← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃)အဲ့တာဆိုရင် မင်းရဲ့ကြောက်ရွံ့မှုကို ငါကပိုပြီးနက်ရှိုင်းစေမယ်

“ဗုဒ္ဓသားတော်ကို ကျေးဇူးတင်ပါတယ်”

လူအပေါင်းတို့သည် လက်အုပ်ချီကန်တော့ကြပြီးနောက် ပြန်ထိုင်ကြလေသည်။

ဗုဒ္ဓသားတော်သည် စင်မြင့်ထက်သို့ ဆင်းသက်လိုက်သည်နှင့် သူ့ခြေဖဝါးအောက်ရှိ ကြာပန်းသည် ကွယ်ပျောက်သွားခဲ့သည်။

သူသည် ခေါင်းကိုလှည့်၍ ထိုင်နေကြသော ပေါင်ရှန့်နိုင်ငံမှ မင်းသားများကို တစ်ချက်ကြည့်လိုက်၏။

မင်းသားတစ်ပါးက မတ်တတ်ရပ်ကာ ဗုဒ္ဓသားတော်ကို အရိုအသေပေးပြီးနောက် ဓမ္မပုလ္လင်ပေါ်သို့ တက်လှမ်းလာသည်။ စည်းဝေးပွဲသို့ ရောက်ရှိလာသူများကို ဝေ့ဝဲကြည့်ရှုပြီးနောက် သူက ဆို၏။

“လူဝတ်ကြောင်မိုလော့က တာအိုမိတ်ဆွေ အပေါင်းတို့ကို နှုတ်ခွန်းဆက်သပါတယ်။ ရေမြေဓမ္မပူဇော်ပွဲကို ဒီမင်းသားကပဲ သဘာပတိအဖြစ် ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်”

တစ်ခဏအကြာတွင် မိုလော့က စကားကို ရပ်နားလိုက်ပြီးမှ ပြန်လည်၍ ကြေညာလိုက်သည်။

“ပူဇော်ပွဲရဲ့ ပထမဆုံးသော ဝတ်ပြုမှုဖြစ်တဲ့ အမွှေးနံ့သာရေ ပက်ဖျန်းခြင်းမင်္ဂလာကို စတင်ပါပြီ”

သူ့စကားအဆုံးတွင် ဘုန်းကြီးများစွာက ကြည်လင်သော ရေစင်များကိုယူကာ ပလ္လင်ပတ်ပတ်လည်၌ ပက်ဖျန်းကြလေ၏။ ၎င်းသည် ထိုနေရာအား သန့်စင်ခြင်း၊ လောကီအညစ်အကြေးများကို ဖြတ်တောက်ခြင်းနှင့် သဘင်ပွဲအတွက် အေးချမ်းတည်ငြိမ်သော ဝန်းကျင်တစ်ခု ဖန်တီးခြင်းကို ကိုယ်စားပြုသည်။

တစ်နာရီအကြာတွင် ပထမဆုံးဝတ်ပြုမှု ပြီးဆုံးသွားခဲ့သည်။

“တံခွန်တွေ စိုက်ထူဖို့ တမန်တော်တွေကို စေလွှတ်လိုက်ပါ”

သဘင်၏ ဒုတိယမြောက်ဝတ်ပြုမှု စတင်လေပြီ။

တတိယမြောက်ဝတ်ပြုမှုမှာ သူတော်စင်အပေါင်းတို့အား ဖိတ်ကြားခြင်းပင်။

သုံးရက်အကြာတွင် သဘင်ပွဲသည် ဆဋ္ဌမမြောက်ဝတ်ပြုမှုဖြစ်သော အပြစ်မှကင်းလွှတ်ခြင်း မင်္ဂလာသို့ ရောက်ရှိလာသည်။

ဤသုံးရက်အတွင်း မည်သည့်ကျင့်ကြံသူမျှ ဝန်းအတွင်းမှ ထွက်ခွာသွားခြင်း မရှိကြချေ။ သူတို့အတွက်မူ သုံးရက်ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသကဲ့သို့ပင်။

ဓမ္မဘုရင်မိုလော့က ကျယ်လောင်သော အသံဖြင့် ကြွေးကြော်လိုက်သည်။ “ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ကို အပြစ်လွှတ်ကင်းခြင်းအမိန့်တော်ကို ဖတ်ကြားပေးပါရန် ပင့်ဖိတ်အပ်ပါတယ်”

ချက်ချင်းဆိုသလိုပင် ရောက်ရှိနေသော ကျင့်ကြံသူအားလုံးက တညီတညွတ်တည်း အော်ဟစ်ကြလေ၏။

“ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ကို အပြစ်လွှတ်ခြင်းအမိန့်တော်ကို ဖတ်ကြားပေးပါရန် ရိုသေစွာ ပင့်ဖိတ်အပ်ပါတယ်”

ကြွေးကြော်သံများအကြားတွင် ဗုဒ္ဓသားတော်သည် မြင့်မားသောစင်မြင့်ရှိ ပင်မနေရာမှ ဆင်းသက်လာခဲ့သည်။

ဘုန်းကြီးတစ်ပါးထံမှ အမိန့်တော်စာလွှာကို လက်ခံရယူပြီးနောက် သူသည် လွင့်မျောနေသော ဝိညာဉ်အပေါင်းတို့ကို ခွင့်လွှတ်ကြောင်း အမိန့်တော်ကို ကျယ်လောင်စွာ ဖတ်ကြားလေသည်။

နာရီအနည်းငယ်အကြာတွင် ဆဋ္ဌမမြောက်ဝတ်ပြုမှု ပြီးဆုံးသွားပြီး သဘင်ပွဲ၏ အရေးအကြီးဆုံး အစိတ်အပိုင်းမှာ စတင်ရန် အဆင်သင့်ဖြစ်သွား၏။

“နောက်တစ်ခုကတော့ ဗုဒ္ဓအပေါင်းတို့ကို ဆင်းသက်ကြွရောက်ဖို့ ပင့်ဖိတ်ခြင်း ဖြစ်ပါတယ်”

ဓမ္မဘုရင်မိုလော့ကခေတ္တရပ်နားလိုက်ပြီးမှ ဆက်ပြောသည်။ “ဗုဒ္ဓတွေနဲ့ နတ်တွေကို ဘုန်းကြီးတွေရဲ့ တရားဓမ္မနာယူဖို့ ပင့်ဖိတ်ခြင်း မပြုမီမှာ ကျွန်ုပ်တို့ ပေါင်ရှန့်တိုင်းပြည်အနေနဲ့ အားလုံးကို သက်သေအဖြစ် ထားရှိပြီး တင်ပြစရာ အရေးကြီးကိစ္စတစ်ခု ရှိပါသေးတယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့် သဘင်သို့ တက်ရောက်လာကြသော ဧည့်သည်တော်များမှာ ချက်ချင်းပင် အာရုံစိုက်လာကြသည်။

ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသော နျဲ့ရှို့ယွမ်ပင် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးနောက်ဆုံးတော့ စပြီပေါ့ဟု တွေးလိုက်မိသည်။

ရှေ့ဆုံးတွင် ထိုင်နေသော ဧည့်သည်တစ်ဦး ထရပ်ကာ ပြောလိုက်၏။

“အော်မီထောဖော လူဝတ်ကြောင်အနေနဲ့ ကျွန်တော်တို့ကို ဘယ်လိုကိစ္စမျိုးအတွက် သက်သေအဖြစ် ရှိနေစေချင်တာလဲဆိုတာ မေးပါရစေ”

၎င်းမှာ သိလျက်နှင့် မေးမြန်းခြင်းသာ ဖြစ်သော်လည်း မည်သူကမျှ ထိုအချက်ကို ထုတ်ဖော်မပြောကြပေ။

ဓမ္မဘုရင်မိုလော့ ပြုံးလိုက်သည်။

“ကျုပ်တို့ ပေါင်ရှန့်နိုင်ငံရဲ့ ဘုရင်သစ် နန်းတက်ပွဲကို အထက်က ဗုဒ္ဓအပေါင်းတို့ရဲ့ ရှေ့မှောက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်”

ထို့နောက် သူသည် ပင်မနေရာသို့ ပြန်ရောက်နေပြီဖြစ်သော ဗုဒ္ဓသားတော်အား ရိုသေစွာ လျှောက်ထားလိုက်၏။

“ဗုဒ္ဓသားတော် ဗုဒ္ဓအပေါင်းတို့ကို ကိုယ်စားပြုပြီး သရဖူကို အပ်နှင်းချီးမြှင့်ပေးပါရန် တောင်းပန်အပ်ပါတယ်”

“ကောင်းပြီလေ”

ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် ပြန်လည်ဖြေကြားကာ ပလ္လင်ပေါ်သို့ တစ်ဖန် ပြန်တက်လှမ်းလာသည်။

ဘုရင်ကျင်းလွန်နှင့် သူ့ကြင်ယာတော် ဘုရင်ဝူရှတို့သည် ဗုဒ္ဓသားတော်၏ နောက်ကွယ်၌ ရိုသေကိုင်းညွတ်စွာ လိုက်ပါလာကြ၏။

ဖော့ယွင်ကျောင်းတော်မှ အဆင့်မြင့်ဘုန်ကြီးတစ်ပါးက အမိန့်စာလွှာကို ဗုဒ္ဓသားတော်ထံ ဆက်သသည်။ ဗုဒ္ဓသားတော်သည် ၎င်းကို လက်ခံရယူပြီးနောက် ဖြည်းညှင်းစွာ ဖြန့်လိုက်ပြီး ကျယ်လောင်စွာ ဖတ်ကြားလေသည်။

“ပေါင်ရှန့်တော်ဝင်မျိုးနွယ်မှ ကျင်းမြောင်ဘွဲ့ရ ဘုရင်ကျင်းလွန်သည် အကျင့်စာရိတ္တ ဖြောင့်မတ်ခြင်း၊ ရိုးသားနှိမ့်ချသော သဘာဝရှိခြင်းနှင့် လောကအပေါ် ကြင်နာတတ်သော နှလုံးသားရှိခြင်းတို့ကြောင့် ယခုမှစ၍ ပေါင်ရှန့်နိုင်ငံ၏ ဘုရင်အဖြစ် ခန့်အပ်လိုက်သည်။ ကန့်ကွက်မည့်သူ ရှိပါသလား”

စကားပြောပြီးနောက် ဗုဒ္ဓသားတော်သည် အမိန့်စာလွှာကို ဘုရင်ကျင်းလွန်ထံ ချက်ချင်း ပေးအပ်ခြင်း မပြုသေးဘဲ သူ့အကြည့်ကို လူအုပ်ထံသို့ ဝေ့လိုက်သည်။

၎င်းမှာ ပေါင်ရှန့်တိုင်းပြည်၏ နန်းတက်ပွဲ ရိုးရာအစဉ်အလာ ဖြစ်သည်။ ဗုဒ္ဓ အာဏာသည် ဘုရင့်အာဏာထက် သာလွန်ကြောင်း ပြသခြင်းပင်။

အမှန်စင်စစ် ပေါင်ရှန့်ရှိ မည်သည့်အုပ်ချုပ်သူ၏ နန်းပလ္လင်မဆို ဖော့ယွင်ကျောင်းတော်မှသာ အမြဲတစေ ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပြီး များသောအားဖြင့် တိုက်ရိုက်တော်ဝင်မျိုးဆက်များထဲမှ ရွေးချယ်လေ့ရှိသည်။

ဘုရင်ကျင်းလွန်ကဲ့သို့ တိုက်ရိုက်မျိုးဆက်မဟုတ်သော သွေးဝေးမျိုးနွယ်မှ အစားထိုးနန်းတက်ရခြင်းမှာ အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုပင်။

“တပည့်တော်တို့မှာ ကန့်ကွက်စရာ မရှိပါဘူး”

ထိုအသံကို ကြားလိုက်ရသဖြင့် ဗုဒ္ဓသားတော်နှင့် ဘုရင်ကျင်းလွန် နှစ်ဦးစလုံး မသိမသာ ပြုံးလိုက်မိကြသည်။

သို့သော် ဗုဒ္ဓသားတော် အမိန့်စာလွှာကို လွှဲပြောင်းပေးတော့မည့် ဆဲဆဲတွင် မတူကွဲပြားသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ငါ ကန့်ကွက်တယ်”

လူအုပ်ကြီး၏ ရင်ထဲ၌ တုန်လှုပ်သွားသည်။ ဘယ်ငတုံးက ပွဲကို နှောင့်ယှက်သနည်းဟု ကြည့်ရန် ပြင်ဆင်နေစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပူဇော်ပွဲဝန်းအတွင်းသို့ သက်ဆင်းလာသည်။

ချက်ချင်းပင် ကွင်းပြင် အထက်ကောင်းကင်ယံ၌ ကြီးမားလှသော အရိပ်သဏ္ဌာန်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းနှင့်အတူ ပါလာသော ကြောက်မက်ဖွယ် အရှိန်အဝါသည် လူအများကို ကြောက်ရွံ့တုန်လှုပ်သွားစေ၏။

ဖြစ်ပျက်နေသောအရာကို လူအုပ်ကြီး မတုံ့ပြန်နိုင်ခင် ထိုအသံ ထပ်မံထွက်ပေါ်လာပြန်သည်။

“ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် ဘုရင်ကျင်းလွန်ဟာ သူတစ်ပါးမယားကို ဖြားယောင်းပြီး တစ်မိသားစုလုံးကို သတ်ဖြတ်ခဲ့တဲ့သူပဲ။ ဒီလိုလူမျိုးကို ဘယ်လိုလုပ် အကျင့်စာရိတ္တ ဖြောင့်မတ်သူလို့ ခေါ်နိုင်မှာလဲ။ ဘုရင်ဝူရှဟာလည်း အိမ်ထောင်ရှိသူ ဖြစ်ပေမဲ့ ရည်းစားနဲ့ ပူးပေါင်းကြံစည်ပြီး ခင်ပွန်းဖြစ်သူရဲ့ အိမ်ထောင်စုဝင် တစ်ထောင်ကျော်ကို သေဆုံးစေခဲ့တယ်။ ဒီလိုမိန်းမမျိုးက ပေါင်ရှန့်နိုင်ငံရဲ့ မိခင်တစ်ယောက်အဖြစ် တာဝန်ယူဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ”

စွပ်စွဲချက် နှစ်ခုတည်းနှင့် ပွဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

“အဲဒီ ကြောက်စရာကောင်းတဲ့ ပုံရိပ်ကြီး ပြောတာက အမှန်ပဲလား”

“ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ငါ့ဆရာ ဒီအကြောင်းပြောတာကို ကြားဖူးသလိုပဲ”

“…”

ဘုရင်ကျင်းလွန်၏ မျက်နှာ ပြာနှမ်းသွားသည်။ တိုက်ရိုက်ပတ်သက်နေသူ တစ်ဦးအနေဖြင့် သူသည် ဤကိစ္စကို အကောင်းဆုံး သိသည်မှာ အမှန်ပင်။

ဤဖြစ်ရပ်သည် သူကဲ့သို့ မျိုးနွယ်ခွဲမှ မင်းသားတစ်ပါး ပေါင်ရှန့်တိုင်းပြည်၏ နန်းပလ္လင်ကို သိမ်းပိုက်နိုင်ရန် အခွင့်အလမ်းဖြစ်စေခဲ့သည့် အဓိက အလှည့်အပြောင်းတစ်ခုဟုပင် ဆိုနိုင်သည်။

နှစ်ပေါင်း တစ်ရာကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ထိုစဉ်က သူ့ရွေးချယ်မှုအတွက် အလွန်ပင် ကျေးဇူးတင်မိဆဲပင်။

ထိုသို့သာ မဟုတ်ခဲ့လျှင် ဤဘဝတွင် သူ နန်းပလ္လင်နှင့် လွဲချော်ရမည်သာမက နီဗားနားရှင်သန်ခြင်း အဆင့်သို့ ရောက်ရန်ပင် နောက်ထပ် နှစ်ပေါင်းတစ်ရာခန့် အချိန်ယူရပေဦးမည်။

သူ နောင်တမရပေ။ သူ တက်လှမ်းလာပြီးနောက် ဆယ်စုနှစ်များစွာကြာအောင် လူအများက သူ့ကွယ်ရာတွင် တီးတိုးအတင်းပြောခဲ့ကြသော်လည်း နီဗားနားရှင်သန်ခြင်းအဆင့်သို့ ခြေချလိုက်သည်နှင့် ထိုအရာအားလုံးမှာ ပျောက်ကွယ်သွားခဲ့၏။

ဤကိစ္စသည် မေ့ပျောက်သွားပြီဟု ဘုရင်ကျင်းလွန် ထင်မှတ်ထားခဲ့သည်။ တစ်စုံတစ်ယောက်က မှတ်မိနေဦးမည် ဆိုလျှင်ပင် သူ့ရှေ့မှောက်တွင် မည်သူက ထုတ်ဖော်ပြောဝံ့မည်နည်း။

သို့သော် ယခု သူ၏ခမ်းနားလှသော နန်းတက်ပွဲနေ့တွင် တစ်စုံတစ်ယောက်က ဤအကြောင်းကို ထုတ်ဖော်ပြောလိုက်၏။ သူ့ဒေါသမှာ ထိန်းမနိုင်သိမ်းမရ လောင်မြိုက်လာသည်။

“ဘယ်သူက ငါတို့ ပေါင်ရှန့်နိုင်ငံရဲ့ ရေမြေပူဇော်ပွဲကို နှောင့်ယှက်ရဲတာလဲ”

“ဟမ့်”

နျဲ့ရှို့ယွမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဘာလဲ။ မင်းနဲ့ မင်းရဲ့ ဖောက်ပြန်တဲ့ မိန်းမက ဝန်မခံရဲဘူးလား”

သူ စကားပြောလိုက်သည်နှင့် အရှိန်အဝါမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ‌လေ၏။ အရိပ်သဏ္ဌာန်မှာ ပို၍ ထင်ရှားလာပြီး စစ်မှန်ဆန္ဒဖြင့် ဖွဲ့စည်းထားသည့် ဧရာမဘီလူးကြီးတစ်ဦးသည် ပွဲအလယ်၌ မတ်တတ်ရပ်နေလေသည်။

ထိုဘီလူးကြီးသည် ဘယ်ဘက်လက်တွင် ဓားတစ်စင်းကို ကိုင်ဆောင်ထားပြီး ညာဘက်လက်တွင် ဝိုင်အိုးကို ကိုင်ကာ လွတ်လပ်ပေါ့ပါးသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

“ဆန္ဒရုပ်သွင်အကောင်အထည်ပေါ်ခြင်း။ ဒါက ဆန္ဒကို အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံထားတာပဲ”

“ဘုရင်ကျင်းလွန်က ဘယ်လို ကြောက်စရာကောင်းတဲ့ လူမျိုးကို သွားပြီး ရန်စမိလိုက်တာလဲ”

“…”

လူအုပ်ကြီး လန့်ဖျပ်စွာ အော်ဟစ်ကာ မုန်တိုင်းအတွင်း၌ မပါဝင်စေရန် ဟိုဟိုဒီဒီ လူစုခွဲပြေးကြလေသည်။

“မင်း ဘယ်သူလဲ”

ဆန္ဒဖြင့် ဖွဲ့စည်းထားသော ဘီလူးကြီးကို မြင်လိုက်ရသောအခါ ဘုရင်ကျင်းလွန်၏ ဒေါသများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ဗုဒ္ဓသားတော်ကို စောင့်ရှောက်နေသော မဟာပဏ္ဍိတများ ရှိနေသည်ကို မသိခဲ့လျှင် သူနေရာမှ ထွက်ပြေးပြီးသား ဖြစ်ပေလိမ့်မည်။

သူသည် ဆက်၍ မေးမြန်းရဲမည် မဟုတ်ချေ။

“မင်း ကြောက်နေပြီပဲ”

ဘီလူးကြီး တစ်ခဏ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“အဲဒါကြောင့် ငါ မင်းရဲ့ ကြောက်ရွံ့မှုကို ပိုပြီး နက်ရှိုင်းသွားအောင် ငါ့ရုပ်အစစ်အမှန်ကို ပြရမှာပေါ့”

ထိုစကားများနှင့်အတူ ဘီလူးကြီးမှာ ပျောက်ကွယ်သွားပြီး လူရိပ်တစ်ခု လေထုထဲသို့ ဖြည်းဖြည်းချင်း လှမ်းတက်လာသည်။

“မင်းပဲ နျဲ့ရှို့ယွမ်”

“မဖြစ်နိုင်တာ။ မင်းလို အသုံးမကျတဲ့ကောင်က မင်း သေသွားပြီ မဟုတ်ဘူးလား”

ဘုရင်ကျင်းလွန်နှင့် ဘုရင်ဝူရှတို့မှာ ထိုသူကို မှတ်မိသွားသောအခါ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

သူတို့ စကားလုံးများမှာ ကွဲပြားသော်လည်း အသံထဲမှ တုန်လှုပ်မှုနှင့် မျက်လုံးထဲမှ ထိတ်လန့်မှုတို့မှာမူ အတူတူပင် ဖြစ်သည်။

သူတို့ ဘေးတွင် ရပ်နေသော ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ပင်လျှင် နျဲ့ရှို့ယွမ်ကို မြင်လိုက်ရသည့် ခဏ၌ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လွင်သွားသည်။

တစ်ချိန်က ဆူညံနေခဲ့သော ပူဇော်ပွဲ ခန်းမကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့လေသည်။

အခန်း (၃၆၄) မင်းတို့အားလုံးကို သတ်ပစ်လိုက်ရင် လမ်းတစ်ခု ပေါ်မလာဘူးလား

“နျဲ့ရှို့ယွမ် တကယ်ပဲ ပြန်လာတာပဲ။း”

လူအုပ်ထဲရှိ ဝါရင့်ကျင့်ကြံသူကြီးများမှာ ဤနာမည်ကို ကြားလိုက်ရသည့်အခါ အတိတ်ဟောင်းများကို အမှတ်ရသွားကြလေသည်။

ဘေးမှ ကြည့်နေသူတစ်ဦး အလျင်အမြန် မေးမြန်းလိုက်၏။ “ဆရာတော် ဒီလူ့အကြောင်းကို ကြားဖူးလို့လား”

ဘုန်းကြီး ဖြည်းညှင်းစွာ ပြန်ဖြေသည်။

“ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်ကပေါ့ကွယ်။ အဲဒီတုန်းက နျဲ့ရှို့ယွမ်ဆိုတာ ပေါင်ရှန့်နိုင်ငံရဲ့ ပါရမီရှင်တစ်ဦးပေါ့”

မကြာမီပင် ဘုန်းကြီးအို၏ ပြောပြချက်မှာ ပြီးဆုံးသွားပြီး နားထောင်နေကြသော လူအုပ်ကြီး၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ပြောင်းလဲသွားကြလေ၏။

“ဒါဆို အမှန်ပဲပေါ့။ ဘုရင်ကျင်းလွန်နဲ့ ဘုရင်ဝူရှတို့က တကယ်ပဲ အဲဒီလို လုပ်ခဲ့ကြတာလား”

“နျဲ့ရှို့ယွမ်က သူတို့ကို လာကလဲ့စားချေတာ မဆန်းပါဘူး၊ ဒါပေမဲ့ အခုလိုနေ့မျိုးမှ လာတာကိုး”

“လုပ်ခဲ့ရင်ကော ဘာဖြစ်လဲ ဒီလောကမှာ အင်အားကြီးတဲ့သူက အစိုးရတာပဲလေ”

လူအုပ်၏ ဆွေးနွေးငြင်းခုံမှုများသည် နျဲ့ရှို့ယွမ်အပေါ် သက်ရောက်မှု မရှိပေ။ သူသည် ဘုရင်ကျင်းလွန်နှင့် ဘုရင်ဝူရှတို့ကို အထက်မှ ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“မင်းတို့နှစ်ယောက်လုံး အတူတူ လာသေကြစမ်း”

“ဟမ့်”

ဘေးရှိ ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်၏ မျက်နှာ ညိုမှောင်သွားသည်ကို မြင်လိုက်ရသောအခါ ဘုရင်ကျင်းလွန်သည် ရုတ်တရက် သတ္တိများ ပြန်ဝင်လာပြီး လှောင်ပြုံးပြုံးလိုက်လေ၏။

“ပေါင်ရှန့်တိုင်းပြည်မှာ လူမရှိတော့ဘူးလို့ မင်း တကယ်ထင်နေတာလား။ မင်းက နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သွားရုံနဲ့ ဒီလောကမှာ အနှိုင်းမဲ့ ဖြစ်သွားပြီလို့ ထင်နေတာလား”

“ဒီနေ့ မဟာပဏ္ဍိတတစ်ယောက် ကိုယ်တိုင် ဆင်းလာရင်တောင် မင်းတို့ကို မကယ်နိုင်ဘူး။ အဲဒါကို ငါ ကျိန်ဆိုတယ်”

နျဲ့ရှို့ယွမ် စကားပြောရင်း ညာဘက်လက်ဖြင့် ဓားတစ်စင်းကို ဆုပ်ကိုင်လိုက်သည်။

ထိုစဉ်မှာပင် ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ကလည်း စကားဆိုလာ၏။ “ဒကာကြီးနျဲ့ မင်း ရေမြေပူဇော်ပွဲမှာ ပြဿနာရှာဖို့ ရည်ရွယ်ထားတာလား”

နျဲ့ရှို့ယွမ် ဘယ်ဘက်လက်ကို ဆုပ်လိုက်ရာ ဝိုင်အိုးတစ်အိုးပေါ်လာခဲ့သည်။ သူ တစ်ငုံ သောက်၍ ဆိုလိုက်သည်။

“ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် မင်းပါ ငါ ကလဲ့စားချေမှာကို တားဆီးတော့မယ်လို့ ဆိုလိုတာလား”

“မှန်တယ်။ ဒကာကြီးက အခြေအနေကို သိဓပြီး အခုပဲ ထွက်သွားမယ်ဆိုရင် ဒီဗုဒ္ဓသားတော်က ဘာမှမဖြစ်ခဲ့သလို သဘောထားပေးမယ်။ မဟုတ်ရင်တော့ အလောင်းတောင် အဖတ်တင်မှာ မဟုတ်ဘူး”

သူ့စကားအဆုံးတွင် စင်မြင့်ထက်၌ ထိုင်နေသော မင်းသားများသည် တစ်ပါးပြီးတစ်ပါး ထရပ်လိုက်ကြရာ ပြင်းထန်သော ဖိအားများ ထွက်ပေါ်လာလေ၏။

တစ်ချိန်တည်းမှာပင် နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူ ဆယ်ဂဏန်းကျော်တို့သည် ကောင်းကင်သို့ ပျံတက်သွားကြပြီး နျဲ့ရှို့ယွမ်၏ ရှေ့မှောက်၌ တောင်ကြီးတစ်လုံးကဲ့သို့ ပိတ်ဆို့ထားလိုက်ကြသည်။

ချွင်

နျဲ့ရှို့ယွမ်သည် ဓားကို ဆွဲထုတ်လိုက်ပြီး ဗုဒ္ဓသားတော်ထံသို့ ချိန်ရွယ်လိုက်၏။

“အားလုံး အတူတူ လာခဲ့ကြစမ်း။ ငါ နျဲ့ရှို့ယွမ်က ဘယ်သူ့ကိုမှ မကြောက်ဘူး”

ကျင့်ကြံသူများမှာ မသိစိတ်မှ ထိတ်လန့်သွားကြသည်။

ထောင်လွှားလိုက်လေခြင်း။

နျဲ့ရှို့ယွမ် အလွန်ပင် ထောင်လွှားလွန်းလှသည်။

တစ်ပြည်လုံး၏ နီဗားနားရှင်သန်ခြင်းအဆင့် အင်အားစုများကို တစ်ကိုယ်တည်း ရင်ဆိုင်ရန် ကြံရွယ်နေသည်။

သူ့ဆန္ဒမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော်လည်း ဤမျှများပြားသော အင်အားစုများအကြား အနာတရမရှိ ဆုတ်ခွာနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် မျက်မှောင်ကြုတ်ပြီး လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ကာ ရွတ်ဆိုလေ၏။

“အော်မီထောဖော်။ ဒကာကြီးနျဲ့ ရဲ့ သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းနေပြီ။ ဒီဗုဒ္ဓသားတော်က ဖော့ယွင်ကျောင်းတော်ကို ခေါ်ဆောင်သွားပြီး ဆရာတော်ကြီးတွေဆီမှာ သတ်ဖြတ်လိုစိတ်တွေကို ဆေးကြောပေးပါ့မယ်။ အားလုံးပဲ သူ့ကို ဖမ်းဆီးကြစမ်း”

“မှန်လှပါ”

နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဆယ်ကျော်တို့က တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြပြီး သူတို့၏ ပေါင်းစပ်ဖိအားများသည် ပေါင်ရှန့်ကျောင်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ နျဲ့ရှို့ယွမ်ကို ဝိုင်းရံထားလိုက်ကြ၏။

ဘုန်းကြီးအိုတစ်ပါးက ဆိုသည်။ “အောမီထောဖော သံသရာဆင်းရဲဟာ အဆုံးမရှိပါဘူး။ ကမ်းခြေကို ပြန်လှည့်လာခဲ့ပါ။ ဒကာကြီးနျဲ့ ရှေ့မှာ လမ်းမရှိတော့ဘူး။ လက်နက်ချလိုက်ပါတော့”

နျဲ့ရှို့ယွမ်သူ့ကို လုံးဝ လျစ်လျူရှုထားသည်။ ဝိုင်ကို တစ်ငုံသောက်ပြီး သူ ရယ်မောလိုက်၏။

“ငါ့မှာ လမ်းမရှိဘူးလို့ ဘယ်သူပြောလဲ။ မင်းတို့အားလုံးကို ငါ သတ်ပစ်လိုက်ရင် လမ်းတစ်ခု ပေါ်မလာဘူးလား။ စကားတွေ အများကြီး မပြောနဲ့တော့ တိုက်ကြစမ်း”

“နေဦး”

ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး နှစ်ဖက်စလုံး၏ တင်းမာမှုကို ဖြတ်တောက်လိုက်သည်။

‘ဘယ်သူလဲ’

လူအုပ်ကြီး အသံလာရာသို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ကြ၏။ လူများအကြားမှ အရပ်ရှည်ရှည် လူငယ်တစ်ဦးသည် ဖြည်းညှင်းစွာ ရှေ့သို့ ထွက်လာသည်။

“ညီလေးချောင်”

ချောင်ရို့ချန် ရှေ့သို့ ထွက်လာသည်ကို နျဲ့ရှို့ယွမ် မြင်လိုက်ရသောအခါ သူ့မျက်လုံးများထဲတွင် သံသယစိတ်များ ဖြတ်ပြေးသွားသည်။

ချောင်ရို့ချန် ပြုံးလိုက်၏။ “စီနီယာနျဲ့ ဒီလေလွင့်ခွေးတွေ၊ ကြောင်တွေကို ကျွန်တော်တို့ဆီပဲ လွှဲပေးလိုက်ပါ။ မဟုတ်ရင်တ လူယုတ်မာစုံတွဲက အစ်ကို့ရဲ့ မဟာလွတ်လပ်ခြင်းဓားသိုင်းကို မြင်သွားရင် ကြောက်လန့်တကြား ထွက်ပြေးသွားကြလိမ့်မယ်။ နောက်မှ လိုက်ဖမ်းရတာ အလုပ်ရှုပ်နေပါဦးမယ်”

ဝမ်တောက်ကျောင်းတော်မှ မဟုတ်သော ကျင့်ကြံသူများသည် သူ့ကို နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်နေကြပြီး သတ္တိရှိသူအချို့က အသံကျယ်ကျယ်ဖြင့် ဝေဖန်လာကြသည်။

“ဒီကောင်လေးက သေရမှာ မကြောက်ဘူးလား။ ကောင်းကင်မှာ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဆယ်ကျော် ရှိနေတာကို သူ မမြင်ဘူးလား”

“သူ တစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့ နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို တားနိုင်မယ်လို့ ထင်နေတာလား”

“…”

ထိုစဉ်မှာပင် ဝေဖန်သံအားလုံးကို ဖုံးလွှမ်းသွားစေသည့် မာန်ပါသော အသံတစ်သံ ထွက်ပေါ်လာသည်။

“မှန်တယ်။ တာ့ချန်ပြောတာ အမှန်ပဲ”

ထိုအသံနှင့်အတူ အပြာရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူ့ခြေလှမ်းများမှာ မလောသော်လည်း ခြေတစ်လှမ်း တိုင်းတွင် သိသာထင်ရှားသော ဖိအားများ ထွက်ပေါ်နေသဖြင့် ကျင့်ကြံသူများသည် ဒူးထောက် အရှုံးပေးလိုစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာရသည်။

ရောက်လာသူမှာ အခြားသူမဟုတ်ပေ။ ရှောင်ချန်းပင်။ သူ နျဲ့ရှို့ယွမ်ကို ကြည့်ကာ ဆက်ပြောသည်။

“စီနီယာနျဲ့… အစ်ကိုစိတ်ကြိုက်သာ တိုက်ခိုက်ပါ။ ကျန်တာတွေကိုတော့ ကျွန်တော်တို့ဆီပဲ လွှဲထားလိုက်ပါ”

“ဒါဆိုရင်တော့ ငါ့ ညီလေးတွေကို ကျေးဇူးတင်ရမှာပဲ”

နျဲ့ရှို့ယွမ်သည် ဓားတစ်ချက်တည်းနှင့် နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဆယ်လုံးကို ခေါင်းဖြတ်နိုင်ကြောင်း ယုံကြည်မှု ရှိသော်လည်း ထိုသို့လုပ်ဆောင်ခြင်းက ဖော့ယွင်ကျောင်းတော်မှ သူတော်စင်တစ်ပိုင်းများကို နှိုးဆော်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက သူ့ရှေ့မှောက်ရှိ လူယုတ်မာစုံတွဲကို သတ်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။

ပေါင်ရှန့်တိုင်းပြည်မှ အထက်တန်းလွှာများသည် ထိုလူငယ်နှစ်ဦး၏ ယုံကြည်မှုကို ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။

သူတို့မှာ အလွန် သာမန်ကာလျှံကာ ပုံစံမျိုးသာ ရှိနေသည်။ သို့သော် အဘယ်ကြောင့်လဤမျှ ထောင်လွှားသော စကားများကို ပြောဆိုဝံ့သနည်း။

ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ညီနောင်များအဖြစ် နေထိုင်လာခဲ့ကြသဖြင့် သူတို့ကြားတွင် စကားပြောစရာပင် မလိုအောင် နားလည်မှု ရှိနေကြ၏။

ချောင်ရို့ချန် ဆိုသည်။

“စီနီယာအစ်ကိုကြီး ဗုဒ္ဓသားတော်ကို အစ်ကိုပဲ ကိုင်တွယ်လိုက်ပါ။ ကျန်တဲ့ အမှိုက်တွေကိုတော့ ကျွန်တော်တို့ ရှင်းလိုက်ပါ့မယ်”

“ပြဿနာမရှိဘူး”

ရှောင်ချန်း ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ထံသို့ အကြည့်ကို ပို့ထားလိုက်သည်။

ထိုအကြည့်ကြောင့်ပင် ဗုဒ္ဓသားတော်သည် ကျောပြင်၌ ဆူးတစ်ခုဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် မသိစိတ်မှပင် ဉာဏ်မျက်စိကို ဖွင့်၍ အကဲခတ်ရန် ကြိုးစားလိုက်၏။

သို့သော် ထိုအတွေးမှာ ရှောင်ချန်း၏ မျက်လုံးများမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ သူ ပြုံးလျက် ဆိုလိုက်သည်။

“ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်လား။ ကိုယ့်ခြေလှမ်းကိုယ် သတိထားဖို့နဲ့ မတွေးသင့်တာတွေကို မတွေးဖို့ အကြံပေးပါရစေ”

“မင်း”

ဗုဒ္ဓသားတော်၏ မျက်နှာ ညိုမှောင်သွားသည်။ သူ၏ ရာထူးဂုဏ်သိက္ခာကို ငဲ့ကွက်ခြင်း မရှိပါက ဤရိုင်းစိုင်းသော ကောင်လေးကို သူ ချက်ချင်းပင် သတ်ပစ်လိုက်မိမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချောင်ရို့ချန် လက်ကို မြှောက်ကာ ပေါင်ရှန့်နိုင်ငံမှ မင်းသား ခြောက်ပါးနှင့် ဖော်ယွင်ကျောင်းတော်မှ လူများထံသို့ ပဲစေ့များကို ရေတွက်နေသကဲ့သို့ တစ်ဦးချင်းစီ ညွှန်ပြလိုက်သည်။

“မင်းတို့ ခြောက်ယောက်လုံး အတူတူ လာခဲ့ကြစမ်း။ ကျန်တဲ့လူတွေကိုတော့ ဂျူနီယာညီမလေး ချင်းချင်းနဲ့ ဂျူနီယာညီလေးယဲ့ မင်းတို့ပဲ ကိုင်တွယ်လိုက်ပါ”

“ကောင်းပါပြီ”

ချင်းချင်းနှင့် ယဲ့ပေ့ရွှမ်တို့ ပြန်လည်ဖြေကြားလိုက်ကြ၏။

တစ်ဦးက ထိုင်ချလိုက်ကာ ဇီသာကို ဖြည်းညှင်းစွာ တီးခတ်လိုက်ပြီး အခြားတစ်ဦးက တောက်ပနေသော မှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။

ချန်ကျင်းကျင်းမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားလေ၏။

“ဒုတိယအစ်ကို… ညီမတို့အတွက်ကော ဘာရှိလဲ”

ချောင်ရို့ချန် ရယ်မောလိုက်သည်။

“အကောင်းအဆိုးကို နားမလည်သေးတဲ့ ကျန်တဲ့လူတွေကို ရှင်းပစ်လိုက်။ ပြီးတော့ အဲဒီ ခွေးသူတောင်းစားလေးကိုပါ တစ်ခါတည်း သတ်ပစ်လိုက်ဦး”

ထိုစကားကို ကြားရသောအခါ ချန်ကျင်းကျင်း၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ သူမ အကြည့်သည် စင်မြင့်ထက်တွင် ကြောင်တောင်တောင် ဖြစ်နေသော ကျင်းကွမ်ထံသို့ ချက်ချင်းပင် ရောက်ရှိသွားတော့၏။

ချောင်ရို့ချန်၏ ပေါ့ပေါ့ပါးပါး အမိန့်ပေးမှုများသည် စုဝေးနေသော မင်းသားများကို အကြီးအကျယ် ဒေါသထွက်သွားစေသည်။ ဓမ္မဘုရင်မိုလော့ ပထမဆုံး စတင် လှုပ်ရှားလိုက်၏။

“ထောင်လွှားတဲ့ ကောင်လေး ဒီနေ့ ငါတ်ို့ပေါင်ရှန့်နိုင်ငံက အာဟတ်ဗာဂျာရာလက်ဖဝါးရဲ့ စွမ်းအားကို ပြရတာပေါ့”

ဟိန်းဟောက်သံနှင့်အတူ မိုလော့သည် ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

ကြီးမားလှသော ရွှေရောင် လက်ဝါးကြီးတစ်ခု ကောင်းကင်ယံမှ သက်ဆင်းလာပြီး ချောင်ရို့ချန်ထံသို့ တိုးဝင်လာ၏။

ချောင်ရို့ချန်က သူ့လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပိုက်ထားကာ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခု ရှိနေသည်။ လက်ဖဝါးကြီး ကျရောက်လာနီတွင် သူသည် လက်သီးတစ်ချက်ကို ရုတ်တရက် ပစ်သွင်းလိုက်၏။

“ဘုန်း”

မြေကမ္ဘာကို တုန်ဟည်းသွားစေသည့် အသံကြီးနှင့်အတူ ကွင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ လှိုင်းများပင် မငြိမ်သေးမီ မျက်စိလျင်သော ကျင့်ကြံသူများသည် ကောင်းကင်ယံမှ လွင့်ထွက်သွားပြီး အောက်သို့ စိုက်ဆင်းသွားသော ပုံရိပ်တစ်ခုကို တွေ့လိုက်ကြရသည်။

ထိုပုံရိပ် မြေပြင်ပေါ်သို့ မကျမီမှာပင် အနီးနားရှိ လူများသည် ထိုသူ မည်သူဖြစ်ကြောင်း ရှင်းလင်းစွာ မြင်လိုက်ကြရသဖြင့် မသိစိတ်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်မိကြသည်။

“ဓမ္မဘုရင်မိုလော့”

“အစ်ကိုကြီး”

“ဝုန်း”

ပြင်းထန်သော ရိုက်ခတ်မှုနှင့်အတူ မြေပြင်သည် အက်ကွဲသွားပြီး ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ လူအုပ်ကြီးက ကျင်းထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ ဓမ္မဘုရင်မိုလော့သည် အရိုးအသားများ ကြေမွပျက်စီးနေသော အသားပုံကြီးတစ်ခုအလား လုံးဝ လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသည်ကို တွေ့လိုက်ရလေတော့သည်။

All Chapters