အခန်း ၅၇၂
Vol. 58 Ch. 572
အခန်း (၅၇၂)
“သူ့ကို အသိဟောင်းတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ သွားကြစို့။ ဒီကိစ္စက ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
ရှီးရွှမ် သူ့သိုလှောင်လက်စွပ်ထဲမှ မျက်နှာဖုံးတစ်ခုကို ယူကာ တပ်ဆင်ရင်း ပြောလိုက်သည်။
၎င်းကိုမြင်တော့ သူ့အနောက်က လျန်ယီသည်လည်း ထိုအတိုင်း လုပ်ဆောင်လိုက်၏။ သူတို့ ဆရာတပည့်နှစ်ဦး သတ်ဖြတ်ခြင်းနယ်မြေတွင် မျက်နှာဖုံးတပ်ပြီး လှုပ်ရှားလေ့ရှိသည်။
သို့သော် ရှီးရွှမ် ပြဿနာမဖြစ်ချင်သော်လည်း ပြဿနာက သူ့ဆီသို့ ရောက်လာ၏။
“ရပ်လိုက်စမ်း”
ကင်းစောင့်နေသောနတ်ဆိုးနက်ဓားပြတစ်ယောက် သူတို့လမ်းကို ပိတ်ဆို့လိုက်သည်။
“တာအိုရောင်းရင်း လိုအပ်တာ တစ်ခုခု ရှိလို့လား”
ရှီးရွှမ် တည်ငြိမ်စွာ မေးလိုက်၏။
ထိုနတ်ဆိုးနက်ဓားပြ ပြောလိုက်သည်။
“ငါတို့ နတ်ဆိုးနက်ဓားပြတွေက အသက်ရှင်ကျန်ရစ်သူတွေကို ချန်မထားတတ်ဘူး။ မင်းတို့နှစ်ယောက် ဒီနေ့ ကံမကောင်းလို့ ငါတို့နဲ့ လာဆုံတာ”
ရှီးရွှမ် ပြုံးကာ ပြောလိုက်၏။
“ငါတို့ ဘာမှ မမြင်ခဲ့ရသလို ဟန်ဆောင်လို့ရပါတယ်”
“ဟွန့်”
နတ်ဆိုးနက်ဓားပြ အေးစက်စွာ နှာမှုတ်လိုက်သည်။
“ဒီလောကမှာ သေသွားတဲ့သူတွေပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်တယ်။ သေလိုက်စမ်း”
ထိုစကားအဆုံး သူ ဓားကွေးတစ်လက်ဖြင့် ရှီးရွှမ်တို့ကို ခုတ်ချလိုက်၏။
“ဘာလို့ ဒီလို လုပ်ရတာလဲ”
ရှီးရွှမ် တိုးညှင်းစွာ ပြောလိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဓားစွမ်းအင်ကို အလွယ်တကူ ချေမှုန်းလိုက်သည်။
ခလွမ်း
ထိုသို့နှယ် ဓားစွမ်းအင် အပိုင်းပိုင်း ကွဲထွက်သွား၏။
၎င်းသည် နတ်ဆိုးနက်ဓားပြကို တိုက်ရိုက် မှင်တက်သွားစေသည်။ သူ အလျင်အမြန် အော်ဟစ်လိုက်၏။
“အစ်ကိုကြီး ဒီမှာ ကျွမ်းကျင်သူတွေ ရှိနေတယ်”
“ဟမ်”
၎င်းကိုကြားတော့ ဓားပြဆယ့်ရှစ်ယောက်ခေါင်းဆောင်
ရှီးရွှမ်တို့ကို ကြည့်လာသည်။
သူ့ရှေ့က လူနှစ်ဦးသည် မျက်နှာဖုံးများတပ်ထားသော်လည်း သူတို့အသံများအရ သိပ်အသက်မကြီးသေးပေ။
အသက်ငယ်ငယ်လေးဖြင့် သူ့ညီအစ်ကိုတစ်ဦး၏ တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်နိုင်သည်အား ကြည့်လျှင် ဒေသတစ်ခုခုမှ ပါရမီရှင်များ ဖြစ်ရပေမည်။
သူတို့နတ်ဆိုးနက်ဓားပြဆယ့်ရှစ်ယောက် ဆန်းကြယ်ကောင်းကင်ဒေသတွင် နှစ်ပေါင်းများစွာ သောင်းကျန်းနိုင်ခဲ့သော အရေးကြီးဆုံးအချက်သည် ထိုအစွမ်းထက်အင်အားစုများကို ရန်မစခဲ့သောကြောင့် ဖြစ်၏။
အထူးသဖြင့် မြင့်မြတ်နယ်မြေများမှ ပါရမီရှင်များ ဖြစ်သည်။ ထိုသို့ပါရမီရှင်များတွင် အစွမ်းထက် ကျောထောက်နောက်ခံများရှိသည့်အပြင် အဆင့်ကျော် စိန်ခေါ်တိုက်ခိုက်နိုင်သည့် စွမ်းရည်များ ပိုင်ဆိုင်ထားကြ၏။
သူ့ရှေ့က လူငယ်လေး၏ကျင့်ကြံမှုကို မမြင်နိုင်သဖြင့် သူ သတိတကြီးထားရပေမည်။
“တာအိုရောင်းရင်းနှစ်ယောက် ငါ့ညီက ခုန လေကျယ်လိုက်မိတာပါ။ တော်တော်လေး ရိုင်းစိုင်းသွားတယ်။ တာအိုရောင်းရင်းတို့နှစ်ယောက် ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
၎င်းကိုကြားတော့ ရှီးရွှမ်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွား၏။
“မင်း ပြောချင်တာ ငါနဲ့ ငါ့တပည့် အခု ထွက်သွားလို့ရပြီပေါ့”
“သေချာတာပေါ့”
ဓားပြဆယ့်ရှစ်ယောက်၏ ခေါင်းဆောင် ကျေးဇူးပြုပြီး ဟူသော အမူအရာကိုပင် ပြုလုပ်လိုက်သည်။ သူ့ဘေးမှဓားပြညီလေး သူ့အစ်ကိုကြီးကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ ၎င်းက သူတို့လုပ်နေကျ နည်းလမ်းမဟုတ်ပေ။
“ဟမ့်”
ရှီးရွှမ် အေးစက်စွာ နှာမှုတ်လိုက်သည်။
“မင်းတို့ ကြိုက်တဲ့အချိန် လမ်းပိတ်ပြီး ကြိုက်တဲ့အချိန်လမ်းဖွင့်ပေးလို့ရမယ်ထင်လား။ ငါနဲ့ ငါ့တပည့်က ရွှံ့နဲ့ လုပ်ထားတယ်လို့ တကယ်ကြီးထင်နေတာလား”
၎င်းကိုကြားတော့ ဓားပြဆယ့်ရှစ်ယောက် ခေါင်းဆောင်၏အမူအရာသည် သူ့အနက်ရောင်မျက်နှာဖုံးအောက်တွင် အနည်းငယ် ပြောင်းလဲသွား၏။ သူ့မျက်လုံးများကို မှေးကျဉ်းကာ မေးလိုက်သည်။
“တာအိုရောင်းရင်း မင်း ငါတို့ဓားပြဆယ့်ရှစ်ယောက်နဲ့ အသေအကြေတိုက်ခိုက်ချင်နေချင်တာလား”
“ဟီးဟီး”
ရှီးရွှမ် ရယ်မောလိုက်၏။
“ အသေအကြေတိုက်ခိုက်မယ်ဟုတ်လား။ မင်းတို့အားလုံး မထိုက်တန်ပါဘူး”
သူ ခဏတာ ရပ်တန့်လိုက်ပြီးနောက် ပြောသည်။
“ငါ့ခွန်အားနဲ့ အားနည်းသူတွေကို အနိုင်ကျင့်တယ် မပြောရအောင် မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ မင်းကို လှုပ်ရှားဖို့ အခွင့်အရေးတစ်ကြိမ် ပေးမယ်”
“မောက်မာလိုက်တာ”
ဓားပြဆယ့်ရှစ်ယောက်၏ခေါင်းဆောင်သည် ပုံမှန်အားဖြင့် ဓားသွားထက်မှ သွေးကိုလျက်ကာ အသက်ရှင်နေထိုင်လာသူဖြစ်သည်။ ယခု နောက်ခံမသိရသော လူတစ်ယောက်၏ လှောင်ပြောင်ခြင်းကို ခံရတော့ အမျိုးအမည်မသိဒေါသတစ်ခု သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
သူ့ခါးမှ လပြည့်နတ်ဆိုးဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။ ၎င်းသည် ဝိညာဉ်ရတနာအဆင့် သတ်ဖြတ်ရေးလက်နက်တစ်ခု ဖြစ်ပြီး ဆန်းကြယ်ကောင်းကင်ဒေသတွင် အတော်လေး နာမည်ကြီးသည်။
“နတ်ဆိုးသတ်ဖြတ်ခြင်းဓားခုတ်ချက်”
ဒေါသတကြီးအော်ဟစ်ပြီးနောက် ဓားပြဆယ့်ရှစ်ယောက် ခေါင်းဆောင်၏ လက်ထဲရှိ ဓား ရုတ်တရက် ကျဆင်းလာ၏။
ထိုဓားချက်သည် သွေးစွန်းနေသော လဆုတ်တစ်ခုအလား။ နီရဲနေသော ဓားအလင်းတန်းသည် ကောင်းကင်ယံကို သွေးပမာ နီရဲသွားအောင် ဆေးချယ်လိုက်၏။
“ကလေးကစားနေရုံသပ်သပ်ပဲ”
ရှီးရွှမ် သူ့ခါးမှ ဓားကိုပင် မဆွဲထုတ်ပေ။ သူ လက်ချောင်းနှစ်ချောင်းဖြင့် ဓားတစ်လက်အလား ဓားအလင်းတန်းဆီသို့ ညွှန်ပြလိုက်သည်။
ဓားချီတစ်ခု သူ့လက်နှစ်ချောင်းကြားမှ ပေါက်ကွဲထွက်လာ၏။
ဓားချီ ပေါ်လာသည်နှင့် ဓားအရိပ်တစ်ခု သူ့အနောက်တွင် ပေါ်ပေါက်လာသည်။
ဓားပြဆယ့်ရှစ်ယောက်၏ခေါင်းဆောင် ဓားချီအနောက်မှ ဓားအရိပ်ကို မြင်တော့ သူ့မျက်လုံးအိမ်များ ချက်ချင်း ပြူးကျယ်သွား၏။
“ဓားဆန္ဒပုံဖော်ခြင်းလား။ ဓားဆန္ဒအလုံးစုံပြီးပြည့်စုံခြင်းအဆင့်ပဲ”
ကလန်
ဓားမြည်သံနှင့်အတူ ကောင်းကင်ယံကို ဆေးချယ်ထားသော သွေးအရောင်များ ပျောက်ကွယ်သွားသည်။ ၎င်းနေရာတွင် ဓားချီတစ်ခု မိုးကုတ်စက်ဝိုင်းထက်၌ ထွက်ပေါ်လာ၏။
ဓားပြခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ နောက်တစ်စက္ကန့်တွင် သူ့ခေါင်း ခန္ဓာကိုယ်နှင့် ကွဲကွာသွားပြီး ကောင်းကင်ယံမှ ပြုတ်ကျလာ၏။
၎င်းမြင်ကွင်းက ကျန်ရစ်နေသော ဓားပြဆယ့်ရှစ်ယောက်ကို လုံးဝမှင်တက်သွားစေသည်။
“အစ်ကိုကြီး သေသွားပြီ။ မင်းတို့ အသက်ရှင်ချင်ရင် ထွက်ပြေးကြတော့”
လူအုပ်ထဲမှတစ်ယောက် အော်ဟစ်လိုက်ပြီးနောက် ဓားပြဆယ့်ရှစ်ယောက် သူတို့ပြိုင်ဘက်များကို ချက်ချင်း စွန့်ခွာကာ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးသွားကြ၏။
ရှီးရွှမ် သူတို့နောက် မလိုက်တော့ဘဲ သူ့အနောက်မှ လျန်ယီကို ပြောလိုက်သည်။
“ယီလေး အလောင်းကို သွားရှာလိုက်။ ဒီကောင့်ဆီမှာ ဘာရတနာကောင်းတွေ ရှိလဲဆိုတာ ကြည့်ရအောင်”
“ဟုတ်ကဲ့ပါ”
လျန်ယီ ဤကဲ့သို့သော တာဝန်မျိုးကို ငြင်းဆန်မည် မဟုတ်ပေ။
“ဂျူနီယာကျင်းရှီ စီနီယာကိုကျေးဇူးတင်ပါတယ်”
အဝါရောင်ဝတ်အမျိုးသမီး သူမ ဂိုဏ်းတူညီအစ်ကိုများကို ဦးဆောင်လာပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်။
“ငါ မင်းတို့ကို ကယ်ဖို့ မရည်ရွယ်ဘူး။ အဲဒီကောင်တွေက မျက်လုံးကန်းပြီး ငါ့လမ်းကို လာပိတ်တာကိုး”
ရှီးရွှမ် ကျင်းရှီကို တစ်ချက်ပင်မကြည့်ချေ။
ထိုစကားများသည် ကျင်းရှီအနောက်မှ မြင့်မြတ်တာအိုကျောင်းတော်တပည့်များကို မကျေနပ်မှုများ ဖြစ်ပေါ်စေ၏။ သူတို့အားလုံး ရှီးရွှမ်ကို မကျေမနပ်ဖြစ်နေသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
“ဟမ့်”
ရှီးရွှမ် အေးစက်စွာ နှာမှုတ်လိုက်ပြီး တာအိုပေါင်းစည်းခြင်းအဆင့် ဖိအားတစ်ခု ထုတ်လွှတ်လိုက်သည်။
ဒဏ်ရာရထားသည့် လူအနည်းငယ် ရှီးရွှမ်၏ ဖိအားကြောင့် တုန်လှုပ်သွားကြပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ကြသည်။
ကျင်းရှီ အလျင်အမြန် မေးလိုက်၏။
“စီနီယာ ဒါက ဘာအဓိပ္ပာယ်လဲ”
ရှီးရွှမ် ပြောလိုက်သည်။ “သူတို့အကြည့်တွေကို သဘောမကျဘူး။ မင်းတို့ မသေချင်ဘူးဆိုရင် ငါ့ရှေ့ကနေ အခုချက်ချင်း ထွက်သွားကြစမ်း”
“ဟုတ်ကဲ့ပါ”
ကျင်းရှီ ထိုစီနီယာကို မသိသော်လည်း ယခုအချိန်တွင် သူ့ကို ဒေါသထွက်အောင် မလုပ်သင့်ပေ။ ထိုသို့မဟုတ်ပါက သူတို့အားလုံး ဤနေရာတွင် အသက်ပျောက်သွားနိုင်၏။
သူမ ထွက်ပြေးရန် လူတိုင်းကို အလျင်အမြန် အချက်ပြလိုက်၏။
လက်ဖက်ရည်တစ်ခွက်စာသောက်ရန်ကြာချိန်တွင် မြင့်မြတ်တာအိုကျောင်းတော်မှလူများ မျက်နှာဖုံးတပ်ထားသောအမျိုးသား သူတို့နောက် လိုက်မလာကြောင်း တွေ့လိုက်ရပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။
ကျင့်ကြံသူလူငယ်တစ်ဦး ပြောလိုက်၏။
“စီနီယာအစ်မကျင်း အဲဒီကောင် အရမ်းမောက်မာကောင်းလွန်းတယ်။ သူ ခင်ဗျားကို မလေးမစား လုပ်ရုံတင်မကဘူး။ လူတွေကိုလည်း ဒဏ်ရာရအောင် ဖိအားပေးတယ်”
ထိုစကားများသည် လူအများ၏ ထောက်ခံမှုကို ရလိုက်သည်။
“ဟုတ်တယ်။ သူ ဘယ်အင်အားစုက လာတဲ့ ကျင့်ကြံသူလဲဆိုတာ မသိလိုက်တာ နှမြောစရာပဲ။ မဟုတ်ရင် အနာဂတ်မှာ ငါတို့ သူ့ကို သေချာပေါက် ပြန်လက်စားချေလို့ရတယ်”
“ခေါင်းဝှက်ပြီး အမြီးပဲပြတော့ နတ်ဆိုးကျင့်ကြံသူ တစ်ယောက် ဖြစ်လောက်တယ်”
“တိတ်စမ်း”
ကျင်းရှီ လူတိုင်းကို ဖြတ်ပြောလိုက်၏။ “နင်တို့အားလုံး အသက်မရှင်ချင်ကြတော့ဘူးလား။ တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ နတ်ဘုရားအာရုံက မိုင်နှစ်သောင်းကို လွှမ်းခြုံထားနိုင်တယ်။ အဲဒီလူ ငါတို့ကို ကြည့်နေရင် ဘယ်သူမှ လွတ်နိုင်မှာမဟုတ်ဘူး”
ထိုစကားများ ထွက်ပေါ်လာချိန်တွင် လူတိုင်း သူတို့ပါးစပ်များကို ပိတ်လိုက်ကြပြီး စကားထပ်မပြောရဲကြတော့ပေ။
အမျိုးသမီးတပည့်တစ်ဦး မေးလိုက်သည်။
“စီနီယာအစ်မကျင်း ကျွန်တော်တို့ အဲဒီနေရာကို သွားကြဦးမှာလား”
“သေချာပေါက် သွားရမှာပေါ့။ အဲဒီလိုမှမဟုတ်ရင် ဒီခရီးက အလကား ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ အခုတော့ နားကြရအောင်”
ကျင်းရှီ လူတိုင်း ဒဏ်ရာအပြင်းအထန် ရထားကြောင်း သိသဖြင့် သူတို့ကို အလျင်စလို ဖိအားမပေးချေ။
အခြားတစ်ဖက်တွင် လျန်ယီ စိတ်လှုပ်ရှားမှုဖြင့် သိုလှောင်လက်စွပ်နှစ်ကွင်းကို ကိုင်ဆောင်ကာ ရှီးရွှမ်ဆီ ပျံသန်းလာ၏။
“ဆရာ အဲဒီကောင်ရဲ့ ရတနာတွေအားလုံး သိုလှောင်လက်စွပ်နှစ်ကွင်းထဲမှာ ရှိတယ်”
“အင်း”
ရှီးရွှမ် အသိအမှတ်ပြုလိုက်ပြီးနောက် သိုလှောင်လက်စွပ်နှစ်ကွင်းပေါ်ရှိ နတ်ဘုရားအာရုံ အမှတ်အသားများကို ဖျက်ပစ်ရန် သူ့ကိုယ်ပိုင် နတ်ဘုရားအာရုံကို အသုံးပြုလိုက်သည်။ ထို့နောက် သူ့နတ်ဘုရားအာရုံကို လက်စွပ်များအတွင်းသို့ ပို့လွှတ်လိုက်သည်။