အခွင့်အရေး ရလာတဲ့အခါ သိလာလိမ့်မယ်
Vol. 13 Ch. 128
“ စကားကို လျှို့ဝှက်ပြီးပြောတာ ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းလဲ ဆိုတာကို နောက်ဆုံးတော့ နားလည်သွားပြီလား။ မင်းက ဆရာကို အမြဲတမ်း စကားဝှက်တွေနဲ့ ခန့်မှန်းနေရအောင် လုပ်တယ်လေ “ ချူဖုန်းက ချောင်ရို့ချန်ကို စူးစိုက်ကြည့်လိုက်သည်။
ချောင်ရို့ချန်က အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်ပြီး ဘာမှ မရှင်းပြတော့ဘဲ တိတ်ဆိတ်စွာ ဝန်ခံလိုက်၏။
ချူဖုန်း ဖြည်းညှင်းစွာ ဆက်ပြောသည်။ “ ကံတရားနဲ့ ကံအခွင့်အလမ်းတွေက ဘာကို ဆိုလိုတာလဲဆိုတာကို ငါ အရင်က ရှင်းပြဖူးပါတယ်ကွ။ ဖက်တီးလေးက ဇနီးသည်အိမ်လိုက်နေရတဲ့ ခင်ပွန်းလောင်းဖြစ်လာတော့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ အဲဒီနောက်မှ သူက ဝမ်တောက်ကျောင်းတော်ကို ဝင်ခွင့်ရဖို့ သူ့အဘိုးရဲ့ အမှတ်အသားကို ရခဲ့တယ်။ အဲဒါက သူ့ရဲ့ ခရီးစဉ် အစပဲ။ ပြီးတော့ နန်ကုန်းယွီ ရောက်လာတယ်။ သူရဲ့ပါဝင်ပတ်သက်လာမှုက ပေါင်လဲ့ရဲ့ ကံတရားကို ပိုကောင်းလာစေတယ်။ သူက ကံတရားရဲ့ ကောင်းချီးကို ခံထားရတာ “
“ ဒီတစ်ကြိမ်မှာ သူ စေ့စပ်ထားတဲ့သူရဲ့ အရှက်ခွဲတာကို ခံရတယ်။ နန်ကုန်းယွီက သူ့ကိုယ်စား ဝင်ကူညီပေးတယ်။ အဲဒါက ကံတရားကို မြှင့်တင်ပေးတဲ့ နည်းလမ်း တစ်ခုပဲ။ ပြီးတော့ လာမဲ့ ထိုက်ရွှီ လျှို့ဝှက်နယ်မြေ စမ်းသပ်မှုမှာ ဖက်တီးလေးက အခွင့်အရေး အသစ်တစ်ခုနဲ့ ကြုံတွေ့ရမယ် ဆိုတာကို သဲလွန်စပြနေတာပဲ။ ဘယ်လို အခွင့်အရေးမျိုးလဲ ဆိုတာကိုတော့... အချိန်ကပဲ ပြောသွားလိမ့်မယ် “
လူတိုင်းက နားမလည်နိုင်စွာ ခေါင်းကုတ်နေကြသည်။ အချိန်အတန်ကြာပြီးနောက် ရှောင်ချန်းက မေးလိုက်သည်။ “ ဆရာ... ကျွန်တော်တို့က ကံတရားရဲ့ ကောင်းချီပေးခံရပြီးတဲ့နောက်မှာ မှန်ကန်တဲ့ လူတွေနဲ့ တွေ့ရင် အခွင့်အရေးတွေ ပိုရနိုင်မယ်လို့ ပြောချင်တာလား “
“ ဟုတ်တာပေါ့ “ချူဖုန်း ချီးကျူးလိုက်သည်။ “ ချန်းအာ... မင်းက တကယ်ကို ငါ့ရဲ့ ထိပ်တန်း တပည့်ပဲ။ စကားတစ်ခွန်းတည်းနဲ့ အားလုံးကို နားလည်သွားတယ် “
ဝမ်ပေါင်လဲ့ ခေါင်းကုတ်ကာ မေးလိုက်သည်။ “ ဒါဆိုရင် ဆရာ... ယွီလင်းနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကို ဘယ်လို လုပ်သင့်လဲ “
ချူဖုန်း ရယ်မောလိုက်သည်။ “ ဆက်ဆံရေးတွေနဲ့ ပတ်သက်လာရင် အပြင်လူတွေက ဝင်စွက်ဖက်လို့ မရဘူး။ ဒါပေမဲ့ ငါ မင်းကို အကြံပေးချင်တာ တစ်ခုရှိတယ်။ ဒီနေ့ သူက မင်းကို အေးစက်စက် ဆက်ဆံပေမဲ့ မနက်ဖြန်ကျရင် မင်းက သူ လှမ်းမမီနိုင်တဲ့ အမြင့်ကို ရောက်သွားအောင် ကြိုးစား။ အကောင်းဆုံး လက်စားချေမှုဆိုတာ အသက်ကို ခြိမ်းခြောက်တာ မဟုတ်ဘူး။ တစ်ဖက်သူကို အကြီးအကျယ် နောင်တရသွားအောင် လုပ်ပစ်တာပဲ “
ဝမ်ပေါင်လဲ့ နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ “ ဒါပေမဲ့ ဝမ်မိသားစုက ကျွန်တော့်အပေါ် ကြင်နာခဲ့ပါတယ်။ ကျွန်တော်က ကျေးဇူးကန်းတဲ့သူ တစ်ယောက် မဖြစ်ချင်ဘူး “
“ ဒါဆိုရင် မင်း သန်မာလာတဲ့အခါ သူတို့ရဲ့ ကျေးဇူးကို ဆပ်လိုက်ပေါ့။ ဝမ်မိသားစုက မိန်းကလေး တစ်ယောက်ကို လက်ထပ်ပြီးမှ ကျေးဇူးဆပ်ရမယ်လို့ မပြောထားဘူးလေ။ ပြီးတော့ ဝမ်မိသားစုမှာ သမီးတွေ အများကြီး ရှိတာပဲကို။ မင်းကို ရွံရှာတဲ့ အကြည့်နဲ့ ကြည့်နေတဲ့ သူကိုမှ ဘာလို့ လက်ထပ်ရမှာလဲ “ ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။
ဝမ်ပေါင်လဲ့၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ၏ မျက်နှာပေါ်တွင် နားလည်သွားသည့်ဟန် ပေါ်လာ၏။ “ ဆရာ... ကျွန်တော် အခု နားလည်ပါပြီဗျာ။ လူတွေက ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်လို့ ဆရာ ပြောချင်တာမလား။ သန်မာလာမှ ကိုယ့်ကံကြမ္မာကို ကိုယ် ထိန်းချုပ်နိုင်မှာလေ “
ချူဖုန်း ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ် “
“ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ အနာဂတ်မှာ ဝမ်မိသားစုကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို ကျွန်တော် အခု သိသွားပါပြီ “
ဝမ်ပေါင်လဲ့ ပြောနေစဉ် သူ၏ စိတ်ထဲတွင် ကျက်သရေရှိသော ပုံရိပ်တစ်ခုက အလိုအလျောက် ပေါ်လာသည်။
ရှောင်ချန်းက စကား ကောင်းနေစဉ် ဝင်ပြောလိုက်သည်။ “ ဆရာ... ကျွန်တော့်မှာ မေးစရာ တစ်ခု ရှိပါတယ် “
“ မေးလေ “ ချူဖုန်းက သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာ ခတ်ရင်း ပြောလိုက်သည်။
ရှောင်ချန်းက မေးသည်။ “ ဆရာက ကျွန်တော်တို့ရဲ့ စတုတ္ထ ဂျူနီယာညီလေး အခွင့်အရေးတွေ ရဖို့ ဘယ်လို လူမျိုးနဲ့ တွေ့ရမလဲ ဆိုတာကို သိနေမှတော့ ကျွန်တော်တို့ရဲ့ ကံတရားတွေကိုပါ ကြိုဟောနိုင်တယ်တယ်မလား “
ချူဖုန်း ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ပြန်မေးလိုက်သည်။ “ မင်းလည်း အလွယ်လိုက်ဖို့ တွေးနေတာလား “
ရှောင်ချန်း ခေါင်းယမ်းလိုက်သည်။ “ မဟုတ်ပါဘူး၊ ကျွန်တော်က ထိုက်ရွှီလျှို့ဝှက်နယ်မြေထဲကို သွားရမဲ့ ခရီးစဉ်အတွက် ပိုပြီး သေချာချင်ရုံပါ။ ရတနာတွေနဲ့ အမွေအနှစ်တွေအပြင် မမြင်နိုင်တဲ့ အန္တရာယ်တွေလည်း ရှိတယ်လို့ ကြားဖူးတယ်။ စိတ်အနှောက်အယှက်မဲ့အရာတွေကို ကြိုသိထားတော့ ရှောင်လို့ရတာပေါ့ “
ချူဖုန်း ရယ်မောလိုက်ပြီး ထိုင်ရန် ကုလားထိုင် တစ်လုံးကို ယူလိုက်၏။ “ ကောင်းပြီလေ။ ဒီနေ့တော့ မင်းတို့ကို ကံတရားနဲ့ အခွင့်အရေးတွေ အကြောင်း ပိုပြောပြမယ် “
“ မင်းနဲ့ပဲ စကြတာပေါ့ ချန်းအာ။ မင်းဆီမှာ အသုံးမကျတဲ့သူ ၊ စေ့စပ်ပွဲဖျက်သိမ်းခံရခြင်း နဲ့ သုံးနှစ်တာကတိ ဆိုတဲ့ အကြောင်းအရာတွေ ရှိပြီးပြီ။ ကျန်တာက ပုန်းကွယ်နေတဲ့ ဆရာအိုကြီးတစ်ပါးပဲ “
“ … “
ရှောင်ချန်း၏ မျက်နှာတွင် နားမလည်မှုများ ပြည့်နှက်သွား၏။ “ ဆရာ... ဆရာ့ရဲ့ သင်ကြားပေးမှုနဲ့ဆိုရင် ကျွန်တော်က ပုန်းကွယ်နေတဲ့ ဆရာတစ်ယောက် မလိုအပ်ပါဘူး “
ချူဖုန်း ဆန်းကြယ်စွာ ပြုံးသည်။ “ အခွင့်အရေး ရလာတဲ့အခါ သိလာလိမ့်မယ် “
ချောင်ရို့ချန် အလျင်အမြန် ဝင်ပြောလိုက်သည်။ “ ဝတ္ထုဖတ်ပြတဲ့သူတွေဆီကနေ ကျွန်တော် ကြားဖူးတယ်။ ဝတ္ထုတွေထဲမှာ ပါရမီရှင် တစ်ယောက်က လိုက်သတ်ခံရလို့ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားတယ်။ ပြီးတော့ ဘယ်သူမှ မထင်ထားဘဲ ပြန်လွတ်မြောက်လာရင်း ရှေးခေတ်ကျွမ်းကျင်သူတစ်ဦးရဲ့ အမွေအနှစ်ကို ရသွားတယ်။ သူ့ကို အနီးကပ်သင်ပေးဖို့ ဝိညာဉ်အကြွင်းအကျန် တစ်ခုကိုတောင် ရလိုက်သေးတယ် “
ရှောင်ချန်းက ရယ်မောကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “ ရှေးခေတ် ကျွမ်းကျင်သူတွေရဲ့ ဝိညာဉ်အကြွင်းအကျန်တွေဆိုတာ ဝိညာဉ်သက်သက်ပဲ။ တကယ့်ဆရာအိုတစ်ပါးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ “
ချောင်ရို့ချန် ငြင်းခုံမနေဘဲ အကြောင်းအရာကို ပြောင်းလိုက်သည်။ “ ဆရာ... ကျွန်တော်ကရော “
ချူဖုန်းက ချောင်ရို့ချန်ကို သေချာစွာ တစ်ချက် အကဲခတ်လိုက်ပြီး ပြောလိုက်သည်။ “ မင်းကို ဒုက္ခပေးမဲ့ ကံကြမ္မာရဲ့ သားတော် နောက်တစ်ယောက် ပေါ်လာတဲ့အခါ မင်းရဲ့ အခွင့်အရေး ရောက်လာပြီပဲ။ ဘာပဲဖြစ်ဖြစ် ဝတ္ထုတွေထဲကအတိုင်းဆိုရင် မင်းလို လူမျိုးက မွေးကတည်းက လူဆိုးတစ်ယောက်ပဲလေ။ သူများရဲ့ စေ့စပ်ထားသူကို လုယူတာ ဒါမှမဟုတ် အားနည်းတဲ့သူကို အနိုင်ကျင့်တာမျိုးပေါ့ “
ချောင်ရို့ချန် “ ... “
‘ ဆရာပြောတာ မမှားပေမဲ့ အဲဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီလေ။ ကျွန်တော် ပြဿနာ မရှာတာ နှစ်နဲ့ချီနေပြီဗျ ‘
သူ တွေးလိုက်သည်။
ဝမ်ပေါင်လဲ့က ချောင်ရို့ချန်ကို မှင်တက်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။ “ စီနီယာအစ်ကို... ခင်ဗျားက သူများမိန်းမကို လုတဲ့သူမျိုး ဖြစ်နေမယ်လို့ မထင်ထားဘူး “
“ ဟေး... မဟုတ်ကဟုတ်ကတွေ မပြောနဲ့ “
ချောင်ရို့ချန်က ဖြောင့်မတ်သည့်ဟန်ဖြင့် ပြောလိုက်သည်။ “ အဲဒီတုန်းက သူတို့ အားလုံးက ငါ့ဆီကို သူတို့သဘောနဲ့သူတို့ ရောက်လာကြတာ။ ငါက သားကောင်ပါကွ “
“ ပြီးတော့ အခု သိုင်းပညာကိုပဲ အာရုံစိုက်နေတာလေ။ အချစ်တွေ၊ အနှစ်တွေက ငါနဲ့ ဘာမှမဆိုင်ဘူး။ လက်သီး ထိုးလိုက်ရတာလောက် ဘယ်ဟာကမှ ပျော်ဖို့မကောင်းဘူး “
ဝမ်ပေါင်လဲ့ “ ... “
ချင်းချင်းက ဘာမှမပြောဘဲ တိတ်ဆိတ်စွာသာ နားထောင်နေသည်။
သူမ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချောင်ရို့ချန် လှည့်ပြီး မေးလိုက်သည်။ “ တတိယ ဂျူနီယာညီမလေး... နင့်ရဲ့ ကံတရားနဲ့ ကံအခွင့်အလမ်းတွေ အကြောင်း ဆရာ့ကို ဘာလို့ မမေးတာလဲ “
ချင်းချင်း၏ နှုတ်ခမ်းများ ခပ်ဖွဖွ ကွေးသွားသည်။ “ ကျွန်မ ဘဝရဲ့ အကြီးမားဆုံး အခွင့်အရေးက ဆရာနဲ့ တွေ့ရတာပါပဲ။ ကျန်တဲ့ ကိစ္စတွေကိုတော့ ကံတရားကပဲ ဆုံးဖြတ်ပါစေ “
ချူဖုန်း မျက်နှာလိုက်သည့်ပုံစံ မပြချင်သောကြောင့် ရယ်မောကာ ပြောလိုက်သည်။ “ ချင်းအာ... ဒါလေးတော့ မှတ်ထား။ အနာဂတ်မှာ မင်း တွေ့ရမဲ့ ရန်သူတိုင်းက မင်းဆီကို ရတနာတွေ လာပို့ပေးတဲ့သူတွေချည်းပဲ “
ချင်းချင်း မျက်တောင်ခတ်လိုက်ပြီးနောက် လေးစားစွာ ဦးညွှတ်လိုက်သည်။ “ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ သူတို့ကို နှိမ်နင်းပြီးရင် သူတို့ရဲ့ အလောင်းတွေကို သေချာပေါက် ပြောင်သလင်းခါအောင် ယူပစ်ပါ့မယ် “
“ ကောင်းပြီ။ ဒီနေ့ သင်ခန်းစာအတွက်တော့ ဒီလောက်ပဲ။ ငါ နည်းနည်း ပင်ပန်းနေသလို ခံစားရတယ်။ အခု ပြန်ပြီး အနားယူတော့မယ် “
ထိုသို့ပြောပြီးနောက် ချူဖုန်း လှည့်ထွက်သွား၏။ လူတိုင်းက သူ ထွက်ခွာသွားသည်ကို လေးစားစွာကြည့်ပြီး အရိုအသေပေးလိုက်ကြသည်။ “ ဆရာ့ကို လေးစားစွာ နှုတ်ဆက်ပါတယ် “
အချိန်က လျင်မြန်စွာ ကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်း လဝက်ခန့် ကုန်လွန်သွား၏။
မြင့်မြတ်နယ်မြေဆယ်ခုမှ ကျင့်ကြံသူများသည် ထိုက်ရွှီလျှို့ဝှက်နယ်မြေ၏ အပြင်ဘက် တောင်တန်းများထံသို့ ရောက်ရှိလာကြလေသည်။
မြင့်မြတ်နယ်မြေဆယ်ခုအပြင် သူတော်စင်တစ်ပိုင်းအဆင့် အင်အားစု များစွာလည်း အဆက်မပြတ် ရောက်ရှိလာကြသည်။ ယခုအခါ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လိုသော တစ်ကိုယ်တော်ကျင့်ကြံသူများပင် ထိုက်ရွှီ တောင်တန်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။
မကြာမီမှာပင် ကြီးကြီးငယ်ငယ် အင်အားစုများသည် တောင်တန်းများတွင် စုဝေးလာကြသည်။ သို့သော် လူများသော နေရာတိုင်းတွင် ပြဿနာရှိမြဲပင်။ မကျေနပ်ချက်များနှင့် ပြိုင်ဆိုင်မှု များရှိနေတတ်သဖြင့် ရန်သူများ ဆုံတွေ့သောအခါ သွေးထွက်သံယို ဖြစ်လာမည်မှာ ရှောင်လွှဲ၍ မရနိုင်သော အရာပင်။
ချူဖုန်းသည် အပြင်သို့ ခြေမချဘဲ အဖြစ်အပျက် မျိုးစုံကို နေ့စဉ်နှင့်အမျှ ကြားသိနေရသည်။ ရံဖန်ရံခါတွင် ကောင်းကင်ယံ၌ စစ်မှန်ကံကြမ္မာအဆင့်နှင့် ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူများ တိုက်ခိုက်နေကြသည်ကိုပင် တွေ့မြင်နိုင်သည်။
ယှဉ်ကြည့်လိုက်မည်ဆိုလျှင် ဝမ်တောက်ကျောင်းတော်က အများကြီး ပိုပြီး တည်ငြိမ်သည်။ တပည့်များသည် အမြဲတမ်း အုပ်စုငယ်လေးများဖြင့် သွားလာလေ့ရှိပြီး အန္တရာယ်နှင့် ကြုံတွေ့ရခဲပါသည်။
ယနေ့ အရက်သောက်ပြီးသွားသောအခါ ချူဖုန်းသည် သူ၏ တပည့်များ အားလုံးကို ဆင့်ခေါ်လိုက်သည်။
“ ငါ့ရဲ့ ချစ်လှစွာသော တပည့်လေးတို့... မနက်ဖြန်က ထိုက်ရွှီလျှို့ဝှက်နယ်မြေအတွက် တစ်ကိုယ်တော်ကျင့်ကြံသူ နေရာတွေအတွက် ယှဉ်ပြိုင်ပွဲရဲ့ ပထမဆုံးနေ့ပဲ။ မင်းတို့ဆရာက ကံကောင်းလို့ ပထမဆုံးနေ့မှာတင် ဝမ်တောက်ကျောင်းတော်ကို ကိုယ်စားပြုဖို့ မဲပေါက်ထားတယ်။ ငါ့ကို အားပေးဖို့ မမေ့နဲ့နော် “
“ ဟုတ်ကဲ့ပါ ဆရာ “ လူတိုင်း တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူများ၏ပွဲကို အထူးတလည် စိတ်မဝင်စားပေ။ မည်သို့ပင်ဆိုစေကာမူ တစ်ကိုယ်တော် သို့မဟုတ် သာမန် နောက်ခံမှ လာသော ကျင့်ကြံသူများကြား အသက်တစ်ရာ မတိုင်မီ ကောင်းကင်ဇာစ်မြစ်အဆင့်သို့ ရောက်နိုင်သူများမှာ အလွန် ရှားပါးလှ၏။ အများစုမှာ စစ်မှန်ကံကြမ္မာအဆင့်သို့သာ ရောက်ရှိနိုင်ကြသည်။ ထိုအဆင့် ပြိုင်ပွဲတစ်ခုက သူတို့အား စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်မည် မဟုတ်ချေ။
နောက်တစ်နေ့ မနက်တွင် အိပ်ချင်မူးတူး ဖြစ်နေသော ချူဖုန်းသည် သူ၏ တပည့်များနှင့် နယ်စားရီရှန်း တို့ကို ဦးဆောင်ကာ ရွေးချယ်ပွဲ ကျင်းပရာ နေရာသို့ ထွက်လာလိုက်သည်။