← Chapters

လေလံပွဲ စတင်ခြင်း

Vol. 28 Ch. 274

လေလံပွဲ စတင်ခြင်း

Vol. 28 Ch. 274

ဝူရွှမ်မြို့ ၊ ပါဟွမ်တည်းခိုခန်း။

တာ့ယန်မြင့်မြတ်နယ်မြေမှ တပည့်များသည် ဝတ်ရုံဖြူ ကုချင်းနတ်ဆိုး ချင်းချင်း ဝူရွှမ် မြို့တွင် ပေါ်လာကြောင်း သတင်း ရရှိထားသည်။

နီဗားနားရှင်သန်ခြင်းအဆင့် အကြီးအကဲ နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ခဏအကြာတွင် သူတို့ထဲမှ တစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“အကြီးအကဲအိုးယန်... ဒီတစ်ကြိမ် ငါတို့ လှုပ်ရှားသင့်တယ်လို့ ထင်လား”

“မလုပ်သင့်ဘူး”

အကြီးအကဲအိုးယန် ပြောလိုက်သည်။ “ချင်းချင်း ရဲ့ မျက်လုံးတွေကို စိတ်ဝင်စားတဲ့ သူတွေက ငါတို့ မျိုးနွယ်က မဟုတ်ဘူး။ ငါ့ အကြံက ဝမ်တောက်ကျောင်းတော်က အဲဒီ ကလေးတွေကို စောင့်ကြည့်ပြီး ဒီတစ်ကြိမ် သူတို့ ဘာလိုချင်နေတာလဲ ဆိုတာကို ကြည့်ဖို့ပဲ”

“အိုး”

အကြီးအကဲစီခုန်း မေးလိုက်သည်။ “အကြီးအကဲအိုးယန် တစ်ခုခုများ ကြိုမြင်ထားလို့လား”

အကြီးအကဲအိုးယန် ပြန်ဖြေသည်။ “မဟုတ်ပါဘူး၊ ဒါပေမဲ့ ထိုက်ရွှီလျှို့ဝှက်နယ်မြေ ခရီးစဉ် ကတည်းက သောင်းပြောင်းပညာရပ်ဌာနက တပည့်တွေက အမြဲတမ်း တစ်ယောက်တည်းပဲ လှုပ်ရှားတတ်ကြတာ။ အခု သူတို့ အားလုံး ဒီမှာ လာစုနေကြတယ် ဆိုတော့၊အခွင့်အရေးကြီးတစ်ခု ပေါ်ထွက်လာတော့မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ “

အကြီးအကဲစီခုန်း ပြောသည်။ “ဒါပေမဲ့ ငါတို့ နှစ်ယောက်တည်းနဲ့တော့ အဲဒီ ကလေးတွေဆီကနေ လုဖို့ဆိုတာ မလွယ်ကူဘူး”

အကြီးအကဲအိုးယန် ရယ်မောကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ ဝူရွှမ် မြို့ထဲကို တိတ်တဆိတ် ဝင်လာဖို့ ဘိုးဘေးကို အကြောင်းကြားလိုက်မယ်။ ဒီတစ်ကြိမ်တော့ အဲဒီ ကလေးတွေဆီကနေ ကောင်းကင်ဘုံက ပေးတဲ့ ကံကြမ္မာကို သေချာပေါက် လုယူရမယ်။ ဝတ်ရုံဖြူကုချင်းနတ်ဆိုး ရဲ့ သူငယ်အိမ််နှစ်ခုမျက်လုံးတွေနဲ့ ပတ်သက်ပြီးတော့ လိုချင်တဲ့သူ ဘယ်သူမဆို ကိုယ်တိုင် သွားယူနိုင်တယ်။ ငါကတော့ သူတော်စင်တစ်ပါးကို စော်ကားဖို့ လုံးဝ စိတ်မဝင်စားဘူး”

“အကြံကောင်းတယ်”

အကြီးအကဲစီခုန်း သူ့ကို လက်မထောင်ပြလိုက်သည်။

ရှောင်ချန်းတို့ ခြံဝင်းထဲသို့ ပြောင်းရွှေ့ပြီးနောက် အပြင်မထွက်ကြတော့ပေ။ ၎င်းက နာမည်ကြီး ပါရမီရှင်များကို တစ်ချက်မျှ မြင်တွေ့ရန် မျှော်လင့်ထားခဲ့ကြသော လူငယ် ကျင့်ကြံသူများကို စိတ်ပျက်သွားစေတော့သည်။

နေ့ရက်များ တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားသည်။

မကြာမီ ရတနာတစ်သောင်းစင်မြင့်၏ လေလံပွဲ နေ့ရက်သို့ ရောက်လာ၏။

လွန်ခဲ့သည့် လဝက်ခန့်က ရတနာတစ်သောင်းစင်မြင့်မှ ခေတ်တစ်ခေတ်၏ ထိပ်တန်းပါရမီရှင် အပေါ် လေးစားမှု ပြသသည့် အနေဖြင့် ရှောင်ချန်းတို့ အဖွဲ့ထံသို့ ဖိတ်စာများ ပေးပို့ခဲ့သည်။

ထိုနေ့ နံနက်စောစောတွင်...

ရှောင်ချန်းတို မြင်းလှည်းစီးလျက် ရတနာတစ်သောင်း စင်မြင့်သို့ ဦးတည်သွားကြ၏။ လမ်းတစ်လျှောက်တွင် သူတို့သည် မည်သည့် ပြဿနာမျှ မကြုံတွေ့ခဲ့ရဘဲ ဘေးကင်းစွာ ရောက်ရှိသွားကြသည်။

အမြဲတမ်းလိုလိုပင် သူ့အမှတ်အသား ဖြစ်သော အနက်ရောင် ဝတ်ရုံကို ရှောင်ချန်း ဝတ်ဆင်ထားသည်။ သူ မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်နှင့် ရတနာတစ်သောင်း စင်မြင့်မှ အစေခံတစ်ဦး သူတို့ကို နှုတ်ဆက်ရန် ရှေ့သို့ ထွက်လာသည်။

“လူကြီးမင်းတို့က ဝမ်တောက်ကျောင်းတော်က ပါရမီရှင်တွေများလား လို့ မေးခွင့်ပြုပါ”

ရှောင်ချန်း သူ့သိုလှောင်လက်စွပ်ထဲမှ ဖိတ်စာကို ပေါ့ပေါ့ပါးပါး ထုတ်ယူကာ ကမ်းပေးလိုက်သည်။

ဖိတ်စာကို မြင်သောအခါ အစေခံက ချက်ချင်း ဦးညွှတ်လိုက်ပြီး လေးစားစွာ ပြောလိုက်သည်။ “ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ”

“အင်း”

ရှောင်ချန်း တိုတိုတုတ်တုတ် ပြန်ဖြေလိုက်ပြီး သူ့ အနောက်က လူများသည် အစေခံ နောက်မှ ရတနာတစ်သောင်းစင်မြင့် ထဲသို့ လိုက်ပါသွားကြသည်။

ရာစုနှစ်လေလံပွဲကို အမိုးပွင့်လေလံခန်းမတစ်ခုတွင် ကျင်းပခြင်း ဖြစ်သည်။

အပေါ်ဘက်မှ ကြည့်လျှင် လေလံပွဲကျင်းပရာ နေရာသည် ဘဲဥပုံစံသိုင်းပြိုင်ကွင်း တစ်ခုနှင့် တူသည်။

ဝိုင်းပတ်လည်၌ ထိုင်ခုံများရှိသော သိုင်းကွင်းများနှင့် မတူဘဲ လေလံခန်းမတွင် ဘေးသုံးဖက်၌သာ ထိုင်ခုံများ ရှိသည်။

ထိုင်ခုံအဆင့်များသည် အပေါ်သို့ မြင့်တက်လာလေ ပိုမို ကျယ်ဝန်းလာလေ ဖြစ်သည်။ နောက်ဆုံး သုံးတန်းကို သီးသန့် အခန်းများဖြင့် ဖွဲ့စည်းထားသည်။

ရှောင်ချန်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် တွင်သာ ရှိသေးသော်လည်း ယခုခေတ်၏ ထိပ်တန်းပါရမီရှင် နှင့် သူတော်စင်တစ်ပိုင်း၏ ကိုယ်ပိုင်တပည့်တစ်ယောက် ဖြစ်သောကြောင့် နောက်ဆုံးတန်းရှိ အကြီးဆုံး သီးသန့် အခန်းများထဲမှ တစ်ခုကို ရရှိခဲ့သည်။

ဤအခန်းသည် လူ ဒါဇင်ပေါင်းများစွာ ဆံ့နိုင်ပြီး ဧည့်သည်များကို ဝန်ဆောင်မှု ပေးရန် လှပပြီး ကျက်သရေရှိသော အစေခံ မိန်းကလေးများ ပါဝင်သည်။

ရှောင်ချန်း လွီယွဲ့အာ၏ လက်ကို ကိုင်ကာ အဓိကနေရာတွင် ထိုင်လိုက်သည်။ ချောင်ရို့ချန်နှင့် စုန့်ကျောက်ယီတို့ သူ့ ဘယ်ဘက်တွင် ထိုင်ကြပြီး ယဲ့ပေရွှမ်နှင့် ဖုန်းချုံးယွီ တို့က သူ့ ညာဘက်တွင် ထိုင်ကြသည်။

အခြားသူများကတော့ အနောက်ဘက် ခုံများတွင် ထိုင်ကြသည်။

ချောင်ရို့ချန် စားပွဲပေါ်မှ ကျောက်စိမ်းပြားတစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ စိတ်ဝိညာဉ် အာရုံဖြင့် စစ်ဆေးလိုက်သည်။ ၎င်းထဲတွင် လေလံတင်မည့် ပစ္စည်းများ၏ စာရင်း ပါဝင်သည်။

ဖတ်ရှုပြီးနောက် သူ ကျောက်စိမ်းပြားကို ချထားလိုက်ပြီး အခန်းထဲရှိ အစေခံ မိန်းကလေးများကို ပြောလိုက်သည်။ “မင်းတို့ အခု ထွက်သွားလို့ ရပြီ”

“ဟုတ်ကဲ့ပါ အရှင်”

အစေခံ မိန်းကလေးများ ပြိုင်တူ ပြန်လည် ဖြေကြားလိုက်ကြပြီး ချက်ချင်း ဆုတ်ခွာသွားကြ၏။

ထိုအခါမှသာ ရှောင်ချန်း စကားပြောလိုက်သည်။ “ဂျူနီယာညီလေးယဲ့... ဒီလေလံပွဲမှာ မင်း လေလံဆွဲဖို့ စီစဉ်ထားတဲ့ အရာ တစ်ခုခု ရှိလား”

ယဲ့ပေရွှမ် ကျောက်စိမ်းပြားကို ယခုလေးတင် ဖတ်ရှုပြီးထား၍ တွေးတောနေမိသည်။

သူ့ ယခင်ဘဝက ချင်ယွမ်သည် ရတနာတစ်သောင်းစင်မြင့် လေလံပွဲတစ်ခုတွင် ထိုသော့ကို ရရှိခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်ကို သူ ရှင်းလင်းစွာ မှတ်မိနေပါသည်။

သို့သော် ယခုလေလံပစ္စည်းများထဲတွင် သော့နှင့် ပတ်သက်သည့် အရာ တစ်ခုမျှ မရှိပေ။

‘ဒါက ရှေးဟောင်းအမွေအနှစ်တွေ ကြားမှာ ပုန်းကွယ်နေတာများလား’

ယဲ့ပေရွှမ် စကားမပြောမီ ခဏတာ တွေးတောလိုက်သည်။ “ငါတို့ရဲ့ ပစ်မှတ်က အဲဒီ ရှေးဟောင်း အမွေအနှစ် ငါးခုပဲ”

အခြားသူများ ဆက်ပြီး မမေးကြတော့ပေ။ ဤနေရာတွင် ရှိနေသော လူတိုင်းသည် ယခင်က ကံကြမ္မာကောင်းများနှင့် ဆုံတွေ့ခဲ့ဖူးသူများသာ။

အခွင့်အရေးကို အမှတ်မထင်သာ တွေ့ကြုံနိုင်ကြောင်း သူတို့ နားလည်ထားကြပြီး ၎င်းတို့ကို မည်သို့ရရှိခဲ့သနည်းဟူသည့် မေးခွန်းနှင့် ပတ်သက်လျှင် သူတို့ ကိုယ်တိုင်တောင် ရှင်းရှင်းလင်းလင်း မပြောပြနိုင်ကြချေ။

ချောင်ရို့ချန် ရယ်မောလိုက်သည်။ “ကောင်းပြီ၊ ဒီနေ့ စီနီယာအစ်ကိုနဲ့ ငါက အဲဒီ ရှေးဟောင်း အမွေအနှစ် ငါးခုစလုံးကို ယူလိုက်မယ်”

ယဲ့ပေရွှမ် ပြန်ဖြေသည်။ “အဲဒီလို လုပ်စရာ မလိုပါဘူး။ တစ်ခု နှစ်ခုလောက်ကိုပဲ အာရုံစိုက်ပြီး လေလံဆွဲကြတာပေါ့”

“မင်းက ငါတို့ တန်ဖိုးကြီးတာ တစ်ခုခုကို လိုက်ရှာနေတယ် ဆိုတာ တခြားသူတွေ သိသွားမှာကို စိုးရိမ်နေတာ လား။ အဲဒီလိုဆိုရင် ရတနာတစ်သောင်းစင်မြင့် အတွက် အတုအယောင် လေလံဆွဲတဲ့သူ အဖြစ် ငါလုပ်ပေးမယ်”

သူ စကားပြောနေစဉ် ချောင်ရို့ချန် မျက်နှာပေါ်တွင် နောက်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။

အကယ်၍ လူတစ်ယောက်က သူတို့ ရည်ရွယ်ချက်အစစ်အမှန်ကို တခြားသူများ မသိအောင် တားဆီးချင်လျှင် အကောင်းဆုံး နည်းဗျူဟာမှာ လေလံပွဲ၏ ရေကို နောက်ကျိသွားအောင် လုပ်ဖို့ပင်။

ထိုသို့ လုပ်လိုက်လျှင် လူတိုင်း၏ အာရုံစိုက်မှုက လွဲချော်သွားပေလိမ့်မည်။

ရှောင်ချန်း ချောင်ရို့ချန်၏ မျက်နှာပေါ်က စပ်ဖြီးဖြီး အပြုံးကို ကြည့်ကာ စနောက်လိုက်သည်။ “တာ့ချန် တကယ်လို့ ဆရာ့ကို မင်းရဲ့ ဆရာအဖြစ် မရထားဘူးဆိုရင် မင်း အကျင့်နဲ့ အခုချိန်လောက်ဆို ရိုက်သတ်ခံရလောက်ပြီ”

“ဟဲဟဲ”

ချောင်ရို့ချန် ပြုံးလိုက်သည်။ “စီနီယာအစ်ကိုက ကျွန်တော့်ကို တကယ် နားလည်တာပဲ “

၎င်းကို ကြားသောအခါ ယဲ့ပေရွှမ် သူ့ ယခင်ဘဝက ဒုတိယ စီနီယာအစ်ကို ဖြစ်ပျက်ခဲ့သည်များကို သူ့ စိတ်ထဲတွင် ပြန်တွေးမိသွား၏။ ဆေးဘုရင်သည် သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိပြီး မြင့်မြတ်နယ်မြေမှ ထွက်ခွာသွားသောအခါ ဒုတိယစီနီယာအစ်ကိုသည် ကျောထောက်နောက်ခံ ဆုံးရှုံးသွားပြီး ဝမ်တောက်ကျောင်းတော်မှ ရှက်ရွံ့စွာ ထွက်ပြေးသွားခဲ့ရသည်။

နောက်ဆုံးတွင် သူ ဘာဖြစ်သွားသနည်းဆိုသည်ကိုကား ယဲ့ပေရွှမ် လုံးဝ မသိခဲ့ချေ။

သူတို့ နှစ်ယောက် စကားပြောနေစဉ် ယဲ့ပေရွှမ် အကြည့်က တတိယတန်းရှိ တက်ကြွနေသည့် လူငယ် တစ်ဦးအပေါ်သို့ ကျရောက်သွားသည်။

ထိုလူငယ်သည် အပြာရင့်ရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယုံကြည်မှုနှင့် ခွန်အားများ ဖြာထွက်နေသည်။

လက်ရှိတွင် ဓားသွန်းမြို့ သည် ရွှမ်ကျိုး ရှိ ထိပ်တန်း မြို့များထဲမှ တစ်ခု ဖြစ်နေတုန်းပင်။ ၎င်းကို စောင့်ရှောက်ရန် သူတော်စင်တစ်ပိုင်း မရှိသော်လည်း မြို့စား ဖြစ်သော ဓားထွင်းထုခြင်းဘုရင်သည် သူ့ နယ်ပယ်တွင် ထိပ်တန်း ပညာရှင် တစ်ဦးပေ။ နတ်ဘုရားမဲ့ဓားကို ကိုင်ဆောင်ထားသဖြင့် တိုက်ပွဲတွင် သူတော်စင်တစ်ပိုင်းကိုပင် ယှဉ်ပြိုင်နိုင်သည်။

အနှစ်တစ်ရာကြာပြီးနောက် ဓားထွင်းထုခြင်းဘုရင်သည် သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်ရောက်ရန် ကျရှုံးသွားပြီး သေဆုံးသွားတော့၏။ ဓားသွန်းမြို့သည် လုံးဝ ကျဆင်းသွားပြီး နောက်ဆုံးတွင် အရိုးဖြူဂိုဏ်း ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ယခုအချိန်တွင် ယဲ့ပေရွှမ် စိတ်ထဲ၌ အတွေးတစ်ခုသာ ပြည့်နှက်နေသည်။ ချင်ယွမ်ကို မျက်ခြေမပြတ် စောင့်ကြည့်ရန်ပင်။ ချင်ယွမ် မရခင် သူ ထိုသော့ကို သေချာပေါက် ယူရပေမည်။

အချိန်တိုအတွင်းမှာပင် လေလံ ခန်းမ တစ်ခုလုံး တက်ရောက်သူများဖြင့် ပြည့်နှက်သွားသည်။

ဧည့်သည်များ ထိုင်ပြီးသည်နှင့် လေလံ စင်မြင့်ထက်တွင် မှိန်ဖျဖျရွှေရောင်အလင်းတန်း တစ်ခု တောက်ပလာပြီး ကာကွယ်ရေး အစီအရင်တစ်ခု တစ်နေရာလုံးကို လွှမ်းခြုံသွားသည်။

ထို့နောက် တာအိုဆရာ အကြီးအကဲတစ်ဦး ကျက်သရေရှိသော အလှမယ်လေးများ ခြံရံလျက် လေလံ စင်မြင့်ပေါ်သို့ တက်လှမ်းလာသည်။

သူ တစ်ခဏ ရပ်တန့်လိုက်ပြီး ပရိသတ်ထံသို့ ဦးညွှတ်လိုက်သည်။ “ဒီအဘိုးကြီး ကုဆန်းပြန့်က တာအိုမိတ်ဆွေ တွေ အားလုံးကို နှုတ်ဆက်ပါတယ်”

သူ့ စကားများက ခန်းမ တစ်ခုလုံးတွင် အံ့အားသင့်နေသည့် အော်ဟစ်သံများကို ဖြစ်ပေါ်သွားစေသည်။

“သူက ပြိုင်ဘက်ကင်းဘုရင် ကျင်းဂန်ပဲ”

“ရတနာတစ်သောင်းစင်မြင့်က တကယ်ကို အစွမ်းကုန် လုပ်နေတာပဲ။ လေလံပွဲကို ဦးဆောင်ဖို့ ဘုရင် အဆင့် ပညာရှင် တစ်ယောက်ကို သုံးထားတာ။ ဒီတစ်ကြိမ်တော့ တိုက်ကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေမဲ့ တန်ဖိုးကြီး ရတနာ တချို့ ပေါ်လာတော့မဲ့ပုံပဲ “

“…”

စကားသံများ ငြိမ်သက်သွားပြီးနောက် ကုဆန်းပြန့် ဆက်ပြောသည်။ “ရတနာတစ်သောင်း စင်မြင့် ရဲ့ ရာစုနှစ် လေလံပွဲကို လာရောက်ကြတဲ့ သူအားလုံးကို ကြိုဆိုပါတယ်။ ဒီတစ်ကြိမ် လေလံဆွဲဖို့အတွက် ပစ္စည်း ရှစ်ဆယ့်တစ် မျိုးကို ကျွန်တော်တို့ ပြသသွားပါမယ်။ ဒီရတနာတွေက... “

သီးသန့်အခန်းများ၏ အပြင်ဘက်တွင် ထိုင်နေကြသော ကျင့်ကြံသူများ အားလုံး ကုဆန်းပြန့် ၏ မိတ်ဆက်စကားကို နားထောင်ရင်း မျှော်လင့်တကြီး ဖြစ်သွားကြသည်။ မည်သို့ပင်ဆိုစေ သူတို့က လေလံပွဲစာရင်း ကို ကြိုတင် မရထားပေ။

အကယ်၍ လေလံမှူးသာ ဘုရင်အဆင့်ပညာရှင် တစ်ယောက် မဟုတ်ခဲ့လျှင် သူတို့ မြန်မြန် လုပ်ရန် စတင် တိုက်တွန်းနေလောက်၏။

အမွှေးတိုင် တစ်တိုင်စာ အချိန် ကြာပြီးနောက် ကုဆန်းပြန့် ရပ်တန့်လိုက်ပြီး ကြေညာလိုက်သည်။ “လေလံပွဲကို တရားဝင် စတင်ပါပြီ။ အခု ပထမဆုံး ပစ္စည်းကို ယူဆောင်လာဖို့ နတ်သမီး မြောင်ယွင်ကို ကြိုဆိုလိုက်ကြရအောင်”

ထိုစကားများနှင့်အတူ လေလံခန်းမကြီးသည် နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

All Chapters