ချူဖုန်း__ကျင့်စဉ်တွေကို ငါကိုယ်တိုင်ဖန်တီးရမယ်လို့တော့ မပြောနဲ့နော်။
Vol. 1 Ch. 4
ဟူးလားလား…
လူတိုင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခိုက် လေအေးများ ရှုသွင်းလိုက်မိသည်။
သူတို့သည် ချူဖုန်းကို လေးစားခြင်း၊အထင်မြင်သေးခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ဖြင့် ကြည့်နေ၏။
ကောင်းကင်စိတ်ဝိညာဉ်ဌာနသည် ဝမ်တောက်ကျောင်းတော်တွင် နံပါတ်တစ်ဌာနဖြစ်သည်။
အခြားဌာနများနှင့်မတူသည်က ကောင်းကင်စိတ်ဝိညာဉ်ဌာနတွင် အတွင်းစည်းနှင့် အပြင်စည်းဟူ၍ မခွဲခြားထားချေ။
ထိုဌာနသို့ ဝင်နိုင်သည့်သူတိုင်းက ပြိုင်ဘက်ကင်းပါရမီရှင် သို့မဟုတ် ထိုအဆင့်ကသူများဖြစ်ကြသည်။
လက်ရှိတွင် ရှောင်ချန်းသည် မသန်မစွမ်းတစ်ဦးဖြစ်နေပြီး သောင်းပြောင်းပညာရပ်ဌာနသို့ ရောက်နေပြီဖြစ်သည်။
သူသည် ဓားပညာဌာန၏အတွင်းစည်းထဲသို့ ဝင်နိုင်ခဲ့လျှင်ပင် သူနှင့် ချင်ရို့ကြားမှ ခြားနားချက်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြီးမားလာမှာဖြစ်သည်။
သုံးနှစ်ကြာပြီးလျှင် သူတို့၏ခြားနာချက်သည် မိုးနှင့်မြေပမာ ဖြစ်သွားပေလိမ့်မည်။
ဓားပညာဌာန၏အတွင်းစည်းတပည့်များကြားတွင် လက်တစ်ဆုပ်စာလောက်သာ ကောင်းကင်စိတ်ဝိညာဉ်ဌာန၏ထိပ်တန်းပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်သည်။
ထိုယှဉ်ပြိုင််နိုင်သည့်သူ အနည်းငယ်ကလည်း သူတို့၏ဓားလမ်းစဉ်ကြောင့် ကောင်းကင်စိတ်ဝိညာဉ်ဌာနသို့ ဝင်ရောက်ရန်ငြင်းဆန်ခဲ့သည် ထိပ်တန်းဓားတာအိုပါရမီရှင်များဖြစ်သည်။
အကြီးအကဲပင်းသည် ရယ်မောလိုက်၏။ သူမ၏အပြုံးသည် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နေသည်။
“ကောင်းပြီ။ ဌာနမှူးချူက ရူးကြောင်ကြောင် ကစားပွဲကို ကစားချင်မှတော့ ကျွန်မကလည်း ကူညီ ပေးရတာပေါ့။”
“ကျွန်မတို့ရဲ့ တပည့်တွေက သုံးနှစ်သဘောတူညီချက်စာချုပ်လုပ်ကြတာပေါ့။ သုံးနှစ်နေရင် သူတို့က ယှဉ်ပြိုင်တိုက်ခိုက်ကြလိမ့်မယ်။ ရှောင်ချန်းရှုံးရင် ရှင်က သောင်းပြောင်းပညာရပ်ဌာနမှူးရာထူးကို ဆုံးရှုံးရမယ်။ဌာနကိုလည်း ဖျက်သိမ်းရမယ်။ ပြီးတော့ ကျွန်မကို သုံးကြိမ် ဒူးထောက် တောင်းပန်ရမယ်။”
“ရှင် ဒါကိုလက်ခံလား ဌာနမှူးချူ”
ချူဖုန်းသည် မထူးခြားနားစွာ ပခုံးတွန့်လိုက်၏။ “ဘာလို့ သဘောမတူရမှာလဲ။”
ထို့နောက် သူ၏လေသံကို ပြောင်းလဲလိုက်သည်။ “ဒါပေမဲ့ ရှောင်ချန်းနိုင်ရင်ရော။”
“ဟမ့်”
အကြီးအကဲပင်းက အေးစက်စွာ နှာခေါင်းရှုပ်သည်။ “မဖြစ်နိုင်တာတွေ မပြောနဲ့။ သူ့လို မကျင့်ကြံနိုင်တဲ့ကောင်က ကျွန်မတပည့်ကို ဘယ်လိုနိုင်မှာလဲ။”
“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ရှောင်ချန်းနိုင်သွားရင်ရော...အကြီးအကဲပင်းက ဘာများ လုပ်ပေးမှာလဲ။”
ချူဖုန်းသည် တည်ငြိမ်စွာသာ ပြောသည်။
ရှောင်ချန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး သူ၏လက်သီးကို တင်းနေအောင်ဆုပ်လိုက်သည်။ သူ၏နှလုံးသားထဲတွင် ကြွေးကြော်လိုက်သည်။ ‘ငါဆရာရဲ့နောက်ကို လိုက်မယ်။ ဆရာလေ့ကျင့်ပေးသမျှကို ငါရဲ့အလုံးစုံနဲ့ လက်ခံမယ်။ ဒီပွဲကို အနိုင်ရဖို့အနားမယူဘဲ နေ့နေ့ညညလေ့ကျင့်မယ်။ ငါ ဒီတိုက်ပွဲကို ငါ့ဆရာအတွက်၊ငါ့အတွက် နိုင်ကိုနိုင်ရမယ်။’
“ဒီအကြီးအကဲက ရှင်ပေးတဲ့ ဘယ်အပြစ်မဆို လက်ခံတယ်။”
အကြီးအကဲပင်းက သူမရှုံးမည်ဟူသော ဖြစ်နိုင်ချေကို ထည့်သွင်းမစဉ်းစားသည့်အတွက် ပေါ့ပေါ့တန်တန်သာ ပြောလိုက်သည်။
“မလုံလောက်သေးဘူး။”ချူဖုန်းသည် တည်ငြိမ်စွာ ပြန်ဖြေ၏။
“ဒါဆို ရှင်က ဘာလိုချင်သေးလို့လဲ။” အကြီးအကဲပင်းသည် သူမ၏ ရင်ထဲက ဆူပွက်လာသည့် သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ကာ မေးလိုက်သည်။
“ခင်ဗျားရဲ့ တပည့်လည်း ပါရမှာပေါ့။ သူက ဒီကိစ္စရဲ့ အဓိကပါဝင်သူပဲလေ။” ချူဖုန်းက ပြုံးကာဆိုသည်။
“ကောင်းပြီ။”
အကြီးအကဲပင်းသည် ပြော၏။ “ရို့အာ ရှုံးရင် သူက ရှောင်ချန်းရဲ့ သနားညှာတာမှုကို တောင်းခံရမယ်။”
“စကားကို အတည်ပြုတယ်။”
“စကားကို အတည်ပြုတယ်။”
နှစ်ယောက်လုံးက လူမြင်ကွင်းမှာပဲ သဘောတူစာချုပ်ချုပ်ဆိုလိုက်သည်။
ချူဖုန်းသည် ရှောင်ချန်း၏ပခုံးကို ပုတ်လိုက်သည်။”သွားကြစို့ သောင်းပြောင်းပညာရပ်ဌာနကို ပြန်ကြတာပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
ရှောင်ချန်းသည် တုံ့ဆိုင်းမနေဘဲ ချူဖုန်း၏နောက်သို့ လိုက်သွားလေသည်။ သူသည် ချင်ရို့ကို တစ်ချက်လေးမျှပင် မကြည့်သွားချေ။
ယခုအချိန်၌ သူသည် သုံးနှစ်အတွင်း သူမကို အနိုင်ယူရန်သာတွေးထားသည်။
သူ၏ဆရာသည် အဘယ်ကြောင့်ထိုမျှ ယုံကြည်ချက်ရှိနေသည်လဲ မသိသော်လည်း သူကတော့ ဆရာက သူ့ကို ပြန်ကျင့်ကြံလို့ရအောင် လုပ်ပေးနိုင်မည်ဟု ယုံကြည်သည်။
သူတို့ ကျောင်းတော်မှတ်တမ်းခန်းမှ ထွက်လာပြီးနောက် ချူဖုန်းသည် ရှောင်းချန်းကို စိတ်ကျေနပ်စွာ ကြည့်လိုက်၏။
မျိုးရိုနာမည်က ရှောင်။ စေ့စပ်ပွဲဖျက်သိမ်းခံရခြင်း။ သုံးနှစ်တာသဘောတူညီချက်။ ယင်းတို့အားလုံးသည် ဇာတ်လိုက်ကျော်မင်းသားအတွက် အထောက်အပံ့တန်ဆာများပင်။
‘ကဲ ကောင်လေးရေ ဇာတ်ကတော့ နာပြီးပြီ။ မင်း အမြင့်ကို ပျံသန်းဖို့ပဲ ကျန်တော့တယ်။’
ယခုချိန်တွင် သူသည် ထုတ်အော်ပစ်ချင်မိ၏။ ‘ငါ့တပည့်ရှောင်ချန်းက အနာဂတ်ရဲ့ ဓားဧကရာဇ်ပဲ။’
ထိုအခိုက် ကျောင်းမှတ်တမ်းခန်းမှ အဖြစ်အပျက်များသည် ဝမ်တောက်ကျောင်းတော်တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။
သောင်းပြောင်းပညာရပ်ဌာနမှ ရှောင်ချန်းနှင့် ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ ချင်ရို့တို့၏ကြားက သုံးနှစ်သဘောတူညီချက်သည် ထိပ်တန်းဆွေးနွေးစရာ စကားဝိုင်းဖြစ်လာခဲ့သည်။
သို့သော် လူတိုင်းသည် ချင်ရို့၏ဘက်ကသာ ဖြစ်သည်။
ကျောင်းတော်၏အထက်ပိုင်းပုဂ္ဂိုလ်များသည်ပင် ချူဖုန်း၏သောင်းပြောင်းပညာရပ်ဌာန ဖျက်သိမ်းခံရမည့် အရေးကို နှောင့်နှေးအောင်ကြိုးစားသည့် ရုန်းကန်မှုတစ်ခုဟုသာ ယုံကြည်ကြ၏။
အကြီးအကဲအများစု၏အမြင်တွင် ထိုဌာနသည် ယခုပင် ဖျက်သိမ်းသည်ဖြစ်စေ နောက်သုံးနှစ်နေမှ ဖျက်သိမ်းသည်ဖြစ်စေ မထူးခြားပေ။
ဝမ်တောက်ကျောင်းတော်၏ဌာနကိုးခုသည် မတူညီသည့် တောင်များပေါ်တွင် တည်ဆောက်ထားကြသည်။
သောင်းပြောင်းပညာရပ်ဌာနသည် မြောင်တောင်ပေါ်တွင် တည်ရှိသည်။
အခြားသော တောင်များတွင် လူများနှင့် ပွဲလမ်းသဘင်များဖြင့် ပြည့်နှက်နေတက်သော်လည်း သောင်းပြောင်းပညာရပ်ဌာနသည် သီးခြားဆန်ကာ တိတ်ဆိတ်နေသည်။
ချူဖုန်းနှင့်ရှောင်ချန်းသည် တိတ်ဆိတ်ငြိမ်သက်သည့် လမ်းတစ်လျှောက် တက်လာခဲ့၏။
ဝမ်တောက်ကျောာင်းတော်သည် မြောင်တောင်သို့ ရက်အနည်းငယ်ကြာတိုင်း လူများစေလွှတ်ပြီး သန့်ရှင်းရေး မလုပ်ပေးခဲ့လျှင် ဤနေရာကြီးသည် ယခုအချိန်တွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်ပြီး စွန့်ပစ်မြေကြီးတစ်ခုဖြစ်သွားပေလိမ့်မည်။
နာရီဝက်ကြာပြီးနောက်။
ဆရာနှင့်တပည့်နှစ်ဦးသား နောက်ဆုံးတော့ ရှည်လျားသည့် တောင်တက်လမ်းကြီး၏အဆုံးသတ်သို့ရောက်သွားသည်။ သူတို့က သောင်းပြောင်းပညာရပ်ဌာန၏ရှေ့သို့ ရောက်လာကြပါ၏။
ယခင်တုန်းကဆိုလျှင် ချူဖုန်း ဤလမ်းကို တက်လာပြီးနောက် အသက်ပင် မရှူနိုင်တော့ချေ။ သို့သော် ယခုတွင် သူသည် ဆယ်နှစ်တာ ကျင့်ကြံခြင်းကို ပိုင်ဆိုင်နေပြီဖြစ်သည့်အတွက် အားပင်စိုက်ထုတ်နေစရာမလိုတော့ပေ။
ချူဖုန်းသည် ပြော၏။ “ငါ့တပည့် ဒီနေ့ကစပြီး ဒီ နေရာက မင်းရဲ့ အိမ်ပဲ။ ငါတို့ရဲ့ သောင်းပြောင်းပညာရပ်ဌာနက အတော်လေးကျယ်တယ်။ ခြံဝန်းလွတ်တွေမှ အများကြီးပဲ။ ဆရာရဲ့ကိုယ်ပိုင်ခြံဝန်းကလွဲရင် ကြိုက်တဲ့နေရာမှာ မင်းနေလို့ရတယ်။ မင်း ရွေးချယ်ပြီးရင်တော့ ငါ့ကို အသိပေးပေါ့ကွာ။”
“ကျေးဇူးတင်ပါတယ် ဆရာ”
ရှောင်ချန်းသည် ယခုအချိန်တွင် နေရာထိုင်ခင်းနှင့်ပတ်သက်၍ ရွေးချယ်မနေနိုင်ချေ။ သူသည် နောက်တစ်ကြိမ်သာ ထပ်မံကျင့်ကြံလိုပါသည်။
ချူဖုန်းသည် ခေါင်းတညိတ်ညိတ်ဖြင့် သူ၏ကိုယ်ပိုင်ခြံဝန်းထံသို့ ဦးတည်လိုက်၏။
ရှောင်ချန်းသည် သူ့ဆရာ၏နောက်ကျောကို ကြည့်ကာ ကျန်ရစ်ခဲ့သည်။ သူ့တွင် မေးချင်နေသည့် မေးခွန်းများစွာ ရှိသော်လည်း ယခုအချိန်တွင် မမေးသေးဘဲ ဤနေရာ၌အခြေကျမှ မေးတော့မည်ဟု ဆုံးဖြတ်လိုက်၏။
ဌာနမှူးခြံဝန်းတွင်။
ချူဖုန်းသည် သူ၏နူးညံ့သည် ညောင်စောင်းပေါ်၌ ထိုင်ကာ သူ၏တပည့်ကို မည်သို့အရူးလုပ်ရမည်ကို တွေးလျက် အတွေးနက်နေတော့သည်။
တပည့်တစ်ဦးတည်းဖြင့် သူသည် ဆယ်နှစ်တာ ကျင့်ကြံခြင်းကို ရရှိခဲ့သည်။ တပည့်တစ်ယောက်သည် သူ့ကို ဆယ်နှစ်တာကျင့်ကြံခြင်းပေးနိုင်ခဲ့လျှင် တပည့်ဆယ်ယောက်သည် နှစ်တစ်ရာကြာ ကျင့်ကြံခြင်းကို ပေးမည်လော။ အယောက်တစ်ရာဆိုလျှင် နှစ်တစ်ထောင်စာပေးမည်လော။
သူ့တွင် နှစ်တစ်ထောင်စာ ကျင့်ကြံခြင်းသာရှိခဲ့လျှင်သူသည် ဝမ်တောက်ကျောင်းတော်ကို သူ၏နောက်ဖေးခြံဝန်းအလား မှတ်ယူကာ စိတ်ကြိုက်လုပ်ချင်တာ လုပ်လို့ရနေပေမည်။
ထိုအချိန်ကျလျှင် သူသည် စိတ်ကြိုက် ပျော်ပါးနိုင်ပေမည်။
ချူဖုန်းသည် အတွေ့အကြုံရစေသည့် သွေးထွက်သံယိုတိုက်ပွဲများ သို့မဟုတ် ကံအခွင့်အလမ်းများကို စိတ်မဝင်စားပေ။ သူသည် သက်တောင့်သက်သာဖြင့် အဆင့်တက်နိုင်ပါက အဘယ်ကြောင့်များ သူ၏အသက်ကို စွန့်စားနေဦးမည်နည်း။
သို့သော် တပည့်လက်ခံခြင်းသည်လည်း များစွာ မလွယ်ကူချေ။
ဝမ်တောက်ကျောင်းတော်တွင် ရှောင်ချန်းကဲ့သို့ တပည့်များ ရှားပါးပေသည်။ အထူးသဖြင့် အဆင့်နိမ့်သည့် သောင်းပြောင်းပညာရပ်ဌာနက လက်ခံမည်ဆိုလျှင် ပိုဆိုးပေသည်။
ယခုလည်း ကြည့်ရသည်မှာ သူ၏သရုပ်ဆောင်မှုများ ပီပြင်စေရန် အထူးနည်းစနစ်များ အသုံးပြုရတော့မည့်ဟန်ပင်။
ညတာသည် တိတ်တဆိတ် ကုန်ဆုံးသွား၏။
နောက်တစ်နေ့မနက်။
နေသည် အရှေ့ရပ်မှ မြင့်တက်လာသည်။
ချူဖုန်းသည် သမ်းဝေကာ သူ၏တံခါးကို တွန်းဖွင့်လိုက်သည့်အခိုက် ရှောင်ချန်းသည် ခြံဝန်းအပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
ရှောင်ချန်း၏နဖူးပေါ်တွင် ချွေးစေးများ ထွက်နေသည်။ ချူဖုန်းသည် ဆရာသခင်တစ်ပါး၏ ကျက်သရေရှိသည့်ဟန်ပန်ဖြင့် ပြုံးပြီး မေးလိုက်သည်။ “ရှောင်ချန်း ဒီမှာ စောင့်နေတာ ဘယ်လောက်ကြာသွားပြီလဲ။”
“ဆရာ့ကို တင်ပြပါတယ်။ သိပ်မကြာသေးပါဘူး။ နှစ်နာရီပဲ ရှိပါသေးတယ်။”
ရှောင်ချန်းသည် ကြာမြင့်စွာ စောင့်ဆိုင်းရသည့်အတွက် စိတ်မရှည်မဖြစ်ပါပေ။ ထိုအစား သူ၏ဆရာသည် သူ၏သည်းခံနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုတို့ကိုသာ စမ်းသပ်နေသည်ဟု ထင်၏။
မည်သို့ပင်ဖြစ်စေ ဆိုရိုးပင် ရှိသည်မဟုတ်လော။
‘တာအိုကို ပေါ့ပေါ့တန်တန် လက်ဆင့်ကမ်း၍မရပေ။’
ချူဖုန်းက တိတ်ဆိတ်စွာ ညည်းတွားလိုက်သည်။ ‘နှစ်နာရီတောင်လား၊ ဒီကလေးက ခေါင်းမာတာပဲ။’
သူသည် ဖြည်းညှင်းစွာ မေးသည်။ “ဘာလို့ ငါ့ဆီလာတာလဲ။”
“ဆရာ ကျွန်တော်ပြန်ပြီး ကျင့်ကြံချင်တယ်။ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပေးပါ။”
သူပြောလို့ပြီးသည်နှင့် ရှောင်ချန်းသည် ဒူးထောက်လိုက်သည်။
ချူဖုန်းသည် လျင်မြန်စွာဖြင့် ထူမပေးလိုက်ပြီး ပြော၏။ “ မင်း ဘာလို့ အမြဲတမ်း ဒူးထောက်ချင်နေတာလဲ။ ငါ မင်း နောက်တစ်ခါပြန်ပြီး ကျင့်ကြံလို့ရစေမဲ့နည်းကို စဉ်းစားဦးမယ်။”
“ကျေးဇူးပါ ဆရာ”
ရှောင်ချန်းသည် သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်လာသည်။
ချူဖုန်းသည် ထိုမျက်လုံးများကို ပြန်လည်ကြည့်ရင်း တွေးနေသည်။ ‘ဒီကောင်လေးက သူ့ရဲ့ ရွှေလက်ချောင်းကို မရသေးတာလား။ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာလား။ ‘
မည်သို့ပင်ဖြစ်စေ ဆရာတစ်ဦးအနေဖြင့် မိမိ၏တပည့်များအား ကျင့်စဉ်မသင်ကြားပေးခြင်းက ကျိုးကြောင်းမဆီလျော်ပေ။
‘လူတွေက သူ ရှောင်ချန်းကို ဘာမှမသင်ပေးတာကို သိသွားရင် တခြားတပည့်တွေကို ဘယ်လိုများ ဆွဲဆောင်ရတော့မလဲ။’
သို့သော် ပြဿနာတစ်ခုရှိသည်။ ချူဖုန်းတွင် မည်သည့်ကျင့်စဉ်မျှမရှိပေ။
‘ငါ့ကို မပြောနဲ့နော်။ ငါအခု ချက်ချင်း ဒီနေရာမှာ ကျင့်စဉ်တွေ တကယ်ကြီး ဖန်တီးလိုက်ရမှာလား။’
‘ပြန်တွေးကြည့်ရင်လည်း ရှောင်ချန်းက ကောင်းကင်သားတော်တစ်ပါးပဲလေ။ ငါ ကျပန်းတစ်ခုဖန်တီးလိုက်ရင်တောင် သူက ထိခိုက်မှာ မဟုတ်ပါဘူး။’
ထိုသည်ကိုတွေးမိသော် ချူဖုန်း၏မျက်လုံးများသည် တောက်ပသွား၏။
‘ဟုတ်ပြီ။ ငါ လုပ်ရမှာက ဖန်တီးရုံပဲမလား။ လုပ်လိုက်တာပေါ့’