အခန်း (၄၇၁-၄၇၂)
Vol. 48 Ch. 471-472
အခန်း (၄၇၁)
“ဆရာဦးလေး ကျွန်တော် အသစ်ယူထားတဲ့ ကိုယ်လုပ်တော်လေးက ကလေးမွေးရခက်နေလို့ ပြန်မှရမယ်”
“အစ်ကိုကြီး ကျွန်တော် မကျင့်ကြံရသေးဘူး။ ရုတ်တရက်ကြီး သတိရလာလို့ အနှောင့်အယှက် မပေးတော့ဘူးနော်”
အကြီးအကဲပိုင်နှင့် မဟာပဏ္ဍိတရွှေတောင်ပံတို့သည် ဆင်ခြေတစ်ခုကို ပေါ့ပေါ့ပါးပါး ပေးလိုက်ကြပြီး ခြံဝင်းအတွင်းမှ ထွက်ခွာသွားကြသည်။
သူတို့က အရူးများ မဟုတ်ကြပေ။ အကြီးအကဲပင်း၏ စိတ်အခြေအနေ အလွန်ဆိုးရွားနေသည် မြင်နေရသဖြင့် ဤနေရာတွင် ဆက်နေပါက ကြားညပ်သွားနိုင်ခြေ ရှိသည်။
သူတို့နှစ်ဦး ထွက်သွားပြီးနောက် ချူဖုန်း ပြုံးလျက် ပြောလိုက်၏။
“ဇနီးလေး ဒီည ဘယ်လို ဝိုင်မျိုး သောက်ချင်လဲ။ ကိုယ် မြေအောက်ခန်းထဲ သွားပြီး ယူပေးမယ်”
“ဒုက္ခခံနေစရာ မလိုပါဘူး၊၊ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကိစ္စကြောင့် ကျွန်မ ဒေါသထွက်နေတာ မဟုတ်ပါဘူး”
ပင်းယန် လေသံက အမြဲတမ်းလိုလို အေးစက်နေသည်။
မိန်းမတစ်ယောက် ဒေါသမထွက်ဘူးဟု ပြောလျှင် ၎င်းက ဒေါသထွက်နေသည်ဟု အဓိပ္ပာယ်ရကြောင်း ချူဖုန်း နားလည်ထား၏။
သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒါပေမဲ့ ကိုယ် မင်းရဲ့ ဇာတ်လမ်းကို နားထောင်ချင်တယ်၊၊ ပြီးတော့ ဝိုင်မပါရင် ဇာတ်လမ်းက ကြာကြာ နားထောင်လို့ မကောင်းဘူး”
ပင်းယန်သည် ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါဆိုရင် မြင့်မြတ်ဝိုင်တစ်မျိုး ရွေးလိုက်ပါ”
ချူဖုန်း ပြန်ဖြေ၏။
“ကောင်းပြီလေ”
အချိန်များသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။
ညအချိန်သို့ ရောက်ရှိလာသောအခါ ချူဖုန်းနှင့် ပင်းယန်တို့ ကျောက်စားပွဲတစ်လုံးရှေ့တွင် ထိုင်ကာ တိတ်ဆိတ်စွာ သောက်နေကြ၏။
တပည့်များအ သတင်းရထားကြသဖြင့် ထိုညနေခင်းတွင် သူတို့ကို လာရောက် အနှောင့်အယှက် မပေးကြပေ။
ဝိုင်အိုးတစ်ဝက်ခန့် သောက်ပြီးနောက် ချူဖုန်း ပင်းယန်ကို ပွေ့ဖက်ထားရင်း မြေပဲများကို စားကာ ပြောလိုက်သည်။
“ယန်အာ ပြင်းထန်အေးခဲတောင်တန်းစံအိမ်နဲ့ မင်း ရန်ငြိုးတွေ အကြောင်းကို ကိုယ့်ကို ပြောပြလို့ ရမလား”
ပင်းယန် ဝိုင်တစ်ငုံ သောက်လိုက်ပြီး အနည်းငယ် မူးနေသည့်ဟန်ဖြင့် ပြောလိုက်သည်။
“ဒီကိစ္စက ကျွန်မ ကလေးဘဝကတည်းက စတင်ခဲ့တာပါ”
သန်းခေါင်ယံအချိန်တွင် ချူဖုန်း ပင်းယန်၏ဇာတ်လမ်းကို နောက်ဆုံးတွင် နားထောင်လို့ ပြီးဆုံးသွားသည်။
၎င်းသည် အလွန်ပင် သာမန်ဆန်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ပင်းယန်ကို ပြင်းထန်အေးခဲတောင်တန်းစံအိမ်တွင် မွေးဖွားခဲ့ပြီး သူမ ဖခင်သည် ဇနီးသည်ထက် ကိုယ်လုပ်တော်ကို ပို၍ မျက်နှာသာပေးသောကြောင့် သူမ ကလေးဘဝသည် မပျော်ရွှင်ခဲ့ရပေ။ ထို့အပြင် သူမ မိခင်သည် ပင်းမိသားစုအတွက် သားယောက်ျားလေးတစ်ယောက် မမွေးဖွားပေးနိုင်ခဲ့ချေ။
ထို့ကြောင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ သားအမိနှစ်ယောက် ဘဝသည် မကောင်းမွန်ခဲ့ပေ။ သူမ မိခင်သည် သားယောက်ျားလေး မမွေးဖွားနိုင်ခဲ့သည့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးကာ တစ်နေ့လုံး ငိုကြွေးနေတတ်သည်။
ပထမတော့ ပင်းယန်သည် သူမ ပိုမိုထူးချွန်လာပါက သူမ မိခင် ပျော်ရွှင်လာပြီး ဖခင်ကလည်း သူတို့ကို တန်ဖိုးထားလာမည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် သူမ ပါရမီများ တဖြည်းဖြည်း ထွက်ပေါ်လာသောအခါ သူမသည် လူတိုင်း၏ချီးကျူးမှုကို မရသည့်အပြင် သူမကို မကြာခဏ ဒုက္ခပေးလေ့ရှိသော မျိုးနွယ်စုအတွင်းရှိ ရွယ်တူများထံမှ မနာလိုမှုများကိုသာ ဆွဲဆောင်မိသွားသည်။
သူမ ပို၍ အစွမ်းထက်လာခြင်းကြောင့် သူမ မိခင်သည် ဂုဏ်ယူဝင့်ကြွားခြင်း မရှိသလို တစ်နေ့တခြား ပို၍ ရူးကြောင်ကြောင် ဖြစ်လာ၏။
သူမ ဖခင်သည် သူမ ဤမျှ အစွမ်းထက်နေခြင်းအတွက် အစေခံများရှေ့တွင်ပင် ဆူပူကြိမ်းမောင်းခဲ့ပြီး သူမက မောင်လေးထံမှ အာရုံစိုက်ခံရမှုကို တမင်တကာ ခိုးယူရန် ကြိုးစားနေခြင်းလောဟု မေးခွန်းထုတ်ပြီး မိသားစုမှ သူမအတွက် ခွဲဝေပေးသော အရင်းအမြစ်များကိုပင် သူမ မောင်လေးထံသို့ ပေးအပ်သည်။
ပင်းယန်လေးသည် အကြောင်းရင်းများကို နားမလည်သော်လည်း တဖြည်းဖြည်းနှင့် သူမ နှလုံးသားကို ပိတ်လှောင်ကာ လူများနှင့် ကင်းဝေးစွာ နေထိုင်တော့၏။ နေ့စဉ်နေ့တိုင်း သူမ လုပ်သည့် တစ်ခုတည်းသောအရာမှာ ကျင့်ကြံခြင်းပင်ဖြစ်ပြီး ကျင့်ကြံနေချိန်မှသာ သူမ ပျော်ရွှင်ရပေသည်။
အရင်းအမြစ်များမရှိသဖြင့် နတ်ဆိုးသားရဲများကို တိတ်တဆိတ် အမဲလိုက်ရ၏။
ကံကောင်းထောက်မစွာ ကောင်းကင်ဘုံက ကြိုးစားသူများကို ဆုချီးမြှင့်ပေသည်။ ပင်းယန်၏ပါရမီကို ဝမ်တောက်ကျောင်းတော်တွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော မြို့စားအဆင့် ကျင့်ကြံသူတစ်ဦး တွေ့သွားပြီး သူမကို ကျင့်ကြံရန် ဝမ်တောက်ကျောင်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။
ဝမ်တောက်ကျောင်းတော်သို့ ရောက်ပြီးနောက် ထိုမြို့စား၏ ထောက်ပံ့မှုဖြင့် ပင်းယန်သည် ကောင်းကင်စိတ်ဝိညာဉ်ဌာန၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရုံသာမက ဝမ်တောက်ကျောင်းတော်တွင် နာမည်ကြီးသော ပါရမီရှင်တစ်ဦးလည်း ဖြစ်လာ၏။
ပင်းယန် အောင်မြင်မှုနှင့် နာမည်ဂုဏ်သတင်းများ ကျော်ဇောနေစဉ် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ သတင်းဆိုးတစ်ခု ရောက်ရှိလာသည်။ သူမ မိခင် ကွယ်လွန်သွားပြီ ဖြစ်သည်။
ထိုအချိန် ပင်းယန်သည် အတိတ်ကလို တဇွတ်ထိုးဆန်သော ကောင်မလေးတစ်ယောက် မဟုတ်တော့ပေ။ သူမ မိခင် သေဆုံးရသည့်အကြောင်းရင်းကို သိနားလည်သဖြင့် ပထမဆုံး တုံ့ပြန်မှုသည် ဓားကို မြှောက်ကာ ပြင်းထန်အေးခဲတောင်တန်းစံအိမ်သို့ ဝင်ရောက်တိုက်ခိုက်ရန်ဖြစ်၏။
သို့သော် သူမကို ထိုမြို့စားက တားဆီးခဲ့သည်။ ဝမ်တောက်ကျောင်းတော်တွင် သုံးရက်နှင့်သုံးညတိုင်တိုင် ငြင်းခုံပြီးနောက် ပင်းယန် အလျှော့ပေးလိုက်ပြီး ပြင်းထန်အေးခဲတောင်တန်းစံအိမ်အတွက် သုံးကြိမ် ကူညီပေးမည်ဟု ကတိပြုခဲ့သည်။
အချိန်များ ကုန်လွန်လာသည်နှင့် ပင်းယန် ပြင်းထန်အေးခဲတောင်တန်းစံအိမ်အကြောင်းကို တဖြည်းဖြည်း မေ့လျော့သွား၏။ ယနေ့ ထိုရေခဲငှက်မွေးကို မြင်လိုက်ရမှသာ အတိတ်ကိစ္စရပ်များ သူမ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်။
“ဒီလိုကိုး”
ပင်းယန်၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ချူဖုန်းသည် သူ့လက်မောင်းထဲရှိ အလှလေးကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ ကိုယ် မင်းဘေမှာ အမြဲတမ်း ရှိနေပေးမှာပါ”
“အင်း”
ပင်းယန် ပြန်ဖြေကြားလိုက်ပြီး ချူဖုန်း ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
သူတို့နှစ်ဦး ထိုသို့ ဖက်တွယ်လျက် ညတာကို ကုန်ဆုံးလိုက်ကြသည်။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင်
ပင်းယန် လန့်ဖြန့်သွားသော သမင်ပေါက်လေးတစ်ကောင်အလား ချူဖုန်း ရင်ခွင်ထဲမှ ခုန်ထွက်လိုက်ပြီး မျက်နှာလေး နီရဲသွားကာ ပြောလိုက်သည်။
“ယောက်ျား ရှင် မနေ့ညက ကျွန်မကို သေချာပေါက် ရယ်ချင်နေမှာပဲ”
ချူဖုန်း၏နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး နွေဦးလေပြေကဲ့သို့ နူးညံ့သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
“ဇနီးလေး မင်းနဲ့ကိုယ်က လင်မယားလေ။ ကိုယ် မင်းကို ဘယ်လိုလုပ် ရယ်မှာလဲ။ ပြီးတော့ မနေ့ညက မင်း တော်တော်လေး လှနေတယ်ကွာ”
“ရှင် မျက်နှာသစ်ဖို့ ကျွန်မ ရေသွားနွေးသွားယူပေးမယ်”
ဤစကားကို ပြောပြီးနောက် ပင်းယန် ချူဖုန်း အမြင်အာရုံထဲမှ ပျောက်ကွယ်သွားသည်။
ချူဖုန်းသည် သူမ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက ပို၍ တောက်ပလာသည်။
ဆယ်ရက်အကြာတွင် ချူဖုန်း ပင်းယန်နှင့်အတူ တောင်ပေါ်မှ ထွက်ခွာလိုသော တပည့်တစ်စုကို ခေါ်ဆောင်ကာ ဝမ်တောက်မြို့တော်သို့ ပျံသန်းသွားတော့၏။
ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် ဝမ်တောက်ကျောင်းတော်၏ တိုက်ရိုက်လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်သည်။ နှစ်ရာအနည်းငယ်ကြာတိုင်း ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် ဝမ်တောက်ကျောင်းတော်တွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်သည့် မြို့စားတစ်ဦးကို မွေးထုတ်ပေးလေ့ရှိပြီး နတ်ဘုရားကျောင်းတော်တွင် ကျင့်ကြံနေသော ပင်းမိသားစုမှ မဟာပဏ္ဍိတပင် ရှိသေးသည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် ဆန်းကြယ်ကောင်းကင်၏ အနောက်မြောက်ပိုင်းရှိ ဝမ်တောက်ကျောင်းတော်၏ ပထမဆုံး လက်အောက်ခံ အင်အားစုလည်း ဖြစ်၏။
မြို့တော်တွင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်သို့ တိုက်ရိုက် သွားရောက်နိုင်သော နေရာပြောင်းရွှေ့ခြင်းအစီအရင်တစ်ခု ရှိနေသည်။
ချူဖုန်းနှင့်အခြားသူများ နေရာပြောင်းရွှေ့ခြင်းအစီအရင်အတွင်းသို့ ဝင်ရောက်ပြီးနောက် အချိန်တိုလေးအတွင်းမှာပင် သူတို့ရှေ့ရှိ မြင်ကွင်းသည် မိုးမြေပြောင်းပြန်လန်သွားသည့်အလား ပြောင်းလဲသွား၏။
သူတို့ မလာရောက်မီ ဝမ်တောက်မြို့တော်သည် နွေဦးရာသီ၏ နွေးထွေးမှုနှင့် ပန်းများ ပွင့်လန်းနေသော်လည်း ပြင်းထန်အေးခဲတောင်တန်းစံအိမ်တွင်မူ နှင်းများ ဖုံးလွှမ်းနေသည့် မြောက်ပိုင်းရှုခင်းတစ်ခု ဖြစ်သည်။
ချူဖုန်း ရှုခင်းကို ခံစားရန် အချိန်မရသေးခင် လေးစားမှုအပြည့်ပါသော အသံတစ်သံကို သူ ကြားလိုက်ရ၏။
“မဟာပဏ္ဍိတမိုးမြေနဲ့ အကြီးအကဲပင်းကို ကျွန်တော်တို့ ဂါရဝပြုပါတယ်”
“ထကြပါ”
ချူဖုန်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
သူ့တာအိုလက်တွဲဖော်အတွက် ဤလူများကို လက်စားချေရန် အားနည်းဟန်ဆောင်ဖို့ မူလက ရည်ရွယ်ထားသော်လည်း မမျှော်လင့်ဘဲ သူတို့ အစတည်းက ကျိုးနွံဟန်ပြနေသဖြင့် သူ့အတွက် ဟန်ဆောင်ရန် ခက်ခဲသွား၏။ လူတစ်ယောက် အရမ်းနာမည်ကြီးနေလို့ မကောင်းပေ။
“ကျေးဇူးတင်ပါတယ် မဟာပဏ္ဍိတမိုးမြေ”
ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ လူများ လေးစားသမှုဖြင့် ပြောလိုက်ကြသည်။
မဟာပဏ္ဍိတမိုးမြေ ကိုယ်တိုင်ကိုယ်ကျ လာရောက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ မည်သို့ပင်ဆိုစေကာမူ ဤနှစ်များအတွင်း ပင်းယန်နှင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်တို့ အဆက်အသွယ် ပြတ်တောက်နေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
မျိုးဆက်သစ်လူငယ်များကို မဆိုထားနှင့် မျိုးဆက်ဟောင်းများကြားတွင်ပင် နာမည်ကြီး မဟာပဏ္ဍိတမိုးမြေ၏ တာအိုလက်တွဲဖော်သည် သူတို့ပင်းမိသားစုမှ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း သိသူ သိပ်မရှိကြပေ။
ကံကောင်းထောက်မစွာ သူတို့သတင်းကို ယခင်က ပိတ်ဆို့ထားသဖြင့် ဤတစ်ကြိမ်တွင် ပင်းမိသားစု မည်သူ့ကို ပါဝင်စေမည်ဆိုသည်ကို ပြင်ပကမ္ဘာသို့ ထုတ်ဖော်ပြောကြားထားခြင်း မရှိချေ။
အကယ်၍ မဟာပဏ္ဍိတမိုးမြေသာ သူတို့ပြင်းထန်အေးခဲတောင်တန်းစံအိမ်အတွက် ကူညီလုပ်ဆောင်ပေးရန် ဆန္ဒရှိပါက နှစ်ခြောက်ဆယ်တစ်ကြိမ် ကျင်းပသည့် ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲကြီးတွင် သူတို့ ထိပ်ဆုံးနေရာကို ရယူနိုင်မည် မဟုတ်ပါလော။
သို့သော် အကြီးအကဲပင်းနှင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကြား ဆက်ဆံရေးကို လူတိုင်း တွေးမိသွားသောအခါ ဤအတွေးသည် ချက်ချင်း ဖိနှိပ်ခံလိုက်ရ၏။
ပြင်းထန်အေးခဲတောင်တန်းစံအိမ်သခင် အလွန်တရာ လေးစားဟန်ဖြင့် ပြောလိုက်သည်။
“မဟာပဏ္ဍိတမိုးမြေ ဒီဘက်ကို ကြွပါ”
“ဟမ့်”
ပင်းယန် အေးစက်စက် နှာမှုတ်လိုက်ပြီး စံအိမ်သခင်အပေါ်ထားရှိသော သူမ အကြည့်များသည် အဆုံးအစမရှိ အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
လေထုက ရုတ်တရက် အနေရခက်သွားပြီး စံအိမ်သခင် အလျင်အမြန် ပြောလိုက်သည်။
“ယန်အာ မင်းရဲ့ နှလုံးသားထဲမှာ ဒေါသတွေ ရှိနေတယ်ဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ အခု ပြင်းထန်အေးခဲတောင်တန်းစံအိမ်က အကျပ်အတည်းကို ရင်ဆိုင်နေရလို့ မင်းရဲ့ မုန်းတီးမှုတွေကို စွန့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
ဤစကားများကို ကြားသောအခါ ချူဖုန်း ထိုသူ၏ အမည်ကို ချက်ချင်း သိရှိသွားသည်။ သူက ပြုံးလျက် ပြောလိုက်၏။
“ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှာ ပြောစရာစကား တခြား ဘယ်သူမှ မရှိတော့ဘူးလား။ ငါတို့ ဒီတစ်ကြိမ် လာလည်တာက ကိုယ့်ကိုယ်ကိုယ် ပြဿနာရှာဖို့ မဟုတ်ဘူး”
သူ့လေသံက အလွန် တည်ငြိမ်နေသော်လည်း ၎င်းသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ လူများ၏နားထဲသို့ ရောက်ရှိသွားသောအခါ ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ လူတိုင်း အကြည့်ချင်း ဖလှယ်ပြီးနောက် အကြီးအကဲတစ်ဦး အလျင်အမြန် ရှေ့ထွက်လာ၏။
“မဟာပဏ္ဍိတ ပြောတာ မှန်ပါတယ်။ ဒီအဘိုးကြီးကို ခင်ဗျားတို့အတွက် လမ်းပြပေးခွင့် ပြုရင်ရော ဘယ်လိုလဲ”
ချူဖုန်း သူ့စကားများကို ပြန်လည် မတုံ့ပြန်ဘဲ ပင်းယန်ကို လှည့်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
“ယန်အာ မင်းပဲ ဆုံးဖြတ်ချက် ချလိုက်ပါ”
အခန်း (၄၇၂)
ချူဖုန်း၏စကားများကို ကြားပြီးနောက် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ လူများသည် ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။
လူတိုင်း ပင်းယန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။
သူတို့သည် ဆန်းကြယ်ကောင်းကင်ဒေသ အနောက်မြောက်ပိုင်းတွင် နေထိုင်ကြသော်လည်း မဟာပဏ္ဍိတမိုးမြေအကြောင်း ဇာတ်လမ်းများ ကြားဖူးသည်။ သူတို့အမြင်တွင် မဟာပဏ္ဍိတမိုးမြေသည် ကြီးစိုးနိုင်သော၊ မာနကြီးသော၊ ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်သည်။
သူ လှုပ်ရှားလိုက်တိုင်း ဘယ်တော့မှ မအောင်မြင်တာ မရှိပေ။ သူတော်စင်တစ်ပါး ရောက်လာရင်တောင် သူ၏ ရိုက်နှက်ခြင်းကို ခံရပေလိမ့်မည်။
သို့သော် ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုသည် ပင်းယန်၏ ခံစားချက်များကို အမှန်တကယ် ဂရုစိုက်နေသည်။
‘ခင်ဗျားလို အစွမ်းထက်တဲ့လူက အိမ်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့သူ မဖြစ်သင့်ဘူးလား’
ပင်းယန်သည် သူမရှေ့ရှိ အကြီးအကဲကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကိုးယောက်မြောက် အဘိုးလေး၊ ကျွန်မတို့ကို လမ်းပြပေးဖို့ အဘိုးလေးကိုပဲ ဒုက္ခပေးရတော့မယ်။ ဒါပေမဲ့ ကျွန်မ ခင်ပွန်း ကိုယ်တိုင်ကိုယ်ကျ ရောက်လာတယ် ဆိုတာကိုတော့ ဘယ်သူ့ကိုမှ မသိစေချင်ဘူး”
အကြီးအကဲ လေးစားစွာ ပြောလိုက်သည်။
“သဘာဝကျပါတယ်။ တကယ်လို့ အဓိကအင်အားစုတွေက မဟာပဏ္ဍိတမိုးမြေ ကိုယ်တိုင်ကိုယ်ကျ လာတယ်ဆိုတာကို သိသွားရင် ဒီနှစ်ခြောက်ဆယ် ပြိုင်ပွဲကြီးမှာ ပါဝင်ဖို့ ဘယ်သူ့ကိုမှ စေလွှတ်ရဲမှာ မဟုတ်ဘူး။ ဒီအဘိုးကြီး အခု သမီးတို့ကို အနားယူဖို့ လေပန်းခြံဝင်းဆီကို ခေါ်သွားပေးမယ်”
“အင်း”
ပင်းယန် ဖြည်းညှင်းစွာ ပြန်ဖြေလိုက်သည်။
အဖေပင်း မျက်နှာက ဤအချိန်တွင် အနည်းငယ် အကျည်းတန်နေသော်လည်း သူ့မကျေနပ်မှုကို မပြသရဲပေ။
သူ လူအုပ်ကြီးထဲတွင် လမ်းလျှောက်နေရင်း ပင်းယန်၏ အေးစက်သော်လည်း စွမ်းအားကြီးသည့် ပုံရိပ်ကို ကြည့်ကာ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်က သူ့ရှေ့တွင် သူမ၏ ကျင့်ကြံခြင်း တိုးတက်မှုများကို ကြွားလုံးထုတ်ခဲ့ဖူးသော ကောင်မလေးသည် ယခုအခါ ကြီးပြင်းလာခဲ့ပြီး သူ မှန်းဆ၍မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာပြီ ဖြစ်သည်။
အဖေပင်းသည် နောင်တများဖြင့် ပြည့်နှက်နေသော်လည်း သားအဖ နှစ်ယောက်ကြားရှိ အထုံးအဖွဲ့ကို မည်သို့ စတင် ဖြေရှင်းရမည်ကို မသိခဲ့ပေ။
အဖွဲ့သည် ရှေ့သို့ ဆက်လျှောက်သွားကြပြီး မကြာမီ မွှေးရနံ့များဖြင့် ပြည့်နှက်နေသည့် ခြံဝင်းတစ်ခု အပြင်ဘက်သို့ ရောက်ရှိလာသည်။ သူတို့ မဝင်ခင် အတွင်းမှ ငြင်းခုံနေသည့် အသံများကို ကြားလိုက်ကြရ၏။
“ပင်းရှောင်ဖုန်း ရှင်တို့ကို ဘယ်နှစ်ခါ ပြောရမလဲ၊၊ ဒီခြံဝင်းထဲကနေ ကျွန်မ လုံးဝ ပြောင်းမပေးနိုင်ဘူး။ အကယ်၍ ရှင် ကျွန်မကို ပြောင်းဖို့ အတင်းအကျပ် လုပ်နေမယ်ဆိုရင် ကျွန်မတို့ ကွာရှင်းကြတာပေါ့”
“ရိုအာ ငါ့စကားကို နားထောင်။ ဒီတစ်ကြိမ် ငါ့အစ်မကြီးက ငါတို့ရဲ့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်အတွက် နှစ်ခြောက်ဆယ် ပြိုင်ပွဲကြီးမှာ ပါဝင်ဖို့ ပြန်လာတာ။ သူ မထွက်သွားခင် ခဏလေးပဲ နေမှာပါ။ တစ်လတောင် မပြည့်ဘူး။ ကျေးဇူးပြုပြီး ခဏလေး သည်းခံပေးပါ”
“ဟမ့်၊ အိမ်ထောင်ကျသွားတဲ့ သမီးဆိုတာ ဖိတ်စင်သွားတဲ့ ရေလိုပဲ။ ဘယ်လို အိမ်ရှင်ကများ ဧည့်သည်အတွက် နေရာဖယ်ပေးရမှာလဲ။ ရှင်တို့ ပင်းမိသားစုအတွက် ကျွန်မ ဧကရာဇ်ခန္ဓာကိုယ် ပါရမီရှင်တစ်ယောက်ကို မွေးပေးထားတာနော်။ ကျွန်မ လုံးဝ မပြောင်းပေးနိုင်ဘူး”
“…”
အထဲမှ စကားဝိုင်းကို နားထောင်ပြီးနောက် ပင်းယန်သည် ချက်ချင်းပင် သူမ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူမ စကားမပြောဘဲ ကိုးယောက်မြောက် အဘိုးလေးကိုသာ ကြည့်လိုက်၏။
ပင်းထျယ်ရှင်းသည် ပင်းယန်၏ အကြည့်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။
“ယန်အာ ဒီကိစ္စကို အဘိုး တကယ်ကို မသိဘူး။ အရင်က မင်းအဖေက လေပန်းခြံဝင်းကို သေချာပေါက် ရှင်းလင်းပေးမယ်လို့ ကတိပေးထားတာပါ”
ဤစကားများအဆုံးတွင် လူတိုင်း ပင်းအောက်ကူကို ကြည့်လိုက်၏။
သူ့မျက်နှာက စိမ်းလိုက် ပြာလိုက်ဖြစ်နေပြီး အတော်လေး ကြည့်ကောင်းနေသည်။ ခန့်မှန်းစရာပင် မလိုချေ။ ချူဖုန်းက ဤခပ်ပေါပေါ ယောက္ခမကြီးသည် ယခုအချိန်တွင် နှလုံးသားထဲ၌ ခံစားချက်များ ရှုပ်ထွေးနေကြောင်း သိသွား၏။
လေထု အနည်းငယ် အနေခက်သွားချိန်မှာပင် ပင်းယန်က ပြောလိုက်သည်။
“ဒါဆိုလည်း ပြီးတာပဲလေ။ လေပန်းခြံဝင်းမှာ ပိုင်ရှင် ရှိနေပြီဆိုမှတော့ ဒီအခွင့်အရေးကို သုံးပြီး ကျွန်မ နှလုံးသားထဲက နောက်ဆုံး သံယောဇဉ်ကို ဖြတ်တောက်ပစ်လိုက်တော့မယ်။ ဧည့်သည် ခြံဝင်းဆီကိုပဲ ခေါ်သွားပေးပါ”
သူမ စကားပြောပြီးသည်နှင့် ပင်းမိသားစုမှ အရေးပါသူများ၏ မျက်နှာများတွင် နောင်တရသည့် အမူအရာများ ပေါ်လာသည်။ သူတို့အားလုံး ပင်းအောက်ကူကို လူသတ်ချင်နေသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
သူတို့ တစ်ယောက်ချင်းစီသည် ပင်းအောက်ကူကို ရိုက်နှက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
‘မင်းလုပ်ထားတဲ့ အရှုပ်အထွေးကြီးကို ပြန်ကြည့်လိုက်စမ်း ခွေးကောင်လေး’
ယခုအခါ ပင်းမိသားစုတွင် ကြီးကြပ်ရန် မဟာပဏ္ဍိတ တစ်ပါးသာ ရှိတော့၏။ မူလက ပင်းယန်နှင့် သူတို့ဆက်ဆံရေးကို တိုးတက်စေရန် ဤအခွင့်အရေးကို အသုံးပြုနိုင်ပါသည်။
‘ဒါပေမဲ့ မင်းက သွားပြီ အရှုပ်တွေ လုပ်လာတယ်။ မိသားစုခေါင်းဆောင် မလုပ်ချင်တော့ဘူးလား’
ပင်းအောက်ကူ၏ နောင်တသည် ပို၍ပင် နက်ရှိုင်းလာသည်။ အကယ်၍ သူသာ သိခဲ့လျှင် အသုံးမကျသော သူ့သားကို ဤကိစ္စအား ကိုင်တွယ်ခိုင်းမည့်အစား သူ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်မည် ဖြစ်သည်။
“ကောင်းပါပြီ”
ဤအခြေအနေတွင် ပင်းထျယ်ရှင်းသည် ၎င်းကို လက်ခံရန်သာ ရွေးချယ်နိုင်ပြီး ဧည့်သည်ခြံဝင်းဆီသို့ အဖွဲ့အား ဦးဆောင်ခေါ်သွားသည်။
ခဏအကြာတွင်။
ချူဖုန်းနှင့် သူ့အဖွဲ့ နေရာချထားပြီးနောက် ပင်းထျယ်ရှင်း လေးစားစွာ ပြောလိုက်သည်။
“ယန်အာ သမီးမှာ တောင်းဆိုစရာတွေ ရှိရင် အချိန်မရွေး ပြောပါ။ ဒီအဘိုးကြီး ဖြည့်ဆည်းပေးပါ့မယ်”
“မလိုပါဘူး။ ကျွန်မကို အနှောင့်အယှက် မပေးရင် ရပါပြီ”
ပင်းယန်၏ လေသံတွင် အေးစက်သည့် အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
“နားလည်ပါပြီ”
ပင်းထျယ်ရှင်း ပြောပြီးနောက် ပင်းမိသားစုမှ အခြားသော အကြီးအကဲများနှင့်အတူ ထွက်ခွာသွားသည်။
ပင်းယန် ထိုနေရာ၌ မှင်တက်စွာ ရပ်နေသည်ကို မြင်သောအခါ ချူဖုန်း ရှေ့သို့ တိုးကာ သူမကို ပွေ့ဖက်လိုက်သည်။
“ယန်အာ မင်း အဆင်ပြေရဲ့လား”
“ကျွန်မ အဆင်ပြေပါတယ်”
ပင်းယန် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်မ ကလေးဘဝတုန်းက ကျင့်ကြံခဲ့တဲ့ နေရာကို ပြချင်ခဲ့တာ။ ဒါပေမဲ့ ပင်းမိသားစုက ဒီနောက်ဆုံး ကျန်နေတဲ့ ဂုဏ်သိက္ခာလေးကိုတောင် အလိုမရှိဘူးလို့ တစ်ခါမှ မတွေးမိခဲ့ဘူး”
ချူဖုန်း ပြုံးလျက် ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို ဘယ်တော့မှ ပြန်ပြင်လို့ မရနိုင်တော့မဲ့ နောင်တတွေရဲ့ ခံစားချက်ကို မြည်းစမ်းခွင့် ပေးလိုက်တာပေါ့”
“အင်း”
ပင်းယန် ညင်သာစွာ ပြန်ဖြေလိုက်သည်။
တစ်ချိန်တည်းမှာပင်
ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် ပရမ်းပတာ ဖြစ် နေသည်။
ပင်းအောက်ကူသည် ပင်းယန်နှင့် အကြီးအကဲတစ်စုထံမှ ဒေါသများကို လက်ခံရရှိပြီးနောက် သူသည် လေပန်းခြံဝင်းသို့ ချက်ချင်း ရောက်ရှိလာသည်။
သူ ဝင်လာသည်နှင့် တစ်ပြိုင်နက် မျက်နှာထားကို တင်းမာရင်း ကြမ်းတမ်းစွာ ဆူပူလိုက်သည်။
“ဘာတွေ ဆူညံနေတာလဲ။ မင်းတို့အားလုံး အသက် ရာချီနေပြီလေ။ အခုထိ ကလေးတွေလို ပြုမူနေတုန်းပဲလား”
“အဖေ”
ငြင်းခုံနေသူနှစ်ဦးသည် ပင်းအောက်ကူ ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။
ပင်းအောက်ကူ အေးစက်စွာ ပြောလိုက်၏။
“မုရို ဒီအဘိုးကြီး မင်းကို အသိတရားရှိတဲ့ သူတစ်ယောက်လို့ ထင်ထားတာ၊၊ ဘာလို့ ဒီနေ့မှ လူရယ်စရာဖြစ်အောင် လုပ်ရတာလဲ။ မင်းတို့ငြင်းခုံသံကို ပြင်းထန်အေးခဲတောင်တန်းစံအိမ်က အကြီးအကဲတွေ အားလုံး ခုနက ကြားသွားတယ်ဆိုတာကိုရော သိရဲ့လား”
ယောက္ခမ ဖြစ်သူကို ရင်ဆိုင်ရချိန်တွင် မုရိုသည် အတွင်းစိတ်ထဲ၌ ကြောက်ရွံ့နေဆဲပင် ဖြစ်သည်။
သူမ နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ပြောလိုက်သည်။ “ကျွန်မ မတရားဘူးလို့ ခံစားရလို့ပါ။ အိမ်ထောင်ကျသွားတဲ့ သမီးတစ်ယောက်က ဘာလို့ ကျွန်မရဲ့ ပစ္စည်းတွေကို ယူသွားနိုင်ရမှာလဲ။ အဖေ ပြောဖူးတယ်လေ။ ပြင်းထန်အေးခဲတောင်တန်းစံအိမ် တစ်ခုလုံးက ကျွန်မနဲ့ ရှောင်ဖုန်းတို့ပိုင်တာလို့”
“ဟန့်”
ပင်းအောက်ကူ အေးစက်စက် နှာမှုတ်လိုက်သည်။ “အနာဂတ်မှာ ပြင်းထန်အေးခဲတောင်တန်းစံအိမ်က မင်းနဲ့ ရှောင်ဖုန်းတို့ ပိုင်ဆိုင်ရမယ်ဆိုတာကို သိနေမှတော့ ဘာလို့ အခုချိန်မှာ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို အခက်တွေ့အောင် လုပ်ချင်နေရတာလဲ”
မုရို အံကြိတ်ကာ ပြောလိုက်သည်။
“အဖေ ကျွန်မတို့ရဲ့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်က ပင်းယန် မပါဘဲနဲ့ ဒီအကျပ်အတည်းကို မကျော်လွှားနိုင်ဘူးလား။ ကျွန်မလနှင်းနန်းတော်က မဟာပဏ္ဍိတကိုလည်း အကူအညီ တောင်းပေးလို့ ရပါတယ်”
၎င်းကို ကြားသောအခါ ပင်းအောက်ကူ၏ မျက်နှာက ပို၍ အကျည်းတန်လာသည်။
“မင်း ဘာသိလို့လဲ။ ငါတို့ နှင်းနန်းတော်က မဟာပဏ္ဍိတ ကို အကူအညီ တောင်းမယ်ဆိုရင် ငါတို့ ဘယ်လောက်တောင် ပေးဆပ်ရမလဲ။ ပင်းယန်ကို လှုပ်ရှားခိုင်းဖို့ဆိုတာ ရေခဲငှက်မွေးတောင် တစ်ခုပဲ ကုန်တာလေ၊၊ ပြီးတော့ ငါတို့ သူနဲ့ ဆက်ဆံရေးကို တိုးတက်အောင် လုပ်နိုင်ရင် အနာဂတ်မှာ မင်းရဲ့ ကလေးက မဟာပဏ္ဍိတမိုးမြေ ရဲ့ တပည့် ဖြစ်လာနိုင်တယ်”
ဤစကားများကြောင့် မုရို၏ အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဟာပဏ္ဍိတမိုးမြေက တပည့် လက်ခံတဲ့နေရာမှာ အရမ်း တင်းကျပ်တယ်လို့ ကြားဖူးတယ်။ သောင်းပြောင်းပညာရပ်ဌာနက တပည့် ခေါ်ယူရေး စည်းကမ်းချက်တွေကို လျှော့ချပေးရင်တောင် မြောက်ပိုင်းက ရှီးယွမ်ဆိုတဲ့ ပါရမီရှင်ကိုပဲ သူ့တပည့်အဖြစ် လက်ခံခဲ့တာလေ”
“လင်းအာက ဧကရာဇ်ခန္ဓာကိုယ်ကို နိုးထထားတယ်ဆိုပေမဲ့ အဲဒီလို ပါရမီရှင် တစ်ယောက်နဲ့ ယှဉ်ရင်တော့ ကွာဟချက် တော်တော်လေး ရှိနေသေးတယ်”
“မင်းလို မိန်းမမျိုးကို ဒီလောက် အများကြီး ရှင်းပြလို့ မရဘူး။ လက်ဆောင်တွေ ယူသွားပြီး သွားတောင်းပန်ချေ။ ယန်အာ ခွင့်လွှတ်မှုကို မင်း ရနိုင်မယ်ဆိုရင် ဒီကိစ္စအတွက် အခွင့်အရေး ရှိနိုင်သေးတယ်”
ပင်းအောက်ကူသည် ချူဖုန်းနှင့် ပင်းယန်တို့ ဆက်ဆံရေးကို ထုတ်ဖော် မပြောပေ။ သူတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် နှစ်ခြောက်ဆယ် ပြိုင်ပွဲကြီးတွင် ရင်သပ်ရှုမောဖွယ် သက်ရောက်မှုတစ်ခု ဖန်တီးနိုင်ရန်အတွက် ဤကဲ့သို့သော ကိစ္စရပ်များသည် သိသူ နည်းလေ ပိုကောင်းလေပင်ဖြစ်သည်။
မုရို လေးစားစွာ ဦးညွှတ်ပြီး ပြောလိုက်သည်။
“ရိုအာ ဘာလုပ်ရမလဲ ဆိုတာကို သိပါပြီ”
“အင်း”
ပင်းအောက်ကူ ခေါင်းညိတ်လိုက်သည်။
“ဒီအဘိုးကြီး ပြောစရာ ရှိတာတွေ အားလုံး ပြောပြီးသွားပြီ။ အောင်မြင်နိုင်မလား ဆိုတာကတော့ မင်းတို့ အပေါ်မှာပဲ မူတည်တယ်”
စကားပြောပြီးနောက် သူသည် လှည့်၍ ထွက်ခွာသွားသည်။ အကြီးအကဲများ၏ ခံစားချက်များကို နှစ်သိမ့်ပေးရန် သူ ရည်ရွယ်ထား၏။ မဟုတ်ပါက သူ့မိသားစု ခေါင်းဆောင် ရာထူးကို ထိခိုက်လာနိုင်ပေသည်။
ပင်းအောက်ကူ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် မုရို ပင်းရှောင်ဖုန်းကို ကြည့်လိုက်၏။
“ပြောစမ်းပါဦး။ ရှင်အစ်မက ဘာကို သဘောကျတာလဲ”
ပင်းရှောင်ဖုန်း ခေါင်းကုတ်ပြီး ပြောလိုက်သည်။
“ငါ မသိဘူး”
“ဟွန့်”
မုရို အေးစက်စက် နှာမှုတ်လိုက်၏။
“အသုံးမကျတဲ့အမှိုက်ကောင်။ ဒါဆိုရင် ရှင်တို့ အတိတ်က အတူတူ ကုန်ဆုံးခဲ့တဲ့အချိန်တွေ အကြောင်း ပြောပြ”
“အင်း”
ပင်းရှောင်ဖုန်း သူ့ မှတ်ဉာဏ်ထဲမှ အချိန်ကာလများကို စတင် ပြောပြသည်။
နားထောင်ပြီးနောက် မုရို၏ မျက်နှာက ပို၍ အကျည်းတန်လာပြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“ပင်းရှောင်ဖုန် ခဏနေရင် ရှင် ကျွန်မနဲ့အတူ အစ်မပင်းယန်ဆီကို တောင်းပန်ဖို့ လိုက်ခဲ့ရမယ်”