ငါဆုံးဖြတ်လိုက်ပြီ မင်းနာမည်က လိပ်နက်ပဲ
Vol. 23 Ch. 230
ညဉ့်မှောင်လာလေပြီ။
အိပ်ခန်းအတွင်း၌။
ချူဖုန်းသည် ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်ထုတ်လိုက်ရင်း ပေါ့ပေါ့ပါးပါး ခေါ်လိုက်သည်။
"ရှောင်ဟော့"
"ရှိပါတယ်ခင်ဗျာ”
မီးဝိညာဉ်လေးသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်ရင်း ချူဖုန်း၏ ဘေးနားသို့ ပျံသန်းလာသည်။
"သခင်၊ အခု ကျွန်တော့်ကို ဆုပေးတော့မလို့လား"
"ဒါပေါ့”
ချူဖုန်းက ပြုံးလျက်
"ငါ မင်းကို မီးတောက်ကျောက်တုံး ပေးမယ်လို့ ပြောခဲ့တယ်၊ ပြောတဲ့အတိုင်း လုပ်ရမှာပေါ့"
သူပြောလိုက်သည်နှင့် သူ့သိုလှောင်လက်စွပ်မှာ အနည်းငယ် လင်းလက်သွားပြီး လက်ထဲတွင် မီးတောက်ကျောက်တုံးတစ်ခု ပေါ်လာခဲ့၏။
"ရော့၊ ယူလိုက်”
"ကျေးဇူးတင်ပါတယ် အရှင်”
မီးဝိညာဉ်လေးက ပြန်ထူးလိုက်ပြီး မီးတောက်ကျောက်တုံးကို တစ်လုပ်တည်းနှင့် ချက်ချင်း မျိုချလိုက်သည်။
မကြာမီမှာပင် ၎င်း၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မီးတောက်များမှာ မှိန်ဖျော့သွားပြီး တစ်ချိန်တည်းမှာပင် ၎င်း၏ပုံသဏ္ဌာန်မှာ စတင်ပြောင်းလဲလာတော့၏။
မူလက မြင်ရုံမျှသာ မြင်နိုင်သည့် မှိန်ဖျော့ဖျော့ မီးဝိညာဉ်လေးဘဝမှ တဖြည်းဖြည်းနှင့် ဒြပ်သားထင်ရှားလာပြီး လိပ်ဝိညာဉ် မြေကမ္ဘာမီးတောက်၏ ပုံသဏ္ဌာန်ကို ယူလာသည်။
ထိုခဏ၌ပင် အစွမ်းထက်သော အရှိန်အဝါတစ်ခုမှာ မီးဝိညာဉ်ထံမှ ဖြာထွက်လာတော့သည်။
၎င်းကို မြင်သောအခါ ချူဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝင်းတစ်ခုလုံးကို သူ၏ဝိညာဉ်စွမ်းအားဖြင့် အကာအကွယ်အတားအဆီး ခတ်လိုက်၏။
မိုင်အနည်းငယ်အကွာရှိ တော်ဝင်စံအိမ်အတွင်း၌မူ
ဖုန်းမူသည် ရုပ်ဖျက်ထားပြီး ခွေးတိုးပေါက်မှတစ်ဆင့် တိတ်တဆိတ် ထွက်ခွာလာကာ မြို့ထဲရှိ မြေအောက်စျေးကွက်သို့ ဦးတည်နေသည်။
တစ်နာရီခန့်အကြာတွင် သူ ရောက်ရှိသွား၏။ သူသည် စံအိမ်ရှိ အစောင့်အချို့ထံမှ ဤနေရာအကြောင်း ကြားဖူးထားခြင်းပင်။
သူ ယူဆောင်လာသော ဆေးအဆီအနှစ် သို့မဟုတ် ဆေးလုံးများမှာ ဤနေရာတွင် ရောင်းရရန် အလွယ်ကူဆုံး ဖြစ်လိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ တရားဝင်ဆေးဆိုင်များမှာမူ သူ၏ အဆင့်နိမ့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံးများကို လှည့်ကြည့်မည်ပင် မဟုတ်။
ဖုန်းမူသည် စျေးကွက်အတွင်း တစ်ပတ်လှည့်ကြည့်ပြီးနောက် ထိုကဲ့သို့သော ဆေးလုံးများကို ဝယ်ယူနေသည့် ဆိုင်ခန်းတစ်ခုကို မကြာမီ တွေ့ရှိသွားသည်။
ဆိုင်းဘုတ်တွင် ဤသို့ ရေးထားသည်
"အဆင့်နိမ့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံး တစ်လုံးလျှင် ငွေစ ၁၀၀၊ သို့မဟုတ် ဆယ်လုံးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက် တစ်တုံး။ အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံး..."
“ငွေစ တစ်ရာ” ဖုန်းမူ၏ မျက်လုံးများ တောက်ပသွားသည်။ ဤစျေးနှုန်းမှာ တရားဝင်ဆိုင်များရှိ စျေးနှုန်း၏ ထက်ဝက်ခန့်သာ ရှိသော်လည်း သူ့အတွက်မူ ကြီးမားသော အမြတ်အစွန်းပင်။
သူသည် ဆိုင်နားသို့ လျှောက်သွားပြီး တမင်တကာ အသံကို သြရှရှလုပ်လိုက်သည်။ "ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံးတွေ ဝယ်လား"
"ဝယ်တာပေါ့”
ရောင်းသူမှာ ဖုန်းမူ၏ အသွင်ဖျက်ထားမှုကို ဂရုမပြုမိပေ။ မြေအောက်စျေးကွက်ရှိ လူအများစုမှာ ဤသို့ပင် ဝတ်ဆင်လေ့ရှိကြသည်။
"ကျွန်တော့်မှာ အဆင့်နိမ့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံးတွေ ရှိတယ်" ဖုန်းမူက အေးအေးဆေးဆေး ပြောလိုက်သည်။
"အရင် စစ်ဆေးကြည့်လို့ ရမလား”
ရောင်းသူ၏ လေသံမှာ မပြောင်းလဲပေ။
အကယ်၍ ၎င်းမှာ အဆင့်မြင့်ဆေးလုံးသာဆိုလျှင် သူ ပို၍ စိတ်လှုပ်ရှားမိပေလိမ့်မည်။ သို့သော် အဆင့်နိမ့်ဆေးလုံးများမှာ ဤနေရာတွင် အတွေ့ရများလှသည်။
"ရတာပေါ့”
ဖုန်းမူသည် သူ၏ခါးပတ်ကြားမှ ကြွေပုလင်းငယ်တစ်ခုကို ထုတ်ကာ ကမ်းပေးလိုက်၏။
ဆိုင်ရှင်သည် ပုလင်းကို ဖွင့်ပြီး သံသယရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။
အတွင်းရှိ အရာများမှာ ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံးများမှာ အမှန်ပင်ဖြစ်သော်လည်း ပုံသဏ္ဌာန်မှာ အနည်းငယ် ထူးဆန်းနေ၏။
"ဒါတွေက အဆင့်နိမ့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံးတွေဆိုတာ သေချာပါတယ်။ တစ်လုံးကို ငွေစ ၁၀၀ နဲ့ ယူမလား၊ ဒါမှမဟုတ် ဆယ်လုံးကို ဝိညာဉ်ကျောက်တစ်တုံးနဲ့ လဲမလား"
"ငွေစ ၁၀၀ ပဲ ယူပါမယ်”
ဖုန်းမူသည် ပြောရင်းနှင့် အခြားပုလင်းတစ်လုံးကိုပါ ကမ်းပေးလိုက်သည်။ အားလုံးကို စစ်ဆေးပြီးနောက် ဆိုင်ရှင်က သူ့အား တစ်ရွက်လျှင် ၁၀၀ တန်သည့် ငွေစက္ကူ နှစ်ရွက်ကို ကမ်းပေးသည်။
"ရေကြည့်လိုက်ဦး”
"ပြဿနာမရှိပါဘူး”
ဖုန်းမူသည် ငွေစက္ကူများကို ဂရုတစိုက် သိမ်းဆည်းလိုက်ကာ စျေးကွက်ထဲတွင် ခဏမျှ ထပ်မံကြည့်ရှုပြီးနောက် တိတ်တဆိတ် ပြန်ထွက်သွားသည်။
တော်ဝင်စံအိမ်သို့ နောက်ဆုံးတွင် ပြန်ရောက်ရှိသွားချိန်၌ သူသည် သက်ပြင်းတစ်ချက် ချလိုက်မိတော့၏။
သူ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ မိုးလင်းရန် နှစ်နာရီပင် မလိုတော့ပေ။
ငွေစက္ကူများကို လုံခြုံစွာ ဝှက်ထားပြီးနောက် ဖုန်းမူသည် နောက်ဆုံးတွင် လဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
ဝင်းအတွင်း၌မူ။
ချူဖုန်း၏ အခန်းထဲမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ရွှေတောင်ပံလင်းယုန်ဘုရင်နှင့် ပင်းယန်တို့ကို သဘာဝအတိုင်းပင် လန့်နိုးသွားစေသည်။
လူနှင့် လင်းယုန်မှာ ချူဖုန်း၏ အခန်းသို့ အလျင်အမြန် ရောက်ရှိလာကြ၏။
မီးဝိညာဉ်လေးသည် ပုံသဏ္ဌာန်ပေါ်တော့မည်ကို မြင်သောအခါ သူတို့နှစ်ဦးစလုံးမှာ အထူးတလည် အံ့ဩဟန် မရှိကြပေ။
ရွှမ်ထျန်းတိုက်ကြီးတွင် အရာခပ်သိမ်းမှာ ပုံသဏ္ဌာန်ဖော်နိုင်ပြီး ကျင့်ကြံနိုင်ကြသည်။ မီးတောက်မျိုးနွယ်စုမှ အဖွဲ့ဝင်အများအပြားမှာလည်း မီးတောက်မှတစ်ဆင့် ဆင့်ကဲပြောင်းလဲလာကြသူများ ဖြစ်ကြ၏။
မိုးလင်းချိန်တွင် မီးဝိညာဉ်လေးမှာ လက်ဖဝါးအရွယ်အစားရှိသော မီးဝိညာဉ်လိပ်ကလေး အဖြစ် အပြည့်အဝ ပြောင်းလဲသွားပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နီဗားနားရှင်သန်ခြင်းအဆင့်၏ အရှိန်အဝါများ ဖြာထွက်နေသည်။
၎င်း လုပ်ဆောင်သည့် ပထမဆုံးအရာမှာ ချူဖုန်းထံသို့ ပျံသန်းသွားပြီး ရိုသေစွာဖြင့် ပြောလာခြင်းပေ။ "ကျွန်တော့်ကို မီးတောက်ကျောက်တုံး ပေးသနားပြီး ဝိညာဉ်ခန္ဓာအဖြစ် ဆင့်ကဲပြောင်းလဲခွင့်ပေးတဲ့အတွက် သခင့်ကို ကျေးဇူးတင်ပါတယ်"
ချူဖုန်းက ပြုံးကာ ပြောသည်။ "မဆိုးဘူး။ မင်း နောက်ဆုံးတော့ စကားပြောတတ်လာပြီပဲ။ မင်းကို ရှောင်ဟော့ (မီးဝိညာဉ်လေး) လို့ ဆက်ခေါ်နေတာက သိပ်ပြီး မသင့်တော်တော့ဘူး ထင်တယ်"
"ကျေးဇူးပြုပြီး ကျွန်တော့်ကို နာမည်တစ်ခု ပေးပါ သခင်"
မီးဝိညာဉ်လေးမှာ တွန့်ဆုတ်မနေဘဲ ချက်ချင်း တောင်းဆိုလိုက်သည်။
ချူဖုန်းသည် ရှေ့မှ မီးတောက်လိပ်ကလေးကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်ပြီး
ခဏအကြာတွင် သူ့မျက်လုံးများ တောက်ပသွားကာ ပြုံးလိုက်သည်။
"ငါ ဆုံးဖြတ်လိုက်ပြီ။ မင်းရဲ့နာမည်က လိပ်နက်လေးပဲ"
မီးဝိညာဉ်လေး၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် လင်းလက်သွား၏။
"နာမည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်။ အခုကစပြီး ကျွန်တော့်နာမည်က လိပ်နက်ပါ"
ဘေးနားမှ ရွှေတောင်ပံ လင်းယုန်ဘုရင်ကရယ်မောလိုက်သည်။
“ဂုဏ်ယူပါတယ် ညီအစ်ကိုချူ အခုတော့ မီးဝိညာဉ်က ပုံသဏ္ဌာန်ဖော်နိုင်ပြီဆိုတော့ အလကားရတဲ့ ဆေးဖော်စပ်ရေး အလုပ်သမားတစ်ယောက် ရပြီပေါ့”
လိပ်နက်: …
၎င်းသည် ထိုလင်းယုန်ကြီးကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှ သတိပေးလိုက်သည်။
‘မင်းသာ အာဆက်ချောင်နေဦးမယ်ဆိုရင် ငါ စိတ်ကြည်နေရင်တောင် မင်းရဲ့ အတောင်ပံတွေ အကုန် မီးရှို့ပစ်မယ်’
ချူဖုန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။ "ညီအစ်ကိုလင်းယုန်၊ ကျုပ်ရဲ့ လိပ်နက်ကို လျှော့မတွက်နဲ့။ ‘အလကားရတဲ့ အလုပ်သမား’ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ တစ်နေ့မှာ သူက ဆေးဖော်စပ်နည်းနဲ့ လက်နက်သွန်းလုပ်ခြင်း နှစ်မျိုးလုံးမှာ ဆရာတစ်ဆူ ဖြစ်လာမှာ”
သခင်၏ ချီးကျူးစကားကို ကြားရသောအခါ လိပ်နက်မှာ ခါးထောက်လျက် ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်ပြသည်။
သို့သော် ခဏအကြာတွင် သူ တစ်ခုခု လွဲနေသလို ခံစားလိုက်ရသည်။ သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ချူဖုန်းဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"အရှင်... အရှင် ကျွန်တော့်ကို နောက်နေတာ မဟုတ်ဘူးမလား"
ချူဖုန်းက ရယ်မောလိုက်သည်။
"ငါ မင်းကို နောက်စရာလား။ ကြိုးစားပြီး အလုပ်လုပ်..မင်းရဲ့ ဆေးဖော်စပ်မှု အရည်အချင်းတွေ ပိုကောင်းလာလေလေ၊ မင်း ရမဲ့ရတနာတွေက ပိုများလေလေပဲ”
တွန့်ဆုတ်မနေဘဲ လိပ်နက်သည် ထိုမြှောက်ပင့်စကားများကို အပြည့်အဝ ယုံကြည်သွားကာ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ကြိုးစားပါ့မယ်”
ဤမြင်ကွင်းကို ကြည့်ရင်း ရွှေတောင်ပံလင်းယုန်ဘုရင်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိ၏။
"ဒီကောင်လေးကတော့ ညီကိုချူရဲ့ ချိုသာတဲ့ စကားတွေကြားမှာ ဝေဝေဝါးဝါး ဖြစ်သွားရှာပြီ။ တစ်နေ့ကျရင် သူ အရောင်းခံလိုက်ရရင်တောင် ရောင်းတဲ့သူကို ကျေးဇူးတင်နေဦးမဲ့ပုံပဲ”
သို့သော်လည်း ဆေးဖော်စပ်နိုင်ပြီး လက်နက်ကိရိယာများပါ သွန်းလုပ်နိုင်သည့် မီးဝိညာဉ်မျိုးကို ဘယ်သူကများ ရောင်းချင်မှာလဲ
ထိုသို့တွေးလိုက်ရင်း ရွှေတောင်ပံလင်းယုန်ဘုရင်က ရယ်မောကာ ရှေ့သို့ တိုးလာသည်။
"ညီအစ်ကိုကောင်းရေ အဲဒီ မီးဝိညာဉ်က မဆိုးဘူးပဲ။ ကျုပ်အတွက်လည်း တစ်ယောက်လောက် ရှာပေးပါလား"
ချူဖုန်းက သူ၏ပုခုံးကို ပုတ်ကာ "ညီအစ်ကိုလင်းယုန်၊ ခင်ဗျား မီးဝိညာဉ်ကို မထိန်းနိုင်ပါဘူး။ ကျုပ်ရဲ့ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပြီး သူတော်စင်တစ်ပိုင်းအဆင့် ကို အမြန်ဆုံးရောက်အောင် ကြိုးစားတာက ပိုကောင်းပါလိမ့်မယ်"
ရွှေတောင်ပံလင်းယုန်ဘုရင်က ပြောလိုက်သည်။
" ညီအစ်ကိုသာ ကျုပ်အတွက် တာအိုကျမ်းစာ တစ်ခုလောက် ရေးပေးမယ်ဆိုရင်၊ မဟာတာအိုရဲ့ အနှစ်သာရကို နားလည်သွားပြီး အဆင့်တက်နိုင်မယ်လို့ ကျိန်ဆိုရဲတယ်"
၎င်းကို ကြားသောအခါ ချူဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာ၏။ မဟာလမ်းစဉ်၏ သိမြင်နားလည်မှုများကို ရိတ်သိမ်းရန် အကောင်းဆုံး အခွင့်အရေးပင်။
သူက ပြုံးပြီး ပြောလိုက်သည်။
"ဒါက လွယ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ကျုပ် ခင်ဗျားရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို မသိသေးဘူး၊ အဲတော့ ခင်ဗျားနဲ့ ကိုက်မဲ့ တာအိုကျမ်းစာကို မရေးပေးနိုင်သေးဘူး”
ရွှေတောင်ပံလင်းယုန်ဘုရင်က ပြန်ဖြေသည်။ "ကျုပ်ရဲ့ နတ်ဘုရားစွမ်းရည်က တကယ်တော့ ဗုဒ္ဓလမ်းစဥ်ရဲ့ နတ်ဘုရားခြေလှမ်းအခွဲတစ်ခုပဲ။ ဒါပေမဲ့ ဝမ်တောက်ကျောင်းတော် မှာ ဗုဒ္ဓကျင့်စဉ်တွေက ဆုတ်ယုတ်သွားပြီ။ အတိတ်မှာ ဗုဒ္ဓသူတော်စင် အချို့ ပေါ်ထွက်ခဲ့ဖူးပေမဲ့ ဘယ်သူမှ မဟာသူတော်စင်အဆင့်ကို ကျော်လွန်မသွားနိုင်ခဲ့ကြဘူး”
"အဲဒါကြောင့် အဲဒီ နတ်ဘုရားစွမ်းရည်နဲ့ ပတ်သက်တဲ့ တာအိုတွေကို လေ့လာဖို့ ကျုပ်မှာ အခွင့်အရေး မရခဲ့ဘူး။ အဲဒါကြောင့် ကျုပ်ကို အထောက်အကူပြုမဲ့ မဟာတာအိုကျမ်းစာအချို့ကို ရဖို့ ညီအစ်ကို ကိုမေးတာ”
ချူဖုန်းက ရယ်မောလိုက်သည်။
“ဒါဆိုရင် မဟာတာအိုအက္ခရာက မင်းနဲ့ မကိုက်ညီဘူး။ သင်္သကရိုက် (ရှေးအိန္ဒိယ) ဘာသာစကားကမှ ခင်ဗျားနဲ့ ပိုကိုက်ညီလိမ့်မယ်”
"အတိအကျပဲ”
ရွှေတောင်ပံလင်းယုန်ဘုရင်က ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် မျက်လုံးများ ပြူးသွားကာ ချူဖုန်းကို မဝံ့မရဲ အမူအရာဖြင့် ကြည့်လိုက်သည်။
"ညီအစ်ကို..ခင်ဗျား... သင်္သကရိုက် ဘာသာစကားကိုတောင် သိတာလား”
ချူဖုန်းက ခေါင်းအသာညိတ်ပြသည်။ "နည်းနည်းပါးပါးတော့ သိပါတယ်။ နည်းနည်းပါးပါးပါပဲ”