← Chapters

အခန်း ၃၈၀

Vol. 38 Ch. 380

အခန်း ၃၈၀

Vol. 38 Ch. 380

အခန်း (၃၈၀) ဒီကိစ္စကို မြောင်တောင်ရဲ့ နည်းလမ်းအတိုင်း ငါ ဖြေရှင်းမယ်

“အစ်မကြီး... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး”

ယန်ပိုင်မေ့သည် သူမအစ်မကြီး လေသံကို ကြားသည်နှင့် အစ်မကြီး အတော်လေး ဒေါသထွက်နေပြီမှန်းသိသွား၏။

ချန်ကျင်းကျင်း ပြုံးကာမေးလိုက်သည်။

“ညီမလေးရှစ်... ငါ ဘယ်တုန်းက စိတ်လိုက်မာန်ပါ လုပ်တာ မြင်ဖူးလို့လဲ”

ယန်ပိုင်မေ့ မှင်တက်သွားသည်။ ငယ်စဉ်က အတူတူ ဖြတ်သန်းခဲ့ရသည့် ပုံရိပ်များ သူမအာရုံထဲတွင် ပေါ်လာလေ၏။

အမှန်ပင်။ သူမ အစ်မကြီးသည် မည်သည့်အခါမျှ မစဉ်းစားမဆင်ခြင်ဘဲ လုပ်တတ်သူ မဟုတ်ပေ။ သူမ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ သေချာတွက်ချက်ပြီးသား ဖြစ်ပြီး အစီအစဉ်မရှိဘဲ ဘာမှလုပ်လေ့မရှိပေ။

“ဒါဆို အစ်မကြီးက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ ရည်ရွယ်ထားတာလဲ”

ချန်ကျင်းကျင်း အေးအေးလူလူပင် ဆိုလိုက်သည်။

“ဒီလို အသေးအဖွဲ ကိစ္စမျိုးကိုတော့ မြောင်တောင်ရဲ့ နည်းလမ်းအတိုင်း ဖြေရှင်းရမှာပေါ့”

သူမ စကားအဆုံးတွင် အစွမ်းထက်လှသော အရှိန်အဝါတစ်ခု သူမထံမှ ပေါက်ကွဲထွက်လာပြီး သားရဲရာချီမြို့တော်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားလေ၏။

တစ်ချိန်တည်းမှာပင် မြို့တော်၏ ကောင်းကင်ယံထက်၌ ကြီးမားလှသော စစ်တုရင်ခုံကြီးတစ်ခု ပေါ်ပေါက်လာရာ မြို့အတွင်းရှိ သက်ရှိအားလုံး ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။

လူတိုင်း ခေါင်းမော့ကြည့်ရင်း တုန်လှုပ်ခြောက်ခြားစွာ တိုးတိုးတိတ်တိတ် ရေရွတ်နေကြ၏။

“ဘယ်သူကများ ငါတို့တစ်မြို့လုံးကို စိန်ခေါ်ရဲရတာလဲ... ရူးများ ရူးနေတာလား”

“အစွမ်းနည်းနည်းရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းလို့ ထင်နေတဲ့ လူမိုက်တစ်ယောက် ဖြစ်မှာပါ။ ငါတို့ သားရဲရာချီ မြို့တော်နောက်ကွယ်မှာ အင်အားကြီး ကျောထောက်နောက်ခံတွေ ရှိတာ သူ မသိဘူးထင်တယ်”

…

ကျင့်ကြံသူများက ထိုစစ်တုရင်ခုံကို ဘာမှမဟုတ်သယောင် ထင်မှတ်ထားကြစဉ်မှာပင် နုနယ်လှပသည့် ကျောက်စိမ်းကဲ့သို့ လက်တစ်ဖက် ပေါ်လာပြီး စစ်တုရင်ခုံပေါ်သို့ နယ်ရုပ်တစ်ခု ချလိုက်သည်။

တောက်

ရိုက်ချလိုက်သည့် အသံမှာ ပဲ့တင်ထပ်သွားပြီး စစ်တုရင်ခုံအထက်တွင် ကြီးမားလှသော လက်ဝါးကြီးတစ်ခု ပေါ်လာပြီး မြို့တော်ဝန်အိမ်တော်ဆီသို့ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်၏။

မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် အိမ်တော်အတွင်းမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

“အား”

နာကျင်လှသော ထိုအော်ဟစ်သံမှာ မြို့တစ်မြို့လုံး ပဲ့တင်ထပ်သွားပြီး ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြရသည်။

သူတို့ မြို့တော်ဝန်အိမ်တော်ဆီသို့ လှည့်ကြည့်လိုက်သောအခါ ကျားနတ်ဆိုးတစ်ကောင်မှာ ထိုလက်ဝါးကြီး၏ ဖမ်းဆုပ်ခြင်းကို ခံထားရပြီး လေထဲသို့ မြောက်တက်နေသည်ကို တွေ့လိုက်ရသည်။

ခဏအကြာတွင် ထိုကျားနတ်ဆိုးမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ရိုက်နှက်ခြင်း ခံလိုက်ရ၏။

ဝုန်း

နားကွဲမတတ် အသံကြီးနှင့်အတူ မြို့တော်ဝန်အိမ်တော်အထက်တွင် မှိုပွင့်သဏ္ဌာန် ဖုန်လုံးကြီး တက်လာလေသည်။

ထို့နောက် မြင့်မြတ်သောအသံတစ်ခု ဟိန်းထွက်လာသည်။

“သားရဲရာချီမြို့တော်က အင်အားစုအားလုံးရဲ့ ခေါင်းဆောင်တွေ... အခုချက်ချင်း မြို့တော်ဝန်အိမ်တော်မှာ လာစုကြ။ လာဖို့ ပျက်ကွက်တဲ့သူ ရှိရင်တော့ ငါကိုယ်တိုင် လာဆွဲထုတ်တာကို မကျေမနပ် မဖြစ်ကြနဲ့။ မနေ့ညက နင်တို့အားလုံးရဲ့ အရှိန်အဝါတွေကို ငါ မှတ်ထားပြီးသား”

ထိုမျှ မောက်မာလှသော စကားများကြောင့် ကျင့်ကြံသူများ အသက်ရှူမှားသွားကြသည်။

“ဒါ ဘယ်သူလဲ... တော်တော်လေးကို ရဲတင်းလွန်းတာပဲ”

“ငါတို့ သားရဲရာချီမြို့တော်က ကောင်းကင်ဘုံကိုဒေါသထွက်အောင် ဘာမှ မလုပ်ထားပါဘူး”

သူတို့ စကားမဆုံးမီ ထိုအသံက တစ်ဖန် ထွက်လာပြန်သည်။

“ဒါနဲ့... နင်တို့နောက်ကွယ်က အင်အားစုတွေကိုလည်း လှမ်းခေါ်ချင် ခေါ်နိုင်တယ်။ ငါ ဂရုမစိုက်ဘူး”

ထောင်လွှားလိုက်လေခြင်း။ လုံးဝကို မောက်မာလွန်းလှသည်။

ထိုမိန်းကလေးသည် မြို့အတွင်းရှိ ကျင့်ကြံသူများကို မျက်စိထဲပင် မထည့်ချေ။

သူမသည် မြင့်မြတ်နယ်မြေ တစ်ခုမှ လာသူဖြစ်နေနိုင်သော်လည်း သူတို့ဂုဏ်သိက္ခာကို ဤသို့ နင်းခြေရဲသည်မှာ အလွန်ပင် မောက်မာလွန်းလှ၏။

သူတို့ စိတ်ထဲတွင် ဒေါသထွက်နေကြသော်လည်း မည်သူမျှ ဘာမှမလုပ်ရဲကြပေ။

စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်သည့် မြို့တော်ဝန်ကိုယ်တိုင်ပင် ကြက်ကလေးတစ်ကောင်လို အဖမ်းခံရပြီး ရိုက်နှက်ခံလိုက်ရလေသည်။

သူတို့လို ငါးစာလေးများက သေမည့်နေ့ကို စောင့်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

ရှစ်မျက်နှာတည်းခိုခန်းအတွင်း၌..

ယန်ပိုင်မေ့သည် သူမ၏ အစ်မကြီးကို အံ့အားသင့်စွာ ကြည့်နေမိသည်။ “အစ်မကြီး... အစ်မကြီးက တကယ်ကို သန်မာတာပဲ”

ချန်ကျင်းကျင်း ပြုံးရွှင်စွာ ပြောလိုက်သည်။

“ဒါက ဘာမှမဟုတ်သေးဘူး။ ငါ့ရဲ့ ပထမစီနီယာအစ်ကိုနဲ့ ဒုတိယစီနီယာအစ်ကိုတို့ဆိုရင် တကယ့်ကို အစွမ်းထက်တာ။ လာ... ဒီနေ့ပဲ ဒီကိစ္စကို အပြတ်ဖြတ်ကြစို့”

ယန်ပိုင်မေ့သည် စိတ်လှုပ်ရှားမှုထဲတွင် နစ်မသွားဘဲ သတိကြီးစွာ ပြောလိုက်သည်။

“ဒါပေမဲ့ အစ်မကြီး... မြို့တော်ဝန်အိမ်တော်မှာ ကျောထောက်နောက်ခံ အင်အားစုကြီးတွေ ရှိတယ်။ ကျွန်မတို့ လူနည်းနည်းလေးနဲ့ ရပါ့မလား”

ထိုအချိန်အထိ တိတ်ဆိတ်နေသော ပိုင်ကျင်းက ဝင်ပြောလိုက်သည်။

“သူ့နောက်ကွယ်ကလူတွေ ဘယ်လောက်ခေါ်ခေါ် အလကားပဲ။ နတ်ဆိုးတစ်သောင်းတောင်တန်း နယ်မြေမှာ ငါ့ကျောထောက်နောက်ခံကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး”

ယန်ပိုင်မေ့ “...”

‘အစ်မကြီးရဲ့ ဂျူနီယာလေးက ပိုတောင် မောက်မာနေပါလား။ သူက အသက် (၁၂) နှစ်အရွယ် မိန်းကလေးလေးပဲ ရှိသေးတာကို’

ချန်ကျင်းကျင်း သူမ၏ အတွေးများကို ရိပ်မိသွားပြီး ရယ်မောလိုက်သည်။

“ဂျူနီယာညီမလေးပိုင် ပြောတာ မှန်တယ်။ ကျောထောက်နောက်ခံ အကြောင်းပြောကြေးဆိုရင်တော့ ငါတို့ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး”

“ဒုတိယအစ်ကိုတို့ဆီ သတင်းသွားပို့ရမလား”

ယန်ပိုင်မေ့ ထပ်မံမေးမြန်းသည်။

“ဒုက္ခခံမနေပါနဲ့တော့”

ချန်ကျင်းကျင်း ဆိုသည်။

“မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ ရှေ့က ဖြတ်သွားရင် သူတို့ကို တစ်ခါတည်း ခေါ်သွားလိုက်မယ်”

“ကောင်းပါပြီ”

ယန်ပိုင်မေ့ တစ်ယောက် ကြောင်တောင်တောင် ဖြစ်နေတုန်းမှာပင် သူမ ကိုယ်ခန္ဓာမှာ ပေါ့ပါးသွားပြီး လေထဲသို့ မြောက်တက်သွားသည်ကို ခံစားလိုက်ရလေ၏။

မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့ အတွင်း၌ ယုအားလန်နှင့် ကျောက်ရှောင်ကျို့တို့သည် ယန်ပိုင်မေ့ အပြန်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြ၏။

မြို့တော်အတွင်း စောစောက ဖြစ်ပျက်သွားသည့် ရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် သူတို့ စိတ်မအေးနိုင် ဖြစ်နေကြသည်။

ကျောက်ရှောင်ကျို့မှာ စိတ်မရှည်တော့ဘဲ အပြင်သို့ ထွက်ရန် ပြင်ဆင်နေစဉ်မှာပင် သူတို့ခေါင်းပေါ်သို့ တိမ်တိုက်တစ်ခု လွင့်မျောလာ၏။

သူတို့ တုံ့ပြန်ရန် ပြင်လိုက်စဥ်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝါးသွားပြီး နောက်တစ်စက္ကန့်တွင် သူတို့ ထိုတိမ်တိုက်ပေါ်၌ မတ်တပ်ရပ်လျက်သား ရောက်ရှိနေသည်ကို တွေ့လိုက်ရတော့သည်။

“ယုအားလန်၊ ရှောင်ကျို့... ဒါ ဘာဖြစ်နေတာလဲ။ ငါ့ကို မကြိုဆိုကြဘူးလား”

သူစိမ်းတစ်ယောက်၏ အသံကြောင့် လူနှစ်ယောက်မှာ မှင်တက်နေရာမှ နိုးကြားလာသည်။ ရှေ့သို့ သေချာကြည့်လိုက်သောအခါ ရင်းနှီးလှသည့် မျက်နှာတစ်ခုကို မြင်လိုက်ရလေ၏။

“အစ်မကြီး”

နှစ်ယောက်သား ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

ချန်ချန်းချန်း ပြုံး၍ ဆိုလိုက်သည်။

“နင်တို့ နှစ်ယောက် ငါ့ကို မှတ်မိသေးတာပဲဆိုတော့ အရင်က ကိစ္စတွေကို ငါ မပြောတော့ပါဘူး။ အခုတော့ မြို့တော်ဝန်အိမ်တော်ကို သွားကြစို့”

သူတို့ မသိစိတ်ဖြင့် လှမ်းမေးမိမည်။

“အစ်မကြီး... စောစောက မြို့ထဲမှာ ဖြစ်သွားတဲ့ ရုတ်ရုတ်သဲသဲတွေက အစ်မကြီး လက်ချက်လား”

ချန်ကျင်းကျင်းက ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်။ မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ငါ သိပြီးသားပါ။ ငါ ဒီမှာရှိနေသရွေ့ ဘယ်သူမှ နင်တို့ကို မထိစေရဘူး”

သူတို့ ထပ်မံစကားမပြောရသေးမီမှာပင် တိမ်တိုက်သည် မြို့တော်ဝန်အိမ်တော် အထက်သို့ ရောက်ရှိသွား၏။

အိမ်တော်အတွင်း၌ ကာကွယ်ရေးများကို တင်းကျပ်စွာချထားလေ၏။ စစ်သည်များမှာ လက်နက်များကို တင်းတင်းဆုပ်ကိုင်လျက် ကောင်းကင်ပေါ်မှ တိမ်တိုက်ကို စူးစိုက်ကြည့်နေကြသည်။

ထိုတိမ်တိုက်ပေါ်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး သုံးဦး ဆင်းသက်လာလေ၏။

“အဲ့... အဲ့ဒီမှာတင်ရပ်လိုက်”

အခြားသူများထက် ပို၍ သတ္တိရှိသော စစ်သည်တစ်ဦး အားယူ၍ အော်ပြောလိုက်သည်။

ချန်ကျင်းကျင်းကမူ သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်၏။

“မြို့တော်ဝန်... ဘာလို့ ထွက်ပြီး မကြိုဆိုတာလဲ။ ဒါမှမဟုတ် ထပ်ပြီး အရှက်ကွဲချင်သေးလို့လား”

အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် ကျားနတ်ဆိုးတစ်ကောင် ဓားကို ကိုင်စွဲလျက် ထွက်လာလေ၏။

သို့သော် သူ၏ အကြည့်မှာ ချန်ကျင်းကျင်းနှင့် သူမ အဖော်များအပေါ် ကျရောက်သွားသောအခါ သူအရှိန်အဝါမှာ လျော့နည်းသွားသည်။

သူ အံတင်းတင်းကြိတ်ကာ ‌မေးလိုက်၏။

“အရှင်... ကျွန်တော်က အရှင်နဲ့ ဘာမှ အငြိုးအတေး မရှိပါဘူး။ ဘာဖြစ်လို့ အကြောင်းပြချက် မရှိဘဲ ကျွန်တော့်ကို တိုက်ခိုက်ရတာလဲ”

ချန်ကျင်းကျင်း ပြုံးလိုက်သည်။

“မှန်ပါတယ်... နင် ငါတို့ကို ဘာမှ မစော်ကားခဲ့ပါဘူး။ မဟုတ်ရင် နင့်အသက်တောင် ကျန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နင့်ရဲ့ မြို့တော်ဝန်အိမ်တော်က ငါ့ရဲ့ အငယ်လေးတွေအပေါ် အခွင့်ကောင်းယူပြီး သူတို့ကို စိတ်ဆင်းရဲအောင် လုပ်ခဲ့တာမို့လို့ အပြစ်ပေးတဲ့အနေနဲ့ နည်းနည်း ဆုံးမလိုက်တာပါ။ ဒါက မျှတတယ် မဟုတ်လား”

သူမ ဆရာ သင်ကြားပေးခဲ့သည့် ကျိုးကြောင်းပြရမည်ဆိုသည့် စကားကို သူမ မှတ်မိနေဆဲပင်။

သို့သော် တစ်ဖက်လူမှာ ကျိုးကြောင်းပြသည်ကို မလိုချင်ဘူးဆိုရင်တော့ သူမ ပြင်းပြင်းထန်ထန် ရိုက်နှက်ရုံသာ ရှိတော့၏။

မြို့တော်ဝန်ကျားသခင်မှာ တုံ့ဆိုင်းသွားပြီးနောက် သတိကြီးစွာဖြင့် မေးလိုက်သည်။

“မေးပါရစေ... အရှင်ရဲ့ ဆွေမျိုးတွေက ဘယ်အင်အားစုကလဲခင်ဗျာ”

“မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့”

ချန်ကျင်းကျင်း၏ အပြုံးမှာ ပို၍ ကျယ်ပြန့်လာခဲ့၏။

“ဘာ”

စိုးရိမ်စရာ အမည်ကို ကြားလိုက်ရသဖြင့် မြို့တော်ဝန်ကျားသခင်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထိုခဏတာ ပြောင်းလဲမှုသည် ချန်ကျင်းကျင်း၏မျက်လုံးများမှ လွတ်မသွားပေ။ သူမ အပြုံးများ ပျောက်ကွယ်သွားပြီး လေသံမှာ ပြတ်သားသွားသည်။

“ကျားလေး... တာဝန်ကနေ ရှောင်လွှဲဖို့ မစဉ်းစားနဲ့။ မင်းတို့ မျိုးနွယ်စုက ဘုရင်အဆင့် ကျွမ်းကျင်သူ ရောက်လာရင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”

“တော်တော် မောက်မာတာပဲ”

ကျားမြို့တော်ဝန်သည် သားရဲရာချီမြို့တော်တွင် ဆယ်စုနှစ်ပေါင်းများစွာ စိုးစံခဲ့သူဖြစ်ရာ ဤသို့သော အရှက်ခွဲမှုကို တစ်ခါမျှ မခံခဲ့ဖူးပေ။ သူ့အတွင်း၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပွက်လောရိုက်လာလေ၏။

သို့သော် သူမလက်ထဲရှိ စစ်တုရင် နယ်ရုပ်ကို မြင်လိုက်ရသောအခါ ပြောထွက်လုနီးပါး ဖြစ်နေသော စကားများမှာ ချက်ချင်း ပြောင်းလဲသွားသည်။

“ခင်ဗျား ပြောတာ မှန်ပါတယ်။ ကျွန်တော့်မှာ အပြစ်ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော့်လို စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ရှိတဲ့သူတစ်ယောက် ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ပါဘူး”

ချန်ကျင်းကျင်း တည်ငြိမ်စွာပင် ဆိုသည်။

“ဒါဆိုရင် ဆုံးဖြတ်နိုင်မဲ့သူကို ခေါ်လိုက်ပေါ့။ အခုလောလောဆယ်တော့ ငါတို့ ညီအစ်မတွေ မင်းရဲ့ အိမ်တော်မှာပဲ ခဏ တည်းနေမယ်။ ဒုတိယအစ်ကို... မိုင်ထောင်ချီကုန်သွယ်ရေးကုမ္ပဏီက ရတနာဆိုတာကို သွားယူလိုက်ပါဦး။ ဒီကြောင်ကလေးကို တစ်ချက်လောက် ပြလိုက်ရအောင်”

ယုအားလန်မှာ မျက်တောင်တခတ်ခတ် ဖြစ်သွားပြီးမှ ပြာပြာသလဲဆိုလိုက်သည်။

“အာ... ကောင်းပါပြီ။ ကျွန်တော် အခု သွားယူလိုက်မယ်။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း သွားရင် အန္တရာယ် ရှိမလားလို့”

ချန်ကျင်းကျင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“သားရဲရာချီမြို့တော်တစ်ခုလုံးက ငါ့ရဲ့ မိုးမြေစစ်တုရင်ခုံ ထဲမှာပဲ ရှိနေတာ။ မင်းကို တစ်ခုခု လုပ်ရဲတဲ့သူ ရှိရင် ငါ နယ်ရုပ်တစ်ရုပ်နဲ့တင် သူတို့ကို အစပျောက်အောင် လုပ်ပစ်မယ်”

“အစ်မကြီး... အစ်မကြီးက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ”

ယခုတော့ ကျောထောက်နောက်ခံ ရှိသွားပြီဖြစ်ရာ ယုအားလန်မှာ ကျားမြို့တော်ဝန်ကို လှည့်ပင်မကြည့်တော့ဘဲ လှည့်ထွက်သွားလေ၏။

ခဏအကြာတွင် သူ အိမ်တော်သို့ ပြန်ရောက်လာသည်။

ယခုအခါ အိမ်တော်အတွင်း၌ လူများဖြင့် ပြည့်နှက်နေခဲ့သည်။

သားရဲရာချီမြို့တော်ရှိ အင်အားစု အသီးသီးမှ ခေါင်းဆောင်များ အားလုံး ရောက်နေကြခြင်းပင်။

သို့သော်လည်း သူတို့မှာ ယခင်ကကဲ့သို့ ဝင့်ကြွားနေသည့် ဟန်ပန်များ မရှိတော့ပေ။ ယခုအခါတွင် သူတို့ ဒေါသများကို အောင့်အည်းထားရင်း ဘာမှမပြောရဲဘဲ ကြောက်ရွံ့နေသည့် ဇနီးသည်များပမာ ငြိမ်ကုပ်နေကြလေ၏။

ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့မှာ ထိပ်ဆုံးနေရာတွင် အေးအေးလူလူ ထိုင်ရင်း လက်ဖက်ရည် သောက်နေကြပြီး မြို့တော်ဝန်ကျားသခင်မှာ သူတို့အတွက် လက်ဖက်ရည်ကို တုန်တုန်ရီရီဖြင့် ငှဲ့ပေးနေရရှာသည်။

ယုအားလန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လက်ဖက်ရည် တစ်ဝက်သောက်စာလောက်ကြာအောင် မှင်တက်နေမိလေ၏။ ထို့နောက် သတိပြန်ဝင်လာပြီး အော်ပြောလိုက်သည်။

“အစ်မကြီး... ကျွန်တော် ပစ္စည်း ယူလာပြီ”

တစ်ခဏချင်း ဝင်းအတွင်းရှိ အကြည့်အားလုံးမှာ သူ့ဆီသို့ ကျရောက်သွားတော့သည်။

All Chapters