အခန်း ၄၂၃
Vol. 43 Ch. 423
အခန်း (၄၂၃)
“လူငယ်လေး မင်းနဲ့ငါ ဓားတာအိုအနှစ်သာရချင်း တိုက်ခိုက်ကြမယ်။ တကယ်လို့ ငါထင်တာ မမှားဘူးဆိုရင် မင်းရဲ့ ဓားတာအိုအနှစ်သာရ နားလည်နိုင်စွမ်းက အဆင့်နှစ်ရောက်နေပြီထင်တယ်”
ဓားနတ်ဆိုးသည် ရှောင်ချန်းကို ဖောက်ထွင်းမြင်ရသည့်အလား ဖြည်းညှင်းစွာ ပြောလာ၏။
“ကောင်းပါပြီ”
ရှောင်းချန် တုံ့ဆိုင်းမနေချေ။ သူ့မျက်နှာပေါ်တွင် နောက်ဆုတ်မည့် လက္ခဏာမပြပေ။
သူ့မျက်လုံးထဲတွင် ပြတ်သားသော တိုက်ခိုက်လိုစိတ်များသာ ပြည့်နှက်နေသည့်အတွက် ဓားနတ်ဆိုးနှင့် လုံကျိုက်ယွမ်တို့ကို အံ့ဩသွားစေသည်။
လုံကျိုက်ယွမ် ရေရွတ်သည်။
“ရူးနေပြီ။ ရှောင်ချန်း မင်းတော့ ရူးသွားပြီ။ မင်း သူတော်စင်တစ်ပါးကို ဘယ်လိုတောင် စော်ကားရဲတာလဲ”
သို့သော် သောင်းပြောင်းပညာရပ်ဌာနမှ လူများသည် ရှောင်ချန်းကို ယုံကြည်ကြသဖြင့် သူတို့ အနည်းငယ်လေးပင် မစိုးရိမ်ချေ။
သူတို့မျက်လုံးထဲတွင် ရှောင်ချန်းသည် အဆင့်တူအတွင်း၌ ပြိုင်ဘက်ကင်းပေ။
“ကောင်းတယ်”
ဓားနတ်ဆိုးသည် စိတ်လှုပ်ရှားစွာ ပြောသည်။
“ရွှမ်ထျန်းတိုက်ကြီးကို ငါနှစ်ပေါင်းများစွာ လှည့်လည်နေခဲ့တာ။ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ဒီလောက်ထိ တာအိုနှလုံးသားခိုင်မာပြတ်သားတဲ့ မင်းလို လူငယ်လေးကို မတွေ့ဖူးဘူး။ ဒီခေတ်ရဲ့ နံပတ်တစ်ပါရမီရှင်ဆိုသူကို ကြည့်ကြည့်တာပေါ့”
သူပြောနေရင်း သူ့အကြည့်များတွင် ဓားတစ်လက်ထွက်ပေါ်လာသည်။
“မင်း ဓားကို ထုတ်လိုက်တော့ လူငယ်လေး”
“စီနီယာ သေချာကြည့်ထားပါ”
ရှောင်ချန်း အင်မော်တယ်ခန္ဓာကိုယ်ကို အသက်မသွင်းသလို ခွန်အားကုန်လည်း ထုတ်မသုံးချေ။ သူ ရတနာဓားကိုသာ မြှောက်ပြီး ရှေ့သို့ ထိုးသွင်းလိုက်၏။
“ဓားတစ်သောင်းတို့အပြန်”
ကလန်
ဓားမြည်သံတစ်ချက် ထွက်လာပြီး လိုဏ်ဂူအတွင်း၌ မရေမတွက်နိုင်သော ဓားများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် မျက်စိတစ်မှိတ်အတွင်း ဓားတစ်လက်အဖြစ် ပေါင်းစည်းသွားပြီး ဓားနတ်ဆိုး၏ ဓားကို ထိုးဖောက်ဝင်ရောက်သွားသည်။
ဘုန်း
ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ဓားအလင်းတန်းတစ်ခု ဓားနတ်ဆိုး၏ မျက်ခုံးကြားသို့ တိုးဝင်သွားတော့သည်။
ဘုန်း
ဓားအလင်းတန်းသည် ဓားနတ်ဆိုး၏ခန္ဓာကိုယ်ကို မထိခင် အစိတ်အစိတ်အမွှာမွှာ ကွဲအက်သွားတော့၏။
“ဒီအဘိုကြီး အရှုံးပေးပါတယ်”
သို့သော် ဓားနတ်ဆိုးမျက်နှာပေါ်တွင် စိတ်ပျက်မှု အရိပ်အယောင်မရှိချေ။ သူ ဆက်ပြောသည်။
“ငါ မင်းဆရာဖြစ်ဖို့ မထိုက်တန်တော့ဘူး။ မင်းဘယ်လိုဓားတာအိုကို ကျင့်ကြံနေလဲဆိုတာ မေးလို့ရမလား”
“စီနီယာ ကျွန်တော်က ပြိုင်ဘက်ကင်းဓားတာအိုကို ကျင့်ကြံတာပါ”
ရှောင်ချန်း ဖုံးကွယ်မထားပေ။
“တကယ့်ကို ပြိုင်ဘက်ကင်းဓားတာအိုပဲ။ ဒါပေမဲ့ ငါခုနက မင်းဓားကွက်ထဲမှာ ဓားနည်းစနစ်တွေ အများကြီး မြင်လိုက်တယ်။ ပြိုင်ဘက်ကင်းဓားဆိုတာ ဓားတစ်လက်တည်းပေါ်မှာပဲ အဆုံးမဲ့အားအင်တွေ စိုက်ထည့်ထားသင့်တာ မဟုတ်ဘူးလား”
ဓားနတ်ဆိုး သူ့သံသယကို မေးသည်။
ရှောင်ချန်း ရှင်းပြလိုက်၏။
“စီနီယာ ကျွန်တော်ဟာက ကောင်းကင်အောက်က ဓားနည်းစနစ်တွေအားလုံးကို ပေါင်းစည်းထားတဲ့ လမ်းစဉ်ပါ။ အဲ့က အနှစ်သာရတွေကို ယူပြီး ပြိုင်ဘက်ကင်းလမ်းစဉ်ကို ထုတ်နှုတ်ခဲ့တာပါ”
ဓားနတ်ဆိုး အသက်ပြင်းပြင်း ရှူလိုက်သည်။
“တကယ်လို့ စီနီယာက ကျွန်တော့်ကို သင်ကြားပေးချင်တယ်ဆိုရင် ကျွန်တော် ဝမ်းမြောက်စွာနဲ့ လက်ခံပေးပါ့မယ်”
၎င်းကို ကြားသောအခါ ဓားနတ်ဆိုး၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ဖုံးဖိမရစွာ ပေါ်လာသည်။
“ကောင်းပြီ။ ဒီနေ့ ငါမင်းကို သတ်ဖြတ်ခြင်းအင်မော်တယ်ဓားတာအိုကို သင်ပေးမယ်။ ဟိုနတ်ဘုရားဓားမြင့်မြတ်နယ်မြေက ဘာမှ မရစေရဘူး။ ပြီးတော့ ငါ့ရတနာတိုက်ကို မင်းကို ပေးခဲ့မယ်”
ရှောင်ချန်း ချက်ချင်း သဘောမတူ ပြန်မေးလိုက်သည်။
“စီနီယာ ဒီဂျူနီယာက ဘာပြန်လုပ်ပေးရမလဲ”
ဓားနတ်ဆိုး ခေါင်းယမ်းလိုက်၏။
“မလိုဘူး။ တကယ်တော့ ဒီလိုဏ်ဂူက ငါ့ကို ချုပ်မထားနိုင်ပါဘူး။ ငါ့ကို ဒီမှာ ဆက်နေချင်အောင် လုပ်တာက မင်းရှေ့က ကျောက်စာတိုင်ပဲ။ ဒီနှစ်တွေတစ်လျှောက် ငါ့ဆန္ဒက တစ်ခုပဲ ရှိတယ်။ ပြိုင်ဘက်ကင်းဓားသမားတစ်ယောက်ကို မွေးထုတ်ပေးချင်တာပဲ”
“ဒါပေမဲ့ မင်းရဲ့ ဓားတာအိုကို ကြားပြီးတော့ ငါ လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်က ကျဉ်းမြောင်းလွန်းတယ်ဆိုတာ နားလည်လိုက်ပြီ။ ငါ လူအိုကြီးကောင်းကင်ဖြိုခွဲကို မနိုင်တာ မအံ့ဩတော့ပါဘူး”
၎င်းကို ကြားလိုက်ရသောအခါ ရှောင်ချန်း သူ့နတ်ဘုရားအာရုံကို ကျောက်စာတိုင်ပေါ် ဖြန့်ကျက်လိုက်၏။ ထိုအပေါ်တွင် ဓားချီဖြင့် စာလုံးများ ရေးသားထားသည်။
ဤနေရာတွင် ဓားသူတော်စင်ကောင်းကင်ဖြိုခွဲ လဲလျောင်းနေသည်။
“စီနီယာက တကယ် ကတိတည်တဲ့ လူတစ်ယောက်ပါ။ ဒီဂျူနီယာ လေးစားပါတယ်”
“မင်း အသင့်ဖြစ်ပြီလား”
ဓားနတ်ဆိုးက မေးလိုက်သည်။
“ကျွန်တော် အဆင့်သင့်ဖြစ်ပါပြီ”
ဓားနတ်ဆိုး၏ မျက်လုံးများထဲတွင် အလင်းဂိတ်တံခါး ဝင်လာသည်။ ၎င်းပွင့်လာသည်နှင့် အတွင်းမှ သိုလှောင်လက်စွပ်ဆယ်ကွင်း ထွက်လာသည်။
“အထဲမှာ ငါအတိတ်ကရတဲ့ ရတနာတွေ ကျင့်စဉ်တွေ ပါတယ်။ တစ်ခုချင်းစီက သူတော်စင်အဆင့်နည်းစနစ်တွေလေ။ သူတို့က မင်းဓားလမ်းစဉ်ကို အထောက်အကူပြုနိုင်လောက်တယ်။ အခုတော့ ငါ့ဓားတာအိုကို လက်ခံဖို့ ပြင်တော့”
သူ့စကားအဆုံးတွင် လက်စွပ်ဆယ်ကွင်းသည် ရှောင်ချန်းလက်ထဲသို့ ကျရောက်လာ၏။ ထို့နောက် ဓားအလင်းတစ်ခု တောက်ပသွားပြီး ရှောင်ချန်း မျက်လုံးထဲသို့ ဝင်သွားသည်။
ရှောင်ချန်းသည် နေရာမှာတင် အေးခဲသွားပြီး သူ့နတ်ဘုရားအာရုံထဲသို့ ကြောက်မက်ဖွယ်ရာ ဓားတာအိုဝင်လာသည်ကို ခံစားလိုက်ရ၏။
ထို့နောက် သူ မျက်လုံးများကို လျင်မြန်စွာ ပိတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံလိုက်သည်။
ဓားနတ်ဆိုး လုံကျိုက်ယွမ်ကို ကြည့်လိုက်၏။
“အခု မင်းလက်လျော့လိုက်ပြီလား”
ထိုအခိုက် လုံကျိုက်ယွမ်၏ မျက်လုံးများသည် အသက်မဲ့နေ၏။ သူ အမြဲတမ်း လိုက်လံရှာဖွေနေသည့် အရာသည် တစ်ဖက်သူ အလွယ်တကူ ရလိုက်သည်ကို မြင်လိုက်ရသည်။
နာကျင်မှုသည် သူ့နှလုံးသားကို ဆွဲဖြဲလိုက်သည့်အလားပင်။
သူ သည်းမခံနိုင်စွာ အော်ဟစ်သည်။
“ဘာလို့လဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ”
ဓားနတ်ဆိုး မျက်လုံးထဲမှ ဓားချီများ ထွက်လာပြီး လုံကျိုက်ယွမ်ကို သတ်လိုက်၏။
လုံကျိုက်ယွမ် ပြာအဖြစ်ပြောင်းလဲသွားတော့သည်။ ထို့နောက် ဘေးတွင် ရပ်နေသော မဟာပဏ္ဍိတရီရှန်းကို ပြောလိုက်၏။
“ကောင်လေး မင်းက ရှောင်ချန်း တာအိုစောင့်ရှောက်သူမလား။ သူ့ကို ခေါ်သွားတော့။ နတ်ဘုရားဓားမြင့်မြတ်နယ်မြေက လူအိုကြီးတွေ ခဏနေရင် ရောက်လာတော့မယ်။ အခု သူဉာဏ်အလင်းပွင့်နေတာ အနှောင့်အယှက်မဖြစ်စေချင်ရင် ထွက်သွားတော့”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
မဟာပဏ္ဍိတရီရှန်းသည် ဖြည်းညှင်းစွာ ရှေ့တက်လာသည်။
ထို့နောက် လက်တစ်ချက်ဝှေ့ယမ်းပြီး ရှောင်ချန်းတို့ကို အခြားနေရာသို့ ခေါ်သွားတော့၏။
ဓားနတ်ဆိုးသည် ထွက်သွားသည့် ပုံရိပ်များကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောတော့သည်။
“ဟားဟားဟား နတ်ဘုရားဓားမြင့်မြတ်နယ်မြေက ကောင်တွေ သူတို့ ပြင်ထားတဲ့ ထောင်ချောက်က အလွယ်လေး ပျက်စီးသွားမယ်လို့ မထင်ထားလောက်ဘူး”
နတ်ဘုရားဓားမြင့်မြတ်နယ်မြေ
ဝိညာဉ်မီးအိမ်ခန်းမတွင်
အထူးမီးအိမ်ခန်းမကို စောင့်ကြပ်နေသော ကြီးကြပ်သူသည် အက်ကွဲသံကျယ်ကြီးကို ကြားလိုက်ရ၏။
သူ မျက်လုံးဖွင့်ပြီး မီးအိမ်တစ်ခုချင်းစီကို စစ်ဆေးကာ မည်သူ့မီးအိမ် ပျက်စီးသွားလဲ လိုက်ကြည့်သည်။
ဝိညာဉ်မီးအိမ်တစ်ခုစီတိုင်းသည် အလွန်အရေးကြီးပြီး ဂိုဏ်း၏ အရေးကြီးသော အစီအစဉ်များနှင့် ဆက်နွယ်သည်။
ကွဲအက်သွားသော မီးအိမ်အောက်တွင် လုံကျိုက်ယွမ်၏ နာမည်ကို မြင်လိုက်သည့်အခါ သူ့အမူအရာ ပြောင်းလဲသွား၏။
ဤဝိညာဉ်မီးအိမ်ပိုင်ရှင်သည် ဓားနတ်ဆိုးအမွေအနှစ်နှင့် ပတ်သက်နေကြောင်း သူသိထားသည်။ ထို့ကြောင့် သူ အကြီးအကဲထံ ချက်ချင်းသတင်းပို့လိုက်သည်။
၎င်းကို ကြားသောအခါ အကြီးအကဲသည် ဝိညာဉ်မီးအိမ်ကို ချက်ချင်း စစ်ဆေးသည်။
နတ်ဆိုးချိတ်ပိတ်ကျွန်း အမှတ်အသားကို တွေ့သောအခါ သူ တီးတိုးရေရွတ်လိုက်၏။
“ဓားနတ်ဆိုးက အဖြစ်မှန်ကို သိသွားတာလား။ ဒါဆိုနောက်ထပ် ပါရမီရှင်တစ်ယောက်ဆုံးရှုံးသွားပြန်ပြီပေါ့”
ဝိညာဉ်မီးအိမ်ခန်းမမှ အကြီးအကဲသည် အချိန်မဆွဲတော့ပေ။ ဓားနတ်ဆိုး၏ ကိစ္စသည် သူ့လို တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲ ဆုံးဖြတ်နိုင်စွမ်းထက် ကျော်လွန်နေသည့်အတွက် ဂိုဏ်းထံ တန်းသတင်းပို့လိုက်သည်။
မဟာပဏ္ဍိတရီရှန်းသည် သူတို့ကို အရှေ့ပင်လယ်ကမ်းခြေဒေသသို့ ခေါ်ဆောင်လာသည်။
ထိုနေရာတွင် သူကိုယ်တိုင် ရှောင်ချန်းကို စောင့်ကြပ်ရင်း ကာကွယ်ပေးတော့၏။
ဉာဏ်အလင်းပွင့်ရာမှ နိုးထလာပြီးနောက် ရှောင်ချန်း မည်မျှအထိ နားလည်မည်ကိုတော့ မသိသေးချေ။