← Chapters

အခန်း (၄၃၉)

Vol. 44 Ch. 439

အခန်း (၄၃၉)

Vol. 44 Ch. 439

အခန်း (၄၃၉)

ဓားပညာကျောင်းတော် လူအုပ်ကြီးကြားမှ ဆံပင်ဖားလျားနှင့် အဘိုးအိုတစ်ဦးသည် ပါရမီရှင်ရှောင်နှင့် သူ့အဖော်များရှေ့တွင် ခက်ထန်စွာ မတ်တပ်ရပ်လိုက်သည်။

သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း တင်းကြပ်ပြီး ရှေးရိုးစွဲဆန်လှ၏။ ထိုနေရာတွင် မတ်တပ်ရပ်နေရုံမျှဖြင့် သူတစ်ပါးကို လမ်းပိတ်ထားသည့် မြင့်မားလှသော တောင်ကြီးတစ်လုံးကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။

ဤသည်ကို မြင်သောအခါ ဓားပညာကျောင်းတော်၏ ကျောင်းအုပ်ကြီး အလျင်အစလို ပြောလိုက်သည်။

“အကြီးအကဲခူ ပါရမီရှင်ရှောင်က ငါတို့ဝမ်တောက်ကျောင်းတော်က တပည့်ပဲ၊ အပြင်လူမှ မဟုတ်တာ။ စည်းမျဉ်းတွေကို ထည့်ပြောနေဖို့ မလိုပါဘူး”

သို့သော်လည်း အကြီးအကဲခူ အလျှော့မပေးဘဲ ဆက်ပြောသည်။

“ကျောင်းအုပ်ကြီး စည်းမျဉ်းတွေကိုတော့ ဖျက်ဆီးလို့မရဘူးလေ။ သူတို့ တောင်ပေါ်ကို ဓားမပါဘဲ တက်ရင်တော့ တစ်မျိုးပေါ့”

ထိုစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူများမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ ဘာမှမပြောကြသော်လည်း သူတို့ခန္ဓာကိုယ်များမှာ မသိစိတ်အရ အကြီးအကဲခူဘက်သို့ ယိမ်းယိုင်သွားကြ၏။

ရှောင်ချန်းက ဒေါသ မထွက်သည့်အပြင် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဓားပညာကျောင်းတော်မှာ သူ့စည်းမျဉ်းနဲ့သူ ရှိနေမှတော့ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်တစ်ယောက်အနေနဲ့ ကျွန်တော်လည်း မဖောက်ဖျက်ပါဘူး။ စီနီယာ ခင်ဗျားတို့ရဲ့ စည်းမျဉ်းကို ရှင်းပြပေးပါဦး”

“ကောင်းပြီလေ”

ကျောင်းအုပ်ကြီး ပြောလိုက်သည်။

“ငါတို့ဓားပညာကျောင်းတော်ရဲ့ စည်းမျဉ်းက တောင်ပေါ်ကို ဓားနဲ့တက်ချင်တဲ့သူတွေဟာ ဓားဆယ်လက်အစီအရင်ကို ဖြတ်ကျော်ရမယ်။ မဖြတ်ကျော်နိုင်ရင်တော့ ဓားကို ချန်ထားခဲ့ရမယ်။ ဒါက လာရောက်လည်ပတ်တဲ့ ကျင့်ကြံသူတွေကြားထဲမှာ အငြင်းပွားမှုတွေဖြစ်ပြီး ဘေးဒုက္ခကြီးတွေ ကြုံရမှာကို ကာကွယ်ဖို့ပဲ”

ရှောင်ချန်း ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

“ဒါဆိုရင်တော့ စည်းမျဉ်းအတိုင်း သွားကြတာပေါ့”

သူ့စကား ဆုံးသည်နှင့် ကျောင်းတော်မှ အရှင်ဘွဲ့ခံ လူဆယ်ဦးမှာ လက်ထဲတွင် ဓားရှည်များကို ကိုင်ဆောင်ကာ ရှေ့သို့ လှမ်းထွက်လာကြ၏။

သူတို့သည် ဓားကို မဆွဲထုတ်ရသေးသော်လည်း ခန္ဓာကိုယ်မှ ဓားဆန္ဒများမှာ အပြင်သို့ ဖြာထွက်နေ၏။

သူတို့ထဲမှ တစ်ဦးချင်းစီသည် ဓားဆန္ဒကြီးမားသော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြပြီး သူတို့နောက်ကွယ်တွင် ဓားစိတ်ဆန္ဒ သက်သက်ဖြင့် ဖွဲ့စည်းထားသော ဓားတစ်စင်းစီ ရှိနေကြ၏။

အကြည့်များသည် ရှောင်ချန်းထံသို့ ကျရောက်သွားပြီး ဘွဲ့ထူးခံအရှင်ဆယ်ဦး တပြိုင်နက်တည်း ပြောလိုက်ကြသည်။

“မြင့်မြတ်သားတော်ရှောင် ကျွန်တော်တို့ကို လမ်းညွှန်ပြသပေးပါ”

ကျန်ရှိနေသော ဓားပညာကျောင်းတော် တပည့်၏ မျက်နှာတွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်နေသည့် အမူအရာများ ရှိနေကြသည်။

ကျောင်းအုပ်ကြီး ထပ်လောင်း၍ ဆိုလိုက်၏။

“တူလေးရှောင် ငါတို့အ ဓားဆယ်လက်အစီအရင်က အဆင့်တူတွေထဲမှာတော့ ပြိုင်ဘက်ကင်းပဲ။ မဟာပဏ္ဍိတအဆင့် အောက်က ဘယ်သူမှ မဖျက်ဆီးနိုင်ဘူး။ ဓားကို ချန်ထားခဲ့ဖို့ အခုထိ မနောက်ကျသေးပါဘူး”

သူ ဤသို့ပြောနေသော်လည်း စိတ်ထဲတွင်မူ စူးစမ်းလိုစိတ်များ ပြည့်နှက်နေ၏။

ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော် မည်မျှအထိ သန်မာသည်ကို သူ တကယ်ပင် မြင်တွေ့ချင်နေမိသည်။

“အဆင့်တူတွေထဲမှာ ပြိုင်ဘက်မရှိဘူး ဟုတ်လား။ စိတ်ဝင်စားဖို့ကောင်းသားပဲ”

ရှောင်ချန်း တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူ့လေသံက ပြောင်းလဲသွား၏။

“ဒါပေမဲ့ ဒီလောက်ပဲဆိုရင်တော့ ဓားဆယ်လက်အစီအရင်ကို စိန်ခေါ်နေဖို့ မလိုတော့ပါဘူး”

သူ့စကား မဆုံးသေးမီမှာပင် ဘေးနားမှ ဓားအမွေခံက နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။

“ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်က အများကြီး ပိုပြီး သန်မာလိမ့်မယ်လို့ ငါထင်နေတာ။ အခုတော့လည်း ဒီလောက်ပဲကို”

ပတ်ဝန်းကျင်ရှိ အကြီးအကဲများမှာမူ နှုတ်ဆိတ်နေကြသော်လည်း သူတို့မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေ၏။

အရှင်ဆယ်ဦးကလည်း တပြိုင်နက်တည်း ပြောဆိုလိုက်သည်။

“ဒီလိုဖြစ်မှတော့ မြင့်မြတ်သားတော်ရှောင်... မင်းရဲ့ဓားကို ချလိုက်ပါတော့”

ရှောင်ချန်း ပြုံးလျက်ပင် ပြန်လည်ဖြေကြားလိုက်သည်။

“ခင်ဗျားတို့ နားလည်မှု လွဲနေပြီ။ ကျွန်တော် ဆိုလိုတာက။ တိုက်ခိုက်ကြမယ်ဆိုရင် ဓားတာအို မဟာပဏ္ဍိတ တစ်ယောက်ယောက်ကိုပဲ ထွက်လာခိုင်းလိုက်ပါ။ ခင်ဗျားတို့ ဆယ်ယောက်လုံး ပေါင်းရင်တောင် ကျွန်တော့်ရဲ့ တိုက်ကွက်တစ်ကွက်ကို တောင့်ခံနိုင်မှာ မဟုတ်ဘူး”

သူ့စကားလုံးများသည် တစ်ခဏချင်းမှာပင် လူထုကို ဆူညံပွက်လောရိုက်သွားစေ၏။

အရှင်ဆယ်ဦးမှာ အလွန်အမင်း ဒေါသထွက်သွားကြပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြတော့သည်။

“မြင့်မြတ်သားတော်ရှောင် မင်းက ဝမ်တောက်ကျောင်းတော်က လာတာဆိုပေမဲ့ ဓားဒေသဟာ ဓားကျင့်ကြံသူတွေရဲ့ စစ်မှန်တဲ့ နယ်မြေဆိုတာ သိထားသင့်တယ်။ မင်း ရွှန်ထျန်းဒေသမှာ ပြိုင်ဘက်ကင်း ဖြစ်နေနိုင်ပေမဲ့ ဒီမှာတော့ အသန်မာဆုံး ဖြစ်ချင်မှ ဖြစ်မှာ”

“မြင့်မြတ်သားတော်ရှောင် မင်း ဒီလောက်အထိ ယုံကြည်မှုရှိနေရင် ငါတို့ရဲ့အစီအရင်ကို ဘာလို့ မစိန်ခေါ်ရဲတာလဲ။ ဒါမှမဟုတ် မင်း ကြောက်နေတာလား”

“…”

ဓားအမွေခံကပင် ထပ်မံ၍ စကားဆိုပြန်သည်။

“စီနီယာအစ်ကို... မင်းက တကယ်ပဲ အဲဒီလောက်အထိ သန်မာနေရင် ဓားပညာကို သင်ယူဖို့ ဓားဒေသဆီ ဘာလို့ လာနေဦးမှာလဲ”

ယခင်က နွေးထွေးပျူငှာခဲ့သော ကျောင်းအုပ်အိုကြီး၏ မျက်နှာသည်လည်း ယခုတော့ မကျေမနပ်ဖြစ်သွားဟန် ဖြစ်သွား၏။

သူ့မျက်နှာ တင်းမာသွားသည်။

“မြင့်မြတ်သားတော်ရှောင် ဓားဒေသဆိုတာ ကြွားဝါရမဲ့ နေရာမဟုတ်ဘူး။ မင်း တကယ်ပဲ စွမ်းဆောင်နိုင်တယ်ဆိုရင် ငါတို့တွေကို သက်သေပြလိုက်ပါ”

ရှောင်ချန်း၏ မျက်နှာမှ အပြုံးများမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အရှိန်အဝါသည် လုံးဝ ပြောင်းလဲသွားတော့၏။

ထိုနေရာတွင် မတ်တပ်ရပ်နေရုံမျှဖြင့်ပင် သူသည် လောကရှိ သူရဲကောင်းအားလုံးကို ငုံ့မိုးကြည့်နေသည့် ပြိုင်ဘက်ကင်းဓားသမားကြီးတစ်ဦးကဲ့သို့ပင်။

သူ လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော် ဒီနေရာမှာပဲ ရပ်နေမယ်။ ခင်ဗျားတို့ထဲက ဘယ်သူက ကျွန်တော့်ကို ဓားနဲ့ရွယ်ရဲလဲ”

သူ့စကား ဆုံးသည်နှင့် ပြိုင်ဘက်ကင်းဓားလမ်းစဉ်၏ တာအိုအနှစ်သာရမှာ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး နောက်ကွယ်တွင် နတ်ဘုရားဓားဖြစ်တည်မှုပုံရိပ် တစ်ခု ပေါ်ထွက်လာသည်။

ဘွဲ့ထူးခံအရှင် ဆယ်ဦး တုန်လှုပ်သွားကြပြီး သူတို့လက်ထဲမှ ဓားများသည်လည်း တုန်ခါလာကြ၏။

ချလွင်

ကျယ်လောင်လှသော ဓားမြည်သံနှင့်အတူ သူတို့ဓားများသည် ဓားအိမ်များထဲမှ ပျံထွက်သွားကြပြီး မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။

“ဓားလမ်းစဉ်ရဲ့ တာအိုအနှစ်သာရ”

ဓားပညာကျောင်းတော်မှ ကျင့်ကြံသူများသည် အသိအမြင်မရှိသူများ မဟုတ်ကြချေ။ ရှောင်ချန်း၏ နောက်ကွယ်မှ နတ်ဘုရားဓားဖြစ်တည်မှုပုံရိပ်ကို မြင်လိုက်ရသောအခါ သူတို့ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိကြသည်။

ဓားအမွေခံမှာ မသိစိတ်အရ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ အရှင်အဆင့်ပဲ ရှိသေးတာကို ဓားလမ်းစဉ် တာအိုအနှစ်သာရကို ဘယ်လိုလုပ်ပြီး နားလည်သဘောပေါက်ထားတာလဲ”

ထိုအခိုက်တွင် ရင်းနှီးသော အသံတစ်သံက အသက်ရှူကျပ်မတတ် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

“တူလေးရှောင်ရဲ့ ဓားလမ်းစဉ်က အတုမရှိပါပေတယ်။ ဒီအဘိုးကြီးကို မင်းရဲ့ ဓားလမ်းစဉ် တာအိုအနှစ်သာရကို စမ်းသပ်ခွင့်ပြုပါ”

ထိုအသံနှင့်အတူ အကြီးအကဲခူမှာ လူအုပ်ထဲမှ လှမ်းထွက်လာပြီး ရှောင်ချန်းထံသို့ လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

ရှောင်ချန်းက သူ့ကိုကြည့်ပြီး ပြုံးလိုက်၏။

“စီနီယာက စိတ်ဝင်စားတယ်ဆိုမှတော့ ကျွန်တော်တို့တွေ တိုက်ကွက်အနည်းငယ် ဖလှယ်ကြတာပေါ့။ ကြွပါ”

“ကြွပါ”

အကြီးအကဲခူသည် ရှောင်ချန်း၏ ဓားလမ်းစဉ် တာအိုအနှစ်သာရ ထွက်ပေါ်လာခြင်းကို မြင်သော်လည်း မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိချေ။

သူ့မျက်နှာသည် ယခင်ကကဲ့သို့ တင်းမာပြီး လေးနက်နေဆဲပင်။

ရှောင်ချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

“ဒီမှာ လူတွေ သိပ်များတယ်။ ကျွန်တော်တို့ မြေပြင်ပေါ်မှာ တိုက်ရင် တစ်ယောက်ယောက် ထိခိုက်သွားနိုင်တယ်။ ကောင်းကင်ပေါ်မှာပဲ တိုက်ကြရအောင်”

“ငါလည်း အဲဒီလိုပဲ စဉ်းစားထားတာ”

အကြီးအကဲခူ ပြန်ဖြေလိုက်သည်။

သူ့စကား ဆုံးသည်နှင့် သူတို့နှစ်ဦးစလုံး ကောင်းကင်ယံသို့ ပျံတက်သွားကြတော့လေ၏။

ချလွင်

နှစ်ဦးစလုံးသည် တပြိုင်နက်တည်းမှာပင် ရတနာဓားများကို ဆွဲထုတ်လိုက်ကြသည်။

အကြီးအကဲခူ တည်ငြိမ်စွာ ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်နှစ်ရာက ဒီအဘိုးကြီး မဟာပဏ္ဍိတအဆင့်ကို တက်နိုင်ခဲ့တယ်။ ငါ ဓားလမ်းစဉ် တာအိုအနှစ်သာရ လေးခု ကို နားလည်ထားတယ်။ ငါကျင့်ကြံတာက ခြောက်သွေသစ်ပင်ဓားတာအိုပဲ။ ဓားတစ်ချက်တည်းနဲ့ အရာအားလုံးကို ညှိုးနွမ်းစေနိုင်တယ်”

ဤသည်မှာ အသေအလဲ တိုက်ခိုက်ရမည့် ပွဲမဟုတ်သည့်အပြင် နှစ်ဦးစလုံးသည် တစ်ဖွဲ့တည်းမှ ဖြစ်ကြရာ တိုက်ပွဲမစမီ ယဉ်ကျေးစွာ စကားဖလှယ်ခြင်းသည် သဘာဝကျ၏။

ရှောင်ချန်း ပြုံးလိုက်သည်။

“ကျွန်တော်ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ နီဗားနားရှင်သန်ခြင်းအဆင့်ကို တက်ထားတာ။ ကျွန်တော် လျှောက်တဲ့တာအိုက ပြိုင်ဘက်ကင်းဓားတာအိုပါ။ အခုတော့ ဓားလမ်းစဉ် တာအိုအနှစ်သာရ ငါးခုကို နားလည်သဘောပေါက်ထားတယ်”

ဤစကားကို ကြားလိုက်ရသောအခါ ဓားသယ်ဆောင်ခြင်းတောင်ထိပ်ရှိ လူတိုင်း အသက်ရှူရပ်မတတ် တုန်လှုပ်သွားကြသည်။

ဓားအမွေခံသည် ကျောင်းအုပ်ကြီးအနားသို့ တိုးသွားပြီး တိုးညှင်းစွာ မေးလိုက်သည်။

“ဆရာ ဦးလေးခူမု အဆင်ပြေပါ့မလား”

ကျောင်းအုပ်ကြီး၏ မျက်နှာအမူအရာမှာ လေးနက်သွားသည်။

“ပြောရခက်တယ်။ ညီငယ်ခူမုရဲ့ ကျင့်ကြံခြင်းက တူလေးရှောင်ထက် မြင့်မားပေမဲ့ ဓားတာအို လမ်းစဉ်ပေါ်က တိုးတက်မှုကတော့ အဲ့လောက် မနက်ရှိုင်းဘူး။ သူ နိုင်ရင်တောင်မှ အနိုင်ရရုံသက်သက် အထိနာတဲ့ အောင်ပွဲမျိုးပဲ ဖြစ်လိမ့်မယ်”

သူတို့ စကားပြောနေကြစဉ် အကြီးအကဲခူနှင့် ရှောင်ချန်းတို့၏ အရှိန်အဝါများသည် ဓားပညာကျောင်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ကျောင်းတော်တစ်ခုလုံးရှိ တပည့်များမှာ သူတို့အလုပ်များကို ရပ်တန့်လိုက်ကြပြီး ကောင်းကင်ယံမှ ပုံရိပ်နှစ်ခုကို မော်ကြည့်လိုက်ကြ၏။

“အကြီးအကဲခူကို စိန်ခေါ်ရဲတဲ့လူက ဘယ်သူလဲ”

“သူက ရွှမ်ထျန်းဓားဂိုဏ်းက မဟာပဏ္ဍိတတစ်ယောက် ဖြစ်နိုင်မလား”

“…”

ဓားသယ်ဆောင်ခြင်းတောင်ထိပ်သည် တိတ်ဆိတ်သွားသည်။

ကျင့်ကြံသူတိုင်းသည် အသက်ကိုအောင့်ကာ တိုက်ပွဲကို အာရုံစိုက်၍ ကြည့်ရှုနေကြ၏။

ဓားဒေသမှ ကျင့်ကြံသူများမှာ အငြင်းပွားမှုများ ဓားဖြင့်သာ ဖြေရှင်းလေ့ရှိကြသော်လည်း မဟာပဏ္ဍိတများအကြား တိုက်ပွဲမှာသည် လူအများအတွက် ရှားပါးလှသော သင်ယူမှု အခွင့်အလမ်းတစ်ခု ဖြစ်နေဆဲပင်။

လေပြင်းတစ်ချက် ဖြတ်တိုက်သွားသည်။

၎င်းသည် မအေးစက်သော်လည်း အကြီးအကဲခူ၏ တည်ငြိမ်နေသော စိတ်နှလုံးကို လှုပ်ခတ်သွားစေ၏။

သူ ဓားကို ရှေ့သို့ ထိုးနှက်လိုက်သည်။

“ညှိုးနွမ်းခြင်း ဓားတစ်ချက်”

ချလွင်

စူးရှသော ဓားမြည်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံတစ်ဝက်ကို ဖြတ်သန်းသွားသည်။

ဓားအလင်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အရာအားလုံးသည် ညှိုးနွမ်းသွားပြီး ၎င်း၏ တောက်ပမှုတစ်ခုတည်းကပင် စိတ်နှလုံးကို တုန်လှုပ်စေရန် လုံလောက်လှပေသည်။

“ဓားတစ်သောင်းတို့အပြန်”

ရှောင်ချန်း ထိန်းချန်မထားတော့ချေ။ သူ ဓားကို ဆွဲထုတ်ကာ ဝှေ့ယမ်းလိုက်သည်။

တစ်ခဏချင်းမှာပင် ဓားချီများသည် ကောင်းကင်ယံတစ်ခုလုံးကို ပြည့်နှက်သွားတော့၏။

ဘုန်း

နားကွဲမတတ် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။

လူအုပ်ကြီးသည် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု အောက်သို့ ကျဆင်းလာသည်ကို မြင်လိုက်ရလေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူ မည်သူဖြစ်ကြောင်း သူတို့ မှတ်မိသွားကြပြီး အလန့်တကြား အော်ဟစ်လိုက်မိကြသည်။

“အကြီးအကဲခူ”

ကျောင်းအုပ်ကြီး လက်ကိုမြှောက်ကာ ရှေ့သို့ ပြေးသွားလိုသူများကို တားဆီးလိုက်သည်။

ကံကောင်းထောက်မစွာ အကြီးအကဲခူသည် မြေပြင်ပေါ်သို့ မကျရောက်မီ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့ပြီး ဘေးကင်းစွာ ဆင်းသက်နိုင်လိုက်၏။

ထိုသို့ဖြစ်လင့်ကစား သူ အလွန်အမင်း သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိသွားသည်။

သူ့ဝတ်ရုံ စုတ်ပြဲသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့၏။

‘အဟွတ်’

အကြီးအကဲခူ လည်ချောင်းထဲတွင် ချိုမြိန်သော သွေးအရသာတစ်ခု တက်လာသည်ကို ခံစားလိုက်ရပြီး သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ရသည်။

သူ့ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်သွား၏။

သူ ဓားကို မြေပြင်တွင် အမြန်ထောက်ကာ ဟန်ချက်ထိန်းလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ကောင်းကင်တွင် ပျံဝဲနေသော ရှောင်ချန်းထံသို့ လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

“မြင့်မြတ်သားတော်ရှောင်း ကရုဏာသက်ပြီး ညှာတာပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒီအဘိုးကြီး အရှုံးပေးပါတယ်”

All Chapters