← Chapters

ကျောင်းအုပ်ကြီး ကျွန်တော််တို့ သောင်းပြောင်းပညာရပ်ဌာနကလည်း တန်းတူအခွင့်အရေး လိုချင်ပါတယ်

Vol. 4 Ch. 35

ကျောင်းအုပ်ကြီး ကျွန်တော််တို့ သောင်းပြောင်းပညာရပ်ဌာနကလည်း တန်းတူအခွင့်အရေး လိုချင်ပါတယ်

Vol. 4 Ch. 35

“ချူဖုန်း မင်းက ကျောင်းအုပ်ကြီးရဲ့ အရှေ့မှာတောင် မလေးမစား လုပ်ရဲတယ်ပေါ့”

ဓားဘုရင် ကျန်းဝူသည် ဒေါသတကြီးဖြင့် ရှေ့သို့ တိုးလာပြီး ကြိမ်းမောင်းလိုက်သည်။

သူသည် ချူဖုန်းကို ပို၍ အမြင်ကပ်လာသည်။ ထိုကောင်လေးသာ မရှိခဲ့လျှင် ရှောင်ချန်းသည် ယခုချိန်ဆို သူ့၏တပည့် ဖြစ်နေလောက်ပေပြီ။

ဝမ်တောက်ကျောင်းတော်၏မျိုးဆက်သစ်များထဲက လူငယ်ပါရမီရှင်တစ်ဦးက သူတို့၏ဓားပညာဌာနက ဖြစ်နေပေလိမ့်မည်။

သူ ပို၍ တွေးလေ ပို၍ ဒေါသထွက်လာလေဖြစ်သည်။ အကယ်၍ ကျောင်းအုပ်ကြီးနှင့် အခြား အကြီးအကဲများသာ မရှိခဲ့လျှင် သူသည် ရှောင်ချန်းကို ရိုက်နှက်မိပေလိမ့်မည်။

ချူဖုန်းက ပြုံးကာ ပြောလိုက်သည်။ “စီနီယာ ခင်ဗျား ကျွန်တော့်ကို မနာလို ဖြစ်နေတာလား”

“မင်း...”

ကျန်းဝူက ဒေါသ ပေါက်ကွဲသွားတော့သည်။ နီဗားနားရှင်သန်ခြင်းအဆင့် ဖိအားက အလိုအလျောက်ထွက်ပေါ်လာသည်။

အကယ်၍ အကြည့်နှင့်သာ လူသတ်၍ရလျှင် ချူဖုန်းတစ်ယောက် အစိပ်စိပ်အမွှာမွှာ ဖြစ်နေလောက်ပြီဖြစ်သည်။

သို့‌သော် ချူဖုန်းမှာ ထိုဖိအားအောက်တွင် မတုန်လှုပ်‌ပေ။ သူ၏မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောင်ပင် မမြင်ရချေ။

‘ဒါပဲလား’

‘ဒါက ဓားဘုရင် ကျန်းဝူ ဆိုတာလား’

‘ ဒီထက် ပိုသန်မာမယ်လို့ ထင်ထားခဲ့တာ။’

‘ငါရဲ့ ကျင့်ကြခြင်းက နှစ် (၁၂၀) ပဲ ရှိသေးတယ်။ ဒါတောင် ဘာမှမခံစားရဘူးလား’

‘ကြည့်ရတာ ဒီလူအိုကြီး ကျင့်ကြံလာတာ အများဆုံးမှ နှစ် (၂၀၀)ပဲ ရှိဦးမယ် ထင်တယ်’

ချူဖုန်း၏ ခန့်မှန်းချက်က မမှားပေ။ ကျန်းဝူ ကျင့်ကြသည်မှာ နှစ် (၂၀၀) ကျော်ရုံသာ ရှိပါသေး၏။ ထို့အပြင် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ဖို့ ခြေတစ်လှမ်း လိုနေသေးသည်။

ချူဖုန်းက နတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်ဟန်တူ၏။ ထိုသူ ထုတ်လွှတ်သည့် ဖိအားက သူ့ကို အယားတောင် မပြေစေပေ။

သူက အပြုံးမပျက်ဘဲ တည်ငြိမ်စွာ မေးလိုက်သည်။ “စီနီယာ ကျွန်တော် ခင်ဗျားရဲ့ ဒဏ်ရာကို ဆွမိသွားလို့များလား”

ဆိုရိုးစကားပင်ရှိသည်။ ချောင်ပိတ်ခံရသည့်ခွေးပင် ပြန်ကိုက်တက်သည်။

ကျန်းဝူသည် စိတ်ထဲက သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ သို့သော် ထိုအချိန်မှာပင် ကျောင်းအုပ်ကြီးက ဝင်ပါလာသည်။

“တော်ကြတော့။ မင်းတို့ နှစ်ယောက်စလုံး ဘာမှ ဆက်မပြောကြနဲ့တော့။ တပည့်တွေ ကြည့်နေကြတယ်”

“မင်းတို့ နှစ်ယောက်စလုံးက ဝမ်တောက်ကျောင်းတော်က ဌာနမှူးတွေပဲ။ ငါတို့ကို အရှက်မခွဲနဲ့”

ကျန်းဝူက ညည်းတွားလိုက်သည်။ ‘ ဟေ့လူ ဒီကောင်စုတ်လေးကို ကျုပ်နဲ့ မယှဉ်နဲ့‌လေ’

ကျောင်းအုပ်ကြီးသည် ရှောင်ချန်းဘက်သို့ လှည့်လိုက်သည်။ “ကဲ ဒီတော့ မင်းက သောင်းပြောင်းပညာရပ်ဌာနမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီပေါ့”

“ကျောင်းအုပ်ကြီးရဲ့ ခွင့်ပြုချက်ကို တောင်းခံပါတယ်”

ရှောင်ချန်း၏ အကြည့်များတွင် ဓားဆန္ဒများဖြင့် ပြည့်နှက်နေပြီး တွန့်ဆုတ်နေသည့် အရိပ်အယောင် မရှိပေ။

ကျောင်းအုပ်ကြီးက ပြုံးလိုက်သည်။ “ဝမ်တောက်ကျောင်းတော်က လမ်းစဉ်တိုင်း အတွေးအခေါ်တိုင်းကို လက်ခံပေးတယ်။ မင်း ကြိုက်တဲ့နေရာမှာ လွတ်လပ်စွာ ကျင့်ကြံနိုင်ပါတယ်”

“ဒါပေမဲ့ သောင်းပြောင်းပညာရပ်ဌာနရဲ့ လက်ရှိ အခြေအနေက မင်းရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီ တော့ဘူး”

သူ ထိုသို့ ပြောလိုက်သည့်အခိုက်မှာ ရှောင်ချန်းကို ခေါ်ယူဖို့ လက်လျှော့ထားကြသော ဌာနမှူးများ၏ နှလုံးသားထဲတွင် မျှော်လင့်ချက် မီးပွားလေးများ ပြန်လည် တောက်လောင်လာသည်။ သူတို့ တစ်ယောက်ချင်းစီက ကျောင်းအုပ်ကြီးကို ကျေးဇူးတင်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ရှောင်ချန်းက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ချူဖုန်းက အကြည့်တစ်ချက်ဖြင့် သူ့ကို တားလိုက်သည်။

ကျောင်းအုပ်ကြီးက ဆက်ပြောလာသည်။”ငါ့အမြင်အရဆိုရင်တော့ တကယ်လို့ မင်းသာ သောင်းပြောင်းပညာရပ်ဌာနမှာပဲ ဆက်နေချင်တယ်ဆိုရင် အဲဒီဌာနကို အဓိကတပည့်နေရာ တစ်နေရာ ပေးမှ ဖြစ်မယ်”

“မဟုတ်ရင် ငါတို့ကျောင်းတော်က နတ်ဘုရားခန္ဓာ နိုးထထားတဲ့သူကို အပြင်စည်းတပည့် အဆင့်အတန်းလောက်ပဲ ပေးထားတယ်ဆိုပြီး သတင်းထွက်သွားရင် အလှောင်ခံရလိမ့်မယ်”

“ကျေးဇူးအများကြီး တင်ပါတယ် ကျောင်းအုပ်ကြီး”

ရှောင်ချန်းသည် ကျောင်းအုပ်ကြီးက သူ့ကို အခွင့်ထူးများ ပေးမည်ဟု မထင်ထားခဲ့ပေ။

ကျောင်းအုပ်ကြီးသည် လူတိုင်းကို ဝေ့ကြည့်လိုက်သည်။ “ကန့်ကွက်မဲ့သူ ရှိလား”

“ကျွန်တော်တို့ မကန့်ကွက်ပါဘူး” ဌာနမှူးများ အားလုံးက တပြိုင်နက်တည်း ပြန်ဖြေကြသည်။

‘ကျောင်းအုပ်ကြီး ပြောပြီးမှတော့ သူ့ကို ဆန့်ကျင်နေလို့ အလကားပဲ။သွားငြင်းရင် အငြိုအငြင် ခံရရုံပဲ ရှိမှာပေါ့။’

“ကျွန်တော် ကန့်ကွက်ပါတယ်”

ငယ်ရွယ်သည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် အကြီးအကဲများ အားလုံး မျက်မှောင်ကြုတ်သွားကြသည်။

ကျန်းဝူက ပထမဆုံး တုံ့ပြန်လိုက်၏။ သူက ချူဖုန်း ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်းက ကျောင်းအုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရဲတယ်ပေါ့”

“ရှောင်ဝူ”

ကျောင်းအုပ်ကြီးက စကားနှစ်လုံးတည်း ပြောလိုက်ရုံဖြင့် ကျန်းဝူသည် ချက်ချင်းပင် လိမ်မာသွားပြီး နောက်သို့ ဆုတ်သွားခဲ့သည်။

ယခုအခါ ကျောင်းအုပ်ကြီး၏ အာရုံသည် ချူဖုန်းထံသို့ ရောက်ရှိလာသည်။

“ရှောင်ဖုန်း ကဲပြောစမ်း။ မင်း ကန့်ကွက်ရတဲ့ အကြောင်းအရင်းက ဘာလဲ”

ချူဖုန်းက ပြောလိုက်သည်။ “ကျောင်းအုပ်ကြီး ဒီတပည့်က ရှောင်ချန်းကို ဝမ်တောက်ကျောင်းတော်ရဲ့ အဓိကတပည့် ဖြစ်လာမှာကို မကန့်ကွက်ပါဘူး။ ကျွန်တော်က သောင်းပြောင်းပညာရပ်ဌာနကို အဓိကတပည့် နေရာတစ်နေရာစာတည်း ပဲ ပေးတာကို ကန့်ကွက်ချင်တာပါ”

“ဘာပဲဖြစ်ဖြစ် သောင်းပြောင်းပညာရပ်ဌာနမှာ တပည့်တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ”

ထိုစကား ဆုံးသည်နှင့် ဆေးဘုရင် ရွှမ်ဟော့မှလွဲ၍ ကျန်သည့် ဌာနမှူးများက ချူဖုန်းကို အကြည့်စူးစူးများဖြင့် ကြည့်လာကြသည်။

သူတို့က ဘာမှမပြောကြသော်လည်း အဓိပ္ပာယ်ကတော့ ရှင်းလင်းပါသည်။ ‘မင်း သိပ်ပြီး ရောင့်တက်မလာနဲ့ကောင်လေး’

ကျောင်းအုပ်ကြီးက တဟားဟား ရယ်မောလိုက်သည်။ “ဒါဆို မင်း ပြောချင်တာက ဟိုမှာ မီးဖုတ်ခံနေရတဲ့ ကောင်လေးကလည်း နတ်ဘုရားခန္ဓာကို နိုးထလာနိုင်တယ်ပေါ့”

မီးလျှံဂူအတွင်း၌။

ချောင်ရို့ချန်သည် ကျောင်းအုပ်ကြီး၏ အသံကို ကြားလိုက်ရသည့်အခါ သူ၏နှလုံးနှုန်းက မြန်သွားသည်။

‘သူ အေးအေးဆေးဆေး ကျင့်ကြံနေတာကို၊ ရုတ်တရက်ကြီး သူ့ရဲ့ စီနီယာအစ်ကိုက ပြဿနာရှာလိုက်တာပဲ။’

ဌာနမှူးများ၊ အကြီးအကဲများရောက်လာ၍ လူတိုင်းသည် သူ အဝတ်အစား မပါဘဲ ကျင့်ကြံနေခြင်းကို သိကုန်တော့ပေမည်။

တွေးမိရုံဖြင့် ချောင်ရို့ချန်တစ်ယောက် စိတ်ဓာတ်ကျသွားတော့သည်။

ချူဖုန်းက တည်ငြိမ်စွာ ပြန်ဖြေသည်။”နတ်ဘုရားခန္ဓာလို့တော့ အာမ မခံရဲပါဘူး။ ဒါပေမဲ့ ရို့ချန်ရဲ့ ပါရမီနဲ့ ကြိုးစားအားထုတ်မှုကြောင့် မြင့်မြတ်ခန္ဓာ နိုးထဖို့ကတော့ သေချာသလောက်ပါပဲ”

ဟူးလားလား။

အဆင့်မြင့် အကြီးအကဲများက လေအေးတစ်ဆုပ်ရှူသွင်းလိုက်မိကြသည်။

ဓားဘုရင်ကျန်းဝူက သည်းမခံနိုင်တော့ပေ။

‘ဒီကောင်လေး အကြွားလွန်နေပြီ။’

“ကောင်စုတ်လေး မင်းက မြင့်မြတ်ခန္ဓာဆိုတာကို ဂေါ်ဖီထုပ်တွေလိုများ ထင်နေလား။ ကြုံရာလူတိုင်း နိုးထနိုင်တယ်လို့ ထင်နေလား”

ဌာနမှူးများက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ကျောင်းအုပ်ကြီးပင်လျှင် မသိမသာ ခေါင်းညိတ်လိုက်သည်။ သို့သော် ချူဖုန်းက နောက်ထပ် အံ့ဖွယ်ကိစ္စရပ်တစ်ခုကို ဖန်တီးနိုင်မလားဆိုသည်ကိုတော့ သိချင်နေသေးသည်။

ချူဖုန်းက ပြုံးလိုက်သည်။ “စီနီယာ ဒါဆိုကျွန်တော်တို့ လောင်းကြေးထပ်ကြမလား”

ဓားဘုရင်ကျန်းဝူသည် ကြောင်အသွားသည်။ “ဘာကို လောင်းမှာလဲ”

“ရို့ချန်က မြင့်မြတ်ခန္ဓာကို နိုးထနိုင်မလား မနိုးထနိုင်ဘူးလား ဆိုတာလေ”

ချူဖုန်း၏ မျက်နှာပေါ်တွင် ယုံကြည်ချက်များ ပြည့်နှက်နေသည်။

ကျန်းဝူသည် လက်ခံရန် ပြင်လိုက်သော်လည်း ကျောင်းအုပ်ကြီးက သူ့ကို အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်ကို သတိထားမိလိုက်သည်။

ကျောင်းအုပ်ကြီးက သူ့ကို အဘယ်ကြောင့်တားနေရသည်ကို နားမလည်သော်ငြား မလွန်ဆန်ရဲပေ။

“ဟက်... ငါ မင်းနဲ့ ကလေးကလား ကစားနည်းတွေ ကစားနေဖို့ အချိန်မရှိဘူး”

“ဒါဆိုရင် စီနီယာအနေနဲ့ ဒီမှာ လာပြီး လက်ညှိုးတထိုးထိုးနဲ့ ဝေဖန်နေတာတွေကို ရှောင်ကြဉ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ချူဖုန်း၏ လေသံသည် တည်ငြိမ်သော်လည်း သူ၏ စကားလုံးများမှာ ပြင်းထန်လှသည်။

ဓားဘုရင်ကျန်းဝူသည် ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်လုနီးပါး ဖြစ်သွားသည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ကာ လူအုပ်ထဲသို့ တိတ်ဆိတ်စွာ ပြန်ဝင်သွားတော့သည်။

‘တောက်... ချူဖုန်း။ ငါ အခွင့်အရေးသာရခဲ့ရင် မင်းကို ဒူးထောက်ပြီး တောင်းပန်ခိုင်းမယ်’

ထိုစဉ်မှာပင် ကျောင်းအုပ်ကြီးသည် ရှေ့သို့ တိုးလာ၏။ “သောင်းပြောင်းပညာရပ်ဌာနကို အထူးအခွင့်အရေးတွေ ပေးဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ တခြား ဌာနတွေနဲ့ တန်းတူ အခွင့်အရေးတော့ ပေးနိုင်တယ်”

“တပည့်တစ်ယောက်က စစ်မှန်ကံကြမ္မာအဆင့်ကို တက်နိုင်သရွေ့ အတွင်းစည်းတပည့်နေရာ ရနိုင်မယ်။ ဘယ်လိုလဲ”

ချူဖုန်းသည် ချက်ချင်းပင် ကျောင်းအုပ်ကြီးကို ဦးညွှတ်လိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်၊ ကျောင်းအုပ်ကြီး”

ကျောင်းအုပ်ကြီးက စိတ်ဝင်တစား ပြုံးလိုက်သည်။ “ကောင်းပြီလေ။ မင်း သောင်းပြောင်းပညာရပ်ဌာနမှာ ဘယ်လို အံ့ဖွယ်တွေ လုပ်ဦးမလဲဆိုတာ ငါ စောင့်ကြည့်ချင်သေးတယ်”

ထိုသို့ပြောပြီးနောက် သူသည် တခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ကဲ... အားလုံးပဲ ဒီကိစ္စက ပြီးသွားပြီ။ ပြန်ကြစို့”

“ဟုတ်ကဲ့ပါ”

အကြီးအကဲများ အားလုံးသည် ပြိုင်တူပြန်ဖြေကြပြီး ကျောင်းအုပ်ကြီး၏ နောက်သို့ လိုက်ပါသွားကြသည်။

သောင်းပြောင်းပညာရပ်ဌာန၏အဝေးသို့ ရောက်သွားသည့်အခါ ဓားဘုရင်ရှောင်ယောင် က စကားစလိုက်သည်။ “ဆရာ သောင်းပြောင်းပညာရပ်ဌာနကို ကျွန်တော်တို့နဲ့ တန်းတူ အခွင့်အရေး ပေးလိုက်တာက နည်းနည်းတော့ လွန်တယ် မထင်ဘူးလား”

ကျောင်းအုပ်ကြီးက ပြုံးလျက် ပြောသည်။”သူက ထူးချွန်တဲ့ တပည့်တွေကို မွေးထုတ်ပေးနိုင်သရွေ့ အဆင်ပြေတယ်”

“နောက်ပြီးတော့ သောင်းပြောင်းပညာရပ်ဌာနမှာ တပည့် နှစ်ယောက်တည်း ရှိတာလေ။ သူတို့ ဘယ်လောက်ပဲ တော်တော် မဟာဌာနကြီး ရှစ်ခုကို ကျော်တက်နိုင်မယ်ထင်လား”

၎င်းကို ကြားလိုက်ရသည့်အခါ ဌာနမှူးများ အားလုံး တိတ်ဆိတ်သွားကြတော့သည်။

All Chapters