေး ရပ်နေ။ နောက်ပိုင်း ဘာပဲဖြစ်လာဖြစ်လာ အံ့ဩမသွားနဲ့။ ငါ မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးမယ်”

ရှောင်ချန်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

“…”

ချောင်ရို့ချန်သည် ဘာပြောရမှန်းမသိ‌တော့ပေ။

‘စီနီယာအစ်ကိုက ဒါကို ပြဿနာလေးလို့ ပြောတာလား’

သို့သော် နောက်တစ်ခဏမှာ သူ၏ စီနီယာအစ်ကိုသည် လေထဲသို့ ခုန်တက်သွား၏။ ထို့နောက် ခန္ဓာကိုယ်မှ ဓားချီများကို ထုတ်ဖော်လိုက်သည့်အခါ ဓားချီများသည် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

သူသည် လုံးဝ မလှုပ်နိုင်တော့ပေ။ ပို၍ဆိုးဝါးသည်က သူ၏ စိတ်ဝိညာဉ်စွမ်းအားများသည် သာမန်မျက်စိနှင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် စုပ်ယူခံနေရသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာ။

ချောင်ရို့ချန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားများ လုံးဝ ခန်းခြောက်သွားသည်ကို ခံစားလိုက်ရသည်။ စိတ်ဝိညာဉ်စွမ်းအား အထောက်အပံ့ မရှိသည့်အခါ သူသည် စစ်မှန်ကံကြမ္မာအဆင့်သို့ မတက်ရောက်နိုင်တော့ပေ။

“စီနီယာအစ်ကို ရပ်ပါတော့။ စီနီယာအစ်ကိုသာ ဆက်ပြီး စုပ်နေရင် ကျွန်တော်တော့ ခြောက်ကပ်သွားတော့မယ်”

၎င်းကို ကြားလိုက်ရသည့်အခါ ရှောင်ချန်းသည် ပြုံးလျက် ကောင်းကင်ယံမှ ညင်သာစွာ ဆင်းသက်လာခဲ့သည်။ “ဂျူနီယာညီလေး ဆက်ကျင့်ကြံတော့။ တကယ်လို့ ဒီလို အခြေအနေမျိုးနဲ့ ထပ်တွေ့ရင် ငါ့ကိုလာ ပြောလိုက်”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”

ချောင်ရို့ချန်က အားမရှိဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ဒါနဲ့ စီနီယာအစ်ကို စောစောက အဲဒါက ဘာကျင့်စဉ်လဲ။ ဘာလို့ မိစ္ဆာကျင့်စဉ်လိုဖြစ်နေတာလဲ”

ရှောင်ချန်းက ပြုံးလိုက်သည်။ “ဒါက ဓားတစ်သောင်းတို့အပြန် ထဲက လျှို့ဝှက် ကျင့်စဉ်တစ်ခုလေ။ ကျင့်ကြံခြင်းကို အထောက်အကူပြုဖို့ သုံးလို့ရတယ်”

ချောင်ရို့ချန်သည် ဆွံ့အသွားသည်။ ‘စီနီယာအစ်ကိုက အဲဒါကြီးကို ကျင့်ကြံခြင်းကို အထောက်အကူပြုတယ်လို့ ခေါ်တာလား။’

‘သာမန်လူဆိုရင် ဘယ်လိုမှခံနိုင်မှာ မဟုတ်ဘူး’

သို့သော် စီနီယာအစ်ကိုအနေနှင့် တိုက်ပွဲများတွင် ထိုကျင့်စဉ်ကို သုံးရန် မလိုအပ်သည်ကို သတိရလိုက်သဖြင့် ဘာမှ ထပ်မပြောတော့ဘဲ ဆက်၍သာ ကျင့်ကြံတော့သည်။

ရှောင်ချန်းသည် ယခုလေးတင် စုပ်ယူခဲ့သော စိတ်ဝိညာဉ်စွမ်းအားများကို သန့်စင်လိုက်ပြီး ဓားချီအဖြစ် ပြောင်းလဲလိုက်သည်။ ပိုလျှံနေသော မသန့်စင်သည့် စွမ်းအင်များကိုမူ သူ၏ လက်ညှိုးနှင့် လက်ခလယ်တို့မှတစ်ဆင့် အပြင်သို့ ထုတ်ပစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ရှင်းထုတ်ပြီးနောက် ရှောင်ချန်းသည် ပြန်လည်ကျင့်ကြံသည်။ အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့နေလျှင် သူသည် တစ်လမပြည့်မီမှာပင် စစ်မှန်ကံကြမ္မာအဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

…

ဓားပညာဌာန အတွင်းစည်းခြံဝင်းရှိ ကျင့်ကြံခြင်းခန်းမဆောင်အတွင်း၌။

လင်းချင်းယွီသည် ထိုနေရာ၌ တံခါးပိတ်ကျင့်ကြံနေသည်။

အပြင်စည်းဂိုဏ်း ပြိုင်ပွဲအပြီးတွင် သူသည် ကျင့်ကြံခြင်း၌သာ အာရုံနှစ်ထားသည်။ အရာအားလုံးကို အသေးစိတ် ပြင်ဆင်ပြီးမှ စစ်မှန်ကံကြမ္မာအဆင့်သို့ တက်ရန်အတွက် ကျင့်ကြံခြင်းခန်းမကို ရွေးချယ်ခဲ့သည်။

အဆင့်တက်ရန်အတွက် လင်းချင်းယွီသည် သူ၏ ပိုင်ဆိုင်မှု သုံးပုံတစ်ပုံခန့်ကို သုံးခဲ့သည်။ အကြောင်းမှာ မြင့်မြတ်ခန္ဓာ နှိုးထရန်ဖြစ်သည်။

သို့မှသာ သူသည် ကောင်းကင်စိတ်ဝိညာဉ်ဌာနရှိ ပါရမီရှင်များစွာနှင့် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးကို ရရှိပြီး ဓားပညာဌာန၏ အနာဂတ် အရှင်သခင် ဖြစ်လာပေလိမ့်မည်။

ရှောင်ချန်းအတွက်မူ သူသည် လင်းချင်းယွီ၏ မျက်လုံးထဲတွင် ပြိုင်ဘက်တစ်ယောက် မဟုတ်တော့ပေ။ အနာဂတ်မရှိတော့သည့် လူတစ်ယောက်က သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

ထိုစဉ် လင်းချင်းယွီ၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ မြင့်တက်သွားသည်။

သူက အတားအဆီးကို ချိုးဖျက်ပြီး စစ်မှန်ကံကြမ္မာအဆင့်သို့ အပြည့်အဝ ခြေချနိုင်သွား၏။

ထိုအခိုက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်မှာ နိုးထလာခဲ့သည်။

ဝုန်း။

နားပင်းစေလောက်သည့် ဟိန်းဟောက်သံကြီးထွက်လာသည်။

စွမ်းအင်လှိုင်းကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။

ထို့နောက် အရှေ့အရပ်မှ ခရမ်းရောင်ချီအရှိန်အဝါများ လွင့်ပျံလာပြီး ဓားပညာဌာန၏ ကောင်းကင်တွင် ကိုးဆယ့်ကိုးလွှာ မင်္ဂလာတိမ်တိုက်များ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။

“ကြည့်ကြစမ်း။ တစ်ယောက်ယောက် အဆင့်တက်ပြီထင်တယ်။ မိုးမြေထူးခြားဖြစ်စဉ်တောင် ပေါ်လာတယ်”

“ဓားပညာဌာနက ပါရမီရှင်တစ်ယောက်ယောက် ဧကရာဇ် ခန္ဓာကို နိုးထသွားတာများလား”

“စီနီယာအစ်ကို ဒီဖြစ်စဉ်အရဆို ဒါက ဧကရာဇ် ခန္ဓာထက်တောင် ပိုမြင့်နိုင်တယ်နော်”

“ဒါက မြင့်မြတ်ခန္ဓာပဲ ဖြစ်ရမယ်။ ငါတို့ ဓားပညာဌာနမှာ ဒါမျိုး မနိုးထလာတာ ဆယ်စုနှစ်တွေတောင် ကြာပြီ။ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်လောက်ကမှ နောက်ဆုံးနိုးထလာတာ”

ရွှမ်ထျန်းတိုက်ကြီးတွင် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို အဆင့်ခြောက်ဆင့် သတ်မှတ်ထားသည်။အင်မော်တယ်ခန္ဓာ၊ နတ်ဘုရားခန္ဓာ၊ မြင့်မြတ်ခန္ဓာ၊ ဧကရာဇ် ခန္ဓာ၊ မွေးရာပါခန္ဓာ နှင့် အမွေခံခန္ဓာ တို့ ဖြစ်ကြသည်။ အင်မော်တယ်ခန္ဓာမှာ အမြင့်ဆုံးဖြစ်ပြီး အမွေခံခန္ဓာမှာ အနိမ့်ဆုံးဖြစ်သည်။

စစ်မှန်ကံကြမ္မာအဆင့်သို့ ချိုးဖောက်ပြီးနောက် ကျင့်ကြံသူတိုင်းနီးပါးမှာ အမွေခံခန္ဓာ တစ်ခုကို နိုးထကြသည်။

ထိုအချိန်မှစ၍ မွေးရာပါခန္ဓာ ရှိခြင်း၏ အားသာချက်မှာ မှေးမှိန်သွားခဲ့သည်။ ဧကရာဇ် ခန္ဓာ ရှိသူများသာလျှင် ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်သည့် ထိပ်သီးပါရမီရှင်များဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။

သို့သော် မြင့်မြတ်ခန္ဓာ ဆိုသည်မှာ လုံးဝကို အခြားတစ်ဆင့်မှာ ရှိနေခြင်း ဖြစ်သည်။

ဝမ်တောက်ကျောင်းတော် တစ်ခုလုံးတွင် မြင့်မြတ်ခန္ဓာပိုင်ဆိုင်ထားသည့် တပည့်မှာ တစ်ရာမပြည့်ပေ။

မြင့်မြတ်ခန္ဓာကို နိုးထလာသူတစ်ဦးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးမသွားသရွေ့ နောင်တစ်ချိန်တွင် အင်အားကြီးသူတစ်ဦး ဖြစ်လာရန်မှာ ကျိန်းသေပင်။

ဓားပညာဌာနမှ အကြီးအကဲများအားလုံးသည် ကျင့်ကြံခြင်းခန်းမဆောင်၏ အပြင်ဘက်သို့ စုဝေးရောက်ရှိလာကြသည်။

ဓားဘုရင်ကျန်းဝူပင်လျှင် ကိုယ်တိုင် ရောက်လာခဲ့သည်။ သူသည် ထိုနေရာကို တာဝန်ယူထားသည့် တပည့်ကို ကြည့်ပြီး မေးလိုက်သည်။ “ဒီမှာ ဘယ်သူ ကျင့်ကြံနေတာလဲ”

“ ဂျူနီယာညီလေး လင်းချင်းယွီ ပါ”

ထိုတပည့်က လေးစားစွာ ပြန်ဖြေသည်။

“ဪ အဲဒီကလေးကိုး။ ကြည့်ရတာ ငါတို့ ဓားပညာဌာနမှာ ဆက်ခံသူ ပေါ်လာပြီပဲ”

ဓားဘုရင်ကျန်းဝူသည် အပြင်စည်းဂိုဏ်း၏ ပါရမီရှင် နှစ်ဦးထဲမှ တစ်ဦးကို မည်သို့ မေ့မည်နည်း။

ပါရမီရှင် ရှောင်ချန်းကို ဆုံးရှုံးလိုက်ရသော်လည်း ယခုအခါ လင်းချင်းယွီက တက်လာပေသည်။

နောက်ဆုံး၌ ဓားပညာဌာနတွင် ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ ပါရမီရှင်များကို ယှဉ်ပြိုင်နိုင်မည့် မျိုးဆက်သစ်တပည့်တစ်ဦး ရှိလာခဲ့ပြီ ဖြစ်သည်။ ကျန်းဝူသည် သူ၏ မျက်နှာပေါ်မှ အပြုံးကို မထိန်းချုပ်နိုင်တော့ပေ။

သူက ဆိုသည်။”အားလုံးပဲ ချင်းယွီကို သေသေချာချာ ကာကွယ်ပေးကြ။ ဘယ်သူ့မှ မနှောင့်ယှက်စေနဲ့”

အကြီးအကဲများအားလုံးသည် ထိုစကား၏ ဆိုလိုရင်းကို နားလည်ကြသည်။ ကောင်းကင်စိတ်ဝိညာဉ်ဌာနက လူခိုးသွားမည်ကို ကာကွယ်ရမည်ဖြစ်ပြီး လင်းချင်းယွီအတွက် အကောင်းဆုံးသော အခွင့်အရေးများကို ရရှိစေရန် သေချာအောင် လုပ်ဆောင်ရမည် ဖြစ်သည်။

အကြီးအကဲများ ကျင့်ကြံခြင်းခန်းမဆောင် အပြင်ဘက်တွင် ရပ်ကာ ကာကွယ်ပေးနေစဉ်မှာပင်။

လူအုပ်ထဲမှ ဇဝေဇဝါဖြစ်နေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ထူးဆန်းလိုက်တာ... ဘာလို့ မင်္ဂလာတိမ်တိုက်တွေက ဓားပညာဌာနဆီကို ဆက်မလာတော့တာလဲ။ ဘာလို့ တခြားတစ်နေရာကို လွင့်သွားရတာလဲ”

ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်းသည် ကောင်းကင်ယံသို့ မသိစိတ်ဖြင့် မော့ကြည့်လိုက်ကြသည်။

All Chapters