စီနီယာအစ်မ တစ်ခုခု ထွက်လာတယ်လို့ ခံစားရတယ်
Vol. 27 Ch. 261
“ဒီလောက်နှစ်တွေကြာမှ ပြန်လာရတာ အကုန်လုံးက ပြောင်းလဲသွားတယ်လို့ ခံစားရတယ်”
ဝမ်တောက်ကျောင်းတော်၊ င်မြောတောင်ပေါ်၌...
ချောင်ရို့ချန်နှင့် မကြာသေးမီက ပြန်ရောက်လာသော ရှောင်ချန်းတို့ သိုင်းကွက်ဖလှယ်ပြီးနောက် တောင်အနောက်ဘက်၌ ထိုင်နေကြသည်။ ချောင်ရို့ချန် သက်ပြင်းချလိုက်၏။ သူ ပြန်လာသည့်အချိန်တွင် ဆရာ့ကိုရော အဘိုးကိုပါ မတွေ့ရပေ။
ရှောင်ချန်း ပြုံးလိုက်သည်။ “တာ့ချန် မင်းဘယ်တုန်းက ဒီလောက် ခံစားလွယ်သွားရတာလဲ”
ချောင်ရို့ချန် လက်ပိုက်ကာ ဖြေသည်။ “ဘာဖြစ်ရမှာလဲ။ အစ်ကိုကြီးရဲ့ အထိန်းအကွပ်မဲ့တဲ့ ဓားသွားကြောင့်လေ။ အဲဒါက ကျွန်တော့်ကို ဒီသုံးနှစ်အတွင်း လေ့ကျင့်ခဲ့တာတွေက အရာမထင်သလို ခံစားရစေတယ်။ ကျွန်တော်က နောက်ဆုံးတော့ စီနီယာအစ်ကိုကြီးကို အနည်းဆုံးတော့ သရေကျပြီထင်တာ။ ဒါပေမဲ့ ရှုံးနေသေးတယ်”
“ဟားဟားဟား”
ရှောင်ချန်း ကျယ်လောင်စွာ ရယ်မောသည်။ “ဂျူနီယာညီလေး မင်းက သန်မာပါတယ်ကွ။ ငါ အရင်က မင်းကို ရိုက်ဖို့ ငါ့ခွန်အားရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ကို သုံးခဲ့ရတာကွ။ အခု မင်းကို ရိုက်ဖို့ ခွန်အားကုန်သုံးနေရတယ်။ ဆက်ကြိုးစားထား။ နောက်တစ်ခါဆို မင်း ငါကို သရေကျအောင် တိုက်ခိုက်လို့ ရလောက်ပါတယ်”
“….”
ချောင်ရို့ချန် မျက်နှာ မည်းသည်းသွားတော့သည်။ “ကျွန်တော်က စီနီယာ အနာဂတ်က မင်းလက်ထဲမှာပဲလို့ ပြောမယ်ထင်ထားတာ”
ရှောင်ချန်း ရယ်မောလိုက်သည်။ “မဟုတ်ဘူး။ အနာဂတ်က ငါ့လက်ထဲမှာပဲ”
“ခင်ဗျားက တကယ့်ကို မယုံနိုင်စရာပဲ။ ဘာလို့ စီနီယာအစ်မလွီက ခင်ဗျားကို ကြိုက်သွားလဲ မသိဘူး”
ချောင်ရို့ချန် နှုတ်ခမ်းမဲ့ကာ စိတ်ထဲမှ ညည်းညူလိုက်၏။ ‘ ငါ တာအိုပေါင်းစည်းခြင်းအဆင့်ရောက်ရင် ခန္ဓာကိုယ်သန့်စင်ဖို့ စမ်းချောင်းဝါချောက်နက်ကို သွားရမယ်။ အဲဒီအချိန်ကျရင် စီနီယာနဲ့ သရေကျတဲ့ အထိ တိုက်ခိုက်နိုင်မှာပါ’
သူ ရှောင်ချန်းကို ရိုက်ရမည်ဟူသော ရည်မှန်းချက်ကို လက်မလျှော့သေးပေ။ သူ မနိုင်သေးသည့်အချက်ကိုတော့ ဝန်ခံရပေမည်။ ထို့နောက် ရှောင်ချန်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဂျူနီယာညီလေးချောင် မင်း ဘယ်ကို ဆက်သွားမယ် တွေးထားလဲ။”
ချောင်ရို့ချန် ပြန်ဖြေပါ၏။
“ကျွန်တော် ညီမလေးနဲ့အတူ ယွင်လန်ဂိုဏ်းကို ပြန်ပြီး လည်ပတ်ဖို့ စီစဉ်ထားတယ်။ ကျွန်တော်တို့ မရောက်ဖြစ်တာ နှစ်တော်တော်ကြာနေပြီ”
ရှောင်ချန်း ခေါင်းအသာညိတ်လိုက်သည်။ “ဒါဆိုလည်း သွားတော့။ ဂျူနီယာညီအစ်ကိုမောင်နှမတွေရဲ့ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးဖို့ မြောင်တောင်မှာ ငါ ခဏလောက် နေခဲ့မယ်”
ချောင်ရို့ချန် ပြောလိုက်သည်။” ဒါဆိုရင် သောင်းပြောင်းပညာရပ်ဌာနကို စီနီယာအစ်ကိုကြီးလက်ထဲ အပ်ခဲ့ပြီ”
စကားအနည်းငယ် ထပ်ပြောပြီးနောက် ချောင်ရို့ချန်ဝတ်ရုံသစ် တစ်စုံကို လဲလှယ်လိုက်ပြီး ရှောင်ချန်းနှင့်အတူ ရယ်မောစကားပြောရင်း တောင်ထွတ်မှ ထွက်ခွာသွားကြသည်။
သူတို့ယှဉ်ပြိုင်မှုကို အပြင်လူများ မမြင်တွေ့ခဲ့ကြပေ။ စီနီယာအစ်ကိုကြီး နှင့် ဒုတိယစီနီယာအစ်ကိုတို့ ယခုလေးတင် သိုင်းကွက် ဖလှယ်ခဲ့ကြသည်ကိုသာ လူတိုင်း သိထားကြသည်။
ရက်အနည်းငယ် ကြာပြီးနောက်
ချောင်ရို့ချန် သူ့ ကျားနတ်ဆိုးကို စီးကာ စုန့်ကျောက်ယီ နှင့်အတူ ယွင်လန်ဂိုဏ်းဆီသို့ ဦးတည်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ယွင်လန်ဂိုဏ်း၏ အပြင်စည်းပြိုင်ပွဲက အရှိန်အဟုန် အပြည့်ဖြင့် ကျင်းပနေသည်။ ဖုန်းမူသည် ပြိုင်ပွဲတွင် ထူးချွန်စွာ ထွက်ပေါ်လာခဲ့ပြီး ထိပ်ဆုံး သုံးယောက် စာရင်းဝင်ခဲ့သည်။
သို့သော် သူ ရလဒ်ကို ကျေနပ်မှု မရှိခဲ့ပေ။ သူက စွမ်းအားကြီး စီနီယာတစ်ယောက်ထံမှ လမ်းညွှန်မှု ရခဲ့ဖူးပေမဲ့ အပြင်စည်း ပြိုင်ပွဲ၌ ပထမ နေရာကို မယူနိုင်ခဲ့ချေ။
သူ့ကို ပိုပြီး စိတ်ပျက်စေခဲ့သည်က လျှို့ဝှက်ဆန်းကြယ် ဆရာ သင်ပေးခဲ့သည့် နည်းစနစ်ကို သုံးနှစ်တိုင်တိုင် ကျင့်ကြံခဲ့တာတောင်မှ နားမလည်နိုင်သေးပေ။
စီနီယာ၏ အမွေအနှစ်နှင့် ကံမပါလာတာများလား ဟု သူ တွေးမိသည်။
“စီနီယာအစ်ကိုဖုန်း... စီနီယာအစ်မချင်းဟယ်က အပြင်မှာ စောင့်နေတယ်”
အဖော်တစ်ယောက်၏ အသံက ဖုန်းမူ အတွေးများကို ပြတ်တောက်သွားစေသည်။
အပြင်စည်း ပြိုင်ပွဲတွင် ထိပ်ဆုံး သုံးယောက် စာရင်းဝင်ပြီးနောက် ဖုန်းမူ အခွင့်အရေးများက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူသည် အတွင်းစည်း တပည့် တစ်ယောက် ဖြစ်လာခဲ့ပြီး သီးသန့်နေအိမ် တစ်လုံး ရရှိကာ အစေခံတပည့် တစ်ယောက်ကိုပင် ရသည်။
မင်းသမီးချင်းဟယ် လာရောက်လည်ပတ်ကြောင်း ကြားသောအခါ ဖုန်းမူ ချက်ချင်း မတ်တပ်ရပ်ပြီး အပြင်ဘက် ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။
သူ အပြင်ထွက်လိုက်သည်နှင့် ကောင်းကင်ပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် မင်းသမီးချင်းဟယ် ခြံဝင်းထဲတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
“ဖုန်းမူ စီနီယာအစ်မချင်းဟယ် ကို ဂါရဝပြုပါတယ်”
ဖုန်းလင်းလုံ ချိုမြိန်စွာ ပြုံးလိုက်သည်။”အတွင်းစည်း တပည့် တစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ် ဂျူနီယာမောင်လေးဖုန်း”
“ စီနီယာအစ်မ ချင်းဟယ် ရဲ့ ပံ့ပိုးမှုကြောင့် ဖုန်းမူ ဒီအထိ ရောက်လာတာပါ။ ဒီနေ့ ကျွန်တော့်ဆီ လာတွေ့တဲ့ အကြောင်းရင်းကို မေးလို့ ရမလား”
ဖုန်းမူ လေးစားစွာ မေးလိုက်သည်။
ဖုန်းလင်းလုံ ပြောလိုက်သည်။” အပျက်အစီး တစ်ခုဆီကို သွားမဲ့ လေ့ကျင့်ရေး ခရီးစဉ်မှာ ငါနဲ့အတူ လိုက်ခဲ့ဖို့ နင့်ကို လာဖိတ်တာပါ “
ဖုန်းမူ ပြန်ဖြေသည်။” စီနီယာအစ်မ... ကျွန်တော်က တာအိုတည်ဆောက်ခြင်း တတိယအဆင့်မှာပဲ ရှိသေးတာပါ။ စီနီယာအစ်မကို အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ဘူးလား “
ဖုန်းလင်းလုံ နှုတ်ခမ်းများက အပြုံးတစ်ခု အဖြစ် ကွေးတက်သွားသည်။ “နင် စိတ်ပူစရာ မလိုပါဘူး။ ဒီ အပျက်အစီးက သိပ်ပြီး အန္တရာယ် မများပါဘူး။ ငါ နင့်ရဲ့ စိတ်ဝိညာဉ်မီးတောက်ကို လိုအပ်လို့ ခေါ်တာပါ”
“နားလည်ပါပြီ”
ဖုန်းမူ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
“စီနီယာအစ်မ... ကျွန်တော်တို့ ဘယ်တော့ ထွက်ခွာကြမလဲ။ အချိန်ကျရင် ကျွန်တော် လာပါ့မယ်”
ဖုန်းလင်းလုံ ပြန်ဖြေသည်။” အခုကစပြီး သုံးရက်နေရင်ပေါ့။ ဂိုဏ်းရဲ့ တံခါးဝမှာ ဆုံကြတာပေါ့ “
ဖုန်းမူ “ ဒါဆိုရင် သုံးရက်နေရင် တွေ့ကြတာပေါ့ “
သုံးရက် အကြာတွင်
ဖုန်းမူသည် ယွင်လန် ဂိုဏ်း တံခါးဝသို့ တစ်ယောက်တည်း ရောက်ရှိလာသည်။ အဝေးမှနေ၍ မင်းသမီးချင်းဟယ် ဂျူနီယာမောင်နှမ တစ်စုနှင့်အတူ စောင့်နေသည်ကို မြင်လိုက်ရ၏။
သူ ချက်ချင်း ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်သွားပြီး ရှေ့သို့ တက်လာကာ လက်သီးဆုပ်လိုက်သည်။ “ ဖုန်းမူက စီနီယာမောင်နှမတို့ကို ဂါရဝပြုပါတယ်”
ဖုန်းလင်းလုံ ခေါင်းညိတ်လိုက်သည်။ “နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ ဂျူနီယာမောင်လေးမူ။ အားလုံး စုံပြီဆိုတော့ ထွက်ခွာကြစို့ “
“ဟုတ်ကဲ့ပါ”
လူတိုင်း တစ်ပြိုင်နက်တည်း ပြန်လည် ဖြေကြားလိုက်ကြသော်လည်း သူတို့ မျက်လုံးများက ဖုန်းမူအပေါ်တွင် သံသယအရိပ်အယောင်အချို့ ငြိတွယ်နေကြသည်။
မင်းသမီး ချင်းဟယ် ဖုန်းမူလို လူမျိုးကို ဘာကြောင့် ခေါ်လာရသလဲ ဆိုတာကို သူတို့ နားမလည်နိုင်ခဲ့ကြပေ။
သူ အပြင်စည်း ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးယောက် စာရင်းဝင်သော်လည်း ဤနေရာတွင် ရှိနေသော အခြားသူများထက် သိသိသာသာ အားနည်းနေဆဲပင်။
ဖုန်းလင်းလုံ သူတို့ အတွေးများကို နားလည်သွားပုံရပြီး ရှင်းပြလိုက်သည်။ “ဂျူနီယာမောင်လေးမူမှာ စိတ်ဝိညာဉ် မီးတောက် တစ်ခု ရှိတယ်။ ငါတို့ သွားမဲ့ အပျက်အစီး မှာ ဒြပ်စင်ငါးပါး အစီအရင် တစ်ခု ရှိတယ်။ သူ့ မီးတောက်နဲ့ဆိုရင် ငါတို့ဆီမှာ သတ္တု၊ သစ်သား၊ ရေ၊ မီး နဲ့ မြေ ဆိုတဲ့ ဒြပ်စင် စွမ်းအား ငါးခုစလုံး ပြည့်စုံသွားပြီ။ ဒါဆို ငါတို့ အပြန်အလှန် ဖန်တီးမှုနဲ့ ထိန်းချုပ်မှု သံသရာကို အသုံးပြုပြီး အစီအရင်ကို ချိုးဖျက်နိုင်လိမ့်မယ် “
သူမ စကားကြောင့် လူတိုင်း၏ မျက်နှာပေါ်ရှိ သံသယများ ချက်ချင်း ပျောက်ကွယ်သွားပြီး ဖုန်းမူ အပေါ် သူတို့ သဘောထား ပြောင်းလဲသွားသည်။
သူက အပြင်စည်း၏ ထိပ်ဆုံး သုံးယောက် စာရင်းကို မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်သည်မှာ မဆန်းတော့ပေ။ သူ့ နောက်ခံက နိမ့်ကျသော်လည်း သူ့ ကံကြမ္မာက ထူးခြား အံ့မခန်းပင်။
မည်သို့ပင်ဆိုစေကာမူ စိတ်ဝိညာဉ်မီးတောက်ဆိုသည်မှာ စစ်မှန်ကံကြမ္မာအဆင့်ကျင့်ကြံသူများစွာပင် ရယူရန် ရုန်းကန်ရသော အရာတစ်ခု ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက်။
အဖွဲ့သည် စွန့်ပစ်တောင်တစ်တောင်သို့ ရောက်ရှိလာကြသည်။
ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ဖုန်းမူ နိမိတ်မကောင်းသော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။
ဤဗီဇကပင် သူ့ကို ယခင်က အန္တရာယ်များမှ အကြိမ်များစွာ ရှောင်လွှဲနိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ပြောလိုက်သည်။ “စီနီယာအစ်မချင်းဟယ် ဒီနေရာက တစ်ခုခု မှားနေသလို ခံစားရတယ်”
အဖွဲ့ထဲမှ အမျိုးသားကျင့်ကြံသူတစ်ဦးက ရှေ့ထွက်လာပြီး ပြောသည်။ “ ဂျူနီယာညီလေးဖုန်း... ဒါက မင်း ပထမဆုံးအကြိမ် လေ့ကျင့်ရေး ထွက်တာ ဖြစ်ရမယ်။ ဒီလို အပျက်အစီးတွေက အမြဲတမ်း အန္တရာယ်တွေနဲ့ လာတတ်တာပဲ။ ဒါပေမဲ့ ဆုလာဘ်တွေကလည်း အဲဒီလောက်ပဲ ကြီးမားတယ်။ တကယ်လို့ မင်း ကြောက်နေရင် မင်းရဲ့ စိတ်ဝိညာဉ်မီးတောက်ကို ပေးလိုက်ပါလား။ ငါတို့ ယာယီ အသုံးပြုဖို့ ယူသွားပြီး ထွက်လာရင် ပြန်ပေးပါ့မယ် “
ဖုန်းမူ ခေါင်းယမ်းလိုက်သည်။ “မလိုပါဘူး။ ဒီကို ရောက်နေမှတော့ ကျွန်တော် နောက်ဆုတ်မှာ မဟုတ်ပါဘူး။ စီနီယာအစ်မ ကို သတိထားဖို့ အသိပေးချင်ရုံ သက်သက်ပါ”
တင်းမာမှုကို မြင်သောအခါ ဖုန်းလင်းလုံ ရှေ့ထွက်လာပြီး ပြောသည်။ “နင်တို့ နှစ်ယောက်စလုံး တော်ကြတော့။ ငါတို့က အပျက်အစီးထဲကို ဝင်တော့မှာ။ ငါတို့ လိုချင်တာကို ရဖို့ဆိုရင် အတူတကွ ပူးပေါင်း လုပ်ဆောင်ရမယ်။ သွားကြစို့ “
ထိုသို့ပြောပြီးနောက် သူမ ဦးဆောင်ကာ တောင်ပေါ်သို့ စတင် တက်သွားတော့သည်။
သူတို့ အပေါ်သို့ တက်သွားစဉ် ဖုန်းမူသည် အပြည့်အဝ သတိဝီရိယဖြင့် နေခဲ့သည်။ သူတို့ ခရီးပန်းတိုင်သို့ နီးကပ်လာလေလေ နိမိတ်မကောင်းသော ခံစားချက်က ပိုမို ပြင်းထန်လာလေလေ ဖြစ်သည်။
သို့တိုင်အောင် သူတို့ ပတ်လည်တွင် လူသူကင်းမဲ့နေသည်။ သက်ရှိ အရိပ်အယောင်ပင် မရှိချေ။
‘ဒါဆိုရင် ဘာတွေများ မှားနေတာလဲ’
ထိုအချိန်တွင် ဖုန်းလင်းလုံသည် ဧရာမ ကျောက်ရုပ်တုကြီး တစ်ခုဆီသို့ ရောက်ရှိသွားသည်။ သူမ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည့်အခါ ထိုကျောက်တုံးကြီးကို ဘေးသို့ ရွေ့သွားပြီး ၎င်း အနောက်တွင် လိုဏ်ဂူတစ်ခု ထွက်သွားတော့၏။