← Chapters

အခန်း (၃၉၁)

Vol. 40 Ch. 391

အခန်း (၃၉၁)

Vol. 40 Ch. 391

အခန်း(၃၉၁) ထူးဆန်းတာတစ်ခုခု လွတ်သွားပြီ

“ဝင်တော့”

ရှီးရွှမ် သူ့ပွဲ၌ နှောင့်ယှက်ခံရ၍ စိတ်မကျေနပ်သည့် အမူအရာမပြ ပေါ့ပါးစွာသာ ပြောသည်။

ကိုယ်ရံတော်တစ်ဦး ခြံဝင်းအတွင်းသို့ အလောတကြီး ပြေးဝင်လာပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။

“အရှင့်သားချန်ဆန်းကို လျှောက်တင်ပါတယ်။ အရှင်မင်းကြီးက နန်းတော်စားသောက်ပွဲကို လာဖို့ ဆင့်ခေါ်လိုက်ပါတယ်။ သူ မြင့်မြတ်မင်းဆက်ရဲ့ အမွေခံနဲ့ မင်းသမီးနှစ်ပါးရောက်နေတယ်လို့ ပြောလိုက်ပါတယ်”

ရှီးရွှမ် သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ခပ်တိုးတိုး ပြော၏။

“ဒီလိုတွေက အချိန်ကောင်းအခါကောင်းကို ရွေးလာတတ်တာပဲ”

ချူဖုန်း ရယ်မောသည်။

“သွားလိုက်လေ။ မင်းက အခုထိ အဓိကဇာတ်ကောင်ဖြစ်နေသေးတယ်။ မင်း မျက်နှာသာမပြရင် ကမ္ဘာကြီးက မင်းရှိနေမှန်းတောင် မေ့နေလိမ့်မယ်”

“တပည့် ဧည့်ဝတ်မကျေသလို ဖြစ်သွားပါတယ်။ ဆရာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ရှီးရွှမ် တောင်းပန်ရိုးကျိုးစွာ ပြောသည်။

“အရေးကြီး ကိစ္စမဟုတ်ပါဘူး။ ငါတို့ဘာသာ သောက်နေလိုက်မယ်”

ချူဖုန်း အရေးမကြီးသလို ပြော၏။

ယခုအချိန်က သူတို့ထွက်ပေါ်ရမည့် အချိန် မဟုတ်သေးပေ။ အပြင်က အခြေအနေများကို ငြိမ်သက်သွားသည်အထိ ဦးစွာ စောင့်ရပေမည်။

ရှီးရွှမ် ထွက်ခွာသွားပြီးနောက် အခြားသူများသည် စားသောက်ပွဲကို ဆက်လက်ကျင်းပသည်။

ချန်ဆန်းအိမ်တော်အပြင်ဘက်တွင် မြင်းငါးကောင်ဆွဲသည့် မြင်းလှည်းတစ်စီး ရှီးရွှမ်ကို စောင့်နေသည်။ သူ အထဲသို့ တက်ပြီး မျက်လုံးမှိတ်ကာ အနားယူရင်း မြင်းလှည်းထွက်ခွာမည်ကို စောင့်နေသည်။

လှည်းဘီး စတင်လိမ့်ပတ်လာသည်နှင့် မြင်းလှည်းသည် တော်ဝင်နန်းတော်သို့ ဦးတည်ထွက်ခွာတော့၏။ ပင်းဖုန်း လမ်းမကြီးသည် မြို့ရိုးနှင့် သိပ်မဝေးသည့်အပြင် ရှီးရွှမ်နေအိမ်နှင့်ဆိုလျှင် ခြေလှမ်းထောင်ချီလောက်သာ ကွာသည်။ ထိုအကွာအဝေးလေး၌ မြင်းလှည်းစီးခြင်းက ရှီးရွှမ်၏ အဆင့်အတန်းကို ဖော်ပြရုံသာ။

လက်ဖက်ရည်တစ်ခွက်စာသောက်ချိန်အတွင်း၌ မြင်းလှည်းသည် နန်းတော်တွင်းသို့ ဝင်ရောက်လာသည်။ မြင်းများ ရပ်သွားသည်နှင့် အပြင်ဘက်မှ လေးစားဖွယ်ကောင်းသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

“အရှင်ရွှမ် ကျွန်တော်တို့ ရောက်ပါပြီ”

“အင်း”

ရှီးရွှမ် ပြန်ဖြေလိုက်ပြီး နန်းတော်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်သွားတော့သည်။ အပြင်ဘက်တွင် အစောင့်တစ်သီတစ်တန်းကြီး လေးစားစွာ စောင့်နေ၏။ အစောင့်ခေါင်းဆောင် ဦးညွှတ်လိုက်သည်။

“အရှင့်သား ဒီနေ့ပွဲက တော်ဝင်ဥယျာဉ်ထဲမှာ ကျင်းပတာပါ။ ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ”

“လမ်းပြ”

ရှီးရွှမ် မြင့်မြတ်မင်းဆက်၏ အမွေခံနှင့် မင်းသမီးများ အဘယ့်ကြောင်း နန်းတော်သို့ စောစီးစွာ လာရသနည်းဟု သိချင်သွားသော်လည်း ထုတ်မမေးပေ။

မည်သို့ပင်ဆိုစေ သူသည် မဟာပဏ္ဍိတမိုးမြေ၏ ကိုယ်ပိုင်တပည့်ဖြစ်သည်။ သူ့အဆင့်အအတန်းသည် ထိုအမွေခံနှင့် မင်းသမီးထက် သာ၍ မြတ်ပေသည်။ မြင့်မြတ်မင်းဆက်တွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ရှိသော်လည်း ဧကရာဇ်သည် သူတော်စင်အဆင့်ဖြစ်ကာ အိမ်ရှေ့စံသည် မဟာပဏ္ဍိတတစ်ပါးဖြစ်၏။ ကျန်သည့် မင်းသားများမှာ နီဗားနားရှင်သန်ခြင်းအဆင့်ထက် မပိုပေ။ ထိုကလေးများသည် ကျင့်ကြံခြင်းအဆင့်တွင် သူနှင့် အဆင့်တူလောက်သာဖြစ်ပြီး ပါရမီရှင်များပင် ကောင်းကင်ဇာစ်မြစ်အဆင့်မျှသာ။

ထိုကဲ့သို့ အဆင့်အတန်းမျိုးနှင့် သူများသည် သူ့စေ့စပ်ပွဲကဲ့သို့ သေးငယ်လှသော ပွဲကလေးသို့ လာမည်မဟုတ်ပေ။

လမ်းတစ်လျှောက်တွင် ရှီးရွှမ် တိတ်ဆိတ်နေသည်။ အစောင့်ခေါင်းဆောင်သည် သူ့ကို အကြိမ်ကြိမ် ကြည့်လာသော်လည်း စကားပြောရန် တုံ့ဆိုင်းနေ၏။

ရှီးရွှမ် တိုက်ရိုက်ပင် မေးသည်။

“ဒီနေ့ပွဲနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ရှိလို့လား”

“အရှင့်သားချန်ဆန်းကို လျှောက်တင်ပါတယ်။ ဒီနေ့ပွဲက အရှင်မင်းကြီး ကျင်းပတာ မဟုတ်ပါဘူး။ နဝမမင်းသား ကျင်းပတာပါ။ ပြီးတော့ မြင့်မြတ်မင်းဆက်က ဧည့်သည်တွေအပြင် မလာသင့်တဲ့သူတွေပါ ရောက်နေပါတယ်”

သူပြောပြီးနောက် အစောင့်ခေါင်းဆောင်သည် ထပ်မံနှုတ်ဆိတ်သွားကာ အမူအရာကား တင်းကြပ်သွား၏။

ရှီးရွှမ် ထိုသည်ကို မြင်သော် ရယ်မော၏။

“ဒါဆိုလည်း ငါ့ပြောလေ။ အဲဒီမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေက ဘယ်သူတွေတုန်း”

“အရှင့်သား စေ့စပ်ထားသူ ကိုးယောက်ထဲကပါ။ ရိုးရာအရဆို စေ့စပ်ပွဲမလုပ်ခင် လဝက်အလိုတွင်း သူတို့ ပေါ်မလာသင့်ပါဘူး။ ဒါပေမဲ့ မြင့်မြတ်မင်းဆက်မင်းသားက သူတို့ကို ခေါ်လာပါတယ်”

အစောင့်ခေါင်းဆောင် ခေါင်းငုံ့ပြီး ရှီးရွှမ်ကို မကြည့်ရဲတော့ပေ။

လွန်ခဲ့သည့် တစ်နှစ်ကျော်အတွင်း မင်းသားချန်ဆန်းသည် ဝမ်တောက်ကျောင်းတော်၌ သာမန်အဆင့်သာ ဖြစ်ကြောင်းနှင့် စေ့စပ်ပွဲဆိုသည်မှာလည်း အိမ်ရှေ့စံမင်းသား သူ့နေရာကို တည်ငြိမ်အောင်လုပ်လိုသည့်အတွက်သာ စီစဉ်ပေးထားကြောင်း သိရ၏။ သူ့စိတ်အခြေအနေရဆို စေ့စပ်ထားသူ ကိုးဦးသည် မလျော်မကန် ပြုမူသည်ကို သိသွားပါက ပွဲတော်အတွင်း၌ ဒေါသပေါက်ကွဲထွက်လာမည်ကို ကြောက်ရလေသည်။

ထိုအခါ အရှင့်သားအပြင် ရှီးမိသားစုပါ အရှက်ကွဲရပေလိမ့်မည်။

“ဒါပဲလား”

ရှီးရွှမ် နှုတ်ခမ်းများ အသာအယာ ကွေးတက်ပြီး အဓိပ္ပာယ်အပြည့်ပါသော အပြုံးကို ဖွင့်ဟပြလိုက်သည်။

“ငါက တစ်ခုခု အရေးကြီးတာများလားလို့။ ဂုဏ်သရေရှိဧည့်သည်တော်တွေက သူ့ကို ဖိတ်ထားမှတော့ ငါ့ကိုယ်စား သူတို့ ဧည့်ခံပေးတာကလည်း သင့်တော်ပါတယ်”

သာမန်မဟုတ်သည့် အပြုအမူများနောက်တွင် ပြဿနာများ ရှိနေကြောင်း သူကောင်းစွာ နားလည်ထားသော်လည်း ထိုလူများ မည်သည့်လှည့်ကွက်သုံးဦးမည်နည်းဟု သိချင်၏။

နံရံများစွာ ဖြတ်ကျော်ပြီးနောက် သူတို့နှစ်ဦး တော်ဝင်ဥယျာဉ်တော်သို့ ရောက်လာကြသည်။

ဝင်ပေါက်က အစောင့်သည် ရှီးရွှမ်လာသည်ကို မြင်သော် ချက်ချင်း အော်ဟစ်သည်။

“မင်းသားချန်ဆန်း ရောက်လာပါပြီ”

ထိုအသံကြောင့် အတွင်းထဲ၌ စကားပြောနေကြသော ကျင့်ကြံသူများ တိတ်ဆိတ်သွားပြီး ဝင်ပေါက်ကို ကြည့်လာကြသည်။

ရှီးရွှမ်သည် အဝါဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့အမူအရာကား တည်ငြိမ်နေ၏။

“ကျွန်တော်တို့ အရှင့်သားချန်ဆန်းကို ဂါဝရပြုပါတယ်”

“နေ..နေ...အဲဒါတွေ လုပ်မနေနဲ့”

ရှီးရွှမ် မည်သည့်အရှိန်အဝါမျှ ထုတ်လွှတ်မနေသော်လည်း နှစ်အတော်ကြာ စုဆောင်းလာခဲ့သော ဖိအားများက သူ့ကို မျိုးရိုးမြင့်အရှိန်အဝါများ သဘာဝအလျောက် ပေးစွမ်းနေသည်။

သူ့အကြည့်က မြောက်ပိုင်းချောက်နက်မှ လူများအပေါ်သို့ မကျရောက်ခင် ခန်းမကို ဖြတ်သန်းသွား၏။

ရှီးရွှမ် လက်သီးဆုပ်သည်။

“ရှီးရွှမ် ဂုဏ်သရေရှိ ဧည့်သည်တော်တို့ကို နှုတ်ဆက်ပါတယ်”

ဦးဆောင်နေသည့် အမျိုးသားက ခပ်ဖျော့ဖျော့ ပြုံးသည်။

“ဂျူနီယာညီလေးရှီက ယဉ်ကျေးလွန်းနေပြီ။ မင်းက အိမ်ရှင် ငါတို့က ဧည့်သည်တွေလေ။ ဘယ်အိမ်ရှင်က ဧည့်သည်အပေါ် ဂါဝရပြုနေလို့လဲ”

သူ ယဉ်ကျေးစွာ ပြောနေသော်လည်း သူ့ကိုယ်သူ နှိမ့်ချရန် မကြိုးစားနေသည့်အတွက် လေထုက အထက်စီးဆန်နေ၏။

ရှီးရွှမ် ခပ်ဖွဖွ ပြုံးလိုက်၏။

“အစ်ကိုကြီးရှုကတော့ နောက်ပြီ”

အပြန်အလှန် ယဉ်ကျေးစွာ ပြောဆိုနေမှုကြောင့် အပြင်လူများသည် သူတို့နှစ်ယောက် ရင်းနှီသည်ဟုပင် ထင်သွားနိုင်သည်။ ရှီးရွှမ် ရောက်လာခြင်းက ပွဲကို တစ်ခဏအတွင်း သက်ဝင်သွားစေ၏။ သူ့ရပ်နေသည့်နေရာသို့ အာရုံစိုက်မှုများ စုပြုံရောက်လာသည်။

နဝမမင်းသား လျင်မြန်စွာ ရှေ့သို့ တစ်လှမ်းတက်လာသည်။

“ရွှမ်အာ မင်းရောက်လာပြီဆိုတော့ ဒီလူအိုကြီးက မင်းတို့လူငယ်တွေ စုံစည်းတာကို မနှောင့်ယှက်တော့ဘူး”

ရှီးရွှမ် ရယ်မောရင်းသာ ဖြေသည်။

“နဝမဦးလေးက အခုမှ အသက်ငါးရာပဲ ရှိသေးတာကို။ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လူအိုကြီးလို့ သမုတ်နေရတာလဲ”

ရွှမ်ထျန်းတိုက်ကြီးပေါ်တွင် ကျင့်ကြံသူများ လက်ထပ်ပြီး အတော်ကြာမှ ကလေးယူတတ်ကြသည်။ အထူးသဖြင့် ရှီးမိသာစုလို မျိုးကြီးရိုးကြီးများ၌ပင်။ တိုက်ရိုက်မျိုးဆက်များကြားတွင် အသက်ကွာခြားချက်သည် ရာချီကျော်နေသည်က ပုံမှန်လိုပေ။

နဝမဦးလေး ရယ်မောသည်။

“ကောင်စုတ်လေး ငါ့ကို လာနောက်မနေနဲ့။ မင်း ဧည့်သည်တွေကို ဧည့်ခံလိုက်ဦး။ မင်း ဝမ်တောက်ကျောင်းတော်ကို ရောက်သွားပြီဆိုပေမဲ့ ငါတို့ရှီးမိသားစုက မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်လက်အောက်မှာ ရှိနေသေးတယ်”

ရှီးရွှမ် လေးစားစွာ ဖြေကြားသည်။

“နဝမဦးလေး ပြောတာ မှန်ပါတယ်။ အေးအေးဆေးဆေး နားပါ။ ကျွန်တော်ဘာလုပ်ရမလဲဆိုတာ သိပါတယ်”

“ကောင်းတယ်။ ဒါဆို ငါသွားပြီ”

ထိုသို့နှယ် နဝမမင်းသား ထွက်သွားတော့သည်။

သိပ်မကြာခင် နန်းတွင်းအစေခံများသည် ဝိုင်အိုးများ သယ်လာသည်။ ရှီးရွှမ်သည် တစ်ခွက်ကိုင်မြှောက်ရင်း မြင့်မြတ်မင်းဆက်၏ မင်းသားနှင့် မင်းသမီးတစ်ပါးချင်းစီကို နှုတ်ဆက်၏။ အပြန်အလှန် ယဉ်ကျေးသမှု ဖလှယ်ပြီးနောက် သူတို့ ရောက်လာရခြင်း၏ အကြောင်းအရင်းကို သိရန် စမ်းသပ်ကြည့်သည်။

သို့သော် မင်းသားမင်းသမီးများက ပါးနပ်သဖြင့် မည်သည့်သဲလွန်စမျှ ထုတ်မပေးချေ။

ရှီးရွှမ် စကားပြောနေစဉ် လူတစ်ယောက် ချည်းကပ်လာသည်။

“အစ်ကိုရွှမ် ကျိရို့က အစ်ကို့ကို လာဂုဏ်ပြုတာပါ”

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် ရှီးရွှမ်၏ စိတ်ထဲတွင် အချက်အလက်များ စီးဝင်လာသည်။ ကျောက်ကျိရို့သည် ရှီးမိသားစုလက်အောက်ရှိ တိုင်းပြည်တစ်ခု၏ မင်းသမီးတစ်ပါးဖြစ်သည်။ သူမသည် စေ့စပ်ထားသူကိုးဦးထဲမှ သူ့ကို အရှက်မခွဲထားသည့် တစ်ဦးတည်းသော မင်းသမီးလည်း ဖြစ်သည်။ သူလှည့်ကြည့်လိုက်သောအခါ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျက်သရေရှိသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ သူမသည် ကျက်သရေရှိသော အလှကို ပိုင်ဆိုင်ထားသည့် ခြေတံရှည်ရှည် မိန်းကလေးတစ်ဦးဖြစ်သည်။ လက်ထဲတွင် ဝိုင်တစ်ခွက်ကို ကိုင်ထားရင်း သူ့ကို တောက်ပစွာ ပြုံးပြနေတော့၏။

All Chapters