အခန်း ၅၆၈
Vol. 57 Ch. 568
အခန်း (၅၆၈)
“လက်ခံသူတပည့် ရှီးရွှမ် ကောင်းကင်ဇာစ်မြစ်အဆင့်သို့ တက်သွားပါပြီ။ လက်ခံသူကို နှစ်သုံးဆယ်စာ ကျင့်ကြံမှု ချီးမြှင့်ပါတယ်”
မြောင်တောင်ပေါ်တွင်
ဗောဓိပင်ရှေ့၌ ချူဖုန်း ကျမ်းစာများကို ရွတ်ဖတ်နေစဉ် စနစ်၏အသိပေးချက် သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာ၏။
ထိုသို့ရုတ်တရက် ထွက်ပေါ်လာသောအသံသည် ချူဖုန်း၏ရွတ်ဖတ်မှုကို အနှောင့်အယှက် မပေးနိုင်ပေ။ ဤအချိန်တွင် တာအိုအနှစ်သာရမှလွဲ၍ မည်သည့် ဆုလာဘ်ကမျှ သူ့စိတ်ကို မဆွဲဆောင်နိုင်တော့ချေ။
သို့သော် ရှီးရွှမ် ကောင်းကင်ဇာစ်မြစ်အဆင့်သို့ တက်သွားသဖြင့် သူနောက်ပိုင်း ထပ်မံတိုးတက်လာပါက သူ့ကိုယ်ပိုင်တာအိုအနှစ်သာရလည်း တိုးမြင့်လာပေမည်။
သတ်ဖြတ်ခြင်းနယ်မြေ၌
အရိုးဖြူတောင်ကြား နတ်ဆိုးများသည် သခင်မချန်ဟွမ်၏ ဂူဆီသို့ မကပ်ရဲကြပေ။ ထိုတိုက်ခိုက်မှုမှ ဓားစွမ်းအင် ပျောက်ကွယ်သွားသော်လည်း သူတို့အပေါ် ကျန်ရစ်ခဲ့သော စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီးသည် အရမ်းကို အားကောင်းလွန်းပါ၏။
ရက်အနည်းငယ်ကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် ရှီးရွှမ် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းက ဝိညာဉ်စွမ်းအားများကို ခံစားလိုက်ရသဖြင့် သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားကာ ပြောလိုက်၏။
“ငါ နောက်ဆုံးတော့ ကျဲလျှို့ဝှက်ချက်ကို နားလည်သွားပြီ။ ဒီနည်းနဲ့ဆိုရင် သတ်ဖြတ်ခြင်းနယ်မြေမှာ ငါ့ကျင့်ကြံခြင်းအဆင့် မြန်မြန်တိုးတက်လာနိုင်တယ်။ ဆယ်နှစ်အတွင်းမှာ တာအိုပေါင်းစည်းခြင်းအဆင့်ကို သေချာပေါက် တက်နိုင်ရမယ်”
ရှီးရွှမ် ကျောက်ခဲများကို ရှင်းလင်းလိုက်ပြီးနောက် သူ့ဓားရှည်ကို ကိုင်ဆောင်ကာ ဂူထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။
အရိုးဖြူတောင်ကြားတွင် ဆက်လေ့ကျင့်ရန် သူ မရည်ရွယ်ထားပေ။ ဤနေရာရှိ နတ်ဆိုးသတ္တဝါများသည် သူ့အတွက် တန်ဖိုး မရှိတော့ပေ။
ကောင်းကင်ဇာစ်မြစ်အဆင့် သို့မဟုတ် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်မှ နတ်ဆိုးသတ္တဝါများသာလျှင် ရှီးရွှမ်၏ ပြိုင်ဘက်များဖြစ်ရန် အရည်အချင်း ပြည့်မီကြသည်။
တောင်တန်းများထဲတွင် အချိန်များ မသိလိုက်မသိဘာဖြင့် ကုန်လွန်သွားခဲ့ပြီး ရှီးရွှမ် သတ်ဖြတ်ခြင်းနယ်မြေတွင် ရှိနေခဲ့သည်မှာ နှစ်ဝက်ကြာမြင့်သွား၏။
ထိုခြောက်လအတွင်း တိုက်ပွဲများမှတစ်ဆင့် သူ ကောင်းကင်ဇာစ်မြစ်ဆဋ္ဌမအဆင့်သို့ တက်နိုင်ခဲ့ပြီး ယင်းသည် ယခင်ကထက် များစွာ ပိုမြန်ပေသည်။
သို့သော် ရှီးရွှမ် ထိုအချက်ကြောင့် ဆက်သတ်ဖြတ်နေမည့်အစား လာရာလမ်းအတိုင်း ဝမ်တောက်ဂိတ်သို့ ပြန်ရန် ပြင်လိုက်၏။
တစ်အချက် : သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆေးလုံးများ အများစု ကုန်ခမ်းသွားခဲ့သည်။
နှစ်အချက် : သူ့ခန္ဓာကိုယ်သည် သတ်ဖြတ်ခြင်းအရှိန်အဝါ၏ တိုက်စားမှုကို ခံနေရသဖြင့် ၎င်းကို ဖယ်ရှားရန် အချိန်ကာလတစ်ခုအထိ တံခါးပိတ်ကျင့်ကြံရန် လိုအပ်သည်။
အကယ်၍ ထိုသို့မဟုတ်ပါက ရေရှည်တွင် သူ့တစ်ကိုယ်လုံး သတ်ဖြတ်ခြင်းအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရပြီး နောက်ဆုံးတွင် သတ်ဖြတ်ခြင်းနယ်မြေ၏ နယ်ခံတစ်ဦး ဖြစ်လာပေလိမ့်မည်။
လဝက်အကြာတွင်
ရှီးရွှမ် ဝမ်တောက်ဂိတ် အပြင်ဘက်တွင် ပေါ်လာသည်။ မျက်နှာဖုံးတပ်ဆင်ထားသဖြင့် သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝမ်တောက်ကျောင်းတော်မှ တပည့်အချို့ သူ့လမ်းကို ပိတ်ဆို့လိုက်ကြ၏။
“ရပ်လိုက်စမ်း”
သူတို့ ရှီးရွှမ်ထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါကို ကြည့်ပြီး သူတို့ခန္ဓာကိုယ်များ မထိန်းနိုင်စွာ တုန်ယင်သွားကြသည်။
သတ်ဖြတ်ခြင်းနယ်မြေသို့ ဝင်ရောက်လာသော ဂိုဏ်းတူ ညီအစ်ကိုတိုင်း သတ်ဖြတ်ခြင်းအရှိန်အဝါဖြင့် ထွက်လာကြ၏။
သို့သော် သူတို့ရှေ့က လူ၏သတ်ဖြတ်ခြင်းအရှိန်အဝါသည် အတော်လေးကြောက်မက်ဖွယ်ကောင်းလွန်းသည်။
ရှီးရွှမ် စကားသိပ်မပြောတော့ပေ။ သူ့သိုလှောင်လက်စွပ်ထဲမှ အထောက်အထားအမှတ်သားပြားကို ထုတ်ယူလိုက်၏။
တိုက်ရိုက်တပည့်သင်္ကေတကို မြင်ပြီးနောက် လူတိုင်း နေရာမှာတင် အေးခဲသွားကြသည်။
ဦးဆောင်သူ ပြောလိုက်၏။
“စီနီယာအစ်ကို ကျွန်တော်တို့ ခင်ဗျားကို အခက်တွေ့အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ သတ်ဖြတ်ခြင်းနယ်မြေမှာ စည်းမျဉ်းတွေ ရှိလို့ပါ”
ရှီးရွှမ် ပြတ်သားစွာ ပြောလိုက်သည်။
“ငါ့တိုကင်ကို ယူသွားပြီး စီနီယာအစ်ကိုရှီကို သွားရှာလိုက်။ သူ ဒီတိုကင်ကို မြင်ရင် ငါ သွားရမဲ့နေရာကို လာခေါ်သွားလိမ့်မယ်”
၎င်းကိုကြားတော့ လူတိုင်း သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ကြ၏။
သူတို့ ထိုသူ ကျောထောက်နောက်ခံရှိနေမည်ကို မကြောက်ရွံ့ပေ။ ကျောထောက်နောက်ခံရှိခြင်းက တာဝန်ယူပေးမည့်သူရှိခြင်းပင်။
သူတို့ ကျောထောက်နောက်ခံမရှိသည့် ပါရမီရှင်တစ်ယောက်လို ဟန်ရေးပြနေသည့်သူမျိုးကိုသာ ကြောက်ရွံ့သည်။ ထိုကဲ့သို့ဂိုဏ်းတူညီအစ်ကိုများကို ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံး ဖြစ်၏။
အချိန်အနည်းငယ်အကြာတွင်
ရှီယွီချီ သူယုံကြည်ရသောအဖွဲ့နှင့်အတူ အလျင်အမြန် ရောက်လာပြီး မျက်နှာဖုံးတပ်ထားသည့် ထိုလူကို ကြည့်ရင်း ရှီးရွှမ်၏ နာမည်ကို ပြောထွက်လုနီးပါး ဖြစ်သွား၏။
ကံကောင်းထောက်မစွာ သူ အတွေ့အကြုံရှိပြီး တည်ငြိမ်သဖြင့် ပြုံးကာ ပြောလိုက်သည်။
“ဂျူနီယာညီလေး မင်း ပြန်ရောက်ပြီပေါ့။ မင်းအတွက် တိတ်ဆိတ်အခန်းတစ်ခန်းကို ပြင်ဆင်ပေးထားတယ်။ တစ်ခုခု လိုအပ်ရင် ငါ့ကိုသာ ပြောလိုက်”
“ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
ရှီးရွှမ် အလွန်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
“ဂျူနီယာညီလေး ကျေးဇူးပြုပြီး”
ရှီယွီချီ ရှီးရွှမ်ကို ကိုယ်တိုင် ဦးဆောင်၍ ခေါ်သွားသည်။
ထိုနေရာရှိ တပည့်တို့ ယခုလိုအဖြစ်အပျက်မျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ မည်သို့ပင်ဆိုစေ ရှီယွီချီသည် ပြင်ပရေးရာဌာနတွင် အစွမ်းထက်ကျောထောက်နောက်ခံရှိပြီး သာမန်နေ့ရက်များတွင် အခြားဂိုဏ်းတူညီအစ်ကိုများက သူ့အပေါ် အမြဲ ယဉ်ကျေးလေ့ရှိကြ၏။
ယခု သူ တိုက်ရိုက်တပည့်တစ်ဦးကို တိတ်ဆိတ်အခန်းတစ်ခုဆီသို့ ကိုယ်တိုင် ဦးဆောင်ခေါ်သွားနေသဖြင့် တစ်ဖက်လူမှာ အစွမ်းထက်အကြီးအကဲတစ်ဦး သို့မဟုတ် ဌာနမှူးဆယ်ဦးထဲမှတစ်ဦး၏ တပည့်ဖြစ်ရန် အလွန်အလားအလာများသည်။
“ဂျူနီယာညီလေးရှီး ဒီက တိတ်ဆိတ်အခန်းတွေ အားလုံးမှာ သတ်ဖြတ်ခြင်းအရှိန်အဝါကို သန့်စင်ပေးတဲ့အစီအရင်တွေ ရှိတယ်။ မင်းရဲ့ လက်ရှိ အခြေအနေအရ မင်းခန္ဓာကိုယ်ပေါ်က သတ်ဖြတ်ခြင်းအရှိန်အဝါကို သန့်စင်ဖို့ဆိုရင် အဆင့်မြင့်အစီအရင်တစ်ခုထဲကို ဝင်ပြီး လေးဆယ့်ကိုးရက်ကြာ နေရမယ်”
ရှီယွီချီ မိတ်ဆက်ပေးလိုက်၏။
ရှီးရွှမ် ပြုံးကာ ပြောလိုက်သည်။
“ဒီလောက် ဒုက္ခခံနေဖို့ မလိုပါဘူး။ ကျွန်တော် မြောင်တောင်မှာနေတုန်းက ဆရာ တာအိုဟောကြားတာကို မကြာခဏ နားထောင်ရတယ်။ ဆရာတာအိုဟောကြားရင် သတ်ဖြတ်ခြင်းအရှိန်အဝါကို သန့်စင်ပေးနိုင်တဲ့ ကျမ်းစာတွေ ပါတယ်။ အဆင့်နိမ့် တိတ်ဆိတ်ခန်းတစ်ခန်းဆိုရင် လုံလောက်ပါတယ်”
ဖြန်း
ရှီယွီချီ သူ့နဖူးကို ရိုက်လိုက်ပြီး အနေရခက်စွာ ပြုံးလိုက်၏။
“ဒါကို ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ။ ဌာနမှူးချူက ခေတ်နှစ်ခေတ်ရဲ့ ပြိုင်ဘက်ကင်းပဲ။ ပညာရပ်မျိုးစုံကိုလည်း တတ်ကျွမ်းတယ်။ မင်းကို ဒီလာခွင့်ပြုတယ် ဆိုကတည်းက သူ မင်းကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခု ပေးလိုက်ပြီးသား ဖြစ်ရမယ်”
“ဂျူနီယာညီလေး မင်း တစ်ခုခုလိုအပ်တာရှိရင် ပြော။ ဒီရက်ပိုင်းအတွင်း ငါ ကူညီပေးနိုင်ပါတယ်”
ရှီးရွှမ် သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူပြီး လှမ်းပေးလိုက်သည်။
“စီနီယာအစ်ကို ကောင်းကင်ဇာစ်မြစ်အဆင့်အတွက် ဝိညာဉ်စွမ်းအားကို ပြန်ဖြည့်ပေးနိုင်တဲ့ ဆေးလုံးတချို့ ဝယ်ပေးဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မယ်။ မလောက်ဘူးဆိုရင် ကျွန်တော့်ဆီ ထပ်လာယူပါ”
ရှီယွီချီ သိုလှောင်အိတ်ကို တစ်ချက်တောင် မကြည့်ပေ။
“လောက်ပါတယ် လောက်ပါတယ်။ ဂျူနီယာညီလေးရှီး မင်း သုံးမဲ့ ငွေးကြေးအတိုင်းအတာကို ငါ သိထားပါတယ်”
မကြာမီ ရှီယွီချီ၏ စီစဉ်မှုအောက်တွင် ရှီးရွှမ် အဆင့်နိမ့် တိတ်ဆိတ်ခန်းတစ်ခန်းထဲသို့ ဝင်ရောက်သွားသည်။
ရှီယွီချီ ထွက်သွားရန် ပြင်လိုက်ချိန် တာဝန်ကျကြီးကြပ်သူတစ်ဦး သူ့ကို တားဆီးလိုက်၏။
“ဂျူနီယာညီလေးရှီ မင်း ဘယ်လိုလုပ် ဒီလောက် ပေါ့ဆရတာလဲ။ ခေါင်းကနေ ခြေဖျားအထိ သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ထွက်နေတဲ့ တပည့်တစ်ယောက်ကို အဆင့်နိမ့်တိတ်ဆိတ်ခန်းထဲ တကယ်ကြီးခေါ်လာရတယ်လို့။ သူသာ သတ်ဖြတ်ခြင်းအရှိန်အဝါကို မဖိနှိပ်နိုင်လို့ ငါတို့တိတ်ဆိတ်ခန်းကို ပျက်စီးသွားမယ်ဆိုရင်တောင် ကိစ္စသေးသေးလေးပဲ။ ဒါပေမဲ့ အသက်တစ်ချောင်းသာ ဆုံးရှုံးသွားရင် ငါတို့ထဲက ဘယ်သူမှ တာဝန်ယူနိုင်မှာ မဟုတ်ဘူး”
“စီနီယာအစ်ကိုဟုန် စိုးရိမ်မနေပါနဲ့။ အဲဒီလူက ဘယ်သူလဲဆိုတာကို ခင်ဗျား သိရင် စိုးရိမ်နေမှာ မဟုတ်ဘူး”
ရှီယွီချီ တည်ငြိမ်စွာ ပြောလိုက်သည်။
“သူ ဘယ်သူမလို့လဲ”
စီနီယာအစ်ကိုဟုန် သူ့ဒေါသကို ပြန်ရုပ်သိမ်းပြီး မေးမြန်းလိုက်၏။ ပြင်ပရေးရာဌာနသို့ တာဝန်ပေးအပ်ခံရသော ကြီးကြပ်သူတစ်ဦးသည် နျဲ့ရှို့ယွမ်ကဲ့သို့ သူများမှလွဲ၍ အများစုသည် လိမ္မာပါးနပ်ပြီး လောကအကြောင်း နားလည်သူများ ဖြစ်ကြသည်။ ထိုသို့မဟုတ်ပါက ရှီယွီချီ ထိုလူကို အထဲသို့ ခေါ်လာတည်းက သူ ဝင်ရောက် တားဆီးလောက်၏။
“အဲဒီသူက ဌာနမှူးချူရဲ့ တပည့်ပဲ”
ရှီယွီချီ တောက်ပသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ဒီလိုကိုး”
စီနီယာအစ်ကိုဟုန် ရှီယွီချီကို မနာလိုစွာ ကြည့်ပြီး ပြောလိုက်၏။ ဌာနမှူးချူသည် ကျောင်းအုပ်အသစ်ဖြစ်လာရန် အလွန် အလားအလာရှိသူ တစ်ဦးဖြစ်သည်။
သူ ကျောင်းအုပ်ကြီး ဖြစ်မလာလျှင်တောင် သူ့နာမည်အောက်မှ မြင့်မြတ်သားတော်နှစ်ဦးထဲမှတစ်ဦးသည် နောက်ဆုံးတွင် ဝမ်တောက်ကျောင်းတော်ကို တာဝန်ယူရမည် ဖြစ်၏။ သောင်းပြောင်းပညာရပ်ဌာနနှင့် အဆက်အသွယ်တည်ဆောက်နိုင်ခြင်းက အကန့်အသတ်မရှိသော အနာဂတ်အခွင့်အလန်းပင်။
ရှီယွီချီ ထပ်မပြောတော့ဘဲ လက်သီးဆုပ်ကာ ပြောလိုက်၏။
“စီနီယာအစ်ကို ကျွန်တော် လုပ်စရာကိစ္စတွေ ရှိနေသေးလို့ ဆက်မနှောင့်ယှက်တော့ပါဘူး”
“အင်း”
ရှီယွီချီ ထွက်သွားသည်ကို ကြည့်ပြီးနောက် စီနီယာအစ်ကိုဟုန် အတွင်းမှလူနှင့် မည်သို့ အဆက်အသွယ်တည်ဆောက်ရမည်ကို စဉ်းစားကာ သူ့ဦးနှောက်ကို အလုပ်ပေးနေလိုက်သည်။
တိတ်ဆိတ်ခန်းအတွင်း၌
ရှီးရွှမ် တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးများကို မှိတ်ထားကာ သူ့ဆရာ သင်ကြားပေးသော ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်နေသည်။
ရွတ်ဖတ်သံများ ကျယ်လောင်လာသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ခြင်းအရှိန်အဝါသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။ ခုနစ်ရက်အကြာတွင် ရှီးရွှမ် သူ့မျက်လုံးများကို ဖွင့်လိုက်၏။ သူ ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်လိုက်ရာ သတ်ဖြတ်ခြင်းအရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်သည်။ အရေးအကြီးဆုံးသည် သူ့စိတ်အခြေအနေ တိုးတက်လာခြင်းပင်။
သူ့နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်ကွေးသွားပြီး ပြောလိုက်သည်။
“သတ်ဖြတ်ခြင်းအရှိန်အဝါမှာ ဒီလို အံ့သြစရာကောင်းတဲ့ အသုံးဝင်မှုမျိုး ရှိမယ်လို့ မမျှော်လင့်ထားဘူး။ စီနီယာအစ်ကိုရှီယွီချီ ငါ လိုအပ်တဲ့ ဆေးလုံးတွေကို ဝယ်ပြီးပြီလားမသိဘူး”
ရှီးရွှမ် တိတ်ဆိတ်ခန်းကို ဖွင့်ကာ ဖြည်းညှင်းစွာ ထွက်လာသည်။