အခန်း ၅၇၇
Vol. 58 Ch. 577
အခန်း (၅၇၇)
တိတ်ဆိတ်သွားသည်။
တျန်းချန်တောင်တခွင် တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားရ၏။
လူတိုင်း ကျောက်ရုပ်များဖြစ်သွားသည့်အလား နေရာတွင် ရပ်နေကြပြီး ဓားရှည်ကို ကိုင်ဆောင်ထားကာ ကောင်းကင်တွင် ရပ်နေသော ရှီးရွှမ်ကို အကြောက်တရားများ ပြည့်နှက်နေသည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။
“ဝမ်တောက်ပါရမီရှင်၊ သတ်ဖြတ်ခြင်းဖြတ်တောက်ဓား သူ့နာမည်ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တယ်”
လူအုပ်ထဲတွင် အဘိုးကြီးတစ်ဦး အော်ဟစ်လိုက်၏။
သူ့အော်ဟစ်သံသည် လူတိုင်းကို လက်တွေ့ကမ္ဘာသို့ ပြန်ဆွဲခေါ်လာသည်။
တျန်းချန်အကြီးအကဲလေးဦး သေဆုံးနေသည့် အကြီးအကဲကျားကို ကြည့်ပြီး လေးစားစွာ ပြောလိုက်ကြ၏။
“တာအိုရောင်းရင်းကို လျှို့ဝှက်နယ်မြေထဲဝင်ဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်”
“အင်း”
ရှီးရွှမ် ပြန်ဖြေကြားပြီး အကြီးအကဲကျား၏အလောင်းကို သူ့သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး လူအုပ်ကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
“ဆရာ အကြီးအကဲကျား အရမ်းအားနည်းလွန်းနေတာ မဟုတ်ဘူးလား”
သူ့ဆရာ ပြန်လာသည်ကိုမြင်တော့ လျန်ယီ ပြောလိုက်သည်။
သူ့အသံက မကျယ်သော်လည်း အလွန်တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် လူအများ ရှင်းလင်းစွာ ကြားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် တျန်းချန်အကြီးအကဲလေးဦး၏ အမူအရာများ အရုပ်ဆိုးသွားသော်လည်း မည်သူကမျှ အကြီးအကဲကျားဘက်မှ ကာမပြောပေ။
သူတို့ အတူတိုက်ခိုက်ပြီး သူ့ကို အနိုင်ယူနိုင်လျှင်တောင် နှစ်ဖက်လုံး ဒဏ်ရာရသည်အထိ တိုက်ခိုက်ရန် ဆန္ဒမရှိပေ။ ၎င်းက နောက်ဆုံးတွင် အခြားသူများကို အကျိုးအမြတ်များ ယူသွားစေရန် ခွင့်ပြုပေးသလို ဖြစ်သွားပေလိမ့်မည်။
ရှီးရွှမ် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောစမ်းနဲ့။ ဝင်ကြစို့”
“ဟုတ်ကဲ့ပါ”
လျန်ယီ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
“ဆရာ ကျွန်တော် ရှေ့ကနေ ကင်းထောက်ပေးရမလား”
“မင်း လျှို့ဝှက်နယ်မြေကို ကိုယ့်မိသားစုနောက်ဖေးခြံလို တကယ် သဘောထားနေတာပဲ။ မသေချင်ရင် ငါ့နောက်ကနေ လိုက်ခဲ့”
ရှီးရွှမ် ထိုသို့ပြောပြီးနောက် အလင်းတံခါးထဲသို့ ပထမဆုံးဝင်သွားပြီး လူအုပ်ကြီးက သူ့အနောက်မှ အနီးကပ် လိုက်ပါသွားကြ၏။
ရက်စက်သောအမျိုးသား ထွက်သွားသည်ကို မြင်ပြီးနောက် တျန်းချန်အကြီးအကဲလေးဦး သူတို့အကြည့်များကို အခြားသူများအပေါ်သို့ လှည့်လိုက်ကြသည်။
ကျောင်းတော်သားအိုကြီး စကားဆိုလိုက်၏။
“အားလုံးပဲ သတ်ဖြတ်ခြင်းဖြတ်တောက်ဓားရဲ့ ခွန်အားကို မင်းတို့အားလုံး မြင်ပြီးပြီ။ အခု မင်းတို့ကို ဝင်ဖို့ ငါတို့ တားဆီးမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ ခံနိုင်ရည်ရှိမရှိ ဆိုတာကို သေချာ စဉ်းစားရမယ်”
ဤသို့ပြောပြီးနောက် သူ အကြီးအကဲသုံးဦးနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် အလင်းတံခါးထဲသို့ ပျံသန်းသွား၏။
စောင့်ကြည့်နေသော ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် ပဋိပက္ခဖြစ်နေသော အမူအရာများ ပြသလာကြ၏။
နောက်ဆုံးတွင် အရပ်ရှည်သောကျင့်ကြံသူတစ်ဦး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“သတ်ဖြတ်ခြင်းဖြတ်တောက်ဓားနဲ့ သေချာပေါက် ဆုံရလောက်တဲ့အထိ ငါ့ကံက အရမ်းဆိုးနေမယ်လို့ မယုံကြည်ဘူး”
သူ့စကားပြောပြီးသည်နှင့် လေထဲသို့ခုန်တက်ကာ အလင်းတံခါးထဲသို့ ပျံသန်းဝင်ရောက်သွား၏။
ပထမဆုံးလူတစ်ယောက်နှင့်အတူ ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်တို့ ချက်ချင်း ထွက်ပေါ်လာသည်။
အချိန်တိုလေးအတွင်းမှာပင် လူဒါဇင်ပေါင်းများစွာ အလင်းတံခါးထဲသို့ အလုအယက်ဝင်ရောက်ကြ၏။
ကျင့်ကြံသူအချို့ နေရာလုရန်ပင် ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ကျယ်လောင်သော အသံတစ်သံ အလင်းတံခါးအတွင်းမှ ထွက်ပေါ်လာ၏။
“စမ်းသပ်မှုမှာ ပါဝင်သူ ရှစ်ဆယ့်တစ်ယောက်လုံး ဝင်ရောက်လာပါပြီ။ ကြယ်တံခါး ပိတ်နေပါပြီ”
အပြင်ဘက်ရှိ ကျင့်ကြံသူများ ၎င်းကိုကြားတော့ အလင်းတံခါးဆီသို့ ပျံသန်းသွားကြ၏။ အံ့သြစရာကောင်းသည်မှာ ထိုအလင်းတံခါးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခြင်းပင်။
လျှို့ဝှက်နယ်မြေအတွင်း၌
ရှီးရွှမ် ဝင်ရောက်သွားသည်နှင့် မှောင်မည်းနေသော ဂူတစ်လုံး မြင်ကွင်းထဲသို့ ရောက်လာသည်။ သူ့နတ်ဘုရားအာရုံကို သူ မသုံးပြုသေးခင် အက်ကွဲနေသော ရှေးဟောင်းအသံတစ်သံ သူ့နားထဲသို့ ဝင်ရောက်လာ၏။
“ဧကရာဇ်အရိပ်လျှို့ဝှက်နယ်မြေစမ်းသပ်မှု တရားဝင် စတင်ပါပြီ။ ဘယ်သူမဆို လျှို့ဝှက်နယ်မြေထဲမှာ ရှစ်ဆယ့်တစ်ရက်ကြာ ကျင့်ကြံနိုင်တယ်”
“အချိန်ကျလာရင် ကိုယ့်ဘာသာကိုယ် ထွက်သွားဖို့ ရွေးချယ်နိုင်သလို လျှို့ဝှက်နယ်မြေနောက်တစ်ကြိမ်ပွင့်လာမဲ့အချိန်ကို စောင့်ဖို့ လျှို့ဝှက်နယ်မြေထဲမှာ ဆက်နေဖို့လည်း ရွေးချယ်နိုင်တယ်”
“ဧကရာဇ်အရိပ်လျှို့ဝှက်နယ်မြေ”
တစ္ဆေအိုကြီးဖူ တီးတိုးရေရွတ်လိုက်၏။
“လျှို့ဝှက်နယ်မြေထဲမှာ မဟာဧကရာဇ်တစ်ပါးရဲ့ အမွေအနှစ် ရှိနေတာများလား”
ပတ်ဝန်းကျင်ရှိလူများ ဤစကားများကိုကြားတော့ သူတို့မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လာကြ၏။ တစ်ချိန်တည်းမှာပင် ရှီးရွှမ်တို့ထံမှ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားလိုက်သည်။
လူတိုင်း၏ ဤသိမ်မွေ့သောအပြောင်းအလဲသည် ရှီးရွှမ်၏မျက်လုံးများမှ မလွတ်မြောက်ခဲ့ချေ။ သူ တည်ငြိမ်စွာ ပြောလိုက်၏။
“မဟာဧကရာဇ်ရဲ့ အမွေအနှစ်က ကံစပ်တဲ့သူတွေနဲ့ သက်ဆိုင်တယ်။ မင်းတို့စိတ်ကြိုက် ရှာဖွေကြ”
လူတိုင်း ရှီးရွှမ်ကို လုံးဝ ဇဝေဇဝါဖြစ်နေသောအမူအရာများဖြင့် ကြည့်လိုက်ကြပြီး ဤအခိုက်တွင် သူတို့ မေးခွန်းတစ်ခုကို အလွန် မေးချင်နေကြသည်။
‘မင်း နည်းနည်းလေးတောင် လောဘမတက်ဘူးလား’
ရှီးရွှမ် လူအုပ်ကြီးကို ဂရုမစိုက်ပေ။ သူ့ရှေ့မှ ကွေ့ကောက်နေသော လမ်းငယ်လေးအတိုင်း ရှေ့သို့ ဆက်လက် လျှောက်သွား၏။
လျန်ယီ နောက်မှ အနီးကပ်လိုက်ပါသွားသည်။ ၎င်းကိုမြင်တော့ ကျန်လူအုပ်ကြီး အဘယ်ကြောင့်မှန်းမသိ ဆရာတပည့်နှစ်ဦးနောက်မှ လိုက်ပါသွားကြ၏။
ရှီးရွှမ်တို့ ခြေလှမ်းရာပေါင်းများစွာ လျှောက်ပြီးနောက် လက်နက်များထိခတ်သံကို သူတို့ ရုတ်တရက် ကြားလိုက်ရသည်။
သူတို့နှစ်ဦး ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်၏။ သူတို့နောက်မှ လိုက်ပါလာသော အင်အားကြီး အဖွဲ့သုံးဖွဲ့သည်လည်း ရပ်တန့်သွားကာ သူတို့မျက်နှာများပေါ်တွင် နားမလည်နိုင်မှုများ ပေါ်လာ၏။
‘လျှို့ဝှက်နယ်မြေထဲမှာ တခြားလူတွေ ရှိနေတာများလား’
“ဆရာ ရှေ့မှာ မီးရောင် ရှိတယ်”
လျန်ယီ တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။
“သွားကြည့်ရအောင်”
လက်တစ်ဖက်တွင်ဓားကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင် ဓားကျောက်စိမ်းကို ကိုင်ဆောင်ထားသဖြင့် ရှီးရွှမ် မည်သူ့ကိုမျှ မကြောက်ရွံ့ပေ။
သူတို့အဖွဲ့ မီးရောင်နှင့် ပို၍နီးကပ်လာသည်နှင့် ကျယ်ဝန်းသော ကျောက်ခန်းမတစ်ခုကို မြင်လိုက်ရသည်။
ကျောက်ခန်းမထဲတွင် ဝိညာဉ်ကျင့်ကြံသူများ၊ နတ်ဆိုးကျင့်ကြံသူများ၊ အလောင်းကောင်ကျင့်ကြံသူများနှင့် လူသားကျင့်ကြံသူများ ရှိနေကြသည်။
အချို့ တရားထိုင်နေကြပြီး အချို့ကတော့ ဘေးလူများနှင့် အပြန်အလှန် လေ့ကျင့်နေကြ၏။ သူတို့ ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးနေပုံပေါ်သည်။
တစ္ဆေအိုကြီးရှို ရုတ်တရက် ဝင်ပြောလိုက်၏။
“အစ်ကိုကြီး မြန်မြန်ကြည့် ဆရာပဲ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ရှီးရွှမ်ပင် သိချင်စိတ်ဖြင့် တစ္ဆေအိုကြီးရှို ညွှန်ပြသောအရပ်သို့ သူ့နတ်ဘုရားအာရုံဖြင့် ကြည့်လိုက်သည်။ ထိုအခါ မီးခိုးရောင်ဆံပင်၊မုတ်ဆိတ်ကျင်စွယ်များဖြင့် မျက််နှာညှိုးနွမ်းစွာ တရားထိုင်နေသည့် အဘိုးကြီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။
တစ္ဆေအိုကြီးဖူ ပြောလိုက်၏။
“တကယ် ဆရာပဲ။ ဒါပေမဲ့ သူ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ မတွေ့ရတာ နှစ်တစ်ထောင်ရှိပြီ။ သူ ပိုသန်မာလာလိမ့်မယ်လို့ မထင်ထားဘူး”
တစ္ဆေအိုကြီးရှို ပြောလိုက်သည်။
“အစ်ကိုကြီး ဆရာ ဒီမှာ ဘာလုပ်နေလဲဆိုတာကို အသာထား။ ကျွန်တော်တို့ သွားပြီး မေးမယ်ဆိုရင် ဒီလျှို့ဝှက်နယ်မြေရဲ့ လျှို့ဝှက်ချက်ကို သိရမှာပါ”
“အဓိပ္ပာယ်ရှိတယ်”
တစ္ဆေအိုကြီးဖူ ဖားယားသည့်မျက်နှာဖြင့် ရှီးရွှမ်ကို လေးစားစွာ ပြောလိုက်၏။
“ဒီအဘိုးကြီးကို သွားပြီး မေးကြည့်ခွင့်ပြုပါ”
“အတူတူ သွားကြတာပေါ့”
ရှီးရွှမ် လျှို့ဝှက်နယ်မြေအတွင်းရှိ လျှို့ဝှက်ချက်များကို တတ်နိုင်သမျှ အမြန်ဖော်ထုတ်ချင်နေသည်။
လူအုပ်ကြီး၏ ရောက်ရှိလာမှုသည် ကျောက်ခန်းမအတွင်းရှိ လေထုကို မပျက်စီးစေပေ။ သူတို့ လူအုပ်ကြားမှ ဖြတ်သန်းသွားပြီး ထိုအဘိုးကြီးအနီးသို့ အလျင်အမြန် ရောက်ရှိလာကြ၏။
တစ္ဆေအိုကြီးဖူ ရှေ့သို့တက်သွားပြီး လေးစားစွာ ပြောလိုက်သည်။
“တပည့်ဖူအာ ဆရာ့ကို နှုတ်ဆက်ပါတယ်”
ထိုအဘိုးကြီး တစ္ဆေအိုကြီးဖူ၏စကားကို မကြားလိုက်သည့်အလား သူ့မျက်ခွံများပင် မလှုပ်ပေ။
“တပည့် ဆရာ့ကို အရိုအသေပေးပါတယ်”
တစ္ဆေအိုကြီးဖူ နောက်ထပ် နှုတ်ဆက်လိုက်လိုက်၏။ ဆရာဖြစ်သူက မလှုပ်မယှက်ဖြစ်နေသည်ကို မြင်တော့ သူ့ညီအစ်ကိုသုံးဦးကို အလျင်စလို အချက်ပြလိုက်သည်။
သူတို့လေးဦး ထပ်မံ၍ နှုတ်ဆက်လိုက်ကြ၏။
“တပည့်တွေ ဆရာ့ကို နှုတ်ဆက်ပါတယ်”
အဘိုးကြီး မည်သို့မျှ မတုံ့ပြန်ပေ။ တစ္ဆေအိုကြီးဖူ ထပ်မံ သည်းမခံနိုင်တော့သဖြင့် သူ့အသံကို မြှင့်လိုက်သည်။
“တပည့် ဆရာ့ကို လာရှာတာပါ”
ထိုအော်ဟစ်သံသည် နောက်ဆုံး၌ အဘိုးကြီးကို လန့်နိုးသွားစေ၏။ သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ရှေ့ပ လူအနည်းငယ်ကို မကျေမနပ်ကြည့်ကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
“မင်းက ဖူအာလား”
“ဟုတ်ပါတယ် ဆရာ။ ကျွန်တော် ဖူအာပါ”
တစ္ဆေအိုကြီးဖူ လေးစားစွာ ပြောလိုက်၏။
အဘိုးကြီး မေးမြန်းလိုက်သည်။
“မင်း ဘယ်လိုလုပ် ဒီလောက် အိုမင်းသွားရတာလဲ”
“ဆရာ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တာက နှစ်တစ်ထောင် ရှိသွားပြီလေ”
တစ္ဆေအိုကြီးဖူ ကူကယ်ရာမဲ့နေသော အမူအရာဖြင့် ပြောလိုက်၏။
“နှစ်တစ်ထောင်တောင် ကုန်သွားပြီလား”
ဤစကားကို တီးတိုးရေရွတ်ပြီးနောက် အဘိုးကြီး ပြုံးကာ ပြောလိုက်သည်။
“ဖူအာ မင်း လာတာ အချိန်ကိုက်ပဲ။ ဒီနေရာက ကျင့်ကြံဖို့အတွက် ရတနာမြေပဲ။ ငါတို့ ဒီနေရာမှာ တာအိုအနှစ်သာရကို နားလည်သဘောပေါက်နိုင်လောက်တယ်”
ရှီးရွှမ်မှလွဲ၍ လူတိုင်း ထိုစကားများကိုကြားတော့ မျက်လုံးများ ပြူးကျယ်သွားကြ၏။
တစ္ဆေအိုကြီးဖူ၏ မျက်နှာပေါ်ရှိ မကျေနပ်မှုသည်လည်း ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်လုံးပြူးကာ မေးမြန်းလိုက်သည်။
“ဆရာ တကယ်ပြောတာလား”