← Chapters

အခန်း (၄၁၀)

Vol. 41 Ch. 410

အခန်း (၄၁၀)

Vol. 41 Ch. 410

အခန်း (၄၁၀) ခင်ဗျားရဲ့အကွက်တွေကို ကျွန်တော် အစောကြီးကတည်းက မြင်ပြီးသား

စမ်းချောင်းဘေးတွင် သားနားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ကျင့်ကြံသူတစ်အုပ် ခြံရံလျက် လျန်ယီထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ထိုလူငယ်၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်နေပြီး ထောင်လွှားမှုများ အပြည့် ရှိနေလေ၏။

လျန်ယီမှာ သူ့ကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“ရှန့်မူ မင်း ဒီကို ဘာလာလုပ်တာလဲ”

“အို... စိတ်ဆိုးသွားပြီလား”

ရှန့်မူ၏ မျက်နှာထက်မှ အထင်သေးမှုများက ပို၍ပင် ထင်ရှားလာသည်။

“ဒီနေ့တော့ မင်းကို ကာကွယ်ပေးမဲ့ သစ္စာစုံဓားဂိုဏ်းက တပည့်တွေ မရှိတော့ဘူး။ မင်း ငါ့ကို ဘယ်လို ပြန်တိုက်မလဲ ကြည့်ကြသေးတာပေါ့”

“ဟမ့်”

လျန်ယီ နှာမှုတ်လိုက်သည်။

“မင်းမှာ အရည်အချင်းရှိရင် ငါနဲ့ တစ်ယောက်ချင်း ရင်ဆိုင်လှည့်။ လူအင်အားနဲ့ နှိပ်ကွပ်တာက ဘာအရည်အချင်းမို့လို့လဲ”

“ဟဲဟဲ”

ရှန့်မူက လှောင်ရယ်လိုက်သည်။

“မင်းက ငါ့ကို အရူးလို့ အောက်မေ့နေတာလား။ ငါ့လက်အောက်မှာ ဒီလောက် လူအင်အားရှိနေတာကို ဘာလို့ တစ်ယောက်ချင်း တိုက်ပြီး အချိန်ဖြုန်းရမှာလဲ။ ဒီထဲမှာ မင်းကို တစ်ယောက်ချင်း နိုင်မဲ့သူ ဘယ်သူရှိလို့လဲ။ ညီအစ်ကိုတို့... အတူတူ တိုက်ခိုက်ကြစမ်း။ သစ္စာစုံဓားဂိုဏ်းရဲ့ ပါရမီရှင်ဟောင်းဆိုတဲ့ ကောင်ကို ငါတို့ စည်းမျဉ်းထောင်ချီဂိုဏ်းရဲ့ အစွမ်းကို ပြလိုက်ကြစမ်း”

“ဟုတ်ကဲ့”

လူအုပ်ကြီး တစ်ပြိုင်နက် ထူးလိုက်ကာ လျန်ယီထံသို့ အလုံးအရင်းနှင့် ပြေးဝင် တိုက်ခိုက်ကြတော့၏။

လျန်ယီသည်လည်း ချက်ချင်းပင် သူ့ဓားကို ဆွဲထုတ်ကာ တာအိုတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူ ဆယ်ဂဏန်းကျော်ကို တစ်ဦးတည်း ရင်ဆိုင် တိုက်ခိုက်လိုက်ရတော့၏။

သူ၏ ဓားသိုင်းက ပြောင်မြောက်လှသော်လည်း လက်နှစ်ဖက်မှာ လက်များစွာကို မယှဉ်နိုင်ပေ။ ထို့အပြင် စည်းမျဉ်းထောင်ချီဂိုဏ်းမှ ကျင့်ကြံသူအချို့၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက်ပင် သာလွန်နေလေ၏။

သိပ်မကြာလိုက်ဘဲ လျန်ယီ ရှုံးနိမ့်သွားသည်။

ရှန့်မူက သူ့ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ဓားကို ကိုင်ထားသော လျန်ယီ၏လက်ကို ခြေထောက်ဖြင့် နင်းချလိုက်၏။

“မင်းကို သစ္စာစုံဓားဂိုဏ်းက သာမန်ကိုယ်လုပ်တော်မွေးတဲ့ သားတစ်ယောက် ဖြုတ်ချသွားတာလို့ ငါကြားထားတယ်။ အဲ့ဒီကောလာဟလကို ငါမယုံခဲ့ပေမဲ့ အခုတော့ အမှန်ပဲဆိုတာ မြင်လိုက်ရပြီ။ မင်းက တကယ်ကို လူကြည့်မတတ်ဘူးပဲ”

“သစ္စာစုံဓားဂိုဏ်းမှာတုန်းကလည်း မိန်းမရွေးတာ မှားခဲ့တယ်။ အဲ့ဒီက ထွက်လာတော့လည်း ဘာကောင်မှမဟုတ်တဲ့ လူနှစ်ယောက်ကို သွားမှီခိုနေသေးတယ်။ ငါတို့ စည်းမျဉ်းထောင်ချီဂိုဏ်းက တပည့်တွေကို မြင်တာတောင် မတိုက်ခိုက်ဘူး။ မင်း အဲ့ဒီအစား ငါ့နောက်ပဲ လိုက်ခဲ့ပါလား။ အနည်းဆုံးတော့ ဒီနယ်ခြားတောင်တန်း မှာ မင်းကို ဘယ်သူမှ မထိရဲစေရဘူး”

ထိုစကားကို ကြားလိုက်ရသောအခါ ချူဖုန်း စားနေသည့် သခွားသီးမှာ ရုတ်တရက် အရသာ ပျက်သွားသည်။ သူ ဘာမှမပြောဘဲ ရှီးရွှမ်ကိုသာ တစ်ချက် လှမ်းကြည့်လိုက်၏။

ရှီးရွှနမ်က ချက်ချင်းပင် သဘောပေါက်သွားပြီး သူ၏လက်ထဲမှ သခွားသီးခွံကို ရှန့်မူ၏ မျက်နှာတည့်တည့်သို့ တိုက်ရိုက် တောက်ထုတ်လိုက်သည်။

ထိုအရှိန်မှာ လျင်မြန်လွန်းလှသဖြင့် မည်သူမျှ မရိပ်မိလိုက်ကြချေ။

“ဖြန်း”

စူးရှသော ရိုက်သံတစ်ချက် ထွက်ပေါ်လာသည်။

ဆူညံနေသော လူအုပ်ကြီးမှာ ဆွံ့အလျက် ငြိမ်သက်သွားကြ၏။

သူတို့ သေသေချာချာ ကြည့်လိုက်သောအခါ ဖရဲသီးခွံကြောင့် ရှန့်မူ၏ မျက်နှာပေါ်တွင် ရှင်းလင်းပြတ်သားသော နီမြန်းသည့် အမှတ်အသားတစ်ခု ထင်ကျန်ရစ်ပြီး ပါးတစ်ဖက်မှာ ချက်ချင်းပင် ဖူးရောင်သွားသည်ကို တွေ့လိုက်ရသည်။

ရှန့်မူ အော်ဟစ်လိုက်သည်။ “ဘယ်သူလဲ... ဘယ်ကောင်က ငါ့ကို ခိုးတိုက်ရဲတာလဲ”

“ငါက မင်းရဲ့ ရှေ့တည့်တည့်မှာ ရပ်နေတာ။ အဲ့ဒါကို ဘယ်လိုလုပ် ခိုးတိုက်တာလို့ ခေါ်မှာလဲ”

လှောင်ပြောင်နေသော အသံတစ်သံ ထွက်ပေါ်လာပြီး လူအားလုံး၏ အကြည့်များ ထိုအသံလာရာဆီသို့ ရောက်ရှိသွားကြသည်။

လျန်ယီက စီနီယာ ဝင်ရောက် စွက်ဖက်သည်ကို မြင်သောအခါ တိုးတိုးလေး ပြောလိုက်သည်။

“ရှန့်မူ... မင်းတော့ သွားပြီ။ မြန်မြန် ဒူးထောက်ပြီး စီနီယာနှစ်ယောက်ကို တောင်းပန်လိုက်တော့”

“ဟွန့်”

ရှန့်မူက သူ့ကို အဖက်မလုပ်ဘဲ အေးစက်စွာ နှာမှုတ်လိုက်၏။

“မင်းလို လမ်းဘေးခွေးတစ်ကောင်မှာ စကားပြောပိုင်ခွင့် မရှိဘူး”

သူ့အကြည့်က ရှီးရွှမ်ထံသို့ ကျရောက်သွားသည်။

“ကောင်လေး... မင်းက သတ္တိကောင်းလှချေလား။ ဒီနယ်ခြားတောင်တန်းမှာ ငါ့ကို ပါးရိုက်ရဲတဲ့သူ တစ်ယောက်မှ မရှိသေးဘူး။ ပြောစမ်း မင်း ဘယ်လိုသေချင်လဲ”

ရှီးရွှမ် ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူ၏ဆရာက သူ့ကို တစ်ချိန်က ကံကြမ္မာဗီလိန်ဟု ခေါ်ခဲ့ဖူးသော်လည်း ဤလူများနှင့် နှိုင်းယှဉ်ပါက သူကိုယ်သူ လူဆိုးအသေးစားလေးပင် မဟုတ်သကဲ့သို့ ခံစားလိုက်ရသည်။

သူက ပြုံးလျက် မေးလိုက်၏။ “အသက်ရှင်ရတာက ပိုမကောင်းဘူးလား”

“မောက်မာလှချေလား”

ရှန့်မူမှာ ရမ်းကားမောက်မာမှုများကို ကျင့်သားရနေသူ ဖြစ်သည်။ နယ်ခြားတောင်တန်းရှိ ထောင်လွှားလှသော ပါရမီရှင်များပင် သူ့ကို ဤမျှအထိ မစော်ကားရဲကြချေ။

“ကိုယ့်လူတို့... သူ့ကို ဖမ်းကြစမ်း။ သူ့ဆီမှာ ပါသမျှ အရာအားလုံးကို မင်းတို့ ဝေယူလိုက်ကြ”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီးရှန့်”

စည်းမျဉ်းထောင်ချီဂိုဏ်းမှ တပည့်များက အော်ဟစ်ကာ ရှီးရွှမ်ထံသို့ ပြေးဝင်သွားကြလေ၏။

ရှီးရွှမ်က ထိုမြင်ကွင်းကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

“မင်းတို့က ဘာလို့ လျန်ယီရဲ့ သတိပေးချက်ကို လျစ်လျူရှုရတာလဲ။ ဓား လာခဲ့”

သူ အော်ဟစ်လိုက်သည်နှင့် လျန်ယီဘေးရှိ ဓားမှာ ရှီးရွှမ်၏ လက်ထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားသည်။

ရှီးရွှမ်သည် ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ပေါ့ပေါ့ပါးပါးပင် ဝေ့ယမ်းလိုက်၏။

“တောရိုင်းကန္တာရ ဓားမိုးစက်”

ဓားတစ်ချက် ခုတ်လိုက်ရုံမျှဖြင့် မရေမတွက်နိုင်သော ဓားချီများ ပေါက်ကွဲထွက်ပေါ်လာပြီး ဓားသွားမိုးစက်များအဖြစ် ပြောင်းလဲသွားသည်။

စည်းမျဉ်းထောင်ချီဂိုဏ်းမှ တပည့်များမှာ နေရာတွင်တင် တောင့်ခဲသွားကြသည်။ သူတို့ ကာကွယ်ရန်ပင် အချိန်မရလိုက်မီ ဓားမိုးစက်များက ကျဆင်းလာခဲ့ပြီ။

“ဒိုင်း... ဒိုင်း... ဒိုင်း…”

ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး တပည့် တစ်ဆယ်ကျော် မြေပြင်ပေါ်သို့ လဲကျသွားကာ အနည်းငယ်မျှသာ အသက်ရှူနိုင်တော့သည်။

ရှီးရွှမ် ဓားကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ပြီး ရှန့်မူထံ မတုန်မလှုပ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာ၏။ သို့သော် သူ ရှေ့သို့ တစ်လှမ်း တိုးတိုင်း ရှန့်မူက ဗီဇအရ နောက်သို့ပြန်ဆုတ်နေမိသည်။

ခြေလှမ်းအနည်းငယ်အကြာတွင် ရှန့်မူသည် ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားလေတော့၏။

သူ့စိတ်ထဲမှ မာနများမှာ လုံးဝ ပြိုလဲသွားသည်။ သူ တုန်တုန်ရင်ရင်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကာ ပြောလိုက်၏။

“ငါ့ကိုမသတ်ပါနဲ့... ငါ့ကိုမသတ်ပါနဲ့... ငါက စည်းမျဉ်းထောင်ချီဂိုဏ်းက ဂိုဏ်းအကြီးအကဲချုပ်ရဲ့ မြေးပဲ”

“စည်းမျဉ်းထောင်ချီဂိုဏ်းက ဘာမို့လို့လဲ။ငါ့ကို ခြောက်လှန့်နိုင်မယ်လို့ မင်းထင်နေတာလား”

ရှီးရွှမ် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လက်ထဲမှ ဓားကို ဖြည်းညှင်းစွာ မြှောက်ကာ ရှန့်မူထံသို့ ချိန်ရွယ်လိုက်သည်။

“ငါက သူတစ်ပါးကို အမြဲတမ်း ကိုယ့်အပေါ် ဆက်ဆံသလိုပဲ ပြန်ဆက်ဆံတတ်တယ်။ မင်း ငါ့ကို သတ်ချင်တာလား။ အဲ့ဒါဆို ငါ မင်းကို ပြန်သတ်တာလည်း မလွန်ပါဘူး”

“မလုပ်ပါ….”

ရှန့်မူက သက်ညှာ‌ပေးရန် တောင်းပန်လို့မဆုံးမီ ဓားအလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။ သူ သက်မဲ့ခန္ဓာကိုယ်အဖြစ် မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

ရှီးရွှမ်က ဓားကို လျန်ယီ့ဘေးရှိ မြေကြီးထဲသို့ ပေါ့ပေါ့ပါးပါးပင် စိုက်ထူလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း မတ်တပ်ရပ်နိုင်သေးရဲ့လား။ ရရင် ထပြီး ဒီအရှုပ်ထုပ်တွေကို ရှင်းလိုက်။ ဟိုကောင်တွေကို အပြတ်ရှင်းပစ်လိုက် ဂိုဏ်းဆီကို သတင်းပြန်ပို့ဖို့တစ်ယောက်ပဲ ချန်ထား”

“ဟုတ်ကဲ့”

လျန်ယီသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ခံစားနေရသော စူးရှသည့် နာကျင်မှုကို အောင့်အည်းကာ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး မြေကြီးထဲမှ ဓားကို ဆွဲထုတ်ကာ လဲကျနေသော စည်းမျဉ်းထောင်ချီဂိုဏ်းမှ တပည့်များကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိုက်၏။

အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကိုသာ ထွက်ပြေးခွင့်ပေးလိုက်သည်။

ရှီးရွှမ် ဘာကြောင့် လူတစ်ယောက်ကို ချန်ထားခဲ့သလဲဆိုသည်ကို သူ မမေးမြန်းခဲ့ပေ။ သူ့မျက်လုံးထဲတွင် ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးသည် စည်းမျဉ်းထောင်ချီဂိုဏ်း၏ အကာအကွယ်ကို ကြောက်ရွံ့စရာ အကြောင်းမရှိချေ။

ခဏအကြာတွင် ကောင်းကင်ဇာစ်မြစ်အဆင့်၏ ဖိအားတစ်ခု သက်ဆင်းလာပြီး ဒေါသတကြီး အော်ဟစ်သံတစ်ခုနှင့်အတူ ပါလာခဲ့သည်။

“ငါ့ရဲ့ စည်းမျဉ်းထောင်ချီဂိုဏ်းက တပည့်တွေကို ဘယ်သူ သတ်လိုက်တာလဲ”

ထို မိုးကြိုးကဲ့သို့ အော်ဟစ်သံကြောင့် မိုင်ပေါင်းများစွာအတွင်းရှိ ကျင့်ကြံသူများ ထိတ်လန့်ကုန်ကြသည်။

ကောင်းကင်ဇာစ်မြစ်အဆင့် ကျွမ်းကျင်သူတစ်ဦးမှာ နယ်ခြားတောင်တန်းအတွင်း၌ ပထမတန်းစား အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထို့အပြင် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူများပင် ဤနေရာရှိ အင်အားစုများ၏ ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သည်။

ချက်ချင်းပင် ချူဖုန်းတို့အဖွဲ့ စခန်းချနေသည့် စမ်းချောင်းဘေးသို့ မရေမတွက်နိုင်သော အကြည့်များ ကျရောက်လာကြသည်။ အချို့သော ကျင့်ကြံသူများသည်ပင် သူတို့ပတ်ပတ်လည်တွင် ပေါ်လာကြ၏။

စည်းမျဉ်းထောင်ချီဂိုဏ်းမှ အကြီးအကဲတစ်ဦး ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ လူအုပ်ကြီးကြားတွင် ဝေဖန်သံများ ပျံ့နှံ့သွားခဲ့သည်။

“ဘယ်လောက် သတ္တိရှိလိုက်သလဲ စည်းမျဉ်းထောင်ချီဂိုဏ်းက တပည့်တွေကို သတ်ရဲတယ်လို့”

“ငါကြားတာတော့ ဒီတစ်ကြိမ်မှာ ဂိုဏ်းက စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် စေလွှတ်လိုက်တာတဲ့။ ဒီကောင်တွေတော့ ဒုက္ခအကြီးအကျယ် တွေ့ပြီပဲ”

သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ ထိုလူငယ်သုံးဦးစလုံးသည် မိမိတို့ကိစ္စနှင့်မိမိ တည်ငြိမ်စွာ အလုပ်ရှုပ်နေကြပြီး စည်းမျဉ်းထောင်ချီဂိုဏ်းမှ အကြီးအကဲကို လုံးဝ လျစ်လျူရှုထားကြခြင်းပင်။

အထင်သေးခြင်း။ ဗြောင်ကျကျ အထင်သေးခြင်းဖြစ်၏။

ထိုအကြီးအကဲ၏ ဒေါသမှာ ပို၍ပင် ပြင်းထန်လာသည်။

သူ အေးစက်စွာ ပြောလိုက်၏။

“ဘယ်သူမှ ဝန်မခံဘူးပေါ့လေ။ အဲ့ဒါဆိုရင် မင်းတို့အားလုံး ငါ့ဂိုဏ်းက တပည့်တွေကို သတ်တာလို့ပဲ ငါသတ်မှတ်လိုက်မယ်”

“သတ်တော့ ဘာဖြစ်လဲ။ မသတ်တော့ရော ဘာဖြစ်လဲ”

ရှီးရွှမ်က သူ့ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး အကြီးအကဲကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ကြည့်လိုက်သည်။

“ကျွန်တော်က ခင်ဗျားတို့လို မောက်မာတဲ့ အရူးတွေကို သဘာဝအတိုင်း သတ်ပစ်ရမယ်လေ”

အကြီးအကဲ၏ လက်ထဲတွင် တုတ်ကောက်တစ်ခု ထွက်ပေါ်လာပြီး သူ့ကိုယ်မှထွက်ပေါ်လာသော ဖိအားများကလည်း အဟုန်ပြင်းစွာ တိုးတက်လာသည်။

ရှီးရွှမ်၏ နှုတ်ခမ်းအစုံက အထက်သို့ ကွေးညွတ်သွား၏။ သူ လက်တစ်ဖက်ကို တည်ငြိမ်စွာ မြှောက်လိုက်ပြီး သူ၏ လက်ဖဝါးထဲတွင် ဆန်းကြယ်သော စာလုံးတစ်လုံး ဖြစ်ပေါ်လာသည်။

ကျင့်ကြံသူများမှာ ဇဝေဇဝါဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

သူတို့သည် ထိုကဲ့သို့သော သင်္ကေတမျိုးကို တစ်ခါမျှ မမြင်ဖူးကြချေ။ မည်သို့ပင်ဖြစ်စေ ထိုအရာက သူတို့ကို နက်ရှိုင်းပြီး အတိုင်းအဆမရှိသော စိုးရိမ်စိတ်တစ်ခုကို ပေးစွမ်းနေ၏။

“ဟမ့်”

စည်းမျဉ်းထောင်ချီဂိုဏ်းမှ အကြီးအကဲက နှာမှုတ်လိုက်သည်။

“ကောင်လေး အောက်တန်းကျတဲ့ လှည့်ကွက်တွေနဲ့ ငါ့ကို ခြောက်လှန့်နိုင်မယ်လို့ မထင်နဲ့”

ရှီးရွှမ်က ထိုစာလုံးကို ပေါ့ပေါ့ပါးပါးပင် ချေဖျက်လိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။

“ကျွန်တော် ခင်ဗျားကို ပြောပြီးပြီပဲ။ ခင်ဗျား အခုသုံးတော့မဲ့ အကွက်ကို ကျွန်တော် မြင်နိုင်တယ်လို့။ ယုံလား”

ထိုစကားကြောင့် လူတိုင်း ဆွံ့အသွားကြပြီး သူတို့၏ မျက်နှာများမှာ ထူးဆန်းသော အမူအရာများအဖြစ် ပြောင်းလဲသွားလေသည်။

“ဒီကလေးက တကယ်ကို ထူးဆန်းတာပဲ”

“ဘယ်သူ ဂရုစိုက်မှာလဲ။ သူက အဲ့ဒီ လှည့်ကွက်အသေးစားလေးနဲ့ ကောင်းကင်ဇာစ်မြစ်အဆင့် အကြီးအကဲတစ်ယောက်ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား”

အကြီးအကဲက မျက်မှောင်ကြုတ်ကာ လှောင်ရယ်လိုက်သည်။

“ကောင်လေး ဒီလို သေးနုပ်တဲ့ လှည့်စားမှုမျိုးကို ငါယုံမယ်ထင်လား။ ကောင်းပြီလေ။ မင်း ငါ့ရဲ့ ကောင်းကင်မိုးကြိုးကို ဘယ်လို ခုခံမလဲ ကြည့်ကြသေးတာပေါ့”

သူက တုတ်ကောက်ကို ခေါင်းပေါ်သို့ မြှောက်ကာ အော်ဟစ်လိုက်သည်။

“မိုးကြိုး... သက်ဆင်းစမ်း”

ထိုစကားလုံးများတွင် စွမ်းအားများ ပါဝင်နေသည်။ မိုးကြိုးက ကောင်းကင်ကို ခွဲထွက်သွားပြီး နားကွဲမတတ် အက်ကွဲသံနှင့်အတူ လျှပ်စီးကြောင်းတစ်ခု လက်ကာ ဖြစ်သွားကာ ရှီးရွှမ်ထံသို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။

‘သွားပြီ’

ကြည့်ရှုနေသူအားလုံး၏ စိတ်ထဲတွင် ထိုအတွေးတစ်ခု ဖြတ်ပြေးသွားကြသည်။

ထို့နောက် သူတို့ကို တုန်လှုပ်ခြောက်ခြားစေသည်မှာ ရှီးရွှမ်သည် လက်ကို တည်ငြိမ်စွာ မြှောက်လိုက်ပြီး မိုးကြိုးလုံးကို အလွယ်တကူ ဖမ်းယူလိုက်ခြင်းပင်။

တိတ်ဆိတ်ခြင်း။

နေရာတစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားတော့၏။

လူအုပ်ကြီး ဆွံ့အလျက် စိုက်ကြည့်နေကြသည်။ အချို့က သူတို့မျက်လုံးကို သံသယဝင်ကာ မျက်လုံးများကို ပွတ်သပ်နေကြလေ၏။

“ဂျိန်း... ဂျလိမ်း…”

မိုးကြိုးသည် ရှီးရွှမ်၏ လက်ထဲတွင် မြည်ဟည်းနေပြီး လူတိုင်းကို လက်တွေ့ဆီသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။

“မင်း... မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

အကြီးအကဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။

ရှီးရွှမ်က လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ပြီး မိုးကြိုးကို ဘာမှမဟုတ်သကဲ့သို့ ဖျက်ဆီးပစ်လိုက်သည်။ လက်ထဲမှ တံဆိပ်တုံးတစ်ခုနှင့် ကစားရင်း သူက ပြုံးလိုက်လေတော့၏။

“ခင်ဗျားကို ပြောခဲ့သားပဲ။ ခင်‌ဗျားရဲ့ အကွက်ကို ကျွန်တော် အစောကြီးကတည်းက မြင်ပြီးသားပါလို့။ ဘာလို့ မယုံရတာလဲ”

ထိုစကားလုံးများသည် လူတိုင်း၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုကို ပျိုးထောင်ပေးလိုက်သည်။

‘ဒီလူငယ်က တခြားလူတွေ သုံးမဲ့ကွက်ကို တကယ်ပဲ ကြိုတင် မြင်နိုင်တာလား’

အကယ်၍ ထိုသို့သာဆိုလျှင် သူ တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင် ဖြစ်ပေလိမ့်မည်။

စည်းမျဉ်းထောင်ချီဂိုဏ်းမှ အကြီးအကဲက ရေရွတ်လိုက်သည်။

“မင်း... မင်းက ဘာကောင်လဲ”

All Chapters